← Chapters

အခန်း (၁၀၅၇-၁၀၅၈)

Vol. 101 Ch. 1057-1058

အခန်း (၁၀၅၇-၁၀၅၈)

Vol. 101 Ch. 1057-1058

​အခန်း ၁၀၅၇ အပြန်ခရီး

"ငါ ကောင်းကောင်းကြီး သိတာပေါ့။ မင်း အဲဒီအမှောင် ရတနာလုံးကို ထုတ်လိုက်ကတည်းက ငါဘာကို ရှာနေလဲဆိုတာ ငါရိပ်မိသွားတာ။ အဲဒီရတနာလုံးရဲ့ ဆွဲဆောင်မှုကြောင့် ငါ အဲဒီနေရာကို ရောက်သွားခဲ့တာလေ။ ဒါပေမဲ့ ကံမကောင်းချင်တော့ မင်းနဲ့ အရင်ဆုံး ဆုံခဲ့ရတယ်။ ပြီးတော့ မင်းကလည်း အဲဒီရတနာလုံးကို လိုချင်နေတာဆိုတော့ ငါကပဲ မင်းအတွက် အနစ်နာခံပြီး ပေးလိုက်ရတာပေါ့" မြွေဘုရင်က လုံချန်း၏မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။

​"ဟုတ်ပါပြီ... မင်းလည်း ငါလိုချင်တဲ့ နိယာမ ရတနာလုံးကို ရှာဖို့ ကြိုးစားနေခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ငါယုံပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ့အတွက် အနစ်နာခံပြီး ပေးလိုက်ရတယ်။ ပြီးတော့ ငါ့ကိုလည်း တစ်ခွန်းမှ မပြောခဲ့ဘူး ဆိုတာကြီးကိုတော့ မင်းက ငါ့ကို ယုံစေချင်တာလား။ ကဲ... မင်းရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဆင်ခြေတွေကို အဆုံးသတ်ပြီးပြီဆိုရင် အမှန်တရားကိုပဲ အရှိအတိုင်း ပြောစမ်းပါဦး" လုံချန်းက မြွေဘုရင်၏ ဇာတ်လမ်းနောက်ဆုံးအပိုင်းကို လုံးဝမယုံကြည်သဖြင့် ပျင်းရိငြီးငွေ့ဖွယ်ဟန်ဖြင့် ပြန်ပြောလိုက်၏။

​"ဒါဆို မင်းက မင်းရဲ့ ဘုရင်ကြီးကို မယုံဘူးပေါ့ ဟုတ်လား" မြွေဘုရင်က ဝမ်းနည်းသွားသည့်အလား ဟန်ဆောင်၍ မေးလိုက်သည်။

​"မယုံဘူး" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

​"ဟူး... ကောင်းပြီလေ။ အမှန်အတိုင်းပြောရရင် ငါ အဲဒီအရာရဲ့ ဆွဲဆောင်မှုကို ခံခဲ့ရတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ သွားပြီးထိလိုက်တဲ့ အချိန်မှာ ငါ့စိတ်ထဲ တကယ့်ကို ရွံရှာမုန်းတီးမှုကို ခံစားလိုက်ရတယ်။ အဲဒီစွမ်းအင်နဲ့ ပတ်သက်ပြီး ဘာမှမပတ်သက်ချင်တာကြောင့် မင်းကိုပဲ ယူခိုင်းလိုက်တာ။ ဒါမှမဟုတ်ရင် ငါ အဲဒါကို ဝါးမြိုပစ်လိုက်တာ ကြာလှပြီ" မြွေဘုရင်က မိမိ၏ လိမ်ညာမှု အမိဖမ်းခံလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်တော့သည်။

​"အခုမှပဲ ယုံရတာ နည်းနည်း အဓိပ္ပာယ် ရှိတော့တယ်။ ဒါနဲ့... မင်းအကြောင်းလေး ငါ့ကို ပြောပြပါဦး။ မင်းကို တကယ်တော့ ဘယ်နေရာမှာ မွေးဖွားခဲ့တာလဲ။ ငါနဲ့မဆုံခင်တုန်းက မင်း ဘယ်လိုရှင်သန်ခဲ့လဲ။ ပြီးတော့ မင်းကို ဒီလောက်အထိ လေလုံးထွားအောင် ဘယ်သူက သင်ပေးခဲ့တာလဲ" လုံချန်းက ဤရှည်လျားလှသော ခရီးစဉ်အတွင်း အချိန်ကုန်စေရန်အတွက် မေးမြန်းလိုက်ခြင်း ဖြစ်၏။

​"ဟင်... လေလုံးထွားတာ ဟုတ်လား။ ငါ ဘယ်တော့မှ လေမပွားဘူး။ ငါ အမြဲတမ်း အမှန်အတိုင်းပဲ ပြောတာ။ ငါက ငါ့ရဲ့ အဖေအတိုင်းပဲ... သူကလည်း အမြဲတမ်း အမှန်တရားကိုပဲ ပြောလေ့ရှိတာလေ" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။

​"ဩော်... မင်းရဲ့ အဖေဆီကနေ အမွေရခဲ့တာပေါ့။ ငါ အခုမှပဲ သဘောပေါက်တော့တယ်" လုံချန်းက ခေါင်းညိတ်ရင်း ဆိုလိုက်သည်။ "သူကလည်း မင်းလိုပဲ ဖြစ်မှာပေါ့"

​"ငါ ဘယ်မှာမွေးလဲ ဆိုရင်တော့... သေချာတာပေါ့၊ ငါ့အိမ်မှာပဲ ငါမွေးခဲ့တာပေါ့"

​"မင်းက တကယ့် အရူးပဲ။ အဲဒီအိမ်က ဘယ်နေရာမှာရှိလဲ ဆိုတာကို ပြောရမှာလေ။ ပြီးတော့ မင်းလိုမျိုး မြွေဘုရင်တွေ ဤလောကမှာ အများကြီး ကျန်ရှိနေသေးလား။ မင်းတို့ အမျိုးအနွယ်တွေက တော်တော် ရှားတယ်လို့ ငါကြားဖူးတယ်" လုံချန်းက မေးလိုက်သည်။

​"ရှားတယ် ဟုတ်လား။ ငါတို့ရဲ့ နယ်မြေတစ်ခုလုံး အဖျက်ဆီး ခံလိုက်ရပြီးတဲ့ နောက်မှာ ရှားသွားပြီလို့ ထင်တာပဲ။ အခြားသူတွေ အကြောင်းတော့ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ရွာကနေတော့ ငါတစ်ယောက်တည်းပဲ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာ" မြွေဘုရင်က သက်ပြင်းချရင်း ဆိုလေသည်။

​"ဟင်... မင်းတို့နေရာက ဖျက်ဆီး ခံလိုက်ရတယ် ဟုတ်လား။ ဘယ်သူက လုပ်တာလဲ" လုံချန်းက အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်မိသည်။

​"လူတချို့ပေါ့ကွာ။ အတိတ်က အကြောင်းအရာအဟောင်းတွေကို ပြန်တူးဆွနေရတာ တန်ဖိုးမရှိပါဘူး။ ဒါကြောင့် အဲဒီအကြောင်းကို ဆက်မပြောပါနဲ့တော့။ ငါ ဘယ်တော့မှ ပြန်ပြီး မမှတ်မိချင်တော့ဘူး" မြွေဘုရင်က အဖြေပေးရန် ငြင်းဆန်လိုက်၏။

​"ကောင်းပြီလေ... ငါ အဲဒီအကြောင်းကို ဆက်မမေးတော့ဘူး။ ဒါပေမဲ့ ဒါကိုတော့ မှတ်ထားပါ။ မင်းက ငါ့ရဲ့သူငယ်ချင်းပဲ။ မင်း ဘယ်လောက်ပဲ မျက်နှာပြောင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းကောင်း မင်းအတွက် ငါ အမြဲတမ်း ရှိနေမှာပါ။ မင်း ငါ့ကို အများကြီး ကူညီပေးခဲ့ပြီးပြီဆိုတော့ ငါလည်း မင်းကို ပြန်ပြီး ကူညီပေးမှာပေါ့။ ဒါကိုပဲ မှတ်ထားပါ" လုံချန်းက မြွေဘုရင်ကို ပြောလိုက်သည်။

​"တကယ်လို့ မင်း တစ်နေ့နေ့မှာ ကလဲ့စားချေချင်လို့ မင်းရဲ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ လူတွေကို ရှာတွေ့ခဲ့ရင် ငါ ဘာမေးခွန်းမှ နှစ်ခါမမေးဘဲ သူတို့ကို အမှုန့်ခြေပစ်ဖို့ ကူညီပေးမယ်" သူက မြွေဘုရင်၏ ကျောပြင်ကို ပုတ်ပေးရင်း ဖြည့်စွက်ပြောကြားလိုက်၏။

​"ဟားဟား... မင်းက ဒီဘုရင်ကြီး အတွက် ဝမ်းနည်းနေတာလား။ စိုးရိမ်မနေပါနဲ့။ ငါ့အတွက် မင်းရဲ့အကူအညီ မလိုပါဘူး။ ငါက ကောင်းကင်ဘုံဧကရာဇ်တွေနဲ့ ကောင်းကင်ဘုံ မိစ္ဆာတွေ အကူအညီလိုတဲ့ အချိန်မှာတောင် ဝင်ပြီး ကူညီပေးခဲ့တဲ့ ကောင်ကွ။ ငါကိုယ်တိုင်က ဘာဖြစ်လို့ အကူအညီလိုရမှာလဲ။ ဒီဘုရင်ကြီးက ဒီလောကမှာ အစွမ်းအထက်ဆုံးပဲ" မြွေဘုရင်က တဟားဟား ရယ်မောရင်း ဆိုလေသည်။

​"မင်းကတော့ လေလုံးထွားတဲ့ အကျင့်ဆီ ပြန်ရောက်သွားပြီပဲ။ ထားပါတော့လေ... ဒါကလည်း တစ်ခါတလေ ငါ့အတွက် အပျင်းပြေတာပါပဲ။ ဒါပေမဲ့ အရမ်းကြီးတော့ လွန်မသွားစေနဲ့ပေါ့" လုံချန်းက ခါးသက်သက် ပြုံးလိုက်မိသည်။

​လုံချန်းတစ်ယောက် ကြယ်တာရာ အင်ပါယာဆီသို့ ပျံသန်းလာခဲ့စဉ် အချိန်ကာလမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

​ကမ္ဘာများ စမ်းသပ်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်သူများနှင့် ပွဲကြည့်ပရိသတ်များအားလုံးမှာ မိမိတို့၏ ကမ္ဘာအသီးသီးဆီသို့ ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်၏။

​မုန့်မျိုးနွယ်စု၏ အကြီးဆုံးသား သာလျှင် ကိစ္စရပ်များကြောင့် ကျန်ရစ်ခဲ့ရသည်။ အကြောင်းမှာ ယုတ္တိဗေဒအရ ယခုအခါ သူက ဧကရာဇ်အသစ် ဖြစ်လာခဲ့ပြီ ဖြစ်ရာ ကမ္ဘာပေါင်း နှစ်ဆယ်၏ အစည်းအဝေးတွင် ပြိုင်ပွဲရလဒ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများကို သူကိုယ်တိုင် ပါဝင် တက်ရောက်ရတော့မည် ဖြစ်သောကြောင့်တည်း။

​ဧကရာဇ်လုကမူ ကြယ်တာရာ အင်ပါယာသို့ စောစီးစွာ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ဤနေရာသို့ လုံချန်းကြောင့်သာ လာခဲ့ခြင်း ဖြစ်ရာ ထိုကောင် ကိုယ်တိုင်က ထွက်ခွာသွားခဲ့ပြီ ဖြစ်သဖြင့် ဆက်လက် ကျန်ရစ်နေရန် အကြောင်းပြချက် မရှိတော့ချေ။

​သို့သော်လည်း သူသည် ချက်ချင်းပြန်ရောက်မည့် နေရာရွှေ့ပြောင်းခြင်း အဆောင်ကို အသုံးမပြုဘဲ မိမိ မွေးထားသော သားရဲအား စီးနင်း၍ ပြန်ခဲ့ခြင်း ဖြစ်သည်။ လမ်းခရီး တစ်လျှောက်တွင် လုံချန်းနှင့် ရုတ်တရက် ဆုံတွေ့နိုင်ခြေ ရှိကောင်းရှိနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် သူသည် မည်သည့်ဖြတ်လမ်းကိုမျှ အသုံးမပြုဘဲ ရှည်လျားလှသော လမ်းခရီးအတိုင်း ပြန်လာခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် ကျန်ရစ်နေပြီး လုံချန်းကို လိုက်လံရှာဖွေနေခြင်းက အပိုပင် ဖြစ်သည် မဟုတ်လော။

​အပြန်ခရီးသည် စကားစမြည် ပြောဆိုရင်း အချိန်ကုန်လွန်ခဲ့သဖြင့် ပိုမို တိုတောင်းသွားခဲ့သည်ဟု ခံစားရစေသည်။ လုံချန်းသည် စကားမပြောဖြစ်သည့် အချိန်များတွင်မူ မိမိကိုယ်မိမိ ပိုမိုအစွမ်းထက်လာစေရန်အတွက် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကို ကုန်ဆုံးစေခဲ့သည်။

​ယခုအခါတွင်လည်း သူသည် ကျင့်ကြံခြင်း၌ အာရုံနစ်ဝင်နေစဉ် မြွေဘုရင်၏ အသံကို ကြားလိုက်ရ၏။ "ငါတို့ ဒီနေရာကို ပြန်ရောက်ပြီဟေ့။ ထတော့ ထတော့"

​လုံချန်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ ၎င်းမှာ အမှန်တကယ်ပင် ဖြစ်နေခဲ့သည်။ သူတို့သည် ကြယ်တာရာ အင်ပါယာသို့ အမှန်တကယ် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ခရီးစဉ်မှာ အလွန်ပင် လျင်မြန်လှသည်ဟု သူ ခံစားလိုက်ရသည်။

​"ကောင်းပြီ။ ငါ့ကို တော်ဝင် မြို့တော်ဆီကို ခေါ်သွားပေး။ ပြီးတော့ လမ်းခရီးမှာ ရှိတဲ့ မြို့တွေ အားလုံးကို ရှောင်ကွင်းပြီး သွားကြစို့" လုံချန်းက မြွေဘုရင်ကို ညွှန်ကြားလိုက်ရာ မြွေဘုရင်ကလည်း ခေါင်းညိတ် လက်ခံလိုက်သည်။

​မြွေဘုရင်သည် မှာကြားသည့်အတိုင်း ပြုလုပ်ခဲ့၏။ သူသည် မြို့များကို ဖြတ်သန်းသွားမည့်အစား မြို့များ၏ ပတ်ပတ်လည်မှ ဝေးဝေးက ပတ်ပျံရင်း ထိုမြို့များ၏ လေပိုင်နက်ကို ရှောင်ကွင်းသွားခဲ့သည်။

​"ငါကတော့ ဘာကိုမှ ရှောင်ကွင်းမနေဘဲ အကုန်တိုးတိုက်တတ်တဲ့ မင်းရဲ့ အရင်စရိုက်ဟောင်းကို ပိုသဘောကျတယ်။ အခုတော့ မင်းက အရင်ကထက် ပိုပြီးတော့ကို သတိကြီးတဲ့ လူအိုကြီး စရိုက်ဆီ ပြန်ရောက်သွားပြီပဲ။ တကယ့်ကို စိတ်ပျက်စရာပဲကွာ။ အခု မင်းကြောင့် ဖြတ်လမ်းက သွားရမယ့်အစား လမ်းအဝေးကြီးကနေ ပတ်သွားနေရပြီ" မြွေဘုရင်က ညည်းညူလိုက်သည်။

​"ဒါက အဲဒီလို မဟုတ်ပါဘူး။ ငါ အစောပိုင်းက ပြောခဲ့သလိုပဲ။ ငါ ကြောက်လို့ ရှောင်နေတာ မဟုတ်ဘူး။ ဒါက အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ လူတိုင်းက ငါ့ကို သုံးလောကမှာပဲ ရှိနေသေးတယ်လို့ မြင်ထားကြတာ။ ငါ ကြယ်တာရာကို ပြန်ရောက်နေပြီဆိုတာကို ဘယ်သူမှ မသိစေရဘူး။ အဲဒီလိုမှ ငါ့ရဲ့ အစီအစဉ်က ရှေ့ဆက်လို့ရမှာ။ အရာရာကို ခွန်အားတစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘူးလေ။ စိုးရိမ်မနေပါနဲ့... ငါ မင်းကို အရာအားလုံး ပြမှာပါ။ ဒီတစ်ခေါက်တော့ မင်းကို ရှေ့ဆုံးတန်းကနေ ထိုင်ကြည့်ခွင့် ပေးမယ်" လုံချန်းက မြွေဘုရင်ကို ပြောလိုက်ရာ မြွေဘုရင်က ခေါင်းညိတ်ပြလိုက်လေသည်။

​"ကောင်းပြီလေ... ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။ မင်း ဘာတွေလုပ်မလဲဆိုတာကို ငါလည်း တကယ် သိချင်နေပါပြီ" မြွေဘုရင်က ပြန်ပြောလိုက်၏။

​လမ်းကြောင်းကို ပတ်၍ သွားခဲ့ရသော်လည်း မြွေဘုရင်၏ အလွန်လျင်မြန်လှသော အရှိန်အဟုန်ကြောင့် တော်ဝင်မြို့တော်သို့ ရောက်ရှိရန် အချိန်အများကြီး မပေးခဲ့ရချေ။

​"ကဲ... ငါတို့ သွားရမယ့် ဦးတည်ရာကို ရောက်ပြီ။ ဒါက မင်း သွားချင်တဲ့နေရာဆိုတော့ ငါလည်း ရှောင်လို့မရတော့ဘူးပေါ့။ အထဲကို တည့်တည့်ပဲ အတင်းဝင်တိုးပစ်လိုက်ရမလား" မြွေဘုရင်က ကြယ်တာရာ တော်ဝင်မြို့တော်၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ရင်း လုံချန်းကို လှမ်း၍ မေးလိုက်သည်။

​"အင်း... ငါ ဒီနေရာကနေပဲ အောက်ကို ဆင်းခဲ့တော့မယ်။ အထဲကို ဒီအတိုင်း အတင်းဝင်သွားဖို့ မလိုပါဘူး။ မင်းလည်း ခန္ဓာကိုယ်ကို သေးနိုင်သမျှ သေးအောင် လုပ်လိုက်ဦး။ မင်းက ငါနဲ့အတူ လိုက်ခဲ့မှာဆိုတော့... သေးငယ်တဲ့ ပုံသဏ္ဌာန်နဲ့ ငါ့ရဲ့ လက်မောင်းမှာပဲ ပတ်ပြီး ပုန်းနေလိုက်။ ငါ မင်းကို လက်ကောက်တစ်ခုလိုမျိုး သတ်မှတ်ပြီး ဝတ်ဆင်ထားမယ်" လုံချန်းက မြွေဘုရင်ကို ဆို၏။

​"ဘာကြီး... လက်ကောက် ဟုတ်လား။ မင်း ရူးသွားပြီလား"

​"မဟုတ်ပါဘူး... တကယ့် လက်ကောက် အစစ်ကို ပြောတာ မဟုတ်ဘူး။ ဒီလိုနည်းနဲ့ မင်းကိုယ်မင်း ရုပ်ဖျက်ထားနိုင်မယ်လို့ ဆိုလိုတာ။ ဒါမှမဟုတ်ရင်လည်း မင်း သားရဲတောင်တန်းထဲကို ပြန်သွားပြီး အနားယူနေလို့ရတာပဲ။ မင်းက ငါနဲ့အတူ လိုက်ချင်တယ်လို့ ထင်လို့ ငါက ပြောလိုက်တာပါ။ ဒါပေမဲ့ မင်း ပြန်သွားချင်တယ်ဆိုရင်တော့ ဒါက ပိုပြီးတောင် မြန်ဆန်ပါသေးတယ်" လုံချန်းက မြွေဘုရင်၏ ခန္ဓာကိုယ်ပေါ်မှ အောက်သို့ ခုန်ဆင်းရင်း ပျင်းရိစွာ ပြန်လည်ဖြေကြားလိုက်သည်။

​"ဟူး... ကောင်းပြီ။ ဒါကလည်း မင်း ဘာလုပ်မလဲဆိုတာကို ငါ ကိုယ်တိုင် မြင်တွေ့ချင်လို့သာ လိုက်မှာနော်။ မင်းနဲ့အတူ ရှိနေရတာကို သဘောကျလွန်းလို့တော့ လုံးဝ မဟုတ်ဘူး" မြွေဘုရင်က ညည်းညူရင်း လုံချန်း နောက်သို့ လိုက်ပါရန်အတွက် သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း သေးငယ်အောင် ပြုလုပ်လိုက်လေတော့သည်။

​အခန်း ၁၀၅၈ ပဟေဠိဆန်သော စာလွှာ

လုံချန်းသည် တော်ဝင်မြို့တော်၏ တံတိုင်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူသည် ပင်မဝင်ပေါက်နှင့် နီးကပ်သောနေရာတွင် ရှိမနေဘဲ တရားဝင် ဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်ရန်လည်း အစီအစဉ်မရှိချေ။ သူ၏ စိတ်ကူးကမူ အခြားတစ်မျိုး ဖြစ်၏။

​သူသည် မိမိ၏ လက်ထဲတွင် ရှိနေသော ပစ္စည်းတစ်ခုကို အေးဆေးစွာ စိုက်ကြည့်နေမိသည်။ ၎င်းမှာ သာမန်မျက်နှာဖုံး တစ်ခုမျှသာ ဖြစ်သော်လည်း မြွေဘုရင်ကမူ ထိုအရာကို ချက်ချင်း မှတ်မိသွားခဲ့သည်။

​"မင်း ရုပ်ဖျက်တော့မလို့လား" မြွေဘုရင်သည် လုံချန်း၏ လက်ထဲက လှည့်စားခြင်း မျက်နှာဖုံးကို ကြည့်ပြီး အံ့ဩတုန်လှုပ်စွာ မေးလိုက်၏။

​"အင်း... ငါ ဒီမျက်နှာဖုံးကို မသုံးဖြစ်တာ ကြာပြီပဲ။ ဒါပေမဲ့ အခုကတော့ သုံးရမယ့်အချိန် ရောက်ပြီ။ ငါပြောခဲ့သလိုပဲ... ဒါက အရာရာကို ခွန်အားနဲ့ ဖြေရှင်းရမယ့် အချိန်မဟုတ်ဘူး။ ငါ သက်သေပြရမယ့် အရာတစ်ခု ရှိနေပြီး ငါ့နည်းငါ့ဟန်နဲ့ပဲ အကောင်းဆုံး သက်သေပြသွားမှာပါ။ အဲဒီအတွက် ဒီမျက်နှာဖုံးက မရှိမဖြစ် လိုအပ်တယ်" လုံချန်းက ပြန်လည်ဖြေကြားရင်း လှည့်စားခြင်း မျက်နှာဖုံးကို သူ့မျက်နှာပေါ်သို့ တပ်ဆင်လိုက်ကာ ရုပ်အသွင်အား ပြောင်းလဲပစ်လိုက်တော့သည်။

​သူ၏ ရုပ်အသွင်အသစ်မှာ ယခင်ကကဲ့သို့ ဆွဲဆောင်မှုရှိသော ပုံစံမျိုး မဟုတ်တော့ဘဲ အလွန်ပင် ရိုးစင်းလှသော သာမန်လူတစ်ယောက် အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ လူအများ၏ အာရုံစိုက်မှုကို မည်သို့မျှ ဆွဲဆောင်နိုင်စွမ်း မရှိချေ။

​"ကဲ... အထဲကို ဝင်ကြစို့" သူက တီးတိုးရေရွတ်လိုက်ပြီးနောက် နေရာတွင်ပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။

​ကြယ်တာရာ အင်ပါယာ၏ မိဖုရားကြီးသည် သူမ အခန်းအတွင်း၌ ရှိနေသည်။ မင်ယုသည် သူမအနားတွင် ထိုင်ရင်း မိခင်ဖြစ်သူကို ဂရုတစိုက် ပြုစုပေးနေ၏။

​သူတို့၏ အနားတွင်မူ သက်ကြီးရွယ်အို အမျိုးသားတစ်ဦးလည်း ရပ်နေပြီး မိဖုရားကြီးကို ပြုံးရွှင်စွာ ကြည့်နေခဲ့သည်။

​"မိဖုရားကြီး အခုလို ပြန်ကျန်းမာလာတာကို မြင်တွေ့ရတာ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ အခုဆိုရင် မိဖုရားကြီးက လုံးဝကို ကျန်းမာသန်စွမ်းနေပါပြီ။ ဒီလိုမျိုး သာမန် သမားတော် တစ်ယောက်ရဲ့ အကူအညီကို ထပ်ပြီး ရယူဖို့တောင် မလိုတော့ပါဘူး" ထိုအဖိုးအိုက ပြုံးရင်း ဆိုလေသည်။

​"သမားတော်ကြီး ကျီယန်ကလည်း နောက်နေပြန်ပါပြီ။ သမားတော်ကြီးက ဒီအင်ပါယာမှာ အစွမ်းအထက်ဆုံး သမားတော်ကြီးပဲဥစ္စာ။ ရှင့်ကိုယ်ရှင် သာမန်လို့ ပြောတာက နေ့ကို ညလို့ ပြောနေသလိုပါပဲ" မိဖုရားကြီးက ရယ်မောရင်း ပြန်လည်မိန့်ကြားလိုက်၏။

​"မှန်ပါတယ်... စီနီယာ ကျီယန်က ကျွန်မရဲ့ မယ်တော်ကို အများကြီး ကူညီပေးခဲ့တာပါ။ ကျွန်မတို့ မိသားစုက စီနီယာကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်" မင်ယုကလည်း ဘေးမှနေ၍ ဝင်ရောက်ထောက်ခံလိုက်သည်။

​"ဟဲဟဲ... မင်းတို့က ငါ့ကို အမွှန်းတင်လွန်း နေပါပြီ။ ကဲ... မိဖုရားကြီးလည်း သက်သာသွားပြီဆိုတော့ ဒီအဖိုးကြီးလည်း နှုတ်ဆက်ပြီး ပြန်ခွင့်ပြုပါဦး" အဖိုးအိုက ပြုံးရင်း နှုတ်ဆက်လိုက်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားခဲ့တော့သည်။

​ထိုအဖိုးအို ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မင်ယုသည် မိခင်ဖြစ်သူကို ကြည့်ကာ စကားဆိုလိုက်သည်။ "မယ်တော်... ကျွန်မ..."

​ဒေါက်... ဒေါက်...

​သူမ စကားပင် မဆုံးသေးမီမှာပင် အခန်းတံခါးကို လာခေါက်သည့် အသံအား ကြားလိုက်ရသဖြင့် စကားစရပ်သွားခဲ့ရသည်။

​ဤနေရာသို့ လာရောက်နှောင့်ယှက်မည့်သူ သိပ်မရှိသဖြင့် မင်ယုသည် ဇဝေဇဝါဖြင့် တံခါးကို ထသွားဖွင့်လိုက်၏။

​"ဘာကိစ္စရှိလို့လဲ" သူမ တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် တော်ဝင်အစောင့်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

​"မင်းသမီး... လူတစ်ယောက်က ဒီစာလွှာကို မင်းသမီးလေးဆီ အရောက်ပေးဖို့ ကျွန်တော့်ကို မှာခဲ့ပါတယ်။ သူပြောတာတော့ ဒီစာကို မြွေဘုရင်က ရေးလိုက်တာလို့ ဆိုပါတယ်" အစောင့်က မင်ယုထံသို့ စာလွှာကို ရိုသေစွာ ကမ်းပေးပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။

​မင်ယုသည် စာလွှာကို ကိုင်ရင်း ဆွံ့အ မှင်သက်သွားခဲ့ရ၏။ အစောင့်ပြောသွားသော စကားကို သူမ သေသေချာချာ ကြားလိုက်ရသည်။ မြွေဘုရင်က ရေးသားလိုက်သည်လော။ ၎င်းက လုံချန်းနှင့်အတူ ရှိနေတတ်သော သားရဲပင် မဟုတ်လော။ သို့ဆိုလျှင် ဤစာက လုံချန်းထံမှ ပေးပို့လိုက်သော စာဖြစ်ကြောင်း အရိပ်အမြွက် ပြသနေခြင်းပင် ဖြစ်ပေမည်။

​သူမသည် စာကို လာပေးခဲ့သော အစောင့်အား ထိုလူနှင့်ပတ်သက်ပြီး အသေးစိတ် ထပ်မံမေးမြန်းရန်အတွက် အခန်းပြင်သို့ ချက်ချင်း လှမ်းထွက်လိုက်သော်လည်း ရှည်လျားလှသော နန်းတော်စင်္ကြံလမ်းမထက်တွင် မည်သူ့ကိုမျှ မတွေ့ရတော့ချေ။ ထိုအစောင့်က မည်သည့်နေရာကို ဤမျှ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့ရသနည်း။ မည်သို့သော အစောင့်မျိုးက ဤမျှအထိ မြန်ဆန်လှသော အရှိန်အဟုန်ကို ပိုင်ဆိုင်ထားသနည်း။

​မင်ယုသည် ဝေခွဲမရသော စိတ်ရှုပ်ထွေးမှုများနှင့်အတူ အခန်းထဲသို့ ပြန်လည် ဝင်ရောက်ကာ တံခါးကို ပိတ်လိုက်တော့သည်။

​သူမ လိုက်လံရှာဖွေနေခဲ့သော ထိုအစောင့်မှာမူ လက်ရှိတွင် နန်းတော်၏ အခြားသော စင်္ကြံလမ်းတစ်လမ်းထက်တွင် ပြုံးပြုံးကြီး လျှောက်လှမ်းနေခဲ့၏။

​"မင်းက ဘာဖြစ်လို့ အလုပ်တွေ အဆင့်ဆင့် ရှုပ်ခံနေတာလဲ။ မင်း လိုချင်တဲ့ အရာကို သူ့ကို တည့်တည့်ပြောလိုက်ရင် ပြီးနေတာပဲဥစ္စာ။ တကယ်တော့ မင်း ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ"

​အစောင့် လျှောက်လှမ်းနေစဉ်မှာပင် သူ၏ လက်မောင်းဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​"မြွေကလေးရာ... မင်း ဘာမှ နားမလည်ပါဘူး" ထိုအစောင့်က နှုတ်ခမ်းကို လှုပ်ရှားကာ ပြန်လည်ဖြေကြားလိုက်သော်လည်း ထွက်ပေါ်လာသော အသံမှာ အစောင့်၏ အသံမဟုတ်တော့ဘဲ လုံချန်း၏ အသံ အစစ်အမှန် ဖြစ်နေခဲ့တော့သည်။

​ထိုနေ့က မင်ယု တစ်ယောက်တည်းသာ စာလွှာကို လက်ခံရရှိခဲ့ခြင်း မဟုတ်ပေ။ လုံချန်း ကောင်မလေးတစ်ယောက်ကို အတင်းအဓမ္မ စော်ကားခဲ့သည်ဟု စွပ်စွဲခြင်းခံခဲ့ရသော ပန်းမဏ္ဍိုင်၏ ပိုင်ရှင်အပါအဝင် အခြားသော အရေးကြီးပုဂ္ဂိုလ် အများအပြားထံသို့လည်း ဤစာလွှာများ ရောက်ရှိသွားခဲ့သည်။

​ထို့ပြင် ထိုကောင်မလေး မသေဆုံးမီ နောက်ဆုံးထွက်ဆိုချက်ကို ရယူခဲ့သော စစ်သူကြီးထံသို့လည်း စာလွှာတစ်စောင် ရောက်ရှိသွားခဲ့သလို အင်ပါယာ၏ အခြားသော အမတ်ချုပ်ကြီးများထံသို့လည်း စာလွှာများ အသီးသီး ရောက်ရှိသွားခဲ့ကြသည်။

​ဤစာလွှာအားလုံးကို ပေးပို့ခဲ့သူမှာ ထူးဆန်းစွာပင် တစ်ဦးတည်း ဖြစ်နေခဲ့သည်မှာ အသေအချာပင်။

​"အဲဒီစာထဲမှာ ဘာတွေရေးထားလို့လဲ" မိဖုရားကြီးက မင်ယု၏လက်ထဲတွင် ရှိနေသော စာလွှာကို ကြည့်ကာ လှမ်း၍ မေးလိုက်သည်။

​မင်ယုသည် ထိုစာလွှာကို အလွန်ပင် လေးနက်တည်ငြိမ်သော မျက်နှာဖြင့် အစအဆုံး ဖတ်ရှုနေခဲ့၏။

​မင်ယုသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ စာကိုသာ ဆက်လက်ဖတ်ရှုနေခဲ့ပြီး အဆုံးထိ ဖတ်ပြီးသွားသော အခါမှသာ မျက်မှောင်ကုတ်ရင်း ထိုစာလွှာအား မိခင်ဖြစ်သူထံသို့ ကမ်းပေးလိုက်တော့သည်။

​သူမ၏ မိခင်ဖြစ်သူကလည်း စာကို ဖတ်ရှုပြီးနောက် အံ့ဩမှင်သက်သွားခဲ့ရပြန်သည်။

​"ငါတို့အနေနဲ့..." မိဖုရားကြီးက သမီးဖြစ်သူကို ကြည့်ကာ စကားစလိုက်ရာ မင်ယုကလည်း ခေါင်းညိတ်ပြလိုက်သည်။

​"မှန်ပါတယ်... မယ်တော်" မင်ယုကလည်း ကိစ္စရပ်များ မည်သို့ရှေ့ဆက်မည်ကို တွေးတောရင်း ထောက်ခံလိုက်လေတော့သည်။

​နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ တော်ဝင်မြို့တော်၏ လူသူအရောက်အပေါက်နည်းသော သီးခြားထောင့်စွန်း တစ်ခုရှိ စွန့်ပစ်ထားသည့် အဆောက်အအုံဟောင်း တစ်လုံးအတွင်း၌ လူငယ်တစ်ဦးသည် ထိုင်ခုံတွင် ထိုင်ရင်း ဝိုင်ကို အရသာခံ သောက်သုံးနေခဲ့သည်။

​ဒေါက်... ဒေါက်...

​တံခါးခေါက်သံကို ကြားလိုက်ရသောအခါ ထိုလူငယ်က ဝင်ခဲ့ဖို့ ခပ်အေးအေးပင် ပြန်ပြောလိုက်၏။

​"ဟင်... ဒီအသံက"

​တံခါး အပြင်ဘက်တွင် ချပ်ဝတ်တန်ဆာ အပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရပ်နေခဲ့သည်။ သူသည် ထိုလူငယ်၏ အသံကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအသံကို အလွန်ပင် ရင်းနှီးနေခဲ့သောကြောင့် ဖြစ်တည်း။

​သူသည် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။

​အထဲရှိ လူငယ်ကို မြင်လိုက်ရသောအခါ ချပ်ဝတ်ဝတ်ဆင်ထားသော စစ်သူကြီးသည် ဝမ်းသာအားရဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။ "မင်းသား... တကယ်ပဲ မင်းသား ဖြစ်နေတာပဲ။ မင်းသားရဲ့အသံကို ကြားရကတည်းက သေချာပေါက် မင်းသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်နေခဲ့တာ။ မင်းသား အခုလို ဘေးကင်းကင်းနဲ့ လွတ်မြောက်လာနိုင်တာကို မြင်ရတာ တကယ် ဝမ်းသာစရာပါပဲဗျာ"

​"ဟုတ်ပါတယ်... ကျွန်တော် ဘေးကင်းပါတယ်။ ဒါပေမဲ့ အဲဒီမိစ္ဆာကောင်ရဲ့ လက်ထဲကနေ ကျွန်တော် ဘယ်လောက်အထိ ဆင်းရဲဒုက္ခခံပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ရလဲဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး... စစ်သူကြီး" လူငယ်က ဝိုင်ကို နောက်ထပ်တစ်ငုံ ထပ်မံသောက်သုံးရင်း ပြန်ပြောလိုက်သည်။

​"မင်းသား... မင်းသားက ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလို နေရာမျိုးကို ခေါ်လိုက်ရတာလဲ။ နန်းတော်ကိုပဲ တည့်တည့် ပြန်လာခဲ့ရင် ပိုပြီးတော့ ဘေးကင်းလုံခြုံနိုင်တာပေါ့" စစ်သူကြီးက အေးအေးဆေးဆေး ဝိုင်သောက်နေသော လူငယ်ကို ကြည့်ကာ မေးလိုက်၏။

​"အရင်ထိုင်ဦး... ပြီးတော့ ဝိုင်တစ်ခွက်လောက် သောက်လိုက်ဦးလေ" လူငယ်က မေးခွန်းကို ပြန်မဖြေဘဲ ခုံအား ညွှန်ပြလိုက်သည်။

​စစ်သူကြီးသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး စားပွဲအနီးရှိ ထိုင်ခုံတွင် ဝင်ထိုင်ကာ ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သည်။

​"ခင်ဗျားက နန်းတော်ထဲမှာဆိုရင် ကျွန်တော် ပိုပြီး ဘေးကင်းလိမ့်မယ်လို့ ထင်နေတာလား။ ကျွန်တော့်ကို နန်းတော်ထဲကနေတင် ပြန်ပေးဆွဲသွားခဲ့တာကို ခင်ဗျား မေ့သွားပြီလား။ အဲဒီ အောက်တန်းစား လုံချန်းက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတဲ့ ကောင်ပဲ။ ကျွန်တော့်ရဲ့ ခမည်းတော်နဲ့ နီးနီးကပ်ကပ် ရှိနေတဲ့အချိန်မှာတောင် သူက ကျွန်တော့်ကို အဓမ္မ ဖမ်းခေါ်သွားခဲ့တာ။ ကျွန်တော် သူ့လက်ထဲက လွတ်လာပြီး နန်းတော်ကို ချက်ချင်း ပြန်သွားလိမ့်မယ်လို့ ထင်ပြီး အခုလည်း သူ နန်းတော်ကို စောင့်ကြည့်နေလောက်တယ်"

​"တကယ်လို့ ကျွန်တော် နန်းတော်ကို အလျင်စလို ပြန်သွားရင် သူ ကျွန်တော့်ကို ထပ်ပြီး ဖမ်းသွားလိမ့်မယ်။ အဲဒီလိုသာ ဖြစ်လာရင် တကယ့်ကို ကပ်ဘေးကြီး ဖြစ်သွားမှာပေါ့" လူငယ်က ရှင်းပြလိုက်၏။

​"မင်းသား ပြောတာ တကယ် အဓိပ္ပာယ်ရှိပါတယ်။ ဒါက ဖြစ်နိုင်ခြေ ရှိတာပဲ" စစ်သူကြီးက သက်ပြင်းချရင်း ဆိုလိုက်သည်။ "တကယ်လို့ အဲဒီကောင်က မင်းသားကို ဒုတိယအကြိမ် ထပ်ဖမ်းမိသွားရင်တော့ သေချာပေါက် အသက်အန္တရာယ် ပေးနိုင်တယ်"

​"မှန်တာပေါ့။ ဒါကြောင့်မို့လို့လည်း ကျွန်တော် ခမည်းတော်ကို ဒီနေရာဆီ တိုက်ရိုက်မခေါ်ဘဲ ခင်ဗျားကိုပဲ ခေါ်လိုက်တာလေ။ အဲဒီကောင်က ခင်ဗျား နောက်ကိုတော့ လိုက်ချင်မှ လိုက်မှာကိုး" လူငယ်က ဆို၏။

​"အခြေအနေရဲ့ အနှစ်ချုပ်ကတော့ ရှင်းရှင်းလေးပါပဲ။ အဲဒီကောင် မသေမချင်း ကျွန်တော် နန်းတော်ကို ပြန်လာလို့ မရဘူး။ ဒါကြောင့် ခင်ဗျား နန်းတော်ကို ပြန်ရောက်တဲ့အခါ ကျွန်တော့် ခမည်းတော်ကို ပြောလိုက်ပါ။ ကျွန်တော့်ကို ပြန်လာစေချင်ရင် အဲဒီလုံချန်း ဆိုတဲ့ကောင်ကို အမြန်ဆုံး အပြတ်ရှင်းပစ်ဖို့ လိုအပ်လိမ့်မယ်" သူက သက်ပြင်းချရင်း ဖြည့်စွက်ပြောကြားလိုက်လေသည်။

​သူတို့နှစ်ဦးသည် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ဝိုင်ကိုသာ ခဏမျှ ဆက်လက်သောက်သုံးနေခဲ့ကြပြီးနောက် စစ်သူကြီးသည် တစ်စုံတစ်ခုအား စတင်သတိပြုမိသွားသည့်အလား စကားကို ပြန်လည်စတင် လိုက်တော့သည်။

All Chapters