အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) - တာ့ချန်ကို အသက်ပြန်၀င်လာအောင် လုပ်နိုင်မည့်သူ
မြွေတစ်သောင်းလိုဏ်ဂူသည် ကြေးခွံစိမ်းမြွေမိခင်၏ ခိုအောင်းရာနေရာဖြစ်ပြီး မြွေနတ်ဆိုးမျိုးနွယ်စုက ထိုနေရာတွင် အသက်ပေါင်းများစွာကို နုတ်ယူခဲ့ပြီးဖြစ်သည်။ ယခု ကိုယ်တိုင်တွေ့လိုက်ရချိန်တွင် ယန်ကျန်းပြောပြခဲ့သည့်အတိုင်း တစ်ထပ်တည်းကျနေပေသည်။
ကျယ်ပြောလှသော လိုဏ်ဂူကြီးထဲတွင် အရောင်ကျွတ်နေသော အရိုးစုပုံကြီးများ ပြည့်နှက်နေပြီး အရိုးပင်လယ်ကြီးတစ်ခုပမာ ဖြစ်နေသည်။
မြွေနတ်ဆိုးများ၏ မျိုးဆက်အချို့မှာ ပတ်ပတ်လည်တွင် တွားသွားနေကြဆဲဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ဆယ်မီတာခန့်ပင် ရှည်လျားနေပြီဖြစ်သည်။ မကြာမီအချိန်အတွင်း နောက်ထပ် မြွေနတ်ဆိုးအသစ်များ ပေါ်ထွက်လာတော့မည်မှာ အသေအချာပင်။
ဤနေရာရှိ မိစ္ဆာအငွေ့အသက်မှာ အလွန်အမင်း သိပ်သည်းလှပြီး လေထုထဲတွင် သေဆုံးသွားသူများ၏ နာကြည်းချက်များနှင့် ရန်ငြိုးများ ပြည့်နှက်နေသည်။
ကျိုးရီ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော တစ္ဆေသရဲပုံရိပ်များ မြေပြင်မှ ထွက်ပေါ်လာကာ သူ့ထံသို့ အလုအယက် တိုးဝင်လာကြတော့သည်။
ဝူး...
လေထုထဲတွင် မြည်သံများ ပဲ့တင်ထပ်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်လာခဲ့သည်။
မွေးရာပါအဆင့်အောက်ရှိ မည်သူမဆို ဤအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ စိတ်ဆန္ဒများ ချက်ချင်း ပြိုကွဲသွားကာ ရုန်းထွက်၍မရနိုင်သော အာရုံချောက်ချားမှုပုံရိပ်ယောင်များထဲသို့ ကျဆင်းသွားပေလိမ့်မည်။
“သေချင်နေကြတာပဲ”
ကျိုးရီက သူတို့ကို ခပ်ပေါ့ပေါ့ တစ်ချက်သာ ဝေ့ကြည့်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုတစ္ဆေသရဲပုံရိပ်များမှာ ဖိအားအောက်တွင် ပြိုကွဲသွားကြပြီး သနားစရာကောင်းလောက်အောင် အော်ဟစ်ညည်းတွားရင်း အရိုးပင်လယ်ကြီးထဲသို့ ပြန်ဆုတ်သွားကြလေသည်။
“အား...”
သူသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော အလံတိုင်ရှိသည့် ဝိညာဉ်အလံတော်ကို ထုတ်ယူလိုက်သည်။
ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီးနောက် ကျိုးရီသည် သူ့ခန္ဓာကိုယ်တွင်းမှ သွေးအနှစ်သာရတစ်စက်ကို ထုတ်ယူကာ ဝိညာဉ်အလံတော်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
ထိုအချိန်မှစ၍ ဝိညာဉ်အလံတော်မှာ သူ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် မည်မျှပင် အစွမ်းထက်လာစေကာမူ သူ့လက်အောက်မှ ဘယ်သောအခါမှ ရုန်းထွက်နိုင်မည် မဟုတ်တော့ချေ။
အတွေးတစ်ချက်ဖြင့် သူ့အမိန့်ကို ချက်ချင်း နာခံရမည်သာ။
ဤအရာများ ပြီးစီးသွားပြီးနောက် ကျိုးရီသည် ဝိညာဉ်အလံတော်ကို အရိုးပင်လယ်ကြီးထဲတွင် ချိတ်ပိတ်ထားခဲ့ပြီး အခြားသူများ မြွေတစ်သောင်းလိုဏ်ဂူအတွင်းသို့ မ၀င်လာနိုင်ရန် အစီအရင်တစ်ခု ချထားခဲ့သည်။
“ဘာလို့ နံစော်တို့ဟူးစိမ်နေရသလို ခံစားနေရပါလိမ့်”
ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
တစ်ချိန်တည်းမှာပင် တာ့ချန်၏ အဝေးတစ်နေရာတွင် အင်အားစုနှစ်ခုသည် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေကြသည်။
ဤအင်အားစုနှစ်ခုသည် အလွန်တရာ အစွမ်းထက်လှပြီး သာမန်လူများ၏ အဆင့်ထက် များစွာ ကျော်လွန်နေပေသည်။
တစ်ဖက်ရှိ အင်အားစုမှာ ၀တ်ရုံဖြူများကို ၀တ်ဆင်ထားပြီး ဧရာမပျံသန်းရေးလှေကြီးတစ်စင်းကို စီးနင်းလာကြသည်။
ခေါင်းဆောင်များမှာ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးကြီးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး နှစ်ဦးလုံးက ထူးကဲသော ခွန်အားများ ပိုင်ဆိုင်ထားကြသည်။
ဆန့်ကျင်ဘက် အင်အားစုမှာမူ ၀တ်ရုံနက်များကို ဝတ်ဆင်ထားကြသည်။ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားရုံသာမက ကောင်းကင်ထိတိုင် ထိုးတက်နေသော မိစ္ဆာအငွေ့အသက်များကိုလည်း ထုတ်လွှတ်နေကြသည်။
သူတို့သည် လူသားမျိုးနွယ်မှ ဖြစ်သော်ငြား နတ်ဆိုးများနှင့် ကွာခြားခြင်းမရှိပေ။
သူတို့၏ ခေါင်းဆောင်မှာ အရေပြားနှင့် အရိုးသာ ကျန်တော့သည်အထိ ပိန်ချုံးနေသော အဘိုးအိုတစ်ဦးဖြစ်ပြီး ငရဲပြည်မှ တွားသွားထွက်လာသော ဝိညာဉ်တစ်ကောင်ပမာ အနက်ရောင်စွမ်းအင်များဖြင့် ရစ်ပတ်ဖုံးလွှမ်းနေသည်။
နှစ်ဖက်အင်အားစုမှာ အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ လှုပ်ရှားမှုတိုင်းတွင် တောင်တန်းများ ပြိုလဲကျကာ မြေပြင်များ အက်ကွဲသွားပြီး မြစ်ရေများပင် ပြတ်တောက်သွားလေသည်။
ကောင်းကင်ယံတွင် မိုးကြိုးများ ဟိန်းထွက်လာပြီး လေပြင်းများ အပြင်းအထန် တိုက်ခတ်နေသည်။
တိုက်ပွဲမှ ထွက်ပေါ်လာသော လှိုင်းဂယက်များက တိမ်တိုက်များကိုပင် လွင့်စင်သွားစေပြီး ကောင်းကင်ကြီးကို မိုးပြာရောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
“ဟီးဟီးဟီး... ရွှီလီနန်၊ နှစ်တွေအများကြီး ကြာသွားပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းတိုးတက်မှုနှုန်းက သိပ်နှေးလွန်းနေသေးတယ်၊ အရင်တုန်းကတော့ ငါ မင်းကို မယှဉ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု နှစ်တစ်ရာအတွင်းမှာတင် ငါ မင်းကို ကျော်ဖြတ်သွားခဲ့ပြီ”
“နောက်ထပ် နှစ်တစ်ရာဆိုရင်တော့ မင်း ငါ့ရဲ့ ခြေဖနောင့်ကိုတောင် မီနိုင်မှာ မဟုတ်တော့ဘူး”
“မိစ္ဆာအိုကြီးယင်... အစောကြီး အရသာခံပြောမနေနဲ့ဦး။ နင်တို့ မိစ္ဆာဂိုဏ်းက ကောင်းကင်ဘုံရဲ့ သဟဇာတဖြစ်မှုကို ထိခိုက်စေတဲ့ မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံနေကြတာ၊ ဘေးဒုက္ခတွေနဲ့ ပြည့်နှက်နေတာပဲ၊ အချိန်တန်ရင် နင်တို့ နတ်ဘုရားတွေ အပြစ်ပေးတာကို ခံရမှာပဲ”
“နှစ်ရာနဲ့ချီ အသက်ရှင်နေခဲ့တာတောင် မင်းက မိုက်မဲနေတုန်းပဲ၊ အကယ်လို့ မကောင်းမှုက ကောင်းမှုကို မလွှမ်းမိုးနိုင်ဘူးဆိုတာက တကယ်သာဆိုရင် လောကကြီးထဲက မိစ္ဆာဂိုဏ်းတွေအကုန် ကျဆုံးသွားတာ ကြာလှပေါ့”
“အဲဒီ ရှေးဟောင်းပါရမီရှင်ရတနာခန္ဓာကိုယ်က ငါတို့ နတ်ဆိုးနတ်ဘုရားသခင်ဂိုဏ်းအတွက် ဖန်တီးပေးထားတာပဲ၊ ပြိုင်ဘက်ကင်း မိစ္ဆာသခင်အသစ်တစ်ပါး ဒီလောကကြီးထဲမှာ သေချာပေါက် ပေါ်ထွက်လာတော့မယ်”
“ဒါဆိုရင်လည်း ဘယ်သူ့နည်းလမ်းတွေက ပိုသာလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ရက်အနည်းငယ် ကြာပြီးနောက် ကျိုးရီသည် နန်းတွင်းစာကြည့်တိုက်သို့ စာဖတ်ရန် သွားရောက်ခဲ့သည်။
သူသည် ယခုအခါ ကုန်ကြမ်းပစ္စည်းဌာန၏ အရာရှိတစ်ဦး ဖြစ်နေပြီဖြစ်ရာ ဤစာကြည့်တိုက်သို့ လာရောက်ကာ သိုင်းပညာအချို့ကို လေ့လာခွင့် ပြည့်မီနေပြီဖြစ်သည်။
တာ့ချန်ကို စတင်တည်ထောင်စဉ်က ထိုက်ကျူဧကရာဇ်သည် လောကအရပ်ရပ်မှ သိုင်းပညာရပ်များကို စုဆောင်းသိမ်းဆည်းရန် ဤစာကြည့်တိုက်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
နန်းတွင်း၌ တာဝန်ထမ်းဆောင်နေသော မည်သည့်အရာရှိမဆို ဤနေရာသို့ လာရောက်၍ သိုင်းပညာများကို လေ့လာသင်ယူနိုင်ပေသည်။
၎င်းသည် လောကရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက် တိုးတက်ရန် အခွင့်အလမ်းတစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရသည်။
နောက်ပိုင်းတွင် ဂိုဏ်းကြီးအချို့သည် မဟာကမ္ဘာမှ ဖြတ်ကျော်ဝင်ရောက်လာကြပြီး ကျင့်ကြံရေး နည်းလမ်းအသစ်များကို ယူဆောင်လာခဲ့ကြရာ တာ့ချန်စာကြည့်တိုက်ကြီးမှာ တဖြည်းဖြည်း ပိုမို ကြွယ်ဝလာခဲ့တော့သည်။
အိမ်တစ်လုံးမဆောက်မီ အုတ်မြစ်ကို ဦးစွာချရမည်ဟူသော ဆိုရိုးစကားအတိုင်းပင်။ အရာရာတိုင်းတွင် ခိုင်မာသော အခြေခံအုတ်မြစ်ကို ဦးစွာ ချမှတ်ရမည်ဖြစ်၏။ ကျင့်စဉ်များကို နားလည်သဘောပေါက်ရန်အတွက်လည်း ထိုနည်းတူပင်။
ကျိုးရီသည် ကောင်းကင်လျှို့ဝှက်ချက်များမှ သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်ရန် အကူအညီပေးမည့် လုံးဝအသစ်စက်စက် ကျင့်စဉ်တစ်ခုကို ဖန်တီးရန် ဤနေရာတွင် လုံလောက်သော နည်းလမ်းများကို ရှာဖွေရပေမည်။
“စီနီယာ... စီနီယာလည်း ရောက်နေတာကိုး”
ကြိုးကြာဖြူနှင့် လွင့်မျောနေသော တိမ်တိုက်ပုံဖော်ထားသည့် ဝတ်စုံကို ၀တ်ဆင်ထားသော ယန်ကျန်းသည် အံ့ဩဝမ်းသာမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ကျိုးရီထံသို့ ချဉ်းကပ်လာခဲ့သည်။
ကျိုးရီ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“မဆိုးပါဘူး၊ မင်းရဲ့ ခွန်အားတွေ ထပ်တိုးလာပြန်ပြီပဲ၊ ကြည့်ရတာ မင်းက ဓားတာအိုလမ်းစဉ်နဲ့ တကယ်ကို သင့်တော်နေပုံရတယ်”
ဤအချိန်တွင် ယန်ကျန်း၏ ခန္ဓာကိုယ်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေကြောင်း ကျိုးရီ သတိပြုမိလိုက်သည်။ သူ့ပတ်လည်တွင် ဓားစွမ်းအင်အငွေ့အသက်များ ဝေဝါးဝါး ရစ်ပတ်နေသည်။
ဤသည်မှာ မိုးပြာကြာပန်းဓားကျမ်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မိုးပြာကြာပန်းဓားကျမ်းသည် ဤကဲ့သို့သော ခံစားချက်မျိုး ထွက်ပေါ်လာစေရန် အဆင့်တစ်ခုအထိ ရောက်ရှိရန်လိုအပ်ပြီး ကိုယ်တိုင်အသက်သွင်းရန် လိုအပ်သော ကျင့်စဉ် တစ်ခုဖြစ်သောကြောင့်ပင်။
‘ဒါက နတ်ဘုရားခန္ဓာကိုယ်များလား၊ ယန်ကျန်းက နတ်ဘုရားခန္ဓာကိုယ်ကို နိုးထသွားစေခဲ့တာလား။ ဘုရားရေ... ဒီကောင်လေးက တကယ်ကို ပါရမီပါတာပဲ'
နတ်ဘုရားခန္ဓာကိုယ်ဆိုသည်မှာ သူတော်စင်ခန္ဓာကိုယ်၏အောက် တစ်ဆင့်သာ နိမ့်ကျသည်။ ကောင်းကင်ဖြစ်စဉ်များကို မဖြစ်ပေါ်စေနိုင်သော်လည်း သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်သည်။
နတ်ဘုရားခန္ဓာကိုယ်များကို မွေးရာပါ၊ နှောင်းပိုင်းနှင့် လူလုပ်ဟူ၍ ခွဲခြားထားသည်။ ယန်ကျန်း၏ ခန္ဓာကိုယ်မှာ နှောင်းပိုင်းမှ အသက်ဝင်လာသော အမျိုးအစားဖြစ်ပြီး အတော်လေး ကောင်းမွန်ပေသည်။
“ဘာကြောင့်မှန်းတော့ ကျွန်တော်မသိပေမယ့် လတ်တလော ဓားတာအိုကို ကျင့်ကြံနေရင်းနဲ့ ပိုပိုပြီးကျွမ်းကျင်လာသလို ခံစားနေရတယ်”
“သေချာကျင့်ကြံပါ၊ အနာဂတ်မှာ မင်း သေချာပေါက် အောင်မြင်မှုအကြီးကြီး ရလာလိမ့်မယ်”
“စီနီယာ... ကျွန်တော် သေချာပေါက် ကြိုးစားကျင့်ကြံမယ်၊ စီနီယာ့ဆီကနေ အစွမ်းကုန် သင်ယူပါ့မယ်၊ စီနီယာရဲ့ ခြေလှမ်းတွေကို အမြန်ဆုံး အမီလိုက်နိုင်ဖို့ ကြိုးစားပါ့မယ်”
‘လူငယ်တွေဆိုတာ အမြဲတမ်း သူတို့ကိုယ်သူတို့ အရမ်းကြီးမားလွန်းတဲ့ ရည်မှန်းချက်တွေ ချမှတ်ရတာကို သဘောကျတတ်ကြတာ သဘာ၀ပဲလေ'
ကျိုးရီ သူ့ကို စိတ်ပျက်အောင် မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
“ဒါဆိုလည်း မင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုအချိန်တွင် သူ့အကြည့်များက စာကြည့်တိုက်တစ်ခုလုံးကို ဖြတ်သန်းသွားပြီး လူငယ်တစ်ဦးကို ရုတ်တရက် သတိပြုမိလိုက်ရာ သူ့မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။
ထိုသူ၏ ကိုယ်ပေါ်တွင် ခရမ်းရောင် အငွေ့အသက်များ ပေါ်ထွက်နေပြီး ယန်ကျန်းထက်ပင် အနည်းငယ် ပိုမိုအားကောင်းနေပေသည်။
မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ကျိုးရီသည် အရှိန်အဝါ အကဲခတ်သည့် နည်းလမ်းကို လုံးဝ ကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်။
တစ်စုံတစ်ယောက်၌ ကံဆိုးမှု သို့မဟုတ် ကံကောင်းမှု ရှိမရှိကိုပင် တစ်ချက်ကြည့်ရုံဖြင့် သူ သိမြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
“အဲဒါ ဘယ်သူလဲ”
ယန်ကျန်းက သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
“အဲဒါက မင်းသားရှင်းရဲ့သား လီရွှမ်ကျင်းပါ၊ သူက ဧကရာဇ်မျိုးနွယ်စုရဲ့ သွေးသား၊ မင်းသားရှင်းရဲ့ အနာဂတ် အမွေဆက်ခံသူပါ၊ တခြားသူတွေနဲ့ သိပ်ပြီး ရောရောနှောနှောလေ့မရှိဘဲ အမြဲတမ်း တစ်ယောက်တည်း တိတ်တဆိတ် စာဖတ်နေတတ်တယ်”
“သူ့ရဲ့ စရိုက်က ပျော့ညံ့တယ်လို့ ပြောတာကြာဖူးတယ်၊ ငယ်ငယ်တုန်းက နန်းတွင်းအစေခံမလေးတွေက သူ့ကို မကြာခဏ လည်ပင်းညှစ်လေ့ရှိတာတောင် သူက ပြန်မခုခံရဲဘူးတဲ့၊ တစ်နေ့လုံး တာအိုကျင့်စဉ် နက်နဲမှုတွေမှာပဲ ရူးသွပ်နေပြီး သူ့ရဲ့ သိုင်းပညာကလည်း အရမ်းညံ့ဖျင်းတယ်လို့ ပြောကြသေးတယ်”
‘နန်းတွင်းအစေခံတွေ လည်ပင်းညှစ်တာ ခံရတယ်၊ တာအိုကျင့်စဉ် နက်နဲမှုတွေမှာ ရူးသွပ်နေတယ်၊ အင်း'
“အနာဂတ်မှာ ဒီလူနဲ့ မင်း ပိုရင်းနှီးလာအောင် နေသင့်တယ်၊ မင်းအတွက် နောက်ထပ် ကံကောင်းမှုတစ်ခုနဲ့တောင် ကြုံတွေ့ရနိုင်တယ်”
ယန်ကျန်း အတော်လေး တွေဝေသွားသည်။
“အဲဒါက ဘာအဓိပ္ပာယ်လဲ စီနီယာ”
“အကယ်လို့ တာ့ချန်မှာ ကံကြမ္မာကောင်း နည်းနည်းလောက် ကျန်နေသေးတယ်ဆိုရင် ဒီကောင်လေးက တာ့ချန်ကို အသက်ပြန်၀င်လာအောင် လုပ်ပေးနိုင်မယ့်သူ ဖြစ်လာနိုင်တယ်”
ယန်ကျန်း မျက်မှောင်ကြုတ်သွားပြီး လီရွှမ်ကျင်းကို သူ ထပ်ကြည့်လိုက်၏။ ယခုတစ်ကြိမ်ကြည့်သည့် သူ၏ အကြည့်များထဲတွင် တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေတော့သည်။
သို့သော် ထိုအရာထက် ပိုသည်က ကျိုးရီအပေါ် ကြည်ညိုလေးစားမှုပင်။ သူက တစ်ဖက်လူ၏ အနာဂတ်ကို တစ်ချက်ကြည့်ရုံဖြင့် ထိုးထွင်းသိမြင်နိုင်သည်လော။ စီနီယာ၏ နည်းလမ်းများက မည်မျှ အစွမ်းထက်နေသနည်း။
ကျိုးရီ သူ့ကို ဂရုမစိုက်တော့ဘဲ သူလိုချင်သော ကျင့်စဉ်ကိုသာ ရှာဖွေနေလိုက်သည်။
စာကြည့်တိုက်ကြီးမှာ ကျယ်ဝန်းလှသော်လည်း ကျိုးရီအတွက်မူ လွယ်ကူသော အလုပ်တစ်ခုသာ ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ်အဆင့်တွင် သူ၏ စိတ်စွမ်းအားကို တစ်ချက် ဖြန့်ကျက်လိုက်ရုံဖြင့် အရာအားလုံးက ရှင်းလင်းသွားတော့သည်။
မကြာမီမှာပင် ကျိုးရီသည် များပြားလှသော အသိပညာ ဗဟုသုတများကို သိမ်းဆည်းနိုင်ခဲ့သည်။ သေဆုံးသွားသူများ၏ မှတ်ဉာဏ်များမှ သူစုပ်ယူထားခဲ့သော နက်နဲလှသည့် သိုင်းပညာအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ပြန်လည်တွက်ချက် စီစဉ်လိုက်သည်။
ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန် လုံလောက်သော ကျင့်စဉ်တစ်ခု အလျင်အမြန် ပေါ်ထွက်လာလေတော့သည်။