အခန်း (၁၀၅၃-၁၀၅၄)
Vol. 101 Ch. 1053-1054
အခန်း ၁၀၅၃ စွမ်းရည်သစ်တစ်ခု
လုံချန်းသည် မိမိထံသို့ ဦးတည်ရွေ့လျားလာနေသော မီးလျှံလုံးပေါင်း ထောင်သောင်းချီကို မြင်တွေ့နေရသည်။ ထိုအရာသည် သူ့တစ်ဦးတည်းကိုသာမက တိုက်ပွဲကွင်းပြင် တစ်ခုလုံးကိုပါ ပစ်မှတ်ထားကျရောက်လာသည့် ဥက္ကာခဲမိုး ရွာသွန်းမှုကြီးနှင့် သဏ္ဌာန်တူလှပေသည်။ လုံချန်းကို အသာထား ထိုနေရာတွင် ရှိနေသူ မည်သူတစ်ဦးမျှ ဘေးကင်းနိုင်မည့်ပုံ မပေါ်ချေ။
ဘိုးဘေးဝိညာဉ်သည် တမင်တကာပင် နေရာအနှံ့အပြားကို သိမ်းကျုံးတိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ အကြောင်းမူကား အကယ်၍ နေရာလွတ် တစ်ခုခု ကျန်ရစ်ခဲ့ပါက လုံချန်း၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းသော နေရာရွှေ့ပြောင်းခြင်း ပညာက အလုပ်လုပ်သွားမည်ကို သူ ကောင်းစွာ သိနေသောကြောင့် ဖြစ်သည်။ လုံချန်းသည် ထိုဘေးကင်းရာ နေရာသို့ ချက်ချင်း ရွှေ့ပြောင်းကာ အသက်ရှင်လွတ်မြောက် သွားပေမည်။ ၎င်းမှာ ဘိုးဘေးဝိညာဉ် အဖြစ်မခံနိုင်ဆုံးသော အရာ ဖြစ်ပေသည်။
သူသည် လောတကြီး ပြုလုပ်လိုက်ရသဖြင့် ဤတိုက်ပွဲကွင်းပြင် အတွင်း၌ သူ့ရန်သူနှင့် ပွဲကြည့်ပရိသတ်များသာမက ကိုယ်ပိုင် မျိုးဆက်များပါ ရှိနေသည်ကိုပင် မေ့လျော့သွားခဲ့ရသည်။ သူတို့အားလုံးသည်လည်း ဤတိုက်ကွက်ကြောင့် အသက်ပျောက်ပျက်သွားနိုင်သည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။ မည်သို့ဆိုစေ ဤတိုက်ကွက်မှာ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် ထုတ်သုံးလိုက်သော တိုက်ကွက်တစ်ခု မဟုတ်လော။ သာမန်လူသားများ အနေဖြင့်မူ ဤတိုက်ကွက်၏ ထိမှန်မှုကို ခံရပါက အသက်ရှင်ရန် လမ်းစ လုံးဝ မရှိနိုင်ချေ။
"ဒီအရူးကတော့ကွာ... ငါတို့ အားလုံးကိုပါ သတ်ပစ်ဖို့ ကြံနေတာလား"
ဘိုးဘေးဝိညာဉ်၏ မည်သူ့အသက်ကိုမျှ ငဲ့ညှာခြင်းမရှိသော တိုက်ကွက်ကို ကြည့်ရင်း ဧကရာဇ်တုက ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ ယခုအခြေအနေသည် တိုက်ပွဲတစ်ခုထက်ပင် ကျော်လွန်နေပြီး ဤနေရာရှိ လူအားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်၏။
"ငါက ကွင်းထဲက လူအားလုံးကို ကာကွယ်မယ်။ မင်းတို့အားလုံးက ပွဲကြည့်စင်က လူတွေကို ကာကွယ်ပေးကြ။ မြန်မြန်လုပ်" သူသည် မိမိ၏ လက်ကို ခေါင်းပေါ်သို့ မြှောက်တင်ရင်း အခြားသော ဧကရာဇ်များအား အမိန့်ပေးလိုက်လေတော့သည်။
လုံချန်းနှင့် သူတော်စင်မုန့်တို့မှ တစ်ပါး ဤနေရာတွင် ရှိနေကြသော ပါဝင်ယှဉ်ပြိုင်သူတိုင်းနှင့် အခြားသော သူများအားလုံး၏ ခေါင်းပေါ်တွင် ကြီးမားသော အကာအကွယ် ဒိုင်းပြားကြီး တစ်ပြား ပေါ်ပေါက်လာခဲ့သည်။ အခြားသော ဧကရာဇ်များလည်း ချက်ချင်း ထရပ်လိုက်ကြ၏။
ဧကရာဇ်ချန်သည် စစ်ရင်ပြင်၏ တောင်ဘက်အရပ်ကို တာဝန်ယူကာ ပွဲကြည့်ပရိသတ်များအား ကာကွယ်ရန် ထိုနေရာတွင် အကာအကွယ်ဒိုင်းကို ကျောက်ချလိုက်သည်။ သုံးလောက ဧကရာဇ်က မြောက်ဘက် အရပ်ကို တာဝန်ယူသည်။ တခြား ကမ္ဘာမှ ဧကရာဇ်ကမူ အရှေ့ဘက်အရပ်ကို တာဝန်ယူပြီး နောက်ဆုံး၌ ဧကရာဇ်လုကလည်း အနောက်ဘက်အရပ်အား တာဝန်ယူကာ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။
အကယ်၍ ဤအတိုင်းသာ လွှတ်ထားပါက လူအများ အပေါ်သို့ တည့်တည့်ကျရောက်လာမည့် ဘေးအန္တရာယ်ဆိုးကြီးမှ ကာကွယ်ရန်အတွက် လူတိုင်း၏ အပေါ်တွင် ကြီးမားသော အကာအကွယ် အမိုးအကာကြီးများကို အချိန်ကိုက် တည်ဆောက်လိုက်ကြခြင်း ဖြစ်ပေသည်။
လုံချန်းကမူ ဥက္ကာခဲများနှင့် သဏ္ဌာန်တူစွာ ကျရောက်လာနေဆဲ ဖြစ်သော မီးလျှံလုံးကြီးများကို စိုက်ကြည့်နေဆဲ ဖြစ်၏။ သူသည် ဤတိုက်ကွက်များကို ရှောင်ကွင်းရန် ပြင်ဆင်နေပုံ မရချေ။ ထို့ပြင် ထိုကြောက်မက်ဖွယ် တိုက်ကွက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်လည်း သူ၏မျက်နှာပေါ်တွင် စိုးစဉ်းမျှ မရှိပါ။ သူ့မျက်နှာထက်တွင် မည်သည့် ခံစားချက် အရိပ်အယောင်မျှ ထင်ဟပ်ခြင်း မရှိဘဲ တည်ငြိမ်လွန်းနေသည်။
သူ၏ ရင်ထဲမှ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသော ဒေါသတရားနှင့် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်ပြင်းပြမှုတို့က တိုက်ကွက်ကို ရှောင်ကွင်းမည့်အစား ထိပ်တိုက်ရင်ဆိုင်ရန်အတွက် သူ၏ အကဲခတ်စွမ်းရည်နှင့် အာရုံခံစားမှုများအား ထူးကဲစွာ မြှင့်တင်ပေးလိုက်သည့်အလား ဖြစ်၏။ ခဏမျှ ငြိမ်သက်သွားပြီးနောက် ဓားနက်ကြီးမှာ ပိုမိုနက်မှောင်စွာ တောက်ပလာခဲ့ပြီး သူသည် ဓားကို ဖြည်းညှင်းစွာ စတင်လှုပ်ရှားလိုက်တော့သည်။
လုံချန်းက ဓားဖြင့် ဆန်းကြယ်သော ဟန်ပန်အမျိုးမျိုးကို ဖန်တီးနေစဉ် ထိုဓားသည် အလွန်အမင်း နှေးကွေးသော လှုပ်ရှားမှုဟန်ဖြင့် ရွေ့လျားနေသကဲ့သို့ ထင်ရသည်။ သို့သော် အလွန်အမင်း စေ့စေ့စပ်စပ် ကြည့်ရှုသူများသာလျှင် လက်တွေ့တွင် လုံချန်း၏ စွမ်းရည်မှာ အချိန်ကာလထက်ပင် ပိုမို လျင်မြန်နေကြောင်းကို သတိပြုမိနိုင်ပေလိမ့်မည်။ သူ၏ ဓားသည် လွန်ကဲစွာ လျင်မြန်သဖြင့် အချိန်ကာလ၏ နယ်ပယ်များကိုပင် ချိုးဖျက်ပစ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ လူသားတို့၏ မျက်လုံးများမှာမူ မြင်တွေ့နိုင်စွမ်း ကန့်သတ်ချက် ရှိနေပေရာ ထို့ကြောင့်ပင် လူတိုင်းက ၎င်းကို နှေးကွေးသော လှုပ်ရှားမှုတစ်ခုအဖြစ်သာ မြင်တွေ့နေကြရခြင်း ဖြစ်၏။
ထူးဆန်းသည်မှာ လုံချန်းသည် ဓားကို ကြာရှည်စွာ ဝှေ့ယမ်းခြင်း မပြုခဲ့ပေ။ ၎င်းမှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်သော ဖြစ်စဉ်တစ်ခုဟု ထင်မှတ်ရသော်လည်း ဓား၏ လှုပ်ရှားမှု ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ဥက္ကာခဲများ၏ ထက်ဝက်ခန့်မှာ ယခင်ကတည်းက တည်ရှိမနေခဲ့သည့်အလား လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။ ဓားသည် ထိုဥက္ကာခဲများအား ထိမှန်ခြင်းလည်း မရှိခဲ့သလို မည်သည့်အရာကိုမျှလည်း မပြုလုပ်ခဲ့ချေ။ ထို့ပြင် ဓားထဲမှ တိုက်ကွက်တစ်ခုခု ထွက်ပေါ်လာသည်ကိုလည်း မည်သူမျှ မမြင်လိုက်ရပေ။ ဤအရာအားလုံးမှာ အလွန်ပင် ဆန်းကြယ်နက်နဲသဖြင့် လူအများစုအနေဖြင့် နားလည်သဘောပေါက်ရန်ပင် ခက်ခဲလှပေသည်။
ပို၍ပင် ထူးဆန်းသည်မှာ ပျောက်ကွယ်သွားခဲ့သော ဥက္ကာခဲများမှာ လုံချန်းကို တည့်တည့်ထိမှန်မည့် အရာများနှင့် သူ၏ အနီးအနားမှ ဖြတ်သန်းသွားမည့် အရာများသာ ဖြစ်နေခြင်းပင် တည်း။
"ဘာ..."
"သူ ဘာလုပ်လိုက်တာလဲ"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဧကရာဇ်အားလုံး ထိတ်လန့်အံ့ဩသွားကြရသည်။ သူ အမှန်တကယ် မည်သို့သော စွမ်းရည်မျိုးအား အသုံးပြုလိုက်သနည်း။
အခြားသော ဧကရာဇ်များက ၎င်းသည် လုံချန်း၏ ထူးခြားသော ပညာကြောင့်ဟု ထင်မြင်နေကြစဉ်မှာပင် ဧကရာဇ်လု တစ်ဦးတည်းသာလျှင် ဤအရာမှာ လုံချန်း၏ ဓားကြောင့် ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။ သူသည် ပြီးခဲ့သည့် အကြိမ်က ထိုဓားသည် မိမိ၏ တိုက်ကွက်ကို အရေးမပါသည့်အလား ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်အား ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည် မဟုတ်လော။ ထိုဓားသည် အမှန်တကယ်ပင် ထူးခြားဆန်းပြားလှသော ရတနာတစ်ပါး ဖြစ်ရမည်။ သို့သော် ထူးဆန်းသည်မှာ ထိုဓားတွင် မည်သည့် အဆင့် သတ်မှတ်ချက်မျှ မရှိခြင်းပင် ဖြစ်၏။ ဤဓားသည် အမှန်တကယ် မည်သို့သော ဓားမျိုးနည်းဟု သူ တွေးတောနေမိတော့သည်။
သို့သော် သူ မသိရှိခဲ့သည့် အချက်မှာ ဤဓားတွင် အဆင့်အတန်းမရှိခြင်း မဟုတ်ဘဲ အဆင့်အတန်း မရှိသကဲ့သို့သာ ပုံဆောင်နေခြင်း ဖြစ်ကြောင်းပင်။ အကယ်၍ ဤနေရာတွင် ရှိနေကြသော ဧကရာဇ်များသာ ဤဓား၏ စစ်မှန်သော အဆင့်အတန်းကို သိရှိသွားကြပါက သူတို့အားလုံး ရူးသွပ်သွားကြပေလိမ့်မည်။ လောက၏ အထွတ်အထိပ်တွင် ရှိနေသော လက်နက်ဆန်း တစ်လက် ဖြစ်ပေရာ ဤဓားကို ပိုင်ဆိုင်ခွင့်ရရန်အတွက် စစ်ပွဲကြီး တစ်ပွဲပင်လျှင် လောင်ကျွမ်းသွားနိုင်ပေသည်။
၎င်းမှာ နတ်ဘုရားအဆင့် ဓားတစ်လက် ဖြစ်၏။ လောကတွင် ဤကဲ့သို့သော လက်နက်မျိုးကို ပိုင်ဆိုင်ဖူးသူဟူ၍ ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်ဘုံ မိစ္ဆာများကို အုပ်စိုးသည့် ကောင်းကင်ဘုံ မိစ္ဆာဧကရာဇ်၊ ကောင်းကင်ဘုံ နတ်ဘုရားများကို အုပ်စိုးသည့် ကောင်းကင်ဘုံ ဧကရာဇ်နှင့် သူ၏ ညီတော်တို့သာ ရှိကြလေသည်။
ယခုအခါ လုံချန်းသည် နတ်ဘုရားအဆင့် လက်နက်များကို ပိုင်ဆိုင်ခွင့်ရသည့် ဂုဏ်သရေရှိ စာရင်းဝင်များထဲတွင် အသစ်စက်စက် ပါဝင်လာသူတစ်ဦး ဖြစ်လာသည်။ ကံကောင်းထောက်မစွာဖြင့် အချိန်ဓား၏ သဘာဝမှာ အခြားအရာများနှင့် မတူဘဲ ကွဲပြားခြားနားနေခဲ့သည်။ အခြားသော နတ်ဘုရားအဆင့် လက်နက်များသည် သူတို့၏ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများကြောင့် အလွယ်တကူ ခွဲခြားသိမြင်နိုင်သော်လည်း အချိန်ဓားတွင်မူ ထိုကဲ့သို့သော အရှိန်အဝါမျိုး လုံးဝ မရှိချေ။ ၎င်းသည် အချိန်ကာလ၏ သဘောသဘာဝကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်ကာ လှုပ်ရှားမှုကင်းမဲ့နေလေ့ ရှိသည်။
ဥက္ကာခဲများ၏ ထက်ဝက်ခန့်ကို လုံချန်းက ဖျက်ဆီးပစ်ခဲ့ပြီးပြီ ဖြစ်ကာ ကျန်ရှိနေသော ထက်ဝက်မှာမူ သူနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ချေ။ ထိုအရာများက အခြားသူများကို ထိခိုက်နာကျင်စေမည်လော သို့မဟုတ် ဧကရာဇ်များက မည်သို့ ကာကွယ်ကြမည်လော ဆိုသည်အား သူ စိုးစဉ်းမျှ ဂရုမစိုက်ချေ။ ကျန်ရှိနေသော မီးလျှံဥက္ကာခဲများသည် ဧကရာဇ်များ တည်ဆောက်ထားသည့် အကာအကွယ်များ အပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး ထိုအတားအဆီးများကို တုန်ခါသွားစေခဲ့သည်။
အကာအကွယ်၏ အောက်တွင် ရှိနေကြသော ပွဲကြည့်ပရိသတ်များမှာမူ မိမိတို့၏ အသက်ဘေးအတွက် အလွန် ထိတ်လန့်ပူပန်နေကြရသည်။ အကြောင်းမူကား သူတို့နှင့် သေခြင်းတရား၏ ကြားတွင် ဤအကာအကွယ် တစ်ခုတည်းသာ ခြားနေသောကြောင့် ဖြစ်၏။ သို့သော် ကံကောင်းစွာဖြင့် ထိုအကာအကွယ်များသည် အမှန်တကယ်ပင် ထိရောက်မှု ရှိခဲ့သည်။ အနည်းငယ်မျှ တုန်ခါသွားခဲ့သော်လည်း လူအပေါင်းကို အန္တရာယ်ဘေးမှ အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့သဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။
"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."
လုံချန်းက သူ့တိုက်ကွက်ကို မည်သို့ ဖြေရှင်းလိုက်သည်အား ကြည့်ရင်း မုန့်မျိုးနွယ်စု ဘိုးဘေးမှာ မှင်တက်မိနေတော့သည်။ သူသည် အသက်တစ်ထောင်တိုင်တိုင် ရှင်သန်နေထိုင်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။ သူ၌ ဗဟုသုတနှင့် အတွေ့အကြုံများစွာ ရှိသော်ငြားလည်း လုံချန်း ယခုလေးတင် ပြုလုပ်လိုက်သော အရာကိုမူ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရတော့သည်။
သို့သော် သူ မသိရှိခဲ့သည့် အချက်မှာ လုံချန်းကိုယ်တိုင်ပင်လျှင် မိမိ မည်သို့ လုပ်လိုက်သည်ကို ကောင်းစွာ မသိရှိခြင်းပင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ပြီး သူ၏ ဦးနှောက်ထဲသို့ ဆန်းကြယ်သော အသိပညာ တစ်ခု တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။ သူ နားလည်သလောက်မူ ၎င်းသည် ဆန်းကြယ်သော စွမ်းရည်သစ်တစ်ခုပင် ဖြစ်ပေမည်။ သူသည် ဤစွမ်းရည်ကို အဘယ်ကြောင့် ရရှိခဲ့သနည်း သို့မဟုတ် မည်သည့်နေရာမှ ရရှိခဲ့သနည်း ဆိုသည်အား မသိသော်လည်း ဤစွမ်းရည်သည် ယခုအချိန်အထိ သူရရှိခဲ့ဖူးသမျှသော စွမ်းရည်များထဲတွင် အကောင်းမွန်ဆုံးနှင့် အားအကောင်းဆုံး စွမ်းရည်တစ်ခု ဖြစ်ကြောင်းကိုမူ ကောင်းစွာ သဘောပေါက်ထားသည်။
သူသည် ဤစွမ်းရည်ကို ယခုလေးတင် အသုံးပြုခဲ့သော်လည်း ၎င်းအား ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခြင်း မရှိသေးချေ။ နောက်တစ်ကြိမ်တွင် ၎င်းကို မည်သို့ စနစ်တကျ ပြန်လည်အသုံးပြုရမည်ကိုပင် သူ မသိသေးပေ။
သူ နားလည် သဘောပေါက် သလောက်မူ ဤစွမ်းရည်၏ အမည်နာမမှာ အချိန်ရိုက်ချက်ပင် ဖြစ်၏။ ဤအမည်နာမကပင် ထိုစွမ်းရည်ကို မည်သည့်နေရာမှ ရရှိခဲ့သည်ဆိုသည့် အရိပ်အမြွက်ကို ပေးစွမ်းနေခဲ့သည်။ သူ၌ အချိန်နိယာမ ကျင့်ကြံထားခြင်း မရှိချေ။ အချိန်နှင့် ပတ်သက်၍ သူ၌ ရှိနေသော တစ်ခုတည်းသောအရာမှာ အချိန်ဓားသာ ဖြစ်သည်။ ဤနတ်ဘုရားအဆင့် လက်နက်ကြီးက သူ့ကို နောက်ထပ် စွမ်းရည်တစ်ခု ထပ်မံပေးလိုက်ခြင်းလော။ ဤသံချေးတက်နေသော ဓားဟောင်းကြီးသည် နောက်ဆုံး၌ သူ ပိုင်ဆိုင်သင့်သော စစ်မှန်သည့် ရတနာတစ်ပါးအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီလော...။
အခန်း ၁၀၅၄ ဝိညာဉ်ကို ဖျက်ဆီးခြင်း
ယခုအကြိမ်တွင် မိမိအား ကူညီလိုက်သည့် အရာမှာ အမှန်တကယ်ပင် အချိန်ဓား ဖြစ် မဖြစ်ကို လုံချန်း သေချာမသိသေးချေ။ သို့သော် ထိုဓားကြောင့်သာ ဖြစ်ရမည်ဟု သူ စိတ်ထဲမှ ခံစားနေရသည်။ အခြား မည်သည့် အကြောင်းပြချက်မှ ယုတ္တိမရှိနိုင်ပေ။ အခြား ဖြစ်နိုင်ခြေရှိသော အချက်တစ်ခုမှာ သွေးမျိုးဆက် ကျောင်းတော်က သူ့ကို ဤစွမ်းရည်အား ရုတ်တရက် ပေးလိုက်ခြင်း ဖြစ်နိုင်သော်လည်း ၎င်းမှာ မဖြစ်နိုင်သလောက်ပင်။ ဤသည်က သူ၏ စမ်းသပ်ပွဲ မဟုတ်သေးပေရာ ဆုလာဘ်များ ရရှိရန်မှာ ဖြစ်နိုင်ခြေ နည်းလှသည်။ မည်သို့ပင်ဖြစ်စေ လုံချန်းအနေဖြင့် နောင်တစ်ချိန်တွင် ဤစွမ်းရည်ကို သေချာပေါက် သင်ယူကျွမ်းကျင်ရမည်ဟု သိလိုက်သည်။ ၎င်းသည် အလွန်ပင် စွမ်းအားကြီးမားပုံ ရပေသည်။
လုံချန်းသည် မိမိရရှိလိုက်သော စွမ်းရည်အသစ်ကို အကြာကြီး ငေးမောမနေဘဲ ရရှိလာသော အခွင့်အရေးအား ချက်ချင်း အမိအရ ဆုပ်ကိုင်လိုက်တော့သည်။ ဘိုးဘေးဝိညာဉ်မှာ ခဏမျှ မှင်တက်နေစဉ် လုံချန်းသည် သူ၏ နောက်ကျောဘက်သို့ ချက်ချင်း နေရာရွှေ့ပြောင်းကာ ဓားနက်ကြီးကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
လုံချန်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မုန့်မျိုးနွယ်စု ဘိုးဘေးသည် မိမိ၏ မှင်တက်မှုကို အတင်းရုန်းထွက်ကာ သတိပြန်ဝင်လာခဲ့သည်။ ယခုအချိန်မှာ အံ့ဩနေရမည့် အချိန်မဟုတ်ဘဲ လုံချန်းကို ပြိုင်ဘက်ကောင်း တစ်ဦးကဲ့သို့ စနစ်တကျ ပြန်လည် တိုက်ခိုက်ရမည့် အချိန်ဖြစ်၏။ ဤလူငယ်ကို အထင်သေး၍ မဖြစ်တော့ချေ။ လုံချန်းသည် မူလနေရာမှ ပျောက်ကွယ်သွားပြီးနောက် မည်သည့်နေရာတွင် ပေါ်လာမည်ကိုလည်း သူ ကောင်းစွာ ခန့်မှန်းမိသည်။ လုံချန်းသည် အမြဲတမ်း နောက်ကျောဘက် မျက်ကွယ်ရာ အရပ်မှသာ ချဉ်းကပ်တိုက်ခိုက်လေ့ ရှိသည် မဟုတ်လော။
လုံချန်း၏ တည်နေရာကို သိရှိသွားသဖြင့် ဧကရာဇ်သည် တစ်ဖန်ပြန်လည် ရှောင်ကွင်းရန် ကြိုးစားလိုက်သော်လည်း အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ခဏမျှ မှင်တက်သွားခဲ့မှုက သူ့ကို အချိန်ဆွဲသွားစေခဲ့သည်။ သူ ရှောင်ကွင်းရန် တွေးတောလိုက်မိရုံရှိသေး... ဘေးဘက်မှနေ၍ တဟုန်ထိုး ကျရောက်လာသော ဓားချက်သည် ဘိုးဘေးဝိညာဉ်၏ ခန္ဓာကိုယ်ကို ထက်ပိုင်း ပိုင်းဖြတ်ပစ်လိုက်လေတော့သည်။
ခန္ဓာကိုယ်၏ အောက်ပိုင်းသည် မြေပြင်ပေါ်သို့ ဦးစွာ ပြုတ်ကျသွားခဲ့ပြီး အပေါ်ပိုင်းကမူ နောက်မှ ထပ်ချပ်မကွာ ပြုတ်ကျသွားခဲ့သည်။ ယခုအခါ မုန့်မျိုးနွယ်စု ဘိုးဘေး၏ အမှောင်ဝိညာဉ်သာ ကျန်ရစ်တော့ပြီး လွင့်မျောလျက် ထွက်ပြေးရန် ကြိုးစားနေတော့သည်။
"ပုန်းစမ်း... မင်း ဘယ်နေရာမှာ သွားပုန်းနိုင်ဦးမှာလဲ။ ငါ့ကို ပြစမ်းပါဦး" လုံချန်းက ခန္ဓာကိုယ် အသစ် တစ်ခုကို ရှာဖွေရန်အတွက် အသည်းအသန် ပျံသန်းထွက်ပြေးနေသော ဘိုးဘေး၏ အမှောင်ဝိညာဉ်ကြီးနောက်သို့ တဟုန်ထိုး လိုက်ပါရင်း ဆိုလိုက်၏။ ခန္ဓာကိုယ်မရှိလျှင် ဝိညာဉ်ဟူသည် အခြေခံအားဖြင့် မည်သည့်စွမ်းအားမျှ မရှိတော့ချေ။ ၎င်းမှာ အားအနည်းဆုံးနှင့် တိုက်ခိုက်ရန် အလွယ်ကူဆုံး အခြေအနေ ဖြစ်ပေသည်။
"မင်း... ငါက မင်းတို့ရဲ့ ဧည့်သည်လေ။ မင်း ဘယ်လိုဖြစ်လို့ ငါ့ကို လာမကယ်တာလဲ။ မင်းတို့က ဒီပြိုင်ပွဲမှာ နိုင်ချင်ဇောနဲ့ ဒီလောက်တောင် အောက်တန်းကျရတာလား။ ငါ ဒီကလေးရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာခဲ့တာ မင်းတောင်းဆိုတဲ့ အချက်သုံးချက်ကို ဖြည့်ဆည်းပေးဖို့ပဲ။ အခု မင်းရဲ့ ဧည့်သည်ကို ကာကွယ်ပေးဖို့က မင်းရဲ့ တာဝန်ပဲ"
မျှော်လင့်ချက်ဟူသမျှ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ အနီးအနားတွင် ကူညီနိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။ အနီးဆုံးနေရာတွင် ရှိနေသူမှာ ချန်ယု ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ကို ဝင်ရောက်ပူးကပ်နိုင်သော်လည်း သူမသည် သူမဖခင်အနီးတွင် ရပ်နေခဲ့သည်။ ဘိုးဘေးဝိညာဉ်သည် သူမထံသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် သူမ ဖခင်က သူ့ကို မှုန့်မှုန့်ညက်ညက် ကြေမွအောင် တိုက်ခိုက်ပစ်မည်အား ကောင်းစွာ သိနေသည်။ ပွဲကြည့်စင်က လူများမှာမူ အလွန်ပင် ဝေးကွာလွန်းလှပေသည်။
"ကောင်လေး... နေဦး" ဧကရာဇ်တုက လုံချန်းကို လှမ်း၍ အော်ဟစ်တားဆီးလိုက်သည်။ "မင်းသာ သူ့ကို တစ်ခုခုလုပ်ရင် ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်လို့ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်"
သူသည် လုံချန်းရှိရာဆီသို့ ဤမျှ လျင်မြန်စွာ မချဉ်းကပ်နိုင်သည်ကို သိနေသည်။ လုံချန်း၏ အမဲလိုက်ခြင်းကို ခံနေရသော ထိုအမှောင်ဝိညာဉ်ကြီးသည် သူ လာရောက် ကယ်တင်နိုင်သည်အထိ ကြာရှည် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သူနှင့် ထိုအမှောင်ဝိညာဉ် ကြားတွင် အကွာအဝေးက ဝေးကွာလွန်းလှသည်။ ထိုဝိညာဉ်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လုံချန်းအား မိမိအလိုအလျောက် ရပ်တန့်သွားစေရန် ပြုလုပ်ခြင်းသာ ရှိတော့သည်။
သို့သော် ကံဆိုးလှစွာပင် သူ၏ ခြိမ်းခြောက်သံမှာ လုံချန်းအတွက်မူ လေထဲလွင့်ပါးသွားသော စကားလုံးများသာ ဖြစ်ခဲ့ရပြီး လုံချန်းသည် သူ၏ နောက်ဆုံး တိုက်ကွက်ကို ဆင်နွှဲလိုက်လေတော့သည်။
တစ်ချက်တည်းသော တိုက်ကွက်ဖြင့်ပင် အော်ဟစ်အကူအညီတောင်းနေရှာသော အမှောင်ဝိညာဉ်မှာ လုံးဝ ဥဿုံ ပျက်စီး ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်၏။ ဤအရာအားလုံးမှာ အလွန်ပင် လျင်မြန်ပေသည်။ သို့သော် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုဝိညာဉ်ဆိုးက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
"အခုမှပဲ စိတ်သက်သာရာ ရတော့တယ်" လုံချန်းက ထိုဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ပြီးနောက် တတည်ငြိမ်စွာ မတ်တတ်ရပ်ရင်း တီးတိုးရေရွတ်လိုက်သည်။ "ငါ လုပ်ချင်တဲ့အရာကို အောင်အောင်မြင်မြင် လုပ်လိုက်ရတာက တကယ့်ကို စိတ်ကျေနပ်စရာ ခံစားချက်မျိုး ပေးစွမ်းနိုင်တာပဲ"
သူသည် သူ၏ ညာလက်ကို မြှောက်လိုက်ရာ အနီးအနားတွင် ဟင်းလင်းပြင် တံခါးပေါက် တစ်ပေါက် ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။
"နေဦး... မင်း ထွက်ပြေးလို့မရဘူး။ ငါ့သားအကြောင်းကို ငါ့ကို အခုချက်ချင်း ပြောစမ်း" ဧကရာဇ်လုသည် ထိုတံခါးပေါက်ကို မြင်သောအခါ လုံချန်းအား ဖမ်းဆီးရန်အတွက် တဟုန်ထိုး ပျံသန်းဝင်ရောက်လာခဲ့သည်။ ထိုတံခါးပေါက်က မည်သည်ကို ဆိုလိုကြောင်း သူ ကောင်းစွာ သိသည်။ လုံချန်းက ထွက်ပြေးတော့မည် ဖြစ်၏။
"မင်းက တစ်ကမ္ဘာလုံးရဲ့ ရှေ့မှာ ငါ့ကို မုသားစကားတွေနဲ့ စွပ်စွဲပုတ်ခတ်ပြီးမှ ငါက မင်းကို တစ်ခုခု ပြောပြလိမ့်မယ်လို့ ထင်နေတာလား" လုံချန်းက လှောင်ပြောင်ရယ်မောရင်း ဧကရာဇ်သည် သူနှင့် မီတာအနည်းငယ်မျှသာ လိုတော့သည့် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် ပျင်းရိငြီးငွေ့ဖွယ်ဟန်ဖြင့် ထိုတံခါးပေါက် အတွင်းသို့ လှမ်းဝင်သွားခဲ့တော့သည်။
ဧကရာဇ် ရောက်ရှိလာချိန်တွင် တံခါးပေါက်မှာ ပိတ်သွားခဲ့ပြီ ဖြစ်ရာ သူ အနည်းငယ် နောက်ကျသွားခဲ့ရပြီ ဖြစ်သည်။
"ဒီလူယုတ်မာ... နောင်တစ်နေ့ကျရင် သူ့ကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်မယ်" ဧကရာဇ်လုသည် လေထုထဲတွင် လမ်းပျောက်နေသော သူတစ်ဦးကဲ့သို့ မတ်တတ်ရပ်ရင်း တီးတိုးရေရွတ်လိုက်မိသည်။ လုံချန်း၏ ရယ်မောသံများက သူ့နားထဲတွင် လှိုက်လှဲစွာ ပဲ့တင်ထပ်နေဆဲ ဖြစ်ပြီး ထိုရူးသွပ်လှသော ကောင်သည် မိမိ၏ သားအပေါ် မည်မျှရက်စက်သော အရာများ ပြုလုပ်ထားခဲ့ပြီလဲဟု သူ တွေးတောပူပန်နေမိတော့သည်။
"ဟူး... သူ ရောက်လာတယ်။ အရာအားလုံးကို ဖျက်ဆီးပစ်တယ်။ ပြီးတော့ ထွက်သွားတယ်ပေါ့" ဧကရာဇ်တုက သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်သည်။ မိမိတို့အနေဖြင့် မည်သို့ ဆက်လုပ်ရမည်ကို သူ မဝေခွဲနိုင်တော့ချေ။
သူနှင့် ရင်ဆိုင်တိုက်ခိုက်ရမည့်သူမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ မိမိတို့ဘက်က အနိုင်ရရှိရန် အခွင့်အလမ်း အများဆုံး ရှိခဲ့လျှင်ပင် ယခုအခါ မည်သူကမျှ ယုံကြည်ကြတော့မည် မဟုတ်ပေ။ ပါဝင်ယှဉ်ပြိုင်သူ မရှိတော့ဘဲ ဤပြိုင်ပွဲကြီးက မည်သို့ ရှေ့ဆက်ရမည်နည်း။
"ဧကရာဇ်တု... အခုတော့ ကိစ္စအဝဝက ဒီလောက်အထိ ဖြစ်ပျက်သွားခဲ့ပြီဆိုတော့ ဤပြိုင်ပွဲကြီးကို ဘယ်လို ရှေ့ဆက် ကျင်းပသင့်တယ်လို့ ထင်လဲ။ နောက်ဆုံးတိုက်ပွဲက အဆုံးမသတ်ရသေးဘူးဆိုတော့ ငါတို့အနေနဲ့ အနိုင်ရရှိသူကို မကြေညာနိုင်သေးဘူး မဟုတ်လား" အမှောင်ကမ္ဘာမှ ဧကရာဇ်က လူတိုင်း၏ စိတ်ထဲတွင် ရှိနေကြသော မေးခွန်းကို ထုတ်ဖော်မေးမြန်းလိုက်၏။
"စမ်းသပ်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ ရလဒ်နဲ့ ပတ်သက်လို့တော့ ကမ္ဘာများ အစည်းအဝေးမှာ ငါတို့ ဆွေးနွေးကြတာပေါ့။ ငါတို့ဘက်ကလည်း ဧည့်သည်တွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အမှားရှိနေတာဆိုတော့... ပြိုင်ပွဲ ဆုလာဘ်တွေနဲ့ အနိုင်ရရှိသူရဲ့ အခွင့်အရေးတွေကို ငါတို့ ကမ္ဘာနှစ်ခုလုံးအကြား အညီအမျှ ခွဲဝေယူကြဖို့ အဆိုပြုချက်တစ်ခု ငါ တင်ပြပါ့မယ်" ဧကရာဇ်တုက သက်ပြင်းချရင်း ဆိုလိုက်၏။
အောင်ပွဲနှင့် အလွန်နီးစပ်နေခဲ့ပါလျက် အခွင့်အရေးများ၏ ထက်ဝက်ကို လက်လွှတ်လိုက်ရခြင်းမှာ စိတ်ပျက်စရာ ကောင်းသော်လည်း ယခုအခြေအနေအရ ဤသို့ ပြုလုပ်ရန် လိုအပ်ပေသည်။ မိမိတို့ ကမ္ဘာက အနိုင်ရရှိတော့မည်ကို သူ ကောင်းစွာ သိသော်လည်း အခြားသူများအတွက်မူ ၎င်းမှာ ဝေခွဲမရနိုင်သေးသောကြောင့်တည်း။ မိမိ၏ ရည်ရွယ်ချက်များကို အခြားသူများ သံသယမပွားစေရန်အတွက် သူသည် တရားမျှတမှုရှိအောင် ပြုလုပ်ရပေမည်။
သုံးလောက အင်ပါယာ၏ တော်ဝင်မြို့တော်နှင့် အလှမ်းဝေးကွာသော နေရာတစ်ခုတွင်မူ လုံချန်းသည် တံခါးပေါက်အတွင်းမှ လှမ်းထွက်လာခဲ့ပြီ ဖြစ်သည်။
သူသည် တော်ဝင်မြို့တော်၏ အပြင်ဘက်တွင် ရှိသော တောအုပ် တစ်တောအတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သူသည် တံခါးပေါက်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အချိန်ဓားကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။
တိုက်ပွဲသည် ကြည့်ရသည်ကား လွယ်ကူသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူ၏ ခန္ဓာကိုယ်အပေါ် အလွန်ပင် ဒဏ်ပိစေခဲ့သည်။ ပို၍ဆိုးရွားသည်မှာ ထိုစွမ်းရည်သစ်ကို ထုတ်သုံးလိုက်ရခြင်းပင် ဖြစ်၏။ အဘယ်ကြောင့် ဆိုသည်ကို သူ မသိသော်လည်း ထိုစွမ်းရည်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ အားအင် အားလုံးကို ပင်ပန်းစွာ စုပ်ယူပစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာပြီးနောက် သူ၌ ချီစွမ်းအင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။
သူသည် ထိုအမှောင်ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီးချိန်တွင် အားအင်များမှာ လုံးဝ ခမ်းခြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ ထို့ကြောင့်ပင် သူသည် ထိုနေရာတွင် ဆက်လက်မနေတော့ဘဲ တံခါးပေါက်မှတစ်ဆင့် ချက်ချင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်ပေသည်။
သူသည် သစ်ပင် တစ်ပင်ကို ကျောမှီ၍ မြေပြင်ပေါ်တွင် ထိုင်လိုက်ရင်း သူ၏ အသက်ရှူနှုန်းအား တည်ငြိမ်အောင် အတင်း ကြိုးစားနေမိတော့သည်။
"ဒီစွမ်းရည်က တကယ့်ကို ကောင်းပေမဲ့ ဆိုးကျိုးကလည်း မသေးဘူးပဲ။ ငါ့ရဲ့ စွမ်းအင် အားလုံးနီးပါးကို ကုန်ခမ်းသွားစေတယ်။ ငါ ဒီစွမ်းရည် အကြောင်းကို ပိုပြီး နားလည်အောင် လုပ်ရမယ်" သူက ရေရွတ်လိုက်ရင်း သိုလှောင်လက်စွပ်ထဲမှ ပန်းသီးတစ်လုံးကို ထုတ်ယူကာ ခန္ဓာကိုယ်အတွက် စွမ်းအင်အနည်းငယ် ရရှိစေရန် စတင်စားသုံးလိုက်တော့သည်။
"နင် အောင်အောင်မြင်မြင် လွတ်မြောက်လာနိုင်ခဲ့တာ ဝမ်းသာစရာပဲ။ အနည်းဆုံးတော့ နင် အားနည်းနေချိန်မှာ အဲဒီနေရာမှာ ဆက်နေလောက်အောင်အထိ မရူးဘူးပေါ့"