အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း ၄၇
ရန်ရှောင်စုသည် တခြားလူများကို လျစ်လျူရှုကာ ရွှီရှား၏ ဒဏ်ရာကို စစ်ဆေးရန် လျှောက်သွားလိုက်လေသည်။ သူသည် လည်ပင်းကို အုပ်ထားသော ရွှီရှား၏ လက်ကို ဖယ်ရှားလိုက်ရာ ထိုနေရာ၌ စိုက်ဝင်နေသည့် ရှည်လျားသော အဆိပ်ဆူးတစ်ခုကို မြင်လိုက်ရလေသည်။ ရန်ရှောင်စုသည် ၎င်းကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်...။ ၎င်းမှာ နကျယ်ကောင် ဖြစ်သည်။
သူသည် တခြားလူများကို ကျောခိုင်းထားရင်း ထိုအဆိပ်ဆူးကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။ ရွှီရှား မည်သို့သေဆုံးသွားသည်ကို တခြားလူများ အတိအကျ သိရှိသွားမှာကို သူ မလိုလားပေ။ အဖွဲ့အတွင်းရှိ လေထုမှာ ပို၍ပို၍ ထူးဆန်းလာနေပြီး ၎င်းတို့ကို တောရိုင်းမြေပြင်အပေါ် ကြောက်ရွံ့စိတ် ပိုဝင်အောင် လုပ်ထားခြင်းက လမ်းပြတစ်ယောက်ဖြစ်သည့် သူ့အတွက် ပို၍ အကျိုးရှိပေလိမ့်မည်။
ရန်ရှောင်စုသည် မိမိကိုယ်ကိုယ် လူကောင်းတစ်ယောက်ဟု ဘယ်သောအခါကမှ မသတ်မှတ်ခဲ့ဖူးသလို တခြားလူများကို အရာအားလုံး လိုက်လံပြောပြနေရန်လည်း တာဝန်မရှိဟု ယူဆထားသည်။ မိမိကိုယ်တိုင် အသက်ရှင်သန်ရေးကသာ အရေးအကြီးဆုံး ဖြစ်သည်။
သို့သော်လည်း ရန်ရှောင်စုတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။ လူသားများကို တိုက်ခိုက်သည့် ထူးခြားဆန်းကြယ်သော သတ္တဝါဆန်းတစ်မျိုးမျိုး မဟုတ်သရွေ့ အဆင်ပြေပါသည်။ အမှန်အတိုင်းပြောရလျှင် စောစောက သူလည်းပဲ လန့်သွားခဲ့သည်။
ရန်ရှောင်စု၏ တွေးဆချက်အရ နကျယ်ကောင်တစ်ကောင်သည် ပစ်ကပ်ကားနောက်ဖုံးထဲတွင် နားခိုနေခဲ့ခြင်း ဖြစ်နိုင်သည်။ ရွှီရှား ကားပေါ်သို့ တက်လိုက်သည့် လှုပ်ရှားမှုက ၎င်းကို လန့်သွားစေခဲ့ပုံရပြီး ထို့ကြောင့် ထိုနကျယ်ကောင်က သူ့ကို အဆိပ်ဆူးဖြင့် ထိုးလိုက်ခြင်း ဖြစ်လိမ့်မည်။
ယခုခေတ်တွင် နကျယ်ကောင်တစ်ကောင်၏ အဆိပ်ဆူးက ဤမျှအထိ အသက်အန္တရာယ် ပေးနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။
လည်ပင်းဖောရောင်လာရာကနေ အသက်ရှူကျပ်ပြီး သေဆုံးသွားတာလား။ မဟုတ်သေးဘူး... မဖြစ်နိုင်ဘူး။
အကယ်၍ အသက်ရှူကျပ်ခြင်းကြောင့်ဆိုလျှင် စက္ကန့်ပိုင်းမျှအတွင်း သေဆုံးသွားလိမ့်မည်မဟုတ်ဘဲ အနည်းဆုံးတော့ အချိန်ပိုကြာရမည် ဖြစ်သည်။ ၎င်းမှာ နကျယ်ကောင်အဆိပ်၏ ပြဿနာကြောင့် ဖြစ်ပုံရသည်။
ရန်ရှောင်စုသည်လည်း ကလေးဘဝတုန်းကက နကျယ်ကောင် အတုပ်ခံခဲ့ရဖူးသည်။ သို့သော်လည်း သူ၏မျက်နှာတစ်ခြမ်း ရက်အနည်းငယ်မျှ ဖောရောင်သွားရုံသာ ဖြစ်ပြီး သေတော့မသေခဲ့ချေ။
ဤတောရိုင်းမြေပြင်မှာ ပို၍ပို၍ အန္တရာယ်များလာနေခဲ့ချေပြီ။
တစ်ခါတစ်ရံတွင် ရန်ရှောင်စုသည် စိတ်ထဲ၌ အလွန်ပင် ဒွန်တွဲ တွေဝေမိသည်။ တစ်ဖက်တွင်လည်း သူသည် ဤဆန်းကြယ်သော တောရိုင်းမြေပြင်ကို စိတ်ဝင်စားပြီး ယင်း၏ လျှို့ဝှက်ချက်များကို သိလိုသော်လည်း အခြားတစ်ဖက်တွင်မူ စူးစမ်းလိုစိတ် လွန်ကဲခြင်းက သေမင်းထံ ဦးတည်သွားနိုင်သည်ကို သူ ကောင်းကောင်းကြီး သိထားသည်။
လူသားများသည် ဘက်စုံစရိုက်ရှိကြပြီး ၎င်းတို့၏ အတွေးအမြင်များက အမြဲတမ်း ရှုပ်ထွေးနေတတ်သည်။ ထိုအချက်ကပင် ၎င်းတို့ကို လူသားများ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
သေမင်း၏ အရိပ်မည်းကြီးသည် လူတစ်အုပ်စုလုံးအပေါ် လွှမ်းမိုးနေခဲ့ပြီး ယခုအခါ ကားတန်းထဲတွင် စိတ်အအေးဆုံးလူမှာ ရန်ရှောင်စု ဖြစ်ပေသည်။ ရွှီရှန်းချူက ဒဏ်ရာကို လာရောက်စစ်ဆေးသော်လည်း လည်ပင်းပေါ်ရှိ အနီစက်လေးတစ်ခုကိုသာ မြင်တွေ့နိုင်ခဲ့သည်။
ရန်ရှောင်စု လူတိုင်း၏ တုံ့ပြန်ပုံကို အကဲခတ်နေခဲ့သည်။ ယန်ရှောင်ကျင်းသည်လည်း သာမန်ကာလျှံကာဖြင့် ရွှီရှား၏ဒဏ်ရာကို ဟန်ဆောင်၍ လာရောက်စစ်ဆေးခဲ့ပြီး ရလဒ်အနေဖြင့် သူမ မျက်မှောင်ကြုတ်သွားခဲ့ရုံသာဖြစ်သည်။
ရွှီရှားသည် အမှန်တကယ်တော့ တောရိုင်းမြေပြင်မှ ဆင့်ကဲပြောင်းလဲလာသော နကျယ်ကောင်တစ်ကောင်၏ အတုပ်ခံရခြင်းသာ ဖြစ်သည်ကို ရင်ရှောင်စုတစ်ဦးတည်းသာ သိရှိထားသည်။
“ရွှီရှားရဲ့ အလောင်းကို ဘယ်လိုလုပ်ကြမလဲ။ သူ့အလောင်းကို တောထဲမှာ ဒီအတိုင်း ပစ်ထားခဲ့လို့တော့ မရဘူးမဟုတ်လား။”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ဒါမှမဟုတ် ဘာလုပ်ရဦးမှာလဲ။”
လျိုပု၏ မျက်မှောင်ကြီးမှာ စိုးရိမ်ပူပန်မှုများကြောင့် တွန့်ချိုးနေခဲ့သည်။ သူသည် ရွှီရှားကို ဤနေရာ၌သာ ထားပစ်ခဲ့ရန် ရည်ရွယ်ထား၏။ ၎င်းကို မြှုပ်နှံရန်မှာ အချိန်ယူရမည်ဖြစ်ပြီး သူသည် ဤကျိန်စာသင့်နေသော နေရာတွင် နောက်ထပ် တစ်စက္ကန့်မျှပင် ထပ်မနေချင်တော့ပေ။
ထိုစဉ် လော့ရှင်းယွီက ပြောလိုက်သည်။
“သူ့ကို ပစ်ကပ်ကားနောက်ဖုံးထဲ ထည့်ထားလိုက်။ ငါတို့ ဒီနေရာကနေ အရင် ထွက်သွားကြရအောင်။ သင့်တော်တဲ့နေရာတစ်ခု ရှာတွေ့မှ မြှုပ်နှံကြတာပေါ့။”
တီးဝိုင်းအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် အကယ်၍ သူမက ရွှီရှားကို ဤနေရာ၌ စွန့်ပစ်ခဲ့ပါက တခြားလူများက သူမအပေါ် မည်သို့ ထင်မြင်ကြမည်နည်း။ အကယ်၍ နောင်တွင် ဤသတင်း ပေါက်ကြားသွားပါက သူမ၏ ဂုဏ်သိက္ခာအတွက် အမည်းစက် ဖြစ်လာပေလိမ့်မည်။
လျိုပုက ရွှီရှန်းချူကို ပြောလိုက်သည်။
“ငါတို့ ပြန်လှည့်ကြရင် မကောင်းဘူးလား။”
“မဖြစ်ဘူး။”
ရွှီရှန်းချူက ခေါင်းခါပြလိုက်သော်လည်း ဘာကြောင့်လဲဆိုသည်ကိုမူ မပြောခဲ့ပေ။
ဤအခိုက်အတန့်တွင် လျိုပုသည် မိမိအနေဖြင့် ကိုယ်ပိုင်တပ်ဖွဲ့ကို လွှမ်းမိုးနိုင်စွမ်းမရှိကြောင်း ကောင်းကောင်းကြီး သိလိုက်ရတော့သည်။ အပြင်လူများအမြင်တွင် ၎င်းတို့က ကိုယ်ပိုင်တပ်ဖွဲ့ကို ငှားရမ်းထားသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။
ကိုယ်ပိုင်တပ်ဖွဲ့သည် မူလကတည်းက နယ်ခြားတောင်တန်းသို့ မစ်ရှင်တစ်ခု ဆောင်ရွက်ရန် သွားရောက်ခြင်းဖြစ်ပြီး တီးဝိုင်းအဖွဲ့မှာမူ ကားကြုံလိုက်ပါကာ စောင့်ရှောက်ခကို ပေးဆောင်ထားခြင်းသာ ဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင်တပ်ဖွဲ့က ၎င်းတို့ကို အတူတူ လိုက်ပါခွင့်ပြုရသည့် အကြောင်းရင်းမှာ ယခုခရီးစဉ်၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန်နှင့် ၎င်းတို့ကို အာရုံလွှဲစရာအဖြစ် အသုံးချရန် ဖြစ်ပုံရသည်။
ထို့ကြောင့် ၎င်းတို့၏ တီးဝိုင်းအဖွဲ့သည် နယ်ခြားတောင်တန်းသို့ သွားမည့် ဤခရီးစဉ်အပေါ် မည်သည့် ပြောရေးဆိုခွင့်မျှ မရှိပေ။
ပြန်လှည့်ရန် လမ်းမရှိတော့သည်ကို မြင်သောအခါ လျိုပုက ရန်ရှောင်စုကို ပြောလိုက်သည်။
“မင်း ပစ်ကပ်ကားရဲ့နောက်ဖုံးထဲမှာ တစ်ယောက်တည်း လိုက်ခဲ့။ ချန်တုံဟန်... မင်း ကားခေါင်းခန်းထဲ ဝင်ထိုင်လိုက်။”
သူက လှောင်ပြောင် သရော်လိုက်သည်။
“မင်းက ငါတို့ကို လမ်းမှားမခေါ်ခဲ့ဘူးလို့ ပြောနေမှတော့ အန္တရာယ်တွေကို မင်းဘာမင်းပဲ ရင်ဆိုင်လိုက်။”
ယခုအချိန်တွင် သူသည် ရန်ရှောင်စု ဘီစကွတ်မုန့်များ စားပစ်မည့်အရေးကို ဂရုမစိုက်နိုင်တော့ပေ။ အဆုံးသတ်တွင် မည်သူမျှ မသေချင်ကြပါချေ။ ဘီစကွတ်မုန့် အချို့ အစားခံရခြင်းနှင့် နှိုင်းယှဉ်ပါက သေခြင်းနှင့် ရှင်ခြင်းက ပို၍ အရေးကြီးသည်မှာ ထင်ရှားလှပေသည်။
ရန်ရှောင်စုကတော့ စိတ်မရှိပေ။ သူ ဘီစကွတ်မုန့်မစားရသည်မှာ တစ်ရက်မကရှိနေပြီဖြစ်ရာ အမှန်တကယ် လွမ်းဆွတ်နေပြီဖြစ်သည်...။ အလောင်းတစ်ခုနှင့် အတူရှိနေရမည့်အရေးမှာမူ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတစ်စုံတစ်ရာမျှ မရှိပါချေ။ စက်ရုံကို လာရောက်တိုက်ခိုက်ခဲ့သည့် ဝံပုလွေအုပ်ကြီးက အလောင်းပေါင်းများစွာ ချန်ထားခဲ့စဉ်ကတည်းကပင် သူသည် မကြောက်ရွံ့ခဲ့ဖူးချေ။
ခံတပ်အတွင်းမှ လူများသည် သေခြင်းနှင့် ရှင်ခြင်းအပေါ် အလွန်ကြောက်ရွံ့တတ်သော စိတ်ရှိကြသည်။
သို့သော် ရန်ရှောင်စုတွင်မူ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအပေါ် ရိုသေလေးစားမှုသာရှိပြီး ကြောက်ရွံ့စိတ် မရှိပေ။
ကားတန်းကြီးမှာ ပြန်လည်ထွက်ခွာလာခဲ့သည်။ ရန်ရှောင်စုသည် ကားနောက်ဖုံးတွင် ထိုင်ကာ ဘီစကွတ်မုန့်များကို စားလျက် ရေသန့်ဗူးကို သောက်ရင်း ရွှီရှားအား တိုးတိုးရေရွတ်ပြောဆိုနေမိသည်။
“ငါ မင်းတို့ကို ပြောသားပဲ။ ဘာကိစ္စမှမရှိဘဲ ဒီအပြင်ဘက်ကို ဘာလို့ထွက်လာကြတာလဲ။ အခုတော့ကြည့်စမ်း...အသက်ပါ ဆုံးရှုံးသွားရပြီ မဟုတ်လား။”
“ဝေ့...ပြောပါဦး...။ မင်းတို့ ခံတပ်ထဲမှာက တကယ်ပဲ ဘယ်လိုပုံစံမျိုးလဲ။ ငါတို့ အပြင်ကလူတွေ အများကြီးက ငတ်ပြတ်လုနီးပါး ဖြစ်နေရချိန်မှာ မင်းတို့လူတွေကတော့ သီချင်းနားထောင်ဖို့နဲ့ နာမည်ကြီး အနုပညာရှင်တွေကို အားပေးဖို့ စိတ်ကူးရှိနေကြသေးတယ်။”
“အသားတွေ အားလုံးကလည်း မင်းတို့ဆီကိုပဲ တင်ပို့ပေးကြတယ်။ ငါတို့ကျ တစ်လုပ်တောင် မစားရဘူး...။”
ရန်ရှောင်စုသည် အလုပ်မရှိ အလုပ်ရှာကာ ရွှီရှားနှင့် ဟိုရောက်ဒီရောက် စကားစမြည် ပြောနေခြင်းသာ ဖြစ်သည်။ သို့သော် ပစ်ကပ်ကား၏ မောင်းသူနှင့် ဘေးတွင် လိုက်ပါလာသူ အမျိုးသားနှစ်ဦးကမူ ထိုသို့မတွေးပါချေ။ လမ်းခရီးတွင် ရန်ရှောင်စု စကားပြောနေသည့် ခပ်တိုးတိုးအသံကို ၎င်းတို့ ရုတ်တရက် ကြားလိုက်ရသဖြင့် ဒရိုင်ဘာမှာ အကြောက်လွန်ကာ ဦးရေပြားများပင် ထုံကျဉ်သွားခဲ့၏။ သူက ဘေးကလူကို လှမ်းမေးလိုက်သည်။
“သူ ဘယ်သူနဲ့ စကားပြောနေတာလဲ။”
“ငါ... ငါလည်း မသိဘူး။ တစ်ယောက်တည်း စကားပြောနေတာ ထင်တယ်...။”
“သူ့ခေါင်းထဲ တစ်ခုခု မှားနေပြီလို့ မင်းမထင်ဘူးလား...။”
ထိုညတွင် ကားတန်းသည် စခန်းချရန် အထူးသင့်လျော်သော နေရာမျိုးကို ရှာမတွေ့ခဲ့သဖြင့် ကွင်းပြင်ငယ်တစ်ခုတွင်သာ ဖြစ်သလို အခြေချခဲ့ရသည်။ ယနေ့တွင် မည်သူမျှ စကားစမြည်ပြောရန် သို့မဟုတ် ကြွားဝါရန် စိတ်မပါကြဘဲ တိတ်ဆိတ်မှုသာ လွှမ်းမိုးနေခဲ့သည်။
နောက်တစ်နေ့မနက်တွင် ရန်ရှောင်စုတစ်ယောက် အိပ်ယာထကာ အပျင်းကြောဆန့်လိုက်သည်။ သူ မနေ့ညက အစာသွားမရှာခဲ့ချေ။ အဆုံးသတ်တွင် ဘီစကွတ်မုန့်များ စားထားသဖြင့် ဗိုက်ပြည့်လုနီးပါး ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
မူလက ချောကလက်များကိုလည်း ကားနောက်ဖုံးတွင် ထားရှိခဲ့သော်လည်း ထိုမြေခွေးအိုကြီး လျိုပုက ရိပ်မိသွားကာ ချောကလက်များကို သူ၏ကိုယ်ပိုင်ကားထဲသို့ ရွှေ့ပြောင်းသွားခဲ့သည်။ ၎င်းတို့ကားထဲတွင် ထိုချောကလက်သေတ္တာအတွက် နေရာမရှိသဖြင့် လျူပုသည် မွန်းလွဲတစ်ခုလုံး ထိုသေတ္တာကို ပွေ့ပိုက်ထားခဲ့ရပေသည်...။
ရန်ရှောင်စုကမူ ကောင်းကောင်းကြီး စီစဉ်ထားပြီးဖြစ်သည်။ သူသည် မနက်စာ စားစရာမလိုဘဲ ကားတန်းကြီး လမ်းပေါ်ရောက်သည်နှင့် ကားနောက်ဖုံးတွင် စိတ်ကြိုက် စားသောက်တော့မည် ဖြစ်သည်။
ရုတ်တရက်...ပစ်ကပ်ကားရှိရာ အရပ်ဆီမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကို သူ ကြားလိုက်ရသည်။ ကိုယ်ပိုင်တပ်ဖွဲ့မှ စစ်သားတစ်ဦးက အော်ဟစ်မေးမြန်းလိုက်ခြင်းပင်။
“ဟို ရွှီရှားဆိုတဲ့လူရဲ့ အလောင်း ဘယ်ရောက်သွားတာလဲ။ သူ့အလောင်းကို မြင်လိုက်တဲ့လူ ရှိလား။”
လူတိုင်း နေရာ၌ပင် ဆွံ့အသွားကြသည်။
“ကားနောက်ဖုံးထဲမှာ ရှိနေတာ မဟုတ်ဘူးလား။”
“အလောင်း ပျောက်သွားပြီ။”
ယခုအကြိမ်တွင်မူ ရင်ရှောင်စုကိုယ်တိုင်ပင် ဦးရေပြားများ ထုံကျဉ်သွားခဲ့ရသည်။
ဘာတွေ ဖြစ်နေတာလဲ။ အလောင်းကို ကားနောက်ဖုံးထဲမှာ အကောင်းကြီး ထားခဲ့တာကို ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပျောက်ဆုံးသွားနိုင်ရတာလဲ။
သာမန် လူကြီးအမျိုးသားတစ်ဦး၏ အလေးချိန်မှာ ဂျင် ၁၄၀ မှ ၁၈၀ (ကီလိုဂရမ် ၇၀ မှ ၉၀ ခန့်) အထိ ရှိသည်။ လူတစ်ယောက်တည်းက အလောင်းကို သယ်ဆောင်သွားရန်မှာ အလွန်ခက်ခဲလှပြီး မည်သည့်အသံမျှ မထွက်ဘဲ သယ်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဤမျှ လူအများကြီး ရှိနေပါလျက် တစ်ယောက်မျှ အသံမကြားမိရအောင် ရွှီရှား၏ အလောင်းကို မည်သူက ရွှေ့သွားခဲ့သနည်း။
ထိုအခိုက်အတန့်တွင် ရန်ရှောင်စုသည် သူ ယခင်က စွန့်ပစ်ခဲ့သော ငါးအရိုးများနှင့် အသားများအကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။ ၎င်းတို့သည်လည်း ယခုကဲ့သို့ပင် မည်သည့်ခြေရာလက်ရာမျှ မချန်ဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ရာ မည်သည့်အရာက လုပ်ဆောင်ခဲ့သည်ကို လုံးဝ ဆုံးဖြတ်ရခက်စေခဲ့လေသည်။
ထိုစဉ်က သူသည် ပုရွက်ဆိတ်များ ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအကြိမ်တွင်မူ ပုရွက်ဆိတ်များ မဖြစ်နိုင်တော့ပါချေ။ ပုရွက်ဆိတ်တစ်ကောင်သည် မည်မျှပင် ဆင့်ကဲပြောင်းလဲလာပါစေ ဤမျှကြီးမားသော လူသေအလောင်းကြီးကို တစ်ညတည်းနှင့် သယ်ဆောင်သွားနိုင်မည် မဟုတ်ပေ။
ယခုအခါ ရင်ရှောင်စု၏ နှလုံးသားထက်တွင်လည်း သောကအရိပ်မည်းကြီးတစ်ခု လွှမ်းမိုးလာခဲ့ပြီ ဖြစ်သည်။ သူက မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
ကမ္ဘာပေါ်က ဘယ်လိုအရာမျိုးက ဒါကို လုပ်လိုက်တာလဲ။
လျိုပုသည် တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် ရွှီရှန်းချူကို ကြည့်ကာ ပြောလိုက်သည်။
“ဆရာ... ငါတို့ ပြန်လှည့်ကြရအောင်။ ဒါက တကယ်ကို အရမ်းခြောက်ခြားဖို့ကောင်းလွန်းတယ်။”
ရွှီရှန်းချူသည် သူ၏သေနတ်ကို ကိုင်ဆောင်ကာ သတိအပြည့်ဖြင့် ကာကွယ်နေရင်း ပြန်ပြောလိုက်သည်။
“ငါလည်း မင်းလိုပဲ ကြောက်တာပဲ။ ဒါပေမဲ့ ငါတို့ နယ်ခြားတောင်တန်းကို သေချာပေါက် သွားရမယ်ဆိုတာအတွက် ငါ့မှာ အကြောင်းပြချက် ရှိတယ်။”
“ဒါပေမဲ့ ဒီတောအုပ်က အရမ်းထူးဆန်းလွန်းတယ်လေ။”
လျိုပုမှာ ငိုတော့မတက် ဖြစ်နေခဲ့ချေပြီ။
“အားလုံး ကားပေါ်တက်ကြ။ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ငါတို့ အခုချက်ချင်း ထွက်သွားကြမယ်။”
ရွှီရှန်းချူက အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်မှစ၍ ရန်ရှောင်စုသည် သူ၏ အရိုးဓားကို လက်ထဲတွင် အမြဲဆုပ်ကိုင်ထားတော့သည်။ သူ၏ စိတ်အာရုံကို အပြည့်အဝ နိုးကြားစေလျက် အချိန်မရွေး ရောက်ရှိလာနိုင်သည့် ဘေးအန္တရာယ်မှန်သမျှအတွက် အမြဲတမ်း အသင့်ပြင်ထားလိုက်တော့သည်။
အခန်း ၄၈
ရွှီရှားရဲ့ အလောင်းက ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ။ ပြီးတော့ ဘယ်နေရာကို ရောက်သွားတာလဲ။
ဤမေးခွန်းနှစ်ခုသည် လူတိုင်း၏နှလုံးသားပေါ်တွင် ဖယ်ဖျောက်ရခက်သော အရိပ်မည်းကြီးတစ်ခုကဲ့သို့ လွှမ်းမိုးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရန်ရှောင်စုသည်မူ မတူညီသော မေးခွန်းတစ်ခုကို တွေးတောနေခဲ့သည်။ အကယ်၍ ထိုအရာသည် ဤမျှကြီးမားသော အလောင်းကောင်ကြီးတစ်ခုကို ဘာသံမှမထွက်ဘဲ ပျောက်ကွယ်သွားအောင် လုပ်နိုင်သည်ဆိုလျှင် ၎င်းက အသက်ရှင်နေသူတွေကို ဘာကြောင့် လာရောက်မတိုက်ခိုက်ရသနည်း။
ပြိုင်ဘက်၏ အင်အားအရဆိုလျှင် ညသန်းခေါင်အချိန်တွင် စခန်းတစ်ခုလုံးရှိ လူစုကို အကြီးအကျယ် သေကြေပျက်စီးအောင် သေချာပေါက် လုပ်ဆောင်နိုင်စွမ်းရှိသည်။
ဤအထဲတွင် တစ်ခုခု မသင်္ကာစရာ ရှိနေပြီဖြစ်သည်။
အခြားသူများအားလုံးသည် ကားထဲတွင် ထိုင်နေကြသော်လည်း ရန်ရှောင်စု တစ်ယောက်တည်းသာ ပစ်ကပ်ကား၏ နောက်ခန်းထဲ၌ ထိုင်နေခဲ့သည်။ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် လူတိုင်းသည် ကားမှန်များကို ချထားပြီး ရယ်မော စကားပြောကာ သီချင်းများပင် ဆိုလာခဲ့ကြသေးသည်။
သို့သော် ယခုမူ လူတိုင်းသည် တစ်စုံတစ်ရာသော မစင်ကြယ်သည့်အရာများ ရုတ်တရက် အတင်းဝင်ရောက်လာပြီး သူတို့၏အသက်အား နှုတ်ယူသွားမည်ကို အလွန်အမင်း ကြောက်လန့်နေသဖြင့် ကားမှန်များကို တင်းကျပ်စွာ ပိတ်ထားခဲ့ကြသည်။
မှန်တစ်ချပ် အပိုရှိနေခြင်းက သူတို့ကို အနည်းငယ် ပို၍ဘေးကင်းသည်ဟု ခံစားရစေသည်။
ရန်ရှောင်စုသည် ကားနောက်ခန်းတွင် ထိုင်ရင်း သူ၏မြင်ကွင်းထဲမှ နောက်ဆုတ်ကျန်ရစ်ခဲ့သော သစ်တောကြီးကို ကြည့်နေခဲ့သည်။ လှုပ်ခါနေသော သစ်ရွက်ရိပ်တိုင်းတွင် သတ်ဖြတ်လိုသော အငြိုးအတေးများ ပုန်းကွယ်နေသကဲ့သို့ ရှိနေပြီး အမှန်အတိုင်းပြောရလျှင် ရန်ရှောင်စုကိုယ်တိုင်ပင် အနည်းငယ် ကြောက်စိတ်ဝင်နေမိသည်။
သို့သော် သူ ဘာလုပ်နိုင်မည်နည်း။ ကြောက်စိတ်ပြေအောင် ဘီစကစ်မုန့်တစ်ဖာလောက် စားလိုက်တာကမှ တော်ဦးမည်...။
ရန်ရှောင်စုသည် ထိတ်လန့်စရာကောင်းသော အလားအလာတစ်ခုကို တွေးမိတိုင်း ကြောက်စိတ်ပြေရန် ဘစ်စကစ်မုန့်တစ်ထုပ် စားလိုက်လေ့ရှိသည်...။
အမှန်တော့ ရန်ရှောင်စုသည် ကားထဲတွင် ထိုင်နေခြင်းကလည်း ကားနောက်ခန်းတွင် ထိုင်နေရသကဲ့သို့ပင် စိတ်မချရဟု ခံစားရသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ လက်ရှိခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ကားနောက်ခန်း၏ ကျယ်ပြောသော မြင်ကွင်းအရ အန္တရာယ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးမည့်လမ်း သို့မဟုတ် တန်ပြန်မည့်နည်းလမ်းကို ရှာဖွေနိုင်မည်ဖြစ်သည်။
ဤယာဉ်တန်းတစ်ခုလုံးတွင် အင်အားမည်မျှရှိသည်ကို မသိရသေးသော ယန်ရှောင်ကျင်းမှလွဲ၍ ကျန်သည့်လူမည့်သူမျှ သူ့ထက်မြန်အောင် မပြေးနိုင်သည်ကို သတိပြုရပေမည်။
ရန်ရှောင်စုသည် အန္တရာယ်ကြုံလာပါက အခြားသူများကို ကယ်တင်သင့်သလား ဆိုသည်ကို ဘယ်တုန်းကမှ ထည့်ပင်မတွေးခဲ့မိချေ။ သူက ထိုသို့သော် လူအမျိုးအစား မဟုတ်ပေ။
ထိုလူစုသည် သူ့ကို လမ်းပြအဖြစ် ခေါ်လာပြီး အစားအစာလည်း မပေးသည့်အပြင် ကားနောက်ခန်းတွင်ပင် ထိုင်ခိုင်းထားသေးသည်။ ရန်ရှောင်စုအနေဖြင့် သူတို့ကို ကလဲ့စားမချေသည်ကပင် အလွန် သဘောထားကြီးလှပြီ ဖြစ်သည်။
လူတိုင်းသည် သူတို့နောက်မှ တကယ့်သားရဲမိစ္ဆာကြီးတစ်ကောင် လိုက်နေသကဲ့သို့ အရှေ့သို့ ကမူးရှူးထိုး ထွက်ပြေးခဲ့ကြသည်။ ကားထဲတွင် လျိုပုတစ်ယောက် ရွှီရှန်းချူကို ဆက်လက် ဆွဲဆောင်စည်းရုံးနေဆဲပင်။
“ဆရာ... ကျုပ်တို့ ခံတပ်ကို ပြန်သွားပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြရအောင်လေ။ ခင်ဗျားရဲ့ အထက်လူကြီးတွေက ခင်ဗျားကို ခံတပ်ထဲကနေ မောင်းထုတ်ပစ်ရလောက်အောင် တကယ်ပဲ နှလုံးသားမရှိကြတာတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား။”
ရွှီရှန်းချူက ပြန်မဖြေခဲ့ချေ။ အကယ်၍ အခြားသူတစ်ယောက်သာဆိုလျှင် အထက်လူကြီးများက ဤမျှ နှလုံးသားမဲ့မည်မဟုတ်သော်လည်း သူကတော့ မတူပေ။
ကိုယ်ပိုင်စစ်တပ်၏ အရာရှိနှစ်ဦးဖြစ်သော ဝမ်ချုံးယန်နှင့် ရွှီရှန်းချူတို့သည် အထက်က အကြီးအကဲများကို ပြစ်မှားမိထားသူများ ဖြစ်ကြသည်။ အမှန်တော့ ရန်ရှောင်စုသည်လည်း ဤအချက်ကို အစောကြီးကတည်းက ရိပ်မိထားခဲ့ပြီဖြစ်သည်။
ညသန်းခေါင်အချိန် တောရိုင်းထဲ၌ တစ်စုံတစ်ခု ဖြစ်ပွားသောအခါ ဝမ်ချုံးယန်က ပထမဆုံး စေလွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။ ရန်ရှောင်စုနှင့် လော့ရှင်းယွီတို့က ဝမ်ချုံးယန်၏နေရာတွင် အစားထိုးရန် တောင်းဆိုပြီးနောက်တွင်လည်း အခြားတစ်ဖက်က ရွှီရှန်းချူကိုသာ ထပ်မံစေလွှတ်ခဲ့သည်။
ခံတပ်အတွင်း အဆက်အသွယ်ကောင်းသော အရာရှိများသည် သက်သောင့်သက်သာဖြင့် ဘဝကို ပျော်မွေ့နေကြသည်။ အထက်က အမြင်မကြည်သူများသာလျှင် တာဝန်ထမ်းဆောင်ရန် ညသန်းခေါင်အချိန်တွင် တောရိုင်းထဲသို့ မောင်းထုတ်ခံရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက မည်သူက ညသန်းခေါင်အချိန်တွင် တိုက်ခိုက်ရန်အတွက် အိမ်ကနေ ခွာချင်ပါမည်နည်း။
ကမ္ဘာပျက်ကပ်မတိုင်မီက စစ်သားများတွင် ဂုဏ်သိက္ခာနှင့် လေးစားမှုများ ရရှိခဲ့ကြသော်လည်း ဤကိုယ်ပိုင်စစ်တပ်များတွင် ထိုသို့သောအရာမျိုး လုံးဝမရှိဟု ရန်ရှောင်စုက ယုံကြည်သည်။
အမှန်တကယ်တော့ ရွှီရှန်းချူနှင့် ဝမ်ချုံးယန်တို့ နှစ်ဦးစလုံးသည် ကိုယ်ပိုင်စစ်တပ်အတွင်း၌ အနေရခက်သော အခြေအနေတွင် ရှိနေခဲ့ကြ၏။ သူတို့၏ အထက်လူကြီးများက သူတို့ကို နှိပ်ကွပ်ရန် အခွင့်အရေး ရှာနေကြပြီးသား ဖြစ်သည်။ ယခုအကြိမ်တွင် တရားဝင်အကြောင်းပြချက်တစ်ခု ရှာတွေ့သွားပြီးဖြစ်ရာ အကယ်၍ သူတို့သာ မစ်ရှင်ကျရှုံးခဲ့လျှင် အမှန်တကယ် ပြန်သွားနိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ရန်ရှောင်စုတွင် သံသယများ ရှိနေဆဲပင်။ သူက ဘေးတစ်ဖက်သို့ လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် ယန်ရှောင်ကျင်းကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဒီလို စစ်တပ်မျိုးက တကယ်ပဲ အားကိုးလို့ရရဲ့လား။ ခံတပ်ရဲ့ ကာကွယ်ရေးအတွက် သူတို့ကို အားကိုးနေရဆိုပေမဲ့ အန္တရာယ်နဲ့ ကြုံရတိုင်း သူတို့က စည်းကမ်းမရှိတဲ့ လူအုပ်စုတစ်စုလိုပဲ။”
ယန်ရှောင်ကျင်းက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး ရန်ရှောင်စုကို ဝေခွဲမရဖြစ်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“လုပ်ငန်းစုကြီးတွေရဲ့ စစ်တပ်က လုပ်ငန်းစုကြီးတွေရဲ့ စစ်တပ်ပဲ။ ခံတပ်ရဲ့ စစ်တပ်က ခံတပ်ရဲ့ စစ်တပ်ပဲ။ လုပ်ငန်းစုကြီးတွေက ဒီခံတပ်တွေမှာ ကြီးမားတဲ့ စစ်တပ်အင်အား ရှိနေမှာကို မလိုလားဘူး။”
ရန်ရှောင်စုတစ်ယောက် အတော်ကြာအောင် မှင်တက်သွားရသည်။ သို့ဆိုလျှင် လုပ်ငန်းစုကြီးများ၏ စစ်တပ်က ဘယ်လိုပုံစံမျိုး ရှိနေ၍နည်း။ ဤရွှီရှန်းချူသည် အခြားစစ်သားများထက် ပို၍လည်ပတ်ဖျတ်လတ်ပြီး ပို၍ကြံ့ခိုင်သန်မာသည်မှာ သိသာထင်ရှားလှသည်။ လမ်းတစ်လျှောက်လုံးတွင် ရန်ရှောင်စုသည် သူ့ကို ဆေးလိပ်သောက်သည်ဖြစ်စေ၊ အလုပ်ခိုသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှပင် မမြင်ခဲ့ရဘဲ သူ၏ကျောပြင်မှာ အမြဲတမ်း ဖြောင့်မတ်ရှိနေခဲ့သည်။
ဖယ်ကျဥ်ထားခြင်းခံရတဲ့ အရာရှိတွေက ဘယ်လိုလူမျိုးတွေလဲ။
ရန်ရှောင်စုအနေဖြင့် အနည်းဆုံး နှစ်ယောက်ကို သိထားသည်။ တစ်ယောက်က ဝမ်ချုံးယန် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရွှီရှန်းချူ ဖြစ်သည်။ ရွှီရှန်းချူကို ခဏဖယ်ထားဦးတော့...ထိုဝမ်ချုံးယန်သည်ပင် ရန်ရှောင်စုကို ရှာဖွေစစ်ဆေးစဉ်က သေသပ်စေ့စပ်သော တွေးခေါ်မြော်မြင်မှုကို ပြသခဲ့ပြီး ဤကိုယ်ပိုင်စစ်တပ်ထဲမှ စစ်သားများနှင့် လုံးဝကွာခြားလှပေသည်။
ဝမ်ချုံးယန်သည် ရန်ရှောင်စု၏ ရှေ့မှောက်တွင်ပင် ကိုယ်ပိုင်စစ်တပ်အပေါ် သူ၏အထင်သေးမှုကို ထုတ်ဖော်ပြသခဲ့သေးသည်။
သို့ဆိုလျှင် ရွှီရှန်းချူနှင့် ဝမ်ချုံးယန်တို့ ဘေးဖယ်ခံထားရခြင်းမှာ သူတို့က အကျင့်ပျက်ခြစားမှုများတွင် မပူးပေါင်းချင်ကြ၍လား။
ရန်ရှောင်စုသည် အဆိုးဆုံးကိုတွေးပြီး ဤသို့ပင် ခန့်မှန်းမိလိုက်သေးသည် ။
“ဖြစ်နိုင်တာက ဆေးလိပ်တွေကိုတောင် လုပ်ငန်းစုကြီးတွေက ထောက်ပံ့ပေးထားတာလား။ ခံတပ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လုံးဝအသုံးမကျတဲ့ အမှိုက်တွေဖြစ်သွားအောင် လုပ်ငန်းစုကြီးက နှစ်ပေါင်းများစွာ သေသေချာချာ စီစဉ်ခဲ့တာလား။”
ရန်ရှောင်စုသည် သူ၏ခန့်မှန်းချက် မှန်၊ မမှန် မသေချာသော်လည်း ဆရာကျန်းက သူ့ကို တစ်ခါ ပြောခဲ့ဖူးသည်။ အကယ်၍ နည်းပညာကို လူနည်းစု၏ လက်ထဲ၌သာ ချုပ်ကိုင်ထားမည်ဆိုလျှင် စစ်အာဏာကိုလည်း လူနည်းစု၏ လက်ထဲတွင်သာ ချုပ်ကိုင်ထားခြင်း သဘာဝကျပါသည်။
သို့သော်လည်း ရွှီရှား၏ ကိစ္စနှင့်ပတ်သက်၍ သူ၏စိတ်ထဲ၌ သံသယများ ရှိနေဆဲပင်။ ၎င်းက အသက်ရှင်နေသော လူများကို မတိုက်ခိုက်ခြင်းမျိုး ဖြစ်နိုင်ပါသလော။ သို့မဟုတ်ပါက အဘယ်ကြောင့် လူတိုင်းက အခုထိ အေးအေးဆေးဆေး အသက်ရှင်နေကြသေးသနည်း။
ခံတပ်က နယ်စပ်တောင်တန်းထဲတွင် ပုန်းကွယ်နေသည့် ကမ္ဘာပျက်ကပ်မတိုင်မီက အပျက်အစီးနေရာများကို ဘာကြောင့် ဤမျှ စိတ်ဝင်တစား ရှိနေရသနည်း။ သူတို့ ယခုကြုံတွေ့နေရသော အန္တရာယ်များအားလုံးက ကမ္ဘာပျက်ကပ်မတိုင်မီက အပျက်အစီးမှဆီမှ ရောက်လာခြင်းပေလော။
ရွှီရှန်းချူက အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ငါ အခုကစပြီး လူတိုင်းရဲ့ စစ်ပွဲကာလ ကွပ်ကဲမှုအာဏာကို လွှဲပြောင်းယူလိုက်ပြီ။ မင်းတို့မှာ နောက်နောင် ဘယ်အစီအစဉ်ကိုမှ မေးခွန်းထုတ်ပိုင်ခွင့် မရှိဘူး။”
လျိုပုသည် စကားပြောရန် ပါးစပ်ဟလိုက်သွားသော်လည်း ရွှီရှန်းချူတစ်ယောက် အတည်ပြောနေခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။
မွန်းတည့်ချိန်တွင် ယာဉ်တန်းသည် ကျောက်ရောင်စုံချောက်ကမ်းပါးဟု ခေါ်သော နေရာတွင် ခေတ္တနားခိုခဲ့ကြသည်။ ဤချောက်ကမ်းပါး၏ ပုံသဏ္ဌာန်မှာ ကမ္ဘာ့မြေမျက်နှာပြင် လှုပ်ရှားမှုများနှင့် ဆက်စပ်နေပြီး ကမ္ဘာ့မြေလွှာများ ဖိသိပ်မှုကြောင့် ဖြစ်ပေါ်လာသော မတ်စောက်သည့် ချောက်ကမ်းပါးတစ်ခု ဖြစ်သည်။ ကျောက်နံရံပေါ်ရှိ ကျောက်လွှာများမှာ အရောင်အသွေး စုံလင်လှသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကိုယ်ပိုင်စစ်တပ်သည် ဤနေရာကို တောရိုင်းတိရစ္ဆာန်များကို ရှင်းလင်းသတ်ဖြတ်ရန် တောအုပ်ထဲသို့ လာခဲ့စဉ်က အမည်ပေးခဲ့ခြင်း ဖြစ်သည်။
လျိုပုသည် ကျောက်နံရံကို မှီရင်း ချွေးများကို သုတ်ကာ ပြောလိုက်သည်။
“ဆောင်တွင်းထဲတောင် ရောက်တော့မှာကို ဘာလို့ မြောက်ဘက်ကို ပိုသွားလေလေ ပိုပူလာလေလေ ဖြစ်နေရတာလဲ။”
ရန်ရှောင်စုက ဘေးတွင်ထိုင်ကာ လေတက်ရင်း ပြောလိုက်သည်။
“အရှေ့က နယ်စပ်တောင်တန်းမှာ မီးတောင်အရှင်တွေ အများကြီးရှိတယ်။ အဲ့ဒါတွေက သေနေတဲ့ မီးတောင်တွေ မဟုတ်ဘူး။ အတွင်းပိုင်း လှုပ်ရှားမှုတွေက အရမ်း စိပ်နေတာ။”
အဖွဲ့ထဲမှ လူအတော်များများသည် ဤနေရာသို့ တစ်ခါမှမရောက်ဖူးသဖြင့် အံ့အားသင့်သွားခဲ့ကြသည်။ သူတို့က မီးတောင်ဆိုသည်မှာ သူတို့နှင့် အလွန်ဝေးကွာသော အရာတစ်ခုဟု အမြဲတွေးထားခဲ့ကြသော်လည်း မီးတောင်အချို့က ဤနယ်စပ်တောင်တန်းထဲတွင်ပင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
သို့သော် ရွှီရှန်းချူသည်မူ နယ်စပ်တောင်တန်း၏ မြေမျက်နှာပြင်သွင်ပြင် ဘယ်လိုရှိသည်ကို အသေအချာ သိထားပုံရပြီး မအံ့သြခဲ့ချေ။ မည်သို့ပင်ဆိုစေ ကိုယ်ပိုင်စစ်တပ်သည် ဤမစ်ရှင်အတွက် သူ့ကို အချက်အလက်အချို့တော့ သေချာပေါက် ပေးထားပေလိမ့်မည်။ သဘာဝအတိုင်းပင် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကိုယ်ပိုင်စစ်တပ် ဤနေရာသို့ ရောက်လာခဲ့စဉ်က မီးတောင်များကို မြင်တွေ့ခဲ့ရသည်။
ရွှီရှန်းချူအတွက် ဇဝေဇဝါဖြစ်စေသည်မှာ ကိုယ်ပိုင်စစ်တပ်မှ သူ၏နောင်တော်များသည် ဘယ်လောက်တောင် လုပ်ငန်းမကျွမ်းကျင်ကြသနည်း။ နယ်စပ်တောင်တန်းရှိ သားရဲများကို ရှင်းလင်းပြီးနောက်တွင် ဤဒေသကို မြေတိုင်းတာခြင်း သို့မဟုတ် မြေပုံဆွဲခြင်းပင် မပြုလုပ်ခဲ့ကြချေ။
ယခုအချိန်အထိပင် မတူညီသော ခံတပ်များအကြား ပူးတွဲအသုံးပြုနိုင်သည့် တိကျပြီး ပြည့်စုံသော မြေပုံဟူ၍ တစ်ချပ်မျှ မရှိသေးချေ။
လျိုပုသည် ဝေငှရန်အတွက် အစားအစာများ သွားယူရန် ပစ်ကပ်ကားဆီသို့ သွားခဲ့သော်လည်း ဘီစကစ်စ်မုန့် အမြောက်အမြား ထပ်မံပျောက်ဆုံးနေသည်ကို မြင်လိုက်ရသောအခါ မူးလဲလုနီးပါး ဖြစ်သွားခဲ့လေသည်။ သူက ရန်ရှောင်စုကို တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
“မင်း ဘီစကစ်မုန့်တွေကို ဒီလောက်အများကြီး ဘယ်လို စားပစ်လိုက်တာလဲ။”
“အစ်...”
ရန်ရှောင်စုက သူ၏ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည်။
“ငါက ကားနောက်ခန်းမှာ တစ်ယောက်တည်း ထိုင်နေရတာလေ။ ကြောက်စိတ်ပြေအောင် မင်းတို့ရဲ့ ဘီစကစ်မုန့် နည်းနည်းပါးပါး စားတာ ဘာဖြစ်လို့လဲ။”
ရုတ်တရက် မြောက်ဘက်ဆီမှ လေတိုးသံကဲ့သို့ တရွှီရွှီမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှသည်။ ကိုယ်ပိုင်စစ်တပ်အဖွဲ့ဝင် အားလုံးသည် သူတို့၏ သေနတ်များကို မြှောက်ကာ မြောက်ဘက်လမ်းဆီသို့ ချိန်ရွယ်လိုက်ကြ၏။ ထိုစဉ် ရန်ရှောင်စု၏ စကားသံကို သူတို့ ကြားလိုက်ရသည်။
“မြန်မြန်... ငါ့ကို တွဲပေးကြပါဦး။ ငါ ကြောက်စိတ်ပြေအောင် ဘီစကစ် နောက်တစ်ထုပ်လောက် ထပ်စားရမှရမယ်...။”
လျိုပု: “...”
လော့ရှင်းယွီက ရန်ရှောင်စုကို ကြည့်လိုက်သည်။
“နင် အဲ့ဒီအသံက ဘာလဲဆိုတာ သေချာပေါက် သိနေတယ်မလား။”
ထိုအခါ ရွှီရှန်းချူက သူ၏သေနတ်ဖြင့် ရန်ရှောင်စုကို ချိန်ရွယ်လိုက်သည်။
“ဘာမှ ဖုံးကွယ်မထားနဲ့။”
ရန်ရှောင်စုက မျက်ခုံးတစ်ချက်ပင့်ကာ ပြောလိုက်သည်။
“အဲဒါ လေပြင်းတောင်ကြားလမ်းရဲ့ အသံပဲ။ နယ်စပ်တောင်တန်းဆီ ဦးတည်သွားတဲ့ ချောက်ကမ်းပါးလမ်းက အခု သိပ်မဝေးတော့ဘူး။ လေပြင်းတွေက တောင်ကြားကို ဖြတ်တိုက်တဲ့အခါ ဒီလိုအသံမျိုး ထွက်လာတတ်တယ်။ ဘာမှ လန့်ဖျန့်နေစရာ မလိုဘူး။”
ထိုအခါမှသာ လူတိုင်းသည် အဖွဲ့ထဲတွင် အတွေ့အကြုံရှိသော လမ်းပြတစ်ယောက် ရှိနေခြင်းမှာ အလွန်အသုံးဝင်ကြောင်း သဘောပေါက်သွားကြတော့သည်။ ထို့ပြင် ဤအခိုက်အတန့်တွင် သူတို့၏ ရင်ထဲမှ ကြောက်ရွံ့မှုများအကြား ရန်ရှောင်စု၏ တန်ဖိုးကို လူတိုင်း စတင်အသိအမှတ်ပြုလာခဲ့ကြလေသည်။ အနည်းဆုံးတော့ ထိုတရွှီရွှီမြည်သံ၏ အကြောင်းရင်းကို ကြားလိုက်ရသဖြင့် သူတို့ ယခင်ကလောက် မကြောက်ရွံ့တော့ချေ။
မူလက သူတို့သည် တောင်ကြားလမ်းသို့ သုံးရက်မှ ငါးရက်အတွင်း ရောက်ရှိနိုင်ရန် စီစဉ်ထားခဲ့သော်လည်း ကြောက်ရွံ့မှု၏ တွန်းအားကြောင့် ယာဉ်တန်းမှာ အရှိန်မြှင့် မောင်းနှင်ခဲ့ကြရလေသည်။ ဘာပြဿနာမှ မရှိလျှင် သူတို့သည် ယနေ့ညတွင် လေပြင်းတောင်ကြားလမ်း ချောက်ကမ်းပါးကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။
စာသင်ကျောင်းတွင် ဆရာကျန်း စာသင်စဉ်က ဤသို့ ပြောခဲ့ဖူး၏။
လူသားများ၏ လှုံ့ဆော်မှုတွန်းအားအားလုံးက သေခြင်းတရားမှ မြစ်ဖျားခံပေသည်။
လူသားများသည် မသေချင်သောကြောင့် အစားစားသည်။ မသေချင်သောကြောင့် အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ကြသည်။
ယခုမူ လူတိုင်းသည် မည်သည့်အချိန်တွင်မဆို သေခြင်းတရား ထွက်ပေါ်လာနိုင်သည့် တောင်တန်းကြီးတစ်ခုထဲတွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ ဤသေခြင်းတရားသည် စိတ်ကြွဆေးတစ်လုံး ကဲ့သို့ပင် လူတိုင်းကို ပိုမိုနိုးကြားလာစေပြီး အသက်ရှင်လျက် လွတ်မြောက်နိုင်ရန်အတွက် ပို၍ပင် အသည်းအသန် ကြိုးစားလာစေတော့သည်။