အခန်း (၁၇၇-၁၇၈)
Vol. 13 Ch. 177-178
အပိုင်း(၁၇၇)
ညဉ့်နက်ပိုင်း ယွမ်ကျဲဂူအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အောက်ဘက်ရှိ ငရဲပြည်မှာမူ နေ့ဘက်ထက်ပင် ပို၍ စည်ကားနေပေသည်။
ဤနေရာကို ရင်းနှီးနေပြီးသား စွန်ဝူခုန်းအတွက်မူ သူ၏ ရုပ်သွင်ကို ပြောင်းလဲပြီးနောက် ငရဲပြည်သို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ကျင်းမြစ် နဂါးမင်းကြီးကို မည်သည့်နေရာတွင် ရှာရမည်ကို သူ သိရှိသွား၏။
ငရဲပြည်သည် ဝိညာဉ်များကို စုဆောင်းရာနေရာ ဖြစ်သည့်အတိုင်း ယမမင်း ဆယ်ပါးတို့က တစ်ဦးစီ တာဝန်ယူ အုပ်ချုပ်ကြပေသည်။ မိမိကိုယ်ကိုယ် သေကြောင်းကြံသူများ၊ မတရားအသတ်ခံရသူများ၊ ဘေးအန္တရာယ်၊ စစ်ပွဲနှင့် လူသတ်မှုများကြောင့် သေဆုံးရသူများ၏ ဝိညာဉ်များအားလုံးမှာ တိယန်ချန်းမင်းကြီး အုပ်ချုပ်သော မတရားသေဆုံးသူများ မြို့တော် ထဲသို့ ဝင်ရောက်ကြရလေသည်။
"အင်း... ဆရာ ပြောပုံအရဆိုရင် ကျင်းမြစ် နဂါးမင်းကြီးက မတရား အသတ်ခံလိုက်ရတာပဲ... သူက ငရဲပြည်မှာတောင် ကန့်ကွက်ခဲ့ပြီး ထန်ဧကရာဇ်ရဲ့ ဝိညာဉ်ကိုပါ ဆင်းလာခိုင်းပြီး ရင်ဆိုင်ခဲ့သေးတာ... သူက မတရားသေဆုံးသူများ မြို့တော် ထဲမှာ ရှိနေလိမ့်မယ်လို့ ငါ ထင်တယ်..."
စွန်ဝူခုန်းတွင် ကြီးမားသော ဉာဏ်ပညာ မရှိဟု ဆိုစေကာမူ သူ၏ လိမ္မာပါးနပ်မှုကမူ အလွန်ပင် ထူးခြားလှပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် လွင့်မျောနေသော ဝိညာဉ်တစ်ခုအဖြစ် အသွင်ပြောင်းကာ မတရားသေဆုံးသူများ မြို့တော် ဆီသို့ အပြေးအလွှား သွားတော့သည်။
သူ၏ ခုနစ်ဆယ့်နှစ်ပါးသော အသွင်ပြောင်းလဲခြင်းအတတ်မှာ သာမန် ဝိညာဉ်နတ်များနှင့် ငရဲတမန်တော်များ မြင်နိုင်စွမ်းသော အရာမဟုတ်ပေ။
စွန်ဝူခုန်းသည် လွင့်မျောနေသော ဝိညာဉ်တစ်ခုအသွင်ဖြင့် ရှေ့သို့ ဆက်သွားရာ မကြာမီမှာပင် သူ၏ ရှေ့၌ ရှေးဟောင်းမြို့တော်ကြီးတစ်ခုကို မြင်လိုက်ရ၏။ မြို့တံခါးဝတွင် စာလုံးကြီးကိုးလုံးရေးထိုးထား၏။
မတရားသေဆုံးသူများ မြို့တော်...
...
တစ်ချိန်တည်း၌... ဆန်းကြယ်လှသော ကျောက်ခန်းမဆောင်တစ်ခုအတွင်း၌ ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသည့် ဝိညာဉ်နတ်တစ်ပါးသည် ဆွမ်းဆန်ပြုတ်ပန်းကန်ကို ကိုင်ဆောင်ကာ ရိုသေကိုင်းညွတ်သော အမူအရာဖြင့် ရှိနေလေသည်။
သူသည် ဝိညာဉ်နတ်တစ်ပါး ဖြစ်သော်လည်း မှောင်မိုက်သောအငွေ့အသက်မျိုး လုံးဝမရှိဘဲ သူ၏ကိုယ်မှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများမှာ စူးရှတောက်ပလှ၏။ သူသည် ခန်းမအလယ်သို့ ချဉ်းကပ်သွားစဉ် ဘေးနားရှိ ကြာပန်းပလ္လင်ထက်တွင် မည်သူမျှမရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာ တန့်သွားမိသည်။
ဆွမ်းဆန်ပြုတ်ပန်းကန်ကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ရင်း ထိုဝိညာဉ်နတ်က ဘေးနားတွင် ဝပ်နေသော ထူးဆန်းသည့် သတ္တဝါကြီးကို လှမ်းမေးလိုက်၏။
"ဗောဓိသတ် ဘယ်ကို ကြွသွားတာလဲ..."
သို့သော် ထိုသတ္တဝါကြီးက ပြန်မဖြေမီမှာပင် ကြင်နာတတ်သော အပြုံးကို ဆောင်ထားသည့် ဘုန်းတော်ကြီးအိုတစ်ပါးမှာ အပြင်ဘက်မှ အခန်းထဲသို့ လမ်းလျှောက်ဝင်လာလေသည်။
"ဗောဓိသတ်... အခုလေးတင် ဘယ်ကို ကြွခဲ့တာလဲဘုရား..."
ဝိညာဉ်နတ်က သိချင်စိတ်ဖြင့် ဆွမ်းဆန်ပြုတ်ပန်းကန်ကို ကပ်လှူရင်း မေးမြန်းလိုက်သည်။
ဘုန်းတော်ကြီးအိုက ဆန်ပြုတ်ပန်းကန်ကို အသာအယာ လက်ခံလိုက်ပြီး ပြုံးလျက် ပြန်လည်မိန့်ကြားသည်။
"ဪ... ဘာမှမဟုတ်ပါဘူး... စိတ်ဝင်စားစရာကောင်းတဲ့ မျောက်ကလေးတစ်ကောင်ကို သွားကြည့်ခဲ့တာပါ..."
"မျောက်ကလေး ဟုတ်လား..."
ဝိညာဉ်နတ်မှာ ဇဝေဇဝါဖြစ်သွားပြီး ဘုန်းတော်ကြီးအိုကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေမိတော့သည်။
သို့သော် ဘုန်းတော်ကြီးအိုမှာ ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ ခေါင်းငုံ့ထားပြီး ထပ်မံရှင်းပြရန် အစီအစဉ်မရှိတော့ပေ။
..
ဓားတောင်ပေါ်သို့တက်၊ ဆီအိုးပွက်ပွက်ဆူထဲသို့ဆင်း....
ငရဲပြည်တွင် ထိုအရာများမှာ ရေတွက်၍မကုန်နိုင်သော ပြစ်ဒဏ်များထဲမှ နှစ်ခုမျှသာ ဖြစ်ပေသည်။ သေဆုံးပြီးနောက် ငရဲသို့ရောက်လာသူများကို သူတို့ လူ့ဘဝက ပြုမူခဲ့သည့် အပြုအမူများပေါ်မူတည်၍ စီရင်ချက်ချလေ့ရှိသည်။ အကယ်၍ အပြစ်ရှိခဲ့ပါက ထိုအပြစ်၏ ကြီးလေးမှုအပေါ်မူတည်၍ ပြစ်ဒဏ်ခံရမည်ဖြစ်ပြီး ပြစ်ဒဏ်ကာလကုန်ဆုံးမှသာ လူပြန်ဝင်စားခွင့် ရရှိကြမည် ဖြစ်သည်။
အကယ်၍ လူ့ဘဝတွင် လူကောင်းတစ်ယောက်ဖြစ်ခဲ့ပါက စစ်မှန်သော နတ်ဘုရားများထံတွင် အမှုထမ်းရန် ကောင်းကင်ဘုံသို့ ရောက်ရှိနိုင်သလို သိုင်းပညာကျွမ်းကျင်သူအချို့မှာလည်း ကောင်းကင်စစ်သည်များ ဖြစ်လာနိုင်ပေသည်။
ငရဲပြည်၏ အနေအထားကို စွန်ဝူခုန်းမှာ ဟိုးယခင်ကတည်းက ကျွမ်းကျင်ပြီးသား ဖြစ်၏။ သူသိချင်သည်များကို စုံစမ်းပြီးနောက် မတရားသေဆုံးသူများ မြို့တော် မှ ထွက်ခွာခဲ့ပြီး ဓားတောင် ဆီသို့ ဦးတည်ခဲ့သည်။
သွားလေရာ ဓားသွားများ ထောင်နေသော ထိုတောင်ကြီးပေါ်၌ မတရားသေဆုံးသော ဝိညာဉ်ပေါင်းများစွာမှာ ဓားသွားပေါ် လမ်းလျှောက်ရန် မောင်းနှင်ခြင်း ခံနေကြရပြီး သူတို့၏ အော်ဟစ်ညည်းတွားသံများမှာလည်း မပြတ်ထွက်ပေါ်နေလေသည်။
ဤအရာများကို စွန်ဝူခုန်း ဂရုမစိုက်အားပေ။ သူသည် ဓားတောင်ခြေရင်းသို့သာ ဦးတည်သွားလိုက်၏။ ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်မှာ ထိုနေရာတွင် ရှိနေသည်ဟု ကြားထားသဖြင့် ဤနေရာသို့ လာခဲ့ခြင်းမှာ သေချာပေါက် မှန်ကန်ပေသည်။
ဓားတောင်ကြီးမှာ အလွန်ပင် ကြီးမားလွန်းလှပေသည်။ တောင်ခြေသို့ ရောက်သောအခါ စွန်ဝူခုန်းက သူ၏ အယောင်ဆောင်မှုကို ဖယ်ရှားလိုက်ပြီး ရှာဖွေကြည့်ရာ သူရှာနေသည့်အရာကို အမှန်တကယ်ပင် တွေ့ရှိခဲ့ပြီ ဖြစ်သည်။
သန်မာထွားကြိုင်းသော နဂါးပုံသဏ္ဌာန် ဝိညာဉ်တစ်ခုမှာ ဓားတောင်ခြေရင်း၌ ခွေနေပြီး ၎င်း၏ ကိုယ်ပေါ်တွင် တောက်ပသော ရွှေရောင် ဂါထာတော်များ ခတ်နှိပ်ထားသည့် သံခြေချင်းကြီးများဖြင့် အချည်ခံထားရ၏။ ထိုဝိညာဉ်၏ ဘေးပတ်ပတ်လည်တွင် ငရဲစစ်သည် ဒါဇင်ပေါင်းများစွာကလည်း စောင့်ကြပ်နေကြလေသည်။
၎င်းကို မြင်သောအခါ စွန်ဝူခုန်းက သွားဖြဲပြကာ ရယ်မောလိုက်၏။ ထို့နောက်... ဂါထာတစ်ခုကို တိုးတိုးလေး ရွတ်ဆိုကာ ထိုငဲရဲစစ်သည်များဆီသို့ မှုတ်ထုတ်လိုက်ရာ သူတို့အားလုံး ချက်ချင်းပင် သတိလစ်သွားကြတော့သည်။
စွန်ဝူခုန်းက အနားသို့ ကပ်သွားပြီး...
"ကျင်းမြစ် နဂါးမင်းကြီး လား..."
"မင်းက ဘယ်သူလဲ... မဟာပညာရှိကြီး လား..."
ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်မှာ ငရဲစစ်သည်များ အားလုံး သတိလစ်သွားသည်ကို မြင်ပြီး အံ့အားသင့်နေစဉ် စွန်ဝူခုန်းကို မြင်လိုက်ရသဖြင့် အော်ဟစ်လိုက်မိသည်။
ဘာအကြောင်းကြောင့် မဟာပညာရှိကြီး စွန်ဝူခုန်းက သူ့ရှေ့တွင် အကြောင်းမဲ့ ရောက်နေရသနည်း။
"မင်းက ကျင်းမြစ် နဂါးမင်းကြီး လား..."
စွန်ဝူခုန်းက အဖြေမပေးဘဲ ထပ်မံမေးမြန်းလိုက်သည်။
"မှန်ပါတယ်... ကျွန်တော်မျိုး နဂါးလေးပါ... မဟာပညာရှိကြီး ဘာကြောင့် ကြွလာတာလဲဆိုတာ ကျွန်တော်မျိုး မသိလို့ပါ... ဘာများ မိန့်ကြားစရာ ရှိလို့လဲဘုရား..."
ကျင်းမြစ် နဂါးမင်းကြီးသည် စွန်ဝူခုန်းမှာ မိမိအတွက် လာခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် အလျင်အမြန်ပင် ဦးညွှတ်၍ ပြန်လည်လျှောက်ထားလိုက်သည်။
"အင်း... ဒါဆိုရင် ငါ လူမမှားဘူးပေါ့..."
နဂါးမင်းကြီး၏ အဖြေကို ကြားရသောအခါ စွန်ဝူခုန်း ခေါင်းညိတ်လိုက်သည်။
သူက နားထဲသို့ လက်နှိုက်လိုက်ပြီး ရွှေတုတ်ကို ထုတ်ကာ နဂါးမင်းကြီးကို ချည်နှောင်ထားသော သံကြိုးများကို ရိုက်ချိုးလိုက်တော့သည်။
ခလွမ်...
သံခြေချင်းပေါ်ရှိ ဂါထာတော်များမှာ ချက်ချင်းပင် ကွဲအက်သွားပြီး ထူထဲလှသော သံခြေချင်းကြီးများမှာလည်း တစစီ ပြတ်တောက်သွားလေတော့သည်။
"သွားကြစို့..."
နဂါးမင်းကြီးကို သံခြေချင်းများမှ လွတ်မြောက်စေပြီးနောက် စွန်ဝူခုန်းသည် ရင်ဘတ်ထဲမှ နဂါးဝိညာဉ် လက်ကောက် ကို ထုတ်ယူကာ နဂါးမင်းကြီးကို ပြလိုက်သည်။
ထူးဆန်းသော ဆွဲငင်အားတစ်ခု ပေါ်လာပြီး ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်မှာ နဂါးဝိညာဉ် လက်ကောက် ထဲသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရတော့သည်။
သို့သော် ထိုအချိန်မှာပင် မမျှော်လင့်ဘဲ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဝမ်... ဝမ်... ဝမ်...
ကျင်းမြစ် နဂါးမင်းကြီးကို ကယ်တင်လိုက်သည်နှင့် မြေပြင်ပေါ်၌ ကြီးမားသော စက်ဝိုင်းကွင်းပြင်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဗုဒ္ဓဘာသာ ဂါထာတော်များမှာ လင်းထိန်သွားကာ ဆယ်လံပတ်လည်အတွင်းရှိ ဟင်းလင်းပြင်ကို ရွှေရောင်တောက်ပသော သံလှောင်အိမ်ကြီးသဖွယ် ပိတ်ဆို့လိုက်တော့သည်။
"ကျင်းမြစ် နဂါးမင်းကြီး ရဲ့ ဝိညာဉ်ကို သံခြေချင်းခတ်ထားရုံတင်မကဘဲ ငရဲစစ်သည်တွေရော ဒီလို ထောင်ချောက်မျိုးတွေနဲ့ပါ စောင့်ကြပ်ခိုင်းထားတာလား... သူက သာမန် မြစ်စောင့် နဂါးမင်းလေးပဲ မဟုတ်ဘူးလား..."
၎င်းကို မြင်လိုက်ရသောအခါ ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်ကို ဤနေရာတွင် ဖမ်းဆီးထားခြင်းမှာ ပုံမှန်မဟုတ်သော ကိစ္စတစ်ခုခု ရှိနေနိုင်ကြောင်း စွန်ဝူခုန်းပင် ရိပ်မိလိုက်တော့သည်။
နတ်အဆင့်အတန်း အရ ကြည့်လျှင် ကျင်းမြစ် နဂါးမင်းကြီးသည် မြေစောင့်နတ် အဆင့်မျှသာ ရှိပြီး မြစ်တစ်စင်းကိုသာ အုပ်ချုပ်ရသူ ဖြစ်ပေရာ သူ့ကို ချုပ်နှောင်ရန် ဤမျှအထိ အားစိုက်ထုတ်ထားသည်မှာ အမှန်တကယ်ပင် ထူးဆန်းလှပေသည်။
သို့သော်... ယခုမှာမူ ထိုအကြောင်းများကို တွေးတောနေရမည့် အချိန်မဟုတ်ပေ။ အစီရင်ခံစက်ဝိုင်းအတွင်း ပိတ်မိနေသော စွန်ဝူခုန်းသည် နဂါးဝိညာဉ် လက်ကောက် ကို သိမ်းဆည်းလိုက်ပြီး သူ၏ ရွှေတုတ်ကို မြှောက်ကာ ရွှေရောင်သံလှောင်အိမ်ကြီးကို အားကုန်လွှဲရိုက်လိုက်တော့သည်။
ဘုန်း...
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ လှောင်အိမ်ကြီးပေါ်တွင် အက်ကြောင်းများ ချက်ချင်း ထင်ကျန်သွား၏။
"ဒီလောက် အစီရင်ခံစက်ဝိုင်းလေးနဲ့ ငါဝူခုန်းကို တားနိုင်မယ် ထင်နေတာလား..."
တစ်ချက်တည်းနှင့် အက်ကြောင်းထင်သွားသည်ကို မြင်သောအခါ စွန်ဝူခုန်းက သွားဖြဲပြကာ လှောင်ပြောင်လိုက်ပြီး ရွှေတုတ်တော်ဖြင့် ထပ်မံ ထုနှက်ပြန်သည်။
ဘုန်း... ဘုန်း... ဘုန်...
စွန်ဝူခုန်းသည် မည်သည့် သိုင်းကွက်မျှ မသုံးဘဲ သူ၏ အင်အားသက်သက်ဖြင့်သာ အစီရင်ခံစက်ဝိုင်းကို ရိုက်ချိုးနေခြင်း ဖြစ်၏။ ရွှေတုတ် အဆက်မပြတ် ကျရောက်လာသည်နှင့်အမျှ ဂါထာတော်များဖြင့် ဖွဲ့စည်းထားသော ရွှေရောင်သံလှောင်အိမ်ကြီးပေါ်ရှိ အက်ကြောင်းများမှာ ပို၍ ရှည်လျားနက်ရှိုင်းလာတော့သည်။
ခဏချင်းအတွင်းမှာပင် စွန်ဝူခုန်းသည် ထိုလှောင်အိမ်ကြီး အမှုန့်ကြိတ်ချေပစ်၍ ထွက်လာတော့မည်မှာ အသေအချာပင်။
စွန်ဝူခုန်း၏ အင်အားက ကြီးမားသကဲ့သို့ ငရဲပြည်၏ တုံ့ပြန်မှုကလည်း အလွန်ပင် လျင်မြန်လှပေသည်။ အစီရင်ခံစက်ဝိုင်း နိုးကြားလာသည်နှင့် တစ်ပြိုင်နက် တိယန်ချန်း နတ်မင်းကြီးသည် သူ၏ လက်အောက်ငယ်သားများဖြစ်သော နွားခေါင်း နှင့် မြင်းမျက်နှာ တို့ကို ခေါ်ဆောင်ကာ မတရားသေဆုံးသူများ မြို့တော် မှ ဓားတောင်ခြေရင်းသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူတို့ ရောက်လာချိန်မှာ စွန်ဝူခုန်းက အစီရင်ခံစက်ဝိုင်းကို ရိုက်ချိုးပြီး လွတ်မြောက်လာချိန်နှင့် ကွက်တိပင် ဖြစ်၏။
"မင်း... မင်းက... စွန်ဝူခုန်း မဟုတ်လား..."
***
အပိုင်း(၁၇၈)
အရှိန်အဟုန်ဖြင့် ပြေးလာသော တိယန်ချန်း နတ်မင်းကြီးသည် စွန်ဝူခုန်း၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်လေသည်။
စွန်ဝူခုန်း ငရဲပြည်နှင့် ကောင်းကင်ဘုံအား ဆူပူသောင်းကျန်းခဲ့ပုံကို ယမမင်း ဆယ်ပါးလုံးက ကောင်းကောင်းကြီး မှတ်မိနေကြပေသည်။ ဤကပ်ဆိုးကောင်ကြီးကို ရုတ်တရက် မြင်လိုက်ရသဖြင့် တိယန်ချန်းမင်းကြီး၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားရ၏။
"အမ်..."
အစီရင်ခံစက်ဝိုင်းထဲမှ ထွက်လာသော စွန်ဝူခုန်းမှာ ခေတ္တမျှ တွေဝေသွားသည်။ သူသည် ယမမင်း ဆယ်ပါးကို အမှုမထားသော်လည်း မထွက်ခွာမီက သူ၏ ဆရာက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မပေါ်စေရန် အထူးတလည် မှာကြားခဲ့သည်ကို သတိရသွားသည်။ လူမိသွားခြင်းမှာ အနည်းငယ်တော့ အရှက်ရစရာ မဟုတ်ပါလား။
ကံကောင်းသည်မှာ စွန်ဝူခုန်းသည် စိတ်လိုက်မာန်ပါ လုပ်တတ်သော်လည်း လိမ္မာပါးနပ်မှုကမူ အပြည့်ရှိပေသည်။
ဤအကျပ်အတည်းတွင် သူ၏ ဉာဏ်က လက်ခနဲ ပွင့်သွားပြီး မျက်နှာကို ခက်ထန်ကြမ်းတမ်းသော ပုံစံဖမ်းကာ မျက်လုံးများမှ ဒေါသရိပ်များ ထွက်ပေါ်စေလျက် သွားဖြဲပြကာ အော်ဟစ်လိုက်တော့သည်။
"အလကားကောင်တွေ... မင်းတို့ လူညံ့တွေ... ငါ့ကို စွန်ဝူခုန်း လို့ မှားခေါ်တာကို ငါ အမုန်းဆုံးပဲကွ..."
"မင်းက စွန်ဝူခုန်း မဟုတ်ဘူးလား... ဒါဆို မင်းက ဘယ်သူလဲ..."
မိမိရှေ့မှ စွန်ဝူခုန်းကို ကြည့်ရင်း တိယန်ချန်းမင်းကြီးမှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
‘သူ လိမ်နေတာလား…’
ဤပုံစံက လွန်ခဲ့သော နှစ်ပေါင်းများစွာက ငရဲပြည်ကို လာမွှေခဲ့သည့် မဟာပညာရှိကြီး စွန်ဝူခုန်း နှင့် တစ်ပုံစံတည်းပင် ဖြစ်နေသည် မဟုတ်ပါလား။
"ဟွန်း... ငါ့ပုံစံက အဲ့ဒီ စွန်ဝူခုန်း ဆိုတဲ့ ကောင်နဲ့ တူနေပေမဲ့ ငါက သူမဟုတ်ဘူး..."
မိစ္ဆာချီများ ဝုန်းခနဲ ထွက်ပေါ်လာပြီး စွန်ဝူခုန်း၏ မျက်နှာမှာ ပို၍ပင် ဒေါသထွက်နေဟန် ပြလိုက်၏။
ထိုသို့ပြောပြီးနောက် သူက ခေါင်းကို အသာလှည့်ကာ နားရွက်နောက်ဘက်ကို ညွှန်ပြလျက်...
"တွေ့လား... ငါ့နားရွက်နောက်မှာ နောက်ထပ် နားရွက်နှစ်ဖက် ရှိသေးတယ်... မင်းတို့ ငါ့ကို နားခြောက်ဖက်မျောက် လို့ ခေါ်နိုင်တယ်..."
စကားအဆုံးတွင် စွန်ဝူခုန်းသည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ကောင်းကင်သို့ ခုန်တက်ကာ ငရဲပြည်မှ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
အခြားသူများက သူ၏ နားခြောက်ဖက်မျောက် ဟူသော စကားကို ယုံ၊ မယုံ စွန်ဝူခုန်း ဂရုမစိုက်ပေ။ ပြဿနာတက်လာလျှင်မူ သူက လုံးဝ ငြင်းဆိုပစ်ရန်သာ ပြင်ထားတော့သည်။
"မင်းကြီး... ခုနက... အဲ့ဒါ တကယ်ပဲ မဟာပညာရှိ စွန်ဝူခုန်း မဟုတ်ဘူးလားဟင်..."
စွန်ဝူခုန်း၏ နောက်ကျောကို ကြည့်ရင်း ကြောက်လန့်တကြား ရပ်နေသော ငရဲတမန်တစ်ဦးက တိယန်ချန်းမင်းကြီးကို သံသယဖြင့် လှမ်းမေးလိုက်သည်။
"တကယ်လို့ သူသာ တကယ် မဟာပညာရှိကြီး ဖြစ်ခဲ့မယ်ဆိုရင် ကျင်းမြစ် နဂါးမင်းကြီးရဲ့ ဝိညာဉ်ကို သူ ယူသွားတာကို ငါတို့က တားနိုင်မှာမို့လို့လား..."
တိယန်ချန်းမင်းကြီးက ငရဲတမန်တော်ကို တစ်ချက်ကြည့်ကာ ပြန်လည် မေးခွန်းထုတ်လိုက်၏။
ထိုစကားကြောင့် နောက်ကွယ်မှ ငရဲတမန်များအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး ခေါင်းများကို အမြန်ပင် ခါယမ်းလိုက်ကြတော့သည်။
“နောက်တာ မဟုတ်ဘူးနော်... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာကျော်တုန်းက ကောင်းကင်စစ်သည် တစ်သိန်းတောင် သူ့ကို မတားနိုင်ခဲ့တာ… ငါတို့က ဘယ်လိုလုပ် တားနိုင်မှာလဲ… အဲ့ဒါ သေတွင်းထဲ ကိုယ့်ဘာသာ ဆင်းသွားတာနဲ့ အတူတူပဲ မဟုတ်လား…”
"ဒါဆိုရင် အဲ့ဒါက တကယ်ပဲ နားခြောက်ဖက်မျောက်လား... ဒီလောက် အစွမ်းထက်တဲ့ မျောက်တစ်ကောင် လောကသုံးပါး မှာ ဘယ်တုန်းက ပေါ်လာတာလဲ... ကျွန်တော်မျိုးတို့ တစ်ခါမှ မကြားဖူးပါဘူး..."
ငရဲတမန်က ဇဝေဇဝါဖြင့် ထပ်မံ မေးမြန်းပြန်သည်။
"သူက စွန်ဝူခုန်း မဟုတ်ဘူးဆိုရင်တောင်… ခုနက ထွက်ပေါ်လာတဲ့ မိစ္ဆာချီတွေက အရမ်းကို ကြီးမားလွန်းတယ်... မိစ္ဆာသူတော်စင် အဆင့်မှာ ရှိနေတာ သေချာတယ်... ဒီလို ပုဂ္ဂိုလ်မျိုးကို ငါတို့က ဘယ်လို ရင်ဆိုင်နိုင်မှာလဲ... ဒါကြောင့် သူက စွန်ဝူခုန်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ဘူး... ငါတို့ ဘယ်လိုမှ တားနိုင်မှာ မဟုတ်ဘူး... ဒီအကြောင်းကို အထက်ကို ချက်ချင်း အစီရင်ခံလိုက်… အထက်ကလူတွေပဲ ဆုံးဖြတ်ပါစေတော့..."
တိယန်ချန်း နတ်မင်းကြီးက ခေါင်းခါယမ်းကာ ဓားတောင်ခြေရင်းမှ လှည့်ထွက်သွားလေတော့သည်။
...
နံနက်ခင်း အလင်းရောင်ဖျော့ဖျော့က ဂူအတွင်းသို့ စီးဝင်လာ၏။ ဂူထဲမှနေ၍ အပြင်ဘက် ကောင်းကင်ကို မမြင်နိုင်သော်လည်း ကျင့်သားရနေသော အချိန်ဇယားအရ ကျန်းလျို နိုးလာခဲ့ပြီ ဖြစ်သည်။
တစ်ညတာ တရားထိုင်ပြီးနောက် သူ အတွေ့အကြုံမှတ် ၁၀,၀၀၀ ကျော် ရရှိခဲ့သည်။ ထိုအမှတ်များနှင့် အတူ ကျင့်ကြံမှုကို တိုင်းတာကြည့်ရာ သူ၏ အတွင်းစွမ်းအားမှာ သိသိသာသာ တိုးတက်လာကြောင်း ကျန်းလျို ခံစားရ၏။
မိမိကိုယ်မိမိ တိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားရသော ဤကျင့်ကြံမှုမျိုးမှာ ကျန်းလျိုအတွက် အလွန်ပင် စိတ်အားထက်သန်စရာ ကောင်းလှပေသည်။
ဘေးဘက်သို့ ကြည့်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ဟောက်ကာ အိပ်ပျော်နေဆဲဖြစ်သော ကျူးပါကျဲကို တွေ့ရသည်။
အခြားတစ်ဖက်တွင်မူ စွန်ဝူခုန်းမှာလည်း ငြိမ်သက်စွာ လဲလျောင်းနေ၏။ ကြည့်ရသည်မှာ မနေ့ညက ငရဲပြည်ခရီးစဉ်မှာ သူ နိုးမလာခင်ကတည်းက ပြန်ရောက်နေခဲ့ပုံရသည်။
ကျန်းလျို ဘာမျှ မပြောတော့ဘဲ မျက်နှာသစ်ရန် ကျောက်ဂူအပြင်ဘက်သို့ ထွက်ခဲ့သည်။ ခဏအကြာတွင် စွန်ဝူခုန်းလည်း လိုက်လာပြီး ဆရာတပည့် နှစ်ဦးသား မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ရေသန့်ဖြင့် ပလုတ်ကျင်းနေကြလေသည်။
"ဂလု... ဂလု... ဂလု..."
ပါးစပ်ထဲတွင် ရေကို ခဏခန့် ပလုတ်ကျင်းပြီးနောက် ရေကို ပြန်ထွေးထုတ်လိုက်ပြီး စွန်ဝူခုန်းက လက်ကောက်တစ်ကွင်းကို ထုတ်ကာ ကျန်းလျိုကို လှမ်းပေးလိုက်သည်။
"ရော့... ဆရာ့အတွက်..."
ကျန်းလျိုက လက်ထဲမှ ကျောက်ခွက်ကို ချလိုက်ပြီး လက်ကောက်ကို လှမ်းယူကြည့်လိုက်၏။ နဂါးဝိညာဉ် လက်ကောက် ၏ အချက်အလက်များမှာ အမှန်တကယ်ပင် ပြောင်းလဲသွားပြီ ဖြစ်သည်။
နဂါးဝိညာဉ် လက်ကောက် (ဒဏ္ဍာရီလာ အရည်အသွေး): လိုအပ်သောအဆင့် ၂၅၊ ခုခံကာကွယ်မှု +၄၄၀၊ အထူးစွမ်းရည် - တိမ်တိုက်နှင့် မိုးရွာစေခြင်း (နဂါးမင်းကြီး၏ စွမ်းအားဖြင့် ချိုမြသော ဆီးနှင်းမိုးများကို ရွာချစေနိုင်သည်)၊ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၁၀ ရက်၊ ကြံ့ခိုင်မှု ၂၅/၂၅။
လက်ကောက်၏ ဒဏ္ဍာရီလာ အရည်အသွေးကို မြင်သောအခါ ကျန်းလျို၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။
မည်သို့ပင်ဆိုစေကာမူ... ကျင်းမြစ် နဂါးမင်းကြီးမှာ မြစ်ကြီးတစ်စင်းကို အုပ်ချုပ်ရသူဖြစ်ရာ နဂါးမင်းကြီး လေးပါးနှင့် မယှဉ်နိုင်သော်လည်း နဂါးမင်းကြီး တစ်ပါးဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။ ထို့ကြောင့် သူ၏ ဝိညာဉ်က လက်ကောက်ကို ဒဏ္ဍာရီလာ အရည်အသွေး အထိ မြှင့်တင်ပေးနိုင်ခြင်းမှာ မဆန်းလှပေ။
သို့သော် လက်ကောက်၏ အချက်အလက်များကို အသေးစိတ် ဖတ်ကြည့်ပြီးနောက် ကျန်းလျို၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားခဲ့သည်။ ဤ ဒဏ္ဍာရီလာ အရည်အသွေးက အနည်းငယ်တော့ အားနည်းလွန်းနေသလား...
ခုခံကာကွယ်မှု ၄၄၀ တိုးလာသည်မှာ ဒဏ္ဍာရီလာအဆင့်နှင့် ကိုက်ညီသော်လည်း ဤအထူးစွမ်းရည်က တိုက်ပွဲဝင်ရာတွင် ဘာမျှ အသုံးမဝင်သလို ဖြစ်နေသည် မဟုတ်ပါလား။
ထိုအရာက အားအနည်းဆုံး ဒဏ္ဍာရီလာ အဆင့် ပစ္စည်းလော။
ကျန်းလျို စိတ်ထဲမှ ခေါင်းခါလိုက်သော်လည်း ကံကောင်းသည်က ဤလက်ကောက်၏ အဓိကရည်ရွယ်ချက်မှာ ပစ္စည်းကောင်းရဖို့ထက် ကျင်းမြစ် နဂါးမင်းကြီး၏ တည်ရှိမှု ဖြစ်ပေသည်။
သူသည် သူ၏ လက်မှ အဆင့် ၁၀ သာရှိသော ကြေးဝါ လက်ကောက် ကို ချွတ်လိုက်ပြီး နဂါးဝိညာဉ် လက်ကောက် ကို ပြောင်းလဲဝတ်ဆင်လိုက်ရာ သူ၏ ခုခံကာကွယ်မှုမှာ သိသိသာသာ တိုးတက်သွားတော့သည်။
မည်သို့ပင် ဆိုစေ.. ၎င်း၏ သူ၏ ပဉ္စမမြောက် ဒဏ္ဍာရီလာအဆင့် ပစ္စည်းပင် ဖြစ်သဖြင့် အတော်လေးကို အခြေအနေ ကောင်းလှပေသည်။
"ဒါနဲ့... မင်းသွားတုန်းက လူမိမသွားဘူး မဟုတ်လား..."
လက်ကောက်ကို လဲလှယ်ပြီးနောက် ကျန်းလျိုက မေးလိုက်သည်။
"စိတ်ချပါ ဆရာ... ကျုပ် ဝူခုန်း ဘယ်တုန်းက အမှားလုပ်ဖူးလို့လဲ..."
စွန်ဝူခုန်းက ယုံကြည်မှုအပြည့်ဖြင့် ခေါင်းခါပြသည်။
ထိုစကားကြောင့် ကျန်းလျို ခေါင်းညိတ်လိုက်ပြီး ကျောက်ခွက်ကို ပြန်မလိုက်၏။
သို့သော် စွန်ဝူခုန်းက စကားမဆုံးသေးဘဲ ဆက်ပြောလိုက်လေသည်။
"လူမိသွားရင်တောင်မှ ကျုပ် ဝူခုန်းက ပါးနပ်ပါတယ်ဗျ... ကျုပ်က စွန်ဝူခုန်း မဟုတ်ဘူး… နားခြောက်ဖက်မျောက် ပါ လို့ ချက်ချင်း အယောင်ဆောင်လိုက်တယ်လေ..."
"ဖူး..."
စွန်ဝူခုန်း၏ နောက်ဆုံးစကားကြောင့် ကျန်းလျိုမှာ ပလုတ်ကျင်းနေသော ရေများပင် ပန်းထွက်သွားပြီး ခေါင်းကို ဝုန်းခနဲ လှည့်ကာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိတော့သည်။
***