← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) - ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ခြင်း၊ အစွမ်းထက်ကျင့်ကြံသူများ ရောက်ရှိလာခြင်း

သာမန်အခြေအနေမျိုးတွင် လူတစ်ဦးသည် လောကကြီးအတွင်း၌ သီးခြားတည်ရှိနေသော အမှတ်အသားတစ်ခုအဖြစ် ရပ်တည်နေတတ်သည်။

လောကကြီးနှင့် ဆက်သွယ်ထားသောကြောင့် ၎င်းတို့၏ တည်ရှိမှုကို တိကျသော စည်းမျဉ်းများ၊ နည်းလမ်းများ သို့မဟုတ် ရတနာများမှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်ပေသည်။

ရှေးခေတ်ကာလများတွင် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ရန် နည်းလမ်းအမျိုးမျိုး အသုံးပြုတတ်သည့် အစွမ်းထက် ကျင့်ကြံသူများ ရှိခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေ သိုင်းပညာရှင်များသည် အသက်ရှင်ကျန်ရစ်ရေးအတွက် ကောင်းကင်ဘုံနှင့် ရုန်းကန်နေရုံသာမက ကံကြမ္မာကောင်းများအတွက် အခြားသူများနှင့်လည်း ယှဉ်ပြိုင်တိုက်ခိုက်ရစမြဲပင်။

ရှင်ခြင်းနှင့်သေဆုံးခြင်းကြားမှ ရန်ငြိုးရန်စများမှာ ရေတွက်၍မရနိုင်လောက်အောင် များပြားလှရာ မိမိကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်မည့် နည်းလမ်းကို မရှာဖွေနိုင်ပါက အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။

အချို့က မူလခန္ဓာကိုယ်နေရာတွင် အရာဝတ္ထုများ သို့မဟုတ် အဆောင်လက်ဖွဲ့များကို အစားထိုးအသုံးပြုကာ အာရုံများကို လှည့်စားတတ်ကြသည်။

တစ်စုံတစ်ယောက်က သူတို့ကို ရှာတွေ့သွားလျှင်ပင် အစားထိုးထားသော ရုပ်သေးကိုသာ တွေ့ရှိမည်ဖြစ်ပြီး အစစ်အမှန် ခန္ဓာကိုယ်ကိုမူ တွေ့ရှိနိုင်မည်မဟုတ်ပေ။

သို့သော် ဤနည်းလမ်းက အစားထိုးစရာများ ဖန်တီးရန် လိုအပ်ပြီး ကုန်ကျစရိတ်များသောကြောင့် ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ပေ။

အချို့ကမူ သေချင်ယောင်ဆောင်သည့် နည်းလမ်းကို အသုံးပြုကြသည်။ နေ့စဉ်ဘဝတွင် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်သရွေ့ သူတို့ကို ရှာတွေ့မည် မဟုတ်ပေ။

သူ့အနေဖြင့် မလှုပ်ရှားဘဲ နေထိုင်ရန် မဖြစ်နိုင်ကြောင်း ကျိုးရီ ကောင်းကောင်း သိထားသောကြောင့် အခြားနည်းလမ်းတစ်ခုကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

ထိုအရာကတော့ ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ခြင်းပင်။

ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ခြင်းဆိုသည်မှာ မိမိနှင့် သဘာဝတရားကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်ပြီး လောကကြီး၏ မျက်လုံးထဲတွင် မှတ်သားထားခြင်း မရှိသော သက်ရှိတစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးကဲသော နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည်။

ပထမနည်းလမ်းနှစ်ခုနှင့် နှိုင်းယှဉ်ပါက ဤတတိယနည်းလမ်းသည် ပိုမို တိကျသေချာသည်။

သူ၏ သူတော်စင်ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာမည့် ကောင်းကင်ဖြစ်စဉ်များကိုပင် သီးခြားခွဲထုတ်ပေးနိုင်စွမ်း ရှိပေသည်။

သို့သော် ၎င်း၌ အားနည်းချက်တစ်ခုလည်း ရှိနေသည်။ ၎င်းက ကိုယ်တွင်းစွမ်းအင်များကို အဆက်မပြတ်စားသုံးနေပေလိမ့်မည်။

တိုက်ဆိုင်စွာပင် ခွန်အားဆိုသည်မှာ ကျိုးရီအတွက် ပြဿနာအသေးအမွှားလေးတစ်ခုဖြစ်ရာ ဤအလုံခြုံဆုံးနည်းလမ်းကိုသာ ရွေးချယ်လိုက်တော့သည်။

ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးကာ လောကကြီးကို စိုးမိုးရန်အတွက် ဤခြေလှမ်းက အရေးကြီးလှပေသည်။

သေချာသည်မှာ ဤနတ်ဘုရားစွမ်းရည်သည် သာမန်လူတစ်ယောက် နားလည်သဘောပေါက်နိုင်စွမ်းရှိသော အရာမျိုး မဟုတ်ဘဲ နည်းလမ်းအမျိုးမျိုးအနက် ကျွမ်းကျင်ပိုင်နိုင်ရန် အခက်ခဲဆုံးဖြစ်သည်။

ပါရမီနိမ့်ကျသူအချို့သည် တစ်ဝက်တစ်ပျက် သီးခြားခွဲထုတ်ခြင်းဟုခေါ်သော ‘မြေကြီးနှင့် ကောင်းကင်ကို ဖြတ်တောက်ခြင်း’ ကိုသာ ဖန်တီးနိုင်စွမ်းရှိကြသည်။

ကျိုးရီ အောင်မြင်ခဲ့ခြင်းမှာ သူ၏ ကြီးမားသော ခွန်အားနှင့် စုပ်ယူထားခဲ့သော များပြားလှသည့် မှတ်ဉာဏ်များကြောင့်ပင်။

သူ၏ အတွေ့အကြုံများမှာ အလွန်တရာ ကြွယ်ဝလွန်းလှ၏။ သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့ပါက ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးကို ကျင့်ကြံနိုင်ခဲ့မည်မဟုတ်ချေ။

ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ခြင်းကျင့်စဉ် အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို လောကကြီးနှင့် ဆက်သွယ်ထားသော နေရာတွင် အကာအကွယ်ပေးထားသည့် ထူးခြားသော စွမ်းအင်တစ်ခုကို ကျိုးရီ ချက်ချင်းခံစားလိုက်ရသည်။

သို့သော် အခြားသူများ ရိပ်မိသွားမည်စိုးသဖြင့် ကျိုးရီသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ခြင်းအတားအဆီး၏ အပြင်ဘက်တွင် နှောင်းပိုင်းဖြစ်တည်မှုအဆင့် အထွတ်အထိပ်သာရှိသော အငွေ့အသက် အနည်းငယ်ကို တမင်ထုတ်လွှတ်ထားလိုက်သည်။

ဤနည်းအားဖြင့် သူ့ခွန်အားမှာ နှောင်းပိုင်းဖြစ်တည်မှုအဆင့် အထွတ်အထိပ်တွင်သာ ရှိသည်ဟု အခြားသူများက ထင်မြင်သွားကြပေလိမ့်မည်။

ထိုအချိန်တွင် တာ့ချန်မြို့တော်တစ်ခုလုံးအထက်၌ ခေါင်းလောင်းထိုးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

လူတိုင်း သူတို့၏ လက်ထဲရှိ စာအုပ်များကို ချထားလိုက်ကြပြီး တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ရုတ်တရက်ကြီး ခေါင်းလောင်းသံတွေ ထွက်လာတာလဲ”

“ဒါက မြို့တော်က ပြည်သူတွေကို သတင်းကြေညာဖို့ တာ့ချန် က အသုံးပြုတဲ့ နဂါးခေါင်းလောင်းပဲ၊ နဂါးခေါင်းလောင်း မြည်လာတယ်ဆိုရင် ဧကရာဇ်တစ်ပါး နတ်ရွာစံသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ချန်ဧကရာဇ် နတ်ရွာစံသွားပြီ”

ကျိုးရီ ရင်ထဲတွင် ခံစားချက်များစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူသည် နောက်ထပ်ဧကရာဇ်တစ်ပါးကို ကျော်ဖြတ်ခဲ့ရပြန်လေပြီ။ ယခုအခါ အနည်းဆုံးတော့ သူသည် ဧကရာဇ်သုံးဆက်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်အရာရှိတစ်ဦးအဖြစ် မှတ်ယူနိုင်နေပြီဖြစ်သည်။

ဧကရာဇ်အသစ်တစ်ပါး နန်းတက်လာသည်နှင့် သူသည် ဧကရာဇ်လေးဆက်တိုင်တိုင် တာ၀န်ထမ်းဆောင်ခဲ့သော ဝါရင့်အရာရှိတစ်ဦး ဖြစ်လာပေတော့မည်။

သို့သော် ဧကရာဇ်တစ်ပါးဖြစ်ရသည်မှာ ကောင်းကျိုးချည်းတော့ မဟုတ်ပေ။ ဤရာထူးက အလွန်အမင်း အန္တရာယ်များကြောင်း ကျိုးရီ တွေ့ရှိထားသည်။

သိုင်းပညာရှင်တစ်ဦး၏ သက်တမ်းမှာ နှစ်တစ်ရာ သို့မဟုတ် နှစ်ရာပေါင်းများစွာအထိ ရှင်သန်နိုင်သော ဤကမ္ဘာတွင် ဧကရာဇ်များမှာ အခြေခံအားဖြင့် ဆယ်စုနှစ် အနည်းငယ်မျှသာ အသက်ရှင်နိုင်ခြင်းက အတော်လေး ယုတ္တိမတန်လှပေ။

ယခင်က ကျင်ဧကရာဇ်၏ ညီအစ်ကိုနှစ်ဦးမှာ ပြင်းထန်သော နန်းတွင်းအာဏာလုပွဲများကြောင့် စောစောစီးစီး သေဆုံးခဲ့ရ၏။ ချန်ဧကရာဇ်မှာမူ အဘယ်ကြောင့်များ သေဆုံးသွားရသနည်း။

“အရှင်မင်းကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး နတ်ရွာစံသွားရတာလဲ။ သူက သိုင်းသခင်အဆင့်မှာ မဟုတ်ဘူးလား သူ့ရဲ့ ခွန်အားနဲ့ဆို ဒီလောက်မြန်မြန် မသေသင့်ပါဘူး”

“ချန်ဧကရာဇ်က ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့ ဂိုဏ်းတချို့နဲ့ နတ်ဆိုးတွေကြားက ပူးပေါင်းကြံစည်မှုတွေကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးချင်နေတယ်လို့ ကြားတယ်။ သူက ဂိုဏ်းတချို့ရဲ့ အကျိုးစီးပွားတွေကို သွားထိမိလို့ နေမှာပေါ့”

‘ဪ... ဒါကြောင့်ကိုး။ ဒါဆိုရင်တော့ သဘာဝကျပါတယ်'

ထိုဂိုဏ်းကြီးများမှာ သူ့ယခင်ဘဝက မြင့်မြတ်သော သူကောင်းမျိုးနွယ်စုကြီးများနှင့် တူညီလှသည်။ ပေါ်ပေါက်လာသည်မှာ သိပ်မကြာသေးသော်လည်း သူတို့၏ ဩဇာလွှမ်းမိုးမှုများကို တဖြည်းဖြည်း ဖြန့်ကြက်လာနိုင်ခဲ့ကြသည်။

နန်းတွင်းကို ထိန်းချုပ်ထားနိုင်ရုံသာမက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ကျင့်ကြံသူများစွာကိုလည်း ပိုင်ဆိုင်ထားကြသည်။

ချန်ဧကရာဇ်သည် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်၏။ သူတို့၏ အကျိုးစီးပွားကိုပါ ထိပါးလာမည်ဆိုပါက သတ်ဖြတ်ခံရခြင်းမှာ လုံးဝ ဖြစ်နိုင်ခြေရှိပေသည်။

ချန်ဧကရာဇ် နတ်ရွာစံသွားပြီးနောက် မြို့တော်တစ်ခုလုံး တစ်လတိတိ ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။

ချန်ဧကရာဇ်၏ ဂုဏ်သတင်းမှာ ပြည်သူများ၏ နှလုံးသားထဲတွင် အတော်လေး မြင့်မားသောကြောင့် သာမန်အရပ်သားများက သူ့ကို များစွာ လွမ်းဆွတ်တမ်းတခဲ့ကြသည်။

ပြည်သူများကြားရှိ ချန်ဧကရာဇ်၏ ဩဇာတိက္ကမကို ထိခိုက်စေရန်အတွက်လား သို့မဟုတ် အခြားသော အကြောင်းရင်းတစ်ခုခုကြောင့်လားတော့ မသိ၊ ထိုဂိုဏ်းကြီးများသည် ချန်ဧကရာဇ်၏ မျိုးဆက်များကို ဧကရာဇ်အဖြစ် တင်မြှောက်ခဲ့ခြင်းမရှိပေ။

၎င်းအစား လီချင်းရွှမ်၏ မျိုးဆက်ထဲမှ အခြားသူတစ်ဦးကို ရွေးချယ်ကာ ချင်းဧကရာဇ်ဟူသော ဘွဲ့အမည်ဖြင့် ရွှေပလ္လင်ပေါ် တက်လှမ်းစေခဲ့သည်။

တာ့ချန်၏ ရွှေပလ္လင်မှာ တစ်ပတ်လည်သွားပြီး လီချင်းရွှမ်၏ မျိုးဆက်ထံ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ကျိုးရီပင် မထင်မှတ်ထားခဲ့ပေ။ ကံကြမ္မာဆိုသည်မှာ လူသားများကို အမှန်တကယ် လှည့်စားကစားတတ်ပေသည်။

ဧကရာဇ်သစ်၏ အဆင့်အတန်းမှာ သာမန်မျှသာ။ နန်းတက်ပြီးနောက် ကရုဏာရှင်မူဝါဒများကို အကောင်အထည်ဖော်ကာ အခွန်အခများကို လျှော့ချပေးပြီး ပြည်သူများကို အနားယူခွင့် ပေးခဲ့သည်။

ကံမကောင်းစွာဖြင့် ဤကဲ့သို့သော ကမောက်ကမ အချိန်ကာလမျိုးတွင် ဤလုပ်ဆောင်ချက်များက ပြည်သူများအတွက် များစွာ အထောက်အကူမဖြစ်ခဲ့ပေ။

နတ်ဆိုးများကို သတ်ဖြတ်ပြီး လောကကြီးကို ငြိမ်းချမ်းရေး ပြန်လည်ယူဆောင်လာပေးနိုင်ခြင်းကသာ ပြည်သူများ အရေးတကြီးလိုအပ်နေသောအရာ ဖြစ်ပေသည်။

ချန်ဧကရာဇ်၏ ဝမ်းနည်းပူဆွေးခြင်းကာလ ပြီးဆုံးသွားသည့် ပထမဆုံးနေ့မှာပင် တာ့ချန်မြို့တော်၏ ကောင်းကင်ယံထက်၌ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုအလင်းတန်းမှာ တိမ်တိုက်များကို ဖောက်ထွင်းပြီး တာ့ချန်နန်းတော်ကြီးအတွင်းသို့ တိုက်ရိုက် ဦးတည်နေသော သက်တံရောင် တံတားရှည်ကြီးတစ်ခုဖြစ်သွားသည်။

ဤအလင်းတန်းနှင့်အတူ အကြောင်းရင်းမရှိဘဲ ရင်တုန်သွားစေနိုင်လောက်သော ဖိအားတစ်ခုလည်း အတူတကွ လိုက်ပါလာခဲ့သည်။

နတ်ဆိုးများ၏ သွေးအနှစ်သာရကို စုပ်ယူပြီးကာစဖြစ်သော ကျိုးရီသည်လည်း ထိုစွမ်းအင်ကို အာရုံခံမိသွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိ၏။

“မြေကမ္ဘာအင်မော်တယ်တစ်ပါးနဲ့ သိုင်းသူတော်စင် အထွတ်အထိပ်တစ်ပါး တကယ်ကြီး ရောက်လာတာကိုး၊ ဒီထျန်းကျီဂိုဏ်းက ဂိုဏ်းကြီးအတော်များများရဲ့ အထက်မှာ ရပ်တည်နေတဲ့ အင်အားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်” ကျိုးရီ တီးတိုးရေရွတ်လိုက်သည်။

အခြားဂိုဏ်းကြီးများရှိ အသန်မာဆုံး ကျွမ်းကျင်သူများမှာ သိုင်းသူတော်စင်အဆင့်သာ ရှိကြသည်။ တစ်ဖက်လူက မြေကမ္ဘာအင်မော်တယ်အဆင့်ရှိသူကိုပင် ခပ်ပေါ့ပေါ့ စေလွှတ်လိုက်ခြင်းက အတော်လေး အထင်ကြီးစရာ ကောင်းနေပြီဖြစ်သည်။

သို့သော် ကျိုးရီ သိပ်ပြီး စိတ်မ၀င်စားပေ။

အဘယ်ကြောင့်ဆိုသော် ထိုမြေကမ္ဘာအင်မော်တယ်မှာ သူ့ထက် များစွာ နိမ့်ကျနေကြောင်း ခံစားလိုက်ရသောကြောင့်ပင်။

ကျိုးရီအတွက် အမြဲတမ်း ထိုအတိုင်းဖြစ်နေခဲ့သည်။ သူ့ခွန်အားကို ကျင့်ကြံမှုအဆင့်က မီအောင်မလိုက်နိုင်ပေ။ စုဆောင်းမှုများနှင့် နားလည်သဘောပေါက်မှုများအတွက် အချိန်တစ်ခု လိုအပ်နေလေ၏။

သူ၏ လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်မှာမူ အဆင့်တူရှိသူများထက် အမြဲတမ်း များစွာ သာလွန်နေခဲ့သည်။

ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး ၎င်းကို လျစ်လျူရှုကာ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်နေလိုက်သည်။

တစ်ချိန်တည်းမှာပင် စစ်သူကြီးကျောက်၊ ဆရာကြီးကွေ့နှင့် အခြားသော သိုင်းသခင်များက အရိုအသေပေးရန် ကောင်းကင်ယံသို့ ပျံသန်းသွားကြလေပြီ။

သူတို့နှင့်အတူ ဂိုဏ်းကြီးအသီးသီးမှ သိုင်းသူတော်စင်များနှင့် သိုင်းသခင်များလည်း အတူတကွ ပျံသန်းလာကြသည်။

“အကြီးအကဲရွှီနဲ့ ထျန်းကျီသူတော်စင်မလေးကို ကျွန်တော်တို့ အရိုအသေပေးပါတယ်”

ထိုအသံလှိုင်းကြီးက မိုးခြိမ်းသံမျးပမာ ကျယ်လောင်လှရာ မြို့တော်တစ်ခုလုံးရှိ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

“အဲဒါ ဘယ်သူတွေလဲ၊ မိုးပျံသင်္ဘောကြီးကိုတောင် စီးလာကြတာလား”

“ဘာမှမသိတဲ့ အရူးကောင်၊ သူတို့က ထျန်းကျီဂိုဏ်းက လူတွေကွ၊ ထျန်းကျီဂိုဏ်းဆိုတာ ငါတို့ ဂိုဏ်းကြီးအတော်များများရဲ့ အထက်မှာ ရပ်တည်နေတဲ့ အင်အားစုပဲ”

“အဲဒီ မိုးပျံသင်္ဘောကို ၀ိညာဉ်စွမ်းအင်လှေလို့ ခေါ်တယ်၊ သူ့ရဲ့ ပျံသန်းနှုန်းက သိုင်းသူတော်စင်တစ်ပါးနဲ့ နှိုင်းယှဉ်လို့ရပြီး လူအများကြီးကို တင်ဆောင်ရင်း ခရီးဝေးအထိ ပျံသန်းနိုင်တယ်”

“ဒါပေမဲ့ စွမ်းအင်စားသုံးမှု အရမ်းကြီးမားပြီး အစီအရင်ကို လည်ပတ်ဖို့ ၀ိညာဉ်ကျောက်တုံးတွေ လိုတယ်။ ထျန်းကျီဂိုဏ်းလို ဂိုဏ်းကြီးမျိုးကသာ အဲဒါကို အသုံးပြုနိုင်တဲ့ ခွန်အားရှိတာ”

“ကျစ်… သူတို့က ဂိုဏ်းကြီးအတော်များများရဲ့ အထက်မှာ ရပ်တည်နေတာလား။ ဒါက သိပ်ကို ကြောက်စရာကောင်းလွန်းမနေဘူးလား၊ မင်းတို့ရဲ့ ဂိုဏ်းတွေကတောင် လက်ရှိတာ့ချန်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်တဲ့ အင်အားစုတွေလေ”

“တောင်ထက်မြင့်တဲ့ တောင်ရှိသေးသလို ကောင်းကင်ထက်မြင့်တဲ့ ကောင်းကင်ဆိုတာ ရှိစမြဲပဲ။ ထျန်းကျီဂိုဏ်းက အဲဒီ အကြီးအကဲရွှီဆိုတာ ဒဏ္ဍာရီလာ မြေကမ္ဘာအင်မော်တယ်အဆင့်မှာ ရှိတာကွ”

“သူ့အနေနဲ့ သိုင်းသူတော်စင် တစ်ပါးကို သတ်ရတာက ခွေးတစ်ကောင်၊ ကြက်တစ်ကောင်ကို သတ်ရသလို လွယ်ကူလွန်းတယ်”

“ဒါ့အပြင် အဲဒီ ထျန်းကျီသူတော်စင်မလေးက အသက်သုံးဆယ်ပဲ ရှိသေးတာတောင် သိုင်းသူတော်စင် အထွတ်အထိပ်ကို ရောက်နေပြီ၊ အနာဂတ်မှာ မြေကမ္ဘာအင်မော်တယ်အဆင့်ကို ဝင်ရောက်ဖို့ဆိုတာ လက်ဖဝါးကို လှန်လိုက်သလို လွယ်ကူလိမ့်မယ်”

“ငါတို့ဂိုဏ်းတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

“ဘုရားရေ... မြေကမ္ဘာအင်မော်တယ်အဆင့်ရှိတဲ့ ကျင့်ကြံသူက ဂိုဏ်းအကြီးအကဲတစ်ယောက်ပဲ ရှိသေးတယ်လား၊ ပြီးတော့ အသက်သုံးဆယ်အရွယ် သိုင်းသူတော်စင်အထွတ်အထိပ်တဲ့လား... ဒါက ပုံပြင်တစ်ပုဒ်လိုပဲ”

All Chapters