အခန်း (၁၆၉-၁၇၀)
Vol. 13 Ch. 169-170
အပိုင်း(၁၆၉)
ကျူးပါကျဲကို ကြည့်ရင်း ကျန်းလျို တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။ မူရင်းဝတ္ထုအရ ကျူးပါကျဲသည် သူ၏ တပည့်ဖြစ်လာရန် ကံကြမ္မာဖန်တီးထားသည်မှာ မှန်ပေသည်။
သို့သော်လည်း လွန်ခဲ့သည့် နာရီပိုင်းလောာက်ကပင် ကျူးပါကျဲသည် “ကျုပ် သေသွားရင်တောင်မှ ကျမ်းစာပင့်ဖို့ အနောက်အရပ်ကို ခင်ဗျား နောက်က လိုက်ပြီး တပည့်မခံနိုင်ဘူး” ဟူသော သဘောထားဖြင့် အခိုင်အမာ ငြင်းဆန်ထားခဲ့သည် မဟုတ်ပါလော။
သို့သော်... ယခုအခါ ကျန်းလျို အား ဆရာတင်ရန် အော်ဟစ် တောင်းဆိုနေပြီး တပည့်ခံလိုသည့် အကြောင်းရင်းမှာလည်း မိန်းကလေးများကို လိုက်လံပိုးပန်းရန်အတွက် ဖြစ်နေသည်လော။
ဤခံစားချက်က ကျန်းလျို အား အလွန် ထူးဆန်းစွာ ခံစားသွားရစေလေသည်။
"ဆရာတော်... ကျေးဇူးပြုပြီး ကျုပ် ဝက်ကြီးကို လက်ခံပေးပါ... ကျုပ် ဝက်ကြီးရဲ့ လက်ကျန်ဘဝ ပျော်ရွှင်မှုက ဆရာတော့် လက်ထဲမှာပဲ ရှိတော့တာပါ... ရဟန်းတွေဆိုတာ ကရုဏာထားသင့်တယ်လေ... ကျေးဇူးပြုပြီး ကျုပ် ဝက်ကြီးကို ကူညီပါဦး..."
ကျူးပါကျဲသည် ကျန်းလျို အား မျှော်လင့်ချက်များ အပြည့်ပါဝင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ယနေ့ သူမြင်တွေ့ခဲ့ရသည်များကို အခြေခံ၍ ကြည့်လျှင် အေးစက်ပြီး အလှမ်းဝေးလှသော ဒုတိယ သခင်မလေး လွမ် ပင်လျှင် ဆရာတော်ထံသို့ အရောက်လာချင်နေပုံရသည်။ ယင်းက ကျူးပါကျဲ အား မနာလို၊ သဝန်တိုစေကာ မျက်လုံးများပင် နီရဲသွားစေခဲ့လေသည်။
သူကိုယ်တိုင် ထိုသို့သော ဆက်ဆံမှုကို ရရှိရန်အတွက် ဆိုလျှင် ဂုဏ်သိက္ခာဆိုတာ ဘာများ အရေးကြီး သနည်း။ လုံးဝ အရေးမကြီးပါချေ။
ကျူးပါကျဲ တစ်ယောက် မိမိအား တပည့်အဖြစ် လက်ခံရန် ကျန်းလျို ထံသို့ ငိုလုမတတ် တောင်းပန်နေချိန်မှာပင် ရုတ်တရက် စနစ် သတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။
ဒင် - နှလုံးသားခိုးယူသူ တာဝန် ပေါ်ထွက်လာပါပြီ။ တာဝန် သတ်မှတ်ချက်များ - ကျူးပါကျဲ အား အမျိုးသမီးထောင်ပေါင်းများစွာ ကြည်ညိုလေးစားသော နှလုံးသားခိုးယူသူ တစ်ဦးဖြစ်လာစေရန် လေ့ကျင့်ပေးရန်။ အချိန်ကန့်သတ်ချက် ၃ နှစ်။ အောင်မြင်မှု ဆုကြေး - အတွေ့အကြုံမှတ် ၁၀၀,၀၀၀,၀၀၀ နှင့် နတ်ဘုရားအဆင့် ရတနာသေတ္တာ ၁ လုံး။ တာဝန် ကျရှုံးမှု - အတွေ့အကြုံမှတ် ၁၀၀,၀၀၀,၀၀၀ နုတ်ယူမည်။ လက်ခံမည်/ငြင်းပယ်မည်။
ရုတ်တရက် ထွက်ပေါ်လာသော တာဝန်ကို ကြည့်ရင်း ကျန်းလျို သည် သုညများကို စိတ်ရှည်လက်ရှည် ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း အတွေ့အကြုံမှတ် သန်းတစ်ရာတိတိ ပင်ဖြစ်လေသည်။ သူသာ ၎င်းကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လျှင် အဆင့် မည်မျှအထိ တက်သွားနိုင်မည်နည်း။
အတွေ့အကြုံမှတ် သန်းတစ်ရာအပြင် နတ်ဘုရားအဆင့် ရတနာသေတ္တာ လည်း ပါသေးသည်လော။ အမည်ကို ကြည့်ခြင်းအားဖြင့် ဤအရာသည် နတ်ဘုရားအဆင့် ကိရိယာ သို့မဟုတ် ပစ္စည်းများ သေချာပေါက် ပါဝင်နိုင်သည့် သေတ္တာတစ်ခု ဖြစ်ရမည် မဟုတ်ပါလော။
ဤမျှ ကြွယ်ဝလှသော ဆုကြေးမျိုးမှာ အရင်က တစ်ခါမျှ မရှိခဲ့ဖူးပေ။
သို့သော်လည်း တာဝန် ကျရှုံးပါက အတွေ့အကြုံမှတ် သန်းတစ်ရာ နုတ်ယူခံရမည်ကို မြင်သောအခါ ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားလေသည်။
သုံးနှစ်ကြာပြီးနောက် သူသာ ကျရှုံးခဲ့လျှင်၊ အတွေ့အကြုံမှတ် သန်းတစ်ရာ နုတ်ယူခံရမှုကြောင့် သူ၏ အဆင့်များ လျော့ကျသွားမည် မဟုတ်ပါလော။
ငြင်းပယ်မည်။
များစွာ တွန့်ဆုတ်နေခြင်းမရှိဘဲ ဤမျှများပြားလွန်းလှသော ဆုကြေးပါရှိသည့် တာဝန်ကြီးကို ကျန်းလျို သည် တိုက်ရိုက်ပင် ငြင်းပယ်ရန် ရွေးချယ်လိုက်လေသည်။
အမှန်တကယ်ပင် ဤတာဝန်အတွက် ဆုကြေးမှာ အလွန် များပြားလှသော်လည်း အလားတူပင် မြင့်မားသော အကျိုးအမြတ်များသည် မြင့်မားသော အန္တရာယ်ကို ဆိုလိုနေပေသည်။
အသားမည်းမည်း ရုပ်ဆိုးဆိုး ကျူးပါကျဲကို အမျိုးသမီး ထောင်ပေါင်းများစွာ ချစ်ခင်လေးစားရသော နှလုံးသားခိုးယူသူ တစ်ဦးအဖြစ် ပြောင်းလဲပေးရမည်လော။
ကျန်းလျို ခေါင်းယမ်းလိုက်ပြီး မေ့ထားလိုက်ရန် တွေးလိုက်သည်။ ဤအရာမှာ သူ သေချာပေါက် မအောင်မြင်နိုင်မည့် ကိစ္စတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံးကို မှောက်လှန်ပစ်ရသည်ထက်ပင် ပို၍ ခက်ခဲနိုင်မည် မဟုတ်ပါလော။ ကျန်းလျို သည် ဤကိစ္စနှင့် ပတ်သက်၍ အသိတရား ရှိနေဆဲပင် ဖြစ်လေသည်။
"ကိုယ်တော့်ကို ဆရာတင်ပြီး အနောက်အရပ်ကို ကျမ်းစာပင့်တဲ့ ခရီးစဉ် မှာ လိုက်ပါချင်တယ်ဆိုရင်တော့ ကိုယ်တော် သိပ်ကို ဝမ်းသာမိမှာပါ... ဒါပေမဲ့ မင်း တပည့်ခံချင်တဲ့ ရည်ရွယ်ချက်က ဒါဆိုရင်တော့… ကိုယ်တော် လက်မခံနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ..."
ကျူးပါကျဲ ၏ မျှော်လင့်ချက်အပြည့်ရှိနေသော မျက်နှာကို မြင်သောအခါ ကျန်းလျို သည် ခေါင်းယမ်းလိုက်ပြီး သူ့အား တိုက်ရိုက်ပင် ငြင်းပယ်လိုက်လေသည်။
"မလုပ်ပါနဲ့ ဆရာ... ကောင်းကင်နဲ့ မြေကြီး တစ်ခွင်လုံးမှာ ကျုပ်ကို ကူညီပေးနိုင်တာ ဆရာ တစ်ပါးတည်းပါပဲ... ဆရာသာ သဘောမတူရင် ကျုပ် အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ... ဆရာ... ဆရာ..."
ကျန်းလျိုက အလွန် ပြတ်သားစွာ ငြင်းပယ်လိုက်သည်ကို ကြားသောအခါ ကျူးပါကျဲ သည် စိုးရိမ်တကြီးဖြစ်လာပြီး အရှက်ကင်းမဲ့စွာဖြင့် သူ့အား ဆရာ ဟုပင် အော်ခေါ်လာလေသည်။
ကျူးပါကျဲက ဤသို့ ဇွဲမလျှော့ဘဲ ဆူပူနေသဖြင့် ကျန်းလျို မှာ စွန်းဝူခုန်း အား သူ့ကို ကိုင်တွယ်ရန် အကူအညီတောင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ ခေါင်းလှည့်ကာ စွန်းဝူခုန်း အား အကူအညီတောင်းလိုက်လေသည်။
"ဝူခုန်း... ဝူခုန်း…”
ကျန်းလျို ခေါ်လိုက်သောအခါ စွန်းဝူခုန်းသည် တစ်ဖက်သို့ လှည့်သွားပြီး တစ်ပြိုင်နက်တည်းမှာပင် ဟောက်သံများ ထွက်ပေါ်လာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်ဟန် ဖမ်းနေလေသည်။
‘ဒီမျောက်က တစ်နေ့တခြား ပိုပိုပြီး အကင်းပါးလာတာလား... ငါ အနေရခက်အောင် တမင်တကာများ လုပ်နေတာလား...’
နောက်တစ်နေ့ နံနက်တွင် ယွမ်ကျန်းဂူမှ မိစ္ဆာငယ် တစ်ကောင်သည် ကျန်းလျိုနှင့် သူ၏ တပည့်များအား ခန်းမဆောင်သို့ နံနက်စာစားရန် လာရောက်ဖိတ်ခေါ်လေသည်။ မျက်နှာသစ်ပြီးနောက် ကျန်းလျိုသည် မျက်ကွင်းညိုများဖြင့် ရောက်ရှိလာကာ သမ်းဝေလျက် ဒုတိယ သခင်မလေး လွမ် ၏ ရှေ့တွင် ဝင်ထိုင်လိုက်လေသည်။
"ဆရာတော်... မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား..."
ကျန်းလျို၏ ပုံစံကို မြင်သောအခါ ဒုတိယ သခင်မလေး လွမ် က စိုးရိမ်တကြီးဖြင့် ညင်သာစွာ မေးလိုက်လေသည်။
"ဟီး ဟီး ဟီး... ဒုတိယ သခင်မလေး... မနေ့ညက ကျုပ် ဝက်ကြီး နဲ့ ဆရာတော် တို့ တစ်ညလုံးနီးပါး စကားတွေပြောပြီး တော်တော်လေး အဆင်ပြေခဲ့ကြတယ်လေ... ဒါကြောင့် ဆရာတော် က ကောင်းကောင်း အနားမယူလိုက်ရတာပါ..."
ကျူးပါကျဲက သူတို့ဘေးတွင် ဝင်ထိုင်လိုက်ပြီး လက်သီးဆုပ်အရွယ်ရှိသော ပေါက်စီတစ်လုံးကို ယူကာ ပါးစပ်ကြီးဟလျက် တစ်လုံးလုံးကို ပါးစပ်ထဲသို့ ထိုးသွင်းရင်း ရယ်မောကာ ပြောလိုက်လေသည်။
"အို..."
ကျူးပါကျဲ၏ စကားကို ကြားပြီး သူ၏ ရိုင်းစိုင်းသော စားသောက်ပုံကို မြင်သောအခါ ဒုတိယ သခင်မလေး လွမ် သည် စိတ်ထဲမှ မနှစ်မြို့ဖြစ်သွားသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးများမှာ အကြံရသွားကာ အနည်းငယ် တောက်ပသွားလေသည်။
ထို့နောက် သူက ကျူးပါကျဲ အား ကြည့်ကာ စကားပြောလိုက်လေသည်။
"ကျူးပါကျဲ... ဒီနေ့ည နင် ငါ့ရဲ့ အိပ်ခန်းထဲမှာ လာအိပ်ပါလား..."
"ဗျာ..."
ဒုတိယမြောက် ပေါက်စီကို ယူရန် လှမ်းနေသော ကျူးပါကျဲ သည် သူမ၏ စကားကြောင့် အလွန်အမင်း အံ့ဩသွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး သူကိုင်ထားသော ပေါက်စီပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
ချက်ချင်းပင် သူ၏ အသံမှာ ပျော်ရွှင်မှုကြောင့် တုန်ယင်သွားလေသည်။
"ဒု... ဒုတိယ သခင်မလေး... တကယ်ပြောနေတာလား... ဒီနေ့ည... ဒီနေ့ည ကျုပ် ဝက်ကြီး..."
"မှန်ပါတယ်... ဒီနေ့ည နင် ငါ့အခန်းမှာ လာအိပ်လို့ရပါတယ်..."
ဒုတိယ သခင်မလေး လွမ်က အသေအချာ ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် သူမက ကျန်းလျို ထံသို့ နူးညံ့ကြင်နာစွာ ကြည့်ကာ ပြောလိုက်လေသည်။
"ဆရာတော်... ဒီနေ့ည အိပ်မပျော်လို့ စကားပြောဖော် လိုတယ်ဆိုရင်… ကျွန်မ ဆရာတော် ကို အဖော်ပြုပြီး ညဉ့်နက်တဲ့အထိ စကားပြောပေးဖို့ ဆန္ဒရှိပါတယ်ရှင်..."
ကျူးပါကျဲ၏ စိတ်လှုပ်ရှားကာ ဝမ်းသာလုံးဆို့နေသော အမူအရာမှာ သူ၏ မျက်နှာပေါ်တွင် အေးခဲသွားပြီး သူ၏ ရင်ထဲတွင် ရှိနေသော ပျော်ရွှင်မှု အနည်းငယ်မှာလည်း အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။
‘သြော်... ဒါက ဒုတိယ သခင်မလေး လွမ် ငါ့ကို သူ့အိပ်ခန်းထဲမှာ အိပ်ခိုင်းချင်တဲ့ အကြောင်းရင်းကိုး... ငါနဲ့ အခန်းချင်း လဲပြီး သူက ဆရာတော် နဲ့ အတူရှိနေချင်လို့ကိုး...’
ကြီးမားလှသော ပျော်ရွှင်မှုမှ ဝမ်းနည်းပူဆွေးမှုဆီသို့ ရုတ်ချည်း ပြောင်းလဲသွားသော စိတ်ခံစားမှုများကြောင့် ကျူးပါကျဲ တစ်ယောက် ခေတ္တမျှ သစ်သားကြက်ရုပ်ကြီးကဲ့သို့ ဆွံ့အမှင်တက်သွားလေတော့သည်။
"အဟွတ် အဟွတ်..."
ဆန်ပြုတ်ကို တစ်ငုံသောက်ရန် ပြင်နေသော ကျန်းလျို သည် ဒုတိယ သခင်မလေး လွမ် ၏ စကားကို ကြားသောအခါ သီးသွားပြီး ချောင်းဆက်တိုက် ဆိုးလေတော့သည်။
"ဆရာတော်... အဆင်ပြေရဲ့လား..."
ကျန်းလျို ၏ အခြေအနေကို မြင်သောအခါ ဒုတိယ သခင်မလေး လွမ်သည် သူ၏ နောက်သို့ အလျင်အမြန် လာကာ အသက်ရှူမှန်စေရန် သူ၏ ကျောကို ညင်သာစွာ ပွတ်သပ်ပေးလေသည်။
"ဒုတိယ သခင်မလေး လွမ်... ကောင်းယန် က အနောက်ကောင်းကင်ဘုံ မှာ ကိုယ်တော့်ကို စောင့်နေတုန်းပဲလေ... မင်းက ကိုယ်တော် နဲ့ သူ့ကို ခွဲခွာသွားအောင် မလုပ်ချင်ဘူး မဟုတ်လား..."
ကျန်းလျိုက သူမကို ရှောင်ဖယ်ရန် ဘေးသို့လှည့်လိုက်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ ပြောလိုက်လေသည်။
သခင်မလေးလွမ်၏ ပုံစံမှာ ဇာတ်လမ်းတွဲ သို့မဟုတ် ဝတ္ထုတစ်ပုဒ်ထဲမှ ဇာတ်ကောင်တစ်ဦးကို အချစ်ကြီးချစ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။ ကျန်းလျိုက သူမသည် သူနှင့် ကောင်းယန် တို့ကို ခွဲခွာရန် ရက်စက်နိုင်မည် မဟုတ်ဟု တွေးလိုက်လေသည်။ သူမ၏ စိတ်ထဲတွင် ရှိနေသမျှကို တားဆီးနိုင်ရန် အတွက် ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်လေသည်။
ထင်သည့်အတိုင်းပင် ကျန်းလျို ၏ စကားကို ကြားသောအခါ ဒုတိယ သခင်မလေး လွမ် ၏ အမူအရာမှာ အနည်းငယ် တွေဝေသွားလေသည်။
သို့သော် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဒုတိယ သခင်မလေးလွမ်သည် ထပ်မံပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ဒီလောကမှာ စွမ်းရည်ရှိတဲ့ ယောက်ျားတိုင်းက ဇနီးတွေ၊ မယားငယ်တွေ အများကြီး ထားကြတာပဲလေ... ကျမက အငယ်အဖြစ် နေဖို့ ဆန္ဒရှိပါတယ်… မင်းသမီး ကောင်းယန် က ဒီလောက်တော့ သဘောထားသေးသိမ်မှာ မဟုတ်ပါဘူးနော်..."
ကျူးပါကျဲသည် ကျန်းလျို နှင့် ဒုတိယ သခင်မလေး လွမ် တို့၏ အပြန်အလှန် စကားပြောဆိုမှုကို ကြည့်ရင်း မှင်တက်စွာ ရပ်နေလေသည်။ မိမိနှင့် ကျန်းလျို တို့အကြား ဆက်ဆံခံရမှု ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်နေလေသည်။
ဒုတိယ သခင်မလေး လွမ် က အရင်စတင် ချဉ်းကပ်နေသော်လည်း ဆရာတော်က သူမအား အကြိမ်ကြိမ် ငြင်းပယ်နေသည်ကို မြင်သောအခါ ကျူးပါကျဲသည် ကျန်းလျို ၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ ငိုယိုအော်ဟစ်လိုက်လေသည်။
"ဆရာတော်... ဆရာတော်... ကျေးဇူးပြုပြီး ကျုပ် ဝက်ကြီးကို လက်ခံပေးပါ... ဆရာတော့်အတွက် နွားတစ်ကောင်၊ မြင်းတစ်ကောင်လို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်…”
"လှပတဲ့ မိစ္ဆာမလေးတွေက ကျုပ်ကို အရင်စပြီး ချဉ်းကပ်လာတာမျိုးကို ကျုပ်လည်း လိုချင်တာပေါ့... ပြီးရင် သူတို့ကို မလိုချင်သလိုလို ဟန်ဆောင်ငြင်းပယ်ပြမယ်… အဲဒီနောက်မှ အကြပ်ကိုင်ခံရသလိုမျိုးနဲ့ ဒီ မိစ္ဆာမချောလေးတွေကို မတတ်သာတဲ့အဆုံး လက်ခံလိုက်ရသလိုမျိုး လုပ်ချင်တာ..."
"ကျုပ် ဝက်ကြီးသာ ဒီလိုမျိုး နေ့တစ်နေ့ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် သေရရင်တောင် ကျေနပ်ပါပြီ..."
***
အပိုင်း(၁၇၀)
"ဟေ့... ဘာလုပ်နေတာလဲ... ထစမ်းပါ..."
ကျူးပါကျဲ တစ်ကောင် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး မိမိ ပေါင်အား ဖက်လုမတတ် ဖြစ်နေသည်ကို မြင်သောအခါ ကျန်းလျို က အလျင်စလို ပြောလိုက်လေသည်။
"ဝက်ကြီး... ဒါက ဘာသဘောလဲ..."
ဒုတိယ သခင်မလေးလွမ် သည်လည်း မျက်မှောင်ကြုတ်သွားပြီး ကျူးပါကျဲ အား အသံကျယ်ကျယ်ဖြင့် ဆူပူကြိမ်းမောင်းလိုက်လေသည်။
သူမသည် ဆရာတော်ထံတွင် သူမ၏ ချစ်ခြင်းမေတ္တာများကို ဖွင့်ဟနေဆဲဖြစ်ပြီး မယားငယ်အဖြစ် နေရန်ပင် ဆန္ဒရှိကြောင်း ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် ဆရာတော် က သူမကို သဘောတူလက်ခံကောင်း လက်ခံနိုင်သည် မဟုတ်ပါလော။
ထိုကဲ့သို့သော အချိန်တွင် ကျူးပါကျဲ ၏ ရုတ်တရက် ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဒုတိယ သခင်မလေးလွမ်မှာ စိတ်အနှောင့်အယှက် ဖြစ်သွားရလေသည်။
ကျူးပါကျဲ ငိုယိုနေပြီး ကျန်းလျို၊ ဒုတိယ သခင်မလေး လွမ် တို့နှင့် ရှုပ်ထွေးနေသည်ကို ကြည့်ရင်း စွန်းဝူခုန်း တစ်ယောက် ဘေးနားမှနေ၍ မဲ့ပြုံးပြုံးကာ ပြောလိုက်လေသည်။
"အာ... ဒီ အချစ်ရေး ကိစ္စတွေက တော်တော်လေး အလုပ်ရှုပ်တာပဲ... ငါကတော့ တစ်ယောက်တည်း နေတာပဲ အကောင်းဆုံးပါ... ဒါပေမဲ့ ဘဝကြီးက နည်းနည်းတော့ ပျင်းစရာကောင်းလာပြီ... တိုက်ခိုက်လို့ကောင်းမယ့် မိစ္ဆာ တွေနဲ့များ တွေ့ရရင် ကောင်းမယ်...."
ခွပ်... ခွပ်... ခွပ်...
ထိုအခိုက်တွင်ပင် ကျောက်ကြမ်းပြင်ပေါ်တွင် မြင်းခွာသံများ ထွက်ပေါ်လာ၏။ နဂါးမြင်းဖြူ သည် ဂူ၏ ပင်မခန်းမဆောင်ဆီသို့ ချဉ်းကပ်လာကြောင်း အချက်ပြနေလေသည်။ သူသည် အရေးကြီးသော ကိစ္စတစ်ခုခုကို သတင်းပို့ရန် ရှိနေကြောင်း သိသာလှပေသည်။
သို့သော် ကျူးပါကျဲ သည် ကျန်းလျို အား တပည့်အဖြစ် လက်ခံရန် ငိုယိုတောင်းပန်နေသည်ကို မြင်သောအခါ နဂါးမြင်းဖြူ မှာ အံ့အားသင့်ကာ မှင်တက်သွားလေသည်။
"ငါ တစ်ညလေး ထွက်သွားတဲ့အချိန်အတွင်းမှာ ဘာတွေများ ဖြစ်သွားခဲ့တာလဲ..."
နဂါးမြင်းဖြူမှာ လုံးဝကို ဇဝေဇဝါဖြစ်ကာ ကြောင်အမ်းအမ်း ဖြစ်နေလေသည်။ မနေ့ကတင် ထျန်းဖုန် စစ်သူကြီး သည် သေရမည်ဆိုလျှင်တောင် အနောက်အရပ်သို့ ခရီးထွက်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ကြေညာနေခဲ့သည် မဟုတ်ပါလော။ သို့သော် ယနေ့နံနက်တွင်တော့ မြေကြီးပေါ်တွင် ဒူးထောက်ကာ မျက်ရည်များဖြင့် ဆရာတော်အား သူ့ကို လက်ခံရန် တောင်းပန်နေခဲ့ပြီ ဖြစ်သည်။
"ရှောင်ပိုင်... မင်း ရောက်လာတာကိုး... ဘာကိစ္စရှိလို့လဲ..."
ပုံမှန်အားဖြင့် နဂါးမြင်းဖြူ သည် လူအသွင်မပြောင်းဘဲ မြင်းအဖြစ်သာ တစ်ယောက်တည်း နေတတ်လေသည်။ ယခု သူက ကိုယ်တိုင် ခန်းမဆောင်ထဲသို့ လျှောက်ဝင်လာသည်ကို မြင်သောအခါ ကျန်းလျို က မေးလိုက်လေသည်။
"ဆရာတော်... အပြင်ဘက်မှာ ပြဿနာရှာမယ့် မိစ္ဆာ တစ်သိုက် ရောက်နေလို့ သတင်းလာပေးတာပါ..."
ကျန်းလျို ၏ မေးခွန်းကို ကြားသောအခါ နဂါးမြင်းဖြူ သည် သတိပြန်ဝင်လာပြီး ပြန်လည်ဖြေကြားလိုက်လေသည်။
မြေကြီးပေါ်တွင် ဒူးထောက်နေသော ကျူးပါကျဲကိုတော့ နဂါးမြင်းဖြူ သည် လှည့်ပင်မကြည့်ခဲ့ပေ။ ယင်းမှာ ထျန်းဖုန် စစ်သူကြီး ၏ ဂုဏ်သိက္ခာနှင့် မလျော်ညီဟု ခံစားရသောကြောင့် ဖြစ်လေသည်။
"ပြဿနာရှာမယ့် မိစ္ဆာ တစ်သိုက် ရောက်လာတယ်ဆိုရင် ငါ့ကို ဘာလို့ သတင်းလာပေးရတာလဲ... ဒုတိယ သခင်မလေး လွမ် ကို သွားပြောရမှာ မဟုတ်ဘူးလား..."
နဂါးမြင်းဖြူ ၏ စကားကြောင့် ကျန်းလျို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။
သို့သော် ထိုအချိန်မှာပင် ဒုတိယ သခင်မလေး လွမ် အား စောင့်ရှောက်ပေးရန် ဝက်ဝံနက် မိစ္ဆာ၏ တောင်းဆိုချက်ကို ကျန်းလျို ၏ စိတ်ထဲတွင် ရုတ်တရက် သတိရသွားလေသည်။
‘ဒီ မိစ္ဆာ ပြဿနာက တာဝန်ကို ပြီးမြောက်ဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား...’
ထိုအတွေးကြောင့် ကျန်းလျို သည် နံနက်စာ စားရန်ပင် မေ့သွားကာ ယွမ်ကျန်းဂူ ၏ အဝင်ဝဆီသို့ အလျင်အမြန် လျှောက်သွားလိုက်လေသည်။ တစ်ပြိုင်နက်တည်းမှာပင် စွန်းဝူခုန်းအား အော်ခေါ်လိုက်လေသည်။
"ဝူခုန်း... သွားကြစို့..."
"ကောင်းပါပြီ..."
စွန်းဝူခုန်း သည် ချက်ချင်း ပြန်ဖြေလိုက်ပြီး နောက်မှ ခုန်ပေါက်ကာ လိုက်ပါသွားလေသည်။
မည်သို့ပင်ဆိုစေကာမူ စွန်းဝူခုန်း အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေးဟူသမျှသည် ပျော်ရွှင်စရာ အကြောင်းရင်းတစ်ခုပင် ဖြစ်လေသည်။
"ဆရာတော်... ကျုပ် ဝက်ကြီးကိုလည်း စောင့်ပါဦးဗျာ..."
ကျန်းလျို နှင့် အခြားသူများ နေအိမ်ထဲမှ ထွက်သွားသည်ကို မြင်သောအခါ ကျူးပါကျဲ သည် မျက်နှာပေါ်ရှိ နှပ်များနှင့် မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်ကာ အော်ဟစ်လိုက်သည်။ ထို့နောက်... သူ၏ အဖိုးတန် ရွှေထွန်ခြစ် ကို ထုတ်ဖော်ပြသလျက် သူတို့နောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
ဒုတိယ သခင်မလေး လွမ်သည် ကျန်းလျို ဂူပေါက်ဝဆီသို့ လျင်မြန်စွာ လျှောက်သွားသည်ကို ကြည့်ရင်း ခေတ္တမျှ ရပ်တန့်သွားလေသည်။
‘ဆရာတော်က ယွမ်ကျန်းဂူမှာ ပြဿနာတက်နေတာကို ငါ့ထက်တောင် ပိုပြီး စိုးရိမ်နေသလိုပဲ... ဘာလို့များလဲ...’
ခေတ္တမျှ တွေဝေသွားပြီးနောက် ဒုတိယ သခင်မလေး လွမ် ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ဆရာတော်... ကျမကို မချစ်ဘူးလို့ ပြောတာလား..."
…
အဖြူရောင် ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရွှေခေါင်းလောင်းလေးများ သီကုံးထားသော ကြိုးတစ်ချောင်းကို ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးသည် သားရဲခေါင်းများ ရှိသော မိစ္ဆာစစ်ဗိုလ် တစ်ဒါဇင်ကျော်၏ ခြံရံမှုဖြင့် ယွမ်ကျန်းဂူ ဆီသို့ တိုက်ရိုက် ဦးတည်လာလေသည်။
ရာသီဥတုက အေးလာပြီဖြစ်ရာ အဖြူရောင် ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးမှာ နွေးထွေးစွာ ဝတ်ဆင်ထားသည်မှာ မှန်ကန်သော်လည်း သူမ၏ ဝတ်စုံမှာ ရဲတင်းပြီး ခပ်ဟော့ဟော့ဖြစ်နေကာ ခေါင်းအစခြေအဆုံး ဆွဲဆောင်မှုရှိသော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
"ဘာလဲ... နောက်ထပ် မိစ္ဆာဘုရင် တစ်ပါးလား..."
ယွမ်ကျန်းဂူထဲမှ ရှေ့ဆုံးမှ ဦးဆောင်ထွက်လာသော ကျန်းလျိုသည် မိစ္ဆာစစ်ဗိုလ် တစ်ဒါဇင်ကျော်နှင့် သူတို့ကို ဦးဆောင်လာသည့် သာမန်လူတစ်ယောက်နှင့် မည်သို့မျှ မကွာခြားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးကို မြင်လိုက်ရသောအခါ ဤသူမှာ တာအို ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်သည့် မိစ္ဆာဘုရင် တစ်ပါးဖြစ်ရမည်ဟု နားလည်လိုက်လေသည်။
"ဟင်... ဒုတိယ သခင်မလေး လွမ် က ဒီတလော ဉာဏ်ပွင့်သွားတာလား... သူ့ရဲ့ ဂူထဲမှာ ဒီလို ချောမောတဲ့ ကိုရင်လေး တစ်ပါးကိုတောင် ဖွက်ထားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ..."
ရှေ့ဆောင်လာသော မိစ္ဆာမလေး ဖြစ်သည့် အဖြူရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများမှာ ထွက်ပေါ်လာသော ကျန်းလျို ကို ကြည့်ကာ ရုတ်တရက် တောက်ပသွားပြီး တခစ်ခစ် ရယ်မောလိုက်လေသည်။ ထို့နောက် သူမက ကျန်းလျို ဘက်သို့ သူမ၏ လက်ညှိုးကို ကွေးပြရင်း ပြောလိုက်လေသည်။
"ကိုရင်လေး... ဒုတိယ သခင်မလေး လွမ် က အတွေ့အကြုံမရှိတဲ့ ကလေးမလေး တစ်ယောက်ပါ... သူက ဒီမမနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... မမ နဲ့အတူ မြေခွေးတောင် ကို ပြန်လိုက်ခဲ့ပါလား... နင့်ကို ကောင်းကင်ဘုံကို ရောက်သွားသလို ခံစားရပြီး သေရမှာကိုတောင် ကြောက်သွားအောင် လုပ်ပေးမယ်လို့ ကတိပေးပါတယ်..."
"ဟွန့်... တော်တော်ရဲတင်းတဲ့ မိစ္ဆာမလေး ပဲ... ငါ့ဆရာတော်ကို နောက်ပြောင်ရဲတယ်ပေါ့လေ... သေချင်နေတာလား... အစွမ်းရှိရင် ကျုပ် ဝက်ကြီးဆီကို လာခဲ့စမ်း..."
ရွှေထွန်ခြစ် ကို ကိုင်ဆောင်ထားသော ကျူးပါကျဲသည် နှုတ်ခမ်းများကို သပ်ကာ တရားမျှတသည့်ဟန်ဖြင့် မတ်တတ်ရပ်လိုက်ပြီး မိစ္ဆာမလေး အား ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
မတ်တတ်ရပ်နေသော ကျူးပါကျဲ ကို ကြည့်ရင်း မည်းမှောင်တုတ်ခိုင်ကာ အစွယ်များ ထွက်နေသော သူ၏ ပုံပန်းသဏ္ဌာန်ကို မြင်သောအခါ လှပပြီး ဆွဲဆောင်မှုရှိသော မိစ္ဆာမလေးမှာ နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး...
"နင့်ဆီ လာရမယ် ဟုတ်လား... စိတ်ကူးယဉ်မနေစမ်းပါနဲ့..."
ပါကျဲ ပြန်လည် တုန့်ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဒုတိယ သခင်မလေးလွမ်မှာ ဂူထဲမှ ထွက်လာခဲ့ကာ အဖြူရောင်ဝတ် မြေခွေးမိစ္ဆာ အား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်လေသည်။
"မြေခွေးမိစ္ဆာ... အကြောင်းပြချက်မရှိဘဲ ငါတို့ ယွမ်ကျန်းဂူကို ဘာလာလုပ်တာလဲ..."
ထို့နောက်... သူမက ကျန်းလျို ၏ ရှေ့တွင် ရပ်ကာ ချစ်ခင် မြတ်နိုးစွာ ကြည့်ရင်း ပြောလိုက်လေသည်။
"ဆရာတော်... ဒီ မြေခွေးမိစ္ဆာ ရဲ့ လှည့်ကွက်တွေက နည်းတာ မဟုတ်ဘူး... ဆရာတော် ရှေ့ထွက်လာပေးတာကို ကျေးဇူးတင်ပေမယ့်… ယွမ်ကျန်းဂူ ရဲ့ ပြဿနာတွေကို ကျမတို့ဘာသာပဲ ဖြေရှင်းပါ့မယ်..."
"ဆရာတော် ဟုတ်လား..."
ဒုတိယ သခင်မလေး လွမ် နှင့် ကျန်းလျို တို့၏ စကားပြောဆိုမှုကို ကြားသောအခါ မြေခွေးမိစ္ဆာမှာ နောက်ပြောင်သည့်ဟန်ဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
"အို... ဒုတိယ ညီမလေး... နင်က ငါ့ကို အမြဲတမ်း အရှက်မရှိဘူးလို့ ပြောနေပေမယ့်… ကြည့်ရတာ နင်ကလည်း ငါနဲ့ ဘာမှမကွာပါဘူး... ရဟန်းတစ်ပါးကိုတောင် တော်ကောက်ထားသေးတယ်ဆိုတော့လေ... ပြီးတော့ ငယ်ရွယ်ပြီး ချောမောတဲ့ ရဟန်းတစ်ပါးဆိုတော့... ဒါပေမဲ့ ရုပ်ချောရုံနဲ့ စွမ်းရည်ရှိမယ်လို့တော့ ငါ မထင်ပါဘူးနော်..."
"ဟွန့်... ငါ့ကို ဒုတိယ ညီမလေး လို့ ခေါ်တယ်ပေါ့လေ... နင့်မှာ ဘာစွမ်းရည်ရှိလို့ ငါ့ကို ညီမ လို့ ခေါ်ရဲတာလဲ... ကြည့်ရတာ နင့်ရဲ့ မြေခွေးအရေခွံ က ထပ်ပြီး ယားနေပြန်ပြီ ထင်တယ်..."
ဒုတိယ သခင်မလေးလွမ်သည် သူမ၏ ပြိုင်ဘက်ကို ကြည့်ကာ စိတ်တိုစွာဖြင့် ပြောလိုက်လေသည်။
"ငါ့ရဲ့ စွမ်းရည် ဟုတ်လား... ငါ့ရဲ့ အကြီးမားဆုံး စွမ်းရည်က ယောက်ျားတွေကို ကိုင်တွယ်တာပဲ မဟုတ်ဘူးလား... အဲဒီကိစ္စမှာ နင် ငါနဲ့ ယှဉ်ရဲလို့လား... ငါက ယောက်ျားတစ်ရာ မဟုတ်ရင်တောင် ရှစ်ဆယ်လောက်နဲ့တော့ နေခဲ့ဖူးတယ်... အခု နင့်ကို ကြည့်စမ်း... ငါထင်တာမမှားဘူးဆိုရင် ဒီချောမောတဲ့ ကိုရင်လေး က နင့်အတွက် ပထမဆုံးပဲ မဟုတ်လား... ဟင်း ဟင်း... အချိန်ကျရင် အိပ်ခန်းထဲက ကျွမ်းကျင်မှုအချို့ကို နင့်ကို သင်ပေးရမလား..."
မြေခွေးမိစ္ဆာသည် ပါးစပ်ကိုအုပ်ကာ ဖွဖွလေး ရယ်မောရင်း နောက်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"ဟွန့်... ယောက်ျား တစ်ရာ၊ ရှစ်ဆယ်ဆိုတာကို ထည့်ပြောမနေပါနဲ့... နင့်မှာ ထောင်နဲ့ချီပြီး ရှိခဲ့ရင်တောင် ဆရာတော် တစ်ပါးတည်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး..."
ကျန်းလျိုအား သူမ၏ ကိုယ်ပိုင် ယောက်ျားအဖြစ် လုံးဝ သဘောထားကာ ဒုတိယ သခင်မလေး လွမ် က ပြန်လည်ခြေပလိုက်လေသည်။
"ဒါက မိစ္ဆာမလေး တွေ စကားပြောဆိုကြတဲ့ ပုံစံလား... အရင်ဘဝတုန်းက မိန်းကလေးတွေချင်း တွေ့ဆုံကြတဲ့အခါ သူတို့ရဲ့ ယောက်ျားတွေက ဘယ်လောက်ကောင်းတယ် ဆိုတာကို နှိုင်းယှဉ်ပြကြတာကို နှစ်သက်ကြတယ်လေ... ဒီမိစ္ဆာမလေး တွေကလည်း အဲဒီအတိုင်းပဲလား..."
မြေခွေးမိစ္ဆာ နှင့် ဒုတိယ သခင်မလေး လွမ် တို့၏ အပြန်အလှန် ငြင်းခုံမှုများကို ကြားသောအခါ ကျန်းလျို ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားလေသည်။
"အို... ဆရာတော် ဟုတ်လား... ဒီရဟန်းလေးက အတော်လေး ငယ်ရွယ်ပုံရပါတယ်... ဆရာတော် လို့ ခေါ်ခံရလောက်အောင် သူ့ဆီမှာ ဘာဂုဏ်ကျေးဇူးတွေ ရှိလို့လဲ... ဒုတိယ ညီမလေး... နင်က နင့်ယောက်ျားကို ဂုဏ်တင်ချင်နေတာလား..."
မြေခွေးမိစ္ဆာသည် ကျန်းလျို အား မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် ဒုတိယ သခင်မလေး လွမ် အား လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"ရွှမ်ကျန်းဆရာတော် ရဲ့ ဆရာတော် ဆိုတဲ့ ဂုဏ်ပုဒ်က မဟာထန်ပြည် ရဲ့ ဧကရာဇ် ကိုယ်တိုင် အပ်နှင်းထားတာ... အလွယ်တကူ လျှောက်ပြောလို့ရတဲ့ အရာမဟုတ်ဘူး..."
ဒုတိယ သခင်မလေး လွမ်က မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ထင်ဟပ်နေလျက် သူမက ပြောလိုက်လေသည်။
***