← Chapters

အခန်း (၁၀၅၅-၁၀၅၆)

Vol. 101 Ch. 1055-1056

အခန်း (၁၀၅၅-၁၀၅၆)

Vol. 101 Ch. 1055-1056

​အခန်း ၁၀၅၅ အမှန်တရားကို သဘောပေါက် နားလည်ခြင်း

"နင် အောင်အောင်မြင်မြင် လွတ်မြောက်လာနိုင်ခဲ့တာ ဝမ်းသာစရာပဲ။ အနည်းဆုံးတော့ နင် အားနည်းနေချိန်မှာ အဲဒီနေရာမှာ ဆက်နေလောက်အောင်အထိ မရူးဘူးပေါ့"

​ရွှင်းသည် လုံချန်းအနီးတွင် ရုတ်တရက် ပေါ်လာပြီး သူ့ဘေး၌ ပခုံးချင်းထိလုနီးပါး ဝင်ထိုင်လိုက်ရင်း ဆိုလေသည်။

​"နင်က ငါ့ကို အသေခံဖို့ အဲဒီမှာ ဆက်နေလိမ့်မယ်လို့ တကယ် ထင်နေတာလား။ ငါ့ကိုယ်ငါ ဘယ်လောက်အစွမ်းရှိလဲဆိုတာ ငါသိပါတယ်။ ငါ့မှာ ချီစွမ်းအင်အပြည့်ရှိနေရင်တော့ ဘယ်သူ့ကိုမှ ကြောက်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ စွမ်းအင် မရှိတော့တဲ့ အချိန်မှာ အဲဒီမှာ ဆက်နေတာဟာ အပိုပဲလေ။ အထူးသဖြင့် ငါ့ရဲ့ရည်ရွယ်ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ပြီးသွားတဲ့ အချိန်မျိုးမှာပေါ့" လုံချန်းက ရွှင်းကို ပြန်လည်ဖြေကြားလိုက်၏။

​"နင်က ငါ့ကို ဒီဓားကို မသုံးသင့်သေးဘူးလို့ အခုထိ ထင်နေတုန်းပဲလား" သူက ရွှင်းကို လှမ်း၍ မေးလိုက်ပြန်သည်။

​"ငါ့ရဲ့အမြင်ကိုတော့ နင့်ကို အပြတ် ပြောပြီးသားပဲ။ တကယ်လို့ နင်က နားမထောင်ချင်ဘူး ဆိုရင်လည်း ငါ ဘာမှ မတတ်နိုင်တော့ဘူးလေ" ရွှင်းက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

​"နင့်ကို အပွင့်လင်းဆုံး ပြောရရင် ငါ ဒီဓားကို ဆက်သုံးဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ ဒါဟာ အလွန် ကောင်းတဲ့ လက်နက် တစ်လက်ဖြစ်ပြီး ငါပိုင်ဆိုင်နိုင်သမျှထဲမှာ အစွမ်းအထက်ဆုံးလည်း ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီဓားနဲ့ပတ်သက်ပြီး ဖော်ထုတ်ဖို့ကျန်သေးတဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ငါထင်တယ်။ ငါ ဒါကို ဆက်ပြီး သုံးချင်တယ်" လုံချန်းက ဆို၏။

​"ဘာလျှို့ဝှက်ချက်တွေမို့လို့လဲ" ရွှင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

​"ဓားပေါ်မှာ စွဲကပ်နေတဲ့ သံချေးတွေလေ။ ငါ ဓားကို သုံးစွဲလေလေ သံချေးတွေက ပိုပြီးလျော့ပါးလာလေလေပဲ။ ပြီးတော့ ဒီသံချေးတွေ လျော့နည်းလာလေလေ... ငါနဲ့ ဒီဓားကြားက ဆက်နွှယ်မှုက ပိုပြီးနက်ရှိုင်းလာတယ်လို့ ခံစားရလေလေပဲ။ ဓားကလည်း ပိုပြီးအစွမ်းထက်လာတယ်လို့ ငါထင်တယ်။ ဓားပေါ်မှာ သံချေးတွေ လုံးဝ မရှိတော့တဲ့ အချိန်ကျရင် ဒီဓားက ဘယ်လောက်အထိ အင်အား ကြီးမားလာမလဲဆိုတာ ငါ ကိုယ်တိုင် မြင်တွေ့ချင်တယ်" လုံချန်းက အဝေးသို့ မျှော်ငေးကြည့်ရင်း ပြန်လည်ဖြေကြားလိုက်သည်။

​"မေးစရာရှိတာက... ဒီဓားက တစ်စိတ်တစ်ပိုင်းလောက်​တောင် နိုးထခြင်း မရှိသေးတဲ့ အခြေအနေမှာ သူ့ရဲ့လွှမ်းမိုးမှုကြောင့် နင့်ရဲ့စိတ်အခံကို ထိန်းချုပ်ဖို့ ခက်ခဲနေရပြီလေ။ အဲဒီတော့ ဓားက သူ့ရဲ့အစွမ်းကုန် အခြေအနေကို ရောက်သွားတဲ့အခါမှာနင် ဓားကို တကယ် ထိန်းချုပ်နိုင်ပါ့မလား" ရွှင်းက လုံချန်းကို ပြန်လည်မေးခွန်းထုတ်လိုက်၏။

​"စိတ်အခံကို ထိန်းချုပ်ဖို့ ခက်ခဲနေတာ ဟုတ်လား။ နင် ဘာကိုဆိုလိုတာလဲဆိုတာ ငါ အခုထိ နားမလည်သေးဘူး။ ငါ အကောင်းကြီးပဲလေ" လုံချန်းက မည်သည်မျှ မသိရှာဘဲ ဝေဝေဝါးဝါးဖြင့် ပြန်ပြောလိုက်သည်။

​"အခု နင် မောနေပြီဆိုတော့ ငါပြောတာကို ခဏလောက် နားထောင်ကြည့်မလား။ နင့်ရဲ့မျက်လုံးတွေကို မှိတ်ထားပြီး ဒီကမ္ဘာကို ရောက်လာကတည်းက နင်လုပ်ခဲ့တဲ့ အပြုအမူတွေနဲ့ ကိစ္စရပ်တွေကို အသေးစိတ် ပြန်ပြီးစဉ်းစားကြည့်ပါ။ ငါ ဘာမှဝင်မပြောတော့ဘူး။ နင့်ဘာသာနင် သေချာပေါက် နားလည်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်" ရွှင်းသည် ဤသို့ပြောကြားပြီးနောက် ရုတ်တရက် ကွယ်ပျောက်သွားခဲ့တော့သည်။

​"ငါလုပ်ခဲ့တဲ့ အရာတွေကို ပြန်စဉ်းစားရမယ် ဟုတ်လား..." လုံချန်းက မိမိဘာသာ ရေရွတ်ရင်း တွေးတောနေမိသည်။

​သူသည် ပန်းသီး အနည်းငယ်ကို ထပ်မံ စားသုံးပြီးနောက်တွင်မူ ရွှင်းပြောသည့်အတိုင်း ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူမက ဤမျှအထိ သေချာရေရာစွာ ပြောဆိုနေခဲ့သည် ဖြစ်ရာ တစ်ကြိမ်မျှ စမ်းသပ်ကြည့်ရုံဖြင့် မိမိအတွက် ဆုံးရှုံးစရာ မရှိပေ။ သူ မည်သည့် အရာများ လုပ်ခဲ့သနည်း။ အခြေအနေများကို မည်သို့ ကိုင်တွယ်ခဲ့သနည်း ဆိုသည်အား ပြန်လည်အောက်မေ့ခြင်းက မကောင်းသောအရာ မဟုတ်ပေ။

​သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အတိတ်အား ပြန်လည် ပုံဖော်ကြည့်လိုက်တော့သည်။

​သူသည် မင်ယုကို ကူညီရန်အတွက် ဖေကျင်ကို သတ်ဖြတ်ခဲ့သည့် အခိုက်အတန့်ကို ပြန်လည်သတိရလိုက်သည်။ ထိုစဉ်က သူသည် ရန်သူကို ထိပ်တိုက် ရင်ဆိုင်၍ ပေါ်တင် သတ်ဖြတ်နိုင်စွမ်း ရှိပါလျက်နှင့် ဉာဏ်ဆင်ကာ အကွက်ချပြီး အလွန်ပါးနပ်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက်တွင် သူသည် ထိုလူ၏ ရုပ်အသွင်ကို ဖန်တီးကာ စမ်းသပ်ပွဲ၏ ပထမအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

​သူသည် ထိုပြိုင်ပွဲတွင် တတိယအဆင့် ရရှိခဲ့ပြီး ဤကမ္ဘာသို့ လာရောက်ခွင့် ရရှိခဲ့သည်။ ထို့နောက်တွင်မူ သူသည် ချန်ယုနှင့် တိုက်ခိုက်ခဲ့ရသည်။

​ထိုစဉ်ကလည်း သူသည် မိမိ၏ စစ်မှန်သော ခန္ဓာကိုယ်အင်အား၊ ကြမ်းတမ်းလှသော စွမ်းပကားများဖြင့် ချန်ယုအား အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိခဲ့ပါလျက်နှင့် စစ်မှန်သော ခွန်အားကို အသုံးမပြုဘဲ မိမိ ပရိယာယ်များနှင့် နိယာမ စွမ်းအင်များကိုသာ အသုံးပြု၍ စက္ကန့်ပိုင်းအတွင်း သူမအား အလဲထိုးခဲ့ခြင်း ဖြစ်သည်။

​"ထူးဆန်းတယ်။ ငါ့မှာ ပကတိခွန်အားနဲ့ အနိုင်ယူနိုင်စွမ်း ရှိလျက်နဲ့. ငါ ဘာဖြစ်လို့ ပရိယာယ်တွေ၊ ဉာဏ်များတာတွေကိုပဲ သုံးနေခဲ့တာလဲ" သူက ဇဝေဇဝါဖြင့် တီးတိုးရေရွတ်မိသည်။

​ထိုအချိန်ကပင် မကဘဲ အစောပိုင်းကတည်းက ဖြစ်သည်။ သူသည် အရာရာကို အကွက်ချခြင်း၊ ပရိယာယ်များဖြင့်သာ ဖြေရှင်းလေ့ရှိခဲ့ပြီး မိမိ တတ်နိုင်သမျှ ကိစ္စတိုင်းအား ထိုနည်းဖြင့်သာ ကိုင်တွယ်ခဲ့သည်။ သူသည် ကြမ်းတမ်းစွာ တိုက်ခိုက်မည့်အစား ပါးနပ်စွာသာ ကစားခဲ့သည်။ ဝိညာဉ်နက်ဂိုဏ်းတွင် ရှိစဉ်က ဖြစ်စေ တစ္ဆေကျောင်းတော်တွင် ဖြစ်စေ ဤအတိုင်းပင်။ သွေးမျိုးဆက် ကျောင်းတော်၏ စမ်းသပ်ပွဲများတွင်လည်း ဤကဲ့သို့ပင် ပြုလုပ်ခဲ့သည်။

​"ဒါက ပိုပြီးတော့ ဘေးကင်းလို့လား။ ဒါမှမဟုတ် လူအများရဲ့ အာရုံစိုက်မှုကို အလွန်အမင်း မခံချင်လို့လား။ ဒါမှမဟုတ် ငါကိုယ်တိုင်ကပဲ ပျင်းရိပြီး ပိုမိုလွယ်ကူတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလား။ ထူးဆန်းလိုက်တာ... ဒါပေမဲ့ ငါပြောနိုင်တာက အဲဒီအစီအစဉ်တွေက မဆိုးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို အောင်မြင်မှု ပေးစွမ်းနိုင်ခဲ့တာပဲ။ အချိန်နည်းနည်း ပိုပေးရတယ်ဆိုပေမဲ့ စိုက်ထုတ်ရတဲ့ အားထုတ်မှုနဲ့ စွန့်စားရမှုကတော့ အများကြီး လျော့နည်းခဲ့တာ အမှန်ပဲ" သူက ညင်သာစွာ ရေရွတ်လိုက်သည်။

​သူသည် ရှေ့ဆက်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများနှင့် မင်ယု၏ ဖခင်နှင့် မည်သို့ဆုံတွေ့ခဲ့သည်ကိုပါ ဆက်လက် တွေးတောလိုက်မိသည်။ ထိုခရီးစဉ်တစ်လျှောက်တွင် သူသည် အချိန်ဓားကို လေ့ကျင့်ရန်အတွက် အသုံးပြုခဲ့ပြီး မိမိကိုယ်မိမိ စွမ်းအားများ ပြည့်ဝလာပြီဟု စတင်ခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ သူသည် အဘယ်ကြောင့် ပုန်းအောင်းနေရမည်နည်းဟု တွေးတောမိလာခဲ့သည်။ သူ ပုန်းကွယ်နေရန် မလိုတော့ချေ။

​သို့သော် ၎င်းမှာ ခံစားချက် တစ်ခုမျှသာ ဖြစ်သည်။ သူ့ရင်ထဲတွင်မူ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲပစ်ချင်နေပြီး တိုက်ပွဲများတွင် အစွမ်းကုန် ထုတ်သုံးပစ်ချင်နေသော်လည်း ဦးနှောက်ကမူ သူ့အား စနစ်တကျ ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း သူ သိလိုက်သည်။ သို့သော် ဤရှည်လျားလှသော ခရီးစဉ်အတွင်းမှာပင် သူ့ရင်ထဲက ခံစားချက်သည် ဆင်ခြင်တုံတရားကို တဖြည်းဖြည်း လွှမ်းမိုးလာခဲ့ပြီ ဖြစ်၏။

​သူသည် လုဝမ်၏ အကွက်ကို ကိုင်တွယ်ခဲ့ပုံ သို့မဟုတ် ၎င်းနောက်ဆက်တွဲ ကိစ္စရပ်များကို ဖြေရှင်းခဲ့ပုံများအား ပြန်လည် သုံးသပ်ကြည့်သည့်အခါမှသာ မိမိ မည်သည်များ လုပ်မိခဲ့သည်ကို ကောင်းစွာ သဘောပေါက် သွားခဲ့တော့သည်။

​စိတ်တည်ငြိမ်စွာဖြင့် ပြန်လည် တွေးတောလိုက်သော အခါမှသာ ထိုပြဿနာများကို ကိစ္စရပ်များ ဤမျှအထိ ရှုပ်ထွေးအောင် မပြုလုပ်ဘဲ ပိုမိုလွယ်ကူသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း သူ သိလိုက်ရသည်။ ရွှင်းပြောခဲ့သည်မှာ မှန်ပေသည်။ သူသည် စိတ်လိုက်မာန်ပါ ဖြစ်မှုကြောင့် ဦးနှောက်ဖြင့် ဆင်ခြင် တွေးတောမည့်အစား နှလုံးသား၏ စေ့ဆော်မှု အတိုင်းသာ မျက်ကန်းတောတိုး လုပ်ဆောင်နေခဲ့မိခြင်း ဖြစ်ပေသည်။

​"အခုမှပဲ အဓိပ္ပာယ် ရှိတော့တယ်။ ဒါကြောင့်မို့လို့ ရွှင်းက ငါ့ကို သတိပေးနေခဲ့တာကိုး။ သူ ဆိုလိုတာက ငါက စိတ်လိုက်မာန်ပါ ဖြစ်တဲ့ လူတစ်ယောက် ဖြစ်လာနေတယ်ဆိုတာပဲ" လုံချန်းက မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်မိသည်။

​"ဒါပေမဲ့ ငါက ဒီလို စိတ်လှုပ်ရှားမှုကို သဘောကျတယ်။ တအားကြီး သတိကြီးနေတာကလည်း မကောင်းသလို တအားကြီး စိတ်လိုက်မာန်ပါ ဖြစ်လွန်းတာကလည်း မကောင်းဘူး။ နောင်အနာဂတ်အတွက် ဒီနှစ်ခုကြားမှာ ပြီးပြည့်စုံတဲ့ မျှခြေ တစ်ခုကို ငါ ရှာရမယ်။ ဒါပေမဲ့ အရင်ဆုံး အနေနဲ့ကတော့ ငါ့ရဲ့ စိတ်လိုက်မာန်ပါ ဖြစ်မှုကို ထိန်းချုပ်နိုင်အောင် အရင် သင်ယူရမယ်" သူက ဆိုလိုက်၏။

​သူ၏ စကားများကို ကြားသောအခါ ရွှင်းသည် စိတ်ထဲမှ ဝမ်းသာသွားခဲ့ရသည်။ သူသည် လမ်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သူမ သိလိုက်ရ၏။ သူသည် မိမိ၏ အားနည်းချက် အသစ်အား သတိပြုမိသွားသလို အားနည်းချက် အဟောင်းကိုလည်း ပြန်လည် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ခုကြားတွင် ပြီးပြည့်စုံသော မျှခြေကို ရရှိမှသာလျှင် အားနည်းချက် နှစ်ခုစလုံးအား ဖယ်ရှားပစ်နိုင်ပေမည်။

​၎င်းမှာ အလွန်ပင် ခက်ခဲသော ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သူမ သိသော်လည်း ယခုအခါ လုံချန်း ကိုယ်တိုင် သိရှိသွားခဲ့ပြီ ဖြစ်ရာ မိမိကိုယ်မိမိ ပြန်လည်ရှာဖွေရမည့် ဤရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းသော လမ်းစဉ်ပေါ်သို့ သူ လျှောက်လှမ်းနိုင်တော့မည် ဖြစ်သည်။ မိမိသည် အမှန်တကယ် မည်သို့သော လူမျိုးနည်း။ အရာရာကို ချဉ်းကပ်ရန် အကောင်းဆုံး နည်းလမ်းမှာ မည်သို့ဖြစ်ကြောင်းအား ရှာဖွေရပေမည်။

​လုံချန်းသည် ဖြစ်ပျက်ခဲ့သမျှသော ကိစ္စရပ်များကို ဆက်လက်တွေးတောနေစဉ် ကံကြမ္မာနိယာမအား သင်ယူခဲ့ရပုံကို သတိရလိုက်မိသည်။ ထို့ပြင် သူသည် မင်ယု၏ အစ်ကိုဖြစ်သူကို သတ်ဖြတ်ရန်အတွက် မည်သည့် ရှင်းလင်းချက်မျှ မပေးဘဲ တည့်တည့် သွားရောက်ခဲ့ကာ မိမိအနေဖြင့် မင်ယုအား သတ်ဖြတ်တော့မည်ဟု ပွင့်လင်းစွာ ပြောကြားခဲ့သည့် အဖြစ်အပျက်ကိုလည်း တွေးတောမိသွားသည်။

​"ဟူး... ငါ အဲဒီတုန်းက အဖြေတွေ၊ ရှင်းလင်းချက်တွေ ပိုပြီး ပေးခဲ့သင့်တာ။ ငါက တကယ့် အရူးပဲ။ တကယ်လို့ သူ့နေရာမှာ အခြား မိန်းကလေး တစ်ယောက်သာ ဆိုရင်လည်း သေချာပေါက် အထင်လွဲသွားမှာပဲ..."

​မင်ယု ပြောကြားခဲ့သော စကားလုံးများကို ပြန်လည်ကြားယောင်မိသောအခါ သူ့နှုတ်ခမ်းဖျားမှ ပြင်းထန်သော သက်ပြင်းချသံ တစ်သံ လွတ်ထွက်သွားခဲ့ရသည်။ သူမသည် သူ့ကို မတရားစွပ်စွဲကာ လုံးဝ ပြန်မလာရန် မည်သို့ နှင်လွှတ်ခဲ့သနည်း။

​"ဒါပေမဲ့ သူက ငါ့အပေါ် မယုံကြည်ခဲ့ဘူး ဆိုတာကို သိရတာက ရင်နာစရာ ကောင်းလွန်းတယ်" သူက မင်ယုနှင့်အတူ ကုန်ဆုံးခဲ့ဖူးသော အမှတ်တရ အခိုက်အတန့်များကို တွေးတောရင်း တီးတိုးဆိုလိုက်၏။

​"သူ ပြောခဲ့တဲ့ စကားလုံးတွေက သူ့ရဲ့ စစ်မှန်တဲ့ စရိုက်သဘာဝနဲ့ လုံးဝ မကိုက်ညီဘူး။ သူက ငါ့ကို ထွက်သွားဖို့ ပြောခဲ့တာ..."

​စကားပြောနေရင်းဖြင့်ပင် လုံချန်းသည် ရုတ်တရက် အရာတစ်ခုကို သဘောပေါက်သွားခဲ့ပြီး သူ၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်စွာဖြင့် ပြူးကျယ်သွားခဲ့ရတော့သည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်း မတ်တတ်ရပ်လိုက်မိ၏။

​"ဟုတ်သားပဲ... ဒါကို ငါ ဘာဖြစ်လို့ မရိပ်မိခဲ့တာလဲ။ သူက ဒီလို လုပ်ဖို့ ကြိုးစားနေခဲ့တာပဲကိုး။ အဲဒီ အရူးမလေးကတော့ကွာ၊ သူ့ရဲ့ အစ်ကိုနဲ့ ငါ့ကို ကယ်တင်ဖို့အတွက် သူက မုသားစကား ပြောခဲ့တာပဲ" သူက မိမိ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ရင်း မိမိကိုယ်မိမိ စိတ်ပျက်လက်ပျက်ဖြင့် ရင်ဖွင့်အော်ဟစ်လိုက်လေတော့သည်။

​အခန်း ၁၀၅၆ ယခင် အရှင်သခင်များ

"အခုမှပဲ နင် နားလည် သွားတော့တယ်ပေါ့။ ပြီးခဲ့တဲ့တစ်ခေါက် ကတည်းက ငါ နင့်ကို သိစေချင်ခဲ့တာ ဒီအချက်ပဲ။ နင် မကြာသေးခင်ကစပြီး စိတ်ဆတ်ပြီး ဒေါသကြီးလာတာ။ ပြီးတော့ ဖြစ်ပျက်သမျှ ကိစ္စရပ်တွေထဲမှာပဲ အာရုံနစ်ဝင်နေပြီး အတိတ်ကအကြောင်းတွေကို သေချာပြန်မစဉ်းစားမိလို့ သတိမထားမိခဲ့တာလေ။ အခုတော့ နင်ကိုယ်တိုင် ပြန်ဆင်ခြင်လိုက်တော့မှ အမှန်တရားကို သဘောပေါက်သွားပြီ မဟုတ်လား" ရွှင်းက လုံချန်းအနီးတွင် ပြန်လည်ပေါ်လာပြီး ဆိုလိုက်သည်။

​"ဟူး... ငါ ဘာတွေ မှားယွင်းနေခဲ့လဲ ဆိုတာကို နင်က ဘာဖြစ်လို့ တည့်တည့် မပြောဘဲ ဒီလောက်အထိ အချိန်ဆွဲနေခဲ့ရတာလဲ" လုံချန်းက ခါးသက်သက် အပြုံးမျိုးဖြင့် မေးလိုက်မိသည်။

​"ငါ အဲဒီအမှားတွေအတွက် တစ်ခုခု ပြန်လုပ်ပေးရမယ်" သူက မြေပြင်ပေါ်သို့ ပြန်လည်ထိုင်ချရင်း တီးတိုးရေရွတ်လိုက်၏။

​"ဒါပေမဲ့ အရင်ဆုံး အနေနဲ့ကတော့ ငါ့ရဲ့ အားအင်တွေကို ပြန်ဖြည့်ရမယ်။ တကယ်လို့ ငါ အခုချက်ချင်း ကောင်းကင်ပေါ် ပျံသန်းသွားလို့ အပြင်ကလူတွေ သတိထားမိသွားရင် ဧကရာဇ်တွေ ငါ့နောက်ကို တကောက်ကောက် လိုက်လာကြလိမ့်မယ်။ ငါ အဝေးပို့ နေရာရွှေ့ပြောင်းခြင်း ပညာကို နှစ်ကြိမ်လုံး သုံးထားပြီးပြီဆိုတော့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ အားအင် နည်းနည်းတော့ ရှိနေမှ ဖြစ်မယ်"

​"မှန်တာပေါ့" ရွှင်းကလည်း ထောက်ခံလိုက်သည်။

​လုံချန်းတစ်ယောက် ခန္ဓာကိုယ်၏ စွမ်းအင်များ ပြန်လည် ပြည့်ဝလာစေရန် နားနေစဉ်မှာပင် ရွှင်စက ဘေးမှနေ၍ အဖော်ပြုပေးခဲ့သည်။

​ထို့ပြင် သူသည် မိမိ၏ ကမ္ဘာတု အတွင်းသို့လည်း ဝိညာဉ်အာရုံဖြင့် လှမ်း၍ အကဲခတ်နေခဲ့သည်။ ထိုနေရာတွင် လူတိုင်းက သတိမေ့မြောနေသော ကျိရှန်ကို ဝိုင်းဝန်း ပြုစုပေးနေကြသည်အား သူ မြင်တွေ့နေရ၏။ သူတို့သည် ကျိရှန်ကို ဒဏ်ရာပျောက် ဆေးများ တိုက်ကျွေးပြီးနောက် အနားယူခိုင်းထားကြပြီ ဖြစ်သည်။

​သူ အေးချမ်းစွာ အနားယူနေသည်ကို မြင်သောကြောင့် လုံချန်းလည်း သူ့အား အပြင်သို့ ပြန်မခေါ်တော့ချေ။ ဤကဲ့သို့ သစ်ပင်အောက် မြေပြင်ပေါ်တွင် ထားရမည့်အစား ထိုကမ္ဘာတုထဲတွင် ရှိနေခြင်းက ကျိရှန်အတွက် ပိုကောင်းပေသည်။ ရွှင်းကလည်း ကျိရှန်ကို ထိုနေရာတွင်သာ ထားရှိခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဆိုခဲ့သည်။

​သူမ၏ အဆိုအရ ဘိုးဘေး အမှောင်ဝိညာဉ်သည် ကျိရှန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ ကျိရှန်၏ မူလဝိညာဉ် အစစ်အမှန် ပြန်လည်နိုးထလာရန်အတွက် အနည်းဆုံး နှစ်ရက်ခန့် အချိန်ယူရပေမည်။ လုံချန်းအနေဖြင့်လည်း လက်ရှိတွင် မည်သို့မျှ ဝင်ရောက် ပြင်ဆင်ပေးနိုင်ခြင်း မရှိသဖြင့် သူ့ကို အပြင်သို့ အလျင်စလို မခေါ်ထုတ်ခဲ့ခြင်း ဖြစ်၏။

​သူသည် ကျိချင်းကိုသာ အပြင်သို့ ခဏမျှ ခေါ်ထုတ်ကာ မိမိအနေဖြင့် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်းနှင့် စိုးရိမ်ပူပန်ခြင်း မရှိရန် ပြောကြားခဲ့သည်။ ထို့နောက်တွင်မူ သူမကို ကမ္ဘာတုထဲသို့ ပြန်လည်စေလွှတ်ကာ မိမိ ဤနေရာတွင် အနားယူနေစဉ်အတွင်း အခြားသူများကိုပါ ဤသတင်းစကား ပါးခိုင်းလိုက်လေတော့သည်။

​"မိနစ်နှစ်ဆယ်တောင် မပြည့်သေးဘူး။ ငါ ပျင်းလာပြီ" ခဏအကြာတွင် လုံချန်းက ညည်းညူလိုက်မိသည်။ သူ မည်သည်များ လုပ်ရမှန်း မသိဘဲ ဤအတိုင်း ထိုင်နေရခြင်းက သူ့အတွက် အလွန်ပင် ငြီးငွေ့စရာကောင်းလှပေသည်။

​"ရွှင်း... နင် အစောပိုင်းက ငါထုတ်သုံးလိုက်တဲ့ စွမ်းရည်အကြောင်း သိလား။ ဟိုဆန်းကြယ်တဲ့ စွမ်းရည်လေ။ ငါထင်တာတော့ ဒါကို ငါ အချိန်ဓားဆီကနေ ရရှိခဲ့တာလား" သူက ပျင်းပျောက်စေရန်အတွက် မိမိ သိလိုလှသော မေးခွန်းများကို စတင်မေးမြန်းလိုက်တော့သည်။

​"နင် ပြောတာက နောက်ဆုံးမှာ ရန်သူ့ တိုက်ကွက်တွေကို ဖျက်ဆီးပစ်ဖို့ ထုတ်သုံးလိုက်တဲ့ စွမ်းရည်ကို ဆိုလိုတာလား။ အဲဒီအကြောင်းကိုတော့ ငါလည်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ အဲဒါဟာ အချိန်ဓားရဲ့ လက်ရာဆိုတာကိုတော့ ငါ အသေအချာ ပြောနိုင်တယ်" ရွှင်းက ပြန်လည်ဖြေကြားခဲ့သည်။

​"ရှေးဟောင်း ဒဏ္ဍာရီတွေရဲ့ အဆိုအရ နတ်ဘုရားအဆင့် လက်နက်တွေဟာ သူတို့ရဲ့ အရှင်သခင်ဟောင်းတွေ ထုတ်သုံးခဲ့ဖူးသမျှ စွမ်းရည်တွေ၊ ပညာတွေ အားလုံးကို မှတ်မိနေတတ်ကြတယ်။ အဲဒီစွမ်းရည်တွေ အားလုံးဟာ အဲဒီလက်နက်တွေရဲ့ အတွင်းထဲမှာပဲ ကိန်းအောင်းနေကြတာ။ အခု နင် ရလိုက်တဲ့ စွမ်းရည်ကလည်း ဤဓားရဲ့ ပိုင်ရှင်ဟောင်းတွေထဲက တစ်ယောက်ရဲ့ စွမ်းရည် ဖြစ်ရမယ်" သူမက ထပ်လောင်း ပြောကြားလိုက်၏။

​"ဒါဆိုရင် ဒီဓားထဲမှာ ဒီလို စွမ်းရည်တွေ အများကြီး ကျန်ရှိနေဦးမှာပေါ့ ဟုတ်လား"

​"မှန်တာပေါ့။ ယုတ္တိဗေဒအရ ဆိုရင်တော့ အများကြီး ရှိနေဦးမှာပဲ။ ပြီးတော့ ပိုင်ရှင်ဟောင်းတွေထဲက တစ်ယောက်ယောက်က ဒီလောက်ထိ ပြင်းထန်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ခဲ့တယ်ဆိုရင် သူတို့ကလည်း သာမန်လူတွေ လုံးဝ ဖြစ်မနေနိုင်ဘူး။ ဒါကြောင့် သူတို့ရဲ့ စွမ်းရည်တွေကလည်း အလွန် အစွမ်းထက်ကြလိမ့်မယ်" ရွှင်းက ပြုံးရင်း ဆိုလေသည်။

​"ဒီလက်နက်က နင့်ကို စိတ်တိုစေပြီး နင့်ရဲ့စွမ်းအားတွေကို ထိန်းချုပ်ရခက်အောင် ပြုလုပ်တတ်တယ်လို့ ငါထင်ပေမဲ့ အချို့ ကဏ္ဍတွေမှာတော့ တကယ့်ကို ကောင်းပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီလက်နက်တွေကို လက်နက် အားလုံးရဲ့ နတ်ဘုရားလို့ ခေါ်ဆိုကြတာပေါ့" သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

​"နင်ပြောတာ မှန်လို့ ဒီဓားက ငါ့ကို စိတ်တိုအောင် ဆွဲဆောင်နေတယ်ဆိုရင် ငါ့ကိုယ်ငါ ပိုပြီး ထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်။ ငါ့မှာ အားအင်တွေ အသည်းအသန် လိုအပ်နေတာဆိုတော့ ဤဓားကို သုံးတာကိုတော့ ငါ လုံးဝ ရပ်တန့်လို့မရဘူး။ ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ဓားရဲ့ ဆိုးကျိုးတွေကို ဖယ်ရှားပစ်ဖို့ပဲ။ ငါ ဘာလုပ်နေလဲဆိုတာကို သေသေချာချာ သိရှိနေစေဖို့အတွက် ငါ့ရဲ့ စိတ်ဓာတ်နဲ့ ဆင်ခြင်တုံတရားကို ပိုပြီးတော့ အကြိမ်ကြိမ် လေ့ကျင့်ရမယ်" လုံချန်းက ရွှင်းကို ပြောလိုက်သည်။

​လုံချန်းတစ်ယောက် တောအုပ်အတွင်း၌ အားအင်များ ပြန်လည်ဖြည့်တင်းရင်း အချိန်ကာလမှာ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့သည်။

​အခြားတစ်ဖက်တွင်မူ သုံးလောက အင်ပါယာ၏ တော်ဝင်မြို့တော် အတွင်း၌ သူ့ကို ဖမ်းဆီးရန်အတွက် အသည်းအသန် ရှာဖွေမှုများ ပြုလုပ်နေကြ၏။

​"ဒါတွေက အပိုတွေပါပဲ။ အဲဒီကောင်က ထွက်ပြေးတဲ့နေရာမှာ ဆရာကြီးပဲ။ ငါ့ရဲ့မြို့တော်မှာ လုံခြုံရေးတွေ ဒီလောက်အထိ တင်းကျပ်ထားတာတောင် သူ ငါ့လက်ထဲကနေ နှစ်ကြိမ်ထိ လွတ်မြောက်သွားခဲ့ဖူးတယ်။ ဒီဟာက အလွန် ရှားပါးတဲ့ စောရပညာ မဟုတ်ဘူး။ ဟင်းလင်းပြင် နိယာမ စွမ်းရည်ကြောင့်ပဲ။ သူက အဝေးကြီးကို ချက်ချင်း နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိတယ်။ သူ့ကို ဒီလောက် အလွယ်တကူ ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူ ဒီနေရာကနေ ထွက်ခွာသွားခဲ့တာ ကြာလှပြီ ဖြစ်ရမယ်" ရှာဖွေရန် အမိန့်ပေးခဲ့သော သုံးလောက ဧကရာဇ်ကို ဧကရာဇ်လုက ပြောကြားလိုက်သည်။

​အခြားသော ဧကရာဇ်များက လုံချန်းကို ဖမ်းဆီးရမိရန် မျှော်လင့်ချက် ရှိနေကြသော်လည်း ဧကရာဇ်လုကမူ သူတို့အားလုံးမှာ ရိုးအ,လှသည်ဟု စိတ်ထဲမှ ထင်မြင်နေမိသည်။ သူသည် လုံချန်းကို ရှာဖွေရန်အတွက် အခြားသော နည်းလမ်း အသစ် တစ်မျိုးအား အသုံးပြုရမည် ဖြစ်ကြောင်း ကောင်းစွာ သိသော်လည်း ၎င်းမှာ မည်သည့် နည်းလမ်း ဖြစ်မည်ကိုမူ သူကိုယ်တိုင်လည်း မဝေခွဲနိုင်သေးချေ။

​တောအုပ်အတွင်း၌မူ တစ်နာရီခန့် အချိန်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ လုံချန်းသည် ထွက်ခွာရန်အတွက် အပြည့်အဝ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။

​"နင် မင်ယုကို ပြန်ခေါ်ဖို့အတွက် ကြယ်တာရာကို ပြန်သွားချင်တဲ့ စိတ်ဆန္ဒ ရှိနေပြီလား" လုံချန်း မတ်တတ်ထရပ်လိုက်စဉ် ရွှင်းက လှမ်း၍ မေးလိုက်သည်။

​"အနည်းဆုံးတော့ ငါ သူနဲ့ သေသေချာချာ စကားပြောဖို့ လိုအပ်တယ်။ ကြယ်တာရာကို ပြန်သွားမယ်ဆိုတာ မှန်ပေမဲ့ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကွဲပြားပါတယ်။ ကမ္ဘာပေါင်း နှစ်ဆယ်က လူတွေအားလုံးက ငါက မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ စော်ကားခဲ့တယ်ဆိုတဲ့ မုသားစကားကို ယုံကြည်နေကြတာ။ အခုကတော့ အမှန်တရားကို ထုတ်ဖော်ရမယ့် အချိန်ပဲ။ အစောပိုင်းက ငါ့မှာ လောစရာ ကိစ္စတွေ ရှိနေလို့ ဂရုမစိုက်နိုင်ခဲ့ပေမဲ့ အခုတော့ အချို့ ခြေလှမ်းတွေကို စလှမ်းရတော့မယ်။ လောကကြီးကို အမှန်တရားကို မြင်တွေ့စေပြီး ငါ့ရဲ့ အပြစ်မဲ့မှုကို သက်သေပြရမယ်" လုံချန်းက သူ၏ ဦးနှောက်ထဲတွင် ဆိုးယုတ်သော အစီအစဉ်တစ်ခု ပေါ်ပေါက်လာသည့်အလား မိုက်မဲစွာ ပြုံးရင်း အော်ဟစ်လိုက်လေသည်။

​သူသည် ယခုအခါ မိမိ မည်သို့ လုပ်ရမည်ကို ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်၏။

​"နင် အောင်မြင်ပါစေလို့ ငါ မျှော်လင့်ပါတယ်" ရွှင်းက လုံချန်းကို ပြောလိုက်သည်။

​လုံချန်းသည် သိုလှောင်လက်စွပ်ထဲမှ မြွေဘုရင်ကို အပြင်သို့ ခေါ်ထုတ်လိုက်၏။

​"ငါ ပြန်လာပြီဟေ့ အချစ်တို့ရေ၊ လက်ခုပ်သံတွေ ဘယ်မှာလဲ။ အားပေးသံတွေ ဘယ်မှာလဲ" မြွေဘုရင်သည် အပြင်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အကျယ်အကျယ် အော်ဟစ်လိုက်တော့သည်။

​"ငါတို့က တီဗီအစီအစဉ်တစ်ခု ထဲ ရောက်နေတာ မဟုတ်ဘူး။ ဘာအားပေးသံမှ ရှိမှာ မဟုတ်ဘူး" လုံချန်းက ပျင်းရိငြီးငွေ့ဖွယ်ဟန်ဖြင့် ပြန်ပြောလိုက်၏။ "ခန္ဓာကိုယ်ကို ကြီးမားအောင် လုပ်စမ်း။ ငါတို့ သွားရတော့မယ်"

​"ဟင်... တီဗီအစီအစဉ် ဟုတ်လား။ ဒါက ဘာကြီးလဲ" မြွေဘုရင်က ဝေဝေဝါးဝါးဖြင့် မေးလိုက်သည်။

​"ဘာမှမဟုတ်ဘူး။ ခန္ဓာကိုယ်ကိုပဲ ကြီးအောင်လုပ်။ သွားရမယ့်အချိန် ရောက်ပြီကွ"

​"ဟူး... မင်းကတော့ တော်တော် ပျင်းစရာ ကောင်းတဲ့ ကောင်ပဲ။ ပြီးခဲ့တဲ့ အကြိမ်က ငါ အဲဒီအကောင်သေးသေးလေးတွေကို သူတို့ရဲ့ နေရာမှန်ရောက်အောင် ဆုံးမပေးလို့ လူတွေရဲ့ ချီးကျူးမှုကို ခံယူရမယ့်အချိန်ကျမှ မင်းက ငါ့ကို အထဲ ပြန်ထည့်လိုက်တာ။ ငါ အခုထိ စိတ်ကောက်နေတုန်းပဲ" မြွေဘုရင်က သက်ပြင်းချရင်း ညည်းညူလိုက်သည်။ "ဒါပေမဲ့ ငါ မင်းကို ကူညီပေးပါဦးမယ်။ မင်းက ငါ့ရဲ့ အကောင်းဆုံး လက်အောက် ငယ်သားပဲ မဟုတ်လား"

​"လက်အောက် ငယ်သား ဟုတ်လား။ လာနောက်မနေနဲ့။ ချီးကျူးတာတွေ အတွက်တော့ မစိုးရိမ်နဲ့။ နောက်ကျရင် မင်း အဝ ခံရလိမ့်မယ်။ အခု လောလောဆယ်တော့ ငါသွားချင်တဲ့ နေရာကိုသာ အရောက်ပို့ပေးပြီး ဇာတ်လမ်းကောင်းကို ထိုင်ကြည့်နေလိုက်" လုံချန်းက ဆို၏။

​မြွေဘုရင်သည် သူ့ခန္ဓာကိုယ်ကို စတင်၍ ကြီးမားအောင် ပြုလုပ်လိုက်သည်။ သို့သော် သူသည် အလွန်အမင်း ကြီးမားအောင် မပြုလုပ်ဘဲ လူတစ်ယောက်ကို သယ်ဆောင်နိုင်ရုံမျှသာ ပုံသဏ္ဌာန် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

​လုံချန်းသည် မိမိကို သယ်ဆောင်သွားမည့် မြွေဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ လှမ်း၍ တက်လိုက်သည်။

​သူသည် မြွေဘုရင်အား သွားရမည့် လမ်းကြောင်းကို ညွှန်ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် မိမိတို့၏ ဦးတည်ရာဆီသို့ စတင်ပျံသန်းခဲ့ကြပြီး ယခင်က မှားယွင်းခဲ့သမျှသော ကိစ္စရပ်များအား ပြန်လည် ပြုပြင်ရန် အတွက် တာဝန်တစ်ခုကို စတင်လိုက်ကြတော့သည်။

​"မြွေကြီး... ငါ မင်းအကြောင်းကို သိပ်ပြီး များများစားစား မသိသေးဘူး။ ပြီးခဲ့တဲ့ အကြိမ်က ငါ မေ့သွားလို့ မမေးလိုက်မိတာ။ ငါ မင်းကို ပထမဆုံးအကြိမ် ဆုံတွေ့တုန်းက မင်းက တစ်ခုခုကို အသည်းအသန် ရှာဖွေနေခဲ့တာ မဟုတ်လား။ အဲဒီအရာက ဘာလဲဆိုတာကို မင်း အခုထိ မသိသေးဘူးလား" လုံချန်းက မြွေဘုရင်ကို လှမ်း၍ မေးလိုက်၏။

​"အို... ငါ အဲဒါကို ကောင်းကောင်းကြီး သိတာပေါ့"

All Chapters