အခန်း (၅၇)
Vol. 6 Ch. 57
အခန်း ၅၇ - ထိုက်လုံ။
“ရှောင်ချန်ယွီ... ငါက အရင်က ထန်စန်း မဟုတ်တော့ဘူး။ မင်းလည်း ထျန်းတိုမြို့တော်ကို ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”
“ငါ ထန်စန်းကတော့... အရင်က အရှက်ကွဲခဲ့ရသမျှကို အကြွေးပြန်ယူပြမယ်။”
တစ်ချိန်တည်းမှာပင် ထန်စန်းသည် ရှောင်ချန်ယွီ ထျန်းတိုမြို့တော်သို့ ရောက်ရှိလာသည့် သတင်းကို အလျင်အမြန်ပင် သိရှိသွားခဲ့သည်။
ခြောက်နှစ်တိုင်တိုင်။ ခြောက်နှစ်တိတိ။
ထန်စန်းသည် အသည်းအသန် ကျင့်ကြံခဲ့ပြီး သူ၏စိတ်ဝိညာဉ်တစ်ခုလုံးကို ပုံအောခဲ့ခြင်းကြောင့် နောက်ဆုံးတွင် အဆင့် ၅၈ ရှိသော ဝိညာဉ်ဘုရင် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤစွမ်းအားသည် ရှောင်ချန်ယွီ၏ အဖေထက်ပင် ပိုမိုမြင့်မားနေသေးသည်။ ထို့အပြင် မူရင်းဇာတ်ကွက်ထဲမှ ကာလတူနှင့် နှိုင်းယှဉ်လျှင်ပင် ယခု ထန်စန်းက ပိုမိုအစွမ်းထက်နေသေးသည်။
ထိုမျှသာမကသေးဘဲ ထန်စန်းသည် ရှီလိုင်ခဲသို့ ဝင်ရောက်ခဲ့ပြီး သူငယ်ချင်းများစွာကိုလည်း ရရှိခဲ့သည်။ ထိုသူငယ်ချင်းများအားလုံးမှာလည်း ထူးခြားဆန်းကြယ်သော ပါရမီရှင်များဖြစ်ကြပြီး ထန်စန်းနှင့် ရင်ပေါင်တန်းနိုင်သည့် စွမ်းအားများ ရှိကြသဖြင့် သူတို့ကို စုပေါင်း၍ ရှီလိုင်ခဲနတ်ဆိုးခုနစ်ဖော် ဟု ခေါ်ဆိုကြသည်။
အမှန်စင်စစ် မူရင်းဇာတ်ကွက်အတိုင်းပင် ရှီလိုင်ခဲ့နတ်ဆိုးခုနစ်ဖော်ဆိုသည်မှာ ပေါ်ပေါက်လာဆဲ ဖြစ်သည်။
သို့သော်လည်း ရှောင်ဝူသည် ရှောင်ချန်ယွီနှင့်အတူ ထွက်ပြေးသွားခဲ့သဖြင့် နတ်ဆိုးခုနစ်ဖော်ထဲတွင် ရှောင်ဝူ တစ်ယောက် လိုအပ်နေခဲ့သည်။ သူမ၏နေရာတွင် ပိုင်ချန်ရှန်းက ဝင်ရောက်လာခဲ့ပြီး မာဟုန်ကျွင်း ၏ ရည်းစား ဖြစ်လာခဲ့သည်။
ရလဒ်အနေဖြင့် နတ်ဆိုးခုနစ်ဖော်ထဲတွင် ထန်ဆန်းတစ်ယောက်သာ လူပျိုကြီးဘဝဖြင့် ကျန်ရစ်ခဲ့ပြီး အားလုံးတွင်မူ အဖော်အသီးသီး ရှိနေကြတော့သည်။
‘ရှောင်ဝူ... အို... ရှောင်ဝူ... မင်းမရှိဘဲ ငါဘယ်လို ရှင်သန်ရမလဲ။’
ရှောင်ဝူဟူသော အမည်နာမကို တွေးမိလိုက်တိုင်း ထန်စန်း၏ နှလုံးသားမှာ ခပ်ဖျော့ဖျော့နှင့် စူးအောင့်သော ဝေဒနာကို ခံစားရသည်။
အထူးသဖြင့် ရှောင်ဝူသည် ငယ်စဉ်ကထက်ပင် ပိုမိုလှပလာခဲ့သည်ဟူသော သတင်းကို ကြားရပြီးနောက်ပိုင်းတွင် ဖြစ်သည်။ ယခုအချိန်၌ ထန်စန်းတစ်ယောက် စိတ်ပျက်အားငယ်ကာ ငိုကြွေးချင်စိတ်များပင် ပေါက်လာခဲ့တော့သည်။
“ငါ ရှောင်ဝူကို အသိပေးရမယ်... ရှောင်ချန်ယွီဆိုတာ အမှိုက်တစ်စပဲဆိုတာကို။ ငါ ထန်စန်းကမှ တကယ့်ပါရမီရှင် စစ်စစ်။ ငါ ထန်စန်းတစ်ယောက်တည်းသာ မင်းနဲ့ ထိုက်တန်တာ။”
ထန်ဆန်းက အန်ကြိတ်ကာ ပြောလိုက်သည်။
“အစ်ကို ချန်ယွီ... အဲဒီတုန်းက အစ်ကို့ဆီမှာ အရိုက်ခံခဲ့ရတဲ့ ထန်စန်းက အခု ထျန်းတိုမြို့တော်မှာ ဒီလောက်တောင် နာမည်ကြီးနေတာလား။ ရှီလိုင်ခဲနတ်ဆိုးခုနစ်ဖော်တဲ့... ဝိညာဉ်နန်းတော်ကိုတောင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ပြိုင်ပွဲ ပေါ့လေ။”
ရှောင်ဝူ ရဲ့လင်လင်နှင့် ရှောင်ချန်ယွီတို့သည် ယခုအခါ ထျန်းတိုမြို့တော်ရှိ အရက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေကြသည်။
အရက်ဆိုင်ဟူသည်မှာ စားသောက်ရန်နေရာမျှသာမက သတင်းအချက်အလက်များကို စုံစမ်းရန်အတွက်လည်း အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဝူသည် ဘေးနားမှ ဖြတ်သွားဖြတ်လာ ဖောက်သည်များ၏ ပြောဆိုဆွေးနွေးမှုများကို နားထောင်ရင်း ထန်စန်း၏ လက်ရှိအခြေအနေကို သိရှိသွားခဲ့ခြင်း ဖြစ်သည်။
ထျန်းတိုမြို့တော်သည် မကြာသေးမီကပင် အလွန်တရာ စည်ကားနေခဲ့သည်။ အကြောင်းရင်းမှာ သဘာဝကျစွာပင် မကြာသေးမီက ကျင်းပနေသည့် အဆင့်မြင့် ဝိညာဉ်သခင် အကယ်ဒမီများပြိုင်ပွဲ ကြောင့် ဖြစ်သည်။
ထိုပြိုင်ပွဲသည် ဝိညာဉ်သခင်လောကတွင် အကြီးကျယ်ဆုံးသော ဝိညာဉ်ချင်းယှဉ်ပြိုင်ပွဲကြီးဖြစ်ပြီး ထျန်းတိုအင်ပါယာနှင့် ကြယ်တာယာအင်ပါယာ တို့၏ တော်ဝင်မိသားစုများက အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ ဝိညာဉ်နန်းတော်က ပူးတွဲစီစဉ်ခြင်း ဖြစ်သည်။
ပြိုင်ပွဲဝင်များ၏ စွမ်းအားမှာ ဝိညာဉ်
နန်းတော်၏ ပထမအဆင့်ရွေးချယ်ပွဲပြီးလျှင် ဒုတိယအဆင့်၌ ရှိသည်။
ပြိုင်ပွဲဝင်များမှာ အသက် ၂၅ နှစ်အောက် ဖြစ်ရမည်ဖြစ်ရာ ၎င်းကို လူငယ်ဝိညာဉ်သခင်ပြိုင်ပွဲဟု ခေါ်ဆိုလျှင်လည်း မှားမည်မဟုတ်ချေ။
မူရင်းဇာတ်ကွက်အရ ထန်စန်း၏ ရှီလိုင်ခဲအကယ်ဒမီသည် ဤပြိုင်ပွဲတွင် အမှန်တကယ် ပါဝင်ခဲ့ပြီး နာမည်ကျော်ကြားလာကာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ယခုအခါ ပြိုင်ပွဲမှာ တစ်ဝက်ခန့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အရည်အချင်းစစ်ပွဲများနှင့် အဆင့်မြှင့်တင်ရေးပွဲများ ပြီးဆုံးသွားကာ ထန်စန်း၏ ရှီလိုင်ခဲအကယ်ဒမီမှာ ထင်ရှားကျော်ကြားနေပြီ ဖြစ်သည်။
“ဒါက အမှိုက်လို ပြိုင်ပွဲတစ်ခုသက်သက်ပဲ။ ကလေးကစားစရာလိုမျိုး။ အစ်ကို ချန်ယွီသာ ပါဝင်မယ်ဆိုရင် ရှီလိုင်ခဲအသင်းတစ်ခုလုံးကို တစ်ယောက်တည်းနဲ့တင် ခြေမှုန်းပစ်လို့ရတယ်။”
သူမတို့၏ ဘေးနားတွင် ရှိနေသော ရဲ့လင်လင်က မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ပြောလိုက်သည်။
သူမ ပြောသည်မှာ အမှန်တရားပင် ဖြစ်သည်။ လွန်ခဲ့သော ခြောက်နှစ်ကတည်းက ရှောင်ချန်ယွီ၏ စွမ်းအားသည် နဂါးမင်းကြီး မုန့်ရှုနှင့် အပြန်အလှန် တိုက်ခိုက်နိုင်ရုံမျှမက အနိုင်ပင် ရရှိခဲ့သည်။
ခြောက်နှစ် ကြာပြီးနောက်တွင်မူ ရှောင်ချန်ယွီ၏ တိုက်ခိုက်ရေးစွမ်းရည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
အတိုချုပ်ပြောရလျှင် ထန်စန်း၏ မျက်လုံးထဲတွင် အလွန်အရေးကြီးနေသော ပြိုင်ပွဲကြီးသည် ရှောင်ချန်ယွီအတွက်မူ ကလေးကစားစရာမျှသာ ဖြစ်ပေသည်။
“ပြိုင်ပွဲက တကယ်ပဲ စိတ်ဝင်စားဖို့မကောင်းပါဘူး။ ငါ့ရဲ့ ပစ်မှတ်က အဲဒီလူငယ်တွေ မဟုတ်ဘူး... ထန်စန်းပဲ။ ထန်စန်းက ငါ ထျန်းတိုမြို့တော်ကို ရောက်နေတဲ့ သတင်းကို သိသွားပြီလား။”
ရှောင်ချန်ယွီက မျက်လုံးကို အနည်းငယ် စဉ်းစားဟန်ဖြင့် မှေးလိုက်သည်။
ဤပြိုင်ပွဲ၏ ချန်ပီယံအတွက် ဆုလာဘ်များမှာ အလွန်ပင် ရက်ရောလှပြီး နှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်အရိုး (ပင် ပါဝင်သည်ဟု ဆိုကြသည်။ အကယ်၍ ရှောင်ချန်ယွီသာ ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ၎င်းသည် ထိုလူငယ်ဝိညာဉ်သခင်များအတွက် မိုးနဲ့မြေ ကွာခြားလှသည့် ရိုက်ခတ်မှုမျိုး ဖြစ်ပေလိမ့်မည်။
ထို့အပြင် ရှောင်ချန်ယွီသည် သာမန်ဝိညာဉ်သခင်များကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်မရှိသော်လည်း ထန်စန်းကိုမူ အတော်အတန် အလေးထားပေသည်။
ဘာပဲဖြစ်ဖြစ် ဤကောင်က ဇာတ်လိုက် မဟုတ်ပါလော။ နောင်အနာဂတ်တွင် သူသည် မည်သည့်ကံကောင်းမှုမျိုးနှင့် ထပ်မံတိုးပြီး စွမ်းအားများ ရုတ်ချည်း တိုးတက်လာဦးမည်ကို မည်သူသိနိုင်ပါမည်နည်း။ ထန်စန်းနှင့် ပတ်သက်လာလျှင် ပေါ့ဆ၍မရသေးချေ။
“ဟေး... မင်းက သခင်လေးထန်စန်းအကြောင်း မကောင်းပြောနေတာလား။”
ကွက်တိဆိုသလိုပင် ဘေးစားပွဲမှ ကျားကဲ့သို့ သန်မာသော ကျောပြင်နှင့် ဝက်ဝံကဲ့သို့ ထွားကျိုင်းသော ခါး ရှိသည့် လူသန်ကြီးတစ်ဦး ထရပ်လိုက်ပြီး ရှောင်ချန်ယွီတို့ သုံးဦးကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရှောင်ချန်ယွီတို့အုပ်စုမှာ ပြင်ပကလာသူများဖြစ်ပြီး အမျိုးသားက ခန့်ညားကာ အမျိုးသမီးများက လှပလွန်းသဖြင့် လမ်းပေါ်တွင် လျှောက်လှမ်းသည်ဖြစ်စေအရက်ဆိုင်တွင် ထိုင်သည်ဖြစ်စေ လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရပြီးသား ဖြစ်သည်။
ထို့အပြင် ရှောင်ဝူနှင့် အခြားသူများက ထန်စန်းကို ဤမျှအထိ ပေါ့ပေါ့တန်တန်နှင့် မထီမဲ့မြင် ပြောဆိုလိုက်သောအခါ ဘေးလူများအမြင်တွင် ရှောင်ချန်ယွီတို့အုပ်စုမှာ အလွန်တရာ မာနကြီးလွန်းသည်ဟု ထင်မြင်စေသည်။
ထန်စန်းသည် လက်ရှိအချိန်၌ ထျန်းတိုမြို့တော်တွင် လူငယ်မျိုးဆက်ထဲ၌ အထင်ရှားဆုံး ဝိညာဉ်သခင် ဖြစ်သည်။
နယ်စပ်ဒေသမှ လာသော ရှီလိုင်ခဲအကယ်ဒမီသည် ထျန်းတိုနှင့် ကြယ်တာယာအင်ပါယာပင် ဖိနှိပ်ထားနိုင်ပြီး ဝိညာဉ်နန်းတော်ကိုပင် ယှဉ်ပြိုင်နိုင်သည်။
ထို့ကြောင့် လူအများစုက ထန်စန်းကို သူတို့၏ အိုင်ဒေါ အဖြစ် သတ်မှတ်ထားကြသည်။
“မင်းက ဘယ်သူလဲ။”
ရှောင်ချန်ယွီက မျက်လုံးကို မှေးလိုက်သော်လည်း တစ်ဖက်လူကို မော့ပင်မကြည့်ချေ။
ဘာပဲဖြစ်ဖြစ် ရှောင်ချန်ယွီသည် ဤအရက်ဆိုင်သို့ ရောက်ကတည်းက ပတ်ဝန်းကျင်ကို အကဲခတ်ထားပြီးသား ဖြစ်သည်။
အကယ်၍ ရှောင်ချန်ယွီ ကြောက်ရွံ့ရမည့် အင်အားကြီး တည်ရှိမှုမျိုး အမှန်တကယ် ရှိနေပါက သူသည် စောစီးစွာကတည်းက သတိထားနေလိမ့်မည် ဖြစ်သည်။
သူ၏ရှေ့မှ လူသန်ကြီးမှာ ကြည့်ရသည်မှာ ထွားကျိုင်းလှသော်လည်း... စွမ်းအားပိုင်းအရဆိုလျှင်မူ ရှောင်ချန်ယွီ တကယ်ပင် ကြောက်ရွံ့စရာ မရှိချေ။
“ကောင်းပြီလေ ကောင်လေး။ မင်းက မင်းရဲ့အဘိုး ထိုက်လုံ ကိုတောင် အထင်သေးရဲတယ်ပေါ့။”
ထိုလူသန်ကြီးက ရှောင်ချန်ယွီကို ဝါးမြိုမတတ် စိုက်ကြည့်လိုက်သည်။
အရက်ဆိုင်အတွင်းရှိ အခြားဖောက်သည်များက ထိုက်လုံဟူသောအမည်ကို ကြားလိုက်ရသောအခါ မအံ့သြဘဲ မနေနိုင်ကြချေ။
“ထိုက်လုံတဲ့လား။ အဲဒါ ခွန်အားကြီး ဂေါ်ဇီလာဝိညာဉ်ရဲ့ မျိုးဆက်ပဲ။”
“ထိုက်လုံက အဆင့် ၄၅ ရှိတဲ့ ဝိညာဉ်သခင် တစ်ယောက်လေ။ ပြီးတော့ သူက ခွန်အားမျိုးနွယ်စု ကဆိုတော့... သူ့ကို ရင်ဆိုင်ရတာ အတော်လက်ပေါက်ကတ်လိမ့်မယ်။”
“ဒီထိုက်လုံက အကြမ်းဖက်သူတစ်ယောက်လို့ ပြောကြတယ်။ တစ်ခါတုန်းက အရက်ဆိုင်မှာ ထမင်းစားနေရင်း တစ်ယောက်ယောက်က သူ့ကို လှမ်းကြည့်မိတာကို ထိုက်လုံက ဘာကြည့်တာလဲလို့ ပြောပြီး နှစ်ယောက်သား ချကြတာ။”
“ပြီးတော့ ဘာဖြစ်လဲ။”
“နောက်တော့ အရိုက်ခံရတဲ့လူက ဆေးရုံမှာ သုံးလလောက် တက်လိုက်ရပြီး ဒီထိုက်လုံကတော့ အခုထိ ဒီမှာ အရက်သောက်နေတုန်းပဲ။ မင်း ဘယ်လိုထင်လဲ။”
“ဒါဆိုရင်တော့ သွားပြီပဲ။ ဒီမင်းသားချောလေးကတော့ ထိုက်လုံရဲ့ ပစ်မှတ် ဖြစ်သွားပုံရတယ်။”
“ထိုက်လုံရဲ့ ပစ်မှတ်ဖြစ်သွားရင် ဘာကောင်းတာ ရှိမှာလဲ။ ဟိုနုနုနယ်နယ် မိန်းကလေးနှစ်ယောက်လည်း သူ့နဲ့အတူ ဒုက္ခရောက်ရတော့မှာပဲ... နှမြောစရာကောင်းလိုက်တာ။”
“ထိုက်လုံက ဒီလောက် မာနကြီးနေတာကို ဘာလို့ ဘယ်သူမှ ဘာမှမလုပ်ကြတာလဲ။”
“ဘယ်သူက ရဲမှာလဲ။ ထိုက်လုံက ခွန်အားမျိုးနွယ်စုကလေ။ ခွန်အားမျိုးနွယ်စုက အရင်က ဟောက်ထျန်းဂိုဏ်း ရဲ့ လက်အောက်ခံ ဖြစ်ခဲ့တာ။ အခု ဟောက်ထျန်းဂိုဏ်းကနေ ထွက်လာခဲ့ပြီဆိုပေမဲ့ သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင် ထိုက်ထန်ကလည်း ဝိညာဉ်တုံ့လောတစ်ယောက်ပဲလေ။”