အခန်း (၆၀)
Vol. 6 Ch. 60
အခန်း ၆၀ - မင်းတကယ်ပဲ ငါ့ကို တိုက်ခိုက်ချင်တာ သေချာလို့လား။
ရှောင်ချန်ယွီသည် မိမိရှေ့တွင် အလွန်တရာ မာနထောင်လွှားနေသော ထိုက်လုံကိုကြည့်လိုက်မိသည်။
ယခုအခိုက်အတန့်တွင် ဤထိုက်လုံ ဘာတွေတွေးနေသည်ကို ရှောင်ချန်ယွီ တကယ်ပင် စဉ်းစားမရတော့ချေ။
ထိုက်လုံ၏ လက်ရှိစွမ်းအားမှာ အဆင့် ၄၅ ရှိသော ဝိညာဉ်ဘိုးဘေး အဆင့်တွင် ရှိသည်။ ရိုးရိုးသားသား ပြောရလျှင် ထိုက်လုံ၏ အသက်အရွယ်နှင့် ဤမျှအဆင့်ရှိခြင်းမှာ အမှန်တကယ်ပင် အလွန်အားကောင်းလှသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း... ဤထိုက်လုံသည် မိမိကိုယ်ကိုယ် ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိဟု တကယ်ပဲ ထင်မှတ်နေပုံရသည်။
သူက ဘယ်ကရတဲ့ သတ္တိတွေနဲ့ ငါ ရှောင်ချန်ယွီကို ဒီလိုစကားတွေ လာပြောရဲတာလဲ။ တောတွင်းဥပဒေသ ဟုတ်လား။ မင်းက သန်မာတဲ့သူ ဖြစ်နေတာ သေချာလို့လား။
“တိုက်ပွဲဖြစ်တော့မယ်ဟေ့။ မြန်မြန်... နေရာနည်းနည်း ဖယ်ပေးကြဦး။”
“ဒီလူငယ်က ဘယ်လိုဖြစ်လို့ သတ္တိရှိလှရတာလဲ။ ထိုက်လုံဆိုတာ အလွယ်တကူ စနောက်လို့ရတဲ့လူမျိုး မဟုတ်ဘူး။”
“ထိုက်လုံရဲ့ နောက်ကွယ်မှာ ရှီလိုင်ခဲအကယ်ဒမီ ရှိတယ်၊ ပြီးတော့ သူကိုယ်တိုင်ကလည်း ခွန်အားမျိုးနွယ်စုကပဲ။ ဒီအင်အားစုနှစ်ခုလုံးက သူတို့လူဆိုရင် အလွန်အမင်း ကာကွယ်တတ်တာ သူတို့ဘက်က မှားနေရင်တောင် ပြဿနာရှာမယ့်လူတွေ။ ဒီလူငယ်က ကြည့်ရတာ ရှီလိုင်ခဲအကယ်ဒမီ ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို မသိသေးတဲ့ တောသားအသစ် ထင်တယ်။"
“ဒါတင်မကသေးဘူး... ဒီလူငယ်က ကြည့်ရတာ အဆင့် ၁၉ ပဲ ရှိပုံရတာကို။ သူက ဘယ်လိုလုပ် ထိုက်လုံကို အနိုင်ယူနိုင်မှာလဲ။”
“ထျန်းတိုမြို့တော်ရဲ့ ရေစီးကြောင်းက အလွန်နက်ရှိုင်းတယ်။ ဘယ်သူမဆို ဒီနေရာမှာ အလွယ်တကူ လာပြီး ခြေကုပ်ယူလို့မရဘူး။ သူ့ကို နည်းနည်းလောက် ဒုက္ခရောက်အောင် ထားလိုက်တာကလည်း မဆိုးပါဘူး။”
ယခုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ တီးတိုးပြောဆို ဆွေးနွေးလာကြတော့သည်။
ရုပ်ရည်ပိုင်းအရ ဆိုလျှင်မူ ရှောင်ချန်ယွီသည် ထိုက်လုံကို အပြတ်အသတ် သာလွန်လှပေသည်။ သို့သော် ဝိဉာဥ်ကုန်းမြေပေါ်တွင် ချောမောခန့်ညားနေရုံမျှဖြင့် မလုံလောက်ချေ။
ထိုက်လုံသည် ရုပ်ဆိုးသော်လည်း ထျန်းတိုအင်ပါယာ မြို့တော်ရှိ ဒေသခံများမှာ သူ၏စွမ်းအား မည်မျှရှိသည်ကို အတော်အတန် သိရှိကြသည်။
အထူးသဖြင့် ပြီးခဲ့သည့် အဆင့်မြင့် ဝိညာဉ်သခင် အကယ်ဒမီ ပထမအဆင့်ပြိုင်ပွဲအတွင်း၌ ထိုက်လုံသည် အရန်လူအဖြစ်သာ ပါဝင်ခဲ့ရသော်လည်း သူ၏ ခွန်အားကြီး ဂေါ်ဇီလာဝိညာဉ် ၏ ကြမ်းတမ်းခက်ထန်သော ပင်ကိုယ်သဘာဝကို ပြသနိုင်ခဲ့ဖူးသည်။
‘ဒီတောမျောက်က တကယ်ပဲ အစွမ်းထက်လို့လား ဒါမှမဟုတ် နောက်ခံ အင်အားကြီးမားလို့လား။’
လူအုပ်ကြီး၏ ပြောစကားများကို ကြားရသောအခါ ရှောင်ဝူ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူမသည် အစက ရှောင်ချန်ယွီကို အလွန်သန်မာသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းတိုမြို့တော်ဟူသည်မှာ ရှောင်ဝူနှင့် ရှောင်ချန်ယွီတို့အတွက် စိမ်းသက်သောနေရာတစ်ခု ဖြစ်နေပေသည်။
အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ တစ်ကောင်အနေဖြင့် ရှောင်ဝူသည် လူသားအသွင် ဖန်ဆင်းပြီးနောက်ပိုင်းတွင် လူဦးရေကျဲပါးသော နယ်စပ်ဒေသများ၌သာ အနေများခဲ့သည်။
ဘာပဲဖြစ်ဖြစ် စည်ကားသောနေရာ ဖြစ်လေလေ... ကျွမ်းကျင်သူ အင်အားကြီးများ ပိုမိုများပြားလေလေ မဟုတ်ပါလော။
ထျန်းတိုမြို့တော်ကဲ့သို့သော နေရာမျိုးတွင် ထိပ်တန်းတုံ့လောတစ်ဦးဦးက ရှောင်ဝူ၏ အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲ အသွင်သဏ္ဍာန်ကို ရိပ်မိသွားပြီး သူမ၏ ဝိညာဉ်ကွင်းကို ရယူရန် သတ်ဖြတ်ဖို့ ကြိုးစားလာမည်မဟုတ်ဟု မည်သူမျှ အာမခံချက် မပေးနိုင်ချေ။
သဘာဝကျစွာပင် ရှောင်ချန်ယွီ၏ နောက်ကွယ်မှ ထိပ်တန်းတုံ့လောအစောင့်အရှောက်က သူတို့ကို ကာကွယ်ပေးနိုင်သည်ဆိုသော်လည်း ၎င်းက နောက်ဆုံးတွင် ရှောင်ချန်ယွီအတွက် ပြဿနာများကိုသာ သယ်ဆောင်လာပေးလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ရှောင်ဝူ၏ စိတ်ထဲတွင် ထိပ်တန်းတုံ့လောများဟူသည်မှာ လမ်းဘေးရှိ ဂေါ်ဖီထုပ်များကဲ့သို့ အလွယ်တကူ တွေ့နိုင်သောအရာမျိုး မဟုတ်သဖြင့် ခြေလှမ်းအနည်းငယ် လှမ်းရုံမျှဖြင့် တိုးမိနိုင်စရာ အကြောင်းမရှိဟု တွေးမိသည်။
သို့သော် ထိုက်လုံ ဤမျှအထိ မာနကြီးနေသည်ကို ကြည့်ရသည်မှာ သူ၏နောက်ကွယ်တွင် တကယ်ပဲ ဘွဲ့ထိပ်တန်းတုံ့လောတစ်ဦးဦး ရှိနေ၍လား။
“အစ်ကို ချန်ယွီ... ဘယ်လိုလဲ။ ဒီမျောက်ကို တိုက်ခိုက်ကြမလား။”
ရဲ့လင်လင်သည်လည်း ဆုံးဖြတ်ချက်ချပေးရန် ရှောင်ချန်ယွီကို လှမ်းကြည့်လိုက်သည်။
ရဲ့လင်လင်သည် ရှောင်ချန်ယွီက ထိုက်လုံကို ရှုံးနိမ့်လိမ့်မည်ဟု လုံးဝမထင်ချေ။ ပြဿနာမှာ သူတို့ရှေ့တွင် ခွေးချေးပုံတစ်ပုံ ရှိနေခြင်း ဖြစ်ပြီး ၎င်းကို နင်းရမလား မနင်းရဘူးလား ဆိုသည့် မေးခွန်းသာ ဖြစ်သည်။
ရဲ့လင်လင်နှင့် ရှောင်ဝူတို့၏ အမူအရာများကို မြင်လိုက်ရသောအခါ ထိုက်လုံသည် မိမိ၏ခွန်အားကြောင့် ရှောင်ချန်ယွီတစ်ယောက် ကြောက်လန့်သွားပြီဟု ထင်မှတ်ကာ အောင်နိုင်သူတစ်ဦးကဲ့သို့ ဝင့်ကြွားစွာ ပြောလိုက်သည်။
“မင်းနာမည်က ချန်ယွီ ဟုတ်လား။ ဟေး... မင်းသားချောလေး ချန်ယွီ... မင်းရဲ့နောက်က မိန်းမလှလေးနှစ်ယောက်ကို ငါ့ဆီ အပ်နှံပြီး ငါ့ရှေ့မှာ ဒူးထောက်လို့ ဦးသုံးကြိမ် ဂါရဝပြုမယ်ဆိုရင်... မင်းရဲ့အဘိုး ထိုက်လုံက မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်။ ဘယ်လိုလဲ။”
ထိုက်လုံက အလွန်တရာ မာနထောင်လွှားစွာ ပြောဆိုလိုက်သည်။
“အသိဉာဏ်ကင်းမဲ့တဲ့ ကောင်ပဲ။"
ရှောင်ချန်ယွီ၏ မျက်လုံးများမှာ အနည်းငယ် မှေးစိသွားပြီး မျက်ဝန်းထဲတွင် အေးစက်သော အရှိန်အဝါတစ်ခု ဖြတ်ပြေးသွားသည်။
ရှောင်ချန်ယွီသည် ထိုက်လုံကို သင်ခန်းစာတစ်ခု ပေးရန် အစကတည်းက ရည်ရွယ်ထားပြီးသား ဖြစ်သည်။
သို့သော် ဤကောင်က မိမိဘာသာ အသေခံရန် ရှာဖွေနေမှတော့ ရှောင်ချန်ယွီအနေဖြင့်လည်း အားနာနေတော့မည် မဟုတ်ချေ။
ထို့အပြင် ထိုက်လုံသည် ထန်စန်း၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်သည်။ သူက ထန်စန်းဘက်တော်သား ဖြစ်နေမှတော့ ပိုပြီး ပြောနေစရာ အကြောင်းမရှိတော့ချေ။
ရှောင်ချန်ယွီနှင့် ထိုက်လုံတို့ကြားက တိုက်ပွဲ စတင်လေပြီ။
ထိုက်လုံ၏ နောက်ကွယ်တွင် ဧရာမ ဂေါ်ဇီလာဝိညာဉ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤဂေါ်ဇီလာဝိညာဉ်ကြီးမှာ အရပ် နှစ်မီတာကျော် မြင့်မားပြီး တစ်ကိုယ်လုံးတွင် အနီရင့်ရောင် အကြေးခွံများ ဖုံးလွှမ်းနေကာ ခေါင်းပေါ်တွင် ချွန်ထက်သော ဦးချိုတစ်ခု ရှိသည်။
၎င်း၏ မျက်လုံးများထဲတွင် ထူးဆန်းပြီး သွေးဆာနေသော အလင်းတန်းများ တောက်ပနေတော့သည်။
“ဝူး...”
ထိုက်လုံက လည်ချောင်းသံဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏အသံထဲတွင် ကြမ်းတမ်းခက်ထန်ကာ လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။
“သေစမ်း။”
ထိုက်လုံက လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားသည်။
“စတုတ္ထမြောက် ဝိညာဉ်စွမ်းရည် — ဧရာမနတ်ဘုရားလက်သီး။”
ထိုက်လုံ၏ အော်ဟစ်သံနှင့်အတူ သူ၏လက်သီးမှာ ခပ်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဖုံးလွှမ်းသွားပုံရသည်။ ထိုက်လုံသည် သားကောင်ကို ချောင်းမြောင်းနေသော ကျားတစ်ကောင်ကဲ့သို့ ရှောင်ချန်ယွီကို စိုက်ကြည့်ကာ လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးနှက်လိုက်တော့သည်။
“ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ် ပထမစွမ်းရည် ဖွင့်လှစ်စေ။”
ရှောင်ချန်ယွီသည် မြေပြင်ကို ခြေထောက်ဖြင့် အားပြင်းစွာ ဆောင့်ကန်ကာ အမြောက်ဆန်တစ်ခုကဲ့သို့ ရှေ့သို့ ပြေးဝင်သွားတော့သည်။
ရှောင်ချန်ယွီသည် လက်နက် လျှို့ဝှက်ချက် တိုက်ခိုက်ခြင်း လျှို့ဝှက်ချက်သို့မဟုတ် အခြားသော သူ၏နည်းဗျူဟာများကို လုံးဝမသုံးစွဲခဲ့ရုံမျှမက ရှေးဟောင်းမြင့်မြတ် ခန္ဓာကိုပင် အဆုံးစွန်အထိ မလှုံ့ဆော်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် အရေးမပါလှသော ထိုက်လုံကို ရင်ဆိုင်ရန်အတွက် ဤမျှလောက်ဖြင့်ပင် လုံလောက်ပြီဟု ရှောင်ချန်ယွီ ခံစားရသောကြောင့် ဖြစ်သည်။
သူ၏လက်သီးမှာ ချွန်ထက်သော ဓားတစ်စင်းအသွင်သို့ ပြောင်းလဲသွားသကဲ့သို့ အရူးအမူးပင် ခုတ်ပိုင်းလိုက်တော့သည်။
"ဘုန်း... ဂြွတ်... ဖူး..."
နားကွဲလုမတတ် ပြင်းထန်သော ရိုက်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ထိုက်လုံ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆက်တိုက်ဆိုသလို ဆုတ်ခွာသွားခဲ့ရသည်။
တိုက်ခိုက်ခြင်း ခံရသည့် အကြိမ်တိုင်းတွင် သူသည် ဓားဖြင့် မွှန်းခံလိုက်ရသကဲ့သို့ သွေးချင်းချင်းနီကာ သွေးစက်များ နေရာအနှံ့သို့ လွင့်စင်သွားခဲ့ရသည်။
ထိုက်လုံ၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရင့်ရောင် စကေးခွံများသည် ခရမ်းရောင် ဓားသွားကဲ့သို့ တိုက်ကွက်များကြောင့် အက်ကွဲသံများ ထွက်ပေါ်လျက် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသော်လည်း သူ၏ သန်မာလှသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာမူ ဒဏ်ရာအနာတရ ကြီးကြီးမားမား မရရှိသေးချေ။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ကာကွယ်ရေးစွမ်းရည်ပဲ။"
ထိုက်လုံ၏ ခွန်အားကြီး ဂေါ်ဇီလာဝိညာဉ်မှာ ဒဏ်ရာမရရှိသည်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
“ဒီရှောင်ချန်ယွီကလည်း သာမန်တော့ မဟုတ်ဘူးပဲ။ သူက ကြည့်ရတာ အဆင့် ၁၉ ပဲ ရှိပုံရတာကို အဆင့် ၄၅ ရှိတဲ့ ဝိညာဉ်ဘိုးဘေး ထိုက်လုံကို ဒီအဆင့်အထိ ယှဉ်ပြိုင်နိုင်နေတာပဲ။ သူလည်း တကယ်ကို သန်မာတာပဲ။”
တစ်ဖက်လူကို အမှန်တကယ် ဒဏ်ရာရအောင် မလုပ်နိုင်သည်ကို မြင်လိုက်ရသောအခါ ထိုက်လုံသည် မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်နှာတွင် လေးနက်သော အမူအရာ ပေါ်လာခဲ့သည်။
သူသည် ရှောင်ချန်ယွီကို အဆင့် ၁၉ ရှိသော ဝိညာဉ်သခင် မင်းသားချောလေး အမျိုးအစားမျှသာဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုက်လုံသည် အစက ရှောင်ချန်ယွီကို အနိုင်ယူရန်မှာ လက်တစ်ဖက်ဖြင့်ပင် လုပ်ဆောင်နိုင်သည်ဟု ခံစားခဲ့ရသည်။
ထို့နောက်တွင် ကျန်ရှိနေသော ရှောင်ဝူနှင့် ရဲ့လင်လင်တို့ကို သူ စိတ်ကြိုက် ခြယ်လှယ်နိုင်မည် မဟုတ်ပါလော။
သို့သော် တိုက်ပွဲစတင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ချန်ယွီသည် ယုန်ဖြူလေးတစ်ကောင် မဟုတ်ဘဲ တကယ့် မိစ္ဆာဘုရင်ကြီးတစ်ပါး ဖြစ်နေသည်ကို သူ သိရှိလိုက်ရတော့သည်။
ထိုက်လုံ မသိသည်မှာ ရှောင်ချန်ယွီသည် သူ့ကို အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်နေခြင်း လုံးဝမဟုတ်ဟူသောအချက်ပင်။ အကယ်၍ သူသာ ထိုအချက်ကို သိရှိသွားပါက စိတ်ပျက်အားငယ်ကာ အော်ငိုမိသွားလောက်ပေသည်။
"ဘုန်းးးး"
ရှောင်ချန်ယွီသည် နောက်ထပ် လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ရာ ထိုက်လုံ၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
"ဖူး..."
လက်သီးချက်ကြောင့် ထိုက်လုံသည် သူ၏ ကလီစာများအားလုံး နေရာလွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူ၏မျက်နှာမှာ ချက်ချင်းပင် သေလူတစ်ယောက်ကဲ့သို့ ဖြူလျော်သွားခဲ့တော့သည်။
“ဒါက လွန်လွန်းတယ်ကွ။”
ထိုက်လုံသည် ရှောင်ချန်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ရှောင်ချန်ယွီ၏ မျက်နှာထက်တွင်မူ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်ကို သူ သတိမပြုမိခဲ့ချေ။