အခန်း (၁၀၄၉-၁၀၅၀)
Vol. 101 Ch. 1049-1050
အခန်း ၁၀၄၉ နောက်ဆုံးအချိန် ရေတွက်ခြင်း
ဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် လုံချန်းသည် ထိုနေရာ၌ တုံ့ဆိုင်းမနေခဲ့ပေ။ လူအပေါင်းတို့ အံ့ဩမှင်သက်နေဆဲ အခိုက်အတန့်မှာပင် သူသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ချက်ချင်းပင် နေရာရွှေ့ပြောင်း လိုက်လေသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ဧကရာဇ်မုန့်၏ သားကြီးဖြစ်သော အိမ်ရှေ့မင်းသား၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့သည်။
အိမ်ရှေ့မင်းသား ကြောင်တောင်တောင် ဖြစ်နေဆဲမှာပင် လုံချန်းသည် သူ့နောက်၌ ရုတ်တရက် ပေါ်လာပြီး ဧကရာဇ်မုန့်၏ သွေးများ စွန်းပေနေသော ဓားနက်ကြီးကို မင်းသား၏ လည်ပင်းပေါ်သို့ အသာအယာ တင်လိုက်လေတော့သည်။
"မင်းအဖေက တကယ်ပဲ စကားများလွန်းတယ်။ ကြည့်စမ်း... ငါ သူ့ကို ငြိမ်းချမ်းသွားအောင် ကူညီပေးလိုက်ပြီလေ။ ငါက သဘောကောင်းတယ် မဟုတ်လား" လုံချန်းက မိစ္ဆာတစ်ဦးပမာ ပြုံးလျက် မေးလိုက်၏။
"ကဲ... မင်းကော မင်းအဖေလိုပဲ ငါ့ကို လာပြီး လှောင်ပြောင်ချင်သေးလား။ စိတ်မပူပါနဲ့။ မင်းတို့ တစ်ဆွေမျိုးလုံးကို အမြစ်ပြတ် မသတ်ခင်မှာ နောက်ထပ် နှစ်ယောက်လောက် ထပ်သတ်ဖို့ ငါ့မှာ အချိန်အလုံအလောက် ရှိပါသေးတယ်" သူက ရယ်မောရင်း ဆက်ပြောသည်။
"မင်းအဖေကို သတ်ဖို့ ကြောက်တယ်ဆိုတဲ့ ကိစ္စကတော့ ငါသာ တကယ် ကြောက်ရင် သူ့ကို ဓားစာခံဖမ်းဖို့တောင် ကြိုးစားမှာ မဟုတ်ဘူး။ ဒါကြောင့် သူ့ရဲ့ အတွေးအခေါ်က သိပ်ကို ကလေးဆန်လွန်းတယ်"
"မင်း... မင်း ငါ့ခမည်းတော်ကို သတ်လိုက်ပြီ" ခေါင်းပြတ်နေသော ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို ကြည့်ရင်း အိမ်ရှေ့မင်းသားက တုန်တုန်ရင်ရင် အော်ဟစ်လိုက်သည်။
"ဟေ့... အဲဒါ ငါ့အပြစ်တော့ မဟုတ်ဘူးနော်။ ငါ့ကို သတ်ဖို့ အကြောင်းပြချက် မပေးနဲ့လို့ သူ့ကို ငါ သတိပေးခဲ့သားပဲ။ သူကမှ နားမထောင်တာ။ သူကိုယ်တိုင်က သေချင်နေတာ ထင်ပါရဲ့။ ငါက ကူညီပေးရုံတင်ပါ။ မင်းလည်း အဲဒီလိုပဲ သေချင်တယ်ဆိုရင် ငါ ကူညီပေးနိုင်ပါတယ်။ မင်းအတွက်ဆိုရင် အကြောင်းပြချက် အပြည့်အစုံတောင် မလိုဘူး။ အကြောင်းပြချက် တစ်ဝက်လောက် ဆိုရင်တောင် လုံလောက်နေပြီ" လုံချန်းက ပြန်ပြော၏။
အေးစက်လှသော ဓားသွား၏ အထိအတွေ့ကြောင့် အိမ်ရှေ့မင်းသားမှာ ချွေးစေးများ ပြန်လာကာ နဖူးပြင်တွင် ချွေးများ စိုရွှဲလာတော့သည်။
ဓားသွား ထိမိထားသောကြောင့် သူ၏ လည်ပင်းတွင် နီရဲသော မျဉ်းကြောင်းတစ်ကြောင်း ထင်ကျန်နေခဲ့သည်။ ကံကောင်းထောက်မစွာပင် ထိုအရာမှာ သူ့သွေးမဟုတ်ချေ။ လုံချန်းသည် အိမ်ရှေ့မင်းသားကို မသတ်မိစေရန် ထိုအခိုက်အတန့်တွင် သတိထားနေခဲ့သည်။ ထိုနီရဲသော အစင်းကြောင်းမှာ ဓားပေါ်တွင် ပေကျံနေဆဲဖြစ်သော ဧကရာဇ်မုန့်၏ လတ်လတ်ဆတ်ဆတ် သွေးများသာ ဖြစ်၏။
"ဟေ့... မိစ္ဆာဝိညာဉ်အိုကြီး။ ခင်ဗျား ကျွန်တော်ပြောတာကို ကြားနိုင်ပြီး စကားပြောနိုင်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါကြောင့် ဆွံ့အချင်ယောင်ဆောင်မနေနဲ့" လုံချန်းက ကျိရှန်ဘက်သို့ လှည့်ကြည့်ရင်း လှမ်းအော်လိုက်သည်။ "ခင်ဗျားက မုန့်မျိုးနွယ်ရဲ့ ဘိုးဘေးဆို ဟုတ်လား။ ခင်ဗျားရဲ့ မျိုးနွယ်စု ခေါင်းဆောင် ဆုံးရှုံးသွားတာ ဘယ်လိုခံစားရလဲ။ ခင်ဗျားကလည်း သေပြီးသား။ ဧကရာဇ်မှာလည်း မောင်နှမ မရှိဘူး။ သူလည်း အခု သေပြီ။ အခု ခင်ဗျားရဲ့ မျိုးဆက်ထဲမှာ ကျန်ခဲ့တာဆိုလို့ ဒီကလေး သုံးယောက်ပဲ ရှိတော့တယ်"
"သူတို့ကိုပါ ကျွန်တော် အဆုံးစီရင်ပေးစေချင်လား ပြောစမ်း။ ခင်ဗျားအတွက် ဘာက ပိုအရေးကြီးလဲ။ ကျွန်တော့်မိတ်ဆွေရဲ့ ခန္ဓာကိုယ်ကို ဖက်တွယ်ထားမှာလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ မျိုးဆက်သစ် ကလေးတွေရဲ့ အသက်လား။ ဆုံးဖြတ်ချက်ကို ခင်ဗျား လက်ထဲပဲ အပ်လိုက်မယ်" သူက ယခုတစ်ကြိမ်တွင် မိစ္ဆာဝိညာဉ်ကို တိုက်ရိုက် ရည်ညွှန်း၍ စကားဆိုလိုက်သည်။
မည်သူမျှ ထိုမိစ္ဆာဝိညာဉ်ကို အဓမ္မ ထွက်လာအောင် မတတ်နိုင်မှန်း သူ သိသည်။ မိစ္ဆာဝိညာဉ်ကို ထွက်လာအောင် ဆွဲဆောင်နိုင်မည့် တစ်ခုတည်းသောသူမှာ ထိုမိစ္ဆာဝိညာဉ် ကိုယ်တိုင်သာ ဖြစ်၏။ လုံချန်းက သူ့ကို စည်းရုံးချင်နေခြင်း ဖြစ်သည်။ မိစ္ဆာဝိညာဉ်သာ ခန္ဓာကိုယ်ထဲမှ ထွက်သွားပါက ပြဿနာအားလုံး ပြေလည်သွားမည် မဟုတ်လော။
"ကောင်လေး... သေသေချာချာ စဉ်းစားစမ်း။ မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း မသိဘူး ထင်တယ်။ မင်းက ငါ့ရဲ့ မျိုးဆက်ကို သတ်လိုက်ရုံတင် မကဘဲ အခု ငါ့ရဲ့ ကလေးတွေကိုပါ ခြိမ်းခြောက်နေတယ်ပေါ့လေ"
ငရဲနက်ကြီး၏ အောက်ခြေမှ ထွက်ပေါ်လာ သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော၊ တုန်ရီခြောက်ခြားဖွယ် အသံနက်ကြီးဖြင့် မိစ္ဆာဝိညာဉ်က နောက်ဆုံးတွင် ပါးစပ်ဟ၍ ပြန်လည်ပြောဆိုလိုက်သည်။
"ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် ဂရုစိုက်တာက ခင်ဗျား ဘာလုပ်မလဲဆိုတာပဲ။ ထွက်မလား၊ မထွက်ဘူးလား။ ခင်ဗျား သဘောပဲ။ ဒါပေမဲ့ ခင်ဗျားသာ ထွက်မလာရင် ခင်ဗျားရဲ့ သွေးမျိုးဆက်ဟာ ဒီနေ့မှာပဲ အဆုံးသတ်သွားမယ် ဆိုတာ မှတ်ထားလိုက်" လုံချန်းက ပြန်လည် တုံ့ပြန်လိုက်၏။
"စိတ်ဝင်စားစရာပဲ။ မင်းက ငါ့ရဲ့ မျိုးဆက်ကို ဓားစာခံလုပ်ပြီး ခြိမ်းခြောက်ရဲတယ်ပေါ့။ မင်းရဲ့ မိတ်ဆွေက ငါ့လက်ထဲမှာ ရှိနေတယ်ဆိုတာ မင်း မေ့နေတာလား။ ငါ့ရဲ့ မျိုးဆက်တွေကို သတ်ကြည့်စမ်းပါ။ ငါ မင်းကို သတ်ပစ်ရုံတင် မကဘူး။ မင်းမိတ်ဆွေရဲ့ ဝိညာဉ်ကိုပါ အမှုန့်ခြေပစ်မယ်"
"ပြီးတော့ အဲဒီနောက်မှာ... ငါ အဲဒီ ကမ္ဘာတုလက်စွပ်ကို လုယူပြီး မင်းရဲ့ မိသားစုတွေကို အပြင်ထွက်လာအောင် လုပ်ပြီး အကုန်သတ်ပစ်မယ်။ မင်းရဲ့ မိန်းမတွေပါ အပါအဝင်ပေါ့။ သူတို့နာမည်တွေက ဘာတွေလဲ။ မင်ယု၊ ကျိချင်း၊ ရွှယ်၊ မေနဲ့ တခြားသူတွေ မဟုတ်လား။ စိတ်မပူပါနဲ့၊ သူတို့ကို မသတ်ခင်မှာ ငါ ကောင်းကောင်းကြီး ကစားပစ်ဖို့ မေ့မှာ မဟုတ်ဘူး" မိစ္ဆာဝိညာဉ်က လုံချန်းကို ခြိမ်းခြောက်ရင်း တဟားဟား ရယ်မောလိုက်လေသည်။
လုံချန်းသည် မျက်မှောင်ကြုတ်လျက် မျက်ဝန်းအစုံတွင် ဒေါသအရှိန်အဝါများ တဖြည်းဖြည်း ပြည့်လျှံလာခဲ့သည်။ ဤလူယုတ်မာသည် သူ့မိသားစုကို ခြိမ်းခြောက်ဝံ့နေသည် မဟုတ်လော။ သို့သော် မေးခွန်းတစ်ခု ရှိသည်ကား ထိုကောင်သည် ကမ္ဘာတုအကြောင်းနှင့် ထိုနေရာတွင် နေထိုင်သော သူ့မိသားစု အကြောင်းကို မည်သို့ သိနေသနည်း။ ကျိရှန်က သူတို့ကို ပြောပြခဲ့ခြင်းလော။ သို့မဟုတ် ကျိရှန်၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသောကြောင့် ကျိရှန်၏ မှတ်ဉာဏ်များအား ဖတ်ရှုနိုင်ခဲ့ခြင်းလော။
မည်သို့ပင်ဖြစ်စေ လုံချန်းကမူ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။ ဤစော်ကားမှုအတွက် ထိုမိစ္ဆာဝိညာဉ် ထွက်လာသည်နှင့် တစ်ပြိုင်နက် မိမိကိုယ်တိုင် လက်စဖျောက် ဖျက်ဆီးပစ်မည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ယခင်ကမူ သူသည် ကျိရှန်းနှင့်အတူ အေးဆေးစွာ ထွက်ခွာသွားရန်သာ စဉ်းစားခဲ့သော်လည်း ယခုမူ မထွက်ခွာမီ သွေးချောင်းစီးအောင် ဖျက်ဆီးပစ်ချင်သည့် စိတ်ရိုင်းများ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
"ခင်ဗျားက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အကြောင်းကို ပူပန်မနေစမ်းပါနဲ့။ ခင်ဗျားတင်မကဘူး၊ ခင်ဗျား အဖေပါ ခင်ဗျားလို ဂူထဲက ထွက်လာရင်တောင် သူတို့ကို ထိနိုင်မှာ မဟုတ်ဘူး။ ကျိရှန်ကို သတ်မလို့လား။ သတ်ချင် သတ်လိုက်လေ"
"သူ ခင်ဗျားနဲ့အတူ ရှိနေသရွေ့တော့ သေပြီးသားနဲ့ မထူးဘူး။ ကျွန်တော် သူ့ကို ငရဲပြည်မှာ ခင်ဗျားတို့ တစ်ဆွေမျိုးလုံးနဲ့အတူ ဆုံနိုင်ဖို့ နှုတ်ဆက်စကား ပြောလိုက်ပါ့မယ်။ ခင်ဗျားက ကျွန်တော့်ကို စမ်းသပ်ချင်တာလား။ ခင်ဗျား သား ကျွန်တော့်ကို စမ်းသပ်တုန်းက ဘယ်လို အဆုံးသတ်သွားလဲဆိုတာကို အမှတ်ရလိုက်။ အဲဒီအခါကျရင် ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာ ခင်ဗျား သေသေချာချာ သိသွားလိမ့်မယ်" လုံချန်းက တုံ့ပြန်လိုက်သည်။
"နောက်ပြီး တစ်ခု ပြောလိုက်ဦးမယ်။ ကျွန်တော့်မှာ စိတ်ရှည်သည်းခံနိုင်စွမ်း အများကြီး မရှိဘူး။ တကယ်လို့ ခင်ဗျား ချက်ချင်း ထွက်မလာရင် ခင်ဗျားရဲ့ သွေးမျိုးဆက်က ထီးနန်းကို ဆက်ခံနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော သားကြီးကို ဆုံးရှုံးရလိမ့်မယ်။ ဒါ ကျွန်တော့်ရဲ့ နောက်ဆုံး စကားပဲ။ ဒုတိယအကြိမ် ထပ်မပြောဘူး" သူက ဆက်ပြော၏။
"တစ်..."
"နှစ်..."
စကားဆုံးသည်နှင့် သူသည် အချိန်ကို စတင် ရေတွက်လေတော့သည်။
"ငါ့ရဲ့ မျိုးဆက်တွေကို လွှတ်ပေးစမ်း။ ဒါဆိုရင် ဒီတိုက်ပွဲပြီးတဲ့အခါ မင်းရဲ့ မိတ်ဆွေကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်" မိစ္ဆာဝိညာဉ်က အပေးအယူလုပ်ရန် ကမ်းလှမ်းလာသည်။
မိစ္ဆာဝိညာဉ်၏ ကမ်းလှမ်းချက်ကို လုံချန်းက မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ သူသည် ထိုစကားများကို မကြားရသည့်အလား ဆက်တိုက်ပင် ရေတွက်နေခဲ့၏။
"ငါး..."
"ခြောက်..."
ယခုအခါ အပေးအယူ ကိစ္စမှာ လုံချန်းနှင့် မိစ္ဆာဝိညာဉ်တို့ကြားတွင်သာ ဖြစ်ပျက်နေသောကြောင့် အခြားသော ဧကရာဇ်များမှာ ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ဘဲ ဘေးမှသာ စောင့်ကြည့်နေကြတော့သည်။ ဧကရာဇ်မုန့်ကမူ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ဤကမ္ဘာ၏ ဂုဏ်သိက္ခာမှာလည်း တစစ လွင့်ပါးသွားခဲ့ပြီ မဟုတ်လော။
သူတို့သည် ဤရှုပ်ထွေးလှသော ကိစ္စရပ်တွင် ပါဝင်ပတ်သက်လိုခြင်း မရှိတော့ဘဲ ကျန်ရှိသမျှကို မုန့်မျိုးနွယ်စု၏ ဘိုးဘေးထံသို့သာ ပုံအပ်ထားလိုက်ကြသည်။ အကြောင်းမူကား သူသည် လုံချန်း၏ နောက်ဆုံး တောင်းဆိုချက် ဖြစ်သလို မည်သူမျှလည်း သူ့အား အတင်းအဓမ္မ စေခိုင်း၍ မရသောကြောင့် ဖြစ်၏။
"ငါ မင်းကို သတိပေးလိုက်မယ်။ တကယ်လို့ မင်း သူ့ကို သတ်ရင် ငါ မင်းစကားကို နားထောင်မှာ မဟုတ်ဘူး။ မင်းကို ချက်ချင်း တိုက်ခိုက်မှာ" ဘိုးဘေးမုန့်က လုံချန်းကို ခြိမ်းခြောက်ပြန်သည်။
"ခုနစ်..."
"ရှစ်..."
လုံချန်းသည် သူ၏ စကားများကို လုံးဝ ဂရုမစိုက်သည့်အလား ထပ်မံ၍ ဥပေက္ခာပြုလိုက်ပြန်သည်။ မည်သည့် ခြိမ်းခြောက်မှုမျှ သူ့အပေါ်တွင် အလုပ်မဖြစ်တော့ချေ။
ကိန်းဂဏန်းများမှာ တစ်ဆယ်သို့ နီးကပ်လာသည်နှင့်အမျှ လုံချန်း၏ လက်သည် ဓားရိုးပေါ်တွင် ပိုမိုမြဲမြံလာခဲ့သည်။ သူသည် အိမ်ရှေ့မင်းသား၏ လည်ပင်းကို အမှန်တကယ်ပင် ဖြတ်တောက်ရန် ပြင်ဆင်ထားကြောင်း အထင်အရှားပင်။
အခြားသော မင်းသားငယ်များမှာမူ သားကြီးဖြစ်သူ သေဆုံးပြီးနောက် မိမိတို့ အလှည့် ရောက်လာမည်ကို သိရှိသောကြောင့် တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာနေကြတော့သည်။ သူတို့သည် နောက်ထပ် သေရမည့်သူများ မဖြစ်ချင်ကြချေ။
"ကိုး..."
လုံချန်းက တစ်ဆယ်ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် ဘိုးဘေးဝိညာဉ်က အလန့်တကြား အော်ဟစ်လိုက်လေတော့သည်။
"နေဦး၊ ငါ သူ့ခန္ဓာကိုယ်ထဲက ထွက်ပေးမယ်။ သူ့ကို လွှတ်ပေးမယ်။ သူတို့ကို မသတ်ပါနဲ့"
အခန်း ၁၀၅၀ ပစ်မှတ် ပြောင်းလဲခြင်း
"နေဦး၊ ငါ သူ့ခန္ဓာကိုယ်ထဲက ထွက်ပေးမယ်။ သူ့ကို လွှတ်ပေးမယ်။ သူတို့ကို မသတ်ပါနဲ့"
လုံချန်း အချိန်ရေတွက်ခြင်းကို အဆုံးသတ်ခါနီး ဆဲဆဲမှာပင် ဘိုးဘေးဝိညာဉ်က အလန့်တကြား အော်ဟစ်လိုက်လေသည်။ သူသည် လုံချန်း မည်မျှအထိ ရက်စက်ပြတ်သားနိုင်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ မဟုတ်လော။ ဤလူငယ်သည် ဧကရာဇ်မုန့်ကိုပင် မျက်တောင်မခတ်တမ်း သတ်ဖြတ်ဝံ့ခဲ့ရာ အိမ်ရှေ့မင်းသားအား သတ်ရန်လည်း နှစ်ခါပြန် စဉ်းစားမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
ထိုမိစ္ဆာဝိညာဉ်သည် မုန့်မျိုးနွယ်စု၏ ဘိုးဘေးတစ်ဦး ဖြစ်ပေရာ မိမိ၏ မျိုးနွယ်စုကြီး ယနေ့တွင်ပင် အဆုံးသတ်သွားမည့် အဖြစ်ကိုမူ သူ မည်သို့မျှ မရှုရက်နိုင်ချေ။ ၎င်းပြင် သူသည် ဒုတိယမင်းသား၊ တတိယမင်းသားတို့နှင့်လည်း အတူရှိခဲ့ဖူးသဖြင့် လုံချန်း ပြောသည်မှာ မှန်ကန်ကြောင်း သူ သိသည်။ ထိုမင်းသားနှစ်ပါးလုံးမှာ အသုံးမကျသော လူမိုက်များသာ ဖြစ်ကြပြီး ယခုအခါ မုန့်မျိုးနွယ်စုကို ထိန်းသိမ်း ဦးဆောင်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူမှာ အိမ်ရှေ့မင်းသားသာ ရှိတော့သည်။
ထို့ကြောင့် သူသည် အိမ်ရှေ့မင်းသားကို ယနေ့တွင် အသေမခံနိုင်တော့ပြီ။ သူသည် ကျိရှန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန် သဘောတူလိုက်သော်လည်း လက်လျှော့ အရှုံးပေးလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။ သူ မည်သို့ ဆက်လုပ်ရမည်ကို စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။ လုံချန်းက သူ၏ မျိုးဆက်ကို လွှတ်ပေးပြီးသည်နှင့် အကောင်အထည်ဖော်မည့် အစီအစဉ်တစ်ခု သူ၏ ခေါင်းထဲတွင် ရှိနေခဲ့ပြီ ဖြစ်သည်။
"ဒီလို လိမ္မာမှပေါ့။ ကဲ... မြန်မြန်လုပ်၊ ခင်ဗျားနဲ့ မဆိုင်တဲ့ ခန္ဓာကိုယ်ထဲက အခုချက်ချင်း ထွက်စမ်း" မိစ္ဆာဝိညာဉ်က သဘောတူလိုက်သည်ကို မြင်သောအခါ လုံချန်းက ကျေနပ်စွာ ခေါင်းညိတ်လျက် ဆိုလိုက်သည်။
"ကောင်းပြီ" မိစ္ဆာဝိညာဉ်က ခေါင်းညိတ်ပြပြီး ကျိရှန်၏ ခန္ဓာကိုယ်ထဲမှ တရွေ့ရွေ့ ချဉ်းနင်းထွက်ခွာလာခဲ့၏။
ဝိညာဉ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျိရှန်သည် သတိလစ်မေ့မြောနေသော လူတစ်ဦးကဲ့သို့ မြေပြင်ပေါ်သို့ ဆတ်ခနဲ လဲပြိုကျသွားတော့သည်။ လုံချန်းနှင့် ထိုနေရာ၌ ရှိနေကြသော လူအပေါင်းတို့သည် မိစ္ဆာဝိညာဉ်၏ စစ်မှန်သော ရုပ်သွင်ကို မြင်တွေ့လိုက်ကြရသည်။ ကျိရှန်၏ ခန္ဓာကိုယ်အနီးတွင် လွင့်မျောနေသော တစ်ပိုင်းတစ်စ မှုန်ဝါးဝါး ပွင့်လင်းမြင်သာသည့် မိစ္ဆာဝိညာဉ်အိုကြီး၏ ဝိညာဉ်ခန္ဓာကို သူတို့ ထင်ထင်ရှားရှား မြင်လိုက်ရခြင်း ဖြစ်၏။
"ငါ သူ့ခန္ဓာကိုယ်ထဲက ထွက်ခဲ့ပြီ။ အခု ငါ့ရဲ့ မျိုးဆက်ကို လွှတ်ပေးတော့" မိစ္ဆာဝိညာဉ်က လုံချန်းကို လှမ်း၍ ပြောလိုက်သည်။
"မရသေးဘူး။ အရင်ဦးဆုံး ကျိရှန်ရဲ့ အနီးကနေ မီတာ ငါးဆယ်လောက် ဝေးရာကို နောက်ဆုတ်ပေး။ အဲဒီအခါကျမှ ကျွန်တော် သူ့ကို လွှတ်ပေးမယ်" လုံချန်းက ဓားကို လည်ပင်းမှ မဖယ်ရှားသေးဘဲ တင်းတင်းမာမာ ပြန်ပြောလိုက်၏။
ထိုမိစ္ဆာဝိညာဉ်သည် အနီးအနားတွင် လွင့်မျောနေဆဲ ဖြစ်ရာ လုံချန်းအနေဖြင့် ကျိရှန်အနီးသို့ ချက်ချင်း နေရာမရွှေ့ပြောင်းဝံ့သေးချေ။ အကယ်၍ သူက အိမ်ရှေ့မင်းသားကို လွှတ်ပေးလိုက်လျှင် ထိုဝိညာဉ်က ကျိရှန်၏ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ကြိမ် ပြန်လည် ပူးကပ်သွားနိုင်သည့် အခွင့်အလမ်း အပြည့်အဝ ရှိနေသည်။ လုံချန်းသည် ထိုဖြစ်နိုင်ခြေကို လုံးဝ အဖြစ်မခံနိုင်ပေ။
"ကောင်းပြီ" မိစ္ဆာဝိညာဉ်သည် ဤအချက်ကိုလည်း သဘောတူလိုက်ပြီး နောက်သို့ လွင့်မျောဆုတ်ခွာသွားကာ ကျိရှန်နှင့် သူ့ကြား အကွာအဝေးကို တိုးမြှင့်လိုက်လေသည်။
"ခင်ဗျားတို့ အားလုံးလည်း ကျိရှန်ရဲ့ ဘေးကနေ ဖယ်ပေးကြပါ"
ဧကရာဇ်တုနှင့် ဗိုလ်ချုပ်ဝူကီတို့သည် ကျိရှန်အနီးတွင် ရှိနေဆဲ ဖြစ်သဖြင့် လုံချန်းက သူတို့ကိုပါ နောက်ဆုတ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။ ဧကရာဇ်တုသည် စကားကို နားထောင်ကာ နောက်သို့ ဆုတ်ပေးခဲ့သည်။ ဗိုလ်ချုပ်ဝူကီမှာမူ ဒေါသထွက်နေဆဲ ဖြစ်သော်လည်း သူသည်လည်း စကားကို နားထောင်ကာ နောက်ဆုတ်သွားခဲ့၏။ သို့သော် သူ့စိတ်ထဲတွင်မူ လုံချန်းသည် ကျိရှန်းအနားသို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကလဲ့စားချေရန်အတွက် ချက်ချင်း တိုက်ခိုက်မည်ဟု ကြံစည်ထားပြီးသား ဖြစ်သည်။
'ဟက်... ဒီကောင်က ငါတို့ အကွာအဝေး တစ်ခုမှာ နေပေးလိုက်ရင် သူ ဘေးကင်းသွားပြီလို့ ထင်နေတာလား။ သိပ်ကို နုနယ်လွန်းပါသေးတယ်။ ငါ့ရဲ့ တိုက်ကွက်တွေအကြောင်း သူ ဘာမှ မသိသေးဘူး' ဗိုလ်ချုပ်ဝူကီက တွေးတောရင်း မဲ့ပြုံး ပြုံးလိုက်၏။
"ဗိုလ်ချုပ်ဝူကီ... ကျွန်တော်က ခင်ဗျားထင်သလို နုနယ်တဲ့ကောင် မဟုတ်ဘူးနော်။ ကျွန်တော် သတိပေးလိုက်မယ်။ ခင်ဗျား ကြိုက်တာကို စမ်းကြည့်နိုင်တယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ခင်ဗျား ဘာဖြစ်သွားမလဲ ဆိုတာကိုတော့ ကျွန်တော့်ကို လာမပြစ်တင်နဲ့" လုံချန်းက ဗိုလ်ချုပ်ဝူကီကို စိုက်ကြည့်ကာ တုံ့ပြန်လိုက်ရာ ဗိုလ်ချုပ်ကြီးမှာ လန့်ဖျတ်သွားတော့သည်။
"မင်း... မင်း ငါဘာတွေးနေလဲဆိုတာ ဘယ်လိုလုပ် သိတာလဲ" ဗိုလ်ချုပ်ဝူကီက တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်မေးမြန်းလိုက်၏။
"ကျွန်တော်က ခင်ဗျား ထင်ထားတာထက် ပိုပြီး သိတာပေါ့ဗျာ။ ဒါကြောင့် ကိုယ့်အတိုင်းအတာနဲ့ကိုယ် နေပါ။ ဒါမှမဟုတ်... ခင်ဗျားတို့ ဧကရာဇ်ရဲ့ တူတော် အကြောင်းကိုပါ ကျွန်တော်က ထုတ်ပြောရမလား" လုံချန်းက မေးလိုက်သည်။
"ငါ့ရဲ့ တူတော် ဟုတ်လား။ သူ ပျောက်ဆုံးသွားတာ ဘယ်တုန်းကမှ ပြန်မတွေ့တော့ဘူးလေ။ သူ့အကြောင်း ဘာဖြစ်လို့လဲ" သုံးလောက ဧကရာဇ်သည် သူ၏ တူတော်အကြောင်း ထွက်ပေါ်လာသောအခါ အံ့ဩတုန်လှုပ်စွာဖြင့် အော်ပြောလိုက်မိသည်။
ထိုအကြောင်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူ၏ တူတော်သည် အနီးနားရှိ မြို့တစ်မြို့မှ ပြန်လာစဉ် ဓားပြများ၏ တိုက်ခိုက်မှုကို ခံရပြီး ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။ သုံးလောက ဧကရာဇ်သည် သူ့ကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဓားပြများကိုလည်း မမိ၊ သူ၏ တူတော်ကိုလည်း ပြန်မတွေ့ခဲ့ရချေ။ ထိုစဉ်က ဗိုလ်ချုပ်ဝူကီအား ထိုရှာဖွေရေးကိစ္စကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
လုံချန်း၏ စကားထဲက လျှို့ဝှက်ချက်ကို သဘောပေါက်သွားသောအခါ ဗိုလ်ချုပ်ဝူကီ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ ဤကောင်က ထိုအကြောင်းကို မည်သို့ သိနေရသနည်း။ သူသည် တကယ်ပင် စိတ်ချင်းဆက်ပြီး အတွေးကို ဖတ်နိုင်သည်လော။ ဧကရာဇ်က သူ၏ စွမ်းအားမြှင့်ကျောက်တုံးကို ပေးအပ်ရန် အတင်းအဓမ္မ စေခိုင်းခဲ့စဉ်က ဧကရာဇ်၏ တူတော်အပေါ် မိမိ ပြုလုပ်ခဲ့သည့် အမှုကိစ္စကို သူ စိတ်ထဲတွင် ခဏမျှ တွေးတောမိခဲ့ခြင်းသာ ဖြစ်၏။ လုံချန်းသည် သူ၏ စိတ်အကြံကို ကြားသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
ယခုအခါ ထိုရှာဖွေရေးမှာ အချည်းနှီး မဖြစ်ခဲ့ကြောင်း သိရှိသူ နောက်တစ်ဦး ပေါ်လာခဲ့ပြီ ဖြစ်သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ဝူကီသည် ဓားပြများနှင့် တူတော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ဓားပြများကို သတ်ဖြတ်ပစ်ကာ ဧကရာဇ် တူတော်၏ ထူးခြားသော သွေးမျိုးဆက်ကြောင့် မိစ္ဆာကျင့်စဉ် အတွက် အသုံးချပစ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့ ပြုလုပ်ပြီးနောက်တွင်မူ သူသည် ဧကရာဇ်၏ မျိုးဆက် တူတော်ကို မည်သို့မျှ ရှာမတွေ့တော့ပါဟု မုသားစကားဖြင့် ဇာတ်လမ်းဆင်ခဲ့ခြင်း ဖြစ်၏။
လုံချန်း၏ စကားကို ကြားပြီးနောက်တွင်မူ သူသည် ပျာပျာသလဲ နောက်သို့ ဆုတ်ခွာသွားခဲ့တော့သည်။ သူသည် မိမိ၏ အမှုဆိုးကြီး ပေါ်သွားမည်ကို အလွန် ကြောက်ရွံ့နေမိသည်။ ထို့ကြောင့် လုံချန်း ခိုင်းသမျှကိုသာ လုပ်ရန် သူ ဆုံးဖြတ်လိုက်တော့၏။ လုံချန်းသည် ဗိုလ်ချုပ်ဝူကီ၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ မဟုတ်လော။ အကယ်၍ ဤလျှို့ဝှက်ချက်သာ ပေါ်ပေါက်သွားပါက ဗိုလ်ချုပ်ဝူကီသည် ဧကန်မုချ အသက်ပျောက်ရပေမည်။ သူ့အတွက်မူ ကလဲ့စားချေခြင်းထက် မိမိ၏ အသက်ရှင်သန်ရေးက ပို၍ အရေးကြီးပေသည်။
"ဗိုလ်ချုပ်ဝူကီ၊ သူ ဘာတွေ ပြောနေတာလဲ" သုံးလောက ဧကရာဇ်သည် သူတို့၏ စကားဝိုင်းထဲမှ ထူးဆန်းသော အချက်ကို သတိပြုမိသွားပြီး ဗိုလ်ချုပ်ဝူကီအား တိုက်ရိုက် မေးမြန်းလိုက်လေသည်။
"အရှင်မင်းကြီး... ဒီအကြောင်းကို ကျွန်တော် နောက်မှ အသေးစိတ် တင်ပြပါ့မယ်။ အခု လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေကို ကယ်တင်ဖို့က အဓိကပါ" ဗိုလ်ချုပ်ဝူကီက စကားလမ်းကြောင်းလွှဲလျက် ပြန်လည် လျှောက်တင်လိုက်၏။ ဤနည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု သူ ယူဆထားသည်။ ပထမဦးစွာ လုံချန်းကို ဤနေရာမှ ထွက်ခွာသွားအောင် အရင် လုပ်ရမည်။ သူ ထွက်သွားပြီးမှသာ ဧကရာဇ်ကို မိမိ အသက်ဘေးမှ လွတ်မြောက်ရန် ဆင်ခြေအမျိုးမျိုး ပေး၍ ရမည် ဖြစ်သည်။
မိစ္ဆာဝိညာဉ်နှင့် အခြားသူများအားလုံး မီတာငါးဆယ်ခန့် ဝေးကွာသွားပြီးမှသာ လုံချန်းသည် စတင် လှုပ်ရှားတော့သည်။ သူသည် ဓားနက်ကြီးကို အိမ်ရှေ့မင်းသား၏ လည်ပင်းမှ ဖယ်ရှားလိုက်ပြီး ကျိရှန်၏ ခန္ဓာကိုယ်အနီးသို့ ချက်ချင်း နေရာရွှေ့ပြောင်း လိုက်လေ၏။ သူသည် အချိန်ဆွဲမနေဘဲ ဟင်းလင်းပြင် နိယာမကို အသုံးပြုကာ အဝေးသို့ ပို့ဆောင်ပေးနိုင်မည့် ဟင်းလင်းပြင် တံခါးပေါက် တစ်ပေါက်အား ဖွင့်လှစ်ပြီး ကျိရှန်၏ ခန္ဓာကိုယ်ကို ပွေ့ချီကာ ပျာပျာသလဲ ကောက်ယူလိုက်သည်။
"ဟီးဟီးဟီး... နောက်ကျသွားပြီကွ"
လုံချန်းသည် ကျိရှန်ကို ပွေ့ချီလျက် ဟင်းလင်းပြင်တံခါးထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် ထူးဆန်းသော အသံတစ်သံအား ကြားလိုက်ရသည်။ မိစ္ဆာဝိညာဉ်သည်လည်း ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ကဲ့သို့သော အရှိန်အဝါဖြင့် သူတို့အနီးသို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
"မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးအောင် လုပ်ခဲ့တယ်နော်။ အခုတော့ မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ ငါ သိမ်းပိုက်ရတော့မှာပေါ့။ စိတ်မပူပါနဲ့... မင်းရဲ့ ကိုယ်ခန္ဓာကို ငါ ကောင်းကောင်းကြီး စောင့်ရှောက်ပေးပါ့မယ်" မိစ္ဆာဝိညာဉ်သည် တဟီးဟီး ရယ်မောရင်း လုံချန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်ရန်အတွက် လုံချန်းထံသို့ တဟုန်ထိုး ပျံသန်းဝင်ရောက်လာခဲ့လေသည်။
လုံချန်းသည် ကျိရှန်၏ ခန္ဓာကိုယ်အား ကမ္ဘာတုထဲသို့ အမြန်ဆုံး ပို့ဆောင်ပေးလိုက်ပြီး မိမိကိုယ်ကို လွတ်လပ်အောင် ပြုလုပ်လိုက်၏။ ထိုမိစ္ဆာဝိညာဉ်က သူ့ခန္ဓာကိုယ်ကို လိုချင်နေသည်ဆိုလျှင် သူ လိုချင်သည်အား ပေးလိုက်ရန် သူ ဆုံးဖြတ်လိုက်တော့သည်။
"ရတာပေါ့။ လာလေ... ကျွန်တော့် ခန္ဓာကိုယ်ကို လာယူစမ်း" လုံချန်းက မိစ္ဆာဝိညာဉ် တဟုန်ထိုး ဝင်ရောက်လာသည်ကို ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်၏။
မိစ္ဆာဝိညာဉ်သည် လုံချန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် အတင်းအဓမ္မ ထိုးနှက်ဝင်ရောက်လိုက်လေသည်။
"အား... နာလိုက်တာ။ ပူလိုက်က ကွဲကြေမတက်ပဲ။ မင်း... မင်းက ဘာကောင်လဲ"
မိစ္ဆာဝိညာဉ်သည် လုံချန်း၏ ခန္ဓာကိုယ်ကို ထိမိသည်နှင့်တစ်ပြိုင်နက် နာကျင်လွန်းသဖြင့် အော်ဟစ်မြည်တမ်းကာ ဒဏ်ရာအပြည့်ဖြင့် နောက်သို့ လန့်ဖျတ် ဆုတ်ခွာ သွားခဲ့ရတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ လုံချန်းသည် မည်သို့သော အရာဖြင့် ဖွဲ့စည်းထားသနည်း။ မိမိကို ဤမျှအထိ ပြင်းထန်စွာ နာကျင်အောင် မည်သို့ ပြုလုပ်နိုင်ရသနည်း။
မိစ္ဆာဝိညာဉ်သည် သူ၏ မူလကျင့်စဉ် အဆင့်ထက် တူညီသော သို့မဟုတ် ပိုမိုမြင့်မားသော ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပူးကပ်နိုင်စွမ်း မရှိသည်မှာ အမှန်ပင် ဖြစ်သော်လည်း ထိုသို့ ဖြစ်လျှင်ပင် ယခုကဲ့သို့ ပြင်းထန်စွာ နာကျင်ခြင်းမျိုး မရှိခဲ့ဖူးချေ။ သို့ဆိုလျှင် ယခုကဲ့သို့ အားနည်းလှသော ကျင့်ကြံသူလေး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးစားခြင်းက အဘယ်ကြောင့် ဤမျှအထိ ပူလောင်နာကျင်ရသနည်း။ သူ၏ ခန္ဓာကိုယ်ကို မည်သည့်အရာများဖြင့် တည်ဆောက်ထားသနည်း။