အခန်း (၁၀၄၇-၁၀၄၈)
Vol. 101 Ch. 1047-1048
အခန်း ၁၀၄၇ တောင်းဆိုချက်များ
"ကျွန်တော်က ဘာလို့ ငါးကြီးတစ်ကောင်ကို လွှတ်ထားခဲ့ပြီး ငါးလေးတစ်ကောင်နောက်ကို လိုက်ရမှာလဲ"
လုံချန်းက သရော်တော်တော် မေးခွန်းထုတ်လိုက်၏။ ၎င်းနောက် သူသည် ဗိုလ်ချုပ်ဝူကီကို စူးစိုက်ကြည့်ရင်း ဆက်ပြောသည်။ "ပြီးတော့... ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားတစ်ပါးလို ဘာလို့ စကားပြောနေတာလဲ။ ခင်ဗျားဟာ ကလေးသူငယ်တွေကို သတ်ဖြတ်စားသောက်တဲ့ လူယုတ်မာ တစ်ယောက်ပဲ မဟုတ်လား။ ဒီကို ရောက်ကတည်းက ခင်ဗျားရဲ့ သတင်းပုပ်တွေကို ကျွန်တော် အများကြီး ကြားခဲ့ရတယ်။ လူတွေက ခင်ဗျားကို ကြောက်ကြပေမဲ့ ကျွန်တော်ကတော့ မကြောက်ဘူး"
ထိုစကားကြောင့် ဗိုလ်ချုပ်ဝူကီ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။ ဤပြိုင်ပွဲကို ကမ္ဘာပေါင်း ၂၀ မှ စောင့်ကြည့်နေကြသည် မဟုတ်လော။ လူသိရှင်ကြား စွပ်စွဲခံလိုက်ရခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို အမှုန့်ဖြစ်အောင် ချေဖျက်လိုက်ခြင်းပင် ဖြစ်သည်။
"ဒါဆို သတင်းတွေက အမှန်ပဲပေါ့... သူက ကလေးတွေကို စားတာပဲ။ ဘယ်လောက်တောင် ယုတ်မာလိုက်လဲ"
အခြားကမ္ဘာမှ ရောက်နေကြသော ဧကရာဇ်များပင် ရွံရှာဖွယ်ကောင်းလှသော ဝူကီကို ကြည့်ကာ အော့နှလုံးနာမိတော့သည်။ သုံးလောက ဧကရာဇ်မှာလည်း မိမိ၏ ဗိုလ်ချုပ်အကြောင်း လူသိရှင်ကြား ပေါက်ကြားသွားသဖြင့် မျက်နှာပျက်နေရရှာ၏။ သူ သိလျက်နှင့် မသိကျိုးကျွံ ပြုထားခြင်းသည် သူ့သိက္ခာကိုပါ ထိခိုက်စေသည် မဟုတ်လော။
"ဒီခွေးကောင်၊ မင်းက ငါ့ကို စွပ်စွဲရဲတယ်ပေါ့။ မင်းက ဘာကောင်မို့လို့ ငါ့ကို ဒီလို စကားပြောရတာလဲ" ဝူကီက ဒေါသတကြီး ဟိန်းဟောက်သည်။
"ကျွန်တော်က ဘာကောင်လဲ ဟုတ်လား" လုံချန်းက လှောင်ပြုံး ပြုံးလိုက်ရင်း ဖြေသည်။ "ခင်ဗျား အဖေလေ။ ဘာသိချင်သေးလဲ။ ဒါပေမဲ့ ခင်ဗျားလို သားမျိုး ရှိနေတာကိုတော့ ကျွန်တော် တကယ် ရှက်မိတယ်။ မွေးကတည်းက ခင်ဗျားကို သတ်ပစ်ခဲ့ရမှာ"
မြွေဘုရင် သုံးလေ့ရှိသော ထိုဆဲရေးတိုင်းထွာမှုကို လုံချန်းက ဤနေရာတွင် အဆင်ပြေပြေပင် အသုံးချလိုက်ခြင်း ဖြစ်သည်။ ပရိသတ်ကြီးဆီမှ ရယ်သံများ ဝေါခနဲ ထွက်ပေါ်လာပြီး ဝူကီမှာ လူပြက်တစ်ဦးကဲ့သို့ ဖြစ်သွားတော့သည်။
"ကောင်လေး... မင်း ဆဲချင်သလောက် ဆဲလို့ ရတယ်။ ဒါပေမဲ့ ဧကရာဇ်မုန့်ကို ဘာလို့ ဓားစာခံ ဖမ်းထားရတာလဲဆိုတာ ပြောပြဦး။ မင်း ဘာလိုချင်လို့လဲ"
ဧကရာဇ်တုက အခြေအနေကို ထိန်းသိမ်းရန် ကြားဝင် မေးမြန်းလိုက်သည်။ "ငါတို့မှာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခု ရှိနေသေးတယ်။ ဒါကြောင့် မင်းရဲ့ တောင်းဆိုချက်တွေကိုသာ ပြောပါ။ မင်း ဘာ လိုချင်လဲ"
"ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေက ရိုးရှင်းပါတယ်။ ကျွန်တော် အများကြီး မလိုချင်ပါဘူး။ ခင်ဗျားတို့ အလွယ်တကူ ပေးနိုင်မယ့် အချက် ၃ ချက်ပဲ ရှိပါတယ်" လုံချန်းက တည်ငြိမ်စွာ ပြန်ဖြေ၏။
"တကယ်လို့ မင်းပြောသလို ရိုးရှင်းပြီး ဘယ်သူ့အသက်မှ ရန်မရှာဘူးဆိုရင် ငါတို့ ပေးပါ့မယ်။ မင်းရဲ့ အချက် ၃ ချက်ကို ပြောပါ" ဧကရာဇ်တုက လုံချန်းနှင့် ဧကရာဇ်မုန့်ကြားတွင် ကြားဝင်စေ့စပ်ပေးသူအဖြစ် ရှေ့သို့ တက်လာသည်။
"ပထမဆုံး တစ်ချက်ကတော့... မင်းသား မုန့်ချန်း ဆွဲထားတဲ့ ဆွဲကြိုးကို လိုချင်တယ်။ အဲဒီဆွဲကြိုးက သိပ်လှတာပဲ။ ကျွန်တော်နဲ့ဆို ပိုလိုက်ဖက်မယ် ထင်တယ်"
"မင်းသားမုန့်... ဒါ အဆင်ပြေမလား။ ခင်ဗျား အဖေရဲ့ အသက်ဘေးကင်းဖို့အတွက် ဒီဆွဲကြိုးကို ပေးလိုက်" ဧကရာဇ်တုက မုန့်ချန်းကို ပြောလိုက်သည်။
"ဒါ... ဒါပေမဲ့ ဒါက ကျွန်တော့်ဟာလေ။ ကျွန်တော်တို့ ဘာလို့ ဒီကောင့်စကားကို နားထောင်နေရတာလဲ" မုန့်ချန်းက မကျေမနပ် ပြန်ပြောသည်။
"မုန့်ချန်း၊ အဖေ့အသက်က အန္တရာယ်ဖြစ်နေတာကို မင်းက ဆွဲကြိုးတစ်ကုံးအတွက် တွန့်တိုနေတာလား။ ဒါက သာမန်ဆွဲကြိုးတစ်ကုံးပဲ မဟုတ်လား။ ပေးလိုက်စမ်း" အိမ်ရှေ့မင်းသားက သူ့ညီကို ငေါက်ငမ်းလိုက်သည်။ တတိယမင်းသား မုန့်ဟူလင်းကလည်း ထပ်ဆင့် တိုက်တွန်းသဖြင့် နောက်ဆုံးတွင် မုန့်ချန်းမှာ ဆွဲကြိုးကို ဖြုတ်၍ လုံချန်းထံသို့ ပစ်ပေးလိုက်ရလေတော့သည်။
လုံချန်းသည် ဆွဲကြိုးကို ဖမ်းယူကာ ဝမ်းသာအားရ သိမ်းဆည်းလိုက်သည်။ 'အခုတော့ သူတော်စင်ဘုရင်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်နိုင်မယ့် သော့နှစ်ချောင်းစလုံး ငါ့လက်ထဲ ရောက်ပြီပေါ့' သူက ကျေနပ်စွာ တွေးနေမိသည်။
"ကောင်းပြီ... ပထမအချက်ကို ငါတို့ ဖြည့်ဆည်းပေးပြီးပြီ။ ဒုတိယအချက်က ဘာလဲ"
"ဒုတိယအချက်ကတော့... ဗိုလ်ချုပ်ဝူကီရဲ့ စွမ်းအားမြှင့် ကျောက်တုံးကို လိုချင်တယ်။ သူလို ယုတ်မာတဲ့ ကျင့်ကြံသူတစ်ယောက် လက်ထဲမှာ ဒီလို ရတနာမျိုး မရှိသင့်ဘူး" လုံချန်းက သူ၏ လောဘကို သူတော်ကောင်းစိတ်ဖြင့် ဖုံးကွယ်ကာ တောင်းဆိုလိုက်သည်။
"ဘာ... မဖြစ်နိုင်ဘူး။ ငါ မပေးနိုင်ဘူး။ ဒါက ငါ့အသက်ထက်တောင် အရေးကြီးတဲ့ ရတနာပဲ။ ဘာလို့ ငါက တခြားကမ္ဘာက လူတစ်ယောက်ကို ကယ်ဖို့အတွက် ငါ့ရတနာကို ပေးရမှာလဲ" ဝူကီက ဒေါသတကြီး ငြင်းဆန်သည်။
"ဗိုလ်ချုပ်ဝူကီ... လောဘမကြီးစမ်းနဲ့။ ငါ့စကားကို နားထောင်ပြီး အဲဒီကျောက်တုံးကို ပေးလိုက်စမ်း" ဧကရာဇ်တုက မျက်မှောင်ကြုတ်ကာ ပြောသော်လည်း ဝူကီက မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်တုသည် သုံးလောက ဧကရာဇ်ဘက်သို့ လှည့်လိုက်သည်။
"မင်း ဗိုလ်ချုပ်ကို အဲဒီကျောက်တုံး ပေးခိုင်းလိုက်။ ဧကရာဇ်မုန့်က ဘယ်လိုလူပဲ ဖြစ်ဖြစ် သူက ဒီကမ္ဘာရဲ့ ဧည့်သည်ပဲ။ မင်းရဲ့ အင်ပါယာထဲမှာ ကမ္ဘာတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို အသေမခံလိုက်နဲ့"
သုံးလောက ဧကရာဇ် တွေဝေသွားသည်။ အကယ်၍ ဧကရာဇ်မုန့်သာ သေဆုံးသွားပါက သူ့အင်ပါယာ သိက္ခာကျမည် ဖြစ်သလို အခြားကမ္ဘာများကလည်း သူ့ကို လုံချန်းနှင့် ပူးပေါင်းကြံစည်သူဟု စွပ်စွဲကြပေလိမ့်မည်။
"ဗိုလ်ချုပ်ဝူကီ... ကျောက်တုံးကို ပေးလိုက်" ဧကရာဇ်က နောက်ဆုံးတွင် သက်ပြင်းချလျက် အမိန့်ပေးလိုက်သည်။
ဗိုလ်ချုပ်ဝူကီသည် မိမိ ဧကရာဇ်ပင် မိမိဘက်မှ မရပ်တည်တော့မှန်း သိလိုက်သောအခါ ဆွံ့အသွားတော့သည်။ သူ ငြင်းဆန်နေပါက သစ္စာဖောက်အဖြစ် သတ်ဖြတ်ခံရမည် ဖြစ်ရာ ကျောက်တုံးသာမက အသက်ပါ ဆုံးရှုံးရပေမည်။ ထို့ကြောင့် သူသည် နာကျင်စွာဖြင့် သူ၏ ရတနာကျောက်တုံးကို ပေးအပ်ရန် ပြင်ဆင်လိုက်ရလေသည်။
အခန်း ၁၀၄၈ နောက်ဆုံး ဆန္ဒ
"ကျွန်တော် အရှင်မင်းမြတ်ရဲ့ အမိန့်ကို နာခံပါ့မယ်"
နောက်ဆုံးတွင် ဗိုလ်ချုပ်ဝူကီ သည် ခေါင်းညိတ်၍ နာခံလိုက်ရလေသည်။ သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး သူ၏ ရတနာဖြစ်သော စွမ်းအားမြှင့် ကျောက်တုံးအား ထုတ်ယူကာ လုံချန်းထံသို့ ပစ်ပေးလိုက်၏။
သူ့မျက်နှာတွင် နာကျည်းမှုများ ဖုံးလွှမ်းနေသည်။ လုံချန်းကို သတ်ပစ်ချင်သည့် စိတ်မှာလည်း ထိန်းမနိုင် သိမ်းမရ။ ယခု သူ ခံစားနေရသည်က နေ့ခင်းကြောင်တောင် အဓမ္မ ဓားပြတိုက်ခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
"ကောင်းပြီ... မင်းရဲ့ ဒုတိယ တောင်းဆိုချက်ကိုလည်း ငါတို့ ဖြည့်ဆည်းပေးပြီးပြီ။ မင်းရဲ့ နောက်ဆုံးနဲ့ အရေးကြီးဆုံး တောင်းဆိုချက်ကို ပြောပါဦး" ဧကရာဇ်တုက ကျေနပ်သည့် လက္ခဏာဖြင့် မေးလိုက်သည်။ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည် မဟုတ်လော။
"ကျွန်တော့်ရဲ့ နောက်ဆုံး တောင်းဆိုချက်ကတော့ အရေးကြီးဆုံးပါပဲ။ ကျွန်တော့်ရဲ့ မိတ်ဆွေကို ကျွန်တော့်ဆီ ပြန်ပေးဖို့ပါ" လုံချန်းက ဆိုသည်။
"မိတ်ဆွေ ဟုတ်လား။ ဘယ်မိတ်ဆွေလဲ။ ဘယ်သူက မင်းရဲ့ မိတ်ဆွေကို ဖမ်းထားလို့လဲ။ ပြောစမ်းပါ။ ငါ ကူညီပေးပါ့မယ်" ဧကရာဇ်တုက ကတိပေးဟန်ဖြင့် ခေါင်းညိတ်ပြ၏။
"ကျွန်တော့် မိတ်ဆွေက ခင်ဗျားရဲ့ ဘေးနားမှာပဲ ရပ်နေတာလေ။ အဲဒီလူ... ကျိရှန်ပဲ" လုံချန်းက ပြတ်သားစွာ ကြေညာလိုက်သည်။
"သူလား"
"ဒီမိစ္ဆာဝိညာဉ်က ဒီကောင့်ရဲ့ မိတ်ဆွေတဲ့လား"
"မင်းကလည်း အ,တာပဲ။ သူက မိစ္ဆာဝိညာဉ်ကို ပြောတာမဟုတ်ဘူး။ အဲဒီ ဝိညာဉ် ပူးကပ်နေတဲ့ လူသားကို ပြောတာနေမှာပေါ့"
ပရိသတ်များမှာ လုံချန်း၏ စကားကို ကြားရလျှင်ပင် သူ မည်သည်အား ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
"ဟုတ်တယ်။ ကျွန်တော် သူတို့ကမ္ဘာမှာ ရှိနေတုန်းက သူက ကျွန်တော့်ရဲ့ မိတ်ဆွေပါ။ ကျွန်တော် ထွက်လာတဲ့အခါ သူ့ကို သူ့ရဲ့ ချစ်သူနဲ့အတူ ထားခဲ့ခဲ့တာ။ အဲဒီအချိန်က ဒီမိုက်မဲတဲ့ ဧကရာဇ်က ကျွန်တော့်ရဲ့ အမွေအနှစ်ကို လိုချင်လို့ ကျွန်တော့်နောက်ကို အသေသတ်ဖို့ လိုက်လံ ရှာဖွေနေခဲ့တာလေ။ အခုမှပဲ သူတို့က ကျွန်တော့် မိတ်ဆွေကို ဖမ်းဆီးပြီး သူတို့ ဘိုးဘေးရဲ့ မိစ္ဆာဝိညာဉ်ကို အဓမ္မ ပူးကပ်ခိုင်းထားတယ်ဆိုတာ သိရတော့တယ်" လုံချန်းက အကျိုးအကြောင်းကို ရှင်းပြသည်။
"ကျွန်တော့် မိတ်ဆွေကို ကျွန်တော် ပြန်လိုချင်တယ်။ အဲဒီ မိစ္ဆာဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲက ထွက်သွားခိုင်းပါ။ ပြီးရင် ကျွန်တော် မိတ်ဆွေနဲ့အတူ ထွက်သွားမယ်။ အဲဒီနောက်မှာ ခင်ဗျားတို့ ဒီပြိုင်ပွဲကို ဘာဆက်လုပ်လုပ် ကျွန်တော် ဝင်မရှုပ်တော့ဘူး" သူက ဆက်ပြော၏။
"ဒါကတော့..."
ဧကရာဇ်တုသည် ပထမ တောင်းဆိုချက်နှစ်ခုကို လွယ်လွယ်ကူကူ လက်ခံခဲ့သော်လည်း ယခု တောင်းဆိုချက်မှာမူ အလွန် ရှုပ်ထွေးနေသည်။ မိစ္ဆာဝိညာဉ်ကို ခန္ဓာကိုယ်ထဲက ထွက်သွားဖို့ ခိုင်းစေရမည်လော။ ထိုဝိညာဉ်ကရော သူ့စကားကို နားထောင်ပါမည်လော။ ၎င်းပြင် ထိုဝိညာဉ်သည် ဗိုလ်လုပွဲ၏ ပါဝင်ယှဉ်ပြိုင်သူ တစ်ဦး ဖြစ်နေပြန်သည်။
"ဒါက အတော်လေး ခက်ခဲလိမ့်မယ်။ သူက ဒီပြိုင်ပွဲမှာ ပါဝင်နေတဲ့သူ ဖြစ်တယ်။ ပွဲပြီးတဲ့အထိ စောင့်လို့ မရဘူးလား။ အခုလို လမ်းခုလတ်မှာ ထုတ်ပစ်လိုက်တာက တရားမျှတမှု မရှိသလို ဖြစ်နေလိမ့်မယ်" ဧကရာဇ်တုက တွန့်ဆုတ်စွာ ဆိုသည်။
"ဘာကို စောင့်ရမှာလဲ။ ခင်ဗျားတို့က နိုင်ဖို့အတွက် ကျွန်တော့် မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တာကို စောင့်ကြည့်ရမှာလား။ အဲဒီအချိန်ကျရင် ကျွန်တော်က ဘာကို ပြန်ရမှာလဲ" လုံချန်းက သရော်လိုက်သည်။
"ခင်ဗျားတို့ ပြိုင်ပွဲမှာ နိုင်ချင်ရင် သူ့ကို အရှုံးပေးခိုင်းရမယ်။ ဒါမှမဟုတ် ငါးမိနစ်အတွင်း သူ့ကို သတ်ရမယ်။ အရှုံးပေးဖို့ဆိုတာကတော့ သေပြီးသား မိစ္ဆာဝိညာဉ်အတွက် မဖြစ်နိုင်ဘူး။ သတ်ဖို့ဆိုတာကလည်း ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မှ ရမှာလေ။ အဲဒီလိုလုပ်ရင် ကျွန်တော့် မိတ်ဆွေရဲ့ ခန္ဓာကိုယ်က ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဟာ အပြစ်မဲ့သူတစ်ယောက်ကို သတ်တာနဲ့ အတူတူပဲ။ အဲဒါကိုတော့ ကျွန်တော် ခွင့်မပြုနိုင်ဘူး"
"မင်းပြောတာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့... ဟူး..." ဧကရာဇ်တုမှာ အကျပ်ရိုက်သွားတော့သည်။ နောက်ဆုံးတွင် သူက ဖြေရှင်းချက်တစ်ခုကို စဉ်းစားမိလိုက်သည်။
"ကောင်းပြီ... ဧကရာဇ်မုန့်၊ မင်းရဲ့ ဘိုးဘေး ဝိညာဉ်ကို ကျိရှန်ရဲ့ ကိုယ်ထဲက ထွက်လာခိုင်းလိုက်။ တခြား ခန္ဓာကိုယ်တစ်ခုထဲ ပြောင်းပြီး ပူးကပ်လို့ ရတာပဲ။ ဒါဆို မင်းလည်း အသက်ချမ်းသာရာ ရမယ်။ တိုက်ပွဲကိုလည်း ဆက်လို့ရမယ်"
"ဟား... မဖြစ်နိုင်တာ။ ငါ အဲဒီလို မလုပ်နိုင်ဘူး။ မိစ္ဆာဝိညာဉ်က ခန္ဓာကိုယ်ထဲမှာ မရှိရင် ဘာစွမ်းအားမှ မရှိတော့ဘူး။ အဲဒီအချိန်က သူ အားအနည်းဆုံး အချိန်ပဲ။ တကယ်လို့ ထွက်လာရင် မင်းက ငါတို့ ဘိုးဘေးဝိညာဉ်ကို အလွယ်တကူ ဖျက်ဆီးပစ်မှာပေါ့" ဧကရာဇ်မုန့်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ငါ အဲဒီလို မလုပ်ဘူးလို့ ကတိပေးတယ်။ တကယ်လို့ ငါ ဖျက်ဆီးချင်ရင် ခန္ဓာကိုယ်ကို ဖျက်ဆီးရုံနဲ့ ရနေတာပဲ။ ဒီကောင်လေးသာ ဝင်မရှုပ်ရင် ငါ အဲဒီဝိညာဉ်ကို သတ်ပြီးသား ဖြစ်နေပြီ။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ဒီလို ကိစ္စလေးအတွက်နဲ့ အပျက်မခံနိုင်ဘူး။ ငါက မင်း အသက်ကို ကယ်ဖို့ ကြိုးစားနေတာ" ဧကရာဇ်တုက ဒေါသတကြီး ပြန်ပြောသည်။
"ဧကရာဇ်မုန့်... ခင်ဗျား တစ်ခုတော့ မှတ်ထားဖို့ ကောင်းတယ်။ ခင်ဗျားဟာ ကျွန်တော့်ရဲ့ ရန်သူပဲ။ ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့ အမွေအနှစ်ကြောင့် တစ်ချိန်လုံး ကျွန်တော့်နောက် လိုက်ခိုင်းခဲ့တယ်။ အခု ခင်ဗျားရဲ့ ခေါင်းကို မဖြတ်သေးတာကိုက ကျွန်တော် သဘောထားကြီးလွန်းလို့ပဲ။ ဒီအခွင့်အရေးကို သုံးပြီး ခင်ဗျား အသက်ကို ကယ်ပါ။ ကျွန်တော့်ကို သတ်ဖို့ အကြောင်းပြချက် ထပ်မပေးနဲ့။ အကြောင်းပြချက် တစ်ခုတည်းနဲ့တင် ခင်ဗျား သေဖို့ လုံလောက်နေပြီ"
လုံချန်းက သတိပေးလိုက်သော်လည်း ဧကရာဇ်မုန့်ကမူ ကြောက်ရွံ့ပုံ မပေါ်ချေ။ သူက လုံချန်းကို လှောင်ပြောင်လျက် ပြန်လည် တုံ့ပြန်လိုက်သည်။
"မင်းလို ကောင်က ငါ့ကို သတ်ရဲတဲ့ သတ္တိ ရှိလို့လား။ မင်းက သူတော်စင်အဆင့် ပညာရှင်တွေကြားထဲ ရောက်နေတာနော်။ ပရိယာယ် သုံးပြီး ငါ့ကို ဓားစာခံ ဖမ်းထားနိုင်ရုံနဲ့ မင်းကိုယ်မင်း အဟုတ်ကြီးလို့ မထင်လိုက်နဲ့။ ငါနဲ့သာ တည့်တည့် တိုက်ရရင် မင်းရဲ့ အလောင်းကို လင်းတတွေ စားနေတာ ကြာလှပြီ"
"မင်းသာ ငါ့ကို သတ်ရင် မင်းလည်း အသက်ရှင်ဖို့ မမျှော်လင့်နဲ့တော့။ ငါ့ကို သတ်ရဲတဲ့ သတ္တိ မင်းမှာ မရှိဘူးဆိုတာ ငါလည်း သိတယ်။ မင်းလည်း သိတယ်။ ဒါကြောင့် လိမ်လိမ်မာမာနဲ့ အဲဒီ ဓားကို..."
ဧကရာဇ်မုန့် စကားပင် မဆုံးသေးချေ။ ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။ မဟုတ်ပါ... ကမ္ဘာကြီး လည်နေခြင်း မဟုတ်။ သူ၏ ဦးခေါင်းက မြေပေါ်သို့ လိမ့်ဆင်းသွားခြင်းသာ ဖြစ်သည်။ လုံချန်းသည် ဓားကို အသာအယာ လှုပ်ခတ်လိုက်ရုံဖြင့် ဧကရာဇ်မုန့်၏ ခေါင်းအား ကိုယ်ထည်မှ ခွဲထုတ်ပစ်လိုက်ပြီ မဟုတ်လော။
လုံချန်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နေရာရွှေ့ပြောင်းလိုက်ပြီး လူအုပ်ကြီး တစ်အုပ်လုံးအား ဆွံ့အသွားစေတော့သည်။ သူ တကယ် သတ်လိုက်ပြီ ဖြစ်သည်။ ဓားစာခံ ဖမ်းထားခြင်းသာ မဟုတ်လော။ အလဲအလှယ် လုပ်လိုခြင်းသာ မဟုတ်လော။ သို့သော် လုံချန်းကမူ အေးဆေးစွာပင်။
ပရိသတ်များ သာမက ဧကရာဇ်များပင် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။ ကျိရှန်၏ မျက်နှာတွင်လည်း အံ့ဩမှုများ ရိပ်ယောင်သွား၏။ လုံချန်း ပြောခဲ့သည့် စကားမှာ အမှန်ပင် ဖြစ်သည်။ မိမိလည်ပင်းကို ဓားဖြင့် ထောက်ထားသူကို ဒေါသထွက်အောင် ဆွံ့ပေးခြင်းမှာ မည်သည့်အခါမျှ ကောင်းကျိုး မပေးနိုင်ချေ။