အခန်း (၁၇၃-၁၇၄)
Vol. 13 Ch. 173-174
အပိုင်း(၁၇၃)
"ဒါက ဘယ်လို မကောင်းဆိုးဝါး မိစ္ဆာ မျိုးလဲ..."
ဟွေဝူ ဆရာတော် တစ်ယောက် အလွန်ပင် ထိတ်လန့် တုန်လှုပ် နေခဲ့ပြီ ဖြစ်သည်။ ဗလာနယ်သို့ ပြန်လည်ဝင်ရောက်ခြင်းအဆင့် ရှိ မဟာကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤမျောက်သည် သူ၏ တိုက်ခိုက်မှုကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် ခုခံကာကွယ်နိုင်ခဲ့ပြီး လုံးဝ ထိခိုက်ဒဏ်ရာလည်း လုံးဝ မရရှိခဲ့ချေ။
သာမန်ရုပ်ထွက်ရှိသော ဤမျောက်လေးက ဤမျှလောက် ကြောက်စရာကောင်းနေမည်ကို ယုံကြည်ရန် ခက်ခဲလှပေသည်။
ယွမ်ကျန်းဂူ အတွင်းမှ ကျန်းလျို၊ ကျူးပါကျဲ နှင့် ဒုတိယ သခင်မလေး လွမ် တို့သည်လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြလေသည်။
ဟွေဝူ ဆရာတော်၏ တိုက်ခိုက်မှုသည် စွန်းဝူခုန်း အား မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့သော်လည်း တိုက်ခိုက်မှု၏ အားအင်မှာ ကြီးမားလှဆဲဖြစ်ရာ ယွမ်ကျန်းဂူ အတွင်းရှိ လူတိုင်းသည် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရလေသည်။
"ခွေးကောင်တွေ..."
စွန်းဝူခုန်း၏ အကြည့်များက ဟွေဝူ ဆရာတော်ထံသို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများတွင် ကြမ်းတမ်းသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
စွန်းဝူခုန်း အတွက် ဤရဟန်းအနည်းငယ်မှာ ပြောပလောက်သည့်အရာများ မဟုတ်သော်လည်း သေးငယ်သော ခြင်တစ်ကောင်ပင်လျှင် သူ့ကို ကိုက်ရန် ရဲတင်းနေမည်ဆိုပါက ရိုက်သတ်ပစ်ရန် သူ ဝန်လေးမည် မဟုတ်ပေ။
"ဂီး..."
စွန်းဝူခုန်း ၏ မျက်လုံးများတွင် အန္တရာယ်ပြုလိုသော အရိပ်အယောင်များ တောက်ပလာပြီးနောက် ပါးစပ်ကိုဟ၍ ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။ ထိုအော်ဟစ်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာလေသည်။
မိစ္ဆာ များကို နှိမ်နင်းပြီး မကောင်းဆိုးဝါးများကို ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် စုရုံးနေကြသော ရဟန်းများသည် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုက သူတို့ကို ဝင်ရောက်တိုက်ခိုက်လာသည်ကို ခံစားလိုက်ကြရလေသည်။ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ရှိသော ရဟန်းအချို့မှာ သွေးအန်ကာ မြေကြီးပေါ်သို့ လဲကျသွားပြီး သေသည် ရှင်သည်ကိုပင် မသိနိုင်တော့ပေ။
ဦးဆောင်လာသော ဟွေဝူဆရာတော် ပင်လျှင် ဤမိစ္ဆာစွမ်းအင်ကြောင့် နောက်သို့ လွင့်စင်သွားရပြီး သူ၏ နောက်ကွယ်တွင် စုဝေးနေသော ဗောဓိသတ် ပုံရိပ်မှာလည်း အက်ကွဲရာများ ထင်ဟပ်လာကာ အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားလေတော့သည်။
"ဟိန်းသံ တစ်ချက်တည်းနဲ့တင် ငါ့ရဲ့ ဂါထာမန္တန်ကို ဖျက်ဆီးပစ်နိုင်တယ်... ဒီ... ဒီ မျောက်မိစ္ဆာ က ဘယ်အဆင့်မှာ ရှိနေတာလဲ... ကောင်းကင်နတ်အဆင့် လား..."
ဟွေဝူဆရာတော် သည် စွန်းဝူခုန်း အား ကြောက်လန့်တကြား စိုက်ကြည့်နေပြီး စိတ်ထဲမှ မယုံနိုင်စွာဖြင့် တွေးလိုက်လေသည်။
ကောင်းကင်နတ်များနှင့် မိစ္ဆာဘုရင်များအကြား အဆင့်တစ်ဆင့်သာ ကွာဟသော်လည်း လူသားနှင့် နတ်ဘုရားတို့ကြား ကွာဟချက်ကဲ့သို့ များပြားလှပေသည်။
ကောင်းကင်နတ်အဆင့် ရှိသော ပုဂ္ဂိုလ်များသည် နတ်ဘုရားများ၏ စာရင်းတွင် ပါဝင်နိုင်ပြီး အနောက်ဘက် နတ်ဝိညာဉ်တောင်တော် တွင်ပင် ရဟန္တာ အဆင့်အတန်းအတွက် အရည်အချင်းပြည့်မီသည်။ သာမန် လူသား ကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာဘုရင် များနှင့် ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
ကောင်းကင်နတ် ဆိုသည်မှာ ကျင့်စဉ်အဆင့်တစ်ခုပင် ဖြစ်လေသည်။ လွတ်လပ်သော နတ်အဆင့်၊ မြေကမ္ဘာနတ်အဆင့် စသည်ဖြင့် နတ်အဆင့်များမှာ အဆင့်အတန်းကို ကိုယ်စားပြုလေသည်။ သို့သော် လွတ်လပ်သော နတ်အဆင့် တွင် ကောင်းကင်ဘုံ ၌ တရားဝင် ရာထူးမရှိသလို မှတ်တမ်းတင်ထားခြင်းလည်း မရှိပေ။ မြေကမ္ဘာနတ်အဆင့် ကမူ ကောင်းကင်ဘုံ ၏ မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသော်လည်း လူ့ပြည်တွင်သာ နေထိုင်ကြလေသည်။
"အို... မသေသေးဘူးလား... ကြည့်ရတာ ခုနက မင်းရဲ့ ဂါထာမန္တန်က သိပ်မဆိုးဘူးပဲ..."
စွန်းဝူခုန်း သည် ဦးဆောင်နေသော ရဟန်းထံသို့ လှမ်းကြည့်လိုက်ပြီး သူ အသက်ရှင်နေသေးသည်ကို အနည်းငယ် အံ့ဩသွားကာ ပြုံးလျက် ပြောလိုက်လေသည်။
"ဝူခုန်း... ရပ်လိုက်စမ်း..."
စွန်းဝူခုန်း ထပ်မံ လှုပ်ရှားတော့မည်ကို မြင်သောအခါ ကျန်းလျို က အော်ဟစ်လိုက်လေသည်။ ယခုအခါ သူသည် ဗုဒ္ဓဘာသာ လမ်းစဉ် တပည့်တစ်ဦးဖြစ်နေပြီဖြစ်ရာ ဤဆရာတော် သေလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ အနည်းဆုံးတော့ အကြောင်းရင်းများကို မေးမြန်းသင့်သည် မဟုတ်ပါလော။
ကျန်းလျို ၏ အော်ခေါ်သံကို ကြားသောအခါ စွန်းဝူခုန်း သည် ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
ယင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ခြင်တစ်ကောင်မျှသာဖြစ်ပြီး ရိုက်သတ်ပစ်ရန် သူ ဝန်မလေးပေ။သို့သော်လည်း သူ၏ ဆရာတော် က ရပ်တန့်ရန် ပြောလာသောကြောင့် သူ ရပ်တန့်လိုက်လေသည်။
"မင်း... မင်းကလည်း ရဟန်းတစ်ပါး ဖြစ်နေရက်နဲ့ မကောင်းဆိုးဝါး မိစ္ဆာ တွေနဲ့ ပေါင်းသင်းနေတယ်ပေါ့လေ..."
ဟွေဝူဆရာတော် သည် ယွမ်ကျန်းဂူ ထဲမှ ထွက်လာသော ကျန်းလျို ကို နောက်ဆုံးတွင် သတိပြုမိသွားပြီး ဆူပူကြိမ်းမောင်းလိုက်လေသည်။
"အောမိတော်ဖော... ဒီဆရာတော်ကို ဘယ်လိုများ ခေါ်ရမလဲ... ခုနက ဘာတွေဖြစ်သွားတာလဲ... တစ်ခုခု အထင်လွဲနေတာများ ရှိနေသလား..."
မိမိတို့ဘက်မှ မည်သည့် ထိခိုက်ဆုံးရှုံးမှုမျှ မရှိခဲ့သောကြောင့် ကျန်းလျို သည် ဒေါသထွက်ခြင်းမရှိဘဲ မေးလိုက်လေသည်။ မြေကြီးပေါ်တွင် လဲကျနေသော ရဟန်းအချို့ကို ကြည့်လိုက်ရုံဖြင့် သူတို့၏ သွေးတန်း များမှာ လုံးဝ ကုန်ဆုံးနေပြီဖြစ်ရာ သေချာပေါက် သေဆုံးသွားပြီဖြစ်ကြောင်း သိသာလှပေသည်။
"အထင်လွဲတာ ဟုတ်လား... မိစ္ဆာ တွေနဲ့ လူတွေက ဘယ်တော့မှ အတူယှဉ်တွဲ မနေနိုင်ဘူး... ဘာအထင်လွဲစရာ ရှိရမှာလဲ... မိစ္ဆာ တွေနဲ့ ပေါင်းသင်းနေတဲ့ မင်းလို ရဟန်းပျိုက မိစ္ဆာလမ်းစဉ် ကို ရောက်နေတာ သေချာတယ်… ပြီးတော့ အနာဂတ်မှာ မင်း သေချာပေါက် အဝီစိငရဲ ကို ကျပြီး ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး..."
"ဒါဆို ဆရာတော်က ယွမ်ကျန်းဂူ ကို လာပြီး မိစ္ဆာတွေကို နှိမ်နင်းဖို့ ပြင်ဆင်လာရင်းနဲ့ ဝူခုန်း နဲ့ လာတိုးတာပေါ့လေ..."
ရဟန်း၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ရုတ်တရက် သဘောပေါက်သွားလေသည်။
"အောမိတော်ဖော... ဆရာတော် သွားလို့ရပါပြီ..."
ကျန်းလျို က ခေါင်းယမ်းကာ ပြောလိုက်လေသည်။
မိစ္ဆာ နှင့် လူတို့သည် အတူယှဉ်တွဲ၍ မနေနိုင်ကြပေ။ အကယ်၍ အသေအချာ စဉ်းစားကြည့်မည်ဆိုလျှင် တစ်ဖက်လူမှာ မမှားယွင်းသောကြောင့် ကျန်းလျို ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ် မရှိခဲ့ပေ။
"ထွက်သွားရမယ် ဟုတ်လား... ဒီကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးက သတ္တဝါတွေအပေါ် သေချာပေါက် ကပ်ဘေးဆိုက်စေမှာပဲ... ဒီနေ့ ငါ သေရမယ်ဆိုရင်တောင်မှ မင်းကို ငရဲပြည်အထိ ဆွဲခေါ်သွားရမယ်..."
ဟွေဝူဆရာတော် က ပြတ်သားသော အမူအရာဖြင့် ကြေညာလိုက်လေသည်။
စကားပြောရင်း ဟွေဝူဆရာတော် သည် သူ၏ ရင်ဘတ်ကို ရိုက်ချလိုက်ပြီး ပင်မအသက်စွမ်းအင် သွေးတစ်လုတ်ကို အတင်းအဓမ္မ ထုတ်ယူကာ ၎င်း၏ လက်ဖဝါးထဲသို့ ထွေးထုတ်လိုက်လေသည်။
ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်နှင့် ဗုဒ္ဓအလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာလေသည်။
"ပုညကုသိုလ် ဗောဓိသတ် ကို လူ့ပြည်သို့ ပင့်ဖိတ်ပါတယ်... မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးတော်မူပါ..."
ဟွေဝူဆရာတော်သည် ဦးခေါင်းထက်တွင် နံသာတိုင် အမာရွတ် ခြောက်ခုရှိပြီး ဗုဒ္ဓဘာသာနှင့် ရေစက် အလွန်နက်ရှိုင်းသူ ဖြစ်ပေသည်။ သူသည် ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်း နှစ်ရာကျော်ရှိပြီဖြစ်ကာ ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်၏။ နောက်ထပ်တစ်လှမ်းမျှ တက်လှမ်းနိုင်လျှင်ပင် လူသားခန္ဓာကို စွန့်ခွာ၍ ဗောဓိတရားကို မျက်မှောက်ပြုနိုင်တော့မည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာအတွင်း သူသည် မိစ္ဆာပေါင်းများစွာကို နှိမ်နင်းခဲ့ဖူး၏။ ထိုအထဲတွင် မိစ္ဆာဘုရင် အများအပြားပင် ပါဝင်သဖြင့် သူ၏ အမည်မှာ ကျော်ကြားလှပြီး ပုညကုသိုလ်ကျောင်းတော်၏ နံ့သာတိုင်ပူဇော်ပွဲများမှာလည်း အစဉ်အမြဲ စည်ကားသိုက်မြိုက်နေရခြင်း ဖြစ်ပေသည်။
ထို့အပြင် ဟွေဝူဆရာတော်သည် မိစ္ဆာနှိမ်နင်းရာတွင် သူ၏ မြင့်မားသော ကျင့်ကြံမှုကို အားကိုးရုံသာမက ဉာဏ်ပညာကိုလည်း အသုံးချလေ့ရှိသည်။ သူ အနှစ်သက်ဆုံး နည်းလမ်းမှာ မိစ္ဆာများ ဒဏ်ရာရနေချိန်ကို စောင့်၍ တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် မိစ္ဆာများကို အလွယ်တကူ ဖမ်းဆီးနိုင်လေ့ရှိသည်။
ထို့ကြောင့်ပင် နှစ်ပေါင်းနှစ်ရာကျော် မိစ္ဆာများနှင့် တိုက်ခိုက်လာခဲ့သော်လည်း အသက်နှင့်ရင်းရသည့် တကယ့်စစ်ပွဲမျိုးကိုမူ ကြုံတွေ့ရခဲလှပေသည်။
သို့သော်လည်း... ယနေ့ ရင်ဆိုင်ခဲ့ရသည့် မျောက်မှာ အလွန်ပင် ကြောက်စရာ ကောင်းလွန်း နေခဲ့သည်။ ဟိန်းဟောက်သံ တစ်ချက်ဖြင့်ပင် သူ့ လက်အောက်ငယ်သား ရဟန်းများ အားလုံး သေဆုံးခဲ့ရသည်။ ပုံမှန် ဆိုလျှင် ထိုမျောက်ကို သူ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း... ကံကောင်းထောက်မစွာဖြင့် သူ၏ လက်ထဲတွင် နောက်ဆုံးလက်နက်တစ်ခု ရှိနေပါသေးသည်။ နှစ်ပေါင်းများစွာအတွင်း သူသည် ပုညကုသိုလ်ကျောင်းတော်ကို ကြိုးစားပြုစုပျိုးထောင်ခဲ့သဖြင့် ပုညကုသိုလ်ဗောဓိသတ်၏ ချီးမွမ်းခြင်းကို ခံခဲ့ရပြီး နတ်စွမ်းအားဆက်သွယ်ခြင်းအတတ်ကို သင်ကြားခွင့် ရခဲ့သည်။ အသက်နှင့်ရင်းရမည့် ဘေးဒုက္ခများ ကြုံတွေ့ရချိန်တွင် သူ၏ သွေးကို အသုံးပြု၍ ပုညကုသိုလ်ဗောဓိသတ်၏ စစ်မှန်သော ဝိညာဉ်တော်ကို ပင့်ဖိတ်နိုင်ပေသည်။
ယနေ့သည် ထိုအတတ်ကို အသုံးပြုရန် အကောင်းဆုံးအချိန် မဟုတ်ပါလား။
ဂျိန်း... ဒလိမ်း...
ဟွေဝူဆရာတော်က သူ၏ သွေးကို ကြားခံအဖြစ် အသုံးပြုကာ နတ်စွမ်းအားဆက်သွယ်ခြင်းအတတ်ကို အသုံးပြုလိုက်သောအခါ ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်အတိ ကျသွားတော့သည်။ နေ့အလင်းရောင်မှ ညအမှောင်ထုသို့ ပြောင်းလဲသွားသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် ဝေးကွာသော အရပ်ဆီမှ ဗုဒ္ဓခေါင်းလောင်းသံကြီး ဟိန်းထွက်လာလေသည်။
တောက်ပလှသော ဗုဒ္ဓအလင်းရောင်နှင့်အတူ စစ်မှန်သော ဝိညာဉ်တော်တစ်ခုသည် အနောက်ဘက်အရပ်မှ ကြွမြန်းလာပြီး ကောင်းကင်ယံထက်တွင် ပုညကုသိုလ်ဗောဓိသတ်၏ ပုံရိပ်တော်အဖြစ် ပြောင်းလဲသွားတော့သည်။
"ဗောဓိသတ်ကို ကန်တော့ပါတယ်ဘုရား... ဒီနေ့မှာတော့ တုန်လှုပ်ဖွယ် မိစ္ဆာကြီးတစ်ကောင် ရှိနေပါတယ်... တပည့်တော်ရဲ့ စွမ်းအားနဲ့ မယှဉ်နိုင်လို့ ဗောဓိသတ်ကိုယ်တိုင် ကြွမြန်းပြီး ဒီမိစ္ဆာကို နှိမ်နင်းပေးတော်မူပါဘုရား..."
ဟွေဝူဆရာတော်သည် အသံကုန်ဟစ်အော်ရင်း ကောင်းကင်ပေါ်ရှိ ဗောဓိသတ်၏ ပုံရိပ်တော်ကို ကြည့်ကာ မြေပြင်ပေါ်၌ ဝပ်စင်း၍ ရှိခိုးတော့သည်။
***
အပိုင်း(၁၇၄)
"ပုညကုသိုလ်ဗောဓိသတ် ကြွလာတာလား..."
ကောင်းကင်ယံ၌ ဗောဓိသတ်၏ ပုံရိပ်တော်ကို မြင်လိုက်ရသောအခါ ဒုတိယ သခင်မလေးလွမ်မှာ ထိတ်လန့်သွားရ၏။
ထိုဘုန်းကြီးက ပုညကုသိုလ်ဗောဓိသတ်ကို အမှန်တကယ် ပင့်ဖိတ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ သူမသည် ခြေထောက်များ ပျော့ခွေလာပြီး ဒူးထောက်ရန် ပြင်လိုက်သော်လည်း သန်မာသော လက်မောင်းတစ်ခုက သူမကို ဆွဲထိန်းလိုက်သည်။
ဒုတိယ သခင်မလေးလွမ် အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ သူမ၏ ဘေးတွင် ရှိနေသော ကျူးပါကျဲ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက သူမ၏ လက်မောင်းကို ကိုင်ထားပြီး ဒူးမထောက်ရန် တားဆီးနေခြင်း ဖြစ်သည်။
"ညီမလေး... စိတ်မပူနဲ့... ကြောက်စရာ ဘာမှမရှိဘူး..."
မိစ္ဆာတစ်ယောက်အနေဖြင့် အနောက်ဘက် နတ်ဝိညာဉ်တောင်တော်မှ ဗောဓိသတ်ကို ကြောက်ရွံ့ခြင်းမှာ မဆန်းသော်လည်း ကျူးပါကျဲကမူ ခေါင်းကို အသာခါယမ်းကာ တိုးတိုးလေး ပြောလိုက်သည်။
ဒုတိယ သခင်မလေးလွမ်ကို တွဲကူပေးပြီးနောက် ကျူးပါကျဲသည် သူ၏ ထွန်ခြစ်ကို ထမ်းကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လိုက်ပြီး ကောင်းကင်ရှိ ဗောဓိသတ်ပုံရိပ်တော်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းပြောလိုက်တော့သည်။
"ပုညကုသိုလ်ဗောဓိသတ်... မတွေ့ရတာ ကြာပြီပဲ... နေကောင်းရဲ့လား..."
"ဒီဝက်မိစ္ဆာကတော့ အတော်ကို ရဲတင်းတာပဲ.... ဗောဓိသတ်ကိုတောင် ဒီလို စကားပြောရဲတယ်ပေါ့...”
ဟွေဝူဆရာတော်သည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားရ၏။ သာမန်မိစ္ဆာတစ်ကောင်မျှသာဖြစ်သော ကျူးပါကျဲက ဗောဓိသတ်နှင့် ဤမျှ ရင်းနှီးကျွမ်းဝင်စွာ စကားပြောရဲလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။
"ဪ... ထျန်းဖုန်းစစ်သူကြီး ကိုး... အမှန်ပါပဲ... မတွေ့ရတာ တော်တော်တောင် ကြာသွားပြီနော်..."
ပုညကုသိုလ်ဗောဓိသတ်၏ အကြည့်တို့က ကျူးပါကျဲထံ ကျရောက်လာပြီး ပြန်လည် မိန့်ကြားလိုက်လေသည်။ ယခင် ကောင်းကင်ဘုံတွင်ရှိစဉ်က ရေတပ်စစ်သည် ရှစ်သောင်းကို ကွပ်ကဲခဲ့ရသော ထျန်းဖုန်းစစ်သူကြီး၏ အဆင့်အတန်းမှာ ပုညကုသိုလ်ဗောဓိသတ်ထက်ပင် အနည်းငယ် မြင့်မားခဲ့ဖူး၏။ ယခုအခါ ကျူးပါကျဲမှာ ဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်ဟု ဆိုစေကာမူ ဗောဓိသတ်အနေဖြင့် သူ၏ရှေ့တွင် ဟိတ်ဟန်ထုတ်နေခြင်းမျိုး မပြုလုပ်ခဲ့ပေ။
"ဘာ... ဒီဝက်မိစ္ဆာက ဗောဓိသတ်နဲ့ တကယ်ပဲ ပတ်သက်မှု ရှိနေတာလား..."
ဘေးနားရှိ ဟွေဝူဆရာတော်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဆွံ့အသွားရတော့သည်။ ဤယွမ်ကျဲဂူမှ ဒုတိယ သခင်မလေးလွမ်သည် မည်သို့သော မိစ္ဆာမျိုးများနှင့် သိကျွမ်းထားသနည်း။ သူမ၏ နောက်ခံက ဤမျှပင် တောင့်တင်းလှသလော။ မိစ္ဆာသူတော်စင် တစ်ကောင်ရှိနေရုံတင်မကဘဲ ပုညကုသိုလ်ဗောဓိသတ်နှင့်ပင် အဆက်အသွယ် ရှိနေသလော။
"ဟဲဟဲ... ပုညကုသိုလ်... မင်းရဲ့လူတွေကတော့ အတော်ကို အမြော်အမြင် နည်းတာပဲဗျာ... ငါ ဝူခုန်းက အေးအေးဆေးဆေး အနားယူနေတာကို သူတို့က ရုတ်တရက် လာတိုက်ခိုက်ကြတယ်... ငါ့မှာသာ အစွမ်းအစလေး မရှိရင် မတရား သေရချင် သေနေဦးမှာ..."
ပါကျဲက မိတ်ဟောင်းဆွေဟောင်းပမာ နှုတ်ဆက်ရုံသာ ရှိသေးသော်လည်း သူ၏ဘေးမှ စွန်ဝူခုန်းကမူ အားနာနာနေတတ်သူ မဟုတ်ပေ။ သူသည် သွားဖြဲပြကာ ပုညကုသိုလ်ဗောဓိသတ်ကို ပြစ်တင်ဝေဖန်နေတော့သည်။ အသာစီးရတုန်း အလျှော့မပေးလိုသည့် အမူအရာက အထင်းသားပင်။
မိမိကို ကြည့်ကာ သွားဖြဲပြနေသည့် စွန်ဝူခုန်းကို မြင်သောအခါ ပုညကုသိုလ်ဗောဓိသတ်မှာ စိတ်ထဲမှ သက်ပြင်းချမိလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဗောဓိသတ်က မိန့်ကြားလိုက်၏။
"အော် မိ သော ဖော... မဟာပညာရှိကြီး... ဘေးဒုက္ခတွေ ကုန်ဆုံးပြီး လွတ်လပ်ခွင့် ပြန်ရလာတဲ့အတွက် ဝမ်းမြောက်ပါတယ်..."
"အပိုတွေ လာမပြောနဲ့... ငါအခု မေးနေတာက မင်းရဲ့လူတွေ ငါဝူခုန်းကို တိုက်ခိုက်တဲ့ကိစ္စကို မင်း ဘယ်လို တာဝန်ယူမလဲ ဆိုတာပဲ..."
စွန်ဝူခုန်းက စကားလမ်းကြောင်း ပြောင်း၍ မရနိုင်ကြောင်း ပြသသည့်အနေဖြင့် စိတ်တိုတိုနှင့် ပြောလိုက်၏။
"မဟာပညာရှိကြီးကလည်း နောက်နေပြန်ပြီ... ဟွေဝူရဲ့ ကျင့်ကြံမှုက မဆိုးဘူးဆိုပေမဲ့ မဟာပညာရှိကြီးကို ထိခိုက်အောင် လုပ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာ သူတော်စင်ကြီးလည်း သိမှာပါ..."
ပုညကုသိုလ်ဗောဓိသတ်က ခေါင်းခါယမ်းကာ ဆိုလေသည်။ ဤစကားမှာ စွန်ဝူခုန်းကို အနည်းငယ် မြှောက်ပင့်ပေးလိုက်ခြင်းပင် ဖြစ်၏။
"ဟမ့်... ဒါဆို မင်းပြောချင်တာက ငါဝူခုန်းက အတိုက်ခံရတာ ထိုက်တန်တယ်လို့ ပြောချင်တာလား..."
ပုညကုသိုလ်ဗောဓိသတ်၏ မြှောက်ပင့်စကားကြောင့် စွန်ဝူခုန်း စိတ်ထဲ၌ ကျေနပ်သွားသော်လည်း သူသည် အကျိုးအကြောင်းမဲ့လျှင် ပြဿနာရှာတတ်သူ ဖြစ်သည်။ ယခုက အကျိုးအကြောင်း ခိုင်လုံနေလေရာ အဘယ်မှာ ရပ်တန့်ပါမည်နည်း။
"အော် မိ သော ဖော... ဒီနေ့ကိစ္စက ငါ့လူရဲ့ အမှားပါ... နောက်တစ်နေ့မှာ ဒီကံကြမ္မာအတွက် မဟာပညာရှိကြီးကို ငါ သေချာပေါက် ပြန်လည် ပေးဆပ်ပါ့မယ်..."
စွန်ဝူခုန်းက အလျှော့မပေးဘဲ ဇွတ်တရွတ် လုပ်နေသည်ကို မြင်သောအခါ ထိုမျောက်သည်လည်း ယခုအခါ ကျမ်းစာပင့်ဆောင်သူ အဖွဲ့ဝင်ဖြစ်နေပြီး ဗုဒ္ဓဘာသာ၏ လူတစ်ယောက် ဖြစ်လာပြီဖြစ်သဖြင့် ပုညကုသိုလ်ဗောဓိသတ်မှာ ခေတ္တမျှ စဉ်းစားကာ ကျေးဇူးတစ်ကြိမ် ကြွေးတင်ထားကြောင်း ကတိပေးလိုက်ရတော့သည်။
ဘေးနားရှိ ဟွေဝူဆရာတော်မှာမူ မည်သူ့အာရုံကိုမျှ မဆွဲဆောင်မိစေရန် ခေါင်းကို ငုံ့ထားပြီး ကိုယ့်ကိုယ်ကိုယ် သေးငယ်သွားအောင် ကြိုးစားနေမိသည်။
စွန်ဝူခုန်းနှင့် ပုညကုသိုလ်ဗောဓိသတ်တို့၏ အပြန်အလှန် စကားပြောပုံကို နားထောင်ပြီးနောက် ဤသာမန်ဟု ထင်ရသော မျောက်မှာ သူထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းကြောင်း ဟွေဝူဆရာတော် နားလည်သွားပြီ ဖြစ်သည်။
ဤယွမ်ကျဲဂူထဲတွင် မည်သို့သော ပုဂ္ဂိုလ်ထူးများ ရှိနေကြသနည်း။
စွန်ဝူခုန်းကို ကတိပေးပြီးနောက် ဗောဓိသတ်သည် ထိုမျောက် ဆက်လက် အနှောင့်အယှက် မပေးနိုင်စေရန် ကျန်းလျို ထံသို့ အကြည့်ကို လွှဲလိုက်ပြီး...
"အော မိ သော ဖော... ရွှမ်ကျန်း... ဒါတွေအားလုံးက အထင်မှားမှုတွေပါ... အခုတော့ အထင်မှားတာတွေ ပြေလည်သွားပြီဆိုတော့ အနောက်ဘက်ကို သွားရမယ့် အဓိက တာဝန်ကြီးကိုပဲ ဦးစားပေးရမယ်... နတ်ဝိညာဉ်တောင်တော်မှာ မင်းရဲ့ ကုသိုလ်တွေ ပြီးပြည့်စုံမယ့်နေ့ကို ငါ စောင့်မျှော်နေမယ်..."
"ဗောဓိသတ်ရဲ့ ဆုံးမဩဝါဒတွေကို ရွှမ်ကျန်း လိုက်နာပါ့မယ်ဘုရား..."
ကျန်းလျိုက လက်အုပ်ချီကာ ယဉ်ကျေးနှိမ့်ချစွာ ပြန်လည် လျှောက်ထားလိုက်လေသည်။
ရွှမ်ကျန်း၏ ယဉ်ကျေးသော အမူအရာကို မြင်သောအခါ ပုညကုသိုလ်ဗောဓိသတ်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဟွေဝူဆရာတော်ကို ကြည့်ကာ ပြစ်တင်မောင်းမဲလိုက်တော့သည်။
"မင်းကတော့ တကယ့်ကို ရဲတင်းလွန်းတယ်... မဟာပညာရှိကြီးနဲ့ သူ့အဖွဲ့ကိုတောင် ပြစ်မှားရဲတယ်ပေါ့... မင်း အမှားကြီး မှားသွားပြီ... အခု ငါနဲ့အတူ ကျောင်းတော်ကို လိုက်ခဲ့ပြီး မင်းရဲ့ လုပ်ရပ်တွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပေတော့..."
စကားအဆုံးတွင် ပုညကုသိုလ်ဗောဓိသတ်၏ ပုံရိပ်တော်သည် ဟွေဝူဆရာတော်ကို ဆွဲမလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
"ဟေး... နေဦးဗျ... မင်းက ငါဝူခုန်းကို ဘာပေးဆပ်မှာလဲဆိုတာ သေသေချာချာ မပြောသွားသေးဘူး... ပါးစပ်ကတိကတော့ မရဘူးနော်..."
ပုညကုသိုလ်ဗောဓိသတ် ထွက်ခွာသွားသည်ကို ကြည့်ကာ စွန်ဝူခုန်မှာ အသံကုန် အော်ဟစ်ကျန်ရစ်ခဲ့သည်။
ဗောဓိသတ်၏ အလင်းတန်း ကောင်းကင်ယံမှာ လုံးဝ ပျောက်ကွယ်သွားမှသာ သူက မျက်နှာကြီး ရှုံ့မဲ့ကာ မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"သူ တော်တော် အပြေးမြန်လို့ ကံကောင်းသွားတယ်..."
"ကဲပါ... ဝူခုန်းရာ... ဒါက တကယ်ပဲ အထင်မှားသွားတာပါ..."
ကျန်းလျိုက စွန်ဝူခုန်းကို ချော့မော့သည့်အနေဖြင့် ပြောလိုက်သည်။
အမှန်စင်စစ် ကျန်းလျို၏ အမြင်တွင်မူ ဟွေဝူဆရာတော်၏ လုပ်ရပ်က မမှားပေ။ သူတို့နှင့် လာတိုးမိခြင်းကသာ ဆရာတော်၏ ကံဆိုးမှုပင် ဖြစ်၏။ မိစ္ဆာနှိမ်နင်းပြီး မကောင်းမှုကို ဖယ်ရှားလိုသော စေတနာဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် ပြန်ရောက်လျှင်လည်း ပုညကုသိုလ်ဗောဓိသတ်၏ အပြစ်ပေးခြင်းကို ခံရပေဦးမည်။
"ဆရာတော်ကြီး... ကျေးဇူးတင်ပါတယ်... ဆရာတော်ကြီးသာ မရှိရင် ဒီနေ့ ကျွန်မတို့ ယွမ်ကျဲဂူတစ်ခုလုံး ဘေးဒုက္ခကြီးနဲ့ ကြုံရတော့မှာပါ..."
ဒုတိယသခင်မလေးလွမ်က ကျန်းလျိုကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ယခင် ကြည်ညိုစိတ်ထက် ယခုအခါ ကျန်းလျိုကို ကြည့်နေသော သူမ၏ နှလုံးသားထဲတွင် ပို၍ ခန့်ညားကြောက်ရွံ့မှုများ ကိန်းအောင်းနေပြီ ဖြစ်၏။
ပါကျဲ နှင့် စွန်ဝူခုန်းတို့ကဲ့သို့သော တပည့်များမှာ နောက်ခံမသေးကြပေ။ ပုညကုသိုလ်ဗောဓိသတ် ကိုယ်တိုင် ကြွလာတာတောင် အရာမထင်သည်ကို ကြည့်ခြင်းအားဖြင့် ဒဏ္ဍာရီလာ ရွှမ်ကျန်းဆရာတော် ၏ နောက်ခံမှာ သူမ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း ဒုတိယသခင်မလေးလွမ် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဒုတိယသခင်မလေးလွမ်၏ ကျေးဇူးတင်စကားကို ကြားသောအခါ ကျန်းလျိုက ပြုံးပြီး ခေါင်းခါပြလိုက်သည်။
"ဒါက ကူညီပေးရုံပါပဲ... အမှန်တော့ ကိုယ်တော်လည်း သူတစ်ပါး အကူအညီတောင်းလို့ ရောက်လာခဲ့တာပါ..."
[ဒင် - "မောင်နှမ သံယောဇဉ်" မစ်ရှင် ပြီးဆုံးပါပြီ။ အတွေ့အကြုံမှတ် ၁၅၀,၀၀၀ ရရှိပြီး နဂါးဝိညာဉ် လက်ကောက် ကို လက်ခံရရှိပါသည်။]
ကျန်းလျို ပြောလိုက်သည့် စကားကို အတည်ပြုပေးသကဲ့သို့ပင် ဂိမ်းစနစ်မှ အကြောင်းကြားစာတစ်ခု ချက်ချင်း ပေါ်လာတော့သည်။
အတွေ့အကြုံမှတ် ၁၅၀,၀၀၀ မှာ ကျန်းလျိုကို အဆင့်တက်စေရန် မလုံလောက်သော်လည်း ဆုအဖြစ် ရရှိသော ပစ္စည်းမှာမူ သူ၏ စိတ်ကို ရင်ခုန်သွားစေခဲ့သည်။
သူ စိတ်အာရုံဖြင့် သိုလှောင် နေရာလွတ်ထဲသို့ ကြည့်လိုက်ရာ နဂါးပုံသဏ္ဌာန်ရှိသော ကျောက်စိမ်းလက်ကောက် တစ်ကွင်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ကျန်းလျို၏ အကြည့်က ထိုလက်ကောက်ပေါ်သို့ ကျရောက်သွားသောအခါ ၎င်းနှင့် ပတ်သက်သည့် အချက်အလက်များက သူ၏ ရှေ့တွင် ပေါ်လာတော့သည်။
***