← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း ၄၁

တီးဝိုင်းအဖွဲ့သားများ ရန်ရှောင်စုကို မနှစ်မြို့ကြခြင်းမှာ အကြောင်းရင်း ရှိပါသည်။ ၎င်းတို့သည် ခံတပ်အတွင်းမှ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ဈေးမြို့တွင် လမ်းပြရှာဖွေခဲ့စဉ်က ခုခံမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့အတွက် လမ်းပြလုပ်ပေးရခြင်းမှာ ဂုဏ်ငယ်စရာ အလုပ်တစ်ခုသဖွယ် ဖြစ်နေခဲ့လေသည်။

သူတို့၏အမြင်တွင် ရန်ရှောင်စုသည်လည်း ပထမဆုံး လမ်းပြကဲ့သို့ပင် သူတို့ထံ စိတ်အားထက်သန်စွာ ချဉ်းကပ်လာသင့်သည် မဟုတ်ပါလော။

လူအများစုမှာ ခံတပ်အတွင်းမှ လူများနှင့် ထူးခြားသော ဆက်ဆံရေးမျိုး ရရှိရန် မျှော်လင့်ကြသည်။ အကြောင်းမှာ ဝမ်ဖူကွေ့ပြောသည်မှာ မှန်ကန်သောကြောင့်ဖြစ်သည်။ ခံတပ်အတွင်းမှ အရေးပါသော ပုဂ္ဂိုလ်များ၏ လက်ကြားမှ ယိုဖိတ်ကျလာသည့် အရာတစ်ခုခုသည်ပင် ဈေးမြို့ရှိ ဒုက္ခသည်များကို ကောင်းမွန်စွာ နေထိုင်နိုင်ရန် လုံလောက်လှပေသည်။

သို့သော် ရန်ရှောင်စု၏ တုံ့ပြန်မှုမှာမူ သူတို့ကို လုံးဝရှောင်ဖယ်နေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ဘီစကစ် မုန့်ကိစ္စပြီးနောက် ရန်ရှောင်စုအပေါ် လူတိုင်း၏ မကောင်းသော အထင်အမြင်များမှာ ပို၍ဆိုးရွားလာခဲ့သည်။ အထူးသဖြင့် လျိုပုဆိုလျှင် လမ်းပြအသစ် ရှာရန်အတွက် ဈေးမြို့သို့ ပြန်လှည့်ဖို့ရန် လော့ရှင်းယွီကိုပင် တိုက်တွန်းနေတော့သည်။

“ရှင်းယွီ... ငါတို့ ခရီးထွက်လာတာ နာရီဝက်ပဲ ရှိသေးတယ်လေ။”

လျိုပုက ပြောလိုက်သည်။

“အခု ဈေးမြို့ကို ပြန်သွားရင်လည်း အဆင်ပြေပါတယ်။ တစ်ရက်စာ အချိန်ပဲ ပုပ်သွားမှာပါ။”

“ဒါပေမဲ့ အချိန်ကုန်တာက ကုန်တာပဲ။”

လော့ရှင်းယွီက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရင်း ပြောလိုက်သည်။

“မင်း စဉ်းစားကြည့်ပါဦး။”

လျိုပုက ဆက်ပြောသည်။

“ဒီကောင်က ကြည့်ရတာ တော်တော် အားကိုးလို့မရဘူး။ တကယ်လို့ နောက်မှ ပိုပြီးတော့ စိတ်မချရတာမျိုး ဖြစ်လာရင် တစ်ရက်မကဘဲ ပိုပြီး အချိန်ပုပ်ကုန်လိမ့်မယ်။ ဈေးမြို့က ဒုက္ခသည်တွေက အရည်အသွေး နိမ့်တယ်လို့ ငါလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ဖြစ်မယ်လို့တော့ မထင်ထားဘူး။”

လော့ရှင်းယွီက ခေါင်းခါလိုက်သည်။

“ဝမ်ဖူကွေ့ ပြောထားတယ်။ သူမှ ငါတို့ကို နယ်စပ်တောင်တန်းကနေ ဖြတ်ပြီး မခေါ်သွားနိုင်ရင် ဘယ်သူမှ မခေါ်သွားနိုင်ဘူး။”

“ငါတော့ မယုံဘူး။”

လျိုပုက လှောင်ပြောင်လိုက်သည်။

“ဈေးမြို့တစ်ခုလုံးက ဒီလောက်ကြီးတာ။ နယ်စပ်တောင်တန်းကို လမ်းပြပေးနိုင်မယ့်သူ တစ်ယောက်မှ မရှိဘူးလား။ အရင်က ငါတို့ ဈေးမြို့ထဲမှာပဲ မေးခဲ့ဖူးတယ်။ တကယ်တော့ ဘေးပတ်ပတ်လည်က စက်ရုံ ၇ ရုံမှာ လူတွေ အများကြီး ရှိသေးတယ်။ လူတချို့ စက်ရုံတွေထဲမှာ နေကြတယ်။ ငါတို့သာ အဲ့ဒီစက်ရုံတွေမှာ သွားမေးရင် တစ်ခုခု ထူးခြားလာနိုင်ပါတယ်။”

“အခု ၆ ရုံပဲ ရှိတော့တယ်။”

လော့ရှင်းယွီက ပြင်ပေးလိုက်သည်။

မကြာသေးမီက စက်ရုံတစ်ရုံမှာ ဝံပုလွေအုပ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသဖြင့် ၆ ရုံသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

“ဒါဆိုရင်လည်း ကျန်တဲ့ စက်ရုံတွေမှာ သွားရှာကြည့်ကြတာပေါ့။”

လျိုပုက အင်တင်တင်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ...ဒီအကြောင်းကို ဆက်ပြီးဆွေးနွေးနေဖို့ မလိုတော့ဘူး။”

လော့ရှင်းယွီက ငြင်းပယ်လိုက်သည်။

“ဒီတစ်ခေါက် ကိုယ်ရံတော်တပ်ဖွဲ့ဝင် ၁၂ ယောက် လိုက်ပါခွင့်ရဖို့တောင် တော်တော် ခက်ခဲခဲ့တယ်။ နောက်ထပ် ပြဿနာတွေ ထပ်မရှုပ်ကြရအောင်။”

လျိုပု စကား ဆက်မပြောတော့ပေ။ အပြင်လူများက လော့ရှင်းယွီကို ငယ်ရွယ်သေးသည်ဟု ထင်ကြသဖြင့် ဆုံးဖြတ်ချက် အတော်များများကို သူမ၏ မန်နေဂျာဖြစ်သူ လျိုပုက ချမှတ်သည်ဟုသာ ထင်ကြသည်။ သို့သော် လော့ရှင်းယွီသည် ခိုင်မာသော အမြင်ရှိသည့် မိန်းကလေးဖြစ်ပြီး သူက အမိန့်ကို အကောင်အထည်ဖော်သူမျှသာ ဖြစ်ကြောင်းကိုမူ လျိုပုသာ အသိဆုံးဖြစ်သည်။

ယနေ့ခေတ်တွင် ခံတပ်အသီးသီး၌ လော့ရှင်းယွီကဲ့သို့ ကြယ်ပွင့်များ ရှိကြပြီး ၎င်းတို့ကို ကျောက်အာဟု လူသိများသည်။ သို့သော် ထိုကျောက်အာ အများစုမှာ မိမိတို့၏ ခံတပ်အတွင်း၌သာ အားပေးသူ ရှိကြပြီး ခံတပ်၏ ကန့်သတ်ချက်များမှ ရုန်းထွက်ရန်မှာမူ ခက်ခဲကြသည်။

အကြောင်းမှာ သွားလာရေးသည် ကပ်ဘေးကြီး မတိုင်ခင်ကကဲ့သို့ မလွယ်ကူတော့ဘဲ လူတို့၏ စိတ်နေစိတ်ထားကို ခန့်မှန်းရန်မှာလည်း ခက်ခဲသောကြောင့် ဖြစ်သည်။ ခံတပ်၏ အပြင်ဘက်သို့ ခြေလှမ်းလိုက်ခြင်းမှာ အန္တရာယ်များနှင့် ပြည့်နှက်နေမည်ဖြစ်သည်။

ယခင်က အမှတ် ၈၉ ခံတပ်မှ နာမည်ကျော်တစ်ဦးသည် သူမ၏ ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် ခံတပ်များကို ဖြတ်ကျော်လိုခဲ့သော်လည်း ခံတပ်ထဲမှ ထွက်ခွာပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။ သူမ၏ မန်နေဂျာနှင့် ကိုယ်ရံတော်များလည်း အစပျောက်သွားခဲ့သည်။ နှစ်လကြာပြီးနောက်မှသာ တောရိုင်းထဲတွင် ထိုဆယ်လီ၏ ရုပ်ကြွင်းဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိခဲ့ရသည်။ အရိုးထဲတွင် နစ်ဝင်နေသော ကျည်ဆန်က သူသည် နောက်ကျောမှ သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးခဲ့ရကြောင်း ထင်ရှားစွာ ပြသနေခဲ့သည်။

ထိုအဖြစ်အပျက်က အခြားသူများကို ပို၍ သတိကြီးစေခဲ့သည်။

သို့သော် လော့ရှင်းယွီသည် ခံတပ်တစ်ခုတည်းတွင် တောက်ပနေရုံနှင့် မကျေနပ်နိုင်ပေ။ အန္တရာယ်ရှိမှန်း သိသော်လည်း သူမက စွန့်စားရန် ဆန္ဒရှိနေခဲ့လေသည်။ ၎င်းသည် မိန်းကလေးငယ် တစ်ဦးအတွက် အလွန်ကြီးမားသော သတ္တိမျိုး လိုအပ်ပေသည်။

လော့ရှင်းယွီက တိတ်ဆိတ်နေသော လျိုပုကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“နင် သူ့ကို ပစ်မှတ်ထားလို့ ရတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ခရီးစဉ်ကိုတော့ မထိခိုက်စေနဲ့။ သူ ငါတို့ကို ကောင်းကောင်း လမ်းပြပေးရမယ်။ ငါတို့ အမှတ် ၁၁၂ ခံတပ်ကနေ ပြန်လာတဲ့အခါကျရင် နင် သူ့ကို နင့်သဘောအတိုင်း လုပ်လို့ရတယ်။”

“ကောင်းပါပြီ။”

လျိုပုက သဘောတူလိုက်သည်။

ကားမှာ လှုပ်ခါပြီး ခုန်ပေါက်နေခဲ့သည်။ ကိုယ်ရံတော် စစ်သားများက ကားမောင်းသူအဖြစ် တာဝန်ယူထားပြီး ကား၏ ဘီးများ၊ ကိုယ်ထည်နှင့် အစိတ်အပိုင်းများ မပျက်စီးစေရန် တတ်နိုင်သမျှ တည်ငြိမ်အောင် မောင်းနှင်နေကြသည်။ သို့သော် လမ်းမှာ အလွန်ပင် ဆိုးရွားလွန်းလှသဖြင့် သူတို့လည်း ဘာမှ မတတ်နိုင်ကြချေ။

ရန်ရှောင်စုသည် ရှေ့ဆုံးမှဦးဆောင်နေသည့် ကား၏ နောက်ခန်းတွင် ထိုင်ကာ လိုက်ပါလာပြီး ရံဖန်ရံခါတွင် ကားမောင်းသူကို လမ်းညွှန်ပေးနေခဲ့သည်။ မူလက ရန်ရှောင်စုအပါအဝင် အဖွဲ့သား ၂၀ ဦးရှိရာ တစ်စီးလျှင် ၄ ယောက်နှုန်းဖြင့် ကား ၅ စီးမှာ အံကိုက်ပင် ဖြစ်သည်။ သို့သော် လျိုပုသည် ရန်ရှောင်စုကို မယုံကြည်သဖြင့် သူ့ကို စောင့်ကြည့်ရန် တီးဝိုင်းဝန်ထမ်း နှစ်ဦးအား ရန်ရှောင်စုဘေးတွင် အထူးတလည် ထည့်ပေးလိုက်သောကြောင့် ရှေ့ကားတွင် လူ ၅ ယောက် ဖြစ်သွားခဲ့လေသည်။

တီးဝိုင်းဝန်ထမ်း နှစ်ဦးသည် နောက်ခန်းတွင် တည်တင်းသော မျက်နှာပေးများဖြင့် ထိုင်နေကြသည်။ မူလက သူတို့နှစ်ဦးတည်းဆိုလျှင် နေရာကျယ်ကျယ်ဝန်းဝန်း ရှိသော်လည်း ရန်ရှောင်စု ရောက်လာသောအခါ အားလုံးအတွက် သက်သောင့်သက်သာ မရှိတော့ပေ။

နယ်စပ်တောင်တန်းကို ဖြတ်ကျော်ရန် စီစဉ်ထားသော ဤအဖွဲ့မှာ ရုတ်တရက် ရန်ရှောင်စုကို အမှတ် ၁၁၂ ခံတပ်ဆီသို့ သီးသန့် ပို့ဆောင်ပေးနေသည့်အလား ဖြစ်သွားခဲ့လေသည်။ သို့သော် ရန်ရှောင်စုကမူ လျိုပုမှာ အနည်းငယ် ကလေးဆန်သည်ဟု တွေးနေမိသည်။ ကားပေါ်တွင် ကိုယ်ရံတော်စစ်သား တစ်ယောက်သာ ရှိပြီး ကျန်သုံးယောက်မှာ တီးဝိုင်းဝန်ထမ်းများ မဟုတ်ပါလော။

တကယ်လို့ သူသာ ပြဿနာရှာချင်သည်ဆိုပါက သုံးစက္ကန့်အတွင်း တစ်ကားလုံးတွင် သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်အောင် လုပ်နိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် ခံတပ်အတွင်းမှ ထိုလူများသည် ဒုက္ခသည်များ၏ လူနေမှုပတ်ဝန်းကျင်ကို အမှန်တကယ် နားမလည်ကြဘဲ ဒုက္ခသည်ဘဝမှာ အလွန်ပင်ပန်းပြီး ညစ်ပတ်စုတ်ပြတ်သည်သည်ဟူသော အပေါ်ယံအမြင်လောက်သာ ရှိကြသည်။

ရန်ရှောင်စု ဘေးတွင်ထိုင်နေသော ဝန်ထမ်းတစ်ဦးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မာန်ပါပါဖြင့် ပြောလိုက်သည်။

“မင်း အေးအေးဆေးဆေး နေတာ ကောင်းလိမ့်မယ်။ မလိုအပ်တာတွေ လျှောက်မလုပ်နဲ့။”

ရန်ရှောင်စုတစ်ယောက် မကျေမနပ်သွားခဲ့သည်။

“ကျုပ် ခင်ဗျားတို့ရဲ့ ဘီစကစ်လေး နည်းနည်းပဲ စားလိုက်မိတာကို ဒီလောက်တောင် ဖြစ်သွားရလား။”

တီးဝိုင်းဝန်ထမ်းက အသံမြှင့်လိုက်သည်။

“ဒါက နည်းနည်းလား။ ငါပြောမယ်...မင်း ငါတို့နဲ့အတူ ထွက်လာပြီးကတည်းက မင်းရဲ့ကိုယ်ခန္ဓာကို မင်းမပိုင်တော့ဘူး။ နားလည်လား...။ ကြက်ဥနဲ့ ကျောက်ခဲကို မပေါက်ချင်နဲ့။”

ထိုစဉ် ရှေ့ခန်းတွင် ထိုင်နေသော တီးဝိုင်းဝန်ထမ်းက ရယ်မောရင်း ပြောလိုက်သည်။

“ကောင်လေး...ကြက်ဥနဲ့ ကျောက်ခဲကို ပေါက်ရင် ဘယ်ဟာ ကွဲသွားမလဲဆိုတာ မင်းသိလား။”

ရန်ရှောင်စုတစ်ယောက် အနည်းငယ် စဉ်းစားကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“နှလုံးသား ကွဲသွားမှာပေါ့။”

ဝန်ထမ်းမှာ ကြောင်အသွားခဲ့သည်။

“ဘယ်သူ့နှလုံးသား ကွဲမှာလဲ။”

“အမေကြက်မကြီးရဲ့ နှလုံးသား ကွဲသွားမှာပေါ့။”

ရန်ရှောင်စုက ပြန်ဖြေလိုက်သည်။

ရန်ရှောင်စုတစ်ယောက် သူ၏ အဖြေကို အတော်ပင် ကျေနပ်နေမိသည်။ သူ၏ ဟာသဉာဏ်ထဲတွင် လူသားဆန်သော ဂရုဏာစိတ် အနည်းငယ် ပါဝင်နေသည် မဟုတ်ပါလော...။

ထိုနေ့ညနေတွင် ယာဉ်တန်းသည် တိမ်တောင်ကြားလမ်းကြားလမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ရှုခင်းမှာ ရုတ်တရက် ကျယ်ပြောသွားခဲ့သည်။ တိမ်တောင်ကြား၏ နောက်ကွယ်တွင် ကျယ်ပြောလှသော တောအုပ်ကြီးတစ်ခု ရှိပေသည်။

ရန်ရှောင်စုတစ်ယောက် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ သဘာဝတရား၏ ဆန်းကြယ်သော လက်ရာအောက်တွင် မြေပြန့်လွင်ပြင်ကြီးမှာ စနစ်တကျ စီတန်းနေသော ချောက်ကမ္ဘာများသဖွယ် ထွင်းထုခြင်း ခံထားရသည်။

ကျောင်းမှ ဆရာကျန်း ပြောပြခဲ့ဖူးပေသည်။ ၎င်းသည် ကမ္ဘာ့မြေမျက်နှာပြင် လှုပ်ရှားမှုပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော ထူးခြားသည့် မြေမျက်နှာသွင်ပြင်ဖြစ်သည်ဟု ဆိုသည်။ ရန်ရှောင်စုသည် ရံဖန်ရံခါတွင် လူသားများမှာ အမှန်တကယ်ပင် သေးငယ်လှသည်ဟု တွေးမိတတ်သည်။

ဤနေရာတွင် သစ်ပင်များမှာ မြင့်မားဖြောင့်မတ်စွာ ပေါက်ရောက်နေကြပြီး ရွှံ့ဗွက်လမ်း အနည်းငယ်ကသာ ဤနေရာသို့ လူသားများ တစ်ချိန်က ရောက်ရှိခဲ့ဖူးကြောင်းကို သက်သေပြနေသည်။

တီးဝိုင်းအဖွဲ့ ပထမဆုံးအကြိမ် ဤနေရာသို့ ရောက်လာခဲ့စဉ်က ဤနေရာ၌ပင် စတင်၍ လမ်းပျောက်ခဲ့ကြခြင်း ဖြစ်သည်။ အပူပိုင်းမိုးသစ်တောများရှိ သစ်ပင်များသည် အလွန်ထူထပ်လှသဖြင့် ဖြတ်သန်းရန်ပင် မဖြစ်နိုင်လုနီးပါး ဖြစ်ကြောင်း ဆရာကျန်း ပြောသည်ကို ရန်ရှောင်စု ကြားဖူးသော်လည်း ဤမြောက်ပိုင်းဒေသရှိ တောအုပ်များမှာမူ အနည်းငယ် ကျဲပါးပြီး အနည်းငယ် ရှည်လျားသော မြက်ပင်များသာ ရှိသည်။

ညမှောင်တော့မည့် အချိန်တွင် နောက်ဆုံး၌ ယာဉ်တန်းသည် လျိုပုပြောသော ကွင်းပြင်သို့ ရောက်ရှိလာခဲ့သည်။ လျိုပုတစ်ယောက် ကားပေါ်မှ ခုန်ဆင်းကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဒီနေ့ ဒီမှာပဲ စခန်းချကြမယ်။ အားလုံးပဲ မြန်မြန်အနားယူပြီး တစ်ခုခု စားကြရအောင်။”

သူ စကားဆုံးသည်နှင့်နှင့် ရန်ရှောင်စုတစ်ယောက် ပစ်ကပ်ကားဆီသို့ လျှောက်သွားလိုက်သော်လည်း လျိုပုက သူ့ကို အရင် ပိတ်ဆီးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ရန်ရှောင်စုက အံ့ဩတကြီး မေးလိုက်၏။ ထိုအခါ လျိုပုက လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်သည်။

“ငါတို့မှာ မင်းအတွက် အစားအသောက်နဲ့ ရေတွေ မပါဘူး။ မင်း ကိုယ့်ဘာသာကိုယ် ဖြေရှင်းလိုက်။”

အခန်း ၄၂

လျိုပုသည် ရန်ရှောင်စုအပေါ် အလွန်အမင်း မကျေမနပ်ဖြစ်နေခြင်းမှာ ရန်ရှောင်စုက ဘီစကစ်များ စားလိုက်ခြင်းကြောင့်ဟု ထင်ရသည်။

သို့သော် လက်တွေ့တွင်မူ ထိုဘီစကစ်များကို စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ လျိုပု၏ သဘောထားမှာ ဆိုးရွားနေမည်သာဖြစ်ကြောင်း ရန်ရှောင်စု နားလည်ထားသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ယာဉ်တန်းက သူ့ကို အစားအသောက် ကျွေးမည်မဟုတ်ကြောင်း ရန်ရှောင်စု ကြိုတင်သိရှိထားပြီးသားဖြစ်သည်။ သူ မမျှော်လင့်ထားသည်မှာ သူတို့က မျက်နှာဖုံးကို အတင်းအဓမ္မ ခွာချကာ တိုက်ရိုက်ပြောဆိုလာခြင်းပင်။

ဒါကလည်း ကောင်းပါသည်။ ရန်ရှောင်စုအနေဖြင့် မည်သည့်အရာကိုမျှ ထည့်တွက်နေစရာ မလိုတော့သောကြောင့် ပို၍ပင် စိတ်လက်ပေါ့ပါးသွားခဲ့သည်။

သူသည် လက်ရှိအခြေအနေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။

သူ လှည့်ထွက်ပြီး တောအုပ်ဆီသို့ လျှောက်သွားသောအခါ လျိုပုတစ်ယောက် ပျာပျာသလဲ ဖြစ်သွားတော့သည်။

“မင်း ဘယ်သွားမလို့လဲ။ မင်းသာ အခု ထွက်ပြေးသွားရင် အမှတ် ၁၁၃ ခံတပ်အပြင်ဘက်က ဈေးမြို့ကို မင်း ဘယ်တော့မှ ပြန်လို့ရမှာ မဟုတ်ဘူးနော်။”

အကယ်၍ ရန်ရှောင်စုသာ ထွက်သွားပါက သူတို့အတွက် ဒီနေ့လည်း အချိန်ကုန်ဦးမည်ဖြစ်သည်။ သူတို့အနေဖြင့် လမ်းပြမပါဘဲ ဤတောအုပ်ကို ဖြတ်ကျော်ပြီး နယ်စပ်တောင်တန်းဆီသွားရာ လမ်းကို ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်ပေ။

ရန်ရှောင်စုအနေဖြင့် ဤလူတစ်စုကို အမှန်တကယ် ချီးကျူးရမည်ဖြစ်သည်။ နယ်စပ်တောင်တန်းသည် ဤနေရာမှ ၅ ရက်ခန့် ခရီးကွာဝေးသေးသည်။ ပြီးခဲ့သည့်အကြိမ်က သူတို့ စောစောစီးစီး လမ်းမှားပြီး အပြန်ထွက်ပေါက်ကို ရှာတွေ့ခဲ့ခြင်းမှာ ကံကောင်းလွန်းခြင်းဖြစ်သည်။ အကယ်၍သာ တောနက်ထဲကို ၂ ရက် ၃ ရက်လောက် ဆက်တိုးသွားမိပါက သူတို့အနေဖြင့် တောအုပ်ထဲမှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ချေ။

ဤသည်က အချိန်တစ်ရက် ပုပ်တာထက် ပိုပါသည်။ ခံတပ်အတွင်းမှ စည်းစိမ်ချမ်းသာနှင့် နေသားကျနေသော ဤအရေးပါသည့် ပုဂ္ဂိုလ်များသည် ယခုအခါ ဤနေရာမှာ ဘယ်သူ့နယ်မြေဖြစ်နေပြီလဲဆိုသည်ကို သတိမမူမိကြချေ...။

ဟုတ်ပါသည်။ ရန်ရှောင်စု နားလည်ပေးနိုင်၏။ လူသားတို့တွင် တွေးတောပုံ အယူအဆဟောင်းများ ရှိတတ်ကြသည်။ ခံတပ် အတွင်းမှ လူကုံထံကြီးများက ဒုက္ခသည်များကို အထင်သေးလာခဲ့သည်မှာ တစ်ရက်နှစ်ရက်မျှ မဟုတ်တော့သဖြင့် သူတို့၏ စိတ်ဓာတ်ကို ချက်ချင်းမပြောင်းလဲနိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

ရန်ရှောင်စုတစ်ယောက် သူ့ကို လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

“ကျုပ်က အစားအသောက် သွားရှာမလို့ပါ။ ခင်ဗျားက ဘာလို့ ပျာယာခတ်နေတာလဲ။”

“ငါ ဘယ်မှာ ပျာယာခတ်လို့လဲ။”

လျိုပုက အိုးတိုးအန်းဆန်းဖြင့် ရှင်းပြလိုက်သည်။

“နောက်ဆုံး လမ်းပြက ဒီနားမှာပဲ သေသွားခဲ့တယ်ဆိုတာ မင်းကို သတိပေးချင်လို့ပဲ။ မင်းလည်း သူ့လိုပဲ အဓိပ္ပာယ်မရှိ ဒီမှာ လာသေပြီး ငါတို့ရဲ့အချိန်တွေကို မဖြုန်းတီးနဲ့။”

ပြီးခဲ့သည့်အကြိမ်က လမ်းပြသည် သူတို့ကို ဤနေရာ၌ လမ်းမှားကို ခေါ်သွားခဲ့ခြင်းဖြစ်သည်။ ရက်အတော်ကြာ လမ်းလျှောက်ပြီးနောက် လမ်းမှားနေပြီဟု အားလုံးက ခံစားရသဖြင့် တိမ်တောင်ကြားမှ ပြန်စရန် ပြန်လှည့်လာခဲ့ကြရသည်။ ရလဒ်အနေဖြင့် လမ်းပြသည် မနက်ပိုင်း မြစ်နားတွင် မျက်နှာသစ်နေစဉ် မတော်တဆမှု ဖြစ်ခဲ့ရခြင်းဖြစ်သည်။

သူ စကားပြောနေစဉ်မှာပင် ဝန်ထမ်းတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။

“ဒီမှာ မြေကြီးပေါ်မှာ သားရဲ ခြေရာတွေ ရှိနေတယ်။”

ရန်ရှောင်စု မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။ ဤနေရာတွင် ဘယ်လို သားရဲမျိုး ရှိနိုင်မည်နည်း။ တောအစပ်တွင် သားရဲများ နေထိုင်လေ့ မရှိသလောက်ပင်။ လူသားများ ဤခံတပ်များကို တည်ဆောက်စဉ်ကတည်းက သားရဲကြီးများကို ခံတပ်အဝိုင်း အပြင်ဘက်တွင်သာ ထားရှိခဲ့ကြသည်။ သားရဲကြီးအနည်းငယ်သာ ခံတပ်၏ အပြင်ဘက်ခံစစ်ကို ဖောက်ထွင်းပြီး အမှတ် ၁၁၃ ခံတပ်ထဲကို တိုက်ရိုက် ဝင်ရောက်နိုင်ပေသည်။

ဥပမာအားဖြင့် စက်ရုံများကို တိုက်ခိုက်သည့် ဝံပုလွေအုပ်မျိုးမှာ အလွန်ရှားပါးလှပေသည်။

ခြေရာများက မည်သို့ပုံစံရှိသနည်းဟု ကြည့်ရန် လူတိုင်း စုဝေးလာကြသည်။ ကိုယ်ရံတော်တပ်ဖွဲ့မှ စစ်သားများမှာမူ ဘာကိုမှ ဂရုမစိုက်ကြချေ။ သေနတ်များ ရှိနေသည့်အတွက် သူတို့ ဘာကို ကြောက်စရာ လိုမည်နည်း။

သို့သော် ခြေရာများကို မြင်လိုက်ရသောအခါ အားလုံး မှင်တက်သွားခဲ့ကြရသည်။ ခြေရာများမှာ တောနက်ထဲသို့ ဦးတည်နေပြီး ခြေရာတစ်ခုချင်းစီမှာ လူ့ဦးခေါင်းတစ်ဝက်ခန့် အရွယ်အစားခန့် ရှိနေခဲ့လေသည်။

ထိုအရာကို မြင်သောအခါ စစ်သားအားလုံး ချက်ချင်းပင် သေနတ်များကို ကိုင်မြှောက်ကာ တောနက်ထဲသို့ စိုးရိမ်တကြီး ချိန်ရွယ်လိုက်ကြသည်။ အကြောင်းရင်းမရှိဘဲ ဤကိုယ်ရံတော်တပ်ဖွဲ့ဝင်များသည် သေနတ်များ ကိုင်ထားသော်လည်း လုံခြုံမှုမရှိသလို ခံစားလိုက်ရသည်။

“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဒီခြေရာတွေကို ငါတို့ မမြင်ခဲ့ပါဘူး ဟုတ်တယ်မလား။”

တစ်ယောက်က တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။

“မမြင်ခဲ့ဘူး။”

တစ်ယောက်က ခေါင်းခါပြလိုက်သည်။

ရန်ရှောင်စုသည်အူ ထိုခြေရာများကို ကြည့်လိုက်ရုံဖြင့် မည်သည့်သတ္တဝါဖြစ်ကြောင်း သိရှိသွားပြီး ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။

ထို့နောက် တီးဝိုင်းအဖွဲ့ စခန်းချရန် ပြင်ဆင်နေသည့် ကွင်းပြင်ကို သူကြည့်လိုက်ရာ ပြီးခဲ့သည့်အကြိမ်က အဖွဲ့သားများ ချန်ထားခဲ့သည့် အမှိုက်များနှင့် စားကြွင်းစားကျန် အများအပြားကို တွေ့လိုက်ရလေသည်။ သူက ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။

“ဒါ ဝက်ဝံခြေရာပဲ။ ခင်ဗျားတို့ ပြီးခဲ့တဲ့တစ်ခေါက်က ချန်ခဲ့တဲ့ စားကြွင်းစားကျန်တွေကြောင့် သူ ရောက်လာတာ ဖြစ်မယ်။”

ထိုအခါ လျိုပုက သံသယဖြင့် ‌ပြောလိုက်သည်။

“မဟုတ်တာ....။ ဝက်ဝံခြေရာက ဘယ်လိုပုံစံလဲဆိုတာ ငါ မသိဘူးလို့ မင်းထင်နေလား။”

ရန်ရှောင်စုတစ်ယောက် ခြေရာများနောက်သို့ လိုက်သွားကာ တောထဲသို့ ဝင်သွားခဲ့လေသည်။ သူသည် တီးဝိုင်းအဖွဲ့နှင့် ကိုယ်ရံတော်တပ်ဖွဲ့ကို အကုန်လုံး လိုက်ပြောပြနေနိုင်လောက်အောင် စိတ်ထား မကောင်းပေ။

“အဟမ်း...ဒါက တောဝက်လည်း ဖြစ်နိုင်တာပဲလေ...။”

သူ့အနောက်ရှိ အဖွဲ့သားများသည် ရန်ရှောင်စုတစ်ယောက် ခြေရာများကိုလည်း မကြောက်၊ တောအုပ်ထဲရှိ ပုန်းကွယ်နေသော အန္တရာယ်များကိုလည်း စိုးရိမ်ပုံမရဘဲ တောထဲသို့ ဝင်သွားသည်ကို ကြည့်နေခဲ့ကြသည်။

“ဒီကောင်က သတ္တိ သိပ်ကောင်းတာပဲ။”

လျိုပုက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“သူက သူ့အသက်ကိုတောင် တန်ဖိုးမထားဘူးလား။”

ကိုယ်ရံတော်တပ်ဖွဲ့မှ စစ်သားများသည်လည်း သေနတ်များကို ပြန်ချလိုက်ကြသည်။ အကယ်၍ ကြောက်စရာကောင်းသော သားရဲတစ်ကောင် အမှန်တကယ်ရှိနေလျှင် ရန်ရှောင်စု၏ အော်သံကြားမှ သေနတ်မြှောက်လျှင်လည်း အချိန်မှီသေးသည်ဟု သူတို့ ယူဆလိုက်ကြသည်။ ထိုစစ်သားများသည် ကြောက်ရွံ့ခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေသယောင် ဆောင်ထားကြသော်လည်း ခုနက တုန်ယင်နေသော သူတို့၏ အသံများက သူတို့၏ ဟန်ဆောင်မှုကို ဖော်ပြနေခဲ့ပြီးဖြစ်သည်။

တောထဲတွင် လမ်းလျှောက်နေသော ရန်ရှောင်စုမှာမူ ထိုခြေရာများသည် သမင်ခြေရာများဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

သူက ထိုသမင်ခြေရာများနောက်သို့ လိုက်နေခြင်းဖြစ်သည်။ အကြောင်းမှာ တောထဲတွင် ယခုကဲ့သို့သော တောရိုင်းတိရစ္ဆာန်ကြီးများနောက်သို့ လိုက်သွားပါက ရေအရင်းအမြစ်နှင့် မြစ်များရှိရာသို့ ရောက်ရှိလေ့ရှိသောကြောင့်ပင်။ ထိုသတ္တဝါများသည်လည်း လူသားများကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်ကို အချိန်မီ ဖြည့်တင်းကြရသည်။

ထို့အပြင် သူသည် မြစ်နားသို့သွားကာ ထိုလမ်းပြ ဘာကြောင့် သေဆုံးခဲ့ရသနည်းဆိုသည်ကိုလည်း သိချင်နေခဲ့သည်။

လျိုပု၏ ပြောပြချက်အရ ထိုလမ်းပြသည် မြစ်ထဲတွင် မျက်နှာသစ်နေစဉ် အမည်မသိ အရာတစ်ခုက သူ့မျက်နှာကို အပိုင်းပိုင်းပြတ်အောင် ကိုက်ဖြတ်သွားသဖြင့် ချက်ချင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထိုလမ်းပြသည် တကယ့်ကို ထုံအလှသည်ဟု ရန်ရှောင်စု စိတ်ထဲမှ တွေးလိုက်မိသည်။ သတ္တဝါမျိုးစိတ်များ ဆင့်ကဲပြောင်းလဲနေသည်မှာ လူတိုင်းသိသော အချက်ဖြစ်သော်လည်း အပင်စားသတ္တဝါမှာ အပင်စားသာဖြစ်ပြီး အသားစားသတ္တဝါမှာ အသားစားသာ ဖြစ်နေဆဲဖြစ်သည်မှာ အခြေခံအသိသညာဖြစ်သည်။

ဤလမ်းပြသည် ဈေးမြို့ရှိ လူအတော်များများကဲ့သို့ပင် ငါးများသည် ရေမှော်ပင်များကိုသာ စား၍ အသက်ရှင်သည်ဟု ထင်နေပုံရသည်။ သို့သော် ရန်ရှောင်စုသည် ဆရာကျန်းထံရှိ ကောင်းမွန်စွာ ထိန်းသိမ်းထားသော စာအုပ်တစ်အုပ်ထဲ၌ ငါးခူနှင့် ငါးရံ့ကဲ့သို့သော ရေချိုငါးအချို့မှာ အသားကိုသာ စားတတ်ကြပြီး အခြားငါးအများစုမှာ စုံစားသတ္တဝါများ ဖြစ်ကြကြောင်း၊ အပင်ကိုသာ သီးသန့်စားသောငါးမှာ လုံးဝမရှိသလောက်ပင် ဖြစ်ကြောင်း ဖတ်ခဲ့ဖူးသည်။

အကယ်၍ မင်းရဲ့ မျက်နှာက အသားစအကြီးကြီးကို သူတို့ ပါးစပ်ရှေ့မှာ တည့်တည့်သွားချထားပေးရင် သူတို့က ဘာလို့ မစားဘဲ နေပါ့မလဲ။

ရန်ရှောင်သည် အသိပညာ၏ စွမ်းအားကို နားလည်ပြီး အမြဲတမ်း ဆည်းပူးနေခဲ့မိသဖြင့် မိမိကိုယ်ကို ဝမ်းသာမိသွားခဲ့သည်။ သို့မဟုတ်ပါက သူသည်လည်း ဘယ်အချိန်မှာ မှားယွင်းသွားမှန်းမသိဘဲ ထိုလမ်းပြကဲ့သို့ပင် အန္တရာယ်ကျရောက်နိုင်သည် မဟုတ်ပါလော။

သူ ထိုခြေရာများနောက်သို့ ဆက်လိုက်သွားခဲ့သည်။ သမင်များမှာ တောထဲတွင် အေးအေးဆေးဆေး နေတတ်သော သတ္တဝါများဖြစ်ပေသည်။ အကယ်၍ သူတို့ကို သွားမနှောင့်ယှက်ပါက ပုံမှန်အားဖြင့် ဘာမှမဖြစ်နိုင်ချေ။

ထိုအချိန်တွင် ရန်ရှောင်စုသည် သစ်ပင်တစ်ပင်ပေါ်တွင် သစ်သားစကဲ့သို့သော အရာများကို တွေ့လိုက်ရသည်။ ၎င်းမှာ ခြကောင်များ ချန်ထားခဲ့သော အမှတ်အသားသည်မှာ ထင်ရှားလှပေသည်။ သူ သစ်မြစ်ဆုံကို ကြည့်လိုက်သောအခါ မထင်မှတ်ဘဲ မြေကြီးမှာ ပုံမှန်ထက် ထူးထူးခြားခြား မြင့်တက်နေသည်ကို တွေ့လိုက်ရလေသည်။

လမ်းတစ်လျှောက်တွင် ရန်ရှောင်စုသည် ထိုမြေပုံကို လျင်မြန်စွာ ကန်ထုတ်လိုက်၏။ အတွင်းထဲတွင် ညိုရောင်ခြကောင်လေးများမှာ ပျာပျာသလဲ ပြေးလွှားနေကြသည်။ ထိုအကောင်လေးများသည် လက်သန်းခေါင်းခန့် အရွယ်အစားရှိပြီး အရသာ သိပ်မရှိသော်လည်း အာဟာရဓာတ် ကြွယ်ဝသည်။

ဈေးမြို့ရှိ လူအတော်များများမှာ နာတာရှည် အာဟာရချို့တဲ့မှုကို ခံစားနေရသဖြင့် ခြကောင်များနှင့် ခြဥများကို အားဖြည့်စာအဖြစ် စားသုံးလေ့ရှိကြသည်။ အချို့လူများမှာ ခြအုံတစ်ခု တွေ့ရလျှင်ပင် ရက်ပေါင်းများစွာ ပျော်ရွှင်နေတတ်ကြသည်...။ သို့သော် ခြကောင်များကို အစိမ်းစားပါက သူတို့ထဲရှိ အက်ဆစ်ဓာတ်ကို ကြောက်ရပေသည်။ ထို့ပြင် ရန်ရှောင်စုမှာလည်း ထိုအရာများကို စားရမည့်အဆင့်အထိ အခြေအနေ မဆိုးသေးပေ။

ခြကောင်လေးများသည် သူတို့၏ ပျက်စီးသွားသော အိမ်ပေါ်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ သူတို့၏ အိမ်ကြီး ဘာကြောင့် ပြိုကျသွားသလဲဆိုသည်ကို မစဉ်းစားမိခင်မှာပင် ရန်ရှောင်စုသည် သစ်ရွက်အကြီးကြီး တစ်ရွက်ကို ဆွဲဖြတ်ကာ ခြအုံအပိုင်းအစငယ်တစ်ခုနှင့် ၎င်းပေါ်ရှိ ခြကောင်များကို ထုပ်ပိုးလိုက်ပြီဖြစ်သည်။

ထို့နောက် သစ်ကိုင်းတစ်ကိုင်းကို ချိုးကာ သူ၏ အရိုးဓားဖြင့် ငါးဖမ်းရန် လှံတံအဖြစ် အချောသပ်လိုက်သည်။

သူ ငါးဖမ်းရန် အဆင်သင့် ဖြစ်နေချေပြီ...။

မကြာခင်မှာပင် ရန်ရှောင်စုသည် နောက်သို့ ပြန်လှည့်လာခဲ့သည်။ သူသည် ခြအုံထဲကို အရိုးဓားဖြင့် ခဏမျှ မွှေနှောက်ပြီးနောက် အသားပြည့်ပြီး ဖြူဖွေးနေသော ခြဘုရင်မကြီးကို ရှာတွေ့သွားကာ ၎င်းကိုပါ ယူဆောင်သွားလေတော့သည်။

ခြကောင်လေးများမှာမူ ကပ်ဘေးကြီးနှင့် ကြုံတွေ့လိုက်ရသလိုပင်။ ဇီဝကိုယ်ကျင့်တရား ရှုထောင့်မှ မစဉ်းစားဘဲ ရိုးရိုးရှင်းရှင်း ပြောရလျှင်မူ သူတို့၏ အိမ်လည်း မရှိတော့သလို သူတို့၏ အမေကြီးလည်း မရှိတော့ချေ...။

All Chapters