← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) - မင်ဟွမ်ကျမ်းစာ

ထိုအချိန်တွင်….

မြို့တော်အပြင်ဘက်ရှိ စံအိမ်ကြီးတစ်ခုအတွင်း၌။

သိုင်းသူတော်စင် အကြီးအကဲမော့သည် ပင်မခန်းမဆောင်ကြီးတွင် ထိုင်ကာ အောက်ဘက်ရှိ ကောင်းကင်နှင့်မြေကမ္ဘာအသင်းမှ ဌာနခွဲမှူး သိုင်းပညာရှင်တစ်စု၏ အရိုအသေပေးမှုကို ခံယူနေသည်။

“သိုင်းသူတော်စင်ကို ဂါရဝပြုပါတယ်”

အကြီးအကဲမော့ ခေါင်းညိတ်ပြလိုက်ပြီး ဒေသခံဌာနခွဲမှူး ကိုယ်တိုင်ကိုယ်ကျ ဆက်သလာသော လက်ဖက်ရည်ကြမ်း တစ်ခွက်ကို လှမ်းယူလိုက်သည်။

ဌာနခွဲမှူးမှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ ကိုယ်ကျပ်ဝတ်စုံက ကောက်ကြောင်းများကို ပိုမိုပေါ်လွင်နေစေသည်။

သူမ၏ စကားများနှင့် အပြုအမူများတွင် မြှောက်ပင့်ဖားယားလိုသော ရည်ရွယ်ချက်ကို အထင်အရှား တွေ့မြင်နေရပြီး မကြာခဏဆိုသလို ညို့ဓာတ်ပြင်းသောအကြည့်ဖြင့် လှမ်းကြည့်နေကာ သူမ၏ အလှအပဖြင့် အကြီးအကဲ၏ မျက်နှာသာပေးမှုကို ရယူလိုကြောင်း သိသာထင်ရှားနေသည်။

သို့သော် သိုင်းသူတော်စင်တစ်ဦးအနေဖြင့် သူသည် မိန်းမမမြင်ဖူးသော ရမ္မက်ကြီးသူများကဲ့သို့ ထူးထူးခြားခြား စိတ်ဝင်စားမှုမျိုး မပြသခဲ့ဘဲ ရေပြင်ပမာ တည်ငြိမ်နေသည်။

ဂုဏ်သိက္ခာကြီးမားသော သိုင်းသူတော်စင်တစ်ပါးအတွက် မည်သို့သော အမျိုးသမီးမျိုးကိုမှ မရနိုင်စရာ အကြောင်းမရှိပေ။

ပြည်တန်ဆာလို မိန်းမမျိုးကို အဘယ်ကြောင့်များ အလိုရှိရမည်နည်း။

“သခင်လေးယင် အပြင်ထွက်သွားတာ အတော်ကြာနေပြီ၊ သူ ဘယ်သွားလဲဆိုတာ သိလား”

“သိုင်းသူတော်စင် အရှင်... ကျွန်မတို့လည်း မသိပါဘူး။ သခင်လေးယင်က ကောင်းကင်အကျဉ်းထောင်က ရုပ်အလောင်းစစ်ဆေးသူတချို့ကို စုံစမ်းဖို့ အမိန့်ပေးသွားတယ်ဆိုတာလောက်ပဲ သိပါတယ်”

“တာ့ချန်ကောင်းကင်အကျဉ်းထောင်က ရုပ်အလောင်းစစ်ဆေးသူတွေကို စုံစမ်းတယ် ဟုတ်လား၊ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

အကြီးအကဲမော့၏ မျက်ခုံးများ ကျုံ့ဝင်သွားပြီး မည်သည့်သဲလွန်စမျှ စဉ်းစားမရ ဖြစ်နေသည်။

“အကြီးအကဲမော့... စိုးရိမ်စရာ မလိုပါဘူး၊ သခင်လေးယင်က သိုင်းသခင်အဆင့် ကျင့်ကြံသူတစ်ယောက်လေ။ ပြီးတော့ သူ့ဘေးမှာ အခြားကျင့်ကြံသူတွေလည်း ပါသွားသေးတယ်၊ သူ ဘာမှမဖြစ်လောက်ပါဘူး”

အမျိုးသမီးဌာနခွဲမှူးက နှစ်သိမ့်ပေးလိုက်သော်လည်း အကြီးအကဲမော့မှာ စိတ်သက်သာရာ မရခဲ့ပေ။

“အဓိပ္ပာယ်မရှိတာတွေ။ ထျန်းကျီဂိုဏ်းရဲ့ အစွမ်းကို မင်းတို့မသိပါဘူး။ တကယ်လို့ သူသာ အဖမ်းခံရရင် ငါတောင် သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူက ဂိုဏ်းသဘာပတိကြီး ဂရုစိုက်ဆုံး မျိုးဆက်ပဲ"

“တစ်ခုခုသာ မှားယွင်းသွားရင် ဂိုဏ်းသဘာပတိကြီးရဲ့ စရိုက်အရ ငါတို့အားလုံး သူ့နောက်ကို အတူတူလိုက်သွားကြရလိမ့်မယ်”

အမျိုးသမီးဌာနခွဲမှူး၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာပြီး ချက်ချင်းဆိုလိုက်သည်။

“သခင်လေးယင်ကို ရှာဖို့ လူလွှတ်လိုက်ပါ့မယ်”

ထိုအခါမှသာ အကြီးအကဲမော့ ခေါင်းညိတ်ပြလာသည်။

“အင်း”

သူ ခပ်တိုးတိုး ပြောဆိုလိုက်ပြီး နောက်တစ်ခဏမှာပင် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ကြီးမားလွန်းသည့် အန္တရာယ်အငွေ့အသက်ကြီးတစ်ခု ရုတ်တရက် လွှမ်းမိုးလာတော့သည်။

“မကောင်းတော့ဘူး”

သူသည် တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ စံအိမ်အပြင်ဘက်သို့ ချက်ချင်းထွက်ခွာသွားသည်။ သိုင်းသူတော်စင်တစ်ပါး၏ အမြန်နှုန်းက အင်မတန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့အနောက် မြေပြင်ပေါ်သို့ ဧရာမစွမ်းအင်လက်ဝါးကြီးတစ်ခု ပြင်းထန်စွာ ကျရောက်လာတော့သည်။

ဝုန်း...

စွမ်းအင်လက်ဝါးကြီးမှာ ပေတစ်သောင်းခန့် ကျယ်ဝန်းပြီး ဌာနတစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း ပြိုကျသွားစေသည်။

မြေပြင်တွင် လက်ငါးချောင်းရာကြီး ပေါ်လာပြီး လူနှင့် တိရစ္ဆာန်အားလုံး ကြေမွသွားတော့သည်။

“သိပ်အစွမ်းထက်တာပဲ”

အကြီးအကဲမော့ ထိတ်လန့်တုန်လှုပ်သွားရသည်။ တစ်ဖက်လူ၏ အငွေ့အသက်ကိုပင် သူ အာရုံမခံလိုက်မိပေ။

‘မြေကမ္ဘာအင်မော်တယ်။ ဒါက ကျိန်းသေပေါက် မြေကမ္ဘာအင်မော်တယ်တစ်ပါးပဲ'

‘ထျန်းကျီဂိုဏ်းက ရွှီလီနန်လား ဒါမှမဟုတ် အခြားတစ်ယောက်လား’

သူ သေချာတွေးတောနေရန် အချိန်မရှိတော့ပေ။ အကြီးအကဲမော့သည် သူ၏ ခွန်အားကို အမြင့်ဆုံးအထိ တွန်းတင်လိုက်၏။

အင်အားအားလုံးကို အသုံးပြု၍ ထွက်ပြေးရင်း တစ်ချိန်တည်းမှာပင် သိုင်းသူတော်စင်နယ်ပယ်ကိုပါ အသက်သွင်းလိုက်သည်။

မြေကမ္ဘာအင်မော်တယ်တစ်ပါး၏ ရှေ့မှောက်တွင် သိုင်းသူတော်စင်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်ပြီး အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိပေ။

“ထွက်ပြေးချင်နေတာလား၊ မင်း ပြေးလို့လွတ်နိုင်မလား” ကျိုးရီ၏ အသံကြီး ထွက်ပေါ်လာပြီး လေဟာနယ်ထဲသို့ လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

အကြီးအကဲမော့၏ ခန္ဓာကိုယ်မှာ အင်အားကြီး စွမ်းအင်တစ်ရပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့်အလား ရုတ်တရက် ရပ်တန့်သွားသည်။

တစ်လက်မမျှပင် မရွေ့နိုင်တော့သည့်အပြင် အနောက်ဘက်သို့ အတင်းအကျပ် ဆွဲယူခြင်းကိုပါ ခံနေရတော့သည်။

အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသော အကြီးအကဲမော့မှာ မျက်ရည်များဖြင့် အလောတကြီး တောင်းပန်တော့သည်။

“ဒီနေရာမှာ စီနီယာရှိနေမှန်း မသိလို့ စီနီယာရဲ့ နယ်မြေထဲကို ဝင်လာမိတာပါ။ စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော် တောင်းပန်တဲ့အနေနဲ့ တန်ဖိုးကြီးလက်ဆောင်တွေ ဆက်သပါ့မယ်၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ တောင်းပန်ပါတယ် စီနီယာ”

“ငါ မင်းကို သတ်လိုက်ရင်လည်း မင်းပစ္စည်းတွေက ငါ့ဟာ ဖြစ်လာမှာပဲလေ”

ကျိုးရီ လက်ချောင်းများကို ဆုပ်လိုက်ရာ မိုင်တစ်ထောင်ပတ်လည်ကို ဖိနှိပ်ထားနိုင်စွမ်းရှိသော သိုင်းသူတော်စင်နယ်ပယ်ကြီးထံမှ အက်ကွဲသံများ ဆက်တိုက် ထက်ပေါ်လာတော့သည်။

ဂွပ်... ဂွပ်...

အကြီးအကဲမော့၏ နားထဲတွင်တော့ ဤအသံများမှာ သေမင်း၏ နောက်ဆုံး ခေါင်းလောင်းထိုးသံကဲ့သို့ပင် ဖြစ်နေတော့သည်။

“စီနီယာ... အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် မှားသွားပါတယ်၊ တကယ်ကို နောင်တရပါပြီ၊ အား...”

ကံမကောင်းစွာဖြင့် ကျိုးရီက သူ့ကို လုံးဝဂရုမစိုက်ဘဲ သိုင်းသူတော်စင်နယ်ပယ်ကို အတင်းအကျပ် ချေမွပစ်လိုက်သည်။ ကြောက်မက်ဖွယ် ခွန်အားကြီးက သူ့ကို ရွှေရောင်သွေးမြူခိုးများအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်လေသည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသက်သွင်းကာ ချက်ချင်း ဝါးမျိုစုပ်ယူလိုက်ရာ ကျိုးရီ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ရူးသွပ်စွာ မြင့်တက်လာတော့သည်။

[ဒီအဘိုးကြီး လောကကို ဖြတ်သန်းလာတာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပြီ၊ အခုတော့ ပညာရှိတဲ့ သခင်ကောင်းတစ်ယောက်နဲ့ နောက်ဆုံးတော့ ဆုံတွေ့ခဲ့ရပြီပဲ]

[အရှင်မင်းကြီးရဲ့ ကျေးဇူးတရားက နက်ရှိုင်းလှပါတယ်။ မင်ဟွမ်ကျမ်းစာကို ချီးမြှင့်ပေးခဲ့တယ်။ ဒီကျမ်းစာနဲ့ဆို ငါ့ရဲ့ ကျင့်ကြံမှုတွေ တစ်နေ့တခြား သေချာပေါက် တိုးတက်လာမှာပဲ]

“မင်ဟွမ်ကျမ်းစာလား၊ တကယ်ကြီး မင်ဟွမ် ကျမ်းစာ ဖြစ်နေတာပဲ” ကျိုးရီ အံ့အားသင့်သွားမိသည်။

ကျင်ဧကရာဇ်၊ ကျင်ဧကရာဇ်၏ ဖခင်၊ ကျန့်ထုံဧကရာဇ်နှင့် အခြားသူများ၏ မှတ်ဉာဏ်များထဲမှ ဤကျင့်စဉ်အကြောင်းကို သူ ကြားဖူးခဲ့သည်။ မင်ဟွမ်ကျမ်းစာ ဆိုသည်မှာ အမှန်တကယ်တော့ တာ့ချန်၏ အခြေခံအုတ်မြစ်ပင်။

ဒဏ္ဍာရီများအရ ဤအရာသည် ရှေးခေတ် ပညာရှိသူတော်စင်တစ်ပါး ဖန်တီးခဲ့သော ရှေးဟောင်းနတ်ဘုရားစွမ်းရည် လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်ပြီး အဆုံးမရှိသော စွမ်းအားများ ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။

၎င်းသည် သိုင်းတာအို၊ တာအိုပညာရပ်များ၊ နတ်ဘုရားစွမ်းရည်များနှင့် ကွန်ဖြူးရှပ်တာအို အစရှိသည်တို့ကို ပေါင်းစပ်ပါဝင်ထားပြီး ဘက်စုံလွှမ်းခြုံနိုင်စွမ်း ရှိပေသည်။

အတိတ်ကာလက တာ့ချန်၏ တည်ထောင်သူ ဧကရာဇ်သည် ဤကျင့်စဉ်ကို ရရှိခဲ့သောကြောင့်သာ ဘုန်းတန်ခိုး ထွန်းတောက်လာခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ကျော်ဖြတ်ဝင်ရောက်နိုင်ခဲ့ပြီး လောကကြီးတစ်ခုလုံးကို သိမ်းကျုံးကာ တာ့ချန်အင်ပါယာမင်းဆက်ကြီးကို တည်ထောင်နိုင်ခဲ့သည်။

သို့သော် ဤကျင့်စဉ်ကို ဧကရာဇ်များကိုသာ လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည်။ ထို့ကြောင့် ယန်ဘုရင် ပုန်ကန်ပြီး ယခင်ဧကရာဇ် ထွက်ပြေးရချိန်တွင် တာ့ချန်ဧကရာဇ်များသည် မင်ဟွမ်ကျမ်းစာကို ဆက်လက်ကျင့်ကြံနိုင်ခြင်း မရှိကြတော့ပေ။

“ဝမ်ဧကရာဇ်က တကယ်ကို ရဲရင့်ပြတ်သားတာပဲ၊ တာ့ချန်ကို ပြန်လည်ရယူဖို့အတွက် သူ့ရဲ့ လက်အောက်ငယ်သားတွေ ခွန်အား မြန်မြန်တိုးတက်လာအောင် မင်ဟွမ်ကျမ်းစာကိုတောင် သင်ပေးခဲ့တာကိုး”

သေချာသည်မှာ မင်ဟွမ်ကျမ်းစာ တစ်ခုလုံးကို သင်ကြားပေးခဲ့ခြင်း မဟုတ်ဘဲ သိုင်းတာအိုအခန်းကဏ္ဍကိုသာ သင်ပေးခဲ့ခြင်းဖြစ်သည်။

တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သဖြင့် ကျိုးရီသည် မင်ဟွမ်ကျမ်းစာကို သေချာစစ်ဆေးရန် အချိန်မရတော့ဘဲ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် လူအချို့ ရောက်ရှိလာသည်။ ထျန်းကျီဂိုဏ်းမှ သူတော်စင်မလေး ကျင်းယန်နှင့် အကြီးအကဲ ရွှီလီနန်တို့ပင် ဖြစ်သည်။

“သိပ်ကို အစွမ်းထက်တဲ့ လက်ဝါးရိုက်ချက်ကြီးပဲ၊ ဒီလို‌အနေအထားထိ ဖြစ်ဖို့ဆိုရင် တစ်ဖက်လူက မြေကမ္ဘာအင်မော်တယ်အဆင့် မဟုတ်ရင်တောင် သိုင်းသူတော်စင် အထွတ်အထိပ်မှာ သေချာပေါက် ရှိနေရမယ်”

“အကြီးအကဲ... အဲဒီလူများ ဖြစ်နေမလား”

“သေချာတော့ မပြောတတ်ဘူး၊ ထပ်ရှာကြည့်လိုက်ပါဦး”

“ကြိုးစားကြည့်ပါ့မယ်” သူတော်စင်မလေး ကျင်းယန်သည် ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အသုံးပြု၍ နောက်တစ်ကြိမ် စတင်ရှာဖွေတော့သည်။

သို့သော် အိမ်သို့ ပြန်ရောက်နေပြီဖြစ်သော ကျိုးရီသည် သူ့အငွေ့အသက်များကို ကွယ်ဝှက်ထားပြီးဖြစ်နေလေပြီ။ သူမ မည်မျှပင် အသည်းအသန် ရှာဖွေစေကာမူ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။

ရက်အနည်းငယ် ကြာပြီးနောက် ရှူပြည်နယ်သို့ သတင်းရောက်ရှိသွားပြီး တိမ်တိုက်များကိုပင် ထိုးဖောက်သွားလောက်သော ဟိန်းဟောက်သံကြီးတစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားတော့သည်။

“အား... ထျန်းကျီဂိုဏ်း၊ နင်တို့ကို ငါ သေချာပေါက်သတ်ပစ်မယ်”

ဆံပင်ဖားလျားဖြင့် ဂိုဏ်းသဘာပတိကြီးသည် မြေအောက်ထဲမှ ဒေါသတကြီး ပျံသန်းလာသည်။ ခေါင်းဆောင်ချန်က သူ့ကို တားဆီးရန် ချက်ချင်းပျံတက်သွားသည်။

“ဂိုဏ်းသဘာပတိကြီး... အလျင်စလို မလှုပ်ရှားနဲ့အု၊ ထျန်းကျီဂိုဏ်းမှာ မြေကမ္ဘာအင်မော်တယ်အဆင့် တစ်ယောက် ပါလာတယ်၊ တကယ်လို့ အခု သွားတိုက်ပြီး နှစ်ဖက်လုံး အထိနာသွားရင် တခြားသူတွေ အခွင့်ကောင်းယူတာကို ခံရလိမ့်မယ်"

“အရှင်မင်းကြီးရဲ့ အကြံအစည်တွေ ပျက်စီးသွားပြီး အရှင်မင်းကြီး ဒေါသထွက်သွားရင် ကျန်တဲ့ မိသားစုဝင်တွေလည်း အသက်ရှင်ဖို့ ခက်ခဲသွားလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ဂိုဏ်းသဘာပတိကြီး၏ မျက်လုံးထဲတွင် သတိထားနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရိုးအဆစ်များမှ မြည်သံများပင် ထွက်ပေါ်လာသည်။

“တစ်နေ့ကျရင်တော့ သူတို့ကို ငါ သေချာပေါက်သတ်ပစ်မယ်”

ခေါင်းဆောင်ချန် သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဂိုဏ်းသဘာပတိကြီး... အခွင့်အရေး ရှိလာမှာပါ”

ရက်အနည်းငယ် ကြာပြီးနောက် ကျိုးရီသည် မင်ဟွမ်ကျမ်းစာကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ဤသိုင်းပညာရပ်မှာ တကယ်ကို အံ့မခန်း နတ်ဘုရားစွမ်းရည်တစ်ခုပင်။

၎င်းမှာ အတွေ့အကြုံများလေလေ၊ ပိုမိုအစွမ်းထက်လာလေလေ ဖြစ်သည်။

အဆင့်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် သင်ယူရသော အခြားကျင့်စဉ်များနှင့် လုံးဝ မတူညီပေ။

မင်ဟွမ်ကျမ်းစာကို သင်ယူတတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းကို အသုံးပြုလိုက်တိုင်း ကိုယ်ပိုင်ဆိုင်ထားသော သိုင်းတာအို၊ အတွေ့အကြုံပမာဏနှင့် အချိုးကျသော ခွန်အားများကို ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။

သူ့အတွက်တော့ ဤအရာက သီးသန့် ပြုလုပ်ပေးထားသည့်အလား လုံးဝ ကိုက်ညီနေပေသည်။

ကျိုးရီသည် မရေမတွက်နိုင်သော မှတ်ဉာဏ်များကို စုပ်ယူထားခဲ့ရာ သူ ပိုင်ဆိုင်ထားသည့် သိုင်းတာအို အတွေ့အကြုံပမာဏမှာ လက်ချိုးရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှပြီး သိုင်းတာအိုများ၏ စွမ်းအားမှာလည်း သာမန်အဆင့်တူများထက် များစွာ သာလွန်နေသည်။

‘တကယ်ကို နတ်ဘုရားကျင့်စဉ်တစ်ခုပါလား’

All Chapters