← Chapters

အခန်း (၆၂-၆၄)

Vol. 6 Ch. 62-64

အခန်း (၆၂-၆၄)

Vol. 6 Ch. 62-64

အခန်း ၆၂ - အဆီထူဇွန်ဘီ ဆိုတာလား

မြောက်ဘက်လမ်းမှာ အခြားလမ်းများထက် အဆများစွာပိုမိုကျယ်ဝန်းသော လမ်းမကြီးတစ်ခု ဖြစ်ပြီး မော်တော်ယာဉ်များနှင့် လူဦးရေ အများအပြား ဖြတ်သန်းသွားလာကြသည့် နေရာလည်းဖြစ်၏။

ကမ္ဘာပျက်ကပ် ကျရောက်ပြီးနောက် ဤနေရာတွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ဝမ်ထောင် မသိသော်လည်း ယခုအခါတွင်မူ လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့လေပြီ။ စွန့်ပစ်ထားသော မော်တော်ယာဉ် အမြောက်အမြားက လမ်းမကြီးတစ်ခုလုံးကို ပိတ်ဆို့ထားသည်။

အခြား လမ်းကြားလေးများထဲမှ သွားလာ၍ ရနိုင်သေးသော်လည်း လမ်းမကြီးတွင်မူ မော်တော်ကား မဆိုထားနှင့် မော်တော်ဆိုင်ကယ်ပင် ဖြတ်သန်း၍ မရနိုင်ချေ။

"ဂါး...ဂါး.."

ဇွန်ဘီတစ်ကောင်သည် ဝမ်ထောင်ကို မြင်သွားပြီးနောက် ယိမ်းထိုးလျက် မြန်ဆန်သော ခြေလှမ်းများဖြင့် သူ၏ထံသို့ ချက်ချင်း လျှောက်လှမ်းလာတော့သည်။

ဝမ်ထောင်ကလည်း စျေးဦးပေါက်အနေဖြင့် လက်ထဲရှိ ဆိတ်ခွာသံတူကို မြှောက်ကာ ဇွန်ဘီ၏ ဦးခေါင်းခွံဆီသို့ ပြင်းထန်စွာ ရိုက်နှက်ပေးလိုက်၏။

"မင်းက အရမ်းတက်ကြွနေတော့..ရော့"

ဒုတ်ခနဲ အသံနှင့်အတူ ဇွန်ဘီ၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ကွဲအက်သွားတော့သည်။

【-၅၀၀】

【၀/၅၀၀】

တစ်ချက်တည်းဖြင့် အသေ သတ်လိုက်နိုင်ခြင်းပင်။

【ရရှိမှု - သံအပိုင်းအစ *၁】

【သံအပိုင်းအစ - လက်မှုပစ္စည်း ပြုလုပ်ရန် ကုန်ကြမ်း】

ဝမ်ထောင်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သူသည် အားအကုန် မသုံးလျှင်ပင် ခေါင်းကို တည့်တည့်ချိန်ရွယ်နိုင်သရွေ့ သာမန်ဇွန်ဘီများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။

လမ်းမပေါ်တွင် ဇွန်ဘီများစွာ ရှိနေသောကြောင့် ဝမ်ထောင်သည် အလောင်းကို ရှာဖွေရန် စိတ်ကူးမရှိခဲ့ပေ။ သို့သော် ဇွန်ဘီ၏ ကိုယ်ပေါ်တွင် စီးကရက်တစ်ဘူး ရှိနေသည်ကို မြင်သောအခါ ကောက်ယူလိုက်၏။

စီးကရက်သည် အသက်ရှင်ကျန်ရစ်သူများအကြား တန်ဖိုးရှိသော ဖလှယ်ရေးပစ္စည်းတစ်ခု ဖြစ်လာနိုင်သည်။ တွေ့မှတော့ အလဟဿမဖြစ်အောင် ယူလိုက်ခြင်းက ပို၍ကောင်းမွန်ပြီး နောင်တွင် အသက်ရှင်ကျန်ရစ်သူများစခန်းသို့ ရောက်သည့်အခါ သေချာပေါက် အသုံးဝင်လာလိမ့်မည်။

နောက်ထပ် ဇွန်ဘီ ဆယ်ဂဏန်းကျော်ကို သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် နောက်ဆုံး၌ လမ်း၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့၏။

သူ၏ ရည်မှန်းချက်ဖြစ်သော ကုန်စုံဆိုင်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ ဆိုင်အဝင်ဝတွင် ဇွန်ဘီ သုံးကောင် ရှိနေပြီး ၎င်းတို့ကိုလည်း ဝမ်ထောင်က တူဖြင့် သုံးချက် ရိုက်ကာ အဆုံးသတ်ပေးလိုက်သည်။

ထို့နောက် ဝမ်ထောင်သည် ဆိုင်၏မှန်တံခါးမှတစ်ဆင့် အတွင်းသို့ လှမ်းကြည့်လိုက်၏။ ကုန်စုံဆိုင်အတွင်းပိုင်းမှာ လုယက်ဖျက်ဆီးခြင်း ခံထားရသည့် ပုံစံမျိုး ဖြစ်နေပြီး ကုန်ပစ္စည်းတင်စင်များမှာ အနေအထားအမျိုးမျိုးဖြင့်မှောက်နေကြ၏။ သို့သော်လည်း အစားအစာ အတော်များများ ကျန်ရှိနေသေးသည်။

ကြိုတင်ပြင်ဆင်လာသော ဆာလာအိတ်များကို ထုတ်ယူကာ အတွင်းသို့ ဝင်ရောက်ပြီး ပျက်စီးသေးခြင်းမရှိသော အစားအစာ အားလုံးကို ဆာလာအိတ်များအတွင်းသို့ ထိုးထည့်လိုက်တော့သည်။

မကြာမီအချိန်အတွင်းမှာပင် အစားအစာများ ဆာလာအိတ်တစ်အိတ်လုံးအပြည့်ရသွားခဲ့သည်။

အစားအစာအများစုမှာ အသင့်ထုတ်များဖြစ်ကြသောကြောင့် အလွန်လေးလံခြင်း မရှိချေ။ ဆာလာအိတ် နှစ်အိတ် ပြည့်သွားပြီးနောက် ဝမ်ထောင်သည် အိတ်များကိုထမ်းကာ ဟက်ပီးနက်စ် လူနေရပ်ကွက်၏ အဝင်ဝသို့ တိုက်ရိုက်သယ်လာခဲ့သည်။ ထို့နောက် အစားအစာများကို အတွင်းသို့ ပစ်ထည့်လိုက်ပြီး ကုန်စုံဆိုင်ဆီသို့ ပြန်လည် ပြေးသွားခဲ့၏။

သူအိမ်ပြန်သွားသော အချိန်လေးအတွင်းမှာပင် ကုန်စုံဆိုင်အဝင်ဝ၌ ဇွန်ဘီအသစ်သုံးကောင် ထပ်မံ စုဝေးနေကြပြန်၏။

ဝမ်ထောင်သည် ညှာတာမှုမရှိဘဲ ၎င်းတို့ကို ရှင်းလင်းလိုက်ပြီး အစားအစာများကို ဆက်လက် သိမ်းဆည်းလေသည်။

နောက်ထပ် ဆာလာအိတ် နှစ်အိတ် ထပ်မံ ဖြည့်ပြီးနောက် ဝမ်ထောင်ထံမှ အံ့အားသင့်သော အသံတစ်ခု ထွက်ပေါ်လာ၏။

"အိုး...ဒါက.."

ကုန်စုံဆိုင်အတွင်း၌ တံခါးငယ်တစ်ခု ရှိနေသည်။ မူလက သူသည် ၎င်းကို နောက်ဖေးတံခါးဟု ထင်မှတ်ခဲ့သော်လည်း ဖွင့်ကြည့်လိုက်သည့်အခါမှ မြေအောက်ဂိုဒေါင်တစ်ခု ဖြစ်နေ၏။

"မြေအောက်ဂိုဒေါင်ထဲမှာ အစားအစာတွေ အများကြီး ရှိနေမှာပဲ။ ခဏနေရင် နောက်တစ်ခေါက် ပြန်လာရမယ်"

ဝမ်ထောင်သည် ကုန်စုံဆိုင်အတွင်းရှိ ကောင်းမွန်စွာ ထုပ်ပိုးထားသော အစားအစာများနှင့် ရေများကို အားလုံး သိမ်းဆည်းပြီး ဖြစ်သည်။ ကျန်ရှိနေသော အရာများမှာ သွေးများ ပေကျံနေပြီး အခြေအနေ မကောင်းသော အစားအစာများသာ ဖြစ်ကြ၏။

ဘေးကင်းလုံခြုံရေးအတွက် ဝမ်ထောင်သည် ထိုညစ်ပတ်နေသောအရာများကို သေချာပေါက် ယူဆောင်မည် မဟုတ်ပေ။ သို့သော် မြေအောက်ခန်းထဲတွင် ပစ္စည်းများ ထပ်ရှိနေပါက သူသည် အားနာနေမည် မဟုတ်ချေ။

ထုပ်ပိုးထားသော အစားအစာများကို တိုက်ခန်းဝင်းအတွင်းသို့ ပို့ဆောင်ပြီးနောက် ဝမ်ထောင်သည် ကုန်စုံဆိုင်ဆီသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့သည်။

မြေအောက်ခန်းအတွင်းမှာ အလွန် မှောင်မိုက်နေ၏။ ဝမ်ထောင်သည် အားကောင်းသော လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်ရာ ရုတ်တရက် လန့်သွားရသည်။

"ဒါက ဘာကြီးလဲ"

မြေအောက်ခန်း၏ အလယ်ဗဟိုတည့်တည့်တွင် အဆမတန် အဝလွန်နေသော ဇွန်ဘီကြီးတစ်ကောင် ထိုင်နေခြင်း ဖြစ်၏။

သူသည် ဓာတ်မီးအလင်းရောင်ဖြင့် ဇွန်ဘီ၏ မျက်နှာကို လှမ်းထိုးလိုက်ရာ ၎င်းထံမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။

"ဂီး..."

၎င်းသည် မီးပိုင်ရှင်ဆီသို့ လာချင်ပုံရသော်လည်း ခန္ဓာကိုယ်မှာ အဆီထူလွန်းသောကြောင့် လုံးဝ မတ်တတ်မရပ်နိုင်သည့်အပြင် သွားလာရန်လည်း မတတ်နိုင်ပုံရ၏။

ဆိတ်ငြိမ်နေသော မြေအောက်ခန်းနှင့် ၎င်း၏ ခေါင်းပေါ်ရှိ 【၂၀၀၀/၂၀၀၀】ဟူသော သွေးပမာဏကို ကြည့်ရင်း ဝမ်ထောင်၏ စိတ်ထဲတွင် သံသယတစ်ခု ဝင်လာမိ၏။

ဤဇွန်ဘီသည် မြေအောက်ခန်းအတွင်းရှိ အစားအစာ အားလုံးကို စားပစ်လိုက်ခြင်း ဖြစ်နိုင်မလား။

သို့သော် ဇွန်ဘီကြီးက လှုပ်ရှားနိုင်စွမ်း မရှိသောကြောင့် ဝမ်ထောင် ပို၍ပင် ရဲတင်းသွားခဲ့သည်။ သူသည် လက်နှိပ်ဓာတ်မီးဖြင့် ဇွန်ဘီ၏ မျက်နှာကို ဂရုတစိုက် လှမ်းထိုးကြည့်လိုက်သည့်အခါမှ သဘောပေါက်သွားတော့၏။

"သူ့မျက်နှာက ရင်းနှီးနေပါတယ်လို့ ထင်နေတာ။ ဒါ ကုန်စုံဆိုင်က ငွေကိုင်ကောင်လေးပဲဥစ္စာ"

ထိုငွေကိုင်ကောင်လေးသည် ဘာတွေကြုံတွေ့ခဲ့ရသဖြင့် အရပ်ရှည်ရှည်ပိန်ပိန် ခန္ဓာကိုယ်မှသည် ဝက်တစ်ကောင်ထက်ပင် ပိုမိုဝဖိုင့်သော ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားရသည်ကို ဝမ်ထောင် မသိသော်လည်း ဤအရာမှာ အထူးဇွန်ဘီတစ်ကောင် ဖြစ်သည်မှာတော့ ထင်ရှားလေသည်။

သွေးပမာဏ ၂၀၀၀ ဆိုသည်မှာ သူ ယခင်က ကြုံတွေ့ခဲ့ရဖူးသော တူကိုင်ဇွန်ဘီ၏ သွေးပမာဏထက်ပင် နှစ်ဆပိုမိုများပြားနေ၏။ အကယ်၍ ၎င်းကို သတ်လိုက်နိုင်ပါက ကောင်းမွန်သော ပစ္စည်းအချို့ ကျလာနိုင်သည် မဟုတ်ပါလား။

ဝမ်ထောင်သည် ဇွန်ဘီကြီးကိုကြည့်ရင်းမှ စမ်းသပ်ကြည့်လိုစိတ်များ ပြင်းပြလာခဲ့သည်။

အထူးသဖြင့် ဤဇွန်ဘီသည် အခြားဇွန်ဘီများနှင့် မတူဘဲ လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိချေ။ သွေးပမာဏ မည်မျှပင် များပြားပါစေဦးတော့ ၎င်းသည် ပစ်မှတ်အသေတစ်ခုသာ ဖြစ်၏။

သို့သော် ဘေးကင်းစေရန်အတွက် ဝမ်ထောင်က ဂမူးရှုးထိုးတော့ ပြေးမဝင်ခဲ့ပါ။အဆီထူ ဇွန်ဘီတွင် အဝေးမှတိုက်ခိုက်နိုင်စွမ်း ရှိမရှိကို သူ အရင်ဆုံး အတည်ပြုရမည် ဖြစ်သည်။

ဝမ်ထောင်သည် အပြင်သို့ ထွက်ကာ အုတ်ခဲအချို့ ကောက်ယူပြီးနောက် မြေအောက်ခန်းအဝင်ဝသို့ ပြန်လာပြီး အတွင်းရှိ အဆီထူ ဇွန်ဘီထံသို့ လှမ်းပစ်လိုက်၏။

ဘုတ်...

အုတ်ခဲ ထိမှန်သွားပြီးနောက်တွင်လည်း ဇွန်ဘီထံမှ သွေးပမာဏ တစ်စက်မျှ ကျဆင်းမသွားခဲ့ချေ။

ဝမ်ထောင်သည် အလွန်ဂရုစိုက်ကာ ခဏမျှ စောင့်ဆိုင်းကြည့်လိုက်သည်။ ဇွန်ဘီသည် ဟိန်းဟောက်နေရုံသာ ရှိပြီး မည်သည့် အဝေး တိုက်ခိုက်မှုမျိုးကိုမျှ မပြုလုပ်နိုင်သည်ကို မြင်ရသောအခါ သူ ပြုံးလိုက်မိတော့၏။

"မင်းက ပစ်မှတ်သက်သက်ပဲ ဖြစ်နေမှတော့... စိတ်မရှိနဲ့တော့"

သူသည် လက်တစ်ဖက်တွင် လက်နှိပ်ဓာတ်မီးကို ကိုင်ဆောင်ကာ အခြားလက်တစ်ဖက်တွင် ဆိတ်ခွာသံတူကို ကိုင်ရင်း အဆီထူ ဇွန်ဘီ၏ အနားသို့ ချဉ်းကပ်လိုက်သည်။

ဒါပေမဲ့...။

အဆီထူ ဇွန်ဘီကြီးမှာ အဆမတန် ဝလွန်းသောကြောင့် သူ၏သံတူလေးမှာ တစ်ဖက်လူ၏ ဦးခေါင်းဆီသို့ပင် မမှီနိုင်ကြောင်း တွေ့လိုက်ရလေ၏။

"မင်းခဏစောင့်နေလိုက်.."

ဝမ်ထောင်သည် မြေအောက်ခန်းမှ အမြန်ဆုတ်ခွာခဲ့ပြီးနောက် အိမ်သို့ မနားတမ်းပြန်ပြေးတော့သည်။

တင်ယွီချင်သည် ဝမ်ထောင် တိုက်ခန်းဝင်းအတွင်း၌ ချန်ထားခဲ့သော အစားအစာများကို သယ်ယူရင်း မောဟိုက်နေ၏။ ထိုအခိုက် ဝမ်ထောင် အသည်းအသန် ပြန်ပြေးလာသည်ကို မြင်သောအခါ သူမသည် တစ်ခုခု ဖြစ်ပျက်ခဲ့ပြီဟု ထင်မှတ်ကာ ချက်ချင်းပင် လန့်ဖျန့်သွားတော့သည်။

သူမသည် ဝမ်ထောင်နှင့်အတူ ပြန်လိုက်သွားလိုသော်လည်း ဤအစားအစာများကို ထားခဲ့ရန် နှမြောနေမိ၏။

ဝမ်ထောင်သည် သူမ၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို မြင်တွေ့ရသဖြင့် လက်ကာပြလိုက်သည်။

"မလန့်ပါနဲ့ မရီးရဲ့။ ဘာအန္တရာယ်မှ မရှိပါဘူး"

ထိုစကားကို ကြားရမှသာ တင်ယွီချင်သည် တုန်ရင်နေသော ရင်ဘတ်ကို ပြန်လည် ပုတ်နိုင်တော့၏။

"လန့်လို့ သေတော့တာပဲ။ ဒါဆိုရင် ဝမ်ထောင် မင်းက..."

"ငါ လက်နက်တစ်ခု သွားလုပ်မလို့။ ခဏနေရင် အသုံးပြုရမယ်"

ဝမ်ထောင်က ပြောရင်း အပေါ်ထပ်သို့ တက်သွားလေသည်။

"အော်... အေး... ငါလည်း ကူညီပေးမယ်လေ"

"ကောင်းပြီ"

သူတို့နှစ်ဦး အိမ်သို့အမြန် ပြန်ရောက်ခဲ့လေ၏။

ဝမ်ထောင်သည် ကြမ်းတိုက်တံလက်ကိုင်တစ်ခုကို ရှာပြီး ၎င်းတွင် သံပိုက်လုံးလှံတိုကို ချည်နှောင်လိုက်သည်။ ခိုင်ခံ့အောင် ပြုလုပ်ပြီးနောက် နှစ်မီတာခန့် ရှည်လျားသောကိုယ်တိုင်လုပ်လှံကို အကြိမ်အနည်းငယ် ယမ်းခါကြည့်လိုက်၏။

ဝှီး..ဝှစ်ဝှစ်

"မဆိုးဘူး။ ဒီလောက်ဆို အဆင်ပြေပြီ"

ဝမ်ထောင်သည် လှံကို ကိုင်ဆောင်ကာ ချက်ချင်း ပြန်ထွက်သွားလေသည်။

ကုန်စုံဆိုင်ဆီသို့ တတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အဝင်ဝသို့ရောက်သောအခါ ဇွန်ဘီ အသစ်နှစ်ကောင် ရောက်နေသည်ကို သူမြင်လိုက်သည်။

"ငါလည်း စမ်းချင်နေတာနဲ့ အတော်ပဲ "

ဝမ်ထောင်သည် သူ၏ လက်နက်သစ်ကို တင်းတင်းဆုပ်ကာ နှစ်ကောင်စလုံးကို ပြင်းထန်စွာ တစ်ချက်စီ ထိုးထည့်လိုက်၏။

သူက မညှာပါ ။ လက်နက်ကိုစမ်းသပ်ရမည်ဖြစ်သောကြောင့် ကြမ်းကြမ်းအသုံးချရန်လိုအပ်သည်။

ဇွပ်..

【-၅၀၀】

【၀/၅၀၀】

ဇွပ်...

【-၅၀၀】

[၀/၅၀၀】

လက်မှုပစ္စည်း ပြုလုပ်ရန် ကုန်ကြမ်း နှစ်ခုကို ကောက်ယူပြီးနောက် ဝမ်ထောင်သည် လှံရှည်ကို ကိုင်ကာ ကုန်စုံဆိုင်၏ မြေအောက်ဂိုဒေါင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

"ဂါး..ဂါး..ဂီး"

အဆီထူ ဇွန်ဘီကြီးမှာ မတ်တတ်မရပ်နိုင်သော်လည်း ဒေါသတကြီး ဟိန်းဟောက်နေသည်ကို ကြည့်ရင်း ဝမ်ထောင်သည် ၎င်း၏ ရှေ့သို့ ခြေလှမ်းတက်လိုက်ကာ လှံကို လက်နှစ်ဖက်ဖြင့် စုံမြှောက်ပြီး ဦးခေါင်းခွံတည့်တည့်သို့ ထိုးစိုက်လိုက်တော့သည်။

ဒုတ်..

【-၁၁၂】

【၁၈၈၈/၂၀၀၀】

"ဒဏ်ရာက နည်းလှချေလား"

ဝမ်ထောင်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြဿနာအကြီးအကျယ် မရှိလှပေ။ မည်သို့ပင်ဆိုစေ တစ်ဖက်လူမှာတုံ့ပြန်တိုက်ခိုက်နိုင်စွမ်း မရှိပါ။

ထို့ကြောင့် ဝမ်ထောင်သည် လှံကို ထပ်မံမြှောက်ကာ ဇွန်ဘီကြီး၏ ဦးခေါင်းကို အားအကုန်သုံး၍ အချက်တစ်ဆယ်ကျော်လောက် ဆက်တိုက် ပြင်းထန်စွာ ထိုးနှက်ပစ်သည်။

ဤအတောအတွင်း ဝမ်ထောင်သည် တစ်ဖက်လူ ရူးသွပ်သွားခြင်း ရှိမရှိ သို့မဟုတ် တစ်စုံတစ်ရာသော အထူးတိုက်ခိုက်မှု နည်းလမ်း ရှိမရှိကို အစဉ်အမြဲ သတိထားနေခဲ့၏။

ကံကောင်းစွာပင် ထိုအဆီထူ ဇွန်ဘီကြီးမှာ မည်သည့်အရာမျှ မပြုလုပ်နိုင်ခဲ့ချေ။

ဇွန်ဘီကြီးတွင် သွေးပမာဏ အနည်းငယ်သာ ကျန်ရှိတော့သည့် အချိန်၌ ဝမ်ထောင်သည် ဆက်မတိုက်ခိုက်တော့ပေ ။ သုက မြေအောက်ခန်းအဝင်ဝသို့ ပြန်ဆုတ်ခွာလိုက်ပြီး လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ၎င်း၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ လှမ်းပစ်လိုက်သည်။

ဇွပ်...

【-၄၅】

【၀/၂၀၀၀]

"ဂါး.."

ဇွန်ဘီကြီး သေဆုံးသွားသည့် ထိုအခိုက်အတန့်မှာပင် အလင်းပေါက်ပစ္စည်းထုပ်များ အမြောက်အမြား ရုတ်တရက် ကျလာတော့သည်။

"များလှချည်လား.."

.............

အခန်း ၆၃ - အမြုတေနှင့် ပစ္စည်းအမြောက်အမြား ရရှိခြင်း

【ရရှိသည် - သန့်စင်ပြီးရေ အသေး ၁၀ ဗူး】

【ရရှိသည် - ရေသန့် အလတ် ၁၀ ဗူး】

【ရရှိသည် - ဖိသိပ်ထားသောဘီစကွတ်များ ၁၀ ထုပ်】

【ရရှိသည်- အသားဗူး ၁၀ ဗူး】

【ရရှိသည်- သစ်သီးဗူး ၁၀ ဗူး】

【ရရှိသည်- ဟင်းသီးဟင်းရွက်ဗူး ၁၀ ဗူး】

【ရရှိသည်- သကြား ၁၀ ထုပ်】

【ရရှိသည်- ကော်ဖီ ၁၀ ထုပ်】

【...】

ပုံနေသော ပစ္စည်းများကို ကြည့်ရင်း ဝမ်ထောင်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ဤအရာများသည် ရိုးရိုးစားစရာများ မဟုတ်ဘဲ သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်ထားနိုင်သော စားသောက်ကုန်များ ဖြစ်နေသည် မဟုတ်ပါလား။

ယခုအချိန်မှစ၍ သူတစ်ဦးတည်း အပြင်ထွက်သည့်အခါ စားစရာ ပြတ်လပ်သွားမည်ကို သော်လည်းကောင်း သယ်ဆောင်ရ ခက်ခဲမည်ကို သော်လည်းကောင်း စိတ်ပူစရာ မလိုတော့ပါ ။

ဖက်တီးဇွန်ဘီကို သတ်ပြီးနောက် ဝမ်ထောင်၏ သွေးပမာဏကလည်း ၄၀ တိုးလာခဲ့သည်။ အစောပိုင်းက လမ်းမပေါ်တွင် သတ်ခဲ့သော ဇွန်ဘီများနှင့် ပေါင်းလိုက်လျှင် သူ၏ သွေးပမာဏသည် 【၉၃၀/၉၃၀】 သို့ ရောက်ရှိသွားရာ တစ်ထောင် ပြည့်ရန် ၇၀ သာ လိုတော့၏။

သို့သော် ဤအရာများသည် အရေးကြီးဆုံး မဟုတ်သေးချေ။ အရေးကြီးဆုံး အရာမှာ ထိုဇွန်ဘီထံမှ ပစ္စည်းပြုလုပ်နိုင်သော ပုံစံကြမ်းတစ်ခု ရရှိခဲ့ခြင်းပင် ဖြစ်သည်။

【ရရှိသည် - အစားအစာဖိသိပ်စက်ပုံစံကြမ်း ၁ ခု】

【အစားအစာဖိသိပ်စက်ပုံစံကြမ်း - အစားအစာဖိသိပ်စက် တစ်ခု ပြုလုပ်ရန် အသုံးပြုနိုင်သည်။ လိုအပ်သော ကုန်ကြမ်းများ ပထမအဆင့် အမြုတေ ၁ ခု သံတုံး ၃ တုံး သံမဏိနန်းကြိုး ၃ ချောင်း ဂီယာ ၃ ခု ထက်ရှဓားသွား ၃ ခု သံမှို ၃ ခု ကေဘယ်လ်ကြိုး ၃ ချောင်း ဘက်ထရီ ၃ လုံး အီလက်ထရွန်နစ်အစိတ်အပိုင်း ၃ ခု ရာဘာ ၃ ခု ပလတ်စတစ် ၃ ခု】

【အစားအစာဖိသိပ်စက် - အစားအစာများကို အာဟာရရည် ဖြစ်အောင် ဖိသိပ်ပေးသဖြင့် ထုထည် သေးငယ်သွားပြီး သယ်ဆောင်ရန်နှင့် အသုံးပြုရန် ပိုမို လွယ်ကူစေသည်】

"အစားအစာဖိသိပ်စက်လား"

ထိုပုံစံကြမ်း၏ ရှင်းလင်းချက်ကို ဖတ်ပြီးနောက် ဝမ်ထောင်သည် စားစရာများ ရရှိခဲ့စဉ်ကထက် ပို၍စိတ်လှုပ်ရှားသွား၏။

ဇွန်ဘီများကို သတ်သည့်အခါ ရရှိသော ကုန်ကြမ်းများမှာ ဘာအတွက်လဲ ဆိုသည်ကို သူ အခုမှ သိလိုက်ရတော့သည်။

ဤအစားအစာဖိသိပ်စက်သည် ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ရန်အတွက် အလွန် အသုံးဝင်သော နတ်ဘုရားပေး ကိရိယာတစ်ခုပင်။

သို့သော် သူသည် ယခုအချိန်တွင် ၎င်းကို မပြုလုပ်နိုင်သေးချေ။ သူသည် ဇွန်ဘီ အများအပြားကို သတ်ခဲ့ပြီး ကုန်ကြမ်း အမြောက်အမြား ရရှိခဲ့သော်လည်း ဇွန်ဘီများထံမှ ကျသော ပစ္စည်းများမှာ ကျပန်းဖြစ်သဖြင့် အမျိုးအစားအားလုံး မစုံသေးပေ။

ပုံစံကြမ်း၏ ပြသချက်အရ သူ၏ ထံတွင် ရာဘာ ၁ ခု ၊အီလက်ထရွန်နစ်အစိတ်အပိုင်း ၂ ခု ရ ထက်ရှဓားသွား ၁ ခုနှင့် အရေးကြီးဆုံး ဖြစ်သော ဇွန်ဘီအမြုတေ လိုအပ်နေသေး၏။

သို့သော် ကုန်ကြမ်းများအတွက် စိတ်ပူစရာ မရှိချေ။ အဆိုးဆုံး ဖြစ်လာလျှင်ပင် ဇွန်ဘီများကို ဆက်တိုက် သတ်ရုံသာ ရှိသည်။ သူသည် သွေးပမာဏ တိုးရန်အတွက် ဇွန်ဘီများကို သတ်ရန် ရည်ရွယ်ထားပြီးသားလည်း ဖြစ်၏။ ယခုအချိန်တွင် ၎င်းက သူ၏အတွက် မခက်ခဲတော့ဘဲ အချိန် အနည်းငယ်သာ ပေးရမည် ဖြစ်သည်။

ဇွန်ဘီအမြုတေအတွက်မူ... ဝမ်ထောင်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သော ဖက်တီးဇွန်ဘီအနီးသို့ လျှောက်သွားကာ ကိရိယာတစ်ခုဖြင့် ၎င်း၏ ဦးခေါင်းကို မွှေနှောက် ရှာဖွေလိုက်၏။

ပြာလဲ့၍ ကြည်လင်သော စိန်ပွင့်ပုံသဏ္ဌာန် အမြုတေတစ်ခု ထွက်လာသည်။ အမြုတေ၏ အတွင်းပိုင်း၌ ပုံရိပ်ယောင်တစ်ခု ရှိနေပြီး ၎င်းမှာ... ဖြည်းညှင်းစွာ လှုပ်ရှားနေသော အစာအိမ်တစ်ခုနှင့် တူနေ၏။

【အဆင့် ၁ အမြုတေ · လောဘတကြီးစားသောက်ခြင်း】

【အရည်အသွေး - ကောင်းမွန် ၄၀ ရာခိုင်နှုန်း】

【သန့်စင်မှု -၅၀ ရာခိုင်နှုန်း ၊ ဘေးထွက်ဆိုးကျိုး - အစားအသောက် အလွန်အမင်း တိုးလာခြင်းနှင့် အဝလွန်ခြင်း】

【လောဘတကြီးစားသောက်ခြင်း - အစားအစာ ပိုမို စားလေလေ ခန္ဓာကိုယ် ပိုမို ဝလာလေလေ ဖြစ်ပြီး ကာကွယ်ရေးစွမ်းအား ပိုမို သန်မာလာမည် ဖြစ်သည်】

ဤဇွန်ဘီအမြုတေ၏ အသေးစိတ် အချက်အလက်များကို မြင်သောအခါ ဝမ်ထောင်၏ မျက်နှာအမူအရာသည် ထူးဆန်းသွားရ၏။

စာသား၏ အဓိပ္ပာယ်အရဆိုလျှင် ဤစွမ်းရည်သည် အတော်ပင် အားကိုးထိုက်သည်။ အစားအစာများကို အကန့်အသတ်မရှိ ဆက်တိုက် စားနေသရွေ့ ကာကွယ်ရေးစွမ်းအားသည် အလွန် သန်မာလာမည် ဖြစ်၏။

သို့သော် ဘေးထွက်ဆိုးကျိုးကလည်း ထင်ရှားလှသည်။ အစားအသောက် အလွန်အမင်း တိုးလာခြင်းကို ခဏထားဦး ကမ္ဘာပျက်ကပ်အတွင်း အစားအစာ ရှားပါးနေချိန်တွင် စာချင်လျှင်တောင် အစားအစာ မည်မျှအထိ စားနိုင်မည်နည်း။

ထို့အပြင် အဓိက ပြဿနာမှာ အဝလွန်ခြင်းပင် ။ စာသားသက်သက်ဖြင့် ကြည့်လျှင် မည်မျှအထိ ဝလာမည်ကို အတိအကျ မသိနိုင်သော်လည်း ဝမ်ထောင်သည် ဖက်တီးဇွန်ဘီကို ယခုလေးတင် သတ်ခဲ့ခြင်း ဖြစ်ရာ ၎င်းသည် လမ်းပင် မလျှောက်နိုင်လောက်အောင် ဝနေခဲ့သည် မဟုတ်လား။

အကယ်၍ ထိုအတိုင်းအတာအထိ ဝလာအောင် စားမည်ဆိုပါက ကာကွယ်ရေးစွမ်းအား မည်မျှပင် သန်မာစေကာမူ ဘာအသုံးဝင်မည်နည်း။ လုပ်သမျှခံနေရသော ပစ်မှတ်ကြီးအဖြစ် တိုက်ခိုက်ခံရမည် မဟုတ်ပါလား။

ထို့အပြင် ၎င်းသည် ဇွန်ဘီဗိုင်းရပ်စ်ကိုလည်း ခုခံနိုင်စွမ်း မပေးချေ။

ကြီးမားသော ခန္ဓာကိုယ်မျက်နှာပြင်ရှိသည့်အတွက် ဇွန်ဘီများနှင့် တွေ့လျှင် ဒဏ်ရာရရန် ပို၍ပင် လွယ်ကူသွားဦးမည်ဖြစ်၏ ။

ဝမ်ထောင်သည် ဤဇွန်ဘီအမြုတေမှာ သာမန်လူများအတွက် အသုံးမဝင်လှဟု ခံစားမိ၏။ တစ်စုံတစ်ယောက်က လိမ္မာပါးနပ်သော နည်းဗျူဟာတစ်ခုခုကို မဖော်ထုတ်နိုင်လျှင်ပေါ့။

ဝမ်ထောင်အတွက်မူ... ၎င်းက သိသိသာသာပင် အသုံးမဝင်လှပေ။ သူ့ထံတွင် ဤအမြုတေ၏ ဘေးထွက်ဆိုးကျိုးကို ဖယ်ရှားနိုင်မည့် အခွင့်အရေး ရှိသော်လည်းကာကွယ်ရေးစွမ်းအား တိုးတက်မှုအတွက် သတ်မှတ်ချက်မှာ အစားအစာ ပိုမို စားလေလေ ခန္ဓာကိုယ် ပိုမို ဝလာလေလေ ဖြစ်သည် ဟု ဆိုထားသည်။ ဝမ်ထောင်သည် သူ၏ လက်ရှိ ကြွက်သားအဖုအထစ်များနှင့် ခန္ဓာကိုယ်ကို သဘောကျသဖြင့် ငွေကိုင်ကောင်လေးသာ့ဖန်ကဲ့သို့ မဖြစ်လိုပါ။

ထို့ကြောင့် ဤအမြုတေ၏ စွမ်းရည်သည် ဝမ်ထောင်ကိုယ်တိုင်အတွက် အသုံးမဝင်သော်လည်း အမြုတေ သက်သက်ကမူ အလွန် အသုံးဝင်လှ၏။

လက်ရှိတွင် အမြုတေကို အသုံးပြုနိုင်သော နေရာနှစ်ခု ရှိရာ တစ်ခုမှာ ခွန်အားတိုးဆေးရည်များ ပြုလုပ်ရန် ဖြစ်ပြီး နောက်တစ်ခုမှာ ဤအစားအစာဖိသိပ်စက်ကို ပြုလုပ်ရန် ဖြစ်လေသည်။

ခွန်အားတိုးဆေးရည် ပြုလုပ်ရန်အတွက်မူ လိုအပ်သော ကုန်ကြမ်းများ တော်တော်လေးလိုအပ်နေသေးသဖြင့် လောလောဆယ် မစဉ်းစားသေးချေ။

သို့သော် အစားအစာဖိသိပ်စက်မှာမူ ကွာခြားလှ၏။ ဝမ်ထောင်သည် လိုအပ်သော ကုန်ကြမ်းများကို ဇွန်ဘီများထံမှ ရရှိနိုင်သည့်အပြင် ၎င်းသည် လက်ရှိအချိန်၌ ဝမ်ထောင်အတွက် အလွန် အသုံးဝင်သော အရာလည်း ဖြစ်နေသည်။

မြေအောက်ခန်းကို နောက်တစ်ကြိမ် ထပ်မံ ရှာဖွေပြီးနောက် ဘာမျှ ကျန်မနေတော့သည်ကို သေချာမှ ဝမ်ထောင်သည် ကုန်စုံဆိုင်သို့ ပြန်လာခဲ့တော့၏။

ထိုအချိန်တိုအတွင်း ဆိုင်အပြင်ဘက်၌ ဇွန်ဘီ အနည်းငယ် ထပ်မံ ရောက်ရှိနေပြီ ဖြစ်သည်။

ဝမ်ထောင်သည် သူ၏ လှံကို တင်းတင်းဆုပ်ကိုင်လိုက်၏။

သတ်ရမည်။

သူက ဇွန်ဘီများထံသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားတော့သည်။

အနည်းငယ်ကြာသောအခါ...

..."တောက်... နောက်ဆုံး ကုန်ကြမ်းတစ်ခုပဲ လိုတော့တာကို လုံးဝ မကျလာဘူး... တကယ်ပဲ..."

လမ်းမအနီးတွင် ဇွန်ဘီများ မရှိတော့သည်ကို မြင်သောအခါ ဝမ်ထောင် အနည်းငယ် စိတ်ပျက်သွားရ၏။

သူ့ထံတွင် ကေဘယ်လ်ကြိုး တစ်ချောင်းသာ လိုတော့ပြီး သူ၏ သွေးပမာဏသည်လည်း 【၉၉၀/၉၉၀】 သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရွေးချယ်စရာ မရှိပါ။ ကုန်ကြမ်းများအတွက် ဖြစ်စေ သွေးပမာဏအတွက် ဖြစ်စေ ဇွန်ဘီများကို ဆက်တိုက် သတ်ရမည် ဖြစ်၏။

ဝမ်ထောင်သည် လမ်းကြားလေးတစ်ခုကို ဖြတ်ကျော်ကာ ဘေးလမ်းမကြီးသို့ သွားလိုက်သည်။

ဘေးလမ်းမကြီးပေါ်တွင် ဇွန်ဘီ အနည်းငယ် ရှိနေ၏။ ၎င်းတို့ထဲမှ သုံးကောင်သည် ဝမ်ထောင်ကို မြင်သောအခါ ခန္ဓာကိုယ်ကို တွန့်လိမ်လျက် သူ၏ထံသို့ အလျင်အမြန် လျှောက်လာကြသည်။

ဝမ်ထောင်သည် မည်သည့်စကားမျှ မဆိုဘဲ သူ၏ လှံကို ကိုင်ကာ ထိုဇွန်ဘီသုံးကောင်၏ ဦးခေါင်းကို အလျင်အမြန် ထိုးစိုက်လိုက်၏။

ဇွပ်.

【-၅၀၀】

ဒုတ်..

【-၅၀၀】

"ဂါး.."

【-၅၀၀】

ဦးခေါင်းများကို သုံးကြိမ် ဆက်တိုက် ထိုးစိုက်လိုက်ရာ ထိုဇွန်ဘီသုံးကောင်မှာ ဘာမှန်းမသိခင်မှာပင် ချက်ချင်း သေဆုံးသွားကြလေသည်။

【ရရှိသည် - သံတုံး ၁ တုံး】

【ရရှိသည် - ပတ်တီးစ ၁ ခု】

【ရရှိသည် - ကေဘယ်လ်ကြိုး ၁ ချောင်း】

"နောက်ဆုံးတော့ အကုန် စုံသွားပြီ"

ကေဘယ်လ်ကြိုး ကျလာသည်ကို မြင်သောအခါမှ ဝမ်ထောင်သက်ပြင်းချနိုင်တော့သည်။

တစ်ချိန်တည်းမှာပင် သူသည် ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာသည်ကို ခံစားလိုက်ရပြီး ယခင်ကထက်ပင် တော်တော်သိသာလာ၏ ။

သူ၏ သွေးဘားတန်းကို ပြန်ကြည့်လိုက်ရာ ၎င်းသည် အမှန်ပင် 【၁၀၀၀/၁၀၀၀】 ဖြစ်နေပြီ ဖြစ်၏။

နေဦး—

ဝမ်ထောင်သည် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဇွန်ဘီသုံးကောင်ကို သတ်လိုက်သဖြင့် အနည်းဆုံး သွေး ၁၅ တိုးရမည် မဟုတ်ပါလား။ သူသည် ယခင်က ၉၉၀ ၌ ရှိနေခဲ့ရာ သွေး ၁၀ သာ တိုးခဲ့သည်ဟု အဓိပ္ပာယ်ရ၏။ ကျန်ရှိသော သွေး ၅ မှာ ဘယ်ရောက်သွားသနည်း။

ဝမ်ထောင်သည် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ၏ ဦးခေါင်းသည် လေးလံကာ မူးဝေလာပြီး အလွန် အိပ်ချင်စိတ် ပေါက်လာရ၏။

"မကောင်းတော့ဘူး..."

တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသဖြင့် ဝမ်ထောင်သည် နောက်သို့ အလျင်အမြန် ပြန်ပြေးခဲ့တော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤလမ်းမပေါ်ရှိ ဇွန်ဘီများကို သူ သတ်ဖြတ်ခဲ့ပြီး ဖြစ်သောကြောင့် ဟက်ပီးနက်စ် လူနေရပ်ကွက်သို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့၏။

"ဝမ်ထောင်... နင် ဘာဖြစ်တာလဲ"

တင်ယွီချင်သည် အောက်ထပ်တွင် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဝမ်ထောင် ယိုင်တိယိုင်တိုင်ဖြင့် ပြန်လာသည်ကို မြင်သောအခါ သူမသည် ပျာပျာသလဲဖြင့် အောက်ထပ်သို့ ပြေးဆင်းကာ ကြိုဆိုလိုက်၏။

"မစိုးရိမ်ပါနဲ့... ငါ ဘာမှမဖြစ်ဘူး... အိပ်ချင်လွန်းလို့ အိပ်ဖို့ပဲ လိုတာ..."

ဝမ်ထောင်သည် အလွန် အိပ်ချင်နေပြီး မျက်လုံးများကို မှိတ်ထားချင်နေသော်လည်း သူ၏ အသိစိတ်ကမူ အနည်းငယ် ရှင်းလင်းနေသေးသည်။ တင်ယွီချင်၏ ခက်ခက်ခဲခဲ တွဲကူမှုဖြင့် သူသည် အခန်းထဲသို့ ပြန်ရောက်သွားကာ ကုတင်ပေါ်သို့ လှဲချလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့၏။

ဝမ်ထောင်က မစိုးရိမ်ရန် ပြောခဲ့သော်လည်း တင်ယွီချင်သည် မည်သို့ စိတ်အေးနိုင်ပါမည်နည်း။

သူမသည် ဝမ်ထောင်၏ အဝတ်အစားများကို ခက်ခက်ခဲခဲ ချွတ်ပေးပြီးနောက် ဒဏ်ရာ ရှိမရှိ အသေအချာ စစ်ဆေးလိုက်၏။ ဒဏ်ရာ မရှိသည်ကို အတည်ပြုနိုင်မှသာ သူမသက်ပြင်းချနိုင်တော့သည်။

ဝမ်ထောင်၏ ခန္ဓာကိုယ်တွင် ချွေးများ စိုရွှဲနေသည်ကို မြင်သောအခါ သူမသည် ရေနွေးယူလာပြီး ဇနီးငယ်လေးတစ်ဦးကဲ့သို့ ခန္ဓာကိုယ်ကို သုတ်ပေးလေ၏...

"ရေဆာတယ်..."

" ဒီမှာပါ"

"ဂလု ဂလု"

ဝေဝေဝါးဝါးဖြင့် ရေကို တစ်ကျိုက်တည်း အဝသောက်ပြီးနောက် ဝမ်ထောင်သည် နောက်ဆုံးတွင် နိုးလာခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ခွန်အားများ ပြည့်နှက်နေသည်ကို သူ ခံစားလိုက်ရ၏။

သူ၏ သွေးပမာဏသည် ၁၀၀၀ ကို ကျော်လွန်သွားပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်လည်း အလွန်အမင်း တိုးတက်သွားပုံရသည်။

သူသည် မသိစိတ်ဖြင့် သူ၏ သွေးဘားတန်းကို ကြည့်လိုက်၏။

"ဟင်"

------------

အခန်း ၆၄ - အစားအစာဖိသိပ်စက်

သွေးပမာဏ 【၁၀၀၀/၁၀၀၀】

စိတ်စွမ်းအား 【၁၀၀/၁၀၀】

သူ၏ သွေးပမာဏနှင့် စိတ်စွမ်းအား ဘားတန်းမှာ များစွာ ပြောင်းလဲခြင်း မရှိဘဲ ယခင်အတိုင်းပင် ရှိနေသေး၏။

ပြောင်းလဲသွားသည်မှာ သူ၏ သွေးဘားတန်း အောက်၌ စာသားအသစ်တစ်ကြောင်း ပေါ်လာခြင်းပင် ဖြစ်သည်။

【လျှို့ဝှက်အရည်အသွေး - ခန္ဓာကိုယ်သန်စွမ်းမှု】

【ခန္ဓာကိုယ်သန်စွမ်းမှု - ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်လူများထက် သာလွန်သည် လေ့ကျင့်ခန်း လုပ်သည့်အခါ ပိုမို တိုးတက်မှုကို ရရှိစေပြီး အထက်ကန့်သတ်ချက်လည်း ပိုမို မြင့်မားသည်】

"ငါ ထင်တဲ့အတိုင်းပဲ။ ငါ့မှာလည်း လျှို့ဝှက်အရည်အသွေး ရှိနေတာပဲ။ ငါ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အကျိုးကျေးဇူးတွေ အများကြီး ရတယ်လို့ ခံစားရတာ မဆန်းတော့ပါဘူး။"

ဝမ်ထောင် အတော်ပင် ကျေနပ်သွားရ၏။

သို့သော် ပြန်စဉ်းစားကြည့်လျှင် တင်ယွီချင်သည် ဇွန်ဘီ တစ်ကောင်တည်း သတ်ရုံဖြင့် သူမ၏ လျှို့ဝှက်အရည်အသွေးကို မြင်နိုင်ခဲ့သော်လည်း သူကမူ သွေးပမာဏ တစ်ထောင် ပြည့်မှသာ မြင်ခွင့်ရခဲ့သည်ကတော့ တကယ့်ကို ကံဆိုးလှပေသည်။

"ဝမ်ထောင်... နင် ဘာမှမဖြစ်ဘူးမလား။"

ဝမ်ထောင် ခေါင်းလှည့်ကြည့်လိုက်ရာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော တင်ယွီချင်၏ မျက်နှာကို မြင်လိုက်ရ၏။

"မစိုးရိမ်ပါနဲ့ မရီး။ ငါ ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ ငါ အိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားလဲ။"

"နင် သုံးနာရီတောင် အိပ်ပျော်သွားတာ။ လုံးဝ မလှုပ်မယှက်ဘဲ အိပ်နေလို့ ငါ့မှာ လန့်သေတော့မှာပဲ။"

ဝမ်ထောင် အမှန်တကယ် ဘာမှမဖြစ်သည်ကို မြင်မှသာ တင်ယွီချင်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

"သုံးနာရီလား။"

ဝမ်ထောင် ခေါင်းညိတ်လိုက်၏။ ယခင်တစ်ခေါက်ကကဲ့သို့ သုံးရက်ကြာ သတိမေ့မြောခြင်းမျိုး မဟုတ်လျှင် အဆင်ပြေပါသည်။

"နင် ဗိုက်ဆာနေပြီလား။ အပြင်မှာလည်း မှောင်နေပြီ။ ငါ သွားချက်ပေးမယ်။"

စကားပြောရင်း တင်ယွီချင်သည် ထ၍ ထွက်သွားရန် ပြင်လိုက်၏။

သို့သော် ဝမ်ထောင်က သူမ၏လက်ကို လှမ်းဆွဲကာ ကုတင်ပေါ်သို့ ဆွဲချလိုက်သည်။ ထို့နောက် တင်ယွီချင်၏ ခါးကို ဖက်လျက် သူမ၏ ဝိုင်းစက် တောက်ပနေသော မျက်ဝန်းများကို စိုက်ကြည့်ကာ ပြုံးပြီး ပြောလိုက်၏။

"ငါ ဗိုက်ဆာတာတော့ မှန်တယ်။ ဒါပေမဲ့ အရင်ဆုံး မုန့်ပြားသလက် ညှပ်စားချင်တယ်။"

ဝမ်ထောင်သည် ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် ခွန်အားနှင့် စွမ်းအင်များမှာ အလွန်အမင်း ပြည့်ဝနေသဖြင့် ထုတ်သုံးပစ်ရန် လိုအပ်နေသည်ဟု ခံစားနေရသည်။

...နောက်တစ်နေ့ နံနက်။

ဝမ်ထောင် နိုးလာသောအခါ တင်ယွီချင်သည် သူ၏ ရင်ခွင်ထဲ၌ ရှိနေပြီး တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။

" လယ်ထွန်လို့ အမောလွန်တဲ့နွား ဆိုတဲ့ စကားက အမှန်ပဲကိုး။"

မနေ့ညက တင်ယွီချင်သည် အရေးနိမ့်ခဲ့သော်လည်း ယနေ့နံနက်တွင် ပထမဆုံး နိုးလာသူက သူမဖြစ်ပြီး မျက်နှာလေးမှာလည်း စိုပြေဝင်းပနေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ထောင်မှာမူ ခါး အနည်းငယ် နာကျင်နေသလိုပင် ခံစားရ၏။

"ဟွန့်။"

တင်ယွီချင်သည် ဝမ်ထောင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်လေသည်။

"ငါ မနက်စာ သွားလုပ်တော့မယ်။"

"မသွားခင် ယောက်ျားလို့ ခေါ်ဦးလေ။"

"ယောက်ျား။"

တင်ယွီချင်သည် ခြင် မြည်သံကဲ့သို့ တိုးညင်းစွာ ရေရွတ်ပြီးနောက် အခန်းထဲမှ အလျင်အမြန် ထွက်ပြေးသွားတော့၏။

"ဟား ဟားဟား ။"

တင်ယွီချင် ထွက်သွားပြီးနောက် ဝမ်ထောင်သည် မနေ့က မဖြေရှင်းနိုင်ခဲ့သော မေးခွန်းကို ဆက်လက် စဉ်းစားနေမိသည်။

"ကျန်တဲ့ သွေး ၅ မှတ်က ဘယ်ရောက်သွားတာလဲ။ သွေးပမာဏ တစ်ထောင် ကျော်သွားရင် ဇွန်ဘီတွေကို သတ်လည်း သွေးကန့်သတ်ချက် မတိုးတော့တာမျိုးလား။"

ဝမ်ထောင် အနည်းငယ် စိုးရိမ်သွားရ၏။

အကယ်၍ ထိုအတိုင်းဆိုလျှင် သွေး ၁၀၀၀ သည် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီဟု အဓိပ္ပာယ်ရနေသည် မဟုတ်လား။

သို့သော် သူသည် သွေးနှစ်ထောင် ရှိသော ဇွန်ဘီများနှင့် သွေးတစ်သောင်းကျော် ရှိသော အမည်မသိ ဘီလူးများကိုပင် မြင်ဖူးထားသည်။

"ခဏနေရင် ထပ်ပြီး စမ်းသပ်ကြည့်ရမယ်။ သာမန်ဇွန်ဘီတွေက သွေးမတိုးပေးဘူးဆိုရင် ငါ အထူးဇွန်ဘီတွေကို သွားသတ်မယ်။ မယုံသေးဘူး။"

အလျင်အမြန် မျက်နှာသစ်ပြီးနောက် ဝမ်ထောင်သည် အခန်းထဲမှ ထွက်မသွားချေ။ သူ၏ လက်ထဲတွင် ပစ္စည်းပြုလုပ်နိုင်သော ပုံကြမ်းတစ်ခု ပေါ်လာ၏။

၎င်းမှာ အစားအစာဖိသိပ်စက် ပုံကြမ်း ပင် ဖြစ်သည်။ ထို့နောက် လိုအပ်သော ကုန်ကြမ်းများနှင့် အမြုတေများကို ထုတ်လိုက်၏။

ပုံကြမ်းပေါ်တွင် အသုံးပြုရန် အသင့် ဖြစ်သည် ဟူသော စာသား ချက်ချင်း ပေါ်လာသည်။

အသုံးပြုမည်ကို ရွေးချယ်လိုက်သောအခါ ကုန်ကြမ်းများသည် အလင်းတန်း အနည်းငယ်အဖြစ် ပြောင်းလဲသွားပြီး ပုံကြမ်းထဲသို့ ပျံဝင်သွားတော့၏။ ထို့နောက် ပုံကြမ်းပေါ်တွင် စာသားတစ်ကြောင်း ပေါ်လာသည်။

【ပြုလုပ်နေဆဲ - ကျန်ရှိချိန် ၅၉ မိနစ် ၅၉ စက္ကန့်】

"တစ်နာရီလား။ အဆင်ပြေပါတယ်။ ငါ ခဏ စောင့်နိုင်တယ်။"

"ဝမ်ထောင်... မနက်စာ အသင့်ဖြစ်ပြီ။"

အပြင်ဘက်မှ တင်ယွီချင်၏ အသံ ထွက်ပေါ်လာ၏။

"လာပြီ။"

မနက်စာ စားပြီးနောက် ဝမ်ထောင်သည် မနက်ခင်း လေ့ကျင့်ခန်းကို စတင်လိုက်သည်။

ရိုးရှင်းသော ခန္ဓာကိုယ် စမ်းသပ်မှုအချို့ လုပ်ဆောင်ပြီးနောက် ဝမ်ထောင်သည် သွေး 1000 ရှိသော သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သွေး ၁၀၀ ရှိစဉ်ကထက် အနည်းဆုံး နှစ်ဆ သုံးဆမျှ ပိုမို သန်မာလာကြောင်း ခံစားလိုက်ရ၏။

ယခုအခါ သူသည် လက်နက် မသုံးဘဲ လက်သီးတစ်ချက်တည်းဖြင့်ပင် ဇွန်ဘီ၏ ဦးခေါင်းခွံကို ရိုက်ခွဲနိုင်သည် ဟူသော ခံစားချက်မျိုး ရနေသည်။

အတန်ကြာသော် ဝမ်ထောင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ကျောပိုးအိတ်ထဲသို့ ကြည့်လိုက်၏။

【အစားအစာဖိသိပ်စက် - ပြုလုပ်မှု ပြီးစီးပါပြီ】

ဝမ်ထောင်သည် စိတ်ဖြင့် ထိုစက်ကို ထုတ်ရန် ပြင်လိုက်သော်လည်း နေရာလွတ် မလုံလောက်ပါ ဟူသော အချက်ပေးချက် ပေါ်လာသည်။

"ဒီကောင်က ဘယ်လောက်တောင် ကြီးနေလို့လဲ။"

ဝမ်ထောင် လေ့ကျင့်ခန်း လုပ်သည့် နေရာမှာ ဧည့်ခန်း၏ ထောင့်တစ်နေရာ ဖြစ်ပြီး ပစ္စည်းများစွာ စုပုံနေသော နေရာ ဖြစ်၏။

သူသည် ဧည့်ခန်း၏ အလယ်သို့ ရွှေ့လိုက်သည်။

တင်ယွီချင်သည် ယောဂဝတ်စုံကို ဝတ်ဆင်ကာ ယောဂကျင့်နေ၏။

ဝမ်ထောင် လျှောက်သွားပြီး သူမ၏ တင်ပါးကို အားမနာတမ်း တစ်ချက် ရိုက်လိုက်သည်။

တင်ယွီချင်၏ မျက်နှာသည် ချက်ချင်း နီရဲသွားကာ ဝမ်ထောင်ကို စိုက်ကြည့်လာ၏။

"နေ့ခင်းကြောင်တောင်ကြီး... ဒါက သိပ်မသင့်တော်ဘူး ထင်တယ်။"

"မရီး... ဘာတွေ တွေးနေတာလဲ။ ငါက လမ်းပိတ်နေလို့ ဖယ်ခိုင်းတာ။"

တင်ယွီချင်သည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။

သို့သော်လည်း လေးလံသော ပစ္စည်းတစ်ခု ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့် ဘုန်းဟူသောအသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ သူမ လန့်ဖျပ်သွားလေသည်။

"ဝမ်ထောင်... ဒါ... ဒါ ဘာဖြစ်တာလဲ။ ဒါ နင့်ရဲ့ စွမ်းရည်လား။"

ဧည့်ခန်းအလယ်တွင် ကမ္ဘာပျက်ကပ်စတိုင် အဝါရောင် စက်ပစ္စည်း အကြီးစားကြီးတစ်ခု ပေါ်နေ၏။

"ဒီလိုပဲ ပြောရမှာပေါ့။ သွား... ဆန်အိတ်အသေးတစ်အိတ် သွားယူခဲ့။"

ဝမ်ထောင် အများကြီး ရှင်းမပြတော့ချေ။

သူကိုယ်တိုင်လည်း အတော်ပင် ဝေခွဲမရ ဖြစ်နေ၏။ ထိုကုန်ကြမ်း အသေးအဖွဲလေးအချို့က မည်သို့ဖြစ်ပြီး ဤမျှ ကြီးမားသော စက်ကြီးတစ်ခု ဖြစ်လာရသနည်း။

၄င်းက သိပ္ပံနည်းမကျလှချေ။

"ကောင်းပြီ။"

တင်ယွီချင် ထပ်မံ မမေးတော့ပါ။ သူမသည် ဝမ်ထောင် မုန်းတီးမည့် အရာကို ဘယ်တော့မှ မလုပ်ရန် အမြဲ နှလုံးသွင်းထားသူ ဖြစ်သည်။

မကြာမီ တင်ယွီချင်သည် ၂ ဒသမ ၅ ကီလိုဂရမ် ရှိသော ဆန်အိတ်ကို ယူလာပြီး ဝမ်ထောင်ကလည်း ထိုပမာဏနှင့် ညီမျှသော ရေကို ယူလာ၏။

အစားအစာဖိသိပ်စက်ကို ချလိုက်သည်နှင့် ၎င်း၏ အသုံးပြုပုံ ရှင်းလင်းချက် ပေါ်လာသည်။

အာဟာရပျော်ရည် ထုတ်လုပ်ရန်အတွက် အစားအစာနှင့် ရေကို အချိုးတူ လိုအပ်ပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း ဆုံးရှုံးမှု အနည်းငယ် ရှိမည် ဖြစ်၏။ ထိုဆုံးရှုံးမှုသည် စက်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်ရာ တစ်နည်းအားဖြင့် ဂရုတစိုက် ကိုင်တွယ်လျှင် ဤစက်ကို အချိန်အကြာကြီး အသုံးပြုနိုင်မည် ဖြစ်သည်။

စက်၏ ရှေ့မျက်နှာစာတွင် အပေါက် သုံးခု ရှိရာ နှစ်ခုမှာ ထည့်သွင်းရန် ဖြစ်ပြီး တစ်ခုမှာ ထွက်ရှိရန် ဖြစ်၏။

ဆန်နှင့် ရေကို သက်ဆိုင်ရာ ထည့်သွင်းသည့် အပေါက်များထဲသို့ လောင်းထည့်လိုက်ပြီးနောက် စက်သည် အနည်းငယ် တုန်ခါလာသည်။

ခဏအကြာတွင် အလယ်ရှိ ထွက်ပေါက် ပွင့်လာပြီး လက်မခန့် အထူရှိသော ပလတ်စတစ်ပြွန် လေးခု ပေါ်လာရာ ၎င်းတို့ထဲ၌ ဝါကျင်ကျင် စေးပျစ်သော အရည်များ ပြည့်နေ၏။ ပလတ်စတစ် အစွပ်ပေါ်တွင် စာသားတစ်ကြောင်း ရေးထားသည်။

"၂၀၀၀ ကယ်လိုရီ... ဆန်နံ့... သက်တမ်း ၁ နှစ်။"

တင်ယွီချင်သည် ၎င်းပေါ်ရှိ စာသားများကို စူးစမ်းလိုစိတ်ဖြင့် ဖတ်လိုက်၏။

"သာမန်လူတစ်ယောက်အတွက် ၂၀၀၀ ကယ်လိုရီ စွမ်းအင်ဆိုရင် တစ်ရက်စာ လောက်ငှတယ် မဟုတ်လား။"

ဝမ်ထောင်လည်း ဤအရာကို သိပ်မသေချာသော်လည်း သူ၏အတွက်မူ လုံးဝ လောက်ငှမည် မဟုတ်ကြောင်း သိနေသည်။

"ဒါက အာဟာရပျော်ရည်ပဲ။"

ဝမ်ထောင်က အကျဉ်းချုပ် ရှင်းပြလိုက်၏။

၎င်းကို ကြားရသောအခါ တင်ယွီချင်၏ မျက်ဝန်းများ တောက်ပသွားရသည်။

"ဝါး... ဒါက အံ့သြစရာပဲ။ ငါတို့အတွက် အရမ်း အသုံးဝင်တာပဲ။"

ဝမ်ထောင်သည် တိုက်ခန်းဝင်းတစ်ခုလုံးနှင့် ဆိုင်ငယ်များ၊ ကုန်စုံဆိုင်များမှ အစားအစာ အားလုံးကို အိမ်သို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုနေရာများမှ အစားအစာ ပမာဏမှာ အလွန်အမင်း မများသော်လည်း ၎င်းတို့က သီးသန့် ကောက်ပဲသီးနှံသိုလှောင်ရုံများ မဟုတ်သည့်တိုင် အားလုံး ပေါင်းလိုက်လျှင်မူ အတော်ပင် များပြားလှ၏။

အစားအစာ အများစုမှာ သက်တမ်း တိုတောင်းလှသဖြင့် အချိန်အကြာကြီး ထားလျှင် အမှန်ပင် ပုပ်သိုးသွားမည် ဖြစ်ပြီး သယ်ဆောင်ရလည်း မလွယ်ကူချေ။ အကယ်၍ ၎င်းတို့အားလုံးကို ဤအာဟာရပျော်ရည်အဖြစ် ပြုလုပ်နိုင်လျှင် အလွန် အဆင်ပြေသွားမည် ဖြစ်သည်။

"အင်း။ အစ်မ သွားပြီး သက်တမ်းတိုတဲ့ အစားအစာတွေ ဒါမှမဟုတ် သယ်ရခက်တဲ့ အစားအစာတွေကို သီးသန့် ခွဲခြားလိုက်။ ဘယ်အရာတွေကို အာဟာရပျော်ရည်အဖြစ် ပြောင်းလဲရမလဲဆိုတာ ငါ ကြည့်ရမယ်။"

"ကောင်းပြီ။"

တင်ယွီချင်သည် ချက်ချင်းပင် စာအုပ်နှင့် ကလောင်ကို ယူကာ စိတ်လှုပ်ရှားစွာဖြင့် အစားအစာများကို သွားရောက် ခွဲခြားလေ၏။

ဝမ်ထောင်သည် စိဖြင့် ထိုအာဟာရပျော်ရည် လေးပြွန်ကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

"ဟင်းလင်းပြင်ကျောပိုးအိတ်ထဲ တကယ် ထည့်လို့ရတာပဲ။ ပစ္စည်းကောင်းပဲ။"

ဝမ်ထောင် ရုတ်တရက် တွေးမိသည်မှာ မည်သည့် အစားအစာမဆို အာဟာရပျော်ရည် ပြုလုပ်နိုင်လျှင် ဇွန်ဘီသွေးများ ပေကျံနေသော အစားအစာများကိုရော အာဟာရပျော်ရည် ပြုလုပ်၍ ရနိုင်မည်လား။

"ငါ အပြင်ကနေ သွေးပေနေတဲ့ အစားအစာတချို့ ယူလာပြီး စမ်းကြည့်ရမယ်။ ပြီးတော့ ဇွန်ဘီတချို့ကို သတ်ပြီး သွေးဘားတန်း အခြေအနေကိုလည်း စစ်ဆေးရဦးမယ်။"

--------

All Chapters