အခန်း (၁၇၁-၁၇၂)
Vol. 13 Ch. 171-172
အပိုင်း(၁၇၁)
"ရွှမ်ကျန်းဆရာတော် ဟုတ်လား…”
ဒုတိယ သခင်မလေး လွမ် ၏ စကားကို ကြားသောအခါ မြေခွေးမိစ္ဆာသည် မှင်တက်သွားပြီးနောက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ ကျန်းလျို အား မယုံကြည်နိုင်စွာ ကြည့်လျက် အာမေဍိတ်သံဖြင့် မေးလိုက်လေသည်။
"ရှင်က ရွှမ်ကျန်းဆရာတော် လား... မဟာထန်ပြည် က ရွှမ်ကျန်းဆရာတော် လား..."
"မှန်ပါတယ်... ကိုယ်တော်ပါပဲ..."
ကျန်းလျိုက ခေါင်းအနည်းငယ် ညိတ်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။
ထိုအဖြေကြောင့် မြေခွေးမိစ္ဆာ ၏ မျက်လုံးများမှာ ပို၍ပင် တောက်ပသွားလေတော့သည်။ ဒုတိယ သခင်မလေး လွမ် ပြောခဲ့သလိုပင် ရွှမ်ကျန်းဆရာတော် ၏ ချစ်ခြင်းမေတ္တာ အကြောင်း ပုံပြင်များသည် ဘုံသုံးပါး တစ်ခွင်လုံးတွင် ကျော်ကြားလှပေသည်။ ရွှမ်ကျန်းဆရာတော် နှင့် နှိုင်းယှဉ်လိုက်ပါက သူမ တွဲခဲ့ဖူးသော ယောက်ျားများအားလုံး ပေါင်းလိုက်လျှင်ပင် သူ၏ လက်သည်းခွံ တစ်ခုစာမျှပင် မမီနိုင်ပေ။
"ဆရာတော်... မင်္ဂလာပါရှင်... ကျမ... ကျမက ဆရာတော့်ကို အခုလို ဖူးမြော်ခွင့်ရတာ တကယ့်ကို ဘဝဆက်တိုင်းအတွက် ကံကောင်းမှုကြီးပါပဲ..."
ဒုတိယ သခင်မလေးလွမ် နှင့် စကားများနေစဉ်က မြေခွေးမိစ္ဆာ ၏ စကားလုံးများမှာ ရန်လိုနေခဲ့သော်လည်း ကျန်းလျို မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်ရသောအခါ သူမသည် အမာခံ ပရိသတ်မလေး တစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားပုံရလေသည်။
သူမ၏ လက်များကို အဖြူရောင် ဆွယ်တာအင်္ကျီပေါ်တွင် သုတ်လိုက်ပြီး သူ့အား ထိတွေ့လိုသော်လည်း အနားသို့ ချဉ်းကပ်ရန် အရှက်ကြီး ရှက်နေခဲ့လေသည်။
ဤဆွဲဆောင်မှုရှိသော မြေခွေးမိစ္ဆာ သည်လည်း အမာခံ ပရိသတ်မလေး အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျူးပါကျဲ တစ်ယောက် နှာခေါင်းမှ လေပူများ မှုတ်ထုတ်ကာ နှာမှုတ်လိုက်လေသည်။ သူ၏ မျက်လုံးများမှာ မနာလိုဝန်တိုမှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေပြီး ယင်းက သူ၏ ဆုံးဖြတ်ချက်ကို ပို၍ပင် ခိုင်မာသွားစေခဲ့လေသည်။
မည်သို့ပင် ဆိုစေ... သူသည်လည်း ကျမ်းစာပင့်ဆောင်သူ ၏ နောက်သို့ လိုက်ရမည်ဖြစ်ပြီး တပည့်အဖြစ် လက်ခံနိုင်ပါက ပိုကောင်းလေသည်။ အကယ်၍ လက်မခံလျှင်တောင်မှ သူ့နောက်သို့ ဆက်လိုက်သွားပြီး သူ ဘယ်လိုလုပ်သလဲဆိုတာကို အနည်းဆုံးတော့ စောင့်ကြည့်ရမည်သာ ဖြစ်လေသည်။ အကယ်၍ အနည်းငယ်မျှ နားလည်သဘောပေါက်သွားလျှင်ပင် ကြီးမားသော ကံကောင်းမှုကြီး ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ကွမ်ယင် ဗောဓိသတ် ၏ တရားပြမှုကို ခံယူရရှိထားပြီးဖြစ်ရာ ကျမ်းစာပင့်ဆောင်သူ အဖွဲ့နောက်သို့ လိုက်ပါခြင်းမှာ ခိုင်လုံသော အကြောင်းပြချက် ရှိနေပြီ မဟုတ်ပါလော။
"ဒုတိယ သခင်မလေး... နင်... နင် တကယ်ကို ကံကောင်းတာပဲ... ရွှမ်ကျန်းဆရာတော် ရဲ့ သဘောကျမှုကို ခံရတယ်ဆိုတော့လေ..."
တစ်ချိန်တည်း၌ ဒုတိယ သခင်မလေးလွမ် အား ကြည့်နေသော မြေခွေးမိစ္ဆာ ၏ မျက်လုံးများမှာ မနာလိုမှုများဖြင့် ထပ်မံ ပြည့်နှက်သွားလေသည်။
"ဟိုလေ... မင်း တစ်ခုခု အထင်လွဲနေပုံရတယ်... ကိုယ်တော် နဲ့ ဒုတိယ သခင်မလေး လွမ် က မိတ်ဆွေတွေပါပဲ..."
မြေခွေးမိစ္ဆာ တစ်ယောက် ဒုတိယ သခင်မလေး လွမ် နှင့် သူ၏ ဆက်ဆံရေးကို အထင်လွဲနေပုံရသည်ကို ကြားသောအခါ ကျန်းလျို က အလျင်စလို ဝင်ရောက် ရှင်းပြလိုက်လေသည်။
သို့သော်လည်း ဒုတိယ သခင်မလေး လွမ်ကတော့ ကျန်းလျို ၏ ရှင်းပြချက်ကို လျစ်လျူရှုထားပြီး အောင်ပွဲခံနေသော ကြက်မပေါက်စလေး တစ်ကောင်ကဲ့သို့ ခေါင်းကို အနည်းငယ် မော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မြေခွေးမိစ္ဆာ ကို ပြောလိုက်လေသည်။
"ဟွန့်... အခုမှ ငါ့ကို ဒုတိယ သခင်မလေး လို့ ခေါ်ရကောင်းမှန်း သိတော့တယ်ပေါ့လေ... အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ တော်လိုက်တော့... ဒီနေ့ ငါ့ရဲ့ ယွမ်ကျန်းဂူ ကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ..."
ယခု အရေးကြီးသော ကိစ္စရပ်သို့ ရောက်လာသောအခါ မြေခွေးမိစ္ဆာ ၏ အမူအရာမှာ လေးနက်သွားပြီး ပြောလိုက်လေသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က နင် ငါ့ရဲ့ မြေခွေးတောင် ပေါ်ကနေ သက်တမ်း သုံးထောင်ရှိတဲ့ ဂျင်ဆင်းမြစ် တစ်ခုကို တူးယူသွားတယ်လို့ ငါ ကြားတယ်… ဟုတ်တယ် မဟုတ်လား..."
"ငါ ဂျင်ဆင်းမြစ် တစ်ခုကို ရခဲ့တာ မှန်ပါတယ်… ဒါပေမဲ့ အဲဒါ နင့်ဟာလို့တော့ မထင်လိုက်နဲ့... ဒီ ဂျင်ဆင်းမြစ် ကို ငါ့ရဲ့ ဖူလင်တောင် နဲ့ နင့်ရဲ့ မြေခွေးတောင် နယ်စပ်ကြားကနေ ယူခဲ့တာပဲ... လက်ဦးတဲ့သူက ပိုင်တာပေါ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး နင်က ငါ့ကို လာအပြစ်တင်နေတာလား..."
ဒုတိယ သခင်မလေး လွမ် က မြေခွေးမိစ္ဆာ ကို ကြည့်ကာ စိတ်တိုစွာဖြင့် ပြောလိုက်၏။ သူမ လုံးဝ နောက်ဆုတ်ပေးမည် မဟုတ်ကြောင်း သိသာလှပေသည်။
"ဆင်ခြေပေးမနေစမ်းပါနဲ့... အဲဒီ ဂျင်ဆင်းမြစ် က ငါတို့ရဲ့ မြေခွေးတောင် ပေါ်ကနေ တူးယူသွားတာ အသေအချာပါပဲ..."
မြေခွေးမိစ္ဆာသည် အင်အား အပြည့်အစုံနှင့် ချီတက်လာခြင်း ဖြစ်လေရာ ထို ဂျင်ဆင်းမြစ် ကို ရယူရန် သန္နိဋ္ဌာန်ချထားခဲ့လေသည်။ ဒုတိယ သခင်မလေး လွမ် ပြောလိုက်သည့် စကားလေးတစ်ခွန်းကြောင့် သူမက မည်သို့လျှင် အလျှော့ပေးနိုင်ပါမည်နည်း။
နှစ်ဖက်စလုံး အပြန်အလှန် ငြင်းခုံကြပြီးနောက် မကြာမီမှာပင် သက်တမ်း သုံးထောင်ရှိ ဂျင်ဆင်းမြစ် အတွက် စတင် တိုက်ခိုက်ကြလေတော့သည်။
မိစ္ဆာမျိုးနွယ်စုများ၏ လောကတွင် ကိစ္စရပ်များမှာ ရှင်းလင်းပြတ်သားပေသည်။ ရတနာတစ်ခုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်လာပါက သူတို့သည် တိုက်ခိုက်ဖြေရှင်းကြပြီး အနိုင်ရသူက ပိုင်ဆိုင်လေသည်။ ယင်းနောက်ကွယ်တွင် မည်သည့် အကြောင်းပြချက်မှ မရှိပေ။
အမှန်တကယ်တော့ ဂျင်ဆင်းမြစ် သည် မြေခွေးတောင် ပေါ်တွင် ပေါက်ရောက်ခဲ့သည်ဖြစ်စေ၊ ဖူလင်တောင် နယ်စပ်တွင် ပေါက်ရောက်ခဲ့သည်ဖြစ်စေ အရေးမကြီးပေ။
"ဆရာတော်... ကျွန်တော်တို့ ဝင်ပါသင့်လား..."
မိစ္ဆာဘုရင် နှစ်ပါး၏ တိုက်ပွဲကို စောင့်ကြည့်နေသော စွန်းဝူခုန်း သည် စိတ်ဝင်စားမှုမရှိလှဘဲ ခေါင်းလှည့်ကာ ကျန်းလျို ၏ သဘောထားကို မေးမြန်းလိုက်လေသည်။
စွန်းဝူခုန်း ၏ မေးခွန်းကို ကြားသောအခါ ကျန်းလျို သည် တွေဝေသွားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပြင်ပလူတစ်ဦးဖြစ်ပြီး ရတနာလုနေကြသော မိစ္ဆာများ၏ တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းမှာ မသင့်လျော်သလို တရားမျှတမှုလည်း မရှိပေ။
အခြေအနေကို ကြည့်ရသလောက် ဒုတိယ သခင်မလေး လွမ်သည် အားနည်းနေပုံလည်း မရချေ။ သူမက သူ့ အကူအညီကို မလိုအပ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
"ဒုတိယ သခင်မလေး... ကျုပ် ဝက်ကြီး ကူညီပေးဖို့ ရောက်လာပြီ..."
ကျန်းလျို တွေဝေနေစဉ် ဘေးနားရှိ ကျူးပါကျဲ ကတော့ သူ၏ အဖိုးတန် ရွှေထွန်ခြစ် ကို မြှောက်ကာ တိုက်ပွဲထဲသို့ ပြေးဝင်သွားပြီ ဖြစ်လေသည်။
ကျူးပါကျဲ ၏ သဘာဝမှာ လှပသော မိစ္ဆာမလေး များကို သဘောကျတတ်ခြင်း ဖြစ်သော်လည်း ဒုတိယ သခင်မလေးလွမ် နှင့် မြေခွေးမိစ္ဆာ တို့ကြားတွင်မူ ကျူးပါကျဲ သည် ရက်ပေါင်းများစွာ လိုက်လံပိုးပန်းခဲ့ရသော ဒုတိယ သခင်မလေး လွမ် ကိုသာ ရွေးချယ်ခဲ့လေသည်။
ကျူးပါကျဲ ၏ ခွန်အားဖြင့် သူ ဝင်ရောက်ပါဝင်လာခြင်းက တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်သွားစေခဲ့လေသည်။
ဘုန်း...
ခက်ရင်းခွ တုန်ခါသွားပြီးနောက် မြေခွေးမိစ္ဆာ လွင့်စင်ထွက်သွားကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သွေးအန်ကာ ဒဏ်ရာပြင်းထန်စွာ ရသွားလေသည်။
ကျန်းလျို၏ မျက်လုံးထဲတွင် မြေခွေးမိစ္ဆာ ၌ မူလက သွေးတန်း ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးသော်လည်း တစ်ကွက်တည်းဖြင့် သုံးပုံတစ်ပုံခန့်သာ ကျန်တော့သည်အထိ လျော့ကျသွားသည်ကို မြင်လိုက်ရလေသည်။
တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော မြေခွေးမိစ္ဆာ သည် ကျူးပါကျဲ ၏ စွမ်းအားကို နားလည်သွားလေသည်။ သူမသည် ထိတ်လန့်သွားကာ ဆက်လက် မတိုက်ခိုက်ရဲတော့ဘဲ သူမ၏ လက်အောက်ငယ်သားများဖြစ်သော မိစ္ဆာစစ်သူကြီး များကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်ပြေးသွားလေတော့သည်။
ယင်းကို မြင်သောအခါ ကျန်းလျို က စိတ်ထဲမှ တွေးလိုက်လေသည်။
"မူရင်း ဇာတ်လမ်းထဲမှာ ပါကျဲ က ဘာလို့ ဒုတိယ သခင်မလေး လွမ် နဲ့ အတူရှိသွားနိုင်ခဲ့တာလဲ ဆိုတာကို အခုတော့ ငါ နားလည်သွားပြီ..."
ဒုတိယ သခင်မလေး လွမ် သည် ကျူးပါကျဲ ကို အထင်မကြီးသော်လည်း ကျူးပါကျဲ မှာ အလွန် စွမ်းအားကြီးမားကြောင်းကိုမူ ဝန်ခံရမည် ဖြစ်လေသည်။ သူသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် မိစ္ဆာ များ၊ တာအိုကျင့်ကြံသူများနှင့် ရဟန်းများသာမက လူ့ပြည်သို့ ဆင်းသက်လာသော ကောင်းကင်နတ်ဘုရားများပင် ဖြစ်စေကာမူ ကျူးပါကျဲ သည် သူမကို လုံးဝ ကာကွယ်ပေးနိုင်စွမ်း ရှိပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဒုတိယ သခင်မလေး လွမ် ၏ နှလုံးသားကို ဖြည်းဖြည်းချင်း အနိုင်ယူနိုင်ရန်မှာ မဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။
သို့သော်လည်း ကျူးပါကျဲ ၏ အကူအညီအတွက် ဒုတိယ သခင်မလေး လွမ် က သူ့ကို ကျေးဇူးမတင်ခဲ့ပေ။ ထိုအစား သူမသည် ကျန်းလျို ထံသို့ လျှောက်သွားကာ ကျက်သရေရှိစွာ ပြုံးပြပြီး အနည်းငယ် အရိုအသေပေးလျက် ပြောလိုက်လေသည်။
"ဆရာတော်... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… တကယ်ကို ကျေးဇူးတင်လှပါတယ်..."
ကျူးပါကျဲက ကျန်းလျို အား ဆရာတင်ရန် ကျယ်လောင်စွာ အော်ဟစ်တောင်းပန်ခဲ့ပြီး ကျန်းလျို ကလည်း ငြင်းပယ်ခြင်း မရှိခဲ့ပေ။ ဒုတိယ သခင်မလေး လွမ် ၏ အမြင်တွင်တော့ သူတို့သည် ဆရာနှင့် တပည့်အဖြစ် ထင်မှတ်စရာ ဖြစ်နေလေသည်။
ယွမ်ကျန်းဂူ တွင် ပြဿနာတက်နေကြောင်း ကြားသည်နှင့် ဆရာတော် က ပထမဆုံး အပြေးထွက်လာခဲ့လေသည်။ သူနှင့် မြေခွေးမိစ္ဆာ တို့ တိုက်ခိုက်ကြသည်ကို မြင်သောအခါ ကျူးပါကျဲ ဝင်ကူညီခြင်းမှာ ဆရာတော်၏ စနက်ကြောင့်ဟု သူမက တန်းကာ ယုံကြည်လိုက်ခြင်း ဖြစ်သည်။
ဒုတိယ သခင်မလေး လွမ်က မိမိအား ကျေးဇူးတင်နေသည်ကို ကြားသောအခါ ကျန်းလျိုမှာ သူမ အထင်လွဲနေကြောင်း သဘောပေါက်သွားပြီး ရှင်းပြလိုက်လေသည်။
"စောစောက လုပ်ရပ်က ပါကျဲ ရဲ့ ကိုယ်ပိုင်သဘောဆန္ဒပါ… ကိုယ်တော် နဲ့ ဘာမှမဆိုင်ပါဘူး..."
"ဆရာတော် ရှင်းပြနေစရာ မလိုပါဘူး… ကျွန်မ အားလုံး နားလည်ပါတယ်..."
သို့သော်လည်း ဒုတိယ သခင်မလေး လွမ် သည် သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ထားသည်ကိုသာ ယုံကြည်နေခဲ့လေသည်။
အဖိုးတန် ရွှေထွန်ခြစ် ကို ကိုင်ဆောင်ထားသော ကျူးပါကျဲ သည် ရှုပ်ထွေးမှုများကြားတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း သေချာ ပြန်တွေးကြည့်သောအခါ မည်သည့်အရာမျှ မှားယွင်းနေပုံ မပေါ်ပေ။ သူ ဗိုက်ပူကြီးကိုသာ တွင်တွင်ပွတ် နေမိလေတော့သည်။
***
အပိုင်း(၁၇၂)
ဖူလင်တောင် ခြေရင်းတွင် အနီရောင် သင်္ကန်း ကို ဝတ်ရုံထားပြီး ဦးခေါင်းတွင် နံသာတိုင် အမာရွတ် ခြောက်ခုရှိသော ရဟန်းတစ်ပါးသည် တစ်ခုခုကို စောင့်ဆိုင်းနေသည့်အလား တိတ်ဆိတ်စွာ တရားထိုင်နေလေသည်။
ဤဆရာတော်၏ နောက်ကွယ်တွင် တည်ငြိမ်သော အမူအရာများဖြင့် ရဟန်း ဒါဇင်ပေါင်းများစွာ ပုန်းကွယ်နေကြလေသည်။
ဒဏ်ရာပြင်းထန်စွာ ရထားသော မြေခွေးမိစ္ဆာ သည် ဖူလင်တောင် မှ ဆင်းသက်လာသောအခါ ဤဦးဆောင်နေသော ရဟန်းက သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာကာ မတ်တတ်ရပ်လိုက်လေသည်။
"ဟွေဝူဆရာတော်... ဆရာတော် ပြောခဲ့သလိုပဲ မြေခွေးမိစ္ဆာ နဲ့ ဒုတိယ သခင်မလေး လွမ် တို့ နှစ်ယောက်စလုံး တိုက်ပွဲမှာ ဒဏ်ရာရသွားကြပြီ... အခု က သူတို့နှစ်ယောက်လုံးကို ဖမ်းဆီးဖို့ အကောင်းဆုံး အခွင့်အရေးပဲ… ပုညကုသိုလ် ကျောင်းတော် ရဲ့ နာမည်ကလည်း ပိုပြီး ကျော်ကြားလာတော့မှာပဲ..."
ဦးဆောင်နေသော ဆရာတော်၏ နောက်တွင် ရပ်နေသော ရဟန်းတစ်ပါးက မျက်လုံးများတွင် ဝမ်းမြောက်မှုများဖြင့် ပြောလိုက်လေသည်။
"ဟား ဟား ဟား... မှန်တာပေါ့... ဒီနှစ်တွေတစ်လျှောက်လုံး ဟွေဝူဆရာတော် က မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ဖယ်ရှားခဲ့တယ်… မိစ္ဆာဘုရင် ဒါဇင်ပေါင်းများစွာကိုတောင် သတ်ဖြတ်နိုင်ခဲ့တယ်လေ... ဒါပေမဲ့ ဒီလို အောင်မြင်မှုမျိုးက တခြားသူတွေအတွက်တော့ အလှမ်းဝေးလွန်းပါတယ်..."
အခြား ရဟန်းတစ်ပါးက ထပ်ဖြည့်ပြောလိုက်လေသည်။
တပည့်ရဟန်းများ၏ ချီးကျူးစကားများကို ကြားသောအခါ ဟွေဝူဆရာတော် သည် တိုးတိတ်စွာ ဘုရားစာရွတ်လိုက်ပြီး မျက်နှာပေါ်တွင် ကျေနပ်နေသော အမူအရာတစ်ခု ထွက်ပေါ်လာလေသည်။
"အော မိ တော် ဖော... မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ဖယ်ရှားဖို့ဆိုတာ ကြီးမားတဲ့ နတ်စွမ်းရည်တွေ၊ ကြီးမားတဲ့ သတ္တိတွေ လိုအပ်သလို၊ ကြီးမားတဲ့ ဉာဏ်ပညာ လည်း လိုအပ်ပါတယ်..."
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူသည် မိစ္ဆာဘုရင် ဒါဇင်ပေါင်းများစွာ အပါအဝင် မရေမတွက်နိုင်သော မကောင်းဆိုးဝါး မိစ္ဆာများကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့ပြီး ဖြစ်လေသည်။ သို့သော်လည်း ထိုတိုက်ပွဲများကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ မဟုတ်ဘဲ လှည့်စားခြင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်လေသည်။
မိစ္ဆာဘုရင် တစ်ပါးပါး ဒဏ်ရာရရှိနေသည့် အချိန်တိုင်း ဟွေဝူ သည် တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေလေ့ရှိပြီး ထက်ဝက်သော အားထုတ်မှုဖြင့် နှစ်ဆသော ရလဒ်များကို မကြာခဏ ရရှိခဲ့လေသည်။
ထောင်ချောက်ဆင်ရန် အခွင့်အရေးရှိလျှင်လည်း သေချာပေါက် အလုပ်ဖြစ်ပေသည်။ အသေအလဲ တိုက်ပွဲမျိုး တစ်ခါမျှ မကြုံဖူးဘဲ မိစ္ဆာဘုရင် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ခြင်းက ဟွေဟိုင်ဆရာတော် ၏ အမြဲတမ်း အဂုဏ်ယူရဆုံး အောင်မြင်မှုပင် ဖြစ်လေသည်။
"မြေခွေးမိစ္ဆာ က ဒဏ်ရာရထားပြီ... ဒီတိုက်ခိုက်မှုမှာ ငါနဲ့ ပူးပေါင်းကြ… ဒါပေမဲ့ ခွန်အားကိုတော့ ချွေတာထားကြဦး... သူ ဒဏ်ရာရထားတယ်ဆိုတော့ ဟို ဒုတိယ သခင်မလေး လွမ် လည်း သိပ်သက်သာမှာ မဟုတ်ဘူး... ဒီ မကောင်းဆိုးဝါး မိစ္ဆာကို ဖမ်းဆီးပြီးတာနဲ့ ငါတို့ ယွမ်ကျန်းဂူ ကို သွားကြမယ်..."
မတ်တတ်ရပ်လိုက်ပြီးနောက် ဟွေဝူဆရာတော် က ညွှန်ကြားလိုက်လေသည်။
"မှန်လှပါ ဟွေဝူဆရာတော်... ဒီနေ့ မိစ္ဆာဘုရင် နှစ်ပါးစလုံးကို နှိမ်နင်းနိုင်ခဲ့မယ်ဆိုရင် ပုညကုသိုလ် ကျောင်းတော် က မိုင်ထောင်ချီတဲ့အထိ တကယ်ကို ပြိုင်ဘက်ကင်းဖြစ်သွားတော့မှာပါ..."
ယင်းကို ကြားသောအခါ ဘေးပတ်လည်ရှိ ဗုဒ္ဓဘာသာ မှ ရဟန်းများအားလုံးသည် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြလေသည်။
မိစ္ဆာဘုရင် နှစ်ပါးကို တစ်ပြိုင်နက်တည်း နှိမ်နင်းခြင်း... ၎င်းက အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော လုပ်ရပ်တစ်ခု ဖြစ်ပေသည်။
အတွေးတစ်ခုနှင့်အတူ ထိုဘုန်းတော်ကြီးများသည် အဓိပ္ပာယ်မရှိသည်များကို ဖယ်ထားကာ ချက်ချင်း လက်တွေ့ လှုပ်ရှားလိုက်ကြလေသည်။ သူတို့သည် သပိတ်၊ စိပ်ပုတီး၊ မိစ္ဆာနှိမ်နင်းရေး ကျည်ပွေ့ နှင့် သင်္ကန်း များ အစရှိသော ဗုဒ္ဓ ရတနာမျိုးစုံကို ထုတ်လွှတ်လိုက်ကြရာ တစ်ခဏအတွင်းမှာပင် ထိုမြင်ကွင်းမှာ ကြီးကျယ်ခမ်းနားပြီး ထိတ်လန့် အံ့ဩဖွယ် ကောင်းနေလေတော့သည်။
မဟာယန ဆရာတော်များ၏ ဤရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ မြေခွေးမိစ္ဆာ နှင့် သူမ၏ အဖော်များသည် လျင်မြန်စွာ တုံ့ပြန်လိုက်ကြလေသည်။ သို့သော် ယွမ်ကျန်းဂူ တွင် ကြီးမားသော တိုက်ပွဲကြီးတစ်ခုကို ယခုလေးတင် ဆင်နွှဲထားရသော မြေခွေးမိစ္ဆာ သည် မဟာယန ဆရာတော်များကို မည်သို့လျှင် ယှဉ်ပြိုင်နိုင်မည်နည်း။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် မြေခွေးမိစ္ဆာ နှင့် သူမ၏ ဆွေမျိုးသားချင်းများ အားလုံး အသတ်ခံလိုက်ရလေသည်။
"ကောင်းပြီ... ဒီအလောင်းတွေကို စုသိမ်းပြီး ယွမ်ကျန်းဂူ ကို ဆက်သွားကြစို့..."
တိုက်ပွဲမှာ ပြင်းထန်ခဲ့သော်လည်း မိစ္ဆာ အများစုမှာ ဒဏ်ရာအချို့ ရရှိထားပြီးဖြစ်သောကြောင့် ရဟန်းများမှာ အသေအပျောက် မရှိခဲ့ပေ။ ခေတ္တမျှ အနားယူပြီးနောက် ဟွေဝူဆရာတော် က ပြောလိုက်လေသည်။
ဟွေဝူဆရာတော် ၏ စကားကြောင့် အနီးနားရှိ ရဟန်းများသည် ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။
ဒဏ်ရာရရှိထားသော ရဟန်းအချို့သည် သူတို့၏ ဒဏ်ရာများကို အလျင်အမြန် ကုသလိုက်ကြလေသည်။ အသတ်ခံရသော မိစ္ဆာ များမှာ ပုညကုသိုလ် ကျောင်းတော် ၏ ဂုဏ်ကျက်သရေများ ဖြစ်သောကြောင့် ကျောင်းတော်သို့ ပြန်လည် သယ်ဆောင်သွားရမည် ဖြစ်လေသည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်လွန်သွားပြီးနောက် ရဟန်းများသည် ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြလေပြီ။ စစ်ရေးလှုပ်ရှားမှု၏ အဓိကအချက်မှာ အမြန်နှုန်းဖြစ်ရာ သူတို့သည် ဒုတိယ သခင်မလေး လွမ် အပြည့်အဝ ပြန်လည်မသက်သာလာမီ သူမ၏ ဒဏ်ရာများကို အခွင့်ကောင်းယူရန် ရည်ရွယ်ထားကြလေသည်။ လေကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလျက် သူတို့သည် ယွမ်ကျန်းဂူ ဆီသို့ ချဉ်းကပ်သွားကြလေသည်။
သို့သော်လည်း သူတို့ ယွမ်ကျန်းဂူ အနီးသို့ ချဉ်းကပ်သွားသောအခါ ဂူပေါက်ဝ၌ စကားပြောဆိုနေကြသော မိစ္ဆာ နှစ်ကောင်ကို မြင်လိုက်ရလေသည်။
၎င်းတို့မှာ မျောက်တစ်ကောင်နှင့် မြင်းဖြူတစ်ကောင် ဖြစ်လေသည်။
"ရှောင်ပိုင်... အဲဒီ အချစ်ကိစ္စတွေကို မင်း တကယ်ပဲ စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်နေတာလား... ဆရာတော် က ခံစားချက်တွေကြားမှာ ပိတ်မိနေတာကို ငါမြင်ရသလို… ဟိုငတုံးကောင်ကလည်း အရူးတစ်ပိုင်း နစ်မွန်းနေတာပဲ... ငါ စွန်းဝူခုန်း မှာ အဲဒီလို ပူပန်စရာတွေ မရှိတာ တကယ်ကို ကံကောင်းတာပဲ..."
စွန်းဝူခုန်းက နဂါးမြင်းဖြူ ၏ ကျောပေါ်တွင် လှဲလျောင်းကာ ငှက်ပျောသီး တစ်လုံးကို ကိုက်စားရင်း ပြောလိုက်လေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နဂါးမြင်းဖြူက ရုတ်တရက် လွမ်းဆွတ်တမ်းတစွာဖြင့် ပြောလိုက်လေသည်။
"အစ်ကိုကြီး ကို ကျွန်တော် အားကျမိတယ်ဗျာ..."
ခံစားချက်များအကြောင်း ပြောဆိုမှုက သူ့အား ဇနီးဖြစ်သူ ဝမ်ရှန်း မင်းသမီးကို ပြန်လည်သတိရစေခဲ့လေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူမသည် ခေါင်းကိုးလုံး မိစ္ဆာ အတွက် သူ့အပေါ် သစ္စာဖောက်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
သူ့လို အနောက်ပင်လယ် နဂါးနန်းတော်၏ တတိယမြောက် နန်းမွေခံမင်းသားလေးမှာ ပိုးကောင်တစ်ကောင်လောက်တောင် အဆင့်မမီခဲ့...။ ထိုအတွေးများနှင့်အတူ နဂါးမြင်းဖြူ ၏ ရင်ထဲတွင် နာကြည်းမှုများ ဖြစ်ပေါ်လာလေသည်။
"အို... ရှောင်ပိုင်... မင်းမှာလည်း မင်းရဲ့ ပြဿနာတွေ ရှိနေပုံရတယ်... ဒါပေမဲ့ ငါ စွန်းဝူခုန်း ဖြစ်ရတာ သိပ်ကောင်းတာပဲ... ဟား ဟား ဟား..."
နဂါးမြင်းဖြူ ၏ စကားကို ကြားသောအခါ စွန်းဝူခုန်း သည် ရုတ်တရက် ဝမ်းသာသွားပြီး ထိုကဲ့သို့သော ပြဿနာများ ကင်းစင်နေသူမှာ သူတစ်ဦးတည်းသာ ဖြစ်ကြောင်း သာလွန်သော ခံစားချက်တွင် နစ်မြောသွားလေသည်။
"အစ်ကိုကြီး... တစ်ယောက်ယောက် လာနေပုံရတယ်..."
နဂါးမြင်းဖြူက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဘေးဘက်သို့ တစ်ချက်ကြည့်ကာ တိုးတိတ်စွာ ပြောလိုက်လေသည်။
"ကောင်းကင်နတ်အဆင့်ကိုတောင် မရောက်သေးတဲ့ လူတစ်စုပါကွာ... ဂရုစိုက်စရာ မလိုပါဘူး..."
စွန်းဝူခုန်းက ငှက်ပျောသီး၏ နောက်ဆုံးတစ်ဝက်ကို ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး ငှက်ပျောခွံကို ပေါ့ပေါ့ဆဆ လွှင့်ပစ်ကာ စိတ်ဝင်စားမှုမရှိလှဘဲ ခေါင်းယမ်းလျက် ပြန်ဖြေလိုက်လေသည်။
...
"ဆရာတော်... မျောက်မိစ္ဆာ တစ်ကောင်နဲ့ မြင်းမိစ္ဆာ တစ်ကောင် ရှိနေတယ်... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ..."
ဟွေဝူဆရာတော် နှင့် သူ၏ တပည့်များသည် အရိပ်ထဲတွင် ပုန်းကွယ်နေပြီး မျောက်နှင့် မြင်းတို့ စကားပြောနေကြသည်ကို စောင့်ကြည့်နေလေသည်။ သူတို့သည် အတော်လေး ဝေးကွာနေပြီး ထိုသတ္တဝါများ ဘာပြောနေသည်ကို သေချာစွာ မကြားရသော်လည်း ယွမ်ကျန်းဂူ အနီးရှိ စကားပြောနိုင်သော တိရစ္ဆာန်များမှာ မကောင်းဆိုးဝါး မိစ္ဆာ များသာ ဖြစ်နိုင်လေသည်။
"သူတို့ကို ကြည့်ရတာ သာမန် မိစ္ဆာ နှစ်ကောင်ပါပဲ... ဆူညံသံ မထွက်စေဘဲ သူတို့ကို တိတ်တဆိတ် ရှင်းလင်းလိုက်ကြတာပေါ့..."
ဟွေဝူဆရာတော်က တစ်ချက်ကြည့်လိုက်ပြီးနောက် တိုးတိတ်စွာ ပြောလိုက်လေသည်။ မျောက်နှင့် မြင်းတို့ထံမှ သိသာထင်ရှားသော ခြိမ်းခြောက်မှု မတွေ့ရသော်လည်း သူက အမိန့်ကို ညင်သာစွာ ပေးလိုက်လေသည်။
"နားလည်ပါပြီ..."
အနီးနားရှိ ရဟန်းတစ်ပါးသည် ခေါင်းညိတ်လိုက်ပြီးနောက် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ မိစ္ဆာနှိမ်နင်းရေး တောင်ဝှေး ကို မြှောက်လိုက်လေသည်။ တောင်ဝှေးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မျောက် ၏ အနောက်ဘက်မှနေ၍ ရိုက်ခတ်သွားလေသည်။
ထိုမျှ အဆင့်နိမ့်သော မိစ္ဆာ တစ်ကောင်အတွက် နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ရှိသော ကျင့်ကြံသူတစ်ဦး၏ ချောင်းမြောင်းတိုက်ခိုက်မှုမှာ ပုရွက်ဆိတ်တစ်ကောင်ကို ချေမွပစ်ရသည်နှင့် မည်သို့မျှ မကွာခြားပေ။
"ချွင်"
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ အရိပ်ထဲတွင် ပုန်းအောင်းနေသော ရဟန်းများကို လန့်ဖျပ်သွားစေပြီး သူတို့၏ မျက်လုံးများမှာ အံ့ဩထိတ်လန့်မှုကြောင့် ပြူးကျယ်သွားလေသည်။
မိစ္ဆာနှိမ်နင်းရေး ကျည်ပွေ့ သည် မျောက် ၏ ခေါင်းကို အောင်မြင်စွာ ထိမှန်သွားသည်ကို သူတို့ မြင်လိုက်ရသော်လည်း ယင်းမှာ သံတုံးကို ရိုက်မိသကဲ့သို့ ဖြစ်နေလေသည်။ ရဟန်းများသည် သူတို့မြင်လိုက်ရသည်ကို နားမလည်နိုင်ဘဲ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြလေသည်။
"ဒါက နောက်နေတာလား..."
မိစ္ဆာနှိမ်နင်းရေး ကျည်ပွေ့ ကို အသုံးပြုခဲ့သော ရဟန်းမှာ လုံးဝ ဆွံ့အမှင်တက်သွားကြ၏။ မိစ္ဆာဘုရင် တစ်ပါးပင်လျှင် ချောင်းမြောင်းတိုက်ခိုက်ခံရပါက အနည်းဆုံးတော့ ဒဏ်ရာအနည်းငယ် ရရှိမည်ဖြစ်သည်။ ဤမျောက်၏ ခန္ဓာကိုယ်က အဘယ်ကြောင့် ယခုလောက် အထိ မာကြော နေရသနည်း။
"မိစ္ဆာဘုရင် လား... ကာကွယ်မှု နတ်စွမ်းရည်တွေ တတ်ထားတဲ့ မိစ္ဆာဘုရင် လား..."
ရဟန်းတော်များမှာ တွေးလိုက်မိ၏။ ပိန်ပိန်ပါးပါးနှင့် အရပ်ပုသော မျောက်ကလေးမှာ တကယ်ပဲ မိစ္ဆာ ဘုရင် အဆင့်တွင် ရှိနေသည်လား။ ဤအချက်က အနီးနားရှိ ဟွေဝူဆရာတော် ကိုပင် လန့်ဖျပ်သွားစေလေသည်။
မျောက်မှာ မိစ္ဆာဘုရင် တစ်ပါးဖြစ်နေသောကြောင့် တိတ်တဆိတ် ရှင်းလင်းပစ်၍ မရနိုင်တော့ရာ ဟွေဟိုင်ဆရာတော် သည် မတ်တတ်ရပ်လိုက်ပြီး သူ၏ လက်ဖဝါးများကို ပူးကပ်လိုက်လေသည်။
ဟူး... ဟူး...
ရွှေရောင် ဗုဒ္ဓအလင်းတန်းများသည် ဟွေဟိုင်ဆရာတော် ၏ နောက်ကွယ်တွင် စုဝေးလာပြီး အမြင့် ဆယ်ကျန်း ရှိသော ဗောဓိသတ် ပုံရိပ်တစ်ခု အဖြစ် ဖြစ်ပေါ်လာသည်။ ဟွေဝူ ဆရာတော်က လက်ဖဝါးများကို မြှောက်လိုက်လေသည်။ သူ လှုပ်ရှားလိုက်သည်နှင့်အမျှ သူ၏ နောက်ကွယ်ရှိ ဗောဓိသတ် ပုံရိပ်သည်လည်း လက်ကို မြှောက်လိုက်ပြီးနောက် စွန်းဝူခုန်း ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
အမြင့် ဆယ်ကျန်းရှိသော ပုံရိပ်ကြီးသည် စွန်းဝူခုန်း၏ ပုပြတ်ပြီး သေးငယ်သော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လိုက်လျှင် သေးငယ်လှသော ကြွက်ငယ်လေးတစ်ကောင်ကို ခုတ်ထစ်ရန် ဧရာမ ပုဆိန်ကြီးကို အသုံးပြုနေသကဲ့သို့ပင် ဖြစ်နေ၏။ ၎င်းတို့၏ အရွယ်အစား ကွာဟချက်မှာ အလွန်တရာ ကြီးမားလှပေသည်။
ဘုန်း...
ဗောဓိသတ် ပုံရိပ်၏ လက်ဝါးစောင်းသည် စွန်းဝူခုန်း၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သောအခါ ညနေခင်းစည်သံများနှင့် နံနက်ခင်းခေါင်းလောင်းသံများ ထွက်ပေါ်လာသကဲ့သို့ ထင်ရလေသည်။ သို့သော်လည်း စွန်းဝူခုန်းမှာ လုံးဝ တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။ ထိုအစား သူသည် ခေါင်းကို အနည်းငယ် လှည့်ကာ သမ်းဝေလိုက်ပြီး ပြောလိုက်လေသည်။
"ငါ စွန်းဝူခုန်း က မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့ တစ်နေ့လုံး နေလို့ထိုင်လို့ မကောင်းဖြစ်နေတာ... မင်းက ငါ့ကို လန်းဆန်းသွားအောင် လုပ်ပေးတာလား..."
***