အခန်း (၁၇၉-၁၈၀)
Vol. 13 Ch. 179-180
အပိုင်း(၁၇၉)
"ဆရာ... ဘာဖြစ်လို့တုန်း..."
ကျန်းလျို၏ ထူးခြားလှသော တုံ့ပြန်မှုကြောင့် စွန်ဝူခုန်းလည်း ဇဝေဇဝါဖြစ်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
ကျန်းလျိုသည် စွန်ဝူခုန်းကို ကြည့်ကာ အတန်ကြာအောင် တိတ်ဆိတ်သွားမိသည်။ ထို့နောက်မှ သူက ပြန်မေးလိုက်သည်။
"မင်း ခုနက ဘာပြောလိုက်တာလဲ... နားခြောက်ဖက်မျောက် ဟုတ်လား..."
"ဟုတ်တယ်လေ... ကျုပ် ဝူခုန်းက ကျုပ်ကိုကျုပ် နားခြောက်ဖက်မျောက် လို့ ခေါ်လိုက်တာ... အဲ့ဒါ ဘာပြဿနာရှိလို့လဲ... တစ်ခုခု မှားနေလို့လား..."
စွန်ဝူခုန်းက နားမလည်စွာဖြင့် မျက်စိ ကလယ်ကလယ် လုပ်လိုက်သည်။ ဆရာတော်က ဘာကြောင့် ဤမျှအထိ တုံ့ပြန်မှုပြင်းထန်နေရသည်ကို သူ လုံးဝ သဘောမပေါက်ချေ။
"နေဦး... ဒါကို ငါ အရင် စဉ်းစားကြည့်ပါဦးမယ်..."
ကျန်းလျိုက လက်ကာပြရင်း အလျင်စလို ပြန်မဖြေသေးဘဲ ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီးနောက်မှ..
"မင်း အဲ့ဒီ နားခြောက်ဖက်မျောက် ဆိုတဲ့ နာမည်ကို ဘယ်လိုဖြစ်ပြီး စဉ်းစားမိတာလဲ... ဒါမှမဟုတ် မင်းက နားခြောက်ဖက်မျောက် ဆိုတဲ့သူကို သိနေတာလား..."
"ဆရာ... ဒီနေ့ ဘာဖြစ်နေတာလဲ... နေမကောင်းဘူးလား..."
ကျန်းလျို၏ မေးခွန်းကြောင့် စွန်ဝူခုန်းက သူ့ကို ကြည့်ကာ ဇဝေဇဝါဖြစ်သွားပြီး စကားပြောရင်း သူ၏ မျောက်လက်ဖဝါးဖြင့် ကျန်းလျို၏ နဖူးကို လှမ်းစမ်းကြည့်သေးသည်။
"ကဲပါ... နောက်မနေနဲ့တော့... အတည်ပြောစမ်းပါ..."
ကျန်းလျိုက စွန်ဝူခုန်း၏ လက်ကို ပုတ်ထုတ်လိုက်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။
"ဆရာက အတော်ကို ပါးနပ်တယ် မဟုတ်လား... ဘာလို့ ဒီလို အခြေခံကျတဲ့ မေးခွန်းမျိုးကို မေးနေတာလဲ... ကျုပ် ဝူခုန်း အခုလေးတင် ပြောပြီးပြီလေ... တိယန်ချန်းမင်းကြီးက ကျုပ်ကို လူမိသွားလို့ စိတ်ကူးပေါက်ရာ နာမည်တစ်ခုကို လုပ်ကြံပြောလိုက်တာပေါ့... လုပ်ကြံပြောတဲ့ နာမည်ဆိုမှတော့ နားခြောက်ဖက်မျောက် ဆိုတာက ကျုပ် ဝူခုန်းပေါ့ဗျ... ကျုပ်ကလွဲလို့ တခြား နားခြောက်ဖက်မျောက် ဆိုတာ တကယ် ရှိနိုင်ပါ့မလား..."
စွန်ဝူခုန်းမှာ ကျန်းလျိုကို ထူးဆန်းသလို ကြည့်ကာ အံ့အားသင့်နေမိသည်။ သူ၏ ဆရာမှာ ယခင်က ကျူးပါကျဲ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရာတွင် ရှားလော့ဟုမ်းကဲ့သို့ တော်ပါသည် မဟုတ်ပါလား။ ရှားလော့ဟုမ်း ဆိုတာ ဘာမှန်း သူ မသိသော်လည်း ဆရာတော်က ထိုကဲ့သို့ သုံးသဖြင့် သူလည်း လိုက်ဟုမ်းခြင်း ဖြစ်သည်။
စောစောက စကားကို ပြန်ဆက်ရပါက...သူက ယခုမှ အဘယ်ကြောင့် ဤမျှလောက် တုန်နေရသနည်း။
အခြားတစ်ဖက်၌... စွန်ဝူခုန်း၏ စကားများက ကျန်းလျို၏ စိတ်ထဲတွင် ရှိနေသော နားခြောက်ဖက်မျောက် ပုံရိပ်ကို အကုန်အစင် ရိုက်ချိုးပစ်လိုက်တော့သည်။
မူရင်းဝတ္ထုထဲတွင် နားခြောက်ဖက်မျောက်သည် စွန်ဝူခုန်းအယောင်ဆောင်ကာ ထန်ဆရာတော်ကိုပင် တိုက်ခိုက်ခဲ့သေးသည်။ ထန်ကိုယ်တော်ကို ရိုက်နှက်ပြီးနောက် သူသည် ပန်းသီးပန်းတောင် သို့ ပြန်သွားခဲ့သည်။ ထို့နောက် အစစ်အမှန် စွန်ဝူခုန်းက သူ့ကို ရှာတွေ့သွားပြီး အစစ်နှင့် အတု မျောက်မင်းနှစ်ဦးမှာ ကောင်းကင်ဘုံမှ ငရဲပြည်အထိ တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း... မည်သူက အစစ်ဖြစ်ကြောင်း မည်သူမျှ မခွဲခြားနိုင်ခဲ့ကြချေ။
နောက်ဆုံး မြတ်စွာဘုရားရှင် ရှေ့မှောက် ရောက်မှသာ နားခြောက်ဖက်မျောက် မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆုံးသတ်တွင်မူ ထိုမျောက်လေးသည် စွန်ဝူခုန်း၏ တုတ်ချက်ဖြင့် အသတ်ခံလိုက်ရလေသည်။
သူ၏ အတိတ်ဘဝတုန်းက ဤအစစ်နှင့် အတု မျောက်မင်း အခန်းနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ရှိခဲ့ကြသည်။ တချို့ကဆိုလျှင် ထိုအခန်းတွင် အစစ်အမှန် စွန်ဝူခုန်း အသတ်ခံလိုက်ရပြီး နားခြောက်ဖက်မျောက်က စွန်ဝူခုန်းအယောင်ဆောင်ကာ အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုပင် ယုံကြည်ခဲ့ကြ၏။
ထိုအခန်းပြီးနောက် စွန်ဝူခုန်းမှာ အရင်ကထက် အများကြီး ပို၍ လိမ္မာယဉ်ကျေးသွားသည်ကို ကြည့်ရုံနှင့် သိနိုင်သည်ဟု ဆိုကြသည်။
သို့သော်လည်း ယခုက...။
‘နားခြောက်ဖက်မျောက် က ဒီလောက်စောစောကြီး ပေါ်လာတာလား...’
‘ပိုပြီး အရေးကြီးတာက နားခြောက်ဖက်မျောက် ဆိုတဲ့ အမည်က စွန်ဝူခုန်း ကိုယ်တိုင် လုပ်ကြံဖန်တီးလိုက်တဲ့ နာမည် ဖြစ်နေတာလား...’
‘ဒါဆိုရင် ဒီကမ္ဘာမှာ နားခြောက်ဖက်မျောက် ဆိုတဲ့ သတ္တဝါက တကယ်ပဲ မရှိတော့ဘူးပေါ့လေ...’
ထိုအရာက တကယ်ကို ယုံရခက်လှပေသည်။
မူရင်းဝတ္ထုထဲက နားခြောက်ဖက်မျောက်ကလည်း တကယ်မရှိဘဲ စွန်ဝူခုန်းကိုယ်တိုင်ပဲလား…
ဒါမှမဟုတ် ဒီကမ္ဘာမှာ နားခြောက်ဖက်မျောက် ဆိုတာ တကယ်ရှိပြီး စွန်ဝူခုန်း ဒီနေ့ စိတ်ကူးပေါက်ပြီး ပေးလိုက်တဲ့ နာမည်က တိုက်တိုက်ဆိုင်ဆိုင် အစစ်အမှန် နားခြောက်ဖက်မျောက် နဲ့ သွားတူနေတာလား။
ကျန်းလျိုသည် ပလုတ်ကျင်းခွက်ကို ကိုင်ထားရင်း စိတ်ထဲ၌ ဇဝေဇဝါဖြစ်ကာ ထိုအကြောင်းများကို တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းလျိုက ခန့်မှန်းချက်တစ်ခုကို တဖြည်းဖြည်း ဖော်ထုတ်လိုက်သည်။
ပထမဆုံးအနေဖြင့် နားခြောက်ဖက်မျောက်မှာ အစစ်အမှန်ရှိပြီး စွန်ဝူခုန်း ပေးလိုက်သော နာမည်မှာ တိုက်ဆိုင်သွားသည်ဟု ယူဆကြည့်လျှင် မူရင်းဝတ္ထုထဲ၌ နားခြောက်ဖက်မျောက်သည် အဘယ်ကြောင့် ထန်ဆရာတော်ကို ရိုက်နှက်ပြီး စွန်ဝူခုန်းအယောင်ဆောင်ကာ ကောင်းကင်မှ မြေပြင်အထိ တိုက်ခိုက်ခဲ့ရသနည်း။
ရုလိုင် ကိုယ်တော် မိန့်ကြားခဲ့သလို ဆိုလျှင် နားခြောက်ဖက်မျောက်သည် ထူးခြားလှသော နားစွမ်းအား ရှိသူဖြစ်ပြီး အတိတ်နှင့် အနာဂတ်ကို သိမြင်နိုင်ကာ အရာအားလုံးကို ရှင်းလင်းစွာ သိသူဖြစ်၏။
ထိုစကားများကြောင့်ပင် ကမ္ဘာမြေမှ ပရိသတ် အချို့က ဤအရာအားလုံးမှာ ရုလိုင် ကိုယ်တော်၏ ပူးပေါင်းကြံစည်မှုဖြစ်ပြီး အသတ်ခံရသူမှာ စွန်ဝူခုန်း၊ ကျန်ရစ်သူမှာ နားခြောက်ဖက်မျောက် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။ သို့မဟုတ်ပါက မိမိ သေရမည်ကို သိပါလျက်နှင့် နားခြောက်ဖက်မျောက်က အဘယ်ကြောင့် သွားပါမည်နည်း။
သို့သော်... နောက်တစ်မျိုး စဉ်းစားကြည့်လျှင် မြတ်စွာဘုရားက နားခြောက်ဖက်မျောက်ကို စွန်ဝူခုန်းနေရာတွင် တကယ် အစားထိုးချင်ပါက ကွမ်ယင်ဗောဓိသတ်ကို စေလွှတ်ပြီး နားခြောက်ဖက်မျောက်ကိုသာ ကျမ်းစာပင့်ဆောင်ခိုင်းရန် အစကတည်းက ဖိတ်ခေါ်နိုင်သည် မဟုတ်ပါလား။ စွန်ဝူခုန်းကို ကျမ်းစာပင့်ဆောင်ခိုင်းရန်မဟုတ်ဘဲ အဘယ်ကြောင့် ဒြပ်စင်ငါးပါးတောင် အောက်၌ နှစ်ပေါင်းငါးရာတိုင်တိုင် နှိမ်နှင်းထားရမည်နည်း။
စွန်ဝူခုန်း၏ မာနကြီးပြီး ရဲတင်းသော သဘာဝကို ရုလိုင် ဗုဒ္ဓမှာ ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်ရမည်။ သို့မဟုတ်ပါက အဘယ်ကြောင့် ခေါင်းကိုက် ဂါထာကို ပေးအပ်ရမည်နည်း။
ထို့ကြောင့် ကျမ်းစာပင့်ဆောင်ခြင်း ခရီးစဉ်တွင် စွန်ဝူခုန်းသည် ကောင်းကင်ဘုံမှ သတ်မှတ်ထားသူဖြစ်ပြီး အစားထိုး၍ မရနိုင်သူပင် ဖြစ်ရမည်။
စွန်ဝူခုန်းမှာ အစားထိုး၍ မရနိုင်သူ ဖြစ်ပါက အတိတ်နှင့် အနာဂတ်ကို သိမြင်ပြီး အရာအားလုံးကို ရှင်းလင်းစွာ သိသော နားခြောက်ဖက်မျောက်သည် အဘယ်ကြောင့် သေတွင်းဆီသို့ ကြွမြန်းမည်နည်း။
ထိုအရာက အဓိပ္ပာယ်တော့ မရှိချေ။
အခြားတစ်ဖက်မှ စဉ်းစားကြည့်လျှင် အကယ်၍ နားခြောက်ဖက်မျောက် ဆိုသည့် ဇာတ်ကောင်မှာ လုံးဝ မရှိခဲ့လျှင်ရော... သို့တည်းမဟုတ် ယနေ့ စွန်ဝူခုန်း ပြောသလို နားခြောက်ဖက်မျောက်နှင့် စွန်ဝူခုန်းက တစ်ဦးတည်း ဖြစ်နေခဲ့လျှင်ရော...။
ထိုသို့ဆိုလျှင် မေးခွန်းအားလုံးက အဖြေပေါ် သွားခဲ့ပြီ ဖြစ်သည်။
ကျန်းလျို၏ အတိတ်ဘဝတုန်းက လူအများငြင်းခုံခဲ့ကြသည်မှာ အစစ်နှင့် အတု မျောက်မင်း ပြဿနာပြီးနောက် စွန်ဝူခုန်းသည် ပို၍ လိမ္မာယဉ်ကျေးသွားသည်ဟူ၍ ဖြစ်သည်။ သို့သော် အခြားတစ်ဖက်မှ ပြန်ကြည့်လျှင် ၎င်းမှာ စွန်ဝူခုန်းနှင့် ထန်ဆရာတော်တို့ကြား ဆက်ဆံရေး ပိုမိုပြေလည်သွားခြင်းကို ဆိုလိုခြင်း မဟုတ်ပါလား။
အဘယ်ကြောင့် ပြေလည်သွားသနည်း။ စွန်ဝူခုန်းသည် ထန်ကိုယ်တော်၏ ချုပ်ချယ်မှုများကို မခံမရပ်နိုင်ဖြစ်ပြီး မိမိ၏ မကျေနပ်ချက်များကို ဖော်ပြရန်နှင့် မိမိ၏ ရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ကာ “ထန်ဆရာတော်ကို ရိုက်နှက်ခြင်းမှစ၍ လောကသုံးပါး တစ်ခုလုံး သိအောင် ဆူပူသောင်းကျန်းပြသည့် အစစ်နှင့် အတု မျောက်မင်း ပြဇာတ်ကြီး” ကို သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကပြခဲ့ခြင်း ဖြစ်နိုင်ပါသလား။
၎င်းမှာ အစွမ်းအစရှိသော ဝန်ထမ်းတစ်ယောက်က ခေါင်းဆောင်၏ ဖိနှိပ်မှုကို မခံနိုင်တော့ဘဲ ပေါက်ကွဲကာ ကုမ္ပဏီတစ်ခုလုံး သိအောင် ပြဿနာရှာပြလိုက်သဖြင့် ရုံးချုပ်မှ လူကြီးများ ဆင်းလာပြီး ကြားဝင်စေ့စပ်ပေးရသကဲ့သို့ပင် ဖြစ်သည်။
ဤဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းကြောင့်ပင် ခေါင်းဆောင်ဖြစ်သူကလည်း ဤဝန်ထမ်းမှာ အစားထိုး၍ မရနိုင်ကြောင်းနှင့် သူသည်လည်း ဒေါသထွက်တတ်၊ တုံ့ပြန်တတ်ကြောင်း နားလည်သွားကာ လိုက်လျောမှုများ စတင်ပြုလုပ်လာခြင်း ဖြစ်ပေလိမ့်မည်။
စွန်ဝူခုန်းက အဘယ်ကြောင့် အပြစ်ပုံချရန် "နားခြောက်ဖက်မျောက်" ဆိုသည့် ဇာတ်ကောင်ကို ဖန်တီးခဲ့သနည်း။ ၎င်းမှာ စွန်ဝူခုန်းအနေဖြင့် အကုန်အစင် လမ်းခွဲမည့်သဘောမျိုး မဟုတ်ဘဲ နောက်ဆုတ်နိုင်မည့် လမ်းကြောင်းတစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။ နားခြောက်ဖက်မျောက်ကို ဖန်တီးလိုက်ခြင်းဖြင့် သူ၏ ရည်ရွယ်ချက်လည်း အောင်မြင်သွားကာ ဆရာတော်ကိုလည်း အစွန်းမရောက်အောင် တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။
ဤသို့ စဉ်းစားကြည့်လိုက်သောအခါ အရာအားလုံးမှာ ရှင်းလင်းသွားတော့သည်။
အစစ်နှင့် အတု မျောက်မင်း ဖြစ်ရပ်ပြီးနောက် စွန်ဝူခုန်းက လိမ္မာသွားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထန်ဆရာတော်ကလည်း စွန်ဝူခုန်းအပေါ် ပို၍ သည်းခံလာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ထိုအချိန်မှစ၍ ခေါင်းကိုက်ဂါထာ ကို ရွတ်ဆိုသည့် အကြိမ်အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည် မဟုတ်ပါလား။
ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေခဲ့သော ထိုတိုက်ပွဲတွင် တိကျန့် ဗောဓိသတ် နှင့် သူ၏ သတ္တဝါကြီး 'တိထင်' တို့သည် အမှန်တရားကို ရှင်းလင်းစွာ သိမြင်ပါလျက်နှင့် အဘယ်ကြောင့် ထုတ်မပြောဝံ့ကြသနည်း။ စွန်ဝူခုန်းကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကပြနေသော ပြဇာတ်ကို သူတို့ ဝင်ရောက်မနှောက်ယှက်ဝံ့ခြင်းမှာ ထင်ရှားလှပေသည်။
(ဘာသာပြန် မှတ်ချက် ။ တိထင် ဗောဓိသတ် ဆိုတာက မဟာယန ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ ဘုရားလောင်း တစ်ဆူပါ။ “ငရဲပြည်မှာ သတ္တဝါ တစ်ကောင်တစ်လေ ကျန်ရှိနေသမျှ ကာလပတ်လုံး ငါ ဘုရား မဖြစ်စေရ” လို့ အဓိဋ္ဌာန် ပြုထားသူပါ။ ဒါကြောင့် သူဟာ ငရဲပြည်မှာ ရှိတဲ့ သတ္တဝါတွေကို ကယ်တင်ဖို့ ငရဲပြည်မှုပဲ စံပယ်နေတာ ဖြစ်ပါတယ်။)
အကယ်၍ တစ်ဦးမှာ အတုဖြစ်နေခဲ့လျှင် အစစ်ဖြစ်သော စွန်ဝူခုန်းနှင့် ပူးပေါင်းကာ အတုကို နှိမ်နင်းရန်မှာ အလွန်လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။
ထို့အပြင်... ထိုသောင်းကျန်းမှု ကောင်းကင်ဘုံသို့ ရောက်သွားချိန်တွင် ကျောက်စိမ်းဧကရာဇ်သည် အဘယ်ကြောင့် ခွဲခြားမပေးနိုင်ခဲ့သနည်း။
၎င်းမှာ ဧကရာဇ်မင်းကြီးအနေဖြင့် ဗုဒ္ဓဘာသာ၏ ကိစ္စကို ဝင်ရောက်မစွက်ဖက်လိုဘဲ သူတို့ဘာသာသူတို့ ဖြေရှင်းပါစေဟု လွှတ်ထားခဲ့ခြင်း ဖြစ်နိုင်ပါသလား။
မိစ္ဆာဖော်မှန်ပြောင်းဖြင့် ကြည့်သော်လည်း ခွဲခြားမရခြင်းမှာ နှစ်ဦးလုံးမှာ အစစ်အမှန် စွန်ဝူခုန်း ဖြစ်နေသောကြောင့်ပင် ဖြစ်ရမည်။
ထို့ပြင် ကောင်းကင်ဘုံရှိ နတ်မင်းကြီးများမှာလည်း နားခြောက်ဖက်မျောက် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိကြပေ။ ဤမျောက်မှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ဖြစ်၏။ ဤမျှ အစွမ်းထက်သော မျောက်တစ်ကောင် ရှိနေပါက နတ်မင်းကြီး တစ်ပါးမျှ မသိဘဲ နေပါမည်လော။
မြတ်စွာဘုရားရှင်က နားခြောက်ဖက်မျောက် မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ပေးခဲ့သည်မှာလည်း...
အခြားနည်းလမ်း မရှိတော့သောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဗုဒ္ဓဘာသာ၏ အကြီးအကဲတစ်ဦးအနေဖြင့် စွန်ဝူခုန်းအတွက် ကာကွယ်မပေးလျှင် အခြား မည်သို့လုပ်နိုင်ပါဦးမည်နည်း။
နောက်ဆုံးတွင် မြတ်စွာဘုရား တားမြစ်ထားသည့်ကြားမှ သပိတ်တော်အောက်၌ ဖမ်းဆီးထားသော နားခြောက်ဖက်မျောက်ကို စွန်ဝူခုန်းက အဘယ်ကြောင့် အပြေးအလွှား သတ်ဖြတ်ပစ်ခဲ့သနည်း။ ၎င်းမှာ သူ၏ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သဖြင့် သက်သေအဖြစ် အသုံးချခဲ့သော နားခြောက်ဖက်မျောက်ကို အခြားသူများ မမြင်နိုင်စေရန် မြတ်စွာဘုရားရှေ့မှာတင် ဇာတ်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။
မူရင်းဝတ္ထု၏ အကြောင်းအရာများကို ပြန်လည် ဆင်ခြင်ကြည့်ပြီးနောက် ကျန်းလျိုအတွက် အရာအားလုံးမှာ တဖြည်းဖြည်း ပွင့်လင်းမြင်သာလာခဲ့ပြီ ဖြစ်သည်။
အမှန်စင်စစ် "အစစ်နှင့် အတု မျောက်မင်း" ဆိုသည်မှာ ထန်ဆရာတော်၏ တင်းကျပ်လှသော ချုပ်ကိုင်မှုနှင့် ကိုယ်နှောင်ဂါထာ ကို မကြာခဏ ရွတ်ဆိုခြင်းတို့ကို စွန်ဝူခုန်း မခံမရပ်နိုင်ဖြစ်သဖြင့် သူ၏ မကျေနပ်ချက်ကို ဖော်ပြရန် ကိုယ်တိုင်စီစဉ်ခဲ့သော ပြဇာတ်တစ်ခုသာ ဖြစ်နေတော့သည်။
ဤအချက်များမှာ ကျန်းလျို၏ ကိုယ်ပိုင်တွေးဆချက်များသာ ဖြစ်သော်လည်း ယခုကဲ့သို့ စဉ်းစားကြည့်ပြီးနောက် သူ၏ ခန့်မှန်းချက်မှာ ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့် မှန်ကန်နိုင်ကြောင်း ခံစားလိုက်ရသည်။
မူရင်းဝတ္ထုထဲ၌ မျောက်မင်းနှစ်ဦး ပေါ်လာချိန်တွင် ထန်ဆရာတော်က ကျူးပါကျဲနှင့် ရှားဝူကျင်းတို့ကို မည်သူက အစစ်၊ မည်သူက အတုလဲဟု မေးခဲ့သည်ကို သတိရလိုက်သည်။
ရှာဝူကျင်းက သူခွဲခြားမရကြောင်း ပြောခဲ့သော်လည်း ကျူးပါကျဲကမူ "ဆရာတော်... သူတို့ နှစ်ယောက်လုံးက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးတွေပါ… နှစ်ယောက်လုံးက အစစ်တွေပါ..." ဟူ၍ ပြောခဲ့သည်။ ကြည့်ရသည်မှာ ထျန်းဖုန်းစစ်သူကြီးဖြစ်ခဲ့သော ကျူးပါကျဲသည် အမှန်တရားကို ရှင်းလင်းစွာ မြင်ခဲ့ပုံရသည်။
***
အပိုင်း(၁၈၀)
"ဟေး... ဆရာ... ဆရာ… ဘာတွေ တွေးနေတာလဲ..."
ကျန်းလျို ငိုင်ပြီး စဉ်းစားနေသည်ကို မြင်သောအခါ စွန်ဝူခုန်းက သူ၏ လက်ဖဝါးကို ကျန်းလျို၏ မျက်လုံးရှေ့တွင် ယမ်းပြကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ဪ... ဘာမှမဟုတ်ပါဘူး... လိမ်ညာမှုတစ်ခုကို ပြောလိုက်မိရင် အဲ့ဒါကို ဖုံးကွယ်ဖို့ နောက်ထပ် လိမ်ညာမှုတွေ အများကြီး လိုအပ်လိမ့်မယ်လို့ တွေးနေမိလို့ပါ..."
ကျန်းလျို သတိပြန်ဝင်လာပြီး သူ၏ အတွေးများကို ခေတ္တရပ်ကာ စွန်ဝူခုန်းကို အတန်ကြာအောင် ကြည့်နေမိသည်။ ထို့နောက်မှ သူက ထပ်မံ မေးမြန်းလိုက်သည်
"ဝူခုန်း... မင်းရဲ့ အမွှေးတွေကို နှုတ်ပြီး မျောက်အများကြီး အသွင်ပြောင်းနိုင်တဲ့ အစွမ်းရှိတယ် မဟုတ်လား... အဲ့ဒီတော့ မင်းနဲ့ ပုံစံတူပြီး မင်းရဲ့ အစွမ်းအစတွေနဲ့ ထပ်တူနီးပါးရှိတဲ့ နောက်ထပ် မျောက်တစ်ကောင်ကို ဖန်တီးနိုင်မယ့် နည်းလမ်းရော ရှိလား..."
"ဆရာကလည်း ဘာတွေ လာပြောနေတာလဲဗျာ...ကျုပ်ဝူခုန်းမှာသာ အဲ့ဒီလို အစွမ်းရှိရင် မြတ်စွာဘုရားက ကျုပ်တို့ နှစ်ယောက်လုံးကို ပူးပေါင်းပြီး နှိမ်နှင်းတာကို ဘယ်လို ခံရမှာလဲ..."
စွန်ဝူခုန်းက ကျန်းလျိုကို မယုံနိုင်သလို ကြည့်လိုက်သည်။ သူ၏ဆရာမှာ ယနေ့ အဘယ်ကြောင့် ဤမျှ ရိုးရှင်းသော မေးခွန်းမျိုးကို မေးနေရသနည်း။
"ဒါဆိုရင် မရဘူးပေါ့..."
စွန်ဝူခုန်း၏ အဖြေကြောင့် ကျန်းလျို မျက်မှောင်ကြုတ်သွားမိသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ အကယ်၍ ထိုကဲ့သို့သော အစွမ်းမျိုး ရှိနေပါက မြတ်စွာဘုရားနှင့် အခြားသူများမှာ ထိုအတတ်ကို သုံးကာ အကုန်လုံးကို အနိုင်ယူနိုင်မည် မဟုတ်ပါလား။
ထိုအချိန်တွင် စွန်ဝူခုန်း၏ လေသံမှာ ပြောင်းလဲသွားလေသည်။
"ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လို့လဲ..."
ကျန်းလျို စွန်ဝူခုန်းထံသို့ ချက်ချင်း အာရုံပြန်စိုက်လိုက်မိသည်။
"ကျုပ်ဝူခုန်းရဲ့ မျောက်အများကြီး အသွင်ပြောင်းတဲ့ အတတ်က ကိုယ်ပွားအတတ် နဲ့ ဆင်တူတဲ့ အစွမ်းမျိုးပဲ... ဒါပေမဲ့ အဲ့ဒီမျောက်တွေက ကျုပ် ဆီကနေ ကျင့်ကြံမှုအဆင့်ကို ခွဲယူသွားတာ... ဒါကြောင့် မျောက်တွေ အများကြီး ဖန်တီးလေလေ ကျုပ်ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်က လျော့နည်းသွားလေလေပဲ... ဒီအတတ်က လူအင်အားလိုတဲ့ အချိန်မျိုးမှာပဲ သုံးလို့ကောင်းတာ..."
"ဒါပေမဲ့ ဆရာပြောသလို ကျုပ်နဲ့ အစွမ်းချင်း နီးပါးတူတဲ့ မျောက်တစ်ကောင်တည်းကိုပဲ ဖန်တီးမယ်ဆိုရင်တော့ ရတယ်... ကျုပ်ရဲ့ ကျင့်ကြံမှု တစ်ဝက်ကို ခွဲပေးလိုက်ရင် အဲ့ဒီမျောက်က ကျုပ်နဲ့ တကယ်ကို တူသွားလိမ့်မယ်..."
...
တောင်ဘက်ပင်လယ်၊ လော့ကျားတောင်…
ကွမ်ယင်ဗောဓိသတ်သည် အေးချမ်းစွာ သီတင်းသုံးနေ၏။ သူမ၏ ရှေ့တွင် အမျိုးသမီးတစ်ဦးမှာ မင်္ဂလာရှိသော အငွေ့အသက်များ ဝန်းရံလျက် ကျင့်ကြံနေသည်ကို တွေ့ရသည်။
"ဗောဓိသတ်... ကောင်းယန် ရဲ့ ပါရမီက အတော်ကို မြင့်တာပဲနော်... သူ့ရဲ့ တိုးတက်မှုနှုန်းက ကျွန်မ သူ့ အရွယ်တုန်းကထက် အများကြီး ပိုမြန်နေတယ်..."
ကွမ်ယင်ဗောဓိသတ်၏ ဘေးနားတွင်ရှိသော ပုလဲကိုင် နဂါးမလေး က ထိုအမျိုးသမီးကို ကြည့်ကာ ရုတ်တရက် ပြောလိုက်မိသည်။
"မှန်တယ်... ဒီလို ပါရမီမျိုးက တကယ့်ကို ထူးခြားလှပါတယ်..."
ကွမ်ယင်ဗောဓိသတ်ကလည်း ခေါင်းညိတ်ကာ သဘောတူလေသည်။
သို့သော် ထိုသို့ပြောပြီးသည်နှင့် သူမက ခပ်တိုးတိုး သက်ပြင်းချလိုက်၏။
"နှမြောစရာပဲ..."
"ဗောဓိသတ်... ဘာကို နှမြောစရာလို့ မိန့်တာလဲဘုရား..."
ဘေးတွင်ရပ်နေသော နဂါးမလေးမှာ ဗောဓိသတ်၏ သက်ပြင်းချသံကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာ မေးမြန်းလိုက်၏။
"ဘာမှမဟုတ်ပါဘူး... ဒီရက်ပိုင်းအတွင်း ကောင်းယန်ကို သင်ကြားပြသပေးတာ အတော်လေး အဆင်ပြေပါတယ်... နောင်ကိုလည်း သူ့ကို မင်းပဲ ဂရုစိုက်ပေးလိုက်ပါ..."
ဗောဓိသတ်က ခေါင်းခါယမ်းကာ တည်ငြိမ်သော အမူအရာဖြင့် ပြန်လည်ညွှန်ကြားလိုက်ရာ နဂါးမလေးကလည်း ခေါင်းညိတ် လက်ခံလိုက်တော့သည်။
ထိုအချိန်မှာပင် ထူးခြားသော အရှိန်အဝါရှိသည့် သန်မာထွားကြိုင်းသော လူငယ်တစ်ဦး ချဉ်းကပ်လာ၏။
"ဗောဓိသတ်..."
သူက ဗောဓိသတ်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"မုကျား... ဘာသတင်း ထူးသလဲ..."
ဗောဓိသတ်က မျက်လွှာကို အသာပင့်ကာ မေးလိုက်၏။
"လျှောက်တင်ပါတယ် ဗောဓိသတ်... အခုလေးတင် ငရဲပြည်က သတင်းရပါတယ်... ဓားတောင်အောက်မှာ ချုပ်နှောင်ထားတဲ့ ကျင်းမြစ် နဂါးမင်းကြီး ရဲ့ ဝိညာဉ်ကို တစ်စုံတစ်ယောက်က လာရောက် ကယ်ထုတ်သွားပါတယ်ဘုရား..."
မုကျားက ပြန်လည် လျှောက်ထားလိုက်သည်။
"ကျင်းမြစ် နဂါးမင်းကြီးရဲ့ ဝိညာဉ်ကို ကယ်သွားတယ် ဟုတ်လား... ဘယ်သူလဲ... အသေးစိတ် သိရတာ ရှိလား..."
၎င်းကို ကြားသောအခါ ဗောဓိသတ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ကျင်းမြစ် နဂါးမင်းကြီးမှာ အရေးပါသော ပုဂ္ဂိုလ်မဟုတ်သော်လည်း သူ၏ တည်ရှိမှုမှာ ဗုဒ္ဓဘာသာအတွက် သက်ရှိထင်ရှား သက်သေတစ်ခု ဖြစ်သောကြောင့် အရေးကြီးပေသည်။
"တိယန်ချန်းမင်းကြီး ရဲ့ အဆိုအရတော့... နဂါးမင်းကြီးကို ကယ်ထုတ်သွားတာက မဟာပညာရှိကြီး စွန်ဝူခုန်း နဲ့ တစ်ပုံစံတည်း တူတဲ့ မျောက်တစ်ကောင် ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒီမျောက်က သူဟာ စွန်ဝူခုန်း မဟုတ်ဘူး သူ့ကိုယ်သူ နားခြောက်ဖက်မျောက် လို့ ခေါ်သွားပါတယ်ဘုရား..."
မုကျားက ငရဲပြည်တွင် ဖြစ်ပျက်ခဲ့သမျှကို ဗောဓိသတ်အား အသေးစိတ် ပြန်လည် လျှောက်ထားလေသည်။
"နားခြောက်ဖက်မျောက် ဟုတ်လား... ငါ တစ်ခါမှ မကြားဖူးပါဘူး..."
ဗောဓိသတ်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
သို့သော် ဤကိစ္စမှာ အလွန်အရေးကြီးသဖြင့် သေချာစွာ စုံစမ်းစစ်ဆေးရန် လိုအပ်ပေသည်။
အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်ခြင်း ခရီးစဉ်မှာ ကြီးမားလှသော အစီအစဉ်ကြီးတစ်ခု ဖြစ်သဖြင့် စွန်ဝူခုန်းဖြစ်စေ၊ ရွှမ်ကျန်းဖြစ်စေ အားလုံးမှာ ထိုအစီအစဉ်ထဲမှ ကစားသမားများသာ ဖြစ်ကြသည်။
အထူးသဖြင့် ရွှမ်ကျန်း...
ထိုရဟန်းသည် အနောက်ဘက်သို့ သွားရန် သဘောတူခဲ့သော်လည်း ဤအရာအားလုံးမှာ မဟာယန ဗုဒ္ဓဘာသာဂိုဏ်းက ကြိုတင်စီစဉ် တွက်ချက်ထားခြင်းဖြစ်ကြောင်း သူ မသိရှိပေ။ အကယ်၍ သူသာ ကျင်းမြစ် နဂါးမင်းကြီးထံမှ တစ်ခုခုကို သိသွားခဲ့လျှင် အခြေအနေမှာ မကောင်းနိုင်တော့ပေ။
ဗောဓိသတ်သည် အတွေးတစ်ခုနှင့်အတူ လော့ကျားတောင်မှ ထွက်ခွာခဲ့ပြီး ကျမ်းစာပင့်ဆောင်သူ အဖွဲ့ရှိရာဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
ဤကိစ္စကို ကိုယ်တိုင် စုံစမ်းခြင်းက အကောင်းဆုံးပင် ဖြစ်၏။ အကယ်၍ နဂါးဝိညာဉ်ကို ယူသွားသူမှာ နားခြောက်ဖက်မျောက် ဆိုသည့်သူ အမှန်တကယ် ဖြစ်နေပါက ၎င်းမှာ အမည်မသိ လူစိမ်းတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
အကယ်၍ ထိုသူက စွန်ဝူခုန်းသာ ဖြစ်နေခဲ့လျှင်တော့ အခြေအနေက ပိုပြီး ဆန်းကြယ်သွားပြီ ဖြစ်သည်။
...
ယွမ်ကျဲဂူထဲ၌... ကျန်းလျိုမှာ စွန်ဝူခုန်း၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားသည်ကို သိလိုက်ရသဖြင့် စိတ်ထဲမှ စိုးရိမ်ပူပန်နေမိသည်။
ဤကိစ္စမှာ မဟာယနဂိုဏ်း၏ အလေးအနက်ထားမှုကို သေချာပေါက် ရရှိလိမ့်မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထား၏။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာလည်း ဗုဒ္ဓဘာသာ၏ ကန့်လန့်ကာနောက်ကွယ်မှ လှုပ်ရှားမှုများကို မသိချင်ယောင်ဆောင်နေခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
"ဝူခုန်း... အခု မင်းလုပ်ရမယ့် အရမ်း အရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်..."
ကျန်းလျိုက အလွန်တည်ကြည်သော မျက်နှာထားဖြင့် စွန်ဝူခုန်းကို အသာအယာ လက်ယပ်ခေါ်လိုက်သည်။
သာမန်အချိန်ဆိုလျှင် စွန်ဝူခုန်းမှာ ဤအခွင့်အရေးကို သုံးကာ ဆရာနှင့် စကားနိုင်လုခြင်း၊ အခွင့်အရေးတောင်းခြင်းများ ပြုလုပ်ဦးမည် ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကျန်းလျို၏ မျက်နှာပေါ်၌ တစ်ခါမျှ မမြင်ဖူးသော တည်ကြည်လေးနက်မှုကို တွေ့လိုက်ရသဖြင့် ဆရာတော်ပြောမည့်စကားမှာ အလွန်အရေးကြီးကြောင်း စွန်ဝူခုန်း ရိပ်မိသွားသည်။ သူ ဘာမျှ ငြင်းဆိုခြင်းမပြုဘဲ ခေါင်းညိတ်ကာ နားထောင်လိုက်တော့၏။
ကျန်းလျို၏ စကားများကို နားထောင်နေစဉ် စွန်ဝူခုန်း၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေတော့သည်။ အစတွင် အံ့အားသင့်သွားပြီး၊ နောက်တွင် တုန်လှုပ်သွားကာ နောက်ဆုံးတွင်မူ နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်တော့လေသည်။
ထို့နောက် သူသည် ဝုန်းခနဲခုန်တက်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
***