အခန်း (၁၈၁-၁၈၂)
Vol. 13 Ch. 181-182
အပိုင်း(၁၈၁)
ယွမ်ကျဲဂူ...
ကျန်းလျိုသည် မျက်နှာသစ်၊ အာလုတ်ကျင်းပြီးနောက် ကျူးပါကျဲကိုလည်း အတင်းနှိုးကာ မျက်နှာသစ်ခိုင်းပြီး နံနက်စာ အတူတူစားကြလေသည်။
"ဆရာ... အစ်ကိုကြီးရော ဘယ်ရောက်သွားလဲ..."
ဆရာတော်က သူ့ကို တပည့်အဖြစ် တရားဝင် လက်မခံသေးသော်လည်း ကျူးပါကျဲမှာ ကျန်းလျိုကို 'ဆရာ’ ဟု နေ့တိုင်းခေါ်ကာ ကပ်တွယ်နေခဲ့သည်။ ပေါက်စီနှစ်လုံးကို ပါးစပ်ထဲ အတင်းထိုးထည့်ပြီးနောက် စွန်ဝူခုန်းကို မတွေ့သဖြင့် ကျူးပါကျဲက အံ့အားသင့်စွာ မေးလိုက်ခြင်း ဖြစ်၏။
"ငါလည်း မသိဘူး… ဒီနေ့ မနက်စောစောကတင် တိမ်စီးပြီး ထွက်သွားတာပဲ..."
ကျန်းလျိုကလည်း နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
"ဪ... ဆရာ ကျွန်တော်ကြည့်ရသလောက်တော့ အဲ့ဒီမျောက်က အတော်လေး စိတ်ပုတ်တယ်ဗျ... သူ့ကို အနောက်ဘက်ခရီးစဉ်မှာ ခေါ်သွားဖို့ မသင့်တော်ဘူးထင်တယ်... သူ့ကို လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်တာ အကောင်းဆုံးပဲ... ကြည့်ဦးလေ… ဒီရက်ပိုင်းအတွင်း သူက ကျွန်တော့်နားရွက်တွေကိုပဲ တကဲကဲ စားမယ်သောက်မယ် လုပ်နေတာ..."
စွန်ဝူခုန်း ယွမ်ကျဲဂူ၌ မရှိသည်ကို အခွင့်ကောင်းယူကာ ကျူးပါကျဲက ကျန်းလျိုထံ ကုန်းချောစကား ဆိုလေတော့သည်။ စွန်ဝူခုန်းအကြောင်း တွေးမိသည်နှင့် ကျူးပါကျဲမှာ သူ၏နားရွက်များပင် ပြန်လည်နာကျင်လာသလို ခံစားနေရ၏။
သို့သော် ကျူးပါကျဲ စကားအဆုံးတွင် ကျန်းလျိုက သူ့ နောက်ဘက်ကို ထူးဆန်းသော မျက်နှာထားဖြင့် လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းလျို၏ မျက်နှာထားကို မြင်သည်နှင့် ကျူးပါကျဲ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားပြီး လည်ပင်းကို တောင့်တောင့်ကြီး ထားကာ လှည့်ကြည့်လိုက်ရာ ပိန်ပိန်ညှောင်ညှောင် မျောက်ကလေးတစ်ကောင်က သူ၏နောက်တွင် ရပ်နေပြီး အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။
ထိုမျောက်က ပိန်ကပ်ပြီး ပုသော်လည်း ကျူးပါကျဲ၏ နဖူးပေါ်တွင်မူ ချွေးစေးများပြန်လာခဲ့ပြီ ဖြစ်သည်။
"မင်းလို ဝက်စုတ်က ငါ ဝူခုန်းအကြောင်းကို ကွယ်ရာမှာ အမြဲ အတင်းပြောနေတာပဲ... ကြည့်ရတာ မင်းရဲ့ နားရွက်ကြီးတွေကို အတော်လေး ငြီးငွေ့နေပြီ ထင်တယ်..."
စွန်ဝူခုန်းမှာ သွားဖြဲပြကာ အလွန်အမင်း ဒေါသထွက်နေပုံရပြီး ဓားမြှောင်လေးတစ်ချောင်းကို ထုတ်ကာ ကျူးပါကျဲ၏ နားရွက်ကြီးကို လှမ်းခုတ်လိုက်သည်။ သူ၏ မျက်နှာထားမှာလည်း ကြမ်းတမ်းလှ၏။
သာမန်အချိန်ဆိုလျှင် သူသည် နားရွက်ကို ဆွဲရုံသာ ဆွဲလေ့ရှိသော်လည်း ယနေ့တွင်မူ ဓားကိုပါ ထုတ်လာသဖြင့် ကျူးပါကျဲမှာ ထိတ်လန့်သွားတော့သည်။ သူသည် စွန်ဝူခုန်း၏ လက်ထဲမှ အတင်းရုန်းထွက်ကာ ကျန်းလျို၏ နောက်သို့ အပြေးအလွှား သွားပုန်းရင်း အော်ဟစ်တော့သည်။
"ဆရာ... ဆရာ... ကျွန်တော့်ကို ကယ်ပါဦး... အစ်ကိုကြီးက တကယ်ပဲ ကျွန်တော့်နားရွက်ကို ဖြတ်တော့မလို့ဗျ..."
"ဝူခုန်း... နောက်တာလည်း အတိုင်းအတာ ရှိရမယ်လေ… မင်း ဘာတွေ လုပ်နေတာလဲ... အဲ့ဒီဓားကို အခုချက်ချင်း ချလိုက်စမ်း..."
ကျန်းလျိုကလည်း ထိတ်လန့်သွားဟန်ဖြင့် စွန်ဝူခုန်းကို ပြတ်ပြတ်သားသား တားမြစ်လိုက်သည်။
"ဟေ့ ဘုန်းကြီးလေး... မင်း ဖယ်စမ်း... ငါ ဝူခုန်း ဒီနေ့ စိတ်မကြည်ဘူး... ဝက်နားရွက်လေး ဘာလေး မြည်းကြည့်ချင်နေတာ..."
သာမန်အချိန်ဆိုလျှင် ဆရာဖြစ်သူ ကျန်းလျို၏ ဟန့်တားမှုကို စွန်ဝူခုန်းက နားထောင်လေ့ရှိသော်လည်း ယနေ့တွင်မူ သူသည် ဆရာ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ စိတ်တိုတိုနှင့် ပြန်ပြောလိုက်လေသည်။
"မင်း ဘာပြောလိုက်တယ်..."
စွန်ဝူခုန်း၏ သဘောထားကြောင့် ကျန်းလျိုမှာ မိမိနားကိုပင် မိမိ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
"ငါဝူခုန်း ပြောတာ ဒါပဲကွ..."
ယနေ့ စွန်ဝူခုန်းမှာ တကယ်ပင် ကြမ်းတမ်းလှပေသည်။ သူ၏ရှေ့တွင် ကျန်းလျို ခံနေသည်ကို မြင်သောအခါ အားနာမနေတော့ဘဲ တိုက်ရိုက်ပင် ရိုက်နှက်လိုက်တော့သည်။
ဒုတိယသခင်မလေးလွမ်နှင့် အခြားသူများမှာ ဝင်ရောက်တားဆီးရန် ပြင်ကြသော်လည်း စွန်ဝူခုန်း၏ ကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် မိစ္ဆာချီများကြောင့် အနားသို့ပင် မကပ်နိုင်ဘဲ လွင့်စင်ကုန်ကြလေသည်။
...
ကောင်းကင်ယံ၌ ကွမ်ယင်ဗောဓိသတ်သည် ကြာပန်းပလ္လင်ထက်တွင် စံပယ်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့သည်။ ထိုစဉ် သူမ၏ ဘေးနားမှ သူမထက်ပင် ပို၍မြန်သော အလင်းတန်းတစ်ခုက ထိုဦးတည်ချက်အတိုင်း ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။
ထိုအလင်းတန်းထဲမှ ပုဂ္ဂိုလ်သည် ကွမ်ယင်ဗောဓိသတ်ကို သတိပြုမိသွားပုံရပြီး ဟင်းလင်းပြင်၌ အရှိန်ကို လျှော့ကာ ဘေးချင်းယှဉ်၍ ပျံသန်းလိုက်သည်။
၎င်းမှာ ပုခုံးပေါ်၌ မက်မွန်သီး ခုနစ်လုံး၊ ရှစ်လုံးခန့် တွဲလောင်းဆွဲထားသော သစ်ကိုင်းကို ထမ်းထားသည့် စွန်ဝူခုန်းပင် ဖြစ်နေသည်။
"ဝူခုန်း... မင်းက ရွှမ်ကျန်းကို စောင့်ရှောက်ပြီး ကျမ်းစာပင့်ဆောင်ဖို့ မသွားဘဲ ဒီမှာ ဘာလုပ်နေတာလဲ..."
ကွမ်ယင်ဗောဓိသတ်မှာ သူမ၏ဘေးတွင် ပျံနေသော မျောက်ကို မြင်ကာ စိတ်ထဲမှ အနည်းငယ် ထင့်သွားသဖြင့် မေးမြန်းလိုက်သည်။
စွန်ဝူခုန်းသည် ရွှမ်ကျန်း၏ ဘေးတွင် ရှိနေသင့်သည် မဟုတ်ပါလား။ ဤသို့ဆိုလျှင် ငရဲပြည်ကို သွားခဲ့သူမှာ တကယ်ပဲ သူ ဖြစ်နေသည်လား။
စွန်ဝူခုန်းက ချက်ချင်းပြန်မဖြေဘဲ သူထမ်းလာသော သစ်ကိုင်းမှ အသေးဆုံး အသီးတစ်လုံးကို ဆွဲယူကာ ဗောဓိသတ်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
ဗောဓိသတ်က ထိုအသီးကို ဖမ်းယူကြည့်ရှုလိုက်၏။
"ဒါက ဘာလဲ... ပန်းသစ်သီးပွင့်တောင် က အသီးလား..."
စွန်ဝူခုန်းကို ကြည့်ကာ မေးလိုက်သည်။
"မှန်တာပေါ့... ငါ ဝူခုန်း ခရီးထွက်လာတာ ကြာပြီဆိုတော့ ပန်းသစ်သီးတောင်ကို လွမ်းနေတာနဲ့ အခုလေးတင် ခဏပြန်သွားကြည့်တာ... ငါ့ရဲ့ မျောက်ကလေးတွေ၊ မြေးကလေးတွေ နေကောင်းကြလားဆိုတာ သွားကြည့်ရင်းနဲ့ ပန်းသီးပန်းပွင့်တောင် က အသီးတချို့ ခူးလာတာပေါ့..."
စွန်ဝူခုန်းက ခေါင်းညိတ်ကာ ရှင်းပြလေတော့သည်။
စွန်ဝူခုန်းက ထိုသို့ပြောရင်း ကွမ်ယင်ဗောဓိသတ်ကိုလည်း ပြန်လည်မေးမြန်းလိုက်သည်။
"ဒါနဲ့ ဗောဓိသတ်ကရော ဘယ်ကို ကြွမလို့လဲဗျ..."
"ငါက ဒီအတိုင်း လမ်းကြုံလို့ ဝင်လာတာပါ... မင်းကတော့ လုပ်ပြီ... ကျမ်းစာပင့်ဆောင်တဲ့ ခရီးမှာ ရွှမ်ကျန်းကို သေသေချာချာ မစောင့်ရှောက်ဘဲ ညသန်းခေါင်ယံကြီး ပန်းသီးပန်းပွင့်တောင်ကို ခိုးပြန်သွားတယ်ပေါ့... တကယ်လို့ မင်းရဲ့ဆရာသာ မိစ္ဆာတွေ ဖမ်းတာခံလိုက်ရရင် မင်း ဘယ်လိုလုပ်မလဲ..."
ဗောဓိသတ်က အကြောင်းပြချက်ပေးပြီးနောက် စွန်ဝူခုန်းကို အပြစ်တင်သလို မိန့်ကြားလိုက်လေသည်။
"ဟဲဟဲ... ဗောဓိသတ် စိတ်မပူပါနဲ့... အားလုံး အဆင်ပြေပါတယ်... နဂါးမြင်းဖြူလေးနဲ့ ကျူးပါကျဲတို့ ရှိနေတာပဲ မဟုတ်လား..."
စွန်ဝူခုန်းက ခေါင်းကိုကုတ်ရင်း နောက်ပြောင်သလို ပြန်ပြောလိုက်၏။
စွန်ဝူခုန်းနှင့် ကွမ်ယင်ဗောဓိသတ်တို့ ခေတ္တစကားပြောဆိုပြီးနောက် သူတို့၏ အရှိန်ဖြင့် မကြာမီမှာပင် ဖူလင်းတောင်သို့ ရောက်ရှိလာကြတော့သည်။
သို့သော် စွန်ဝူခုန်းနှင့် ဗောဓိသတ်တို့ အောက်သို့ မဆင်းရသေးမီမှာပင် ရင်းနှီးနေသော ငိုယိုသံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရသဖြင့်...
"ဟင်... ဘာဖြစ်တာလဲ... ဆရာက ဘာလို့ မြေပြင်ပေါ်မှာ ထိုင်ပြီး အားကိုးတကြီး ငိုနေရတာလဲ…"
စွန်ဝူခုန်းက အောက်ဘက်ကို လှမ်းကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး တိမ်ပေါ်မှ ဆင်းသက်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဗောဓိသတ်လည်း အံ့အားသင့်သွားပြီး တိမ်တိုက်များထဲ၌ ပုန်းအောင်းကာ တိတ်တဆိတ် စောင့်ကြည့်နေလိုက်၏။
"ဆရာ... ဘာဖြစ်လို့လဲဟင်..."
စွန်ဝူခုန်း မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ကျန်းလျိုကို မေးလိုက်သည်။
"မင်းလို မျောက်စုတ်... တော်တော်လည်း ဟန်ဆောင်နိုင်တာပဲ... ဘယ်လိုတောင် ပြန်လာရဲသေးတာလဲ... မင်းရဲ့ ပန်းသစ်သီးတောင်ကို သွားတော့မယ်ဆို... ဘာလို့ ပြန်လာတာလဲ..."
စွန်ဝူခုန်းကို မြင်သည်နှင့် ကျန်းလျိုက ဒေါသတကြီး အော်ဟစ်တော့သည်။
"ဆရာ... ကျွန်တော် ဝူခုန်း ပန်းသစ်သီးတောင် ကို ခဏလေး ခိုးသွားခဲ့တာ မှန်ပေမဲ့ အခုတော့ ပြန်လာပြီလေ... ဒါနဲ့ ဆရာ့မျက်နှာက ဘာလို့ ဖူးယောင်နေတာလဲ... ဘယ်သူ ဆရာ့ကို ဒီလိုလုပ်လိုက်တာလဲ..."
စွန်ဝူခုန်းက လုံးဝ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်၏။
"ကဲ... မင်းကတော့ တကယ့် သရုပ်ဆောင်ကောင်းပဲ... အခုလေးတင် ငါ့ကို ရိုက်ခဲ့တာ မင်းမဟုတ်လို့ ဘယ်သူလဲ... နဂါးမြင်းဖြူလေးနဲ့ ပါကျဲတို့လည်း အကုန်မြင်တာပဲလေ..."
ကျန်းလျိုက ဖူးယောင်နေသော သူ၏ ပါးကို အသာအုပ်ရင်း စိတ်တိုတိုနှင့် ပြောလိုက်လေသည်။
"ကျုပ်... ကျုပ် ဝူခုန်းက အခုမှ ပြန်ရောက်တာပါ... ဆရာ့ကို ဘယ်လိုလုပ် ရိုက်မှာလဲ... ဒီကိစ္စကို ကွမ်ယင်ဗောဓိသတ်က သက်သေခံပေးနိုင်တယ်... ဗောဓိသတ်... ကျေးဇူးပြုပြီး အောက်ကိုကြွပြီး တပည့်တော် အတွက် သက်သေခံပေးပါဦး ဘုရား..."
စွန်ဝူခုန်းက ကောင်းကင်ယံရှိ တိမ်တိုက်များဆီသို့ လှမ်းအော်လိုက်တော့သည်။
စွန်ဝူခုန်းက လှမ်းခေါ်လိုက်သဖြင့် ဗောဓိသတ်သည်လည်း ဆက်လက် ပုန်းအောင်းမနေတော့ဘဲ အောက်သို့ ကြွမြန်းလာခဲ့၏။
***
အပိုင်း(၁၈၂)
"မင်းတို့ အားလုံးက ဝူခုန်း လုပ်တာလို့ တကယ်ပဲ မြင်လိုက်ကြတာလား..."
ဗောဓိသတ်မှာ အောက်သို့ ရောက်လာပြီးနောက် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကျူးပါကျဲနှင့် နဂါးမြင်းဖြူလေးကို မေးမြန်းလိုက်တော့သည်။
ကွမ်ယင်သည် တကယ်ပင် အတော်လေး ဇဝေဇဝါ ဖြစ်သွားရ၏။ သူမသည် မကြာမီလေးကမှ စွန်းဝူခုန်းနှင့် အတူတူ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... စွန်ဝူခုန်း သယ်ဆောင်လာသော မက်မွန်သီးမှာလည်း ပန်းသစ်သီးတောင်မှ လတ်လတ်ဆတ်ဆတ် ခူးဆွတ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် အခြား စွန်ဝူခုန်း တစ်ယောက်က ဤနေရာမှ ထွက်ခွာသွားခဲ့လေသလော။ ထိုစွန်ဝူခုန်းက အလွန် ကြမ်းတမ်းခက်ထန်နေပြီး ရွှမ်ကျန်းဆရာတော်နှင့် အခြားသူများကိုပါ ရိုက်နှက်သွားခဲ့သည်လော။
အစောပိုင်း မြေအောက်ကမ္ဘာမှ သတင်းကြားရစဉ် စွန်ဝူခုန်းနှင့် တူသော မျောက်တစ်ကောင်သည် ကျင်းမြစ် နဂါးမင်းကြီးကို ကယ်ဆယ်သွားခဲ့သည်ဆိုသော ကိစ္စအပေါ် ကွမ်ယင်က သံသယရှိခဲ့ဖူး၏။
သို့သော် ယခုအခါတွင်မူ ကွမ်ယင်၏ စိတ်နှလုံး၌ ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် လွန်ဆွဲနေခဲ့လေပြီ။
အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေသော ဤကျယ်ဝန်းလှသည့် ကမ္ဘာလောကကြီး၊ ဘုံသုံးပါးနှင့် လမ်းစဉ်ခြောက်သွယ်အတွင်း၌ စွန်ဝူခုန်းနှင့် တစ်ထေရာတည်းတူသော အခြားမျောက်တစ်ကောင် တကယ်ပဲ ရှိနေနိုင်သလော။
"ဟုတ်တယ် ဗောဓိသတ်… အဲဒီ ပြဿနာကောင် မျောက်က ခုလေးတင် ထွက်သွားတာ… ဒီလောက် မြန်မြန် ပြန်ရောက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ..."
ကွမ်ယင်ဗောဓိသတ်၏ စကားများကို ကြားသောအခါ ကျူးပါကျဲသည် ခေါင်းညိတ်လိုက်ပြီး စွန်ဝူခုန်းကို လက်ညှိုးထိုးကာ အလိုမကျစွာဖြင့် ကျိန်ဆဲလိုက်သည်။
"ဗောဓိသတ်ကို လျှောက်တင်ပါတယ်… တကယ်ပဲ အစ်ကိုကြီးက ခုလေးတင် ထွက်သွားတာပါ… ခဏလေးပဲ ရှိပါသေးတယ်..."
နဂါးမြင်းဖြူကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြန်လည် ဖြေကြားလိုက်၏။
ထိုသို့ပြောဆိုရင်း နဂါးမြင်းဖြူ၏ အကြည့်များက စွန်ဝူခုန်းထံသို့ ကျရောက်သွားပြီး ခေတ္တမျှ တွန့်ဆုတ်သွားကာ ဆက်ပြောလိုက်သည်။
"ဗောဓိသတ်… အစ်ကိုကြီးက အစတည်းက ဗောဓိသတ်နဲ့အတူ ရှိနေခဲ့တာများလား… အဲဒါသာ အမှန်ဆိုရင် စောစောက ထွက်သွားတဲ့သူက အတုအယောင် ဖြစ်ရမယ်… အစ်ကိုကြီးက ဆရာ့ကို ရိုက်နှက်တဲ့အထိ ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်..."
ကျွီ... ကျွီ... ကျွီ...
စွန်ဝူခုန်းသည် ဒေါသတကြီးဖြင့် သူ၏ နားရွက်များနှင့် ပါးပြင်များကို ကုတ်ဖဲ့နေပြီး မျက်လုံးများထဲတွင် ဒေါသနှင့် ခက်ထန်မှုတို့ ပြည့်နှက်နေ၏။
သူသည် ပန်းသစ်သီးတောင်မှ ဒေသထွက် ပစ္စည်းများကို ယူဆောင်လာခဲ့သော်လည်း ယခုအခါ မြေပြင်ပေါ်သို့ ဒေါသတကြီး ဆောင့်ချလိုက်သည်။ သူ၏ နားထဲသို့ လက်နှိုက်ပြီး ရွှေတုတ်ကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက်... ကောင်းကင်သို့တိုင် ထိုးတက်သွားမတတ် ဒေါသအမျက် ချောင်းချောင်းထွက်နေလျက်...
"ယုတ်မာတဲ့ကောင်… ငါ စွန်ဝူခုန်းလိုများ ဟန်ဆောင်ရဲတယ်… ငါ့ရဲ့ နာမည်ကောင်းကို ဖျက်ဆီးတဲ့ အဲဒီ အတုအယောင်ကောင် ဘယ်ထွက်သွားပြီလဲ..."
"အစ်ကိုကြီး… သူက ပန်းသစ်သီးတောင်ကို ပြန်သွားပုံရတယ်… လမ်းမှာ မတွေ့ခဲ့ဘူးလား..."
နဂါးမြင်းဖြူက မေးလိုက်၏။
"အောမိတော်ဖော..."
ကွမ်ယင်ဗောဓိသတ်သည် စွန်ဝူခုန်း မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်၍ တစ်စစီ ကျေမွသွားသော မက်မွန်သီးများကို ကြည့်ကာ စိတ်ထဲမှ ဘုရားစာကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
သူမသည် သူမအတွက် အသေးဆုံး မက်မွန်သီးကို တမင်တကာ ရွေးချယ်ခဲ့သော်လည်း ယခုအခါ အားလုံး ကျေမွပျက်စီးသွားလေပြီ ဖြစ်ရာ စွန်ဝူခုန်း၏ အလျင်စလိုဖြစ်မှုနှင့် ဒေါသကို ကွမ်ယင် အပြည့်အဝ နားလည်သွား၏။
‘ဒီမျောက်ဟာ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းကလိုပဲ စိတ်မရှည်တတ်သေးပါလား...’
ကွမ်ယင်က စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားလိုက်၏။ ထို့နောက် သူမက...
"ဝူခုန်း… ဒီလိုဆိုမှတော့ ပန်းသစ်သီးတောင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ကြမလား..."
"ဒါပေါ့… ငါ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ရဲတဲ့ အဲဒီ လူယုတ်မာကို ငါကိုယ်တိုင် သတ်ပစ်မယ်..."
စွန်ဝူခုန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်သွားကာ ကျန်းလျိုနှင့် ဗောဓိသတ်တို့အား နှုတ်ဆက်ခြင်းပင် မပြုတော့ဘဲ ပန်းသစ်သီးတောင်သို့ တိုက်ရိုက် ပြန်လည် ဦးတည်သွားလေသည်။
"ဒီမျောက်ဆိုးလေးကတော့ အမြဲတမ်း စိတ်လိုက်မာန်ပါပဲ..."
ကွမ်ယင် စိတ်ထဲမှ ခေါင်းယမ်းလိုက်ပြီး ကျန်းလျိုဘက်သို့ လှည့်ကာ...
"ရွှမ်ကျန်း… သင် ဒီမှာ ခဏနားနေလိုက်ပါ… ဝူခုန်းနဲ့အတူ ပန်းသစ်သီးတောင်ကို ငါ ကိုယ်တော် သွားလိုက်မယ်… အမှန်တရားက သူ့အလိုလို ပေါ်လာမှာပါ..."
"ဗောဓိသတ်… ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ အဲဒီမျောက်က ဒီလောက်တောင် ရိုင်းစိုင်းပြီး ကြမ်းတမ်းနေတာ… ကျုပ်ကိုတောင် တောင်းပန်စကား မဆိုသွားဘူး… ဒီလောက် ရက်စက်တဲ့ တပည့်မျိုးကို ဆက်ပြီး မထားရဲတော့ဘူး..."
ကွမ်ယင်၏ စကားကို ကြားသောအခါ ကျန်းလျိုက ဖူးယောင်နေသော မျက်နှာကို ပွတ်သပ်ရင်း ကျေးဇူးတင်စကား ဆိုလိုက်၏။ သို့သော်လည်း... စွန်ဝူခုန်းအကြောင်းကို ပြောသည့်အခါ အနည်းငယ် ကြောက်ရွံ့ကာ ဒေါသထွက်နေပုံပေါ်သည်။ စွန်ဝူခုန်းထံမှ အရိုက်ခံရခြင်းက သူ၏ စိတ်နှလုံးတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ချန်ထားရစ်ခဲ့သည်မှာ ထင်ရှားလှ၏။
"တကယ်ပါပဲ ဗောဓိသတ်… အဲဒီ ပြဿနာကောင် မျောက်က အနောက်ကောင်းကင်ဘုံကို ကျမ်းစာပင့်ဆောင်သူ အဖြစ်နဲ့ လုံးဝ မထိုက်တန်ဘူးလို့ ထင်တယ်… သူက ဒီ ဝက်ကြီးရဲ့ ခေါင်းကိုပဲ အမြဲ ချိန်နေတာ..."
စွန်ဝူခုန်းကို အမြဲတမ်း မောင်းထုတ်ချင်နေခဲ့သော ကျူးပါကျဲသည် ဤစကားကို ကြားသောအခါ ကျန်းလျိုဘက်မှ ရပ်တည်ကာ ထောက်ခံလိုက်သည်။
နဂါးမြင်းဖြူမှာ စွန်ဝူခုန်းဘက်မှ ကာကွယ်ပြောဆိုပေးချင်သကဲ့သို့ ပါးစပ်ဟလိုက်သော်လည်း ဆရာဖြစ်သူနှင့် ဒုတိယနောင်တော်တို့က ထိုသို့ပြောဆိုနေကြပြီး မိမိကိုယ်တိုင်ကလည်း စီးတော်ယာဉ်သက်သက်သာ ဖြစ်နေသောကြောင့် မပြောခြင်းက ပိုကောင်းမည်ဟု တွေးကာ စိတ်ထဲမှ သက်ပြင်းချရင်း နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်လေသည်။
အမှန်တကယ်ပင် အဆင့်အတန်း မတူညီသောအခါ မိမိ၏ စိတ်ရင်းကို ဖော်ပြလိုလျှင်တောင်မှ ပြောဆိုခွင့် မရှိပေ။ ဤအချက်က နဂါးမြင်းဖြူအား အနောက်ကောင်းကင်ဘုံတွင် သူ၏ ဘွဲ့တော်ချီးမြှင့်ခံရရေးကို ရှာဖွေရန် ပိုမို ခိုင်မာသော သန္နိဋ္ဌာန် ချမှတ်စေခဲ့၏။
မျောက်ကို ကြောက်ရွံ့နေသကဲ့သို့ ဖြစ်နေသော ကျန်းလျို၏ စကားများကို ကြားသောအခါ ကွမ်ယင်ဗောဓိသတ်မှာ ပြဿနာဟု တွေးလိုက်သည်။ အကြောင်းမူကား အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်ခြင်း ခရီးစဉ်နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ရှိလာပါက သူမ၏ တာဝန် ဖြစ်မည်မှာ သေချာသောကြောင့် ဖြစ်၏။
သို့သော်လည်း စွန်ဝူခုန်း ထွက်ခွာသွားပြီ ဖြစ်သောကြောင့် ကွမ်ယင်တွင် ကျန်းလျိုကို နှစ်သိမ့်ပေးရန် အချိန်သိပ်မရှိတော့ပေ။
"ဒီကိစ္စကို ပန်းသစ်သီးတောင်ကနေ ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့..."
ကွမ်းရင်က ပြောကာ ထွက်ခွာသွားခဲ့သည်။
သူမ၏ စကားအဆုံးတွင် ကွမ်ယင်သည်လည်း ကောင်းကင်သို့ ပျံတက်သွားပြီး စွန်ဝူခုန်းနောက်သို့ လိုက်သွားလေသည်။
ကျင့်စဉ်အဆင့်အရ ဆိုလျှင် ကွမ်ယင်သည် စွန်ဝူခုန်းထက် အမှန်ပင် သာလွန်သော်လည်း သူ၏ မှောက်ခုံတိမ်တိုက် စီးနင်းခြင်း ပညာရပ်မှာမူ သူမ လိုက်မမီနိုင်သော နည်းစနစ်တစ်ခု ဖြစ်နေ၏။
အစွမ်းကုန် အရှိန်တင်၍ အချိန်အတော်ကြာ လိုက်လံပြီးနောက် ပန်းသစ်သီးတောင်သို့ ရောက်ရှိလာချိန်တွင် ကွမ်ယင်သည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသော မျောက်နှစ်ကောင်ကို တွေ့လိုက်ရသည်။
မျောက်နှစ်ကောင်စလုံးသည် ရုပ်သွင်၊ ဝတ်စားဆင်ယင်မှု၊ သူတို့၏ လက်ထဲမှ ရွှေတုတ်များနှင့် တိုက်ခိုက်ရေး နည်းစနစ်များ အပါအဝင် အရာအားလုံးက တစ်ထေရာတည်း တူညီနေကြ၏။
တစ်ဦးက ထိုးနှက်လိုက်၊ နောက်တစ်ဦးက ရှောင်တိမ်းလိုက်ဖြင့် မည်သူကမျှ အနိုင်မယူနိုင်ကြဘဲ မြေပြင်တွင်ရော ကောင်းကင်တွင်ပါ သူတို့၏ တိုက်ပွဲက ပြင်းထန်လျက် ရှိသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကွမ်ယင် အံ့အားသင့်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
"စွန်ဝူခုန်းဆိုတာ နွီဝါးနတ်သမီး ကောင်းကင်ကို ဖာထေးတုန်းက ကျန်ရစ်ခဲ့တဲ့ အရောင်ငါးသွယ်ကျောက်တုံးကနေ မွေးဖွားလာပြီး နေနဲ့လရဲ့ အနှစ်သာရတွေကို စုပ်ယူထားတဲ့ ကျောက်တုံးမျောက်ပဲ၊ သူ့မှာ အမြွှာညီအစ်ကို ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး..."
အမှန်ပင် တစ်ထေရာတည်း တူညီနေသော မျောက်နှစ်ကောင် တိုက်ခိုက်နေသည်ကို မြင်လိုက်ရချိန်၌ ကွမ်ယင်၏ စိတ်ထဲ အလိုအလျောက် ပေါ်လာသည့် ပထမဆုံး အတွေးမှာ အမြွှာများဖြစ်မည် ဟူ၍ပင်။
ကွမ်ယင် သူမ၏ နတ်ဘုရားမျက်လုံးများကို တိတ်တဆိတ် ဖွင့်လှစ်ကာ ထိုမျောက်နှစ်ကောင်ဆီသို့ ကြည့်လိုက်သည်။ သို့သော်လည်း ပထမအကြိမ် ကြည့်လိုက်သည်နှင့် စွန်ဝူခုန်း နှစ်ယောက်စလုံးသည် အစစ်အမှန်များ ဖြစ်နေပုံရပြီး မည်သူ့ထံတွင်မှ အသွင်ပြောင်းပညာကို အသုံးပြုထားသည့် အရိပ်အယောင်မျှ မတွေ့ရပေ။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ..."
နတ်ဘုရားအမြင်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ကွမ်ယင်သည် အပြစ်အနာအဆာ တစ်စုံတစ်ရာမျှ ရှာမတွေ့နိုင်သော စွန်ဝူခုန်း နှစ်ယောက်ကို ငုံ့ကြည့်ကာ မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားလေတော့သည်။
‘စွန်ဝူခုန်း နှစ်ယောက်စလုံးက အစစ်တွေလား... ငါ့ရဲ့ မျက်လုံးကိုတောင် လှည့်စားနိုင်တဲ့ အခြား တစ်ကောင်က တကယ်ပဲ ဘယ်သူများလဲ…’
စွန်ဝူခုန်း နှစ်ယောက်စလုံး အစစ်ဖြစ်နေနိုင်သည်ဟူသော အတွေးမှာ ကွမ်ယင်၏ စိတ်ထဲ၌ ခဏတာ ဖြတ်ပြေးသွားရုံသာဖြစ်ပြီး ချက်ချင်းဆိုသလိုပင် ထိုအတွေးကို ဖယ်ရှားလိုက်လေ၏။
စွန်ဝူခုန်းသည် သူ့ကိုယ်သူ ပြန်လည် တိုက်ခိုက်မည်လော။ စွန်ဝူခုန်း၏ ဂုဏ်မောက်တတ်သော သဘာဝအရ သူ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ပါမည်လော။
ဤအရာအားလုံးသည် စွန်ဝူခုန်း သို့မဟုတ် ရွှမ်ကျန်းဆရာတော်တို့၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုဟု တစ်စုံတစ်ယောက်က ဆိုလာလျှင်ပင် ကွမ်ယင်က ယုံကြည်မည်မဟုတ်ပေ။
ခရီးစဉ်တစ်လျှောက်လုံး သူမသည် ရွှမ်ကျန်းဆရာတော်အပေါ် လျှို့ဝှက်စွာ ဩဇာလွှမ်းမိုးခဲ့သော်လည်း သူက အနည်းငယ်မျှပင် ရိပ်မိခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူ့ထံတွင် သူမအား လှည့်စားရန်နှင့် အကြံအစည်ထုတ်ရန် အကြောင်းပြချက် မရှိနိုင်ပေ။
"ငါ စွန်ဝူခုန်းက အစစ်ကွ… မင်းက အတုပဲ… ယုတ်မာတဲ့ မိစ္ဆာကောင်… မင်း ဘယ်က ရောက်လာတာလဲ..."
တိုက်ပွဲကြားတွင် စွန်ဝူခုန်း တစ်ယောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ဟွန့်… ငါ စွန်ဝူခုန်းကမှ အစစ်… မင်းကသာ အတုကွ… ဆိုးယုတ်တဲ့ မိစ္ဆာကောင်… မင်း ဘယ်က ရောက်လာတာလဲ... မင်းရဲ့ ဇာတိအမှန်က ဘာလဲ..."
နောက်ထပ် စွန်ဝူခုန်း တစ်ယောက်ကလည်း အလျှော့မပေးဘဲ ဒေါသတကြီး အော်ဟစ်ပြန်သည်။
စွန်ဝူခုန်း နှစ်ယောက်စလုံးသည် ဒေါသအမျက် ချောင်းချောင်းထွက်နေကြပြီး တူညီလုနီးပါးရှိသော ခွန်အားများဖြင့် အပြန်အလှန် ထိုးနှက်နေကြ၏။ မည်သူကမျှ အသာစီးရနိုင်ပုံ မပေါ်ချေ။
"အင်း... ဒီမျောက်နှစ်ကောင်ရဲ့ ကျင့်စဉ်အဆင့်တွေက အတော်လေး ဆင်တူနေပြီး… နှစ်ယောက်စလုံးက ထိုက်ရီ စစ်မှန်သော နတ်အဆင့်ကို ရောက်နေကြတာပဲ… နှစ်ယောက်စလုံးက ထိုက်ရီအဆင့်မှာ ထူးချွန်ကြတယ်ဆိုတော့ ဒါက အတော် ခက်ခဲနေပြီ..."
ထိုက်ရီအဆင့်ရှိ မျောက်နှစ်ကောင်ကို ကြည့်ရင်း ကွမ်ယင်သည် ခေတ္တမျှ တွေးတောလိုက်ပြီး အခြေအနေမှာ အနည်းငယ် ပြဿနာရှိနေသည်ဟု ခံစားလိုက်ရသည်။
"သူတို့ထဲက ဘယ်သူက မင်းတို့ရဲ့ ဘုရင်ကြီးလဲဆိုတာ သိကြလား..."
ခေတ္တမျှ စဉ်းစားပြီးနောက် ကွမ်ယင်သည် အောက်သို့ ဆင်းသက်လာကာ အနီးနားရှိ မျောက်များကို မေးမြန်းလိုက်သည်။
"ကျွန်တော်… ကျွန်တော်လည်း မခွဲခြားတတ်တော့ဘူး… တစ်ထေရာတည်း တူနေတဲ့ ဘုရင်ကြီး နှစ်ယောက်နဲ့ဆိုတော့ ဘယ်လိုလုပ်ရမလဲ..."
ကွမ်ယင်ပင်လျှင် သူတို့ကို မခွဲခြားနိုင်သောကြောင့် ပန်းသစ်သီးတောင်မှ မျောက်များအတွက် ခွဲခြားရန်မှာ ခက်ခဲလှရာ သူတို့အားလုံး အလွန် ဇဝေဇဝါ ဖြစ်နေပုံရသည်။
သူတို့၏ ဘုရင်ကြီးကို မမြင်ရသည်မှာ နှစ်ငါးရာတိုင်ခဲ့ပြီဖြစ်ပြီး ယခုအခါတွင်မူ မမျှော်လင့်ဘဲ နှစ်ယောက်စလုံး တစ်ပြိုင်နက် ပြန်ရောက်လာခဲ့လေသည်။
"တကယ်ပဲ သူတို့လည်း မခွဲခြားနိုင်ကြဘူးလား… ဒါဆိုရင်များ..."
ပန်းသစ်သီးတောင်မှ မျောက်များထံမှ အဖြေကို ကြားပြီးနောက် ကွမ်ယင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ရုတ်တရက် နားလည်သွားလေ၏။
သူမသည် သူမ၏ရှေ့မှ တစ်ထေရာတည်း တူညီနေသော မျောက်နှစ်ကောင်ကြောင့် အာရုံလွင့်ပါးသွားခဲ့ပြီး မည်သူက အစစ်၊ မည်သူက အတုဖြစ်ကြောင်းကိုသာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။ ကျင်းမြစ် နဂါးမင်းကြီးကို စွန်ဝူခုန်းနှင့် တူသော ခြောက်ရွက်နား မျောက်ဆိုသူက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ဤမျောက်နှစ်ကောင်ကြားရှိ အတုအယောင်က မည်သူမည်ဝါဖြစ်ကြောင်းက လျင်မြန်စွာ ပေါ်လွင်လာခဲ့လေသည်။
"အောမိတော်ဖော… ဝူခုန်း… ရပ်လိုက်ကြပါတော့..."
စိတ်နှလုံး ရှင်းလင်းသွားပြီးနောက် ကွမ်ယင်သည် ဘုရားစာကို ရွတ်ဆိုလိုက်ပြီး တိုက်ခိုက်နေသော မျောက်နှစ်ကောင်အား လှမ်းခေါ်လိုက်သည်။
"ဗောဓိသတ်… ဒီမိစ္ဆာက ငါ့ရဲ့ နာမည်ကောင်းကို ဖျက်ဆီးတယ်… ငါ စွန်ဝူခုန်းက ဒီနေ့ သူ့ကို သတ်ပြီး ငါ့ရင်ထဲက အမုန်းတွေကို ဖြေဖျောက်ရမယ်..."
ကွမ်ယင်က ပြောလိုက်စဉ် မျောက်တစ်ကောင်က ရှုပ်ထွေးမှုများကြားမှ အခွင့်အရေးရှာ၍ ပြန်လည် ဖြေကြားလိုက်သည်။
"ရဲတင်းလိုက်တဲ့ စကားတွေ…မင်းက အတုဖြစ်နေပြီးတော့ အရင် တိုင်တောနေသေးတယ်… ငါ စွန်ဝူခုန်းကမှ အစစ်ကွ..."
အခြားမျောက်က ရွှေတုတ်ကို ဝှေ့ယမ်းကာ တိုက်ခိုက်ရင်း ကျိန်ဆဲလိုက်သည်။
"တော်လောက်ပြီ ဝူခုန်း… ဘယ်သူက အတုလဲဆိုတာ ငါ သိပြီးသွားပြီ..."
မျောက်နှစ်ကောင်၏ အခြေအနေကို မြင်သောအခါ ကွမ်ယင်က ကြေညာလိုက်သည်။
ကွမ်ယင်၏ စကားကို ကြားသောအခါ မျောက်နှစ်ကောင်သည် နောက်ဆုံးတွင် လူစုခွဲလိုက်ကြပြီး သူမထံသို့ ကြည့်ကာ နှစ်ယောက်စလုံးက တပြိုင်နက် ပြောဆိုလိုက်ကြ၏။
"ဗောဓိသတ်… ဒီမိစ္ဆာက ဘယ်သူလဲဆိုတာ သိတယ်ပေါ့… မြန်မြန် ပြောပါ… ငါ စွန်ဝူခုန်းကို ဘယ်လို မိစ္ဆာမျိုးက ဟန်ဆောင်ရဲသလဲဆိုတာ ကိုယ်တိုင် မြင်ချင်လို့ပါ..."
"အဟမ်း… အဟမ်း… မင်းတို့ နှစ်ယောက်က မျိုးနွယ်တူတွေပဲ… အစစ်အမှန် ဝူခုန်းက နွီဝါးနတ်သမီး ကောင်းကင်ကို ဖာထေးစဉ်က ကျန်ရစ်ခဲ့တဲ့ အရောင်ငါးမျိုး သွေးကျောက်တုံးကနေ ကျောက်ဥအဖြစ် မွေးဖွားလာတာ… အတုအယောင် ဝူခုန်းကတော့ သူ့ကိုယ်သူ နားခြောက်ဖက်မျောက်လို့ ခေါ်တယ်… သူက ရွှမ်ကျန်းဆရာတော်နဲ့ အဖွဲ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ရုံသာမကဘဲ မြေအောက်ကမ္ဘာမှာ ပြဿနာတွေ ဖန်တီးပြီး ကျင်းမြစ် နဂါးမင်းကြီးရဲ့ ဝိညာဉ်ကို သိမ်းပိုက်ခဲ့တယ် မဟုတ်လား..."
သေချာသည့် အမူအရာဖြင့် ကွမ်ယင်က ပြောလိုက်သည်။
ကွမ်ယင် ပြောပြီးသည်နှင့် မျောက်တစ်ကောင်၏ မျက်နှာအမူအရာက အလိုအလျောက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ လျင်မြန်စွာ လှည့်၍ အဝေးသို့ ထွက်ပြေးလေတော့သည်။
***