အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ၄၅
ယန်ရှောင်ကျင်း၏ သတိကြီးမှုနှင့် နှိုင်းယှဉ်လျှင် အဖွဲ့ထဲမှ ကျန်ရှိသူများမှာ အလွန်ပင် ပေါ့ဆလွန်းသည်ဟု ရန်ရှောင်စု ခံစားနေရသည်။ ဤနေရာတွင် ကိုယ်ရံတော်တပ်ဖွဲ့ဝင် ၁၂ ဦးအထိ ရှိသော်လည်း ညစောင့်တစ်ယောက်မျှပင် မထားရှိကြချေ။
တဲတိုင်းစီမှ ထွက်ပေါ်လာသော ဟောက်သံများမှာ နားကွဲလုမတတ်ဖြစ်နေပြီး သူတို့မှာ အသေကောင်များကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်မှာ ထင်ရှားသည်။ သားရဲကြီးများကို ခံတပ်အပြင်ဘက်တွင် တားဆီးထားသည်မှာ မှန်သော်လည်း ယခု သူတို့၏ လုပ်ရပ်မှာ အလွန်ပင် မဆင်မခြင်နိုင်လွန်းလှပေသည်။
ယန်ရှောင်ကျင်းဘက်တွင်မူ သူမ၏ အသက်ရှူသံမှာ မှန်မှန်နှင့် တည်ငြိမ်နေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းမျိုး မဟုတ်သည်မှာ သိသာလှသည်။
ရန်ရှောင်စုအနေဖြင့် သူ၏ သတိကြီးမှုမှာ သဘာဝကျသည်ဟု ယူဆထားသည်။ အကြောင်းမှာ ညဘက်တွင် လူအများအပြား ဓားဖြင့် အထိုးခံရကာ သေဆုံးသည်ကို သူ မြင်ဖူးသောကြောင့်ပင်။ သို့သော် ယန်ရှောင်ကျင်းမှာမူ မည်သို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ရ၍ ဤကဲ့သို့ အလေ့အထမျိုး ဖြစ်ပေါ်လာရသနည်း။
လူတစ်ယောက်၏ အတိတ်အတွေ့အကြုံများသည် လက်ရှိ သူ၏ စိတ်နေစိတ်ထားနှင့် အလေ့အကျင့်များကို ဆုံးဖြတ်ပေးသည်ဟု သူ ယုံကြည်သည်။ ယန်ရှောင်ကျင်းသည် အလွန်အန္တရာယ်များသော အခြေအနေများကို ကြုံတွေ့ခဲ့ရဖူးခြင်း ဖြစ်ရမည်။
အရုဏ်တက်ချိန်တွင် အခြားသူများ မနိုးကြသေးမီ ရန်ရှောင်စုသည် ငါးအရိုးများ သွားပစ်ခဲ့သော နေရာသို့ သွားရောက်စစ်ဆေးကြည့်လိုက်သည်။ သူသည် သားရဲတစ်ကောင်ကောင်ကို ဆွဲဆောင်နိုင်မလား သိလိုသဖြင့် ညက ငါးအသားအချို့ကို တမင်ချန်ထားခဲ့ခြင်း ဖြစ်သည်။
လူအတော်များများမှာ သားရဲများကို ကြောက်ကြသည်။ အကြောင်းမှာ သားရဲများသည် လူများကို မကြောက်လောက်အောင်ပင် ရက်စက်သည်ဟု ထင်သောကြောင့်ဖြစ်သည်။ သို့သော် သားရဲများသည် ထိုမျှအထိ မိုက်ရူးရဲ မဆန်ကြချေ။ လက်တွေ့တွင် ၎င်းတို့အများစုမှာ အလွန် သတိကပ်ကြသည်။ သာမန် တစ်ကောင်တည်းနေသော သားရဲဆိုလျှင် တဲအမြောက်အမြားကို မြင်သည်နှင့် ထွက်ပြေးသွားမည်မှာ သေချာသော်လည်း ငါးအရိုးနှင့် အသားများမှာ စခန်းနှင့် ဝေးရာတွင်ရှိသဖြင့် တစ်ခုခုတော့ သဲလွန်စ ကျန်ရစ်သင့်ပေသည်။
ရန်ရှောင်စုသည် သားရဲရှိမည့် အရိပ်အယောင်ကို အမြဲမပြတ် စောင့်ကြည့်ရင်း ငါးအရိုးများ ပစ်ထားသည့် နေရာသို့ သတိထား ချဉ်းကပ်သွားသော်လည်း ဘာမှ မတွေ့ရပေ။
သို့သော် ထိုနေရာသို့ ရောက်သောအခါ မြေကြီးပေါ်ရှိ ငါးအသားနှင့် အရိုးများမှာ လုံးဝ ပျောက်ကွယ်နေပြီး ဘေးပတ်ဝန်းကျင်တွင်လည်း မည်သည့် သားရဲခြေရာမျှ မရှိသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။
ရန်ရှောင်စုသည် ချက်ချင်းပင် လက်အင်္ကျီထဲမှ အရိုးဓားကို ဆွဲထုတ်ကာ သတိကြီးစွာဖြင့် အသင့်ပြင်လိုက်သည်။ ခြကောင်များက ထိုအရိုးနှင့် အသားများကို သယ်သွားလေသလားဟု တွေးတောရင်း သတိထား၍ နောက်ဆုတ်လိုက်သည်။ ၎င်းမှာ ဖြစ်နိုင်ခြေရှိသည်။ ယနေ့ခေတ် ခြကောင်များမှာ လက်သန်းခေါင်းခန့် ရှိနေပြီဖြစ်သည်။ တကယ်လို့ အနီးအနားမှာ ခြအုံရှိနေရင် ညတွင်းချင်း အကုန်သန့်ရှင်းသွားခြင်းမှာ ပုံမှန်ပင်။
သို့သော်လည်း ရန်ရှောင်စု စိတ်ထဲ၌ မတင်မကျ ဖြစ်နေဆဲပင်။ သူ စခန်းသို့ ပြန်ရောက်သည့် အချိန်တွင် လူတိုင်းမှာ ထွက်ခွာရန် ပြင်ဆင်နေကြပြီး တဲများကို ခေါက်ကာ ကားနောက်ဖုံးများထဲသို့ ထိုးထည့်နေကြပြီဖြစ်သည်။
ဟိုဘက်တွင် လျိုပုက လော့ရှင်းယွီကို ဆက်လက် ညည်းညူပြနေ၏။
“ရှင်းယွီ...မင်း အဲ့ဒီချောကလက်ကို သူ့ကို မပေးလိုက်သင့်ဘူး။ ဒုက္ခသည်တစ်ယောက်က အဲ့ဒီလို အရာမျိုးကို စားဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။”
လော့ရှင်းယွီက သူ့ကို ဂရုမစိုက်ဘဲ လွှတ်ထားလိုက်သည်။ သူမကိုယ်တိုင်လည်း ချောကလက် နှစ်တုံးတောင် ဆုံးရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယာဉ်တန်း စတင်ထွက်ခွာလာပြီးနောက် သူတို့သည် နောက်ဆုံးတွင် ရန်ရှောင်စု ညွှန်ပြသည့် လမ်းကြောင်းအတိုင်း တောနက်ထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။ သစ်ပင်အုပ်များကြားမှ နေရောင်ခြည်များ ဖြာကျနေသဖြင့် တောအုပ်တစ်ခုလုံးမှာ အလွန်ပင် သာယာလှပနေခဲ့သည်။
ယခုအချိန်တွင် ညက တွေ့ခဲ့ရသော သမင်ခြေရာကြီးများကြောင့် ဖြစ်ပေါ်ခဲ့သည့် ကြောက်ရွံ့မှုများကို လူတိုင်း မေ့လျော့နေကြပြီဖြစ်သည်။ ရန်ရှောင်စုသည် နောက်ကားမှ သီချင်းဆိုသံများနှင့်အတူ ကိုယ်ရံတော်စစ်သားတစ်စု၏ ညစ်ညမ်းဟာသများ ပြောကာ တဟားဟား ရယ်မောသံများကိုပင် ကြားနေရသည်။
သူတို့အားလုံးမှာ ဤနေရာသို့ ပျော်ပွဲစားထွက်လာသည့်အလားပင်။
လမ်း၏ အစိတ်အပိုင်းအချို့မှာ မြစ်နှင့် အလွန်နီးကပ်လှသည်။
“မြစ်နဲ့ တတ်နိုင်သမျှ ဝေးဝေးကနေ မောင်းပါ။”
ရန်ရှောင်စုက ကားမောင်းသူကို ပြောလိုက်သည်။
အမှန်တကယ်တွင် မြစ်ထဲ၌ မည်သို့သော အန္တရာယ်ရှိနိုင်သည်ကို သူ မသိသော်လည်း ယမန်နေ့ညက မြင်ကွင်းမှာ သူ့အပေါ်တွင် အလွန်နက်ရှိုင်းသော စွဲထင်နေဆဲပင်။
သို့သော် ကားမောင်းသူကမူ အရေးမစိုက်ပေ။
“ငါတို့က မြစ်နဲ့ အဝေးကြီး ရှိပါသေးတယ်။ ပြီးတော့ အဲ့ဒီထဲမှာ ငါးနည်းနည်းပဲ ရှိတာ မဟုတ်ဘူးလား။ ငါးက ကုန်းပေါ် ခုန်တက်ပြီး မင်းကို ကိုက်လို့ရလို့လား။ မင်း မြစ်ထဲ ဆင်းပြီး ရေမကူးသရွေ့ ဘာမှမဖြစ်ဘူး။”
ရန်ရှောင်စု ဘာမှ ဆက်မပြောတော့ပေ။ သူသည် ကိုယ်ပိုင်ဆုံးဖြတ်ချက် တစ်ခုကိုသာ ချမှတ်လိုက်သည်။ အကယ်၍ အရေးပေါ် အခြေအနေတစ်ခုခု ပေါ်ပေါက်လာပါက ဤလူအိုပ်တစ်စုကို ပစ်ထားခဲ့ပြီး သူ့ကိုယ်သူ အန္တရာယ်မှ မြန်မြန်ဆန်ဆန် လွတ်မြောက်အောင် လုပ်မည်ဖြစ်သည်။
ထိုအချိန်မှာပင် ရန်ရှောင်စု လိုက်ပါလာသော ရှေ့ဆုံးကားမှာ ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီး ကားမောင်းသူက ထိတ်လန့်တကြား အော်ပြောလိုက်သည်။
“ရှေ့မှာ...။”
ရန်ရှောင်စု လှည့်ကြည့်လိုက်သောအခါ အလွန်ကြီးမားသော သမင်နီကြီးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားခဲ့သည်။
သမင်နီများသည် သမင်မျိုးစိတ်များထဲတွင် အလွန်ကြီးမားပြီး မူးစ်သမင် (Moose) ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။ ၎င်းတို့မှာ အုပ်စုလိုက် နေထိုင်တတ်ကြပြီး မြက်၊ သစ်ရွက်၊ သစ်ကိုင်း၊ သစ်ခေါက်နှင့် အသီးအနှံများကို စားသုံးကြကာ ဆားနှင့် အယ်လ်ကာလီများ ရှိသည့်နေရာအား လျက်ရခြင်းကို နှစ်သက်ကြသည်။
သူတို့ရှေ့ရှိ သမင်နီကြီးသည် အမြင့် နှစ်မီတာကျော်ခန့် ရှိပုံရပြီး လမ်းမပေါ်တွင် ငြိမ်သက်စွာ ရပ်နေရင်း ယာဉ်တန်းကို စိုက်ကြည့်နေ၏။
ယာဉ်တန်းတစ်ခုလုံး တင်းမာမှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ကိုယ်ပိုင်တပ်ဖွဲ့ဝင်တစ်စုမှာ ၎င်း၏ အော်တို ရိုင်ဖယ်သေနတ်များကို ပျာပျာသလဲ ကောက်ကိုင်ကာ မောင်းတင်လိုက်ကြသည်။
ရုတ်တရက် တောအုပ်ထဲမှ သစ်ရွက်လှုပ်သံများ ထွက်ပေါ်လာပြီး သမင်နီပေါက်လေး နှစ်ကောင် ထွက်လာခဲ့လေသည်။ ကြည့်ရသည်မှာ ပထမတစ်ကောင်၏ သားသမီးများ ဖြစ်ပုံရသည်။
“မပစ်နဲ့။”
ရွှီးရှန်ချူ၏ အသံမှာ ကားရေဒီယိုမှ ထွက်ပေါ်လာခဲ့သည်။
ထိုသမင်နီက ရန်လိုသည့်ပုံစံ မပြပေ။ ၎င်းသည် ယာဉ်တန်းကို ကြည့်ရုံသာ ကြည့်နေပြီး “ဒါက ဘာကြီးလဲ” ဟု မေးနေသည့်အလား ရှိနေကာ ထွက်ခွာရန် ပြင်လိုက်သည်။ ယာဉ်တန်းရှိ လူတိုင်း သက်ပြင်းချနိုင်သွားကြပြီး စိတ်အနည်းငယ် ပြေလျော့သွားကြသည်။
ထိုစဉ် ကိုယ်ပိုင် စစ်သားတစ်ယောက်က ရယ်မောရင်း ပြောလိုက်၏။
“ဒါက အပင်စား သတ္တဝါပဲဟာ။ မင်းတို့ ကြောက်နေတာ ကြည့်စမ်းပါဦး။ ဒီမှာ အသားစား သားရဲကြီးတွေ မရှိပါဘူး။”
ယခုအခါတွင်မူ အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ပြန်လည် နောက်ပြောင်နေကြပြီဖြစ်ပြီး ခုနက တင်းမာစွာ တုန်လှုပ်နေခဲ့သူများ မဟုတ်သည့်အလားပင်။
သို့သော်လည်း ထိုအချိန်မှာပင် သမင်နီကြီးသည် ယာဉ်တန်းဆီသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။ ၎င်းသည် ခေါင်းကိုငုံ့ကာ ကြီးမားလှသော ဦးချိုကြီးများဖြင့် ရှေ့ဆုံးကားကို တည့်တည့် ချိန်ရွယ်လိုက်တော့သည်။
ရှေ့ဆုံးကား မောင်းသူမှာ ဆဲဆိုလိုက်ရင်း ဂတ်စ်ကို အဆုံးထိနင်းကာ ရှောင်ကွင်းရန် တောထဲသို့ ကွေ့ချလိုက်သည်။ ဤအချိန်တွင် သစ်ပင်ကို တိုက်မိမည်၊ ကားမှောက်မည်ကို စိုးရိမ်နေရန် အချိန်မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ထိုသမင်ကြီး ရောက်လာသောအခါ ရှေ့ဆုံးကားမှာ အချိန်မီ ကွေ့လိုက်နိုင်သဖြင့် ဦးချိုများနှင့် လွဲချော်သွားခဲ့သည်။ သို့သော် နောက်က ကားမှာမူ ထိုမျှ ကံမကောင်းခဲ့ပေ။ သမင်၏ ဦးချိုများသည် အလွန်ပင် မာကျောလှပြီး ကားခေါင်းပိုင်းကို ဝန်ပင့်ယာဉ်တစ်စီးကဲ့သို့ ထိုးဖောက်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ရာ ကားတစ်စီးလုံး လွင့်ထွက်သွားတော့သည်။
ထို့နောက် ချက်ချင်းပင် ကျန်ရှိသော ကိုယ်ပိုင် စစ်သားများ ကားပေါ်မှ မဆင်းနိုင်သေးမီမှာပင် ထိုသမင်ကြီးသည် ၎င်း၏ သားသမီး နှစ်ကောင်ကို ခေါ်ဆောင်ကာ တောထဲသို့ အပြေးဝင် ပျောက်ကွယ်သွားတော့သည်။ ကြည့်ရသည်မှာ တမင်ဝင်တိုက်ပြီး ထွက်ပြေးသွားသည့် ပုံစံမျိုးပင်။
တစ်စုံတစ်ယောက်က ထွက်ပြေးသွားသော သမင်ကြီး၏ နောက်ကျောကို သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်လိုက်သော်လည်း လုံးဝ မထိမိပေ။ သူတို့၏ သေနတ်ပစ်စွမ်းရည်မှာ အံ့ဩစရာကောင်းလောက်အောင် ညံ့ဖျင်းလှပေသည်။
ရန်ရှောင်စု လိုက်ပါလာသော ကားမှာ ရုတ်တရက် ကွေ့လိုက်ရခြင်းကြောင့် မြေနီလမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိသွားခဲ့သည်။ ကားခေါင်းမှာ ပိန်လိမ်သွားပြီး အတွင်းမှ အဖြူရောင် မီးခိုးများ အမြောက်အမြား ထွက်လာခဲ့လေသည်။
ထိုအချိန်တွင် ယာဉ်တန်းဘက်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“ဒီကိုလာပြီး သူတို့ကို ကယ်ကြဦး။”
လျိုပု၏ အသံမှာလည်း ဟိန်းထွက်လာခဲ့သည်။
“ဟိုဒုက္ခသည်က ဈေးမြို့က ဆရာဝန် မဟုတ်လား။ သူ့ကို မြန်မြန်ခေါ်လာပြီး သူတို့ကို ကုခိုင်းလိုက်စမ်း။”
ရန်ရှောင်စုတစ်ယောက် ကားပေါ်မှဆင်းကာ ယာဉ်တန်းဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် သူ ရောက်သွားသောအခါ ဒုတိယကားမှ မောင်းသူမှာ လက်မောင်းတွင် အစင်းရာလေးတစ်ခုသာ ထင်နေသည်ကို တွေ့လိုက်ရလေသည်။
ဒါက ဒီလောက်အထိ အုတ်အော်သောင်းနင်း လုပ်စရာ လိုလို့လား။
ဒုက္ခသည်တိုင်းအတွက် သေခြင်းတရားဆိုသည်မှာ ငယ်စဉ်ကတည်းက အမြဲတမ်း ဒွန်တွဲနေသည့်အရာ ဖြစ်ပြီး ဘဝ၏ သာမန် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ဤကဲ့သို့သော ရှပ်ထိဒဏ်ရာမျိုးမှာ အမှန်တကယ်ပင် ထည့်ပြောနေစရာ မလိုပေ။
ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤလူကို ကုသပေးရန် စိတ်ကူး လုံးဝမရှိပေ။ ဤကဲ့သို့သော ကိုယ်ပိုင်တပ်ဖွဲ့ဝင် တစ်ယောက်အတွက် သူ၏ အမည်းရောင် ဆေးစွမ်းကောင်းကို ဖြုန်းတီးရန်မှာ မထိုက်တန်ဟု သူ ယူဆထားသည်။ သို့သော် ထိုသမင်ကြီးသည် ဘာကြောင့် ရုတ်တရက် ထိုမျှအထိ ရန်လိုသွားရသနည်းဆိုသည်ကိုမူ သူ အံ့ဩနေမိသည်။
ထိုစဉ် လျိုပုက ရန်ရှောင်စုကို တွန်းထုတ်ကာ အော်ပြောလိုက်၏။
“မင်းက ဆရာဝန် မဟုတ်ဘူးလား။ မြန်မြန် ကုပေးလိုက်လေ။”
“အွန်း”
ရန်ရှောင်စုက တုံ့ပြန်လိုက်သည်။ ထို့နောက် သူသည် ကားမောင်းသူ၏ ဒဏ်ရာကို ကြည့်ကာ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်ာ
“မြန်မြန်ပျောက်ပါစေ...မြန်မြန်ပျောက်ပါစေ...မြန်မြန်ပျောက်ပါစေ...”
လျိုပုတစ်ယောက် မှင်တက်သွားခဲ့သည်။
“မင်းက ဒီလိုပဲ ဒဏ်ရာကို ကုတတ်တာလား။ မင်းက ဘယ်လိုဆရာဝန်မျိုးလဲကွ။”
“မှော်ဆရာဝန်လေ။”
အခန်း ၄၆
၎င်းတို့၏ စွဲမြဲနေသော အယူအဆဟောင်းများကြောင့် ဤလူစုသည် ရန်ရှောင်စုအား ဈေးမြို့၏ တစ်ဦးတည်းသော ဆရာဝန်ဖြစ်သည်ဟု တကယ်မယုံကြည်ကြပေ။ ၎င်းတို့ ရန်ရှောင်စုကို ပထမဆုံးအကြိမ် တွေ့ဖူးခဲ့စဉ်က သူသည် တဲစုတ်ကလေးတစ်ခုထဲတွင် နေထိုင်နေရဆဲ ဖြစ်သည်။ ရက်အနည်းငယ်မျှအကြာတွင် သူက မည်သို့လုပ်ပြီး ဆရာဝန်တစ်ဦး ဖြစ်လာနိုင်မည်နည်း။
မင်းမှာ တကယ်သာ ဆေးကုသရေးကျွမ်းကျင်မှု ရှိနေခဲ့ရင် အရင်က ဘာလို့မလုပ်တာလဲ။
ဤအခိုက်အတန့်တွင် လူတိုင်းသည် မျှော်လင့်ချက်ကင်းမဲ့နေကြရုံသာ ဖြစ်သည်။ လက်ရှိအခြေအနေကို “ရေနစ်ခါနီးလူသည် ကောက်ရိုးတစ်မျှင်ကိုပင် လှမ်းဆွဲတတ်သည်” ဟူသော ရှေးရိုးစကားပုံဖြင့် ကွင်းကွင်းကွက်ကွက် ဖော်ပြနိုင်ပေသည်။
သို့သော်လည်း ရန်ရှောင်စု၏ တုံ့ပြန်ပုံက သူတို့ကို အမှန်တကယ်ပင် ဆွံ့အသွားစေခဲ့သည်။
မှော်ဆရာဝန်ဆိုတာက ဘယ်လိုငရဲမျိုးလဲ။
“ဖယ်စမ်း။”
လျိုပုက ရန်ရှောင်စုကို ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် ဒဏ်ရာရထားသော ဒရိုင်ဘာထံ သွားကာ စိုးရိမ်တကြီး မေးလိုက်သည်။
“မင်း အဆင်ပြေရဲ့လား။ အရမ်းနာနေလား။”
ရန်ရှောင်စု ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မူလက SUV ကား ၅ စီးနှင့် ပစ်ကပ်ကား ၁ စီး၊ စုစုပေါင်း ယာဉ် ၆ စီး ရှိခဲ့သော်လည်း ယခုအခါ ၄ စီးသာ ကျန်တော့သည်။
ပျက်စီးသွားသော ကားနှစ်စီးကို ပြုပြင်ရန် ခက်ခဲမည့်ပုံပေါ်သော်လည်း ရန်ရှောင်စုသည် ကားများနှင့်ပတ်သက်၍ များများစားစား မသိရှိသဖြင့် ကိုယ်ပိုင်တပ်ဖွဲ့ဝင် စစ်သားများ ဘာပြောမည်ကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။
အရာရှိ ရွှီရှန်းချူသည် ၎င်း၏လူများကို ဦးဆောင်ကာ ယာဉ်များကို စစ်ဆေးနေပြီဖြစ်သည်။ ကြီးမားသော သမင်ကြီး၏ ဦးချိုကြောင့် တိမ်းမှောက်သွားသည့် ကားမှာမူ လုံးဝပြုပြင်၍ မရနိုင်တော့ပေ။ ၎င်း၏ အင်ဂျင်တွင် အပေါက်ပေါင်းများစွာ ဖြစ်နေခဲ့ပြီဖြစ်သည်။
သို့သော် ထိုသမင်ကြီးမှာလည်း ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ခြင်းမဟုတ်ချေ။ မြေပြင်ပေါ်တွင် ကျိုးပဲ့ကျန်ရစ်ခဲ့ဟန်တူသော သမင်ချိုအပိုင်းအစလေးတစ်ခုကို ရန်ရှောင်စု မြင်လိုက်ရသည်။
လျိုပုက ရွှီရှန်းချူထံ လျှောက်သွားကာ မေးလိုက်သည်။
“ပြင်လို့ရသေးလား။”
“မှောက်သွားတဲ့ကားကို အရင်စစ်ဆေးရဦးမယ်။”
ရွှီရှန်းချူက ယာဉ်များကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။
“အဲ့ဒီတစ်စီးက လုံးဝပြင်လို့မရတော့ဘူး။ သစ်ပင်ကို တိုက်မိထားတဲ့ကားကတော့ အရှိန်သိပ်မပြင်းလို့ ပျက်စီးမှု သိပ်မဆိုးဘူး။ အခု တခြားကားက အပိုပစ္စည်းတွေကို ဖြုတ်ပြီး မောင်းလို့ရမယ့် ကားတစ်စီးဖြစ်အောင်ပဲ ပြင်လို့ရတော့မယ်။”
“ကားတစ်စီးပဲ ပြင်လို့ရမယ် ဟုတ်လား။”
လျိုပု ဆွံ့အသွားခဲ့သည်။
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့မှာ လူတွေ အများကြီး ရှိနေသေးတယ်လေ။”
ရွှီရှန်းချူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ပစ်ကပ်ကားရဲ့ နောက်ခန်းမှာ လူတွေ တင်လို့ရသေးတယ်...။”
ထိုအခါ ရန်ရှောင်စုက ချက်ချင်း လက်ထောင်လိုက်သည်။
“ကျုပ် သွားမယ်။”
“ငရဲကိုပဲ သွားလိုက်ပါလား မင်း...။”
လျိုပုက ငေါ့တော့တော့ ပြောလိုက်သည်။
ဤအခြေအနေတွင် လျိုပုသည် ရန်ရှောင်စုကို ထိုနေရာ၌ ထိုင်ခွင့်ပြုမည့်အစား ၎င်းကိုယ်တိုင် ပစ်ကပ်ကား၏ နောက်ခန်းတွင် လိုက်ပါရန် ပို၍ ဆန္ဒရှိပေလိမ့်မည်။
ရွှီရှန်းချူသည် ကားပြင်ရန် ကိရိယာများ သွားရောက်ယူဆောင်ရန် ၎င်း၏လူများကို လျင်မြန်စွာ ညွှန်ကြားလိုက်သည်။ ဤအတောအတွင်း ရွှီရှန်းချူက မျက်မှောင်ကြုတ်လျက် စစ်သားများကို အမိန့်ပေးလိုက်သည်။
“မင်းတို့အားလုံး ဒီဧရိယာကို ဝိုင်းရံပိတ်ဆို့ထားကြ။ အကယ်၍ မသိရတဲ့ သတ္တဝါတွေ ချဉ်းကပ်လာရင် သေနတ်နဲ့ ပစ်သတ်လိုက်။”
ကိုယ်ပိုင်တပ်ဖွဲ့အတွင်း၌ အရာရှိလုပ်လိုသော စရိုက်ဆိုးများ ရှိနေနိုင်သော်လည်း ရွှီရှန်းချူကတော့ လူမိုက်တစ်ယောက် ဟုတ်ပုံမရပေ။ အကယ်၍ ၎င်းတို့ ယခုအချိန်တွင် သတိမမူမိပါက နောက်ကျသွားလိမ့်မည်။ ကားပြင်နေစဉ်အတွင်း ဧရာမသတ္တဝါကြီးတစ်ကောင် ချဉ်းကပ်လာပါက လူများစွာ သေဆုံးသွားနိုင်ပေသည်။
ရန်ရှောင်စုသည် ကားဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကိုယ်ပိုင်တပ်ဖွဲ့ဝင်များ ကားပြင်နေသည်ကို စောင့်ကြည့်ရင်း ကားတစ်စီး မည်သို့အလုပ်လုပ်သည်ကို နားလည်ရန် ကြိုးစားနေလိုက်သည်။ သူသည် အမြဲတမ်း တက်ကြွစွာ သင်ယူလိုစိတ်ရှိသူဖြစ်ပြီး SUV ကားများကဲ့သို့သော အကြီးစား စက်ယန္တရားများသည် သူ၏မျက်လုံးထဲတွင် ထူးခြားသော အလှတရားတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။
လူသားမျိုးနွယ်၏ ယဉ်ကျေးမှု ပြန်လည်စတင်ခြင်း၊ သေးငယ်သော အသေးစိတ်အချက်အလက်တိုင်းသည် လူသားယဉ်ကျေးမှု၏ ထူးချွန်ပြောင်မြောက်သော ဖန်တီးမှုများကို ကိုယ်စားပြုပေသည်။
လျိုပုက ဘေးတွင် လက်ပိုက်ကာ ရပ်နေရင်း လှောင်ပြောင်လိုက်သည်။
“မင်းက ဒါကို နားလည်လို့လား။”
ရန်ရှောင်စုက လှည့်ကြည့်ကာ သူ့ကို ပြန်မေးလိုက်သည်။
“ငါ မသိဘူးလေ။ မင်းကရော သိလို့လား။”
လျိုပု ဆွံ့အသွားခဲ့သည်။ အမှန်တော့ သူလည်း နားမလည်ပေ...။
“မင်း ကြည့်...။ ငါလည်း နားမလည်သလို မင်းလည်း နားမလည်ဘူးလေ။”
ရန်ရှောင်စုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒါဆို မင်းက ဘာလို့ စကားမရှိ စကားရှာပြီး လာပြောနေတာလဲ။”
ထို့နောက်တွင်မူ ရန်ရှောင်စုက သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။ ကားပြင်ခြင်းလုပ်ငန်းသည် မနက်ခင်းမှသည် မွန်းလွဲပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး လျိုပုနှင့် တခြားလူများကမူ နောက်ပိုင်းတွင် ယာဉ်များကို မည်သို့ခွဲဝေမည်နှင့် ပုံမှန် ကာကွယ်ရေးလုပ်ငန်းများအကြောင်း ဆွေးနွေးနေကြသည်။
အချို့က နောင်တစ်ချိန်တွင် ထိုကဲ့သို့သော သတ္တဝါမျိုးကို တွေ့ပါက သေနတ်ဖြင့် တိုက်ရိုက်ပစ်သတ်ရန် ပြောနေကြပြီး အချို့ကမူ သေနတ်ပစ်လိုက်ခြင်းက ၎င်းတို့ကို လန့်ဖျန့်သွားစေမလားဟု တွေးပူနေကြသည်။ ထိုကြီးမားသော ချိုကြီးများရှိသည့် သမင်ကြီး၏ ခန္ဓာကိုယ်တည်ဆောက်ပုံအရ သေနတ်ဖြင့် ပစ်ခတ်ခြင်းက ၎င်း၏ဦးခေါင်းကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။ ၎င်း၏ မျက်လုံးကို တည့်တည့်ပစ်နိုင်မှသာ ရပေလိမ့်မည်။ သို့သော် ၎င်းတို့ထဲတွင် မည်သူက ထိုကဲ့သို့သော သေနတ်ပစ်လက်ဖြောင့်စွမ်းရည် ရှိသနည်း။
၎င်းသည် လှုပ်ရှားနေသော ပစ်မှတ်တစ်ခုပေါ်တွင် အနည်းဆုံး ကိုးကွင်း သို့မဟုတ် ထို့ထက်မကသော အဆင့်ရှိရန် လိုအပ်သည် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ရန်ရှောင်စုက စိတ်ထဲ၌ တိတ်တဆိတ် တွေးတောနေမိသည်။ ဤလူများသည် ယန်ရှောင်ကျင်းမှာ ပြီးပြည့်စုံခြင်းအဆင့်ရှိ သေနတ်ပစ်ကျွမ်းကျင်သူတစ်ဦး ဖြစ်မှန်း သိကြသေးပုံမရချေ။ တခြားလူများ မလုပ်နိုင်သော်လည်း ရန်ရှောင်စုအနေဖြင့် ယခုအခါ မီတာငါးဆယ်အတွင်း ပစ္စတိုသေနတ်ဖြင့် ထိုသမင်ကြီး၏ မျက်လုံးကို ထိမှန်ရန် ၆၀ ရာခိုင်နှုန်း သေချာမှုရှိနေပြီ ဖြစ်ရာ ယန်ရှောင်ကျင်းဆိုပါက ၉၀ ရာခိုင်နှုန်း သို့မဟုတ် ၁၀၀ ရာခိုင်နှုန်းပင် သေချာပေါက် ထိမှန်နိုင်လိမ့်မည်ဟု သူ ခံစားနေမိသည်။
ရန်ရှောင်စုသည် ယန်ရှောင်ကျင်း၏ တုံ့ပြန်မှုကို တိတ်တဆိတ် အကဲခတ်နေမိ၏။ တခြားလူများက ဤသားရဲတိရစ္ဆာန်များကို မည်သို့ကိုင်တွယ်ရမည်နည်းဟု ဆွေးနွေးနေကြသော်လည်း သူမသည်မူ သူမနှင့် ဘာမှမသက်ဆိုင်သကဲ့သို့ တိတ်ဆိတ်စွာသာ ရှိနေခဲ့သည်။
သို့သော်လည်း ထိုသမင်ကြီးမှာ အသားစားသတ္တဝါ မဟုတ်သေးသည့်အချက်က လူတိုင်းကို အနည်းငယ် စိတ်သက်သာရာရစေခဲ့သည်။ အကယ်၍ ထိုသမင်ကြီးသာ စောစောက အစာရှာရန်အတွက် ရောက်လာခဲ့ခြင်း ဖြစ်ပါက အဖွဲ့ထဲမှ အနည်းဆုံး လူသုံးလေးယောက်ခန့် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ရွှီရှန်းချူက ပြောလိုက်သည်။
“ဒီတောအုပ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ အပင်စား သတ္တဝါကြီးတွေပဲ ရှိသင့်တယ်။ မဟုတ်ရင် ခံတပ်ကို စပြီးတည်ဆောက်ကတည်းက သူတို့ကို အမြစ်ပြတ်ချေမှုန်းရမယ့် အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ခဲ့ကြမှာပဲ။ နောင်တစ်ချိန်မှာ ဒီလိုသတ္တဝါမျိုးတွေကို ထပ်တွေ့ရင် ငါတို့ဘက်က အရင်ဆုံး သတိဝီရိယမြှင့်ထားပြီး သူတို့ကို လန့်ဖျန့်အောင် မလုပ်မိဖို့ လိုတယ်။ အကယ်၍ အသားစားသတ္တဝါတွေနဲ့ တွေ့ရင်တော့ တိုက်ရိုက်ပစ်သတ်လိုက်။ ကောင်းပြီ... ကားလည်း ပြင်ပြီးပြီ။ ထွက်ခွာဖို့ ပြင်ကြမယ်။”
ထိုစဉ် လျိုပုက ဝင်ပြောလိုက်သည်။
“ငါတို့မှာ ကားတစ်စီး လိုနေသေးတယ်။ ခရီးသည်တွေကို နေရာပြန်ချပေးရဦးမယ်။”
ထို့နောက် သူက တီးအဖွဲ့ဝင်တစ်ဦးကို လှမ်းပြောလိုက်သည်။
“ရွှီရှား... မင်းနဲ့ ချန်တုံဟန် ပစ်ကပ်ကားနောက်ခန်းမှာ ထိုင်လိုက်ပါ။ လောလောဆယ်တော့ သည်းခံပြီး လိုက်ခဲ့ကြပေါ့။”
ရွှီရှားနှင့် ချန်တုံဟန်ဟု အမည်ရသည့် တီးဝိုင်းအဖွဲ့ဝင် နှစ်ဦးသည် ရန်ရှောင်စုကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ မူလက ရန်ရှောင်စုသည် ပစ်ကပ်ကားပေါ်တွင် ထိုင်နိုင်ခဲ့သော်လည်း လျိုပုသည် ရန်ရှောင်စုတစ်ယောက် ဘီစကွတ်မုန့်အားလုံး စားပစ်မည်ကို စိုးရိမ်နေခဲ့သောကြောင့် ၎င်းတို့အား စောင့်ကြည့်ရန် မိမိတို့လူကို လွှတ်လိုက်ရခြင်း ဖြစ်သည်...။
ရွှီရှားနှင့် ချန်တုံဟန်တို့သည် ကားနောက်ခန်းထဲသို့ မချင့်မရဲဖြင့် တက်သွားကြသော်လည်း ရုတ်တရက် ရွှီရှားသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကားနောက်ဖုံးပေါ်မှ လိမ့်ကျလာခဲ့သည်။ ရန်ရှောင်စုသည် ၎င်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိပြီး ရွှီရှားတစ်ယောက် သူ၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး မရပ်မနား ညည်းတွားအော်ဟစ်နေသည်ကို တွေ့လိုက်ရလေသည်။
ရွှီရှား၏ မျက်နှာမှာ တစ်သက်တွင် တစ်ခါမျှ မကြုံဖူးသည့် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ နီမြန်းပြီး ဖောရောင်လာခဲ့သည်။ စက္ကန့်ပိုင်းမျှသာ ရှိသေးပြီး မည်သူမျှ မတုံ့ပြန်နိုင်သေးခင်မှာပင် သူသည် မြေပြင်ပေါ်၌ လဲလျောင်းကာ မလှုပ်မယှက် ဖြစ်သွားခဲ့ပြီး ပါးစပ်မှ အမြှုပ်ဖြူများ ထွက်ကျလာကာ သူ၏မျက်နှာမှာလည်း လျင်မြန်စွာပင် ညိုမည်းပုပ်သိုးသွားခဲ့သည်။
ရွှီရှန်းချူသည် သူ၏သေနတ်ကို ကိုင်ဆောင်ကာ သတိကြီးစွာ ချဉ်းကပ်သွားပြီး ပတ်ဝန်းကျင်တွင် ထူးခြားမှု တစ်စုံတစ်ရာ မရှိသည်ကို အတည်ပြုပြီးနောက် ရွှီရှား အသက်ရှူသေးခြင်း ရှိမရှိကို လက်လှမ်း၍ စစ်ဆေးလိုက်သည်။
“သူ အသက်မရှူတော့ဘူး။”
သူက နောက်လှည့်ကာ လေးနက်တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
လူတိုင်း ခေတ္တမျှ ဆွံ့အပြီး အေးခဲသွားကြသည်။ မရှေးမနှောင်းကတင် အကောင်းကြီး ရှိနေသေးသော လူတစ်ယောက်က ယခုကဲ့သို့ ရုတ်တရက်ကြီး မည်သို့လုပ်ပြီး သေဆုံးသွားနိုင်မည်နည်း။
လျိုပုက တုန်တုန်ရင်ရင်ဖြင့် ချန်တုံဟန်ကို မေးလိုက်သည်။
“ဘာဖြစ်သွားတာလဲ။”
ချန်တုံဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကားနောက်ဖုံးကို မှီထားရင်း ပြောလိုက်သည်။
“ကျုပ်လည်း မသိဘူး။ ကျုပ်တို့ ကားပေါ်ကို အတူတူ တက်ခဲ့ကြတာ။ ပြီးတော့ သူက ရုတ်တရက်ကြီး အော်လိုက်လို့ ကျုပ်တောင် လန့်သွားရတယ်။ ထူးဆန်းတဲ့အရာ ဘာတစ်ခုမှ မမြင်လိုက်ရဘူး။”
တောအုပ်ထဲမှ သစ်ရွက်လှုပ်ခတ်သံများမှာ ပို၍ပင် ခြောက်ခြားဖွယ် ကောင်းလာခဲ့သည်။ သစ်ပင်များသည်မူ ယခင် သစ်ပင်များအတိုင်းပင် ဖြစ်နေသေးသော်လည်း လူတိုင်း၏ စိတ်အခြေအနေကမူ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ၎င်းတို့၏ ခရီးစဉ်အတွင်း ပထမဆုံးအကြိမ် လူသေဆုံးမှု ဖြစ်သည်။ လျိုပုက ရန်ရှောင်စုကို အော်ဟစ်အော်ငေါက်လိုက်၏။
“မင်း ငါတို့ကို ဘယ်လို လမ်းကြောင်းမျိုးကို ခေါ်လာတာလဲ။ ပြီးခဲ့တဲ့အကြိမ်တုန်းက ဘာလို့ ဒီလိုမျိုးတွေနဲ့ မကြုံခဲ့ရတာလဲ။ မင်းရဲ့ လမ်းကြောင်းမှာ တစ်ခုခု မှားယွင်းနေတာ မဟုတ်လား။”
“ငါ့လမ်းကြောင်းမှာ ဘာမှ မှားယွင်းမနေဘူး။”
ရန်ရှောင်စုက လျိုပုကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းတို့ ခံတပ်ထဲမှာ နေတယ်ဆိုရင်တောင်မှ တောရိုင်းမြေပြင်က ပိုပြီးတော့ ထူးဆန်းလာတယ်ဆိုတာ မင်းတို့ နားလည်ထားသင့်တယ်။ မင်းတို့ ဘာကြောင့် နယ်ခြားတောင်တန်းထဲကို ဝင်ချင်နေလဲဆိုတာ ငါ မသေချာပေမယ့် ခံတပ် အမှတ် ၁၁၃ ကို အခုချက်ချင်း ပြန်လှည့်ကြဖို့ ငါ အကြံပေးချင်တယ်။”
“မဖြစ်ဘူး။”
ရွှီရှန်းချူက အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ ဒီတစ်ကြိမ်မှာ အရေးကြီးတဲ့ အမိန့်ကို လက်ခံရရှိထားတယ်။ အကယ်၍ မစ်ရှင် မပြီးမြောက်ရင် ငါတို့ ပြန်သွားစရာ မလိုတော့ဘူး။ မင်းလည်း အတူတူပဲ။”
တစ်ခုခုတော့ မှားနေပြီ။ ရိုးရိုး မစ်ရှင်တစ်ခုသက်သက်နဲ့တော့ ရွှီရှန်းချူက သူ့အသက်ကို ဒီလိုမျိုး စွန့်စားမှာ မဟုတ်ဘူး။ နောက်ကွယ်မှာ တခြားအကြောင်းပြချက်တစ်ခုခု ရှိရမယ်။
ရန်ရှောင်စု စိတ်ထဲ၌ တွေးလိုက်မိသည်။