← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း (၅၃) - ကောင်းကင်လျှို့ဝှက်ချက်ပေတံနှင့် ကောင်းကင်လျှို့ဝှက်ချက်များကို စုံစမ်းခြင်း

တာ့ချန်မြို့တော်ရှိ အင်အားစုများစွာက ထျန်းကျီဂိုဏ်းကို ကြိုဆိုနေကြချိန်တွင် အဝေးတစ်နေရာရှိ တာ့ချန်၏ တောင်တန်းထူထပ်သော ဒေသ၌ မိစ္ဆာအငွေ့အသက်များ ထုတ်လွှတ်နေသော သိုင်းပညာရှင်အချို့က ရင်ဘတ်တွင် နေ၊ လ ပုံစံများ ထွင်းထုထားသည့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်စုကို ကြိုဆိုနေကြသည်။

“ကောင်းကင်နဲ့ မြေကမ္ဘာအသင်းက နေလနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲယင် ရောက်ရှိလာတာကို ကြိုဆိုပါတယ်”

“ခေါင်းဆောင်ချန်... ဒီလို တရားဝင်အခမ်းအနားတွေ လုပ်နေစရာမလိုပါဘူး၊ ယန်ဘုရင်ရဲ့ အင်အားစုထဲကို လျှို့၀ှက်ဝင်ရောက်ပြီး ယန်ဘုရင်ရဲ့မျိုးဆက်ကို ဖြုတ်ချဖို့ အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ တာဝန်နဲ့ အမိန့်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့တယ်"

“အရှင်မင်းကြီး နဂါးပလ္လင်ပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့အခါ အဓိက ကျေးဇူးရှင်ကြီး ဖြစ်လာမှာ သေချာတယ်”

“ဒီလို ကျေးဇူးကို မခံယူရဲပါဘူး၊ ကျွန်တော့်အနေနဲ့ ဧကရာဇ်သုံးဆက်တိုင်တိုင် သခင်အတော်များများကို အလုပ်အကျွေးပြုရင်း အရှက်ကွဲမှုတွေနဲ့ ကြီးလေးတဲ့ တာဝန်တွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတယ်”

“နောက်ဆုံးတော့ ယန်ဘုရင်ရဲ့ မြစ်တော်လက်ထက်မှာ ယန်ဘုရင်ရဲ့ မျိုးဆက်ကို ဖြုတ်ချဖို့ တာဝန်ကို ပြီးမြောက်ခဲ့ပါပြီ”

“ကျန်းထုံဧကရာဇ် မိုက်မဲတာကို ကျေးဇူးတင်ရမယ်၊ သူသာ တာ့ချန်ရဲ့ အဓိကစစ်သည် ငါးသိန်းကို ဖြုန်းတီးမပစ်ခဲ့ရင် ကျွန်တော် လီချင်းရွှမ်ကို ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်း သင်ပေးခဲ့ရင်တောင် သူ ရွှေပလ္လင်ပေါ် တက်နိုင်မှာမဟုတ်ဘူး"

“ကျန်းထုံဧကရာဇ် လီချင်းယွန်နဲ့ အပြန်အလှန် သတ်ဖြတ်ပြီး ပျက်စီးသွားဖို့ဆိုတာကတော့ ဝေလာဝေးပဲ”

“ဒါက ယန်ဘုရင်အင်အားစုရဲ့ ကံကြမ္မာပဲလေ။ အထက်လူကြီးတွေကို အာခံပြီး ပုန်ကန်ဖို့ ဘယ်သူက ခိုင်းလို့လဲ၊ အခုတော့ သူလည်း သေဆုံးပြီး သူ့တာအိုလည်း ပျောက်ကွယ်သွားပြီ"

“သူ့ရဲ့ မျိုးဆက်တွေထဲက တစ်ယောက်မှ သိုင်းသူတော်စင်အဆင့်ကို မရောက်ဖူးသလို မဟာကမ္ဘာထဲကိုလည်း တစ်ခါမှ ခြေမချဖူးဘူး၊ သူတို့နဲ့ ထိုက်တန်ပါတယ်”

စကားပြောရင်းနှင့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

“ခေါင်းဆောင်ချန်... နန်းတော်ထဲကို ဝင်ရောက်ဖို့အတွက် ကိုယ့်မျိုးဆက်ကို ကိုယ်တိုင် ဖြတ်တောက်ခဲ့ရတာကို အရှင်မင်းကြီးက သိပါတယ်၊ ဒီဆေးလုံးက နင့်အတွက် အရှင်မင်းကြီးကိုယ်တိုင် ဈေးကြီးပေးပြီး ဝယ်ယူပေးထားတာပါ"

“အရိုးပေါ်မှာ အသားပြန်တက်စေပြီး ပြတ်တောက်သွားတဲ့ ခြေလက်အင်္ဂါတွေကို ပြန်လည်မွေးဖွားစေနိုင်တယ်၊ ဒါကိုယူပြီး ခန္ဓာကိုယ်ကို ပြန်လည်ကုသလိုက်ပါ”

ခေါင်းဆောင်ချန်က ဆေးလုံးကို လှမ်းယူလိုက်ပြီး သူ့ရင်ထဲတွင် နက်ရှိုင်းသော ခံစားချက်များ ပြည့်နှက်သွားသည်။

“နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီပဲ”

သူသည် ဆေးလုံးကို သေချာသိမ်းဆည်းလိုက်ပြီး အပြန်တွင် တံခါးပိတ်ကျင့်ကြံကာ သန့်စင်ရန် ရည်ရွယ်ထားလိုက်သည်။

“လတ်တလော လျှို့ဝှက်သတင်းတွေအရ ထျန်းကျီဂိုဏ်းက တာ့ချန်မြို့တော်ကို ရောက်နေပြီလို့ သိရတယ်။ ကျွန်တော် အဲဒီမှာ ထည့်ထားတဲ့ အင်အားစုတွေက အားနည်းတော့ ဆက်ပြီးထိန်းသိမ်းထားဖို့ ခက်ခဲလိမ့်မယ်"

“အကယ်လို့ သူတို့က အဲဒီ ပါရမီရှင်ကို အရင်ရှာတွေ့သွားပြီး အရှင်မင်းကြီး သူ့ရဲ့ ပါရမီကို စုပ်ယူမယ့်အစီအစဉ် ပျက်သွားရင် ကျွန်တော်တို့ရဲ့အပြစ်က တကယ်ကို ကြီးမားသွားလိမ့်မယ်”

“အကြီးအကဲယင် ခေါ်လာတဲ့သူတွေ အားလုံးက မဟာကမ္ဘာမှာ ပြင်းပြင်းထန်ထန် ကျင့်ကြံထားတဲ့ ကျင့်ကြူံတွေချည်းပဲ၊ သူတို့ကို ကူညီဖို့အတွက် တချို့တလေကို အရင်လွှတ်ပေးထားလို့ရမလား”

“ကိစ္စမရှိဘူး”

အကြီးအကဲယင် လက်ယမ်းခေါ်လိုက်ရာ မကြာမီမှာပင် အေးစက်စက်မျက်နှာနှင့် ဖြူရော်နေသော လူငယ်တစ်ဦး သူ၏ နောက်မှ ထွက်လာခဲ့သည်။

သူပုံစံမှာ အလွန်ငယ်ရွယ်ပုံရသော်လည်း သိုင်းသခင်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ချီးကျူးစကား ဆိုလိုက်သည်။

“တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ လူငယ်လေးပဲ။ အသက်နှစ်ဆယ်တောင် မပြည့်သေးပုံရပေမယ့် သိုင်းသခင်အဆင့်ကို ရောက်နေပြီ၊ နောက်ထပ် ဆယ်နှစ်ကျော်လောက်ဆိုရင် သိုင်းသူတော်စင် အဆင့်ကိုတောင် ဝင်ရောက်နိုင်တော့မှာ သေချာတယ်”

အကြီးအကဲယင်၏ မျက်နှာပေါ်တွင် ကြီးမားသော ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြုံးလိုက်သည်။

“သူက ငါ့မြေး ယင်ထျန်းလီပဲ”

“အကြီးအကဲယင်ရဲ့ မြေးဖြစ်နေတာကိုး၊ ဒီလောက်တောင် ထူးချွန်ပြောင်မြောက်နေတာ မဆန်းတော့ပါဘူး။ သခင်လေးယင်က တကယ်ကို အထင်ကြီးစရာ ကောင်းလွန်းလို့ ကျွန်တော့်အနေနဲ့ လေးစားအားကျမိပါတယ်”

ယင်ထျန်းလီက လက်ယှက်အရိုအသေပေးလိုက်သည်။

“ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် စီနီယာချန်။ ကျွန်တော်က ၀ိညာဉ်စွမ်းအင်တွေ ပေါကြွယ်ဝတဲ့ မဟာကမ္ဘာမှာ နေထိုင်ရတဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့ရုံလေးပါ”

“ဟားဟား... သခင်လေးယင်၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး။ ဒီအဘိုးကြီးက အမှန်တရားကို ပြောနေရုံပါ”

စကားပြောရင်း အနက်ရောင်သံမဏိတိုကင်တစ်ခုကို လှမ်းပစ်ပေးလိုက်သည်။

“ဒီတိုကင်က တာ့ချန်မြို့တော်အနီးတစ်ဝိုက်မှာရှိတဲ့ ကောင်းကင်နဲ့မြေကမ္ဘာအသင်းက ကင်းထောက်တွေအားလုံးကို အမိန့်ပေးနိုင်တယ်၊ မြို့တော်ကို မင်းဆီ အပ်ခဲ့ပြီနော်”

“စိတ်ချပါ စီနီယာချန်။ ကျွန်တော် သိုင်းသူတော်စင် တစ်ပါးကို ခေါ်သွားမှာပါ၊ ဘာမတော်တဆမှုမှ ဖြစ်လာမှာ မဟုတ်ပါဘူး”

“ဒါဆိုရင်တော့ ဒုက္ခပေးရတော့မယ်”

တာ့ချန်မြို့တော်။

ထျန်းကျီဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်တစ်စုသည် နန်းတော်ကြီးအတွင်းသို့ တိုက်ရိုက် နေရာ၀င်ယူလိုက်ကြသည်။

ထို့ကြောင့် ဧကရာဇ်နှင့် အခြားသူများမှာ ဘေးဘက်ခန်းမဆောင်လေးတစ်ခုသို့ ပြောင်းရွှေ့နေရာယူလိုက်ကြရသည်။ ဧကရာဇ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မည်သူကမျှ တစ်ခွန်းမှမပြောရဲကြချေ။

မည်သို့ပင်ဆိုစေ အစွမ်းထက်သူကို လေးစားရမည်ဖြစ်ပြီး လက်သီးပိုကြီးသူက အမိန့်ပေးပိုင်ခွင့်ရှိသည် မဟုတ်လော။

ထျန်းကျီဂိုဏ်း၏ အကြီးအကဲရွှီလီနန်သည် လက်ရှိတွင် သူတော်စင်မလေးကို ကူညီပေးနေသည်။

“သူတော်စင်မလေးကျင်းယန်... ကောင်းကင်လျှို့ဝှက်ချက်ပေတံနဲ့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရတာက သက်တမ်းကို စားသုံးတယ်ဆိုတာ မ‌မေ့နဲ့နော်”

“သူတော်စင်မလေးဆီမှာ သက်ရှည်ဆေးလုံးတွေ ရှိတယ်ဆိုပေမယ့် ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အလွန်အကျွံ အသုံးပြုတာကိုတော့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

“ကိုယ်ပိုင်သက်တမ်းကို လုံးဝ မသုံးရဘူးနော်၊ အဲဒီလိုမှ မဟုတ်ရင် ပါရမီကို ထိခိုက်သွားလိမ့်မယ်။ အကယ်လို့ အဲဒီ ရှေးဟောင်းပါရမီရှင်ကို ရှာမတွေ့ခဲ့ရင် အချိန်ယူပြီး ဖြည်းဖြည်းချင်း ဆက်ရှာလို့ရတယ်”

“ဒါပေမဲ့ သူတော်စင်မလေးရဲ့ ပါရမီသာ ကျဆင်းသွားရင် ဘယ်တော့မှ ပြန်ကုစားလို့ မရနိုင်တော့ဘူး”

သူတော်စင်မလေးကျင်းယန်က ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့ အကြီးအကဲ။ ဘာလုပ်ရမယ်ဆိုတာ ကျွန်မ သိပါတယ်”

“ဒါဆိုရင် စတော့”

သူတော်စင်မလေးကျင်းယန်က ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။

ရွှေရောင်ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီးနောက် လက်ကွက်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်ရာ မကြာမီမှာပင် သူမခန္ဓာကိုယ်တွင်းမှ မြစိမ်းရောင် ပေတံတစ်ခုကို ဆင့်ခေါ်လိုက်သည်။

ဤပေတံသည် ဆုပ်ကိုင်၍မရနိုင်လောက်အောင် နက်နဲဆန်းကြယ်သော အငွေ့အသက်များကို သယ်ဆောင်ထားသည်။

သူတော်စင်မလေးကျင်းယန်က အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်လျှို့ဝှက်ချက်ပေတံသည် ဖျော့တော့တော့ အလင်းရောင်များ စတင်ထုတ်လွှတ်လာပြီး တာ့ချန်၏ ထောင့်ပေါင်းစုံသို့ ပြန့်နှံ့သွားလေတော့သည်။

အိမ်ထဲတွင် ကျင့်ကြံနေသော ကျိုးရီက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

“ဒီခံစားချက်... ဒါက ဘာလဲ”

ယခုလေးတင် သူ့ခန္ဓာကိုယ်အပေါ်သို့ ရှင်းပြ၍မရနိုင်သော စိတ်အာရုံတစ်ခု ဖြတ်သန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

မြေကမ္ဘာအင်မော်တယ်အဆင့်ရှိ အစွမ်းထက်သူတစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်က သူသတိမပြုမိဘဲ သူ့ခန္ဓာကိုယ်ကို စူးစမ်းရှာဖွေရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း သိထားရမည်ဖြစ်သည်။

ပြိုင်ဘက်၏ ခွန်အားက သူ့ထက် အဆပေါင်းများစွာ သာလွန်မနေသ၍ မဖြစ်နိုင်ပေ။

သို့သော် ဤနေရာသည် တာ့ချန်ဖြစ်၏။ တာ့ချန်ကဲ့သို့သော နေရာမျိုးတွင် ၍သက်ရှိမျိုး ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။

ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးက စွန့်ပစ်ခံထားရသော ချို့တဲ့ဆင်းရဲသည့် နေရာလေးတစ်ခုတွင် ပေါ်ထွက်လာသည်ဆိုသည်နှင့်တူကာ အလွန် ယုတ္တိမတန်ပေ။

ကျိုးရီက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ပြီး ဤထူးခြားသော လှိုင်းဂယက်မှာ နန်းတော်ကြီးအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်သည်။

“ဒါက... ထျန်းကျီဂိုဏ်းလား”

ထျန်းကျီဂိုဏ်းသည် နိမိတ်ဖတ်ခြင်းနှင့် ကောင်းကင်လျှို့ဝှက်ချက်များကို စုံစမ်းရှာဖွေရာတွင် အကျွမ်းကျင်ဆုံးဖြစ်ကြောင်း စစ်သူကြီးကျောက် ပြောပြခဲ့ဖူးသည်ကို သူ သတိရသွားသည်။

သူတို့သည် အထက်ကမ္ဘာမှ အင်အားစုကြီးတစ်ခုဖြစ်သည်နှင့်အညီ တကယ်ကို ကျွမ်းကျင်မှုအချို့ ရှိနေကြသည်။

ထူးကဲသော မြင့်မြတ်ရတနာတစ်ခုခုကို အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ငါက ကောင်းကင်နှင့် မြေကြီးကို ဖြတ်တောက်ခြင်း ကျင့်စဉ်ကို ခြေတစ်လှမ်းစောပြီး ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတယ်၊ အဲဒီလိုမဟုတ်ရင် ငါ့ရဲ့ အကြောင်းတွေ အကုန်ပေါက်ကြားသွားလောက်ပြီ”

ကျိုးရီ ရင်ထဲတွင် အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

ပြိုင်ဘက်က မည်မျှပင် အစွမ်းထက်နေပါစေ သူ့ကို စူးစမ်းရှာဖွေလိုက်သောအခါ နှောင်းပိုင်းဖြစ်တည်မှုအဆင့် အဖြစ်သာ မြင်တွေ့နိုင်မည်ဖြစ်သည်။

သူ၏ ခွန်အားအစစ်အမှန်ကို သိနိုင်စွမ်းရှိမည်မဟုတ်ပေ။

မျက်လုံး ပြန်မှိတ်ကာ ဆက်ကျင့်ကြံနေလိုက်သည်။

တစ်ချိန်တည်းမှာပင် နန်းတော်ကြီးအတွင်း၌ သူတော်စင်မလေးကျင်းယန်၏ မျက်နှာပေါ်တွင် ချွေးပေါက်လေးများ စတင်ထွက်ပေါ်လာခဲ့သည်။

နဖူးပေါ်ရှိ ဆံပင်စများကြားတွင် ဆံပင်ဖြူတစ်မျှင် ပေါ်ထွက်လာသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူမနဖူးပေါ်တွင် ဆံပင်ဖြူများ ပိုမိုများပြားလာကာ ကောင်းကင်လျှို့ဝှက်ချက်ပေတံမှာလည်း တဖြည်းဖြည်း တုန်ခါလာတော့သည်။

ရွှီလီနန်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားပြီး အသံလွှင့်ကာ ချက်ချင်း သတိပေးလိုက်သည်။

“ကျင်းယန်... အတင်းအကျပ် မလုပ်နဲ့တော့။ အခုချက်ချင်း ရပ်လိုက်”

သူတော်စင်မလေးကျင်းယန်က ပေါ့ပေါ့ဆဆ မလုပ်ရဲတော့ဘဲ ချက်ချင်း ရပ်တန့်လိုက်ကာ မောဟိုက်နေတော့သည်။

“ဟူး... ဟူး...”

ရွှီလီနန် ရှေ့တိုးသွားကာ မူလချီစွမ်းအင် တစ်မျှင်ကို သူမထံသို့ ပို့ဆောင်ပေးလိုက်သည်။

“ဘယ်လိုလဲ။ အရိပ်အယောင် တစ်ခုခုများ ရလိုက်လား”

သူတော်စင်မလေးကျင်းယန်၏ မျက်နှာတွင် အားနာနေသော အရိပ်အယောင်များပေါ်လာကာ ပြောလိုက်လေ၏။

“တောင်းပန်ပါတယ် အကြီးအကဲ။ ကျွန်မ အသည်းအသန် ရှာခဲ့ပေမယ့် အဲဒီပါရမီရှင်ရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ရဘူး၊ တာ့ချန်တစ်ခုလုံးမှာ သာမန်လူတွေချည်းပဲ ပြည့်နှက်နေတာ”

ရွှီလီနန် သက်ပြင်းချလိုက်သည်။

“ထားလိုက်ပါတော့၊ အရမ်းစိုးရိမ်မနေပါနဲ့။ အဲဒီ ပါရမီရှင်ရဲ့ ပါရမီက တကယ်ကို ထူးခြားပြောင်မြောက်တယ်ဆိုပေမယ့် ငါတို့ ရှာတွေ့ခဲ့ရင်တောင် သူက ငါတို့ဆီဝင်လာဖို့ သဘောတူချင်မှတူမှာ”

“ဒါပေမဲ့ သူတော်စင်မလေးက နတ်ဘုရားခန္ဓာကိုယ်ပါရမီကို ပိုင်ဆိုင်ထားတာလေ၊ တကယ်လို့ ငါတို့က အဲဒီလူကို ရှာမတွေ့ဘဲ နင့်က တစ်ခုခုထိခိုက်သွားမယ်ဆိုရင် ဂိုဏ်းက တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ခံစားရမှာပဲ”

သူတော်စင်မလေးကျင်းယန် သက်ပြင်းချလိုက်သည်။

“အဲဒီလူက အရမ်းကို အစွမ်းထက်တာပဲ၊ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မ တစ်ခါရှာကြည့်တုန်းက သူ တာ့ချန်ကနေ ထွက်မသွားသေးဘူး။ ဒါပေမဲ့ အခုတော့ သူ့ခြေရာတွေ လုံးဝ ပျောက်ကွယ်သွားပြီ”

“သူ ဘယ်လိုနည်းလမ်းတွေ အသုံးပြုသွားလဲဆိုတာကို တကယ်ကို နားမလည်နိုင်တော့ဘူး”

“ရှေးခေတ်ကတည်းက ပါရမီရှင်တွေဆိုတာ ဘယ်တုန်းကမှ သာမန်မဟုတ်ခဲ့ကြဘူး၊ အဲဒီလိုမှ မဟုတ်ရင် သူတို့ကို ဘယ်လိုလုပ်ပြီး ပါရမီရှင်တွေလို့ ခေါ်နိုင်ပါ့မလဲ”

All Chapters