← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 13 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 13 Ch. 175-176

အပိုင်း(၁၇၅)

ပုညကုသိုလ်ကျောင်းတော်သည် ဖူလင်းတောင်၏ မြောက်ဘက် မိုင်လေးငါးရာခန့်အကွာတွင် တည်ရှိပြီး ဟွေဝူဆရာတော်သည် နှစ်ပေါင်းများစွာ မိစ္ဆာများကို နှိမ်နင်းကာ သတ္တဝါအပေါင်းကို ကယ်တင်ခဲ့သဖြင့် အလွန်ပင် ကျော်ကြားလှသော ကျောင်းတိုက်ကြီး ဖြစ်ပေသည်။ ထို့ကြောင့်ပင် ကျောင်းတော်၏ နံ့သာတိုင်မီးမှာ တစ်နေ့မျှ မပြတ်ဘဲ ကြည်ညိုသဒ္ဓါပွားကြကုန်သော အမျိုးသား၊ အမျိုးသမီးပေါင်းများစွာမှာလည်း အစဉ်မပြတ် လာရောက်ဖူးမြော်ကြလေသည်။

ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာထုမှာ ရာနှင့်ချီ၍ ရှိနိုင်ကာ ယခင်က ကွမ်ယင် ကျောင်းတော်ထက်ပင် ပိုမိုခန့်ညားထည်ဝါလှ၏။

ထိုစဉ် တောင်ဘက်အရပ်မှ အလင်းတန်းတစ်ခုသည် သာမန်လူသားများ မမြင်နိုင်သော အလျင်ဖြင့် ပျံသန်းလာပြီး ပုညကုသိုလ်ကျောင်းတော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

ဗုဒ္ဓခန်းမဆောင် တစ်ခုအတွင်း၌ ဟွေဝူဆရာတော်သည် အမှားကြီးတစ်ခုကို ကျူးလွန်ထားသကဲ့သို့ ခေါင်းငုံ့ကာ မြေပြင်ပေါ်၌ ရိုသေစွာ ဝပ်စင်းနေပြီး သူ၏ ရှေ့တွင်မူ ပုညကုသိုလ်ဗောဓိသတ်၏ ပုံရိပ်တော်က လွင့်မျောနေလေသည်။

"ဗောဓိသတ်... တပည့်တော် အမှားကို သိပါပြီ... တပည့်တော်ကြောင့် ဗောဓိသတ်ကို လူ့ပြည်အထိ ကြွမြန်းစေခဲ့ရပါပြီ... တပည့်တော်ကို အပြစ်ပေးတော်မူပါဘုရား..."

ဟွေဝူဆရာတော်မှာ ခေါင်းကို အောက်သို့ ငုံ့ထားရင်း အပြစ်ပေးခြင်းကို ခံယူရန် အဆင်သင့်ဖြစ်နေဟန်ရှိပြီး သူ၏ လေသံမှာလည်း နောင်တရိပ်များ လွှမ်းမိုးနေပေသည်။

"ဟွေဝူ... ယွမ်ကျဲဂူမှာရှိတဲ့ အဖွဲ့က ဘယ်သူတွေလဲဆိုတာ မင်း သိသလား..."

ဗောဓိသတ်သည် သူ့ကို ချက်ချင်း ခွင့်မလွှတ်သေးသလို အပြစ်ပေးမည့်အကြောင်းကိုလည်း မမိန့်သေးဘဲ ရှေ့တွင်ရှိသော ဟွေဝူကို အေးဆေးစွာ ကြည့်ကာ မေးမြန်းလိုက်၏။

"လျှောက်တင်ပါတယ် ဗောဓိသတ်... တပည့်တော် အစကတော့ မသိခဲ့ပါဘူး... ဒါပေမဲ့ ဖူလင်းတောင်မှာ ဗောဓိသတ် မိန့်ကြားခဲ့တာတွေကို ကြားလိုက်ရတဲ့အတွက် အခုတော့ သိပါပြီ... အဲ့ဒီ ကိုရင်လေးက တခြားသူမဟုတ်ဘဲ အနောက်ဘက် နတ်ဝိညာဉ်တောင်တော်ကို ကျမ်းစာပင့်ဆောင်ဖို့ သွားနေတဲ့ ရွှမ်ကျန်းဆရာတော် ဖြစ်ပါတယ်ဘုရား..."

ဟွေဝူက ခေါင်းငုံ့လျက်ပင် အမှန်အတိုင်း ပြန်လည် လျှောက်ထားလိုက်သည်။

ပုညကုသိုလ်ဗောဓိသတ်က အသာအယာ ခေါင်းညိတ်လိုက်၏။

"မှန်တယ်... အဲ့ဒီ ရွှမ်ကျန်းဆိုတာ တကယ်တော့ မြတ်စွာဘုရားရှင်ရဲ့ ဒုတိယမြောက် တပည့်တော်ကြီး ဝင်စားတာပဲ... သူ အနောက်ဘက်ကို ကျမ်းစာပင့်ဆောင်ဖို့ သွားတာက ကုသိုလ်အတိုင်းအဆမရှိ ရမယ့်ကိစ္စပဲ... သူ ကုသိုလ်တွေ ပြီးပြည့်စုံသွားရင် တရားဓမ္မတွေကို ဟောကြားပြသပြီး ဗုဒ္ဓအဖြစ်သို့ ရောက်ရှိမှာ ဖြစ်တယ်... ဒီနေ့မှာတော့ မင်းက သူ့ကို ပြစ်မှားမိခဲ့ပြီ..."

"ဝုန်း... ဝုန်း... ဝုန်း..."

ထိုစကားများကို ကြားလိုက်ရသောအခါ ဟွေဝူဆရာတော်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး ခေါင်းနှင့် ကြမ်းပြင် တိုက်မိသည်အထိ အလျင်အမြန်ပင် ရှိခိုးတော့သည်။

"ဗောဓိသတ်... တပည့်တော် တကယ်ကို မသိခဲ့လို့ပါ... သူတို့က ရွှမ်ကျန်းဆရာတော်နဲ့ အဖွဲ့မှန်း သိခဲ့ရင် တပည့်တော် ဘယ်လိုနည်းနဲ့မှ ပြစ်မှားရဲမှာ မဟုတ်ပါဘူး... ဗောဓိသတ်အနေနဲ့ အမှန်တရားကို ခွဲခြားသိမြင်ပေးတော်မူပါဘုရား..."

"အင်း... နောက်ပြီး ဝက်မိစ္ဆာမှာ မိစ္ဆာခန္ဓာ ရှိနေပေမဲ့ သူ့ရဲ့ အတိတ်ဘဝက ကောင်းကင်ဘုံက နဂါးမြစ်စစ်သည် ရှစ်သောင်းကို အုပ်ချုပ်ခဲ့ရတဲ့ ထျန်းဖုန်းစစ်သူကြီး ဖြစ်တယ်... အဲ့ဒီ မျောက်ကလည်း ရုပ်ရည်က သိပ်မခန့်ညားပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာက ကောင်းကင်ဘုံကို ဆူပူသောင်းကျန်းခဲ့တဲ့ မဟာပညာရှိကြီး စွန်ဝူခုန်း ပဲ... မြင်းဖြူတောင်မှ အနောက်ပင်လယ် နဂါးမင်းကြီးရဲ့ တတိယမြောက် သားတော်ကနေ အသွင်ပြောင်းထားတာ..."

ထိုစကားများကို ကြားလိုက်ရလေလေ ဟွေဝူဆရာတော်မှာ ပို၍ပင် စိုးရိမ်ထိတ်လန့်လာလေလေ ဖြစ်၏။

အမှန်တကယ်ပင် ရွှမ်ကျန်းဆရာတော်နှင့်အတူ လိုက်ပါလာသူများမှာ အလွန်ပင် နောက်ခံကြီးမားကြသူများ ဖြစ်ပေသည်။ ထျန်းဖုန်းစစ်သူကြီး၊ မဟာပညာရှိကြီး ထိုဘွဲ့အမည်များကို ကြားလိုက်ရုံနှင့်ပင် သူတို့မှာ ကောင်းကင်ဘုံ၌ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်ပေသည်။

"ဒါပေမဲ့ ငါပြောခဲ့သလိုပဲ... ဒီကိစ္စက တကယ့်ကို အထင်မှားသွားတာပါ..."

ဟွေဝူဆရာတော် မြေပြင်ပေါ်၌ ဝပ်စင်းကာ အပြစ်ခံယူရန် ပြင်နေသည်ကို မြင်သောအခါ ပုညကုသိုလ်ဗောဓိသတ်က စကားလမ်းကြောင်းကို လွှဲလိုက်လေသည်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် ဆက်လက် မိန့်ကြား လိုက်သည်။

"အဲ့ဒီ မျောက်ကသာ ဇွတ်တရက် လုပ်နေမယ်ဆိုရင် ငါ့ရဲ့ သိက္ခာအတွက် မင်းကို ငါ အပြစ်ပေးရလိမ့်မယ်... ဒါပေမဲ့ ငါ မင်းကို ခေါ်ထုတ်လာခဲ့ပြီးပြီဆိုတော့ ဒါကို သင်ခန်းစာရအောင် အပြစ်အနည်းငယ်ပေးတာလို့ပဲ သတ်မှတ်လိုက်ပါ့မယ်... လာမယ့် ဆယ်နှစ်အတွင်းမှာ ကျောင်းတိုက်ဝန်းအတွင်းမှာပဲ မင်းရဲ့ အမှားတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပေတော့..."

"ဗောဓိသတ်ရဲ့ ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးအထူးတင်ပါတယ်ဘုရား... ကျေးဇူးတင်ပါတယ် ဗောဓိသတ်...”

ပုညကုသိုလ်ဗောဓိသတ်၏ အပြစ်ပေးမှုကို ကြားလိုက်ရသောအခါ ဟွေဝူဆရာတော်သည် ဗောဓိသတ်က မိမိကို အပေါ့ပါးဆုံး အပြစ်ပေးကာ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်လိုက်ပေသည်။ သူသည် ထိတ်လန့်ဝမ်းသာဖြစ်သွားပြီး ခေါင်းနှင့် ကြမ်းပြင် တိုက်မိသည်အထိ တဒုန်းဒုန်းနှင့် ရှိခိုးတော့သည်။

နှုတ်မှ ကျေးဇူးတင်စကားများကို အကြိမ်ကြိမ် ပြောကြားပြီးနောက် ဗောဓိသတ်ထံမှ မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့သဖြင့် ဟွေဝူဆရာတော်သည် ခေါင်းကို အသာအယာ မော့ကြည့်လိုက်၏။ ဗုဒ္ဓခန်းမဆောင်အတွင်း၌ ပုညကုသိုလ်ဗောဓိသတ်၏ အရိပ်အယောင်ပင် မရှိတော့ဘဲ ကြွမြန်းသွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ထိုအခါမှ ဟွေဝူဆရာတော်သည် မြေပြင်မှ ထရပ်လိုက်ပြီး သူ၏ စိတ်ထဲ၌ ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေတော့သည်။

အမှန်စင်စစ် သူသည် ဘေးဒုက္ခကြီးတစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဗောဓိသတ်ကိုပင် မဟာပညာရှိကြီး စွန်ဝူခုန်း ထံ၌ ကျေးဇူးကြွေး တင်စေခဲ့မိသည်။ သို့သော် ဗောဓိသတ်က သူ့ကို အပြစ်အနည်းငယ်သာ ပေးခဲ့သည့်အတွက် အမှန်တကယ်ပင် ကျေးဇူးတင်ထိုက်ပေသည်။

"ဒီ ဒုတိယသခင်မလေးလွမ် ကိုတော့ နောက်နောင် လက်ဖျားနဲ့တောင် မတို့ရတော့ဘူးပဲ... ကံကောင်းတာက ဒီနှစ်တွေအတွင်းမှာ သူက ကြီးကြီးမားမား အမှားမျိုး ကျူးလွန်ထားတာ မရှိလို့ပေါ့... အော မိ သော ဖော... အားလုံး အဆင်ပြေသွားတာပဲ..."

…

အခြားတစ်ဖက်၌...

ပုညကုသိုလ်ဗောဓိသတ် ထွက်ခွာသွားပြီးနောက် မစ်ရှင် ပြီးဆုံးသွားသဖြင့် ကျန်းလျို ၏ စိတ်ထဲတွင် ကြည်နူးသွားရလေသည်။

ဝက်ဝံနက်မိစ္ဆာက သူ့ကို ဤတာဝန်ကို အဘယ်ကြောင့် အပ်နှံခဲ့သနည်း။ ကျန်းလျို သဘောပေါက်ပါသည်။ ၎င်းမှာ သူ၏ အဆင့်အတန်းကို အသုံးချ၍ ဒုတိယသခင်မလေးလွမ်၏ ဘေးကင်းမှုကို အာမခံချက်ပေးရန်ပင် ဖြစ်သည်။

ယနေ့တွင် ဟွေဝူဆရာတော်က မိစ္ဆာနှိမ်နင်းရန် ရောက်ရှိလာခဲ့ပြီး ကျန်းလျိုကလည်း သူ၏ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ နောင်တွင် မည်သူမျှ မိစ္ဆာနှိမ်နင်းခြင်းကို အကြောင်းပြကာ ဒုတိယသခင်မလေးလွမ်ကို လာရောက်ရန်စတော့မည် မဟုတ်ကြောင်း သူ ယုံကြည်လိုက်သည်။ ဝက်ဝံနက်မိစ္ဆာ အပ်နှံခဲ့သော တာဝန်မှာ ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

အတွေ့အကြုံမှတ် ၁၅၀,၀၀၀ ဆိုသည်မှာ မနည်းလှပေ။ သူ၏ ကျင့်ကြံနှုန်းဖြင့်ဆိုလျှင် တစ်ပတ်စာခန့်နှင့် ညီမျှပေသည်။ သို့သော် မစ်ရှင်ဆုအဖြစ် ရရှိသည့် 'နဂါးဝိညာဉ် လက်ကောက်' ကိုမူ ကျန်းလျို ပို၍ မျှော်လင့်နေမိသည်။

နဂါးဝိညာဉ်လက်ကောက် - လိုအပ်သောအဆင့် ၂၀၊ အထူးစွမ်းရည် - နဂါးဝိညာဉ်တစ်ခုကို အတွင်း၌ အကျဉ်းချထားနိုင်ပြီး ၎င်း၏ အရည်အသွေးပေါ်မူတည်၍ အသေးစိတ် အစွမ်းသတ္တိများ ကွဲပြားသွားမည်။ ကြံ့ခိုင်မှု ၂၅/၂၅။

ဤလက်ကောက်၏ အရည်အသွေးက ကျန်းလျိုကို အံ့အားသင့်သွားစေသည်။ အရည်အသွေး သတ်မှတ်ချက်မပါသော ပစ္စည်းမျိုးကို သူ ပထမဆုံးအကြိမ် ရရှိဖူးခြင်း ဖြစ်၏။ ကြည့်ရသည်မှာ ဤလက်ကောက်၏ အရည်အသွေးမှာ သူကိုယ်တိုင် ဆုံးဖြတ်ရမည့်သဘော ဖြစ်နေသည်။

ဆိုလိုသည်က သူသည် နဂါးတစ်ကောင်၏ ဝိညာဉ်ကို ရှာဖွေပြီး ဤလက်ကောက်ထဲသို့ ထည့်သွင်းရမည် မဟုတ်ပါလား။

အကယ်၍ နဂါးပုတ်သင် တစ်ကောင်၏ ဝိညာဉ်ကိုသာ ထည့်လိုက်လျှင် 'သာမန် အရည်အသွေး' ဖြစ်သွားမည်လော။

အကယ်၍ သူသာ နဂါးမင်းကြီး လေးပါးကို သတ်ဖြတ်ပြီး သူတို့၏ ဝိညာဉ်များကို ထည့်သွင်းနိုင်ခဲ့လျှင်ရော...

ကျန်းလျို ခေါင်းကို ခါယမ်းလိုက်ပြီး ဤမျှော်လင့်ချက်ကြီးမားသော အတွေးကို ခေတ္တ ထိန်းချုပ်လိုက်သည်။ အကြောင်းမဲ့သက်သက် နဂါးမင်းကြီး လေးပါးကို သွားရောက် သတ်ဖြတ်ပြီး ဝိညာဉ်ကို ထည့်သွင်းခြင်းမှာလည်း မဖြစ်သင့်ပေ။

ဤနဂါးဝိညာဉ် လက်ကောက်၏ ကြံ့ခိုင်မှုက ၂၅ မှတ် ရှိနေသည်။ သူ ကြံ့ခိုင်မှု အပြည့်ရှိသော ပစ္စည်းမျိုး ရခဲ့သည်မှာ ဘယ်တုန်းက နောက်ဆုံးပါလိမ့်... အမှန်တကယ်ပင် မလွယ်ကူလှပေ…။

ကျန်းလျို တစ်ယောက် ပစ္စည်း၏ အရည်အသွေးနှင့် ကြံ့ခိုင်မှုများကို အပြန်အလှန် တွေးတောနေစဉ်တွင် ရုတ်တရက် အတွေးတစ်ခုက လျှပ်စစ်စီးသွားသလို လက်ခနဲ ပေါ်လာတော့သည်။ ၎င်းမှာ ကျင်းမြစ် နဂါးမင်းကြီး ပင် ဖြစ်၏။

"နေဦး... ဒီပစ္စည်းက နဂါးဝိညာဉ် ထည့်သွင်းဖို့ပဲ လိုတာလား... တကယ်လို့ ကျင်းမြစ် နဂါးမင်းကြီးရဲ့ ဝိညာဉ်က ငရဲပြည်မှာ ရှိနေသေးပြီး လူပြန်မဝင်စားသေးဘူးဆိုရင်... အဲ့ဒါကို ဒီထဲမှာ ထည့်လိုက်ရင်..."

ထိုသို့ တွေးမိသောအခါ ကျန်းလျို တစ်ယောက် ရင်ပင် ခုန်လာခဲ့သည်။

မြင့်မားသော အရည်အသွေးရှိသည့် နဂါးဝိညာဉ်က သူ၏ လက်ကောက်ကို ပိုကောင်းစေမည် ဖြစ်သော်လည်း ကျင်းမြစ် နဂါးမင်းကြီးမှာမူ သူ့ အတွက် ပို၍ အရေးပါပေသည်။

၎င်းမှာ နောင်တစ်ချိန်တွင် နဂါးမြင်းဖြူလေး အနေဖြင့် သူ့ဘက်တွင် ရပ်တည်လာစေမည့် အဓိကသော့ချက်လည်း ဖြစ်လာနိုင်ပေသည်။

"ဆရာတော်... ဆရာတော်... ဘာဖြစ်လို့လဲဟင်..."

ကျန်းလျို စဉ်းစားခန်း ဝင်နေသည်ကို မြင်သောအခါ ဒုတိယသခင်မလေးလွမ်မှာ သူမကို ဂရုမစိုက်သလို ဖြစ်နေသဖြင့် တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

"ဪ... ဘာမှမဟုတ်ပါဘူး... တစ်ခုခု တွေးနေမိလို့ စိတ်လွင့်သွားတာပါ..."

ကျန်းလျို သတိပြန်ဝင်လာပြီး သူ၏ အတွေးများကို ခေတ္တရပ်ကာ ခေါင်းခါပြလိုက်သည်။

"ကျွန်မကြောင့် ဆရာတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးရိမ်နေလို့လားဟင်..."

ကျန်းလျို တစ်ယောက်တည်း တွေးနေသည်ကို မြင်သောအခါ သူသည် မွန်မြတ်သော ရဟန်းတစ်ပါး ဖြစ်ပါလျက် မိစ္ဆာများနှင့် ပေါင်းဖော်နေရသည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်နေသည်ဟု ဒုတိယသခင်မလေးလွမ်က ထင်နေခြင်း ဖြစ်၏။

"မဟုတ်ပါဘူး... ငါ ဖူလင်တောင်ကို လာတာက တိုက်ဆိုင်မှု မဟုတ်ဘူး... မင်းကို အထူးတလည် လာရှာတာပါ..."

ဒုတိယသခင်မလေးလွမ်၏ စကားကို ကြားသောအခါ ကျန်းလျိုက ငြင်းဆိုလိုက်သည်။

ထို့နောက် သူသည် ဝက်ဝံနက်မိစ္ဆာနှင့် မည်သို့ တွေ့ဆုံခဲ့ပုံကို ဒုတိယသခင်မလေးလွမ်အား ပြန်လည် ပြောပြလိုက်တော့သည်။

***

အပိုင်း(၁၇၆)

"ဪ... ဆရာတော်က ကျွန်မရဲ့ အစ်ကိုကြီး အကူအညီတောင်းလို့ လာရှာတာကိုး... အတော်ပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက သူ ကောင်းကင်ဘေးဒုက္ခကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်… အဲ့ဒီအချိန်မှာ ဟွေဝူဆရာတော်က ချောင်းမြောင်းတိုက်ခိုက်လို့ အဝေးကို ထွက်ပြေးခဲ့ရတာ... အခု သူ ဘေးကင်းနေတယ်ဆိုတော့ ဝမ်းသာစရာပါပဲ..."

ဝက်ဝံနက်မိစ္ဆာ၏ သတင်းကို ကြားရသောအခါ ဒုတိယသခင်မလေးလွမ်မှာ အလွန်ပင် ဝမ်းမြောက်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။

‘ဒါကြောင့်လည်း သူ့ကို ဒုတိယသခင်မလေးလွမ် လို့ ခေါ်တာကိုး... သူက ဝက်ဝံနက်မိစ္ဆာကို အစ်ကိုကြီးအဖြစ် သစ္စာပြုထားတဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်နေတာပဲ... ဝက်ဝံနက်မိစ္ဆာက ဘေးဒုက္ခနဲ့ ကြုံနေချိန်မှာ မိစ္ဆာနှိမ်နင်းချင်တဲ့သူနဲ့ တိုးခဲ့တာပေါ့... အဲ့ဒါက ဟွေဝူဆရာတော် ဖြစ်နေတာကိုး...’

ဒုတိယသခင်မလေးလွမ်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းလျိုမှာ အကြောင်းစုံကို ချက်ချင်း သဘောပေါက်သွားတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဟွေဝူဆရာတော်သည် မိစ္ဆာနှိမ်နင်းရန်ဟုဆိုကာ ပုညကုသိုလ်ဗောဓိသတ်ကိုပင် ပင့်ဖိတ်ခဲ့သည့်အထိ ပြုလုပ်ခဲ့သော ဖြစ်ရပ်မှာ အတော်ပင် ကြီးကျယ်လှပေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယွမ်ကျဲဂူအတွက်မူ ဟိန်းဟောက်သံသာ ကျယ်ပြီး ဘေးအန္တရာယ် မကျရောက်ခဲ့ပေ။

ဤဖြစ်ရပ်ပြီးနောက် ဤနေရာသို့ မည်သူမျှ မိစ္ဆာနှိမ်နင်းရန် လာဝံ့ကြတော့မည်မဟုတ်ရာ ယွမ်ကျဲဂူရှိ မိစ္ဆာများမှာ အလွန်ပင် ပျော်ရွှင်နေကြလေသည်။

ဂူအတွင်းသို့ ပြန်ရောက်သောအခါ ဒုတိယသခင်မလေးလွမ်က ကျေးဇူးဆပ်သည့်အနေဖြင့် ကျန်းလျိုကို ရက်အနည်းငယ်ခန့် ထပ်မံသီတင်းသုံးရန် အတင်းအကျပ် တောင်းဆိုတော့သည်။ ကျန်းလျိုသည်လည်း ထိုဖိတ်ကြားချက်ကို ငြင်းပယ်ခြင်းမပြုခဲ့ပေ။

တစ်ရက်တာလုံး အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားခဲ့သော်လည်း ကျူးပါကျဲကမူ သူ့ကို ဆရာအဖြစ် တင်မြှောက်ရန်နှင့် မိန်းကလေးများကို မည်သို့လိုက်ရမည်ကို သင်ကြားပေးရန် အမြဲတမ်း ပူဆာနေတတ်သဖြင့် အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။ ထိုအချက်မှလွဲ၍ ယွမ်ကျဲဂူတွင် နေထိုင်ရသည်မှာ အတော်ပင် သာယာလှ၏။

ညဉ့်နက်ပိုင်းရောက်သောအခါ ကျူးပါကျဲမှာ အပေါ့အပါးသွားလိုစိတ် ပေါ်လာသဖြင့် ကျောက်ဂူထဲမှ ထွက်ခွာသွားလေသည်။

"ဝူခုန်း... နိုးပြီလား... ငါ မင်းကို အကူအညီတစ်ခု တောင်းစရာရှိတယ်..."

ကျူးပါကျဲ ထွက်သွားသည်နှင့် ကျန်းလျိုက ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို ခေတ္တရပ်နားကာ စွန်ဝူခုန်းကို လှမ်းပြောလိုက်၏။

စွန်ဝူခုန်းက ဝုန်းခနဲ ခုန်ထလိုက်ပြီး ကျန်းလျို၏ ရှေ့တွင် ရပ်လိုက်၏။

"ဆရာ... ဘာအကူအညီ လိုလို့လဲ... ဒါပေမဲ့ တစ်ခုတော့ ပြောထားမယ်နော်... ကျွန်တော် ကူညီမလား၊ မကူညီဘူးလား ဆိုတာကတော့ ကျွန်တော့်အပေါ်မှာပဲ မူတည်တယ်..."

မျောက်၏ စကားကြောင့် ကျန်းလျို ခေတ္တမျှ ဆွံ့အသွားရသည်။

သူက အတန်ကြာ စဉ်းစားပြီးနောက်...

"မင်းရဲ့ အစွမ်းအစနဲ့ဆိုရင် ကောင်းကင်ဘုံကို တက်လို့ရသလို ငရဲပြည်ကိုလည်း ဆင်းလို့ရတယ် မဟုတ်လား... မင်း ငရဲပြည်ကိုတောင် အေးအေးဆေးဆေး ဝင်မွှေပြီး သေခြင်းရှင်ခြင်းစာရင်း ထဲက နာမည်တွေကို ဖျက်ပစ်ခဲ့တာပဲ... ယမမင်းနဲ့ အောက်ဘုံက စစ်သည်တော် တွေတောင် မင်းကို ဘာမှ မတတ်နိုင်ခဲ့ကြဘူးလေ..."

"ဟဲဟဲ... အဲ့ဒါတွေက ဟိုးရှေးရှေးတုန်းက ကိစ္စတွေပါ... အချိန်တွေ အတော်ကြာသွားပြီဆိုတော့ ကျုပ် ဝူခုန်းတောင် သိပ်မမှတ်မိတော့ဘူး... ဆရာက အဲ့ဒါတွေကို မှတ်မိနေသေးတာလား..."

ကျန်းလျို၏ မြှောက်ပင့်စကားကြောင့် စွန်ဝူခုန်းမှာ မျက်လုံးလေးများ မှေးသွားသည်အထိ သဘောကျသွားပြီး သူ၏ အမြီးမှာလည်း နောက်ဘက်၌ တယမ်းယမ်း ဖြစ်နေတော့သည်။

စွန်ဝူခုန်းက ခေတ္တမျှ စဉ်းစားဟန်ပြုပြီးနောက်...

"တကယ်တော့... အဲ့ဒီတုန်းက ကိစ္စတွေက ကြာလှပြီဆိုတော့ ကျုပ် ဝူခုန်း သိပ်မမှတ်မိတော့ဘူးဗျ... ဆရာ မှတ်မိနေသေးတယ်ဆိုရင် အဲ့ဒီအကြောင်းလေးတွေကို ထပ်ပြောပြပါဦးလား... ဒါဆိုရင် ကျုပ် ဝူခုန်းလည်း တစ်ခုခု ပြန်မှတ်မိလာနိုင်တာပေါ့..."

"အာ... ငါလည်း ကြားဖူးတာပါ... အဲ့ဒီတုန်းက ယမမင်းက မင်းရဲ့ ဝိညာဉ်ကို လာဖမ်းတယ်လို့ ပြောကြတယ်... အဲ့ဒါနဲ့ မင်းက ငရဲပြည်မှာ သောင်းကျန်းပြီး သေခြင်းရှင်ခြင်းစာရင်းကို ဖျက်ဆီးပစ်လိုက်တာလေ... ပန်းသီးပန်းပွင့်တောင် က မင်းရဲ့ မျောက်မျိုးနွယ်တွေရဲ့ နာမည်တွေကိုပါ အကုန် ဖျက်ပစ်လိုက်တာ မဟုတ်လား... ယမမင်းနဲ့ ငရဲစစ်သည်တော် တွေလည်း မင်းကို မယှဉ်နိုင်ခဲ့ဘူးလေ... မှန်တယ် မဟုတ်လား..."

စွန်ဝူခုန်းမှာ ဂုဏ်ယူလွန်းသဖြင့် ကောင်းကင်ပေါ်သို့ နှစ်ပတ်ခန့် ဂျွမ်းထိုးလိုက်ပြီး သူ၏ နားရွက်ကို ကုတ်ကာ ရယ်မောလေတော့သည်။

"ဟားဟားဟား... ဆရာ ပြောတာ မှန်တယ်ဗျ... ကျွန်တော် အခု နည်းနည်းတော့ ပြန်မှတ်မိလာသလိုပဲ... ကဲ ပြောပါဦး... ဆရာ ကျွန်တော့်ကို ဘာကူညီခိုင်းချင်လို့လဲ..."

စကားအဆုံးတွင် စွန်ဝူခုန်း၏ မျက်နှာမှာ အလွန်ပင် ကြည်လင်ဝင်းပနေတော့သည်။

"နဂါးမြင်းဖြူလေးရဲ့ ဦးလေး အသတ်ခံလိုက်ရတာကို ငါ သတိရမိတယ်... အခုဆိုရင် အချိန်က ခြောက်လတောင် မပြည့်သေးတော့ သူ့ရဲ့ နဂါးဝိညာဉ်က ငရဲပြည်မှာ ရှိနေနိုင်သေးတယ်... မင်း အဲ့ဒီကို တစ်ခေါက်လောက် သွားပေးနိုင်မလား..."

"တကယ်လို့ သူ့ကို တွေ့ခဲ့ရင် ဒီလက်ကောက်ကို သုံးပြီး သူ့ကို ဖမ်းလာခဲ့ပေးပါ..."

ကျန်းလျိုက စကားချိုချိုလေးများဖြင့် စွန်ဝူခုန်းကို ဖျောင်းဖျပြီးနောက် နဂါးဝိညာဉ် လက်ကောက် ကို ထုတ်ပေးလိုက်၏။

"ဒါကတော့ အေးဆေးပါဗျာ..."

စွန်ဝူခုန်းက ကျန်းလျို၏ လက်ထဲမှ နဂါးဝိညာဉ် လက်ကောက် ကို လှမ်းယူလိုက်ပြီး ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ထွက်ခွာရန် ပြင်လိုက်တော့သည်။

"နေဦး... ဒီကိစ္စကို တိတ်တဆိတ် လုပ်ရမယ်နော်... ဒါကို မင်းလုပ်တယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့...”

ကျင်းမြစ် နဂါးမင်းကြီး အသတ်ခံရရခြင်း၏ စစ်မှန်သော အကြောင်းရင်းကို အခြားသူများ မသိနိုင်သော်လည်း ကျန်းလျို ကမူ အထင်အရှား သိရှိပြီးသား ဖြစ်ပေသည်။ အကယ်၍ သူသာ ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်ကို ငရဲပြည်မှ ခေါ်ထုတ်လာနိုင်ခဲ့လျှင် အနည်းငယ်တော့ ပြဿနာတက်နိုင်ပေသည်။

ထို့ကြောင့်ပင် ကျန်းလျိုက ဤကိစ္စကို စွန်ဝူခုန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ မသိစေရန် အထူးတလည် မှာကြားခဲ့ခြင်း ဖြစ်၏။

ကျန်းလျို၏ အမိန့်ကို ကြားသောအခါ စွန်ဝူခုန်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားတော့သည်။

"ဆရာတော်... ကျုပ် ဝူခုန်းက အခုတော့ ခိုးကြောင်ခိုးဝှက် လုပ်ရတော့မှာလား... ကျုပ်က အဲ့ဒီလို လူစားမျိုး မဟုတ်ဘူးနော်..."

ဒြပ်စင်ငါးပါးတောင်အောက်မှာ နှစ်ပေါင်းငါးရာတိုင်တိုင် အနှိမ်ခံခဲ့ရသော်လည်း သူသည် ကြောက်ရွံ့ခြင်းကင်းသော မဟာပညာရှိကြီး စွန်ဝူခုန်း ပင် ဖြစ်သေး၏။ ဝိညာဉ်တစ်ခုကို ခေါ်ထုတ်လာဖို့အတွက် ဤမျှအထိ ခိုးကြောင်ခိုးဝှက် လုပ်ဖို့ လိုအပ်၍လော။

"ဟဲ ဟဲ..."

ခိုးကြောင်ခိုးဝှက် လုပ်ရမည်ကို စက်ဆုပ်ရွံရှာနေသော စွန်ဝူခုန်း၏ အမူအရာကို ကြည့်ပြီး ကျန်းလျိုက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

စွန်ဝူခုန်း၏ မျက်ခုံးများ လှုပ်ခတ်သွား၏။

"ဆရာ... ဆရာ့ရဲ့ 'ဟဲဟဲ' ဆိုတဲ့ ရယ်သံက ကျွန်တော့်ကို လှောင်နေသလိုပဲနော်..."

"မဟုတ်ပါဘူး... မဟုတ်တာ... မင်း အထင်လွဲနေတာပါ..."

ကျန်းလျိုက ခေါင်းကို ခါယမ်းကာ အပြတ်အသတ် ငြင်းဆိုလိုက်သည်။

"ဒါနဲ့လေ... ငါ မှတ်မိသလောက်တော့ မင်း နတ်မက်မွန်သီးဥယျာဉ်ကို စောင့်တုန်းက အဲ့ဒီ နတ်မက်မွန်းသီးတွေကို မင်းပဲ ခိုးစားခဲ့တာ မဟုတ်လား..."

"မဟုတ်တာ... အဲ့ဒါတွေက... အဲ့ဒါတွေက နတ်သမီး ခုနစ်ဖော်ကို ကိုယ်ရောင်ဖျောက်အတတ်နဲ့ တန့်ထားပြီးမှ ကျုပ် ဝူခုန်းက သူတို့ရှေ့မှာတင် အထင်အရှား စားခဲ့တာပါဗျ..."

"ဪ... ဒါဆိုရင် နတ်မက်မွန်းသီးဥယျာဉ်ထဲက ပွဲတော်မှာရော... မင်းပဲ ခိုးဝင်ပြီး အစားအသောက်တွေကို အကုန်မွှေနှောက် စားသောက်ခဲ့တာ မဟုတ်လား..."

"ဒါက... ဒါက ကျုပ် ဝူခုန်းက ရောက်တာ နည်းနည်း စောသွားလို့ပါဗျ... ခိုးဝင်တာ မဟုတ်ပါဘူး..."

"ဒါဆိုရင် တောက်ရွှိုင်နန်းတော်က ရွှေဆေးလုံး တွေကျတော့ရော... တိုက်ရှန်းလောင်ကျွင်းက မင်းကို ဖိတ်ကျွေးလို့ စားခဲ့တာလား..."

"ဒါကတော့..."

"ဟဲဟဲ... မင်းက ကိုယ့်ကိုယ်ကိုယ် 'အဲ့ဒီလို လူစားမျိုး မဟုတ်ဘူး' လို့ ပြောတာလား... သွားပါတော့... မင်း ဖေကြီး သိပါတယ်ကွာ... ဒါတွေက မင်းရဲ့ အားသာချက်တွေပဲဆိုတာ..."

စွန်ဝူခုန်း စကားမပြောနိုင်တော့သည်ကို မြင်သောအခါ ကျန်းလျိုက သနားညှာတာမှုကင်းစွာ ရယ်မောလိုက်တော့သည်။

"ကဲပါ... ကျွန်တော် နားလည်ပါပြီဗျာ..."

ဆရာ၏ ပြန်လည်ချေပချက်များကြောင့် ဆွံ့အသွားရသဖြင့် စွန်ဝူခုန်း ဘာမျှ ထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်တော့၏။

ဆရာဖြစ်သူနှင့်အတူ အနောက်ဘက်သို့ ခရီးစတင်ခဲ့ကတည်းက စကားနိုင်လုခဲ့သည်မှာ အကြိမ်ကြိမ်ပင်။ သို့သော် သူ နိုင်ခဲ့သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေ၍ပင် ရပေသည်။

သူသည် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ရာ သူ၏ ကိုယ်လုံးမှာ သေးငယ်သွားပြီး မြေပြင်ထဲသို့ တိုက်ရိုက် ငုပ်လျှိုးကာ ပျောက်ကွယ်သွားလေတော့သည်။

စွန်ဝူခုန်း ငရဲပြည်သို့ သွားသည်ကို ကြည့်ရင်း ကျန်းလျို၏ စိတ်မှာ အတော်ပင် တည်ငြိမ်သွားရ၏။ သူသည် စွန်ဝူခုန်း၏ စွမ်းဆောင်ရည်ကို အလွန်ပင် ယုံကြည်ပေသည်။

ခုနက စကားများမှာ စွန်ဝူခုန်းကို နောက်ပြောင်ကျီစယ်ခဲ့ခြင်း ဖြစ်သော်လည်း သူပြောခဲ့သည်များမှာ လုပ်ကြံပြောဆိုထားခြင်း မဟုတ်ပေ။ စွန်ဝူခုန်း၏ စွမ်းအားနှင့် လျင်မြန်သော နည်းဗျူဟာများအရ ငရဲပြည်သို့ ခိုးဝင်ပြီး ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်ကို ခေါ်ထုတ်လာရန်မှာ မခက်ခဲလှပေ။ ၎င်းမှာ သူ၏ အားသာချက်အစစ်အမှန်ပင် ဖြစ်၏။

အတန်ကြာပြီးနောက် အပေါ့အပါးသွားခဲ့သော ကျူးပါကျဲမှာ ကျောက်ဂူထဲသို့ ပြန်ရောက်လာသည်။ သူသည် အိပ်ချင်မူးတူးဖြင့် လျှောက်လာပြီး ကြမ်းပြင်ပေါ်ရှိ ကော်ဇောပေါ်သို့ လှဲချလိုက်တော့၏။

ဂခလော... ခလူး...”

ချက်ချင်းဆိုသလိုပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟောက်သံများ စတင်ထွက်ပေါ်လာလေသည်။ သူသည် စွန်ဝူခုန်း မရှိတော့သည်ကိုပင် သတိမထားမိသည်မှာ ထင်ရှားလှပေရာ ကျန်းလျို ပြင်ဆင်ထားသော ဆင်ခြေများမှာလည်း အသုံးမဝင်တော့ပေ။

ကျန်းလျိုက ပြုံးလျက် ခေါင်းခါယမ်းကာ သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနေတော့သည်။

သူ၏ အတွေ့အကြုံမှတ် များမှာ တရွေ့ရွေ့ တိုးလာနေပြီး သူ၏ ကျင့်ကြံမှုအဆင့် မှာလည်း သဲဖြင့် စေတီတည်သကဲ့သို့ တစတစ စုဆောင်းမိလာနေပေတော့သည်။

***

All Chapters