အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) - ပြန်၀င်စားလာသော ထျန်းမိုအဘိုးကြီး
ရက်အနည်းငယ်ကြာပြီးနောက် တာ့ချန်မြို့တော်အပြင်ဘက်သို့ ယင်ထျန်းလီနှင့် သူ့အဖွဲ့ ရောက်ရှိလာခဲ့သည်။
ယင်ထျန်းလီသည် မြင့်မားခန့်ညားသော မြို့ရိုးကြီးများကို မော့ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် စူးရှထက်မြက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။
“နှစ်နှစ်ဆယ်... ဒီအဘိုးကြီး နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ”
သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် လျှို့ဝှက်ချက်တစ်ခုကို အမြဲတမ်း သိမ်းဆည်းထားခဲ့သည်။
မှန်ပေသည်၊ သူသည် ပြန်ဝင်စားလာသူတစ်ဦးဖြစ်သည်။
သူ၏ ယခင်ဘဝက တာ့ချန်မိစ္ဆာဂိုဏ်း၏ ထျန်းမိုအဘိုးအို (ကောင်းကင်မိစ္ဆာအဘိုးအို) ဖြစ်ပြီး ထိုအမည်ကို ကြားလိုက်ရုံဖြင့် လူတိုင်း၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သွေးစုပ်ယူခြင်းမိစ္ဆာကျင့်စဉ်ဖြင့် သိုင်းလောက တစ်ခုလုံးကို စိုးမိုးခြယ်လှယ်ခဲ့သည်။
နတ်ဘုရားများတားဆီးလျှင် နတ်ဘုရားများကို သတ်မည်၊ ဘုရားများ တားဆီးလျှင် ဘုရားများကို သတ်မည်။ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
သို့သော် ကံကြမ္မာဆိုသည်မှာ ဘယ်တော့မှမတည်မြဲပေ။ သူသည် တာ့ချန် ကျန်းဝူတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ပို၍ အဖြစ်ဆိုးသည်မှာ သေချင်ယောင်ဆောင်ပြီး လွတ်မြောက်ရန် ကြိုးစားနေစဉ်အတွင်း ကောင်းကင်အကျဉ်းထောင်၌ ပုန်းအောင်းနေသော အဆင့်နိမ့် ရုပ်အလောင်းစစ်ဆေးသူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် အမြဲတမ်း ထွက်ပေါက်တစ်ခုတော့ ရှိနေတတ်သည်။ သူ့ဝိညာဉ်သည် မဟာကမ္ဘာအတွင်းသို့ စုပ်ယူခံလိုက်ရပြီး နေလနတ်ဘုရားဂိုဏ်း ဂိုဏ်းသဘာပတိကြီး၏ မြေးအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။
ဤဘဝတွင် သူ့ထံ၌ ယခင်ဘဝကထက် ပိုမိုအစွမ်းထက်သော ကျောထောက်နောက်ခံ၊ ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်းနေရာ၊ ပိုမိုအားကောင်းသော ကျင့်စဉ်များနှင့် ပိုမိုသိပ်သည်းသော ၀ိညာဉ်စွမ်းအင်များ ရှိနေခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာခဲ့ပြီဖြစ်သည်။ ပြိုင်ဘက်ကင်း အင်အားကို ပိုင်ဆိုင်ထားခြင်းက သူ၏ ရည်မှန်းချက်များကို အထောက်အကူပြုနေခဲ့သည်။
သို့သော် ဤမျှလောက် ပြီးပြည့်စုံနေသော်ငြား သူ့ရင်ထဲတွင် မည်သည့် ပျော်ရွှင်မှုကိုမျှ မခံစားရချေ။
သူ၏ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခု ဖုံးကွယ်နေပြီး သူ့ကို အမြဲတမ်း ဖိစီးနှိပ်စက်နေခဲ့သည်။
အကြောင်းရင်းမှာ ထိုရုပ်အလောင်းစစ်ဆေးသူကို ရှာဖွေပြီး မေးခွန်းတစ်ခု မေးချင်သောကြောင့်ဖြစ်သည်။
‘ငါ မင်းကို ဘာပြဿနာမှ မရှာခဲ့ဘဲနဲ့ မင်းက ဘာလို့ ငါ့ကိုသတ်ရတာလဲ’
ထို့နောက် ထိုသူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး ခန္ဓာကိုယ်ပေါ်မှ အသားများ တစ်လွှာချင်းစီ လှီးဖြတ်ကာ နာကျင်မှု၊ မျှော်လင့်ချက်မဲ့မှုများကြားတွင် သေဆုံးစေမည်ဖြစ်သည်။
ထိုအခါမှသာ သူ၏ စိတ်အာရုံများ ရှင်းလင်းသွားမည်ဖြစ်ပြီး ကျင့်ကြံခြင်းလမ်းစဉ်လည်း သေချာပေါက် ပိုမိုချောမွေ့လာပေလိမ့်မည်။
“သခင်လေးယင်... ထျန်းကျီဂိုဏ်းရဲ့ နိမိတ်ဖတ်ခြင်းနဲ့ ကောင်းကင်လျှို့ဝှက်ချက်စူးစမ်းတဲ့ ပညာရပ်တွေက အရမ်းအစွမ်းထက်တယ်၊ ကျွန်တော်တို့ ဒီမှာရှိနေတုန်း အရာရာကို သတိထားရမယ်၊ ကျွန်တော်တို့ရဲ့ အရှိန်အဝါတွေ ပေါက်ကြားသွားလို့ မဖြစ်ဘူ၊ အာရုံစိုက်ခံရရင် မကောင်းဘူး”
ယင်ထျန်းလီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ အကြည့်များမှာ အေးစက်ခက်ထန်နေသည်။
“အဘိုးမော့... ခင်ဗျား ကောင်းကင်နဲ့ မြေကမ္ဘာအသင်းရဲ့ ဌာနခွဲကို အရင်သွားလိုက်၊ ဆက်သွယ်ရမယ့် လျှို့ဝှက်ကုဒ်က ‘မြေကြီးတုန်ခါ တောင်စဉ်သာ၊ တောင်တန်းမြစ်ဝှမ်း ထာဝရလှပ၊ တံခါးဝက ပင်လယ်ကို မျက်နှာမူ၊ မြစ်သုံးသွယ်ရေ နှစ်သောင်းချီစီးဆင်း’ ပဲ”
အဘိုးမော့ မျက်ခုံးလှုပ်သွားသည်။
“သခင်လေးယင်... ဘာလုပ်ဖို့ စီစဉ်နေတာလဲ။ ကျွန်တော်တို့ ဒီကိုလာတာ အရေးကြီးတဲ့ ကိစ္စအတွက်ဆိုတာ မမေ့ပါနဲ့၊ အထူးကိစ္စမရှိရင် ရှာဖွေခံရတာမျိုး မဖြစ်အောင် လျှောက်မသွားတာ ပိုကောင်းတယ်”
“ငါလုပ်မယ့် အလုပ်တွေကို မင်းကို ရှင်းပြနေစရာလိုလို့လား”
ယင်ထျန်းလီသည် မြို့တော်အတွင်းသို့ တိုး၀င်ပျောက်ကွယ်သွားလေပြီ။
အဘိုးမော့သည်တော့ မျက်မှောင်ကြုတ်နေဆဲပင်။
“ဒီအရူးကောင်၊ ဘာစိတ်ထဖောက်တာလဲဟ”
ခဏအကြာတွင် သူ ခေါင်းခါယမ်းလိုက်ပြီး ကောင်းကင်နှင့်မြေကမ္ဘာအသင်း၏ ဌာနခွဲဆီသို့ ဦးတည်သွားတော့သည်။ သူ တတ်နိုင်သည့်အရာ မရှိပေ။
တစ်ဖက်လူတွင် အလွန်အစွမ်းထက်သော ကျောထောက်နောက်ခံ ရှိနေသည် မဟုတ်လော။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ယင်ထျန်းလီက သူ့နောက်မှ လူအချို့ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“တာ့ချန် ကောင်းကင်အကျဉ်းထောင်ထဲက ရုပ်အလောင်းစစ်ဆေးသူတွေရဲ့ နာမည်တွေကို ရှာခဲ့၊ အရင် ရုပ်အလောင်းစစ်ဆေးသူ အဟောင်းတွေပဲဖြစ်ဖြစ်၊ လက်ရှိလူတွေပဲဖြစ်ဖြစ် တစ်ယောက်မှ အလွတ်မပေးနဲ့”
“ဟုတ်ကဲ့ပါ”
ထိုအုပ်စုမှာ အလျင်အမြန် လူစုကွဲသွားကြသည်။
ထိုနေ့တွင် ကျိုးရီသည် ကုန်ကြမ်းပစ္စည်းဌာန၌ တာဝန်ကျနေသည်။ ကွပ်မျက်သူများသည် ထိုနေ့အတွက် နတ်ဆိုးနှင့် မကောင်းဆိုးဝါးရုပ်အလောင်းများကို ပို့ဆောင်ပြီးဖြစ်နေပြီဖြစ်သည်။
အကောင်ကြီး အကောင်ငယ် ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး အများစုမှာ မြေခွေးနတ်ဆိုးများ၊ မြွေပါနတ်ဆိုးများ၊ ဝံပုလွေနတ်ဆိုးများ စသည်တို့ ဖြစ်ကြသည်။
သို့သော် ယနေ့တွင် ရှားပါးသော နတ်ဆိုးအမျိုးအစားတစ်ကောင် ပါဝင်လာခဲ့သည်။ တောသမင်နတ်ဆိုးတစ်ကောင်ပင်။
ကုန်ကြမ်းပစ္စည်းဌာနတွင် အချိန်အတော်ကြာ နေထိုင်လာခဲ့ရာ ကျိုးရီသည် ၎င်းတို့၏ ပုံစံများကို နားလည်သဘောပေါက်နေပြီဖြစ်သည်။
လောကကြီးတွင် နတ်ဆိုးများစွာ ရှိသော်လည်း အများစုမှာ အသားစားသတ္တဝါများသာ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် အသားနှင့် သွေးများသည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများ ဖြစ်သောကြောင့် တိုက်ရိုက်စားသုံးခြင်းဖြင့် မိမိ၏ခွန်အားကို အရှိန်မြှင့်တင်နိုင်သောကြောင့်ဖြစ်သည်။
သို့သော် အကယ်၍ သက်သတ်လွတ်စားသော နတ်ဆိုးတစ်ကောင်ပေါ်လာပါက ထိုနတ်ဆိုးသည် သေချာပေါက် အလွန်အစွမ်းထက်နေပေလိမ့်မည်။
များပြားလှသော အသားစားနတ်ဆိုးများကြားတွင် တိုက်ခိုက်ရှင်သန်နိုင်ရန် သူတို့၏ သွေးမျိုးဆက်စွမ်းအားက နိမ့်ကျနေ၍ မရသလို သူတို့၏အသိဉာဏ်ကလည်း နိမ့်ကျနေမည် မဟုတ်သောကြောင့်ပင်။
ကျိုးရီ၏ လေ့လာတွေ့ရှိချက်များအရ ပထမအချက်က ပို၍ ဖြစ်နိုင်ခြေများပေသည်။
တောသမင်နတ်ဆိုးအပေါ်သို့ သူ လက်တင်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် သိပ်သည်းသော သွေးမျိုးဆက်အငွေ့အသက်ကြီး ထွက်ပေါ်လာပြီး အခြားနတ်ဆိုးများ၏ သွေးမျိုးဆက်အငွေ့အသက်ထက် များစွာ ပိုမိုအားကောင်းနေခဲ့သည်။
ကျိုးရီ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသက်သွင်းလိုက်ပြီး ေသွးအနှစ်သာရအချို့ကို စုပ်ယူလိုက်သည်။ ထို့နောက် မှတ်ဉာဏ်များ သူ့ဦးနှောက်ထဲသို့ စီးဆင်းဝင်ရောက်လာတော့သည်။
[လူသားမျိုးနွယ်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရမယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ငါ သေသွားမယ်ဆိုရင်တောင် မဟာနတ်ဆိုးဧကရာဇ်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး]
[လူသားမျိုးနွယ်ဆိုတာ ဒီလောကကြီးမှာ အကောက်ကျစ်ဆုံး၊ အမိုက်မဲဆုံး၊ အနိမ့်ကျဆုံးနဲ့ အရှက်အကင်းမဲ့ဆုံး မျိုးနွယ်စုပဲ]
[မဟာနတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ၊ နတ်ဆိုးမျိုးနွယ်စု ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး]
[အား... တောက်။ ခွေးမသားတွေ၊ မင်းတို့က ငါ့ကို အရှင်လတ်လတ် ဝမ်းဗိုက်ခွဲပြီး အရေခွံဆုတ်နေကြတာလား၊ အရမ်း နာတယ်ကွာ...]
[သေသင့်တဲ့လူသားတွေ၊ အချိန်တန်ရင် နတ်ဆိုးဧကရာဇ်က နတ်ဆိုးမျိုးနွယ်စုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး မင်းတို့ မျိုးနွယ်စုတစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်ပစ်လိမ့်မယ်၊ ငါတို့ မင်းတို့ကို သတ်မယ်၊ အသားတွေကို စားမယ်၊ သွေးတွေကို သောက်မယ်၊ အား...]
“နတ်ဆိုးဧကရာဇ်လား”
ကျိုးရီ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။
တောသမင်နတ်ဆိုး၏ မှတ်ဉာဏ်များအရ ဤလောကကြီးတွင် နတ်ဆိုးဧကရာဇ်တစ်ပါး တည်ရှိနေသည်။
သေချာသည်မှာ ဤနတ်ဆိုးဧကရာဇ်သည် တာ့ချန်မှ မဖြစ်နိုင်ပေ။ လီထျန်းဂိုဏ်းနှင့် ဆောင်းဦးမေပယ်တောင်ကြား တို့ကဲ့သို့ မဟာကမ္ဘာမှ တိတ်တဆိတ် ဝင်ရောက်လာသော မဟာနတ်ဆိုးကြီးတစ်ကောင်သာ ဖြစ်ပေမည်။
ဂိုဏ်းကြီးများက နတ်ဆိုးများနှင့် တစ္ဆေသရဲများကို မထိန်းချုပ်နိုင်ရသည့် အဓိကအကြောင်းရင်းမှာ နတ်ဆိုးများကြားတွင်လည်း လူသားမျိုးနွယ်၏ သိုင်းသူတော်စင်ထက် မနိမ့်ကျသော မဟာနတ်ဆိုးကြီးများ ရှိနေသောကြောင့်ဖြစ်ကြောင်း အဘိုးကြီးကျောက်က ယခင်က ပြောပြဖူးသည်။
ထိပ်တန်း တိုက်ခိုက်ရေးသမားများသည် နေ့စဉ်နှင့်အမျှ စစ်ပွဲဆင်နွှဲနေ၍မရနိုင်ပေ။ ထို့ကြောင့် သူတို့သည် အောက်ခြေအဆင့် လူသားများနှင့် အောက်ခြေအဆင့် နတ်ဆိုးများကိုသာ အချင်းချင်း သတ်ဖြတ်ခိုင်းထားခြင်းပင်။
မည်သို့ပင်ဆိုစေ သေဆုံးနေကြသူများမှာ သူတို့၏ မျိုးဆက်များ မဟုတ်ကြပေ။
နတ်ဆိုးဧကရာဇ် တည်ရှိကြောင်း သိနေသော နတ်ဆိုးတစ်ကောင်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
တစ်ဖက်လူ၏ မှတ်ဉာဏ်များအရ ထိုနတ်ဆိုးဧကရာဇ်၏ ခွန်အားမှာ အလွန်တရာ ကြီးမားပြီး မြေကမ္ဘာအင်မော်တယ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် သူသည် တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေလေ့ရှိပြီး ကျင့်ကြံမှုအဆင့် တိုးတက်စေရန် ရူးသွပ်စွာ ကြိုးပမ်းအားထုတ်နေသည်။
နတ်ဆိုးမျိုးနွယ်စုအတွင်း၌ နတ်ဆိုးဧကရာဇ်နှင့် အဆက်အသွယ်ရနိုင်သူ အလွန်နည်းပါးပြီး ယုံကြည်ရသော လက်ထောက်အနည်းငယ်မျှသာ ရှိပေသည်။
“ဒီနတ်ဆိုးဧကရာဇ်က အစွမ်းထက်ရုံတင်မကဘူး၊ လိပ်လို ခေါင်းလျှိုပြီး သိုသိုသိပ်သိပ်နေတဲ့ လမ်းစဉ်မှာပါ တော်တော်လေး ကျွမ်းကျင်ပုံရတယ်။ သတိထားမှုပိုင်းမှာ သူက ငါ့ထက် နည်းနည်းတောင် နိမ့်မှာမဟုတ်ဘူ၊ ရှေ့လျှောက် ငါ ပိုပြီး သတိထားရတော့မယ်”
ရိုးရှင်းသော ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက် ရရှိလာသော အရင်းအမြစ်များကို ဆေးပညာနှင့် လက်နက်ဖန်တီးခြင်း ခြံဝင်းများဆီသို့ ပို့ဆောင်စေပြီး ကျိုးရီ အလုပ်ဆင်းရန် ထွက်လာခဲ့သည်။
ကောင်းကင်အကျဉ်းထောင်၏ ပင်မတံခါးဝသို့ ရောက်ရှိချိန်တွင် အကျဉ်းထောင်စောင့်အချို့ အချင်းချင်း တီးတိုးပြောဆိုနေကြသည်ကို ကျိုးရီ ကြားလိုက်ရသည်။
“ဒီနေ့ ငါတို့ ကောင်းကင်အကျဉ်းထောင်ထဲက ရုပ်အလောင်းစစ်ဆေးသူ သုံးယောက်လုံး အသတ်ခံလိုက်ရတယ်”
“ဒီရုပ်အလောင်းစစ်ဆေးသူတွေက သာမန်အချိန်ဆို သိုသိုသိပ်သိပ်နေတတ်ပြီး ပြဿနာလည်းမရှာကြဘူး။ ဘယ်သူကများ အလုပ်မရှိ အကိုင်မရှိ ပျင်းရိပြီး ရုပ်အလောင်းစစ်ဆေးသူတွေကို လိုက်သတ်နေရတာလဲ”
ကျိုးရီ၏ မျက်ခုံးလှုပ်သွားပြီး ဤကိစ္စမှာ အနည်းငယ်ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။
တာ့ချန်မြို့တော်ကို နတ်ဘုရားအာရုံဖြင့် စူးစမ်းရှာဖွေလိုက်ရာ မလှမ်းမကမ်းတွင် သူ့ကို စိုက်ကြည့်နေသော လူရိပ်နှစ်ခုကို တွေ့ရှိလိုက်ရသည်။
“ဟင်”
‘ငါတောင်မှ စောင့်ကြည့်ခံနေရတာလား'
ဤအရာက အတော်လေး ထူးဆန်းနေသည်။ သူ ရုပ်အလောင်းစစ်ဆေးသူ အလုပ် မလုပ်တော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ပစ်မှတ်ထားခံရဆဲပင်။
တစ်ဖက်လူက မည်သူဆိုသည်ကို သူ သိချင်မိသွားသည်။
ကျိုးရီသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ လမ်းမကြီးပေါ်သို့ လျှောက်လှမ်းလာခဲ့ပြီး မကြာမီ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုအချိန်မှာပင် ရှေ့မှနေ၍ လူရိပ်နှစ်ခု ထွက်ပေါ်လာကာ သူ့ကို တားဆီးလိုက်သည်။ သူ၏ နတ်ဘုရားအာရုံက အလိုအလျောက် အသက်ဝင်လာပြီး အနောက်ဘက်မှလည်း လူအချို့ ပိတ်ဆို့ထားကြောင်း တွေ့လိုက်ရသည်။
ထိုလူလေးဦးအနက် နှစ်ဦးမှာ သိုင်းသခင်အဆင့်တွင် ရှိပြီး ကျန်နှစ်ဦးမှာ မွေးရာပါအဆင့်တွင် ရှိကြသည်။
“သိုင်းသခင်တွေလား၊ တကယ်ကြီး ပစ်မှတ်ထားနေတာပဲ”
သူ့အသံမဆုံးမီမှာပင် နောက်ထပ်အသံတစ်ခုက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ခွေးကောင်၊ နောက်ဆုံးတော့ မင်းကို ငါရှာတွေ့ပြီ”
ကျိုးရီ မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် ငယ်ရွယ်ချောမောသော လူရိပ်တစ်ခု ပေါ်လာကာ သူ့အား တည့်တည့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ထိတွေ့ကိုင်တွယ်၍ ရနိုင်လောက်အောင်ပင် ထင်ရှားနေသည်။
သူ့အပေါ်တွင် တောင်တန်းကြီးတစ်ခုပမာ ကြီးမားလှသော အမုန်းတရားများ ရှိနေသည်မှာ သေချာနေသည်။
အရေးအကြီးဆုံးမှာ တစ်ဖက်လူသည် ငယ်သေးသော်လည်း သိုင်းသခင်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။
ဤသည်မှာ သာမန် အင်အားစုတစ်ခုက ပျိုးထောင်ပေးနိုင်သော ပါရမီရှင်မျိုး မဟုတ်ပေ။
‘ဒါပေမဲ့... ငါ ဒီလူ့ကို လုံးဝ မသိဘူးလေ’