← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) - တာ့ချန်၏ လျှို့ဝှက်သမိုင်းကြောင်း

“သခင်လေး... ဒီကောင်က ရုပ်အလောင်းစစ်ဆေးသူ မလုပ်တော့တာ ကြာလှပါပြီ”

ယင်ထျန်းလီသည် ကောင်းကင်ယံမှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး လူလတ်ပိုင်းအရွယ် အသွင်အပြင်ရှိသော ကျိုးရီကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ အရိုးခိုက်မတတ် အေးစက်ခက်ထန်သော အငွေ့အသက်များ ရောယှက်နေသည်။

‘ဟုတ်တယ်၊ သူပဲ။ တကယ်ကို သူပဲ’

ယခင်က သူသတ်ဖြတ်ခဲ့သော ရုပ်အလောင်းစစ်ဆေးသူ သုံးဦးမှာ မှားယွင်းနေခဲ့သည်။

သူ့ရှေ့မှောက်ရှိလူမှာ ယခုအခါ လူလတ်ပိုင်းအရွယ် ရုပ်သွင်ဖြစ်နေသော်လည်း ယင်ထျန်းလီသည် မည်သူမည်ဝါဖြစ်ကြောင်းကို မျက်တောင်တစ်ခတ်အတွင်းမှာပင် မှတ်မိသွားခဲ့သည်။

သူသည် ညပေါင်းများစွာ ဒေါသတကြီးဖြင့် လန့်နိုးခဲ့ရဖူးသည်။ အရှက်အကင်းမဲ့သော ခွေးသူခိုးတစ်ယောက်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်ကို တွေးမိတိုင်း သူ၏ ဘဝတွင် အကြီးမားဆုံးသော အရှက်ကွဲမှုကြီးအဖြစ် ခံစားခဲ့ရသည်။

ထိုအဖြစ်အပျက်က သူ့ကို လုံးဝ အရူးတစ်ယောက်လို ဖြစ်သွားစေခဲ့သည်။

ယခုတော့ နောက်ဆုံးတွင် သူစောင့်မျှော်နေသော နေ့ကို ရောက်လာခဲ့လေပြီ။

‘ဒီကောင်စုတ်ကို ငါရှာတွေ့ခဲ့ပြီ’

ကျိုးရီကို သတ်ဖြတ်ပြီး အရှင်လတ်လတ် အရေခွံဆုတ်ကာ အရိုးတွေကိုပါ ဆွဲထုတ်ပစ်မည်ဟု ရည်ရွယ်ထားသည်။

သူ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ရူးသွပ်လုမတတ် ဖြစ်နေကာ ကောင်းကင်ယံထက်တွင် စွမ်းအင်များ ပေါက်ကွဲထုတ်လွှတ်ပြီး အောင်ပွဲခံချင်စိတ်များပင် ပေါ်နေတော့သည်။

သူ စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

‘နေပါဦး၊ ငါက ဘယ်သူလဲဆိုတာကို သူ့ကို ဘာလို့ ပြောပြနေရမှာလဲ၊ အရင်တုန်းက သူ ဘယ်သူလဲဆိုတာကို ငါ့ကို မပြောပြခဲ့သလိုပဲ သူ့ကိုလည်း လုံးဝ အမှောင်ချထားလိုက်လို့ ရတာပဲ”

“သူ့ကို သေတဲ့အထိ ရိုက်သတ်ပြီး ဝိညာဉ်ပျောက်ကွယ်သွားအောင် လုပ်မယ်၊ ဘယ်တော့မှ ပြန်လည်မွေးဖွားလို့ မရအောင် လုပ်ပစ်မယ်၊ သူ့ကို ဘယ်သူသတ်သွားမှန်းတောင် မသိဘဲ သေခိုင်းလိုက်မယ်၊ ဟုတ်တယ်၊ အဲဒီလို လုပ်ရမယ်”

သူ အပါအဝင် ဤနေရာတွင် သိုင်းသခင်သုံးဦး ရှိနေသည်။ သုံးယောက် တစ်ယောက်ဖြစ်ရာ အခြေအနေတစ်ရပ်လုံးက သူ့လက်ထဲတွင် ရှိနေသည်။

ဤခွေးကောင် ရုပ်အလောင်းစစ်ဆေးသူမှာ အိုးထဲကျနေသော လိပ်တစ်ကောင်မျှသာဖြစ်ပြီး သေဆုံးသည်အထိ ကစားခံရမည့် ကံကြမ္မာနှင့်သာ ကြုံတွေရပေလိမ့်မည်။

ဤသို့တွေးမိသောအခါ ယင်ထျန်းလီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းမော့ထားလိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ကျိုးရီကို သူ့လက်ဖဝါးထဲမှ စာကလေးတစ်ကောင်အလား ကြည့်နေလေသည်။

“သူ့ရဲ့ ခြေလက်တွေကို ရိုက်ချိုးပစ်ပြီး ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်၊ သူ့ကို အရှင်လတ်လတ် လိုချင်တယ်”

ထိုစကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျိုးရီမှာ အစအန ရှာမရအောင် ပျောက်ကွယ်သွားတော့သည်။

“ဟင်”

ဘာတွေဖြစ်ပျက်နေသည်ကို ယင်ထျန်းလီ နားမလည်နိုင်လိုက်ပေ။

ကျိုးရီသည် မည်သည့်အချိန်က သူ့ရှေ့မှောက်သို့ ရောက်ရှိလာမှန်း မသိ၊ ရောက်နေချေပြီ။ ကျိုးရီ၏ လက်ဝါးကြီးက သူ့ရင်ဘတ်ကို ဖောက်ဝင်သွားပြီး နှလုံးကို ဆွဲထုတ်ကာ သူ့မျက်နှာရှေ့မှာပင် ညှစ်ခြေပစ်လိုက်လေ၏။

ဝုန်းခနဲ ပေါက်ကွဲသံကြီးက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

ယင်ထျန်းလီ တစ်ယောက် မှင်တက်သွားရ၏

‘ဟင်၊ ဘုရားရေ၊ အခြေအနေက ဘယ်လိုဖြစ်သွားတာလဲ၊ ဘာတွေဖြစ်သွားတာလဲ၊ ငါ ထပ်သေသွားပြန်ပြီလား'

‘နေပါဦး၊ ငါ လှုပ်ရှားဖို့ အခွင့်အရေးတောင် မရလိုက်သေးဘူးလေ'

‘ဒီလို ကြီးကျယ်ခမ်းနားတဲ့ ခန္ဓာကိုယ်မျိုးမှာ ဝင်စားနိုင်ဖို့ အများကြီး ကြိုးစားခဲ့ရတယ်၊ ဒီလို နတ်ဘုရားခန္ဓာကိုယ်မျိုးရဖို့ အများကြီး ကြိုးစားခဲ့ရတယ်၊ ပြီးတော့ သိုင်းသခင် အဆင့်ရောက်ဖို့အထိ အများကြီး ကြိုးစားကျင့်ကြံခဲ့ရတာ’

‘အခုမှ ပြန်ရောက်လာတာလေ၊ သိုင်းကွက်တစ်ခုလေးတောင် မထုတ်ရသေးဘူး၊ ဆဲဆိုဖို့တောင် အချိန်မရလိုက်ဘဲ အသတ်ခံလိုက်ရပြန်ပြီလား'

'တောက်စ်'

အမှောင်ထု လွှမ်းမိုးလာသည်နှင့်အမျှ သူ၏ အသိစိတ်များ ဝေဝါးကာ သတိလစ်မေ့မြောလုနီးပါး ဖြစ်လာသည်။ ကျိုးရီ၏ ခွန်အားက ကြီးမားလွန်းလှရာ သာမန် တိုက်ကွက်တစ်ခုကပင် သူ၏ မူလဝိညာဉ်ကို တိုက်ရိုက် ကြေမွသွားစေခဲ့သည်။

အသိစိတ်များ လုံးဝ မပျောက်ကွယ်သွားမီ သူ့လက်အောက်ငယ်သားများ၏ ဒေါသတကြီး အော်ဟစ်သံများကိုသာ ဝေဝါးဝါး ကြားလိုက်ရသည်။

“အရှက်မရှိတဲ့ လူယုတ်မာ၊ ခိုးကြောင်ခိုးဝှက် တိုက်ရဲတယ်ပေါ့”

“တောက်... သူ သခင်လေးကို သတ်လိုက်ပြီ၊ သူ့ကို အသက်ရှင်ခွင့် ပေးထားလို့မဖြစ်ဘူး၊ အဲဒီလိုမှ မဟုတ်ရင် ဂိုဏ်းသဘာပတိကြီးက ငါတို့ကို သေချာပေါက် အရေခွံဆုတ်ပစ်လိမ့်မယ်”

လက်တွေ့တွင်လည်း သူ၏ လက်အောက်ငယ်သားများမှာ သူ ကြားလိုက်ရသည့်အတိုင်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ကျိုးရီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် ခဏမှာပင် သူ့အတွက် ကလဲ့စားချေရန် သူတို့ အရှေ့သို့ ပြေးဝင်လာကြသည်။

ကျိုးရီက သူတို့ကို တစ်ချက်မျှပင် အဖက်လုပ် မကြည့်ခဲ့ချေ။ စိတ်အာရုံတစ်ချက်ဖြင့် သူတို့လေးဦးလုံး ပေါက်ကွဲထွက်သွားတော့သည်။ သူတို့၏ ကျင့်ကြံမှုများ၊ သွေးအနှစ်သာရများနှင့် မှတ်ဉာဏ်များအားလုံးမှာ ကျိုးရီ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

[ငါ ပြန်လည်မွေးဖွားလာခဲ့ပြီ၊ နေလနတ်ဘုရားဂိုဏ်း ဂိုဏ်းသဘာပတိကြီးရဲ့မြေး ဖြစ်လာခဲ့ပြီပဲ၊ ဒီဘဝမှာ ကောင်းကင်ကြီးက ငါ့မျက်စိကို မဖုံးကွယ်စေရဘူး၊ မြေပြင်က ငါ့နှလုံးသားကို မမြှုပ်နှံစေရဘူး၊ ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေအားလုံး တုန်လှုပ်သွားစေရမယ်၊ လောကကြီးက မိစ္ဆာတွေရဲ့ ပိုင်ဆိုင်မှုပဲ]

[မဟာလွင်ပြင်ကြီးရဲ့ နယ်မြေသုံးထောင်၊ နယ်မြေတစ်ခုမှာ ကမ္ဘာသုံးထောင်စီ... အင်း... အယ်... အာ... ခုနက နောက်ဆုံးစကားကို ငါ ပြန်ရုပ်သိမ်းပါတယ်]

[ကိစ္စမရှိပါဘူး။ အောက်ခြေမှာ နေရတဲ့ အဲဒီအမှိုက်ကောင်တွေနဲ့ ယှဉ်ရင် ငါက အရမ်းကံကောင်းနေပြီ။ ရောင့်ရဲတင်းတိမ်တတ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးတယ်လေ]

[ဒီနေလနတ်ဘုရားတံဆိပ်က ငါ့ရဲ့ ကောင်းကင်နတ်ဆိုးတံဆိပ်ထက် အများကြီး ပိုအစွမ်းထက်တယ်၊ တကယ်ကို ကောင်းတာပဲ]

[ဒီနေလနတ်ဘုရားဂိုဏ်းက တာ့ချန်နဲ့ တကယ် ပတ်သက်နေတာလား၊ ဟားဟား... ငါ့အတွက် ကလဲ့စားချေဖို့ မျှော်လင့်ချက် ရှိလာပြီ၊ အဲဒီ ရုပ်အလောင်းစစ်ဆေးသူ၊ ဒီတစ်ခါတော့ မင်းကို သွေးကြွေးပြန်ဆပ်ခိုင်းမယ်]

[နှစ်နှစ်ဆယ်... နောက်ဆုံးတော့ ငါ ပြန်ရောက်လာခဲ့ပြီ၊ ဒီတစ်ခါတော့ ငါနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို ပြန်ယူမယ်]

[ငါ သူ့ကို ရက်ရက်စက်စက် သတ်ပစ်မယ်၊ သူ့ခန္ဓာကိုယ်က အရိုးတိုင်းကို ချိုးပစ်မယ်၊ အင်းဆက်တစ်သောင်းလိုဏ်ဂူထဲ ပစ်ချမယ်။ မီးပုံးလုပ်ဖို့ သူ့အရေခွံကို ဆုတ်မယ်၊ ဆွဲကြိုးလုပ်ဖို့ သူ့အကြောတွေကို ဆွဲထုတ်မယ်]

[ဟင်၊ ငါ ထပ်သေသွားပြန်ပြီလား]

[ခွေးမသား၊ ငါ... တောက်စ်]

ကျိုးရီ၏ မျက်နှာပေါ်ရှိ အမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွား၏။

သူ အမြဲတမ်း သတိထားနေခဲ့သည်မဟုတ်လော။ အခြားသူများကို ပြဿနာ မရှာသလို၊ ပြဿနာရှာမိလျှင်လည်း မျက်မြင်သက်သေ မကျန်ရစ်အောင် လုပ်ဆောင်ခဲ့သည်။

သို့ပါလျက်နှင့် တစ်စုံတစ်ယောက်က သူ့ကို အဘယ်ကြောင့် တကူးတက လာရောက်ပိတ်ဆို့ရသနည်းဟု သူ တွေးတောနေမိသည်။ ဤလူမှာ အရင်တုန်းက မိစ္ဆာဂိုဏ်း၏ ထျန်းမိုအဘိုးအို ပြန်ဝင်စားခြင်း ဖြစ်နေမည်ဟုဝောာ့ မထင်မှတ်ထားခဲ့ပေ။

သာမန်အားဖြင့် ပြန်ဝင်စားခြင်းသည် မှတ်ဉာဏ်များကို သယ်ဆောင်လာလေ့မရှိသော်လည်း အစွမ်းထက် စိတ်စွမ်းအားရှိသည့် ကျင့်ကြံသူများကမူ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားနိုင်စွမ်း ရှိကြသည်။

“မင်း ဝင်စားတယ်ဆိုရင်လည်း ဝင်စားပေါ့၊ မင်းဘာသာမင်း ကျင့်ကြံဖို့ပဲ အာရုံစိုက်ထားလို့ မရဘူးလား။ ငါ့ကို လာရှာနေသေးတယ်”

ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး စကားပင် မဆိုနိုင်လောက်အောင် ဖြစ်သွားရသည်။

သို့သော် သူ့ကို ပို၍ အံအားသင့်စေခဲ့သည့်အရာမှာ ယခုလေးတင် ထိုသူ၏ မူလဝိညာဉ်ကို ဖျက်ဆီးလိုက်သော်ငြား လုံးဝ သေဆုံးသွားခြင်း မရှိသေးခြင်းပင်။

ထျန်းမိုအဘိုးအို ကဲ့သို့သော စိတ်စွမ်းအားကို အဓိကထားသည့် ကျင့်ကြံသူများသည် ဝှက်ဖဲတစ်ချက်ကို အမြဲတမ်း ချန်ထားလေ့ရှိကြသည်။

သူတို့သည် သူတို့၏ ဝိညာဉ်စွမ်းအား အနည်းငယ်ကို ခွဲထုတ်ပြီး သက်တမ်းကျောက်ပြားတစ်ခုအတွင်း ထည့်သွင်းထားတတ်ကြသည်။

သူတို့ သေဆုံးသွားသောအခါ သက်တမ်းကျောက်ပြားက အလိုအလျောက် အက်ကွဲသွားပြီး သူတို့က ထပ်မံ၍ ပြန်လည်မွေးဖွားခွင့် ရလာပေလိမ့်မည်။

ဤအရာက သူတို့၏ ဝိညာဉ်စွမ်းအားကို သိသိသာသာ အားနည်းသွားစေမည် ဆိုသော်လည်း အနည်းဆုံးတော့ လောကကြီးထဲကနေ လုံးဝ ပျောက်ကွယ်သွားခြင်းမှ တားဆီးပေးနိုင်သည်။

သို့သော် အသစ်ပြန်လည်မွေးဖွားလာသော ဝိညာဉ်စွမ်းအားတွင် ယခင်ဘဝ၏ မှတ်ဉာဏ်များ ကျန်ရစ်နေနိုင်ခြေမှာ ပို၍ပင် နည်းပါးလာပေသည်။

မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်လျှင်ပင် ၎င်းသည် ဝိညာဉ်စွမ်းအားကို မခွဲထုတ်မီက မှတ်ဉာဏ်များသာဖြစ်ပြီး လက်ရှိ မှတ်ဉာဏ်များ ပါဝင်မည်မဟုတ်ပေ။

ထို့ကြောင့် ထိုသူက အဝေးတစ်နေရာမှနေ၍ သူ့လျှို့ဝှက်ချက်များ ဖွင့်ချမည်ကို ကျိုးရီ စိုးရိမ်စရာမလိုတော့ချေ။

“ဒါက အသက်ကယ်နည်းလမ်းကောင်း တစ်ခုပဲ၊ ငါ့ရဲ့ အရင်ဘဝက ဝတ္ထုတွေထဲကလို ‘သံတိုင် ပစ်ခတ် မြားခုနစ်စင်း’ လိုမျိုး အဝေးပစ် နည်းစနစ်တချို့များ ရနိုင်မလားမသိဘူး”

“ဒါဆိုရင် ငါသတ်လိုက်တဲ့ လူတွေမှာ ဝိညာဉ်ကျောက်ပြားတွေ အများကြီးရှိနေရင်တောင် ငါ စိုးရိမ်စရာ မလိုတော့ဘူးပေါ့”

ကျိုးရီ မှတ်ဉာဏ်များကို ဆက်လက် ရှာဖွေစူးစမ်းလိုက်ရာ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလာတော့သည်။

“နေလနတ်ဘုရားဂိုဏ်း၊ ကောင်းကင်နဲ့မြေကမ္ဘာအသင်းရဲ့ အသင်းခေါင်းဆောင်... ဒီလူက လီချင်းရွှမ်ရဲ့ ဘေးနားက မိန်းမစိုးချန် မဟုတ်လား”

“မြောက်ပိုင်းမန် တိုက်ပွဲမြေပြင်မှာ အနက်ရောင်ဝတ်စုံနဲ့ လူအဖြစ် ပြောင်းပြီး လီချင်းရွှမ်ဆီ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို ပေးခဲ့တဲ့သူက သူပဲကိုး”

“နဂါးနှစ်ကောင်ကြားက တိုက်ပွဲကို သွေးထိုးလှုံ့ဆော်ခဲ့တယ်၊ ယန်ဘုရင်ရဲ့ မျိုးဆက်ကို ဖျက်ဆီးခဲ့တယ်... ဒီလူက... တကယ်တန်း ဘယ်သူလဲ၊ သူတို့လူတွေထဲက တစ်ယောက်ပဲလား၊ တကယ်ကို သည်းခံနိုင်စွမ်း မြင့်မားလွန်းတာပဲ”

ကျိုးရီမှာ စကားပင် မဆိုနိုင်လောက်အောင် အံ့အားသင့်သွားမိသည်။

ဤလောကကြီး၏ ရှုပ်ထွေးမှုမှာ သူ စိတ်ကူးထားသည်ထက် များစွာသာလွန်နေခဲ့သည်။

တာ့ချန်အတွင်းရှိ အချစ်အမုန်း ပတ်သက်မှုများကပင် သူ့ကို ခေါင်းကိုက်စေခဲ့ပြီ ဖြစ်သော်ငြား တာ့ချန်သည် လောကကြီး၏ ကြီးမားလှသော အစီအစဉ်အောက်တွင် ဤမျှလောက် လှည့်ကွက်များလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

‘ငါ ဒီလိုဆက်လုပ်နေလို့ မဖြစ်တော့ဘူး။ သိုသိုသိပ်သိပ်နေပြီး ငါ့ရဲ့ ခွန်အားကို နောက်ထပ်တစ်ဆင့်လောက် မြှင့်ရမယ်၊ မဟုတ်ဘူး၊ အဆင့်တော်တော်များများ မြှင့်ဖို့လိုတယ်'

သို့သော် လောလောဆယ်တွင် သူသည် ကောင်းကင်နှင့်မြေကမ္ဘာအသင်း၏ ထိုဌာနခွဲကို အရင်ဆုံး သွားရောက် ရှင်းလင်းရပေမည်။

ယင်ထျန်းလီသည် ကောင်းကင်အကျဉ်းထောင်မှ ရုပ်အလောင်းစစ်ဆေးသူများအား ရှာဖွေနေသည်ကို သူတို့ သိရှိထားပြီးဖြစ်သည်။

အကယ်၍ သူတို့သာ သဲလွန်စများအတိုင်း လိုက်လာပြီး သူ့ထံ ရောက်လာမည်ဆိုပါက ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျူပင်ခုတ်လျှင် ကျူငုတ်ကျန်၍ မဖြစ်ပေ။

All Chapters