အခန်း (၅၂)
Vol. 6 Ch. 52
အခန်း ၅၂ - ကျွန်မ ကစိတ်မကောင်းဖြစ်ရုံတင်ပါ။
ဤအခိုက်အတန့်တွင် မုန့်ယိရန်သည် ရှောင်ချန်ယွီအတွက် စတင်၍ စိတ်မကောင်းဖြစ်နေရုံမက ရင်ထဲတွင်လည်း သနားစပြုနေပြီ ဖြစ်သည်။
စကားပုံတစ်ခုရှိသည်မဟုတ်ပါလား...
အိမ်ထောင်ကျပြီးသား သမီးဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲတဲ့ အခုလည်း ကွက်တိပင်။
အမှန်တော့ မုန့်ယိရန်သည် အိမ်ထောင်ပင် မပြုရသေးချေ။
"ဟမ့်... ငတုံးပဲ ရှောင်ချန်ယွီက နဂါးမင်းကြီး မုန့်ရှုကို စိန်ခေါ်တာ ဘယ်လိုမှနိုင်မှာမဟုတ်ဘူး။ မိန်းမတစ်ယောက်အတွက်နဲ့ ဒီလောက်အထိ လုပ်ဖို့ လုံးဝ မလိုဘူး။"
ဘေးနားတွင် ရှိနေသော ယွီထျန်းဟန်သည် ရှောင်ချန်ယွီက တိုက်ခိုက်ရန် တက်တက်ကြွကြွ တောင်းဆိုလိုက်သည်ကို ကြားသောအခါ ခဏမျှ မှင်သက်သွားသည်။
ထို့နောက်တွင်မူ သူ၏မျက်ဝန်းထဲ၌ အထင်သေးသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ဒူလော့တိုက်ကြီးတွင် အပေါ်ယံ၌ ထန်စန်းကဲ့သို့သော ဇာတ်လိုက်များသည် မိန်းကလေးများအပေါ် အလွန်ရိုသေလေးစားပြီး တစ်ဦးတည်းအပေါ် သစ္စာရှိသယောင် ဟန်ဆောင်တတ်ကြသည်။
သို့သော် လက်တွေ့တွင်မူ ထိုအရာအားလုံးက သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
ဥပမာအားဖြင့် ထန်စန်းသည် မူရင်းဇာတ်လမ်းတွင် သူသည် ရှောင်ဝူ တစ်ယောက်တည်းကိုသာ လက်ထပ်ခဲ့သည်မှာ မှန်သော်လည်း ကွယ်ရာတွင်မူ တခြားသော မိန်းကလေးအမျိုးမျိုးနှင့် စိတ်ကစားခဲ့သည်မဟုတ်ပါလား။
ပြီးတော့ မာဟုန်ကျွင်းကော... သူက ပိုင်ချန်ရှန်းတစ်ယောက်တည်းကိုပဲ လက်ထပ်ခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒါက သူ ပြည့်တန်ရုံတွေဆီ သွားပြီး မိန်းကလေးတွေ ရှာတာကို မတားဆီးနိုင်ခဲ့ဘူးမလား။
တိုက်မုပိုင်ကဆိုလျှင် ပို၍ပင် လွန်သေးသည်။ သူသည် ကျူကျူချင်းနှင့် စေ့စပ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း နေ့တိုင်း မိန်းကလေးအမျိုးမျိုးကို ရင်ခွင်ထဲထည့်ကာ အချိန်ဖြုန်းနေခဲ့သည်။
ဤယောက်ျားများ ဇနီးတစ်ယောက်တည်းသာ ယူရခြင်း အကြောင်းရင်းမှာ ၎င်းတို့၏ ဇနီးသည်များတွင် အစွမ်းအစ သို့မဟုတ် နောက်ခံအင်အား ရှိနေသောကြောင့်ပင်ဖြစ်၏။
ဇနီးကတော့ တစ်ယောက်တည်း ထားလို့ရပေမယ့် မယားငယ်တွေနဲ့ ရည်းစားတွေကတော့ လျော့လို့မရဘူးလေ။
ယွီထျန်းဟန်၏ အမူအရာသည်လည်း ဤအခိုက်အတန့်တွင် အလွန်ပင် ရုပ်ဆိုးဆိုး ဖြစ်နေခဲ့သည်။
သူက ရှောင်ချန်ယွီသည် နောက်ခံကိုသာ အားကိုးပြီး ကိုယ်ပိုင်အစွမ်းမရှိပါဟု မကြာခင်ကတင် ပြောခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချန်ယွီက နဂါးမင်းကြီး မုန့်ရှုကို စိန်ခေါ်ရဲခဲ့သည်။
မကြာသေးမီကတင် ယွီထျန်းဟန်ကိုယ်တိုင် နဂါးမင်းကြီး မုန့်ရှု၏ အရိုက်အနှက်ကို ခံထားရသဖြင့် စိတ်ဒဏ်ရာရနေခဲ့သည်ကို လူတိုင်း သိကြပေသည်။
ဤသို့ဆိုလျှင် ၎င်းက သူ ယွီထျန်းဟန်ကို အလွန် အစွမ်းအစမရှိသလို ဖြစ်အောင် လုပ်နေသည်မဟုတ်ပါလော။
"ချန်ယွီက တကယ်ကို ခန့်ညားလွန်းတယ်။ ဒီတိုက်ပွဲမှာ သူနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ.. ချန်ယွီက ကျွန်မနှလုံးသားထဲမှာ တကယ့် ယောက်ျားကောင်းတစ်ယောက်ပဲ။ဟွန့် တချို့လူတွေလို မဟုတ်ဘူး။"
ရဲ့လင်လင်က ဘေးမှနေ၍ ယွီထျန်းဟန်ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
ရှောင်ချန်ယွီက မုန့်ယိရန်ရဲ့ အဖိုးအဖွားတွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် သူတို့ကို စိန်ခေါ်ရဲတယ်။
နင်ကော ဘာလုပ်ခဲ့လဲ ယွီထျန်းဟန်။
နင်ကတော့ ဘေးကနေပြီး ကဲ့ရဲ့ရှုံ့ချတဲ့ စကားတွေပဲ ပြောတတ်တာ။
"ငါ... ဒါက ငါ့အပြစ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။"
ယွီထျန်းဟန်အနေဖြင့် အလွန်ပင် မတရားသဖြင့် ခံရသည်ဟု ခံစားလိုက်ရသည်။
သူ့ဘက်က ရှေ့မထွက်တာက အလွန် ယုတ္တိရှိပါတယ် မဟုတ်ဘူးလား။
မုန့်ယီရန်က သူနဲ့ ဘာမှမပတ်သက်ဘူးလေ။
သူက ဘာကိစ္စနဲ့ အလကားနေရင်း အရိုက်ခံရမှာလဲ။
"ယွီထျန်းဟန်... နင့်ကိုယ်နင် အထင်ကြီးမနေစမ်းပါနဲ့ ငါသာ ဒဏ်ရာရရင် နင် ငါ့အတွက် ရှေ့ထွက်ရဲပါ့မလား။"
တုကူယန်းက ဘေးမှနေ၍ နှာခေါင်းရှုံ့လိုက်သည်။
ဤအေးစက်သော အသံသည် ယွီထျန်းဟန်ကို ရည်ရွယ်ခြင်းလား သို့မဟုတ် ရှောင်ချန်ယွီအတွက် သဝန်တိုနေခြင်းလားဆိုသည်မှာ မပြတ်သားချေ။
‘ဒီကောင် ရှောင်ချန်ယွီက မိန်းကလေးတွေအပေါ် ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။'
ကြည့်ရသည်မှာ မုန့်ယိရန်လည်း မကြာခင် ကြွေဆင်းတော့မည့်ပုံပင်။ တုကူယန်း၏ ပြိုင်ဘက်များမှာ ပို၍ပို၍ များပြားလာနေပြီ ဖြစ်သည်။
ပြီးတော့ ဘေးနားက ယွီထျန်းဟန်ကို ကြည့်လေလေ... ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလေလေ ဖြစ်နေသည်။
"ငါ..."
ယွီထျန်းဟန်က ပါးစပ်ဟလိုက်ပြီး သူမအတွက်ဆိုလျှင် မဆိုင်းမတွဘဲ အသက်ပင် စွန့်ရဲပါတယ်ဟု ပြောချင်နေခဲ့သည်။
သို့သော်လည်း...
စကားလုံးများ ပါးစပ်ဝသို့ ရောက်လာသောအခါ ယွီထျန်းဟန်သည် နောက်ဆုံးတွင် ထိုစကားကို မပြောနိုင်ခဲ့ချေ။
သူ တုကူယန်းနှင့် တွဲနေခြင်းမှာ အဓိကအားဖြင့် သူမ၏နောက်ကွယ်တွင် ရှိနေသော အဖိုးဖြစ်သူ တုကူပို ၏ သြဇာအာဏာကို အလေးထားသောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ ယွီထျန်းဟန်သည် အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်း၏ အမွေဆက်ခံသူတစ်ဦး ဖြစ်သော်လည်း သူတစ်ဦးတည်း ရှိသည်မဟုတ်ချေ။
မိုးကြိုးအကယ်ဒမီတွင်လည်း ယွီထျန်းရှင်းဟုခေါ်သော အလွန်ထူးချွန်သည့် ဂိုဏ်းတူတစ်ဦး ရှိသေးသည်။
ယွီထျန်းရှင်းသည်လည်း မိုးကြိုးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏စွမ်းအားမှာလည်း မနိမ့်လှချေ။
အနာဂတ် အာဏာနှင့် အဆင့်အတန်းအတွက် တိုက်ပွဲဝင်ရန် တုကူယန်းနှင့် နီးစပ်မှုရှိမှသာ သူမ၏ သြဇာလွှမ်းမိုးမှုကို ငှားရမ်းနိုင်မည်ဖြစ်သည်။
မဟုတ်လျှင်... တုကူယန်းသည် လှပသော်လည်း သူမ၏ခန္ဓာကိုယ်တွင် အဆိပ်များ ရှိနေသည်ဖြစ်ရာ မည်သူက ရန်စရဲပါမည်နည်း။
ယွီထျန်းဟန်နှင့် တုကူယန်းတို့ အတူတူရှိနေစဉ်အတွင်းမှာပင် သူသည် သူမကို မဆင်မခြင် ထိတွေ့ရန်ပင် မဝံ့ရဲခဲ့ချေ။
မဟုတ်ပါက မတော်တဆ အဆိပ်မိသွားလျှင် တုကူယန်းက အဆိပ်ဖြေပေးရန် ဝင်ရောက်ကူညီရမည် ဖြစ်သည်။
ထို့ကြောင့် တုကူယန်းနှင့် ယွီထျန်းဟန်
တို့သည် တကယ့်ကို မောင်နှမများကဲ့သို့ တစ်ဦးကိုတစ်ဦး ရိုသေစွာ ဆက်ဆံကြခြင်း ဖြစ်သည်။
သူတို့သည် ရည်းစားများ ဖြစ်ကြသော်လည်း ဤကဲ့သို့ ဆက်ဆံသည့်ပုံစံမှာ သာမန်စုံတွဲများနှင့် များစွာ ကွာဝေးလှပေသည်။
"နင် မလုပ်ရဲဘူးဆိုတာ ငါသိသားပဲ ဟွန်း။"
တုကူယန်းသည် ယွီထျန်းဟန်၏ အတွေးများကို သိရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ရင်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်နေမိဆဲပင်။
မည်သို့ပင်ဖြစ်စေ ရှောင်ချန်ယွီနှင့် မဆုံတွေ့ခင်က တုကူယန်းသည် ယွီထျန်းဟန်နှင့် အဆင်ပြေပြေ ဖြတ်သန်းရန် အမှန်တကယ် ရည်ရွယ်ခဲ့ဖူးသည်။
အဘယ်ကြောင့်ဆိုသော် ယွီထျန်းဟန်သည် သူမ ဆုံတွေ့ဖူးသမျှထဲတွင် အကောင်းဆုံးယေက်ျားတစ်ယောက် ဖြစ်ခဲ့သောကြောင့်ပင်။
သို့သော် ရှောင်ချန်ယွီနှင့် နှိုင်းယှဉ်လိုက်သောအခါတွင်မူ ယွီထျန်းဟန်သည် ဘက်ပေါင်းစုံတွင် လုံးဝ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ရှောင်ချန်ယွီ၏ ဘေးနားတွင် မိန်းကလေးများ အလွန်များပြားနေခြင်းပင်။
သို့သော်လည်း တုကူယန်းသည် ဤအရာကို အံ့သြမနေပါ။ ယွီထျန်းဟန်မှာပင်လျှင် တခြားမိန်းကလေးများ မရှိဘဲ နေပါမည်လော။ ပျော်ပါးခြင်းဟူသည် သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။
သို့သော် ယွီထျန်းဟန် ဆွဲဆောင်နိုင်သည့် မိန်းကလေးများ၏ အရည်အသွေးမှာ ရှောင်ချန်ယွီ ဘေးနားက မိန်းကလေးများကို ဘယ်လိုမှ မမှီနိုင်ခြင်းပင်ဖြစ်၏။
ထူးချွန်ထက်မြက်သော ယောက်ျားများကို မိန်းကလေးများက လုယူကြသည်မှာ သဘာဝကျပေသည်။
မည်သို့ပင်ဖြစ်စေ တခြားမိန်းကလေးများကလည်း မျက်စိကန်းနေကြသည်မှမဟုတ်။
ထို့အပြင် တုကူယန်းသိသည်မှာ သူမ၏အဖိုး တုကူပိုသည်လည်း အမှန်တကယ်တော့ သူမကို ယွီထျန်းဟန်နှင့် သဘောမတူချေ။
မူရင်းဇာတ်လမ်းတွင် တုကူပိုသည် ထန်စန်းနှင့် ဆုံတွေ့သည်နှင့် တုကူယန်းကို ထန်စန်းနှင့် ချက်ချင်း မိတ်ဆက်ပေးချင်နေခဲ့သည်။
၎င်းမှာ ထန်စန်းက အလွန်အမင်း ထူးချွန်လွန်း၍ မဟုတ်ဘဲ ယွီထျန်းဟန်က တုကူပို၏ အကြိုက်နှင့် လုံးဝ မကိုက်ညီသောကြောင့်သာ ဖြစ်ပေသည်။
"မမယန်း အစ်မ ယွီထျန်းဟန်အပေါ် အထင်လွဲနေတာ နေမှာပါ။ တကယ်တော့ ယွီထျန်းဟန်က တော်တော်လေး ကောင်းပါတယ် အစ်မ သူ့ကို ယုံကြည်သင့်တယ်နော်။"
ဘေးနားရှိ ရှောင်ဝူက အနည်းငယ် ပြုံးလိုက်ပြီး ယွီထျန်းဟန်အတွက် ရှားရှားပါးပါး ရှေ့နေလိုက်ပေးလိုက်သည်။
"ဟွန်း... နင့်အလုပ် မဟုတ်ဘူး။ နင် ယွီထျန်းဟန်ကိုသုံးပြီး ငါ့ကို လာလွှမ်းမိုးဖို့ ကြိုးစားနေတာ ငါမသိဘူးလို့ မမှတ်နဲ့။"
တုကူယန်းက ရှောင်ဝူကို မျက်စောင်းထိုးလိုက်သည်။
ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အပြစ်ကင်းစင်ကာ ချစ်စရာကောင်းပုံရသော ဤယုန်ပေါက်လေးသည် တကယ့်ကို လှည့်စားတတ်သော ဗိုက်မည်းယုန်မဟုတ်ပါလော။
သူမသည် သဝန်တိုတတ်ပြီး အပိုင်စီးလိုစိတ် အလွန်ပြင်းထန်သူ ဖြစ်သည်။
‘ငါသာ ယွီထျန်းဟန်နဲ့ မြဲမြံသွားရင် နင့်အတွက် ပြိုင်ဘက်တစ်ယောက် လျော့သွားမှာ မဟုတ်ဘူးလား။ ပြီးတော့ ငါ့ရှေ့မှာ ယွီထျန်းဟန်အကြောင်း ကောင်းတာတွေကို တမင်တကာ လာပြောနေသေးတယ်။’
'ယွီထျန်းဟန်က တကယ်ပဲ အဲဒီလောက်ကောင်းရင် နင်ပဲ ယူလိုက်လေ။ နင်နဲ့ ယွီထျန်းဟန်က တစ်ခါပဲ ဆုံဖူးတာကို... နင်က တကယ်ပဲ အဲဒီလောက် စေတနာကောင်းနေတာလား ရှောင်ဝူ...နင်က တကယ်ကို လည်လွန်းပါတယ်။'
"ငါ ဘာမှားပြန်ပြီလဲ..."
ယွီထျန်းဟန်သည်လည်း ဤအခိုက်အတန့်တွင် မျက်ရည်ကျလုမတတ် ဖြစ်နေခဲ့ရသည်။
'ဒါဆို... ငါက အမှိုက်လို ဆက်ဆံခံနေရတာပေါ့ဟုတ်လား။ ငါကမှ ပြန်လည်အသုံးပြုလို့မရတဲ့ အမှိုက်မျိုးလား။'
'မိန်းကလေးတွေ အများကြီးရှိတာတောင် တစ်ယောက်မကျန် အားလုံးက စရှောင်ချန်ယွီကိုပဲ ကြည့်နေကြတယ်။ တကယ်ကို မုန်းစရာကောင်းလွန်းတယ်။'
"သမက်လေး ချန်ယွီ... မင်းက တိုက်ခိုက်ဖို့ ဇွတ်တောင်းဆိုနေမှတော့ ငါတို့ အနည်းငယ် လက်ရည်စမ်းကြည့်ကြတာပေါ့။ အပြန်အလှန် ထိခိုက်မှုမရှိစေဘဲ အချက်ပြရုံတင်ပဲ လုပ်ကြစို့။"
ထိုအချိန်တွင် ရှောင်ဝူနှင့် တခြားသူများ စကားပြောနေစဉ်...
နဂါးမင်းကြီး မုန့်ရှုသည် ရှောင်ချန်ယွီကို လှမ်းကြည့်ကာ နောက်ဆုံးတွင် သူ၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။
သို့သော် ဤသဘောထားမှာ အစောပိုင်းက ယွီထျန်းဟန်ကို အရိုက်အနှက်ပေးစဉ်ကထက် များစွာ ပိုမိုကောင်းမွန်သည်မှာ သိသာလှပေသည်။
မည်သို့ပင်ဖြစ်စေ အစောပိုင်းက ယွီထျန်းဟန်မှာမူ အပြာရောင်လျှပ်စီး နဂါးဘုရင်ဂိုဏ်း၏ အမည်ကို အသုံးချကာ နေရာတကာ ဆရာကြီးလုပ်နေသည့် ကောင်စုတ်လေးသာ ဖြစ်သဖြင့် သင်ခန်းစာပေးရန် လိုအပ်သည်။
သို့သော် ဤရှောင်ချန်ယွီကမူ သူ၏ သမက်ကောင်း ဖြစ်သည်မဟုတ်ပါလော။
သူသာ ဒဏ်ရာရသွားပါက မုန့်ယိရန်သည် သူမ၏အဖိုးဖြစ်သူကို တစ်သက်လုံး မုန်းတီးသွားပေလိမ့်မည်။
၎င်းအပြင် ရှောင်ချန်ယွီ၏ နောက်ကွယ်
တွင်မူ အဆင့် ၉၉ ရှိသော ထိပ်တန်းတုံ့လော အစောင့်အရှောက် ရှိနေသည်။
ဤအခိုက်အတန့်တွင် ထိုသူသည် နဂါးမင်းကြီး မုန့်ရှု၏ နောက်ကွယ်တွင် ကွက်တိပင် မတ်တတ်ရပ်နေလေသည်။
'သူက ငါ့ လှုပ်ရှားရဲလားလို့ မေးရင်...ငါ လုံးဝ မလှုပ်ရှားရဲပါဘူး။'