အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃
သိသာစွာပင်...ရန်ရှောင်စုသည် ခြအုံကို စားရန်အတွက် တူးထုတ်ခဲ့ခြင်း မဟုတ်ပေ။ သူသည် သမင်ခြေရာများနောက်သို့ ဆက်လက်လိုက်ပါလာရာ မိနစ်အနည်းငယ်အတွင်းမှာပင် ရေစီးသံများကို ကြားလိုက်ရလေသည်။
မြစ်နှင့် နီးကပ်လာလေလေ ရန်ရှောင်စုတစ်ယောက် ပို၍ သတိကြီးလာလေလေ ဖြစ်သည်။ နေဝင်ရိုးရီအချိန်မှာ သတ္တဝါများ ရေသောက်ရန် မြစ်နားတွင် စုဝေးတတ်သည့် အချိန်ဖြစ်သော်လည်း သူ သတိထားနေရဆဲဖြစ်သည်။
အကယ်၍ သားရဲတစ်ကောင်ကောင်က မိသားစုကိစ္စတစ်ခုခုကြောင့် နောက်ကျပြီးမှ ရောက်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။ ရန်ရှောင်စုနှင့် တည့်တည့်တိုးမည် မဟုတ်ပါလော။ သို့သော် သူ၏ ကံကောင်းမှုကြောင့် ထိုမျှအထိ ကံမဆိုးခဲ့ပေ။
ရန်ရှောင်စုသည် ခြအုံအပိုင်းအစငယ်လေး ပါရှိသည့် သစ်ရွက်ထုပ်ကို ဖွင့်ကာ တစ်ခုလုံးကို မြစ်ထဲသို့ ပစ်ချလိုက်သည်။ ထိုအချိန်တွင် ရေစီးမှာ သိပ်မသန်လှပေ။ သို့မဟုတ်ပါက သူသည် ကျောက်တုံးများကို သုံး၍ ငါးထောင်ဖမ်းရန် နည်းလမ်းရှာရပေလိမ့်မည်။
ထို့နောက် သူသည် အရိုးဓားကို သုံး၍ လက်ဖဝါးခန့်ရှိသော ခြဘုရင်မကြီးကို လှီးဖြတ်ကာ သူမကိုပါ မြစ်ထဲသို့ ပစ်ချလိုက်သည်။ ပြီးနောက် သူသည် ချွန်ထားသော သစ်ကိုင်းကို ကိုင်ကာ စိတ်ရှည်လက်ရှည်ဖြင့်သာ စောင့်နေလိုက်တော့သည်။
ယနေ့ည လရောင်မှာ ထူးထူးခြားခြား လင်းထိန်နေခဲ့သည်။ သို့မဟုတ်ပါက ရန်ရှောင်စုအနေဖြင့် မြစ်ထဲရှိ အရာများကို မြင်နိုင်ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။
ခြဘုရင်မကြီးနှင့် ခြအုံသည် ရေစီးနှင့်အတူ အောက်ဘက်သို့ ဖြည်းဖြည်းချင်း မျောပါသွားခဲ့သည်။ ရန်ရှောင်စုသည်လည်း မြစ်ကမ်းပါးအတိုင်း ဖြည်းဖြည်းချင်း လိုက်ပါသွားခဲ့သည်။
ရုတ်တရက် အမည်းရောင် အရိပ်တစ်ခု ခြအုံ၏ အောက်ခြေ၌ ကူးခတ်လာခဲ့သည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်ကလေးများ ဖြစ်ပေါ်လာပြီးနောက် ငါးကြီးတစ်ကောင်သည် ခြအုံနှင့် ခြဘုရင်မကြီးကို တစ်လုပ်တည်း မျိုချရန် ပါးစပ်ကို ဟလိုက်သည်။
သို့သော် ၎င်းပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ရှောင်စု၏ ချွန်ထက်သော သစ်ကိုင်းမှာ ရောက်ရှိလာပြီဖြစ်သည်။
ရန်ရှောင်စုသည် ယခင်ကလည်း ဤနည်းလမ်းကို အသုံးပြု၍ ငါးဖမ်းဖူးသော်လည်း ထိုစဉ်က သူ၏ အရှိန်နှင့် ခွန်အားမှာ များစွာ နိမ့်ပါးသဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားမှ တစ်ကြိမ်သာ အောင်မြင်တတ်သည်။
ယခုမူ မတူတော့ချေ။ အရင်က သူသည် ငါးထက် နှေးကွေးခဲ့သော်လည်း ယခုမူ ငါး၏ လှုပ်ရှားမှုထက်ပင် သူက ပို၍ မြန်ဆန်နေပြီဖြစ်သည်။
ရန်ရှောင်စုသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် သစ်ကိုင်းကို ပြန်ရုတ်လိုက်သည်။ အနက်ရောက်ငါးရံ့ကြီးတစ်ကောင်မှာ သစ်ကိုင်းပေါ်တွင် အဆက်မပြတ် ရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ရန်ရှောင်စုသည် မြစ်ကမ်းပါးမှ သတိထား၍ နောက်ဆုတ်လိုက်သည်။ ထိုငါးအမည်းကြီး၏ သွေးနံ့ကြောင့် မနှစ်မြို့ဖွယ် အရာတစ်ခုခုကို ဆွဲဆောင်လိုက်သလိုပင်။ ရေအောက်မျက်နှာပြင်တွင် အုပ်စုလိုက်ဖြစ်နေသော အမည်းရောင်အရိပ်များ စုဝေးလာကြသည်။
ရန်ရှောင်စုတစ်ယောက် အနည်းငယ် ထိတ်လန့်သွားကာ သံသယဖြစ်သွားမိသည်။
ထိုအရိပ်တွေ ငါးတွေလား။
သူသည် ငါးကြီး၏ ဗိုက်ကို မြစ်ကမ်းပါးပေါ်မှာတင် ခွဲလိုက်ပြီးနောက် အူနှင့် ကလီစာများ အားလုံးကို မြစ်ထဲသို့ ပစ်ချလိုက်သည်။
သူသည် ငါးကို မသန့်စင်ဘဲ စခန်းသို့ ပြန်မယူသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စခန်းချရာနေရာ ပတ်ဝန်းကျင်တွင် မလွဲမသွေ သွေးနံ့များ ကျန်ရစ်စေမည် ဖြစ်သောကြောင့်ဖြစ်သည်။
ဘီစကစ်မုန့် အစအနလေးများကပင် သမင်ကြီးတစ်ကောင်ကို ဆွဲဆောင်နိုင်ပါက သွေးနံ့က ဘာကို ဆွဲဆောင်လာနိုင်မည်နည်းဆိုသည်မှာ မသိနိုင်ပေ။ ဤနေရာတွင် ဝက်ဝံကဲ့သို့သော အရာများ မရှိနိုင်သော်လည်း သတိထားခြင်းမှာ ဘယ်သောအခါမှ မမှားနိုင်ပေ။ ထို့ပြင် စားကြွင်းစားကျန် ငါးအရိုးများနှင့် အသားများကိုလည်း ဝေးဝေးသို့ ပစ်ရပေလိမ့်မည်။
နောက်တစ်ခဏတွင် မြစ်ရေမှာ ဆူပွက်လာသကဲ့သို့ ဖြစ်သွားပြီး ရေတွက်၍မရနိုင်သော ငါးများမှာ ထိုသွေးစွန်းနေသော အူများကို လုယက်စားသောက်ကြကာ တစ်ကောင်နှင့်တစ်ကောင်ပင် ပြန်လည် ကိုက်ဖြတ်နေကြသည်။
ငါးတစ်ကောင်မှာ အကိုက်ခံရ၍ ဒဏ်ရာရသွားသည်နှင့် တစ်ပြိုင်နက် အခြားငါးများ၏သားကောင် ဖြစ်သွားလေတော့သည်။
ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ မြစ်ကြီးလဲ။ လူတစ်ယောက်သာ အထဲကို ပြုတ်ကျသွားရင် ဘာဖြစ်သွားမလဲ။
ရုတ်တရက် ရန်ရှောင်စုသည် မှင်တက်သွားမိသည်၊ ။ အဘယ်ကြောင့်ဆိုသော် ထိုငါးအုပ်မှာ ထိတ်လန့်တကြားဖြင့် ချက်ချင်း ထွက်ပြေးသွားကြသည်ကို သူ သတိပြုမိလိုက်ခြင်းကြောင့်ပင်။ ရန်ရှောင်စုသည်လည်း တွေဝေမနေဘဲ ချက်ချင်းပင် လှည့်ထွက်ခွာလာခဲ့လိုက်တော့သည်။ ထိုရက်စက်သော ငါးများကိုပင် ထိတ်လန့်အောင် လုပ်နိုင်သည့် အရာသည် သူ ရန်ရှောင်စုလည်း ယှဉ်ပြိုင်နိုင်မည့်အရာ မဟုတ်သည်မှာ သေချာလှသည်။
စခန်းသို့ အပြန်လမ်းတွင် ရန်ရှောင်စုသည် ယနေ့ခေတ် တောရိုင်းမြေတွင် အမှန်တကယ် ဘာတွေ ပြောင်းလဲသွားသနည်းဆိုသည်ကို တွေးတောနေမိသည်။
ဘာကြောင့် တောရိုင်းတိရစ္ဆာန်တွေအားလုံးက ဆင့်ကဲပြောင်းလဲနေကြသလဲ။ ဒါပေမဲ့ လူသားတွေမှာကျတော့ ဘာထူးခြားတဲ့ ပြောင်းလဲမှုမှ မရှိတာလဲ။
မဟုတ်သေးဘူး။ ထူးခြားချက်တစ်ခုတော့ ရှိတယ်။
သူ့ကို တန်ခိုးစွမ်းအားများ ပြခဲ့ဖူးသည့် ကျန်းပေါင်ကန်း သို့မဟုတ် သူကိုယ်တိုင်နှင့် ယန်လျို့ယွမ်တို့ဆိုရင်ကော... သူတို့အားလုံးက အရင်ကနဲ့ မတူဘဲ ကွဲပြားနေကြတာပဲ မဟုတ်ဘူးလား။
ရန်ရှောင်စု စခန်းသို့ ပြန်ရောက်သောအခါ တီးဝိုင်းအဖွဲ့နှင့် ကိုယ်ရံတော်တပ်ဖွဲ့ဝင်များမှာ စည်သွပ်ဘူးများနှင့် ဆန်ပြုတ်များကို စားသောက်နေကြလေသည်။
ရန်ရှောင်စု သယ်လာသော ငါးကို မြင်လိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။ သူတို့သည် ရန်ရှောင်စုတွင် ဘာရိက္ခာမှ ပါမလာသည်ကို သိကြသဖြင့် ယနေ့ညနေတွင် သူ အရှက်ရသည်ကို မြင်ချင်နေကြခြင်း ဖြစ်သည်။ ရန်ရှောင်စုသည် ပွယောင်းယောင်း အပေါ်အင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားသဖြင့် သူ့တွင် ရိက္ခာပါ၊ မပါဆိုသည်ကို မည်သူမဆို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ထို့ကြောင့် လျိုပုက ရန်ရှောင်စုကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းရန် ပြောလိုက်စဉ်က လူတိုင်း ခိုးပြုံးလိုက်ကြကာ ဝမ်းသာနေကြခြင်းဖြစ်သည်။ သူတို့အားလုံးမှာ ရန်ရှောင်စုကို အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး ဒုက္ခသည်များထဲမှ ဤကောင်လေးက သူတို့ကို အကြောင်းပြချက်မရှိဘဲ စိုးရိမ်စိတ်ဝင်အောင် လုပ်နေသည်ဟု ခံစားနေကြရသည်။
ဒါပေမဲ့ အခုတော့....။
သူတို့သည် တောထဲ၌ စည်သွပ်ဘူး အသားပြားများကို ဖြစ်သလို စားနေရချိန်တွင် ရန်ရှောင်စု၏ ငါးကင်နံ့က လေထုအနံ့ ဝေ့ဝဲလို့နေပြီဖြစ်သည်...။ ရန်ရှောင်စုသည် ဒီခရီးစဉ်အတွက် သံခွက်တစ်လုံး၊ အရိုးဓားတစ်လက်နဲ့ မီးခြစ်တစ်ဖူးကိုသာ ယူလာခဲ့ခြင်းဖြစ်သည်။
ထိုအရာများမှာ တောထဲတွင် သူ အသက်ရှင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်များပင် ဖြစ်သည်။
တကယ်တော့ သူ မီးခြစ်ယူလာရန်ပင် မလိုအပ်ပါချေ။ သူ့တွင် မီးမွှေးရန် ကိုယ်ပိုင်နည်းလမ်း ရှိပြီးသားဖြစ်သည်။ သို့သော် မီးခြစ်ပါပါက အလုပ်ရှုပ်သက်သာပေသည်။ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးချင်ပါ့မည်နည်း။ ထို့ပြင် မီးခြစ်ဖူးကလည်း ကြီးမားသည့်အရာတစ်ခုလည်း မဟုတ်ချေ...။
ငါးကင်နံ့ကို ရသောအခါ လျိုပုက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“ဟမ့်... ငါးတစ်ကောင်ပဲဟာကို။”
ထိုစဉ် ရုတ်တရက် ရန်ရှောင်စု၏ စိတ်ထဲ၌ နန်းတော်၏ အသံကို ကြားလိုက်ရလေသည်။
“တာဝန် - ကောင်းတဲ့အရာတွေကို တခြားသူတွေနဲ့ မျှဝေခံစားသင့်သည်။”
ရန်ရှောင်စု အနည်းငယ် ကြောင်အသွားခဲ့၏။ ထို့နောက် သူသည် ငါးကင်ထားသည့် သစ်ကိုင်းကို ကိုင်ပြီး လျိုပုဆီ လျှောက်သွားလိုက်တော့သည်။ လျိုပု၏မျက်လုံးများ တောက်ပသွားသော်လည်း ဟန်ဆောင်ထိန်းသိမ်းကာ ပြောလိုက်သည်။
“ဘာလဲ...မင်းက ငါတို့ကို ငါးကင်ကျွေးချင်လို့လား။ မင်းကျွေးမယ်ဆိုရင်လည်း အားနာနာနဲ့ စားပေး ရတာပေါ့...။”
“မင်း ဘာတွေ တွေးနေတာလဲ။”
ရန်ရှောင်စုက ပြောလိုက်သည်။
“ငါက မင်းတို့ကို ကြည့်ရုံပဲ ကြည့်ခိုင်းတာ။ ငါ့ရဲ့ ပျော်ရွှင်မှုကို မင်းတို့ကို မျှဝေပေးတာပါ။”
လျိုပု : “???”
“တာဝန် ပြီးမြောက်သည်။ ဆုလာဘ် - လျင်မြန်သွက်လက်မှု ၁.၀။”
မဆိုးဘူး...မဆိုးဘူး။
ရန်ရှောင်စုတစ်ယောက် စိတ်ထဲမှ ရယ်လိုက်မိသည်။
မျှဝေနည်းတွေက တကယ်ကို အများကြီးပါလား။
လျိုပုတစ်ယောက် အရှက်ရသွားပြီး ဒေါသတကြီးနဲ့ အော်ပြောတော့လေသည်။
“ရန်ရှောင်စု...ငါကရော မင်းရဲ့ငါးကို တကယ်စားမယ်လို့ ထင်နေတာလားကွ။”
ရန်ရှောင်စုသည် သူ၏မီတာတစ်ဝက်နီးပါး ရှည်လျားသည့် ငါးကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ သေချာပေါက် လူတစ်ယောက်တည်း စား၍ကုန်မည့် အရွယ်အစား မဟုတ်ချေ။ သူက လျိုပုကို ကြည့် လိူက်သည်။
“ငါးတစ်ပိုင်းကို ရေသုံးပုလင်းနဲ့ လဲမယ်။”
“သဘောတူတယ်။”
လျိုပုက တွေဝေနေခြင်းမရှိဘဲ ပြောလိုက်သည်။
ရန်ရှောင်စု ရေနှင့် လဲချင်ရသည့် အကြောင်းရင်းမှာ အခုအချိန်တွင် ရေရှာရခြင်းက သူ့အတွက် တကယ်ကို အလုပ်ရှုပ်သောကြောင့်ပင်။ မူလက ထိုမြစ်ထဲမှ ရေယူရန် စီစဉ်ထားသော်လည်း နောက်ဆုံး၌ လန့်ဖျန့်ပြီး လက်လျှော့ခဲ့ရသည်။ ရန်ရှောင်စုအနှင့် ထင်းရှူးသီးများကို ရှာဖွေကာ ရေညှစ်ယူ၍ရသော်လည်း ထိုသို့လုပ်ရခြင်းမှာ အလွန်နှေးလွန်းလှပေသည်။ မလိုအပ်သည့် အရာတစ်ခုကို ပေးပြီး ရေနှင့် လဲလိုက်ခြင်းက ပို၍အဆင်ပြေပေသည်။
ရေသုံးပုလင်း...။ ဒီည တစ်ပုလင်းသောက်မယ်။ ကျန်တဲ့ နှစ်ပုလင်းကိုတော့ လမ်းခရီးအတွက် သိမ်းထားမယ်။
“လာကြ...လာကြ...။ အားလုံးပဲ ငါးကင်စားကြရအောင်။”
လျိုပုက ရန်ရှောင်စု ခွဲပေးလိုက်သည့် ငါးတစ်ပိုင်းကို သူတို့ယူလာသည့် အိုးထဲသို့ ထည့်လိုက်သည်။ သို့သော် လျိုပု မမျှော်လင့်ထားသည်မှာ သူ၊ လော့ရှင်းယွီနှင့် ယန်ရှောင်ကျင်းတို့ မစားရသေးခင်မှာပင် ကိုယ်ရံတော်တပ်ဖွဲ့ဝင်များ ငါးကို အချင်းချင်း အကုန်ခွဲဝေစားသောက်လိုက်ကြခြင်းပင်ဖြစ်သည်။
“ဒါက...”
လျိုပုတစ်ယောက် လော့ရှင်းယွီကို အားနာဟန်ဖြင့် ကြည့်လိုက်သည်။ ထိုကိုယ်ရံတော်တပ်ဖွဲ့ဝင်များက ဒီလောက်အထိ အတ္တကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ထိုအချိန်တွင် ရန်ရှောင်စုသည် သူကိုယ်တိုင် မွှေးထားသည့် မီးပုံဘေးတွင် တစ်ယောက်တည်း ထိုင်နေပြီး ကျန်သည့်သူများမှာမူ မီးပုံကြီးတစ်ခုဘေး၌ စုဝေးနေကြသည်။ နှစ်ဖက်စလုံးသည် ကမ္ဘာနှစ်ခုမှ လူများကဲ့သို့ ထင်ထင်ရှားရှား ကွဲပြားနေခဲ့သည်။
သို့သော် ရုတ်တရက်ဆိုသလိုပင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ မိန်းကလေး ယန်ရှောင်ကျင်းမှာ မတ်တပ်ထရပ်လိုက်ပြီး ရန်ရှောင်စု၏ မျက်စိရှေ့၌ လာထိုင်လိုက်လေသည်။ ထို့နောက် သူမက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။
“ငါး...”
ရန်ရှောင်စု အံ့ဩသွား၏။ သူမ၏ လေသံမှာ တကယ့်ကို တည်ငြိမ်လွန်းလှသည်။ သို့သော် သူမကို ငြင်းရန်အတွက်လည်း အကြောင်းပြချက် ရှာမရ ဖြစ်နေခဲ့လေသည်။
မီးပုံစ အလင်းရောင်က ထိုမိန်းကလေး၏ မျက်နှာပေါ်သို့ ဝေဝေဝါးဝါး ကျရောက်နေခဲ့သည်။
ခံတပ်ထဲက မိန်းကလေးတွေအားလုံးက ဒီလောက်အထိ လှကြတာလားဟာ ရန်ရှောင်စု တွေးလိုက်မိသည်။
ဒါပေမဲ့ မိန်းကလေး...မင်းလက်ထဲက သေနတ်ကို အရင် ဖယ်ပေးလို့ ရမလား။ မင်းက သေနတ်ပစ် ကျွမ်းကျင်သူအဆင့်နဲ့ ငါ့ကို သေနတ်နဲ့ ချိန်ထားတာ ငါ တကယ်လန့်နေပြီဟ။
အရင်က ရန်ရှောင်စုသည် မည်သူ့ဆီကမှ မလုခဲ့ယူဖူးသလို အလုလည်း မခံခဲ့ရဖူးချေ။ ဤသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။
“နှစ်လုပ်ပဲ ကျွေးမယ်...နှစ်လုပ်ပဲနော်။”
ရန်ရှောင်စုသည် သူ၏ငါးလေးကို ကာကွယ်ရင်း အလျှော့မပေးလိုဟန်ဖြင့် ပြောလိုက်ရတော့သည်။
အခန်း ၄၄
မီးပုံမှ အလင်းရောင်မှာ ငြိမ်သက်ခြင်းမရှိဘဲ လှုပ်ခါနေပြီး တောအုပ်အတွင်း တိုက်ခတ်နေသော လေတိုးသံမှာလည်း ပြတ်တောက်မသွားချေ။ ၎င်းမှာ သစ်ရွက်များ အချင်းချင်း ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသည့် အံ့ဩဖွယ်ရာ တေးသွားတစ်ခုသဖွယ် ဖြစ်နေခဲ့လေသည်။
ထိုငါးကြီးမှာ အမှန်တကယ်ပင် အနည်းငယ် ကြီးမားလှသဖြင့် ငါးတစ်ပိုင်းသည်ပင် ရန်ရှောင်စု တစ်ယောက်တည်း စားရန် လုံလောက်သည်ထက် ပိုပေသည်။
သို့သော် သူစားမကုန်နိုင်ခြင်းမှာ သေနတ်ဖြင့် အနုကြမ်းစီးခံရရန် အကြောင်းပြချက် မဟုတ်ပါလော...။
ယန်ရှောင်ကျင်းမှာမူ သူမ၏ အားကစားဝတ်စုံ အိတ်ကပ်ထဲမှ ဆားဗူးလေးကို ထုတ်လိုက်သည်။ လက်တစ်ဖက်တွင် အနက်ရောင် ပစ္စတိုကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ဆားဗူးကို ကိုင်ကာ ရန်ရှောင်စုကို အားနာခြင်း အလျဉ်းမရှိဘဲ ငါးပေါ်သို့ ဆားများ ဖြူးနေတော့သည်။
ယခင်က ရန်ရှောင်စုသည် ယန်ရှောင်ကျင်းမှာ မည်သို့သောသူမျိုး ဖြစ်နိုင်သနည်းဟု တွေးတောခဲ့ဖူးသည်။ ထိုမိန်းကလေးမှာ စကားနည်းပြီး အလွန်တည်ငြိမ်ပုံရသည်။
ရန်ရှောင်စုက သူမသည် အေးစက်သော ကိုယ်ရည်ကိုယ်သွေးရှိသူဟု ခန့်မှန်းခဲ့သော်လည်း ယခုကဲ့သို့ စိတ်ခန့်မှန်းရခက်သူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုင်ချလိုက်ပြီးကတည်းက ယန်ရှောင်ကျင်းသည် စမှအဆုံးအထိ ငါးဟူသော စကားတစ်လုံးတည်းသာ ပြောခဲ့သည်။ သူမ၏ စိတ်ခန့်မှန်းရခက်မှုမှာ တည်ငြိမ်နေသော ပင်လယ်အောက်မှ လှိုင်းကယက်များသဖွယ် ဖြစ်ပြီး လူကို ရင်ခုန်တုန်လှုပ်စေရန် လုံလောက်ပေသည်။
ယန်ရှောင်ကျင်းတစ်ယောက် ငါးတစ်ကိုယ်လုံးအနှံ့ ဆားများကို ညီညီညာညာ ဖြူးနေသည်ကို ကြည့်ပြီး ရန်ရှောင်စု ဆက်၍ ငြိမ်မနေနိုင်တော့ပေ။ သူက သူမကို ကြည့်ပြီး မေးလိုက်သည်။
“ဇီရာစေ့ကော ပါသေးလား။”
“မပါဘူး။”
ယန်ရှောင်ကျင်းက သူ့ကို မော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ရန်ရှောင်စုသည် ယန်ရှောင်ကျင်း လက်ထဲမှ သေနတ်ကို သေချာကြည့်လိုက်သည်။ ၎င်းမှာ M9 အမျိုးအစားဖြစ်ပြီး ရိုးရှင်းကာ တောင့်တင်းခိုင်မာသော တည်ဆောက်ပုံရှိသည့် သေနတ်တစ်လက်ဖြစ်သည်။ သူရရှိထားသော အဆင့်မြင့် သေနတ်ပစ်ကျွမ်းကျင်မှုများထဲတွင် M9 မှာ သူနှင့် အရင်းနှီးဆုံး ပစ္စတိုအမျိုးအစား ဖြစ်ပုံရသည်။
ဒါက ယန်ရှောင်ကျင်းသည် M9 ကို အသုံးအများဆုံးဖြစ်သည်ဟု ဆိုလိုခြင်းလော။
ယန်ရှောင်ကျင်း၏ လက်များမှာ သေးငယ်သော်လည်း သေနတ်ကို အနည်းငယ်မျှပင် တုန်ယင်ခြင်းမရှိဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သို့ဖြစ်ရာ သူမ M9 ကို ကိုင်ထားပုံမှာ ဆန့်ကျင်ဘက် အလှတရားတစ်ခုကိုပင် ဖြစ်ပေါ်နေစေ၏။ ထိုသေနတ်မှာ အသားတင်အလေးချိန် ဝ.၉၆ ကီလိုဂရမ်သာရှိပြီး အလူမီနီယမ် အလွိုင်းဖြင့်သာ ပြုလုပ်ထားခြင်းကြောင့် သူမ ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ဆားဖြူးပြီးနောက် ယန်ရှောင်ကျင်းက နောက်လှည့်ကာ လော့ရှင်းယွီကို ပြောလိုက်သည်။
“ဒီကိုလာပြီး ငါးလာစား။”
ရန်ရှောင်စု : “???”
မင်းကိုတောင် နှစ်လုပ်ပဲ စားရမယ်လို့ ငါပြောထားတာလေ။ ဘာလို့ တခြားလူကိုပါ ခေါ်နေတာလဲ။
ထိုသို့ ပြောလိုက်သည်နှင့် လျိုပုနှင့် လော့ရှင်းယွီတို့သည် ဝမ်းသာအားရဖြင့် မတ်တပ်ထရပ်ကာ လျှောက်လာလိုက်ကြသည်။ သို့သော် ယန်ရှောင်ကျင်းသည် လျိုပုကို သေနတ်ဖြင့် ချိန်လိုက်ပြီး ပြောလိုက်သည်။
“နင် ပြန်သွား။ ငါးပိုင်ရှင်က နင့်ကို မကြိုဆိုဘူး။”
လျိုပုတစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ရပ်နေမိပြီး ထိုင်ရမလို၊ ရပ်ရမလို ဖြစ်သွားခဲ့လေသည်။ ယန်ရှောင်ကျင်း ထိုသို့ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရန်ရှောင်စုပင် မှင်တက်သွားခဲ့သည်။ ယန်ရှောင်ကျင်း၏ အလုပ်လုပ်ပုံကို သူ သေချာနားမလည်သော်လည်း စိတ်ဝင်စားစရာတော့ ကောင်းပုံရသည်။
ထို့နောက် ယန်ရှောင်ကျင်းက ရန်ရှောင်စုကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ တစ်ယောက်ကို နှစ်လုပ်စီပဲ စားမယ်။ ပိုမစားဘူး။”
လော့ရှင်းယွီက ထိုင်ချလိုက်ပြီး ရန်ရှောင်စုကို စူးစမ်းသလို ကြည့်လိုက်သည်။ အခြေအနေမှာ အနည်းငယ် ပို၍ သက်သောင့်သက်သာ ရှိလာသဖြင့် သူမက ပြုံးကာ ပြောလိုက်၏။
“နင်ပေးတဲ့ အစားအသောက်ကို ငါတို့ အလကားမစားပါဘူး။ ရော့...ဒီချောကလက်ကို နှစ်လုပ်လောက် စားကြည့်လိုက်ပါ။”
ပြောပြောဆိုဆိုဖြင့် လော့ရှင်းယွီသည် သူမအိတ်ကပ်ထဲမှ ချောကလက် အတုံးကြီးတစ်တုံးကို ထုတ်ယူကာ ရန်ရှောင်စုအား လဲလှယ်သည့်အနေဖြင့် ကမ်းပေးလိုက်သည်။
ရန်ရှောင်စုသည် အနည်းငယ် စဉ်းစားလိုက်ပြီးမှ ချောကလက်ကို ယူလိုက်သည်။ ၎င်းမှာ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ယခင်က သူသည် ဆရာကျန်း ပြောပြသည်ကိုသာ ကြားဖူးပြီး ချောကလက်၏ မြင့်မားသော အာဟာရဓာတ်မှာ အင်အားကို လျင်မြန်စွာ ပြည့်ဖြည့်ပေးနိုင်ကြောင်း သိထားသည်။
သို့သော် ဈေးမြို့ရှိ လောင်ဝမ်၏ ကုန်စုံဆိုင်တွင် ရောင်းသော သကြားမှာ ရိုးရိုးသကြားဖြူသာ ဖြစ်ပြီး အလွန်ဈေးကြီးသည်။ ချောကလက်ဟူသော အရာမျိုး မရှိပေ။
“နှစ်လုပ်” ဆိုသည့် စကားမှာ လူတိုင်းကြားတွင် တိတ်တဆိတ် သဘောတူညီချက်တစ်ခု ဖြစ်သွားပုံရသည်။ မည်သူမျှ ပို၍ မစားရချေ။
ရန်ရှောင်စုသည် ချောကလက်ကို ယူကာ စက္ကူခွံကို ခွာလိုက်၏။ ထို့နောက် ပါးစပ်ကို တတ်နိုင်သမျှ အကျယ်ဆုံး ဟလိုက်ပြီး ချောကလက်တစ်တုံးလုံးကို ပါးစပ်ထဲသို့ တစ်လုပ်တည်း ထိုးထည့်လိုက်တော့သည်...။
လော့ရှင်းယွီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ယန်ရှောင်ကျင်းပင်လျှင် ရန်ရှောင်စုကို ကြောင်ကြည့်လိုက်မိသည်။
ရန်ရှောင်စုသည် ပါးစပ်ထဲမှ ချောကလက်ကို ဖြည်းဖြည်းချင်း ဝါးစားပြီးနောက် အနည်ငယ် စဉ်းစားကာ လော့ရှင်းယွီကို ပြောလိုက်သည်။
“မင်း ငါ့ကို တစ်လုပ်စာ အကြွေးကျန်သေးတယ်။”
လော့ရှင်းယွီ : “???”
ယန်ရှောင်ကျင်း : “...”
ထိုချောကလက်မှာ အတော်ပင် အရသာရှိသည်ဟု ဆိုရပေမည်။ ခံတပ်အတွင်းရှိ အစားအသောက်များသည် ဈေးမြို့တွင် ရှိသောအရာများနှင့် ကွဲပြားခြားနားလှသည်ဟု ရန်ရှောင်စု စိတ်ထဲမှ တွေးလိုက်မိသည်။
ဘီစကစ်မုန့်များမှာ ချိုမြိန်ပြီး စားကောင်းသလို ဤချောကလက်မှာလည်း ထူးခြားသော မွှေးရနံ့ရှိသည်။ အစပိုင်းတွင် ခါးသော်လည်း နောက်ပိုင်းတွင် ချိုမြိန်သွားသည်။
ဤခရီးစဉ်တစ်လျှောက်တွင် လော့ရှင်းယွီတို့အဖွဲ့ထံမှ ဤကဲ့သို့သော အစားအသောက်များကို ယန်လျို့ယွမ်နှင့် ရှောင်ယွီတို့ စားနိုင်ရန်အတွက် ဈေးမြို့သို့ ပြန်ယူသွားဖို့ တစ်နည်းနည်းဖြင့် လဲလှယ်ရယူရမည်ဟု ရန်ရှောင်စု တွေးလိုက်သည်။
လော့ရှင်းယွီသည် မူလက ရန်ရှောင်စုတွင် ထူးခြားသော အသက်ရှင်ရပ်တည်မှု စွမ်းရည်များ ရှိသည်ကို မြင်သောကြောင့် လမ်းခရီးတွင် တစ်ခုခုဖြစ်ပါက တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် သူ့ကို ချဉ်းကပ်ချင်ခဲ့ခြင်းဖြစ်သည်။ လော့ရှင်းယွီကဲ့သို့သော သူမျိုးမှာ အမြဲတမ်း လိမ္မာပါးနပ်ပြီး ကျွမ်းကျင်သူများဖြစ်သည်။ သို့မဟုတ်ပါက ခံတပ်အတွင်းရှိ အစစ်အမှန် လူကုံထံကြီးများကို သူမ၏ လက်ခုပ်ထဲ၌ ထည့်ထားနိုင်မည် မဟုတ်ပေ။
သို့သော် လော့ရှင်းယွီ မမျှော်လင့်ထားသည်မှာ ရန်ရှောင်စုမှာ ပေါင်းရသင်းရ အလွန်ခက်ခဲနေခြင်းပင်...။
သို့မဟုတ် ရန်ရှောင်စု၏ ဦးနှောက်မှာ အမှန်တကယ်ပင် တစ်ခုခု ချို့ယွင်းနေသည်ဟု သူမ ဆက်တိုက် ခံစားနေရသည်။
လော့ရှင်းယွီသည် ငါးကို အနည်းငယ်မျှ နှစ်လုပ်ခန့် စားပြီးနောက် သူမ၏ ကိုယ်ပိုင်မီးပုံဆီသို့ ပြန်သွားခဲ့လေသည်။ ထို့နောက် သူမသည် ကားထဲမှ နောက်ထပ် ချောကလက်တစ်တုံးကို ယူကာ ရန်ရှောင်စုကို ကမ်းပေးလိုက်သည်။ ရန်ရှောင်စုသည် ၎င်းကို မစားတော့ဘဲ အိတ်ကပ်ထဲသို့သာ ထည့်လိုက်လေသည်။
ထိုအချိန်တွင် ရန်ရှောင်စုသည် ယန်ရှောင်ကျင်းကို လှည့်ကြည့်လိုက်ရာ သူမသည်လည်း ပါးစပ်ကို တတ်နိုင်သမျှ အကျယ်ဆုံး ဟလိုက်ပြီး ကျန်နေသော ငါးလေးပုံတစ်ပုံခန့်အား တစ်လုပ်တည်းနှင့် ကုန်လုနီးပါးဖြစ်အောင် စားလိုက်သည်ကို တွေ့လိုက်ရတော့သည်။
ရန်ရှောင်စု အံ့ဩသွားမိသည်။
မင်းက မိန်းကလေးတစ်ယောက်လေ။ နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး မနေနိုင်ဘူးလား။
ဈေးမြို့တော်ရှိ လီယိုချန်ကဲ့သို့ ဖွံ့ထွားသန်မာသည့် မိန်းကလေးပင် ထိုကဲ့သို့ စားမှာမဟုတ်ချေ။
မူလကတည်းက ရန်ရှောင်စုသည် ငါးတစ်ပိုင်းကို ရေနှင့်လဲလိုက်သဖြင့် တစ်ဝက်သာ ကျန်တော့သည်။ ယန်ရှောင်ကျင်းက ထိုကဲ့သို့ နှစ်လုပ် စားလိုက်သောကြောင့် ငါးမှာ လေးပုံတစ်ပုံသာ ကျန်တော့လေသည်။
သို့သော်လည်း အကြောင်းရင်းမရှိဘဲ ရန်ရှောင်စုသည် ယန်ရှောင်ကျင်းမှာ ဟန်ဆောင်မှု ကင်းမဲ့သည်ဟု ခံစားနေရသည်။ သူမ လုပ်သမျှမှာ ပွင့်လင်းရိုးသားလှသည်။ သူမက ထိုဆယ်လီ လော့ရှင်းယွီထက် အများကြီး ပိုကောင်းပေသည်။
သို့သော် ရန်ရှောင်စုသည် ယန်ရှောင်ကျင်းတစ်ယောက် သူ့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်သောအခါ လက်ထဲရှိ ငါးကို အမြန်ပင် လျှာဖြင့် ရက်လိုက်ပြီး မေးလိုက်၏။
“စားဦးမလို့လား။”
ယန်ရှောင်ကျင်းက မည်သည့်အမူအရာမျှမပြဘဲ ထွက်ခွာသွားရင်း ပြောသွားခဲ့လေသည်။
“ချောကလက်ကို ကိုယ်ပေါ်မှာ မထားနဲ့။ အရည်ပျော်သွားလိမ့်မယ်။”
ထိုညတွင် လူတိုင်းသည် စခန်းချရန် တဲများကို ထိုးလိုက်ကြလေသည်။ ထိုလူများ၏ ကားနောက်ဖုံးတွင် နှစ်ယောက်အိပ် တဲရောင်စုံများ ပါလာခဲ့ကြသည်။ ယန်ရှောင်ကျင်းနှင့် လော့ရှင်းယွီတို့ နှစ်ဦးသာ တစ်ယောက်အိပ်တဲများဖြင့် အိပ်ကြသည်။
ရန်ရှောင်စုမှာမူ ငါးအရိုးများနှင့် စားကြွင်းစားကျန် အသားစများကို မီတာတစ်ရာကျော်ဝေးသော နေရာသို့ သွားပစ်ရန် အာရုံစိုက်နေပြီး ပြန်ရောက်မှသာ သူအိပ်ရန် နေရာကို ပြင်ဆင်ရတော့သည်။
အခြားသူများသည် တဲများထဲတွင် ထိုင်ရင်း ရန်ရှောင်စု တစ်ယောက်တည်း ဟိုပြင်ဒီပြင် လုပ်နေသည်ကို စိတ်ဝင်စားစွာ ကြည့်နေခဲ့ကြသည်။ ၎င်းမှာ တောတွင်းရှင်သန်မှု အတတ်ပညာလားဟု သူတို့ စိတ်ထဲမှ တွေးနေမိကြ၏။ သူက အတွေ့အကြုံ အလွန်ရှိပုံရသည်။
ရန်ရှောင်စုသည် မူလမီးပုံကို ဘေးသို့ရွှေ့ကာ မီးပုံအသစ်တစ်ပုံကို ထပ်မွှေးလိုက်ပြီး ထင်းရှူးခက်ကဲ့သို့သော ကြာရှည်ခံသည့် ထင်းများကို ထည့်လိုက်သည်။ မူလမီးပုံနေရာကိုမူ ရန်ရှောင်စုက ငြှိမ်းသတ်လိုက်ပြီး သန့်ရှင်းရေးလုပ်ကာ နွေးနေသေးသော မြေကြီးပေါ်တွင် ထင်းရှူးအပ် အမြောက်အမြားကို ခင်းလိုက်သည်။
ထိုထင်းရှူးအပ်များကို တောထဲတွင် အလွယ်တကူ ရှာတွေ့နိုင်ပြီး နေရာအတော်များများတွင် အထပ်လိုက် ရှိနေတတ်သည်။
“ဒီကောင်က ကိုယ့်အတွက် အိပ်ရာတောင် လုပ်လိုက်သေးတာပဲ။”
လျိုပုတစ်ယောက် ရန်ရှောင်စုက ထင်းရှူးအပ်များပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေသည်ကို မြင်နေရသည်။ ယခုမှာ ဆောင်းဦးနှောင်းပိုင်း ဖြစ်သဖြင့် မီးပုံရှိခဲ့သော နေရာမှာ အလွန်နွေးထွေးနေမည်ဖြစ်ပြီး ဘေးတွင်လည်း မီးပုံတစ်ခုက ဆက်လက်တောက်လောင်နေဆဲပင်။
ကြည့်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိပုံရသည်...။
သူတို့ဘက်ကို ပြန်ကြည့်လိုက်လျှင် ကိုယ်ရံတော်တပ်ဖွဲ့၏ တဲများသည် မီးပုံကြီးကို ဝိုင်းပတ်ထားပြီး တီးဝိုင်းအဖွဲ့သားများမှာမူ အပြင်ဘက်အစွန်ဆုံးတွင် အအေးဒဏ်ကို အောင့်ခံနေကြရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် စောင်များ ပါလာခဲ့၍ပင်။ သို့မဟုတ်ပါက ဤညကို မည်သို့ ဖြတ်သန်းရမည်မှန်း သိကြမည်မဟုတ်ပေ။
ယန်ရှောင်ကျင်းကမူ... ရန်ရှောင်စု၏ မီးပုံဘေးကပ်လျက်တွင်ပင် သူမ၏ တဲကို ထိုးချလိုက်ပြီး သူ့ကိုလည်း အားနာခြင်း အလျဉ်းမရှိချေ။
ရန်ရှောင်စုသည် မျက်လုံးကိုဖွင့်ကာ ယန်ရှောင်ကျင်း၏ တဲဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမသည် တဲတံခါးစအား ပိတ်မထားသဖြင့် သူမအတွက် ပတ်ဝန်းကျင်ကို အကဲခတ်ရာ၌ ပိုမိုလွယ်ကူစေပြီး သူမလက်ထဲရှိ သေနတ်မှာလည်း သူ့ဘက်သို့ အမြဲတမ်း ဦးတည်နေခဲ့သည်...။
မဟုတ်သေးဘူး....။ သူမ၏ အခြားလက်တစ်ဖက်တွင်လည်း နောက်ထပ် သေနတ်တစ်လက် ရှိနေပြီး ၎င်းမှာ ကိုယ်ရံတော်တပ်ဖွဲ့၏ တဲများဘက်သို့ ချိန်ရွယ်ထားခြင်း ဖြစ်သည်။