အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) - တာ့ချန်ကံကြမ္မာနှင့် သက်ဆိုင်သော အဆင့်မြင့် နည်းလမ်းကြီးနှစ်ခု
“မင်ဟွမ်ကျမ်းစာ တစ်အုပ်တည်းနဲ့တင် ခွန်အားတွေ အလွယ်တကူ တိုးတက်စေနိုင်ပြီး သိုင်းသူတော်စင်တွေကို အများကြီး ပျိုးထောင်ပေးနိုင်တယ်၊ တကယ်လို့ ကျမ်းစာအုပ်တွေ အားလုံးကိုသာ စုဆောင်းနိုင်ခဲ့ရင် ဒီလောကကြီးတစ်ခုလုံးကို ပြောင်းပြန်လန်နိုင်သွားတော့မှာ မဟုတ်ဘူးလား”
“တကယ်ကို ထူးခြားပြောင်မြောက်တဲ့ နည်းလမ်းပဲ”
အနာဂတ်မှာ ကျမ်းစာအားလုံးကို စုဆောင်းနိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာမည်ဟု သူ့ရင်ထဲတွင် အခိုင်အမာ ဆုံးဖြတ်ထားလိုက်သည်။
ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် ကျိုးရီသည် အခြားကိစ္စရပ်တစ်ခုကို စတင်တွေးတောလာခဲ့သည်။
“နောက်ထပ် သွေးချောင်းစီး စစ်ပွဲကြီးတစ်ခု စတင်တော့မယ်။ ဒီတစ်ကြိမ်က အရင်တစ်ခေါက်ထက် ပိုပြီး ပြင်းထန်လိမ့်မယ်၊ မဟာကမ္ဘာက အစွမ်းထက်တဲ့ အင်အားစုတွေ အများကြီး ပါဝင်လာကြမှာပဲ”
“လေပြင်းမုန်တိုင်းတွေ တိုက်ခတ်လာတာနဲ့အမျှ ငါ ဒီထက်ပိုပြီး သတိထားလှုပ်ရှားမှရမယ်။ အရမ်း အလျင်စလို မလုပ်သင့်ဘူး။ အသက်ရှင်ကျန်ရစ်ဖို့နဲ့ အောင်မြင်ကြီးပွားဖို့ဆိုတာ ဘေးကင်းအောင်နေရုံသက်သက်နဲ့ မရဘူး"
“အတိုင်းအဆမရှိတဲ့ ခွန်အားနဲ့ ကျယ်ပြန့်တဲ့ သတင်းအချက်အလက်ကွန်ရက် တစ်ခုလည်း လိုအပ်တယ်”
ယခင်က သူစေလွှတ်ခဲ့သော နတ်ဆိုးများသည် တာ့ချန်နှင့် ကမ္ဘာအနှံ့အပြားတွင် ပြန့်ကျဲနေကြသည်။
သို့သော် ထိုနတ်ဆိုးငယ်လေးများမှာ နှစ်ရာကဏန်းအနည်းငယ်မျှသာ ကျင့်ကြံထားရသေးသဖြင့် သိပ်မစွမ်းလှပေ။ ထို့ကြောင့် ကျိုးရီက သူတို့ကို အများကြီး မလွှတ်ခဲ့ပေ။
ယခုမူ အချိန်များစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး နတ်ဆိုးများ၏ ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ရာ နောက်ထပ် အကောင်ရေ အနည်းငယ်မျှ ထပ်မံ လွှတ်ပေးနိုင်ကောင်း လွှတ်ပေးနိုင်ပေလိမ့်မည်။
ပိုက်ကွန်ကို ကျယ်ကျယ်ဖြန့်ထားခြင်းအားဖြင့် သူတို့ထဲမှ တစ်ကောင်နှစ်ကောင်က မဟာနတ်ဆိုးကြီး ဖြစ်လာခဲ့လျှင်ပင် အနာဂတ်တွင် အရေးပါသည့် နယ်ရုပ်လေးများ ဖြစ်လာကြပေမည်။
ဤသို့တွေးတောရင်း ကျိုးရီသည် မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားခဲ့သည်။
“မဟာနတ်ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးက အမြင့်မြတ်ဆုံး နတ်ဘုရားမျိုးနွယ်စုရဲ့ နိုင်ငံသားတိုင်းအပေါ် လွှမ်းခြုံတောက်ပနေပါစေ၊ ငါတို့ရဲ့ တစ်ဆူတည်းသော အမြင့်မြတ်ဆုံး နတ်ဘုရားသခင်ကို ရှိခိုးပူဇော်ကြစို့”
မဟာတာအို အင်မော်တယ်ဘူးသီးအတွင်း၌ နတ်ဘုရားကြက်မျိုးနွယ်စု၏ အကြီးအကဲများသည် လူငယ်မျိုးဆက်များကို ဝါဒဖြန့်ဖြူးရေး ပညာပေးမှုများ ပြုလုပ်နေကြသည်။
ဤသည်မှာ ကျိုးရီက သူတို့ကို သင်ကြားပေးထားခြင်းမဟုတ်ပေ။ နတ်ဘုရားကြက်မျိုးနွယ်စု၏ ပညာရှိများကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။
သူတို့သာမက အခြားသော နတ်ဆိုးမျိုးနွယ်စုများမှ အကြီးအကဲများသည်လည်း ပညာပေးမှုများ ပြုလုပ်နေကြပြီး ကိုးကွယ်ပူဇော်ရန် ရုပ်တုပေါင်းများစွာကိုပင် ထုလုပ်ထားကြသည်။
အစပိုင်းတွင် သက်ရှိတစ်စုသည် အသိဉာဏ်ပွင့်လာသည်နှင့်တစ်ပြိုင်နက် သူတို့အား အားထားသည့် အင်အားတစ်စုရှာဖွေရန် ဘာကြောင့် လိုအပ်သနည်းဆိုသည်ကို ကျိုးရီ သေချာနားမလည်ခဲ့ပေ။
နောက်ပိုင်းမှသာ ဤဝါဒများကို ဖန်တီးခဲ့သော ပညာရှိများသည် သူတို့မျိုးနွယ်စု၏ ခေါင်းဆောင်များ ဖြစ်လာကြ၏။
အငယ်ဆုံးနှင့် အလှဆုံး နတ်ဆိုးမလေးများနှင့် ပျော်ပါးကာ အခမ်းနားဆုံး နန်းတော်ကြီးများတွင် နေထိုင်ပြီး အကောင်းဆုံး အစားအစာများနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များကို ခံစားနေကြရကြောင်း သူ သတိထားမိသွား၏။
ကျိုးရီ နားလည်သွားသည်။ သူတို့ကိုယ်သူတို့ နတ်ဘုရားများအဖြစ် ပုံသွင်းခြင်းအားဖြင့် အာဏာရယူရန် အသာစီးရယူနိုင်ပြီး အခြားနတ်ဆိုးများကို ဖိနှိပ်ကာ ခေါင်းပုံဖြတ်နိုင်ကြသည်။
ကျိုးရီအနေဖြင့် ကန့်ကွက်စရာ မရှိပေ။ မည်သို့ပင်ဆိုစေ သူ့အနေဖြင့် တစ်ခုမှ မဆုံးရှုံးပေ။
အရင်းအမြစ်များမှာ နတ်ဆိုးများကြားတွင် အပြန်အလှန် ရွှေ့ပြောင်းနေခြင်းမျှသာဖြစ်ပြီး နောက်ဆုံးတွင် အရာအားလုံးက သူ့ပိုင်ဆိုင်မှုများချည်းသာ။
ထို့အပြင် ၎င်းက စီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူစေပြီး သူတို့အချင်းချင်း အမြဲတမ်းတိုက်ခိုက်နေကြမည့် ခေါင်းကိုက်စရာ ကိစ္စများကိုလည်း သက်သာစေသည်။
ကျိုးရီ ကောင်းကင်ယံမှ ဆင်းသက်လာသောအခါ နတ်ဘုရားကြက်မျိုးနွယ်စုတစ်ခုလုံး ချက်ချင်းပင် မြေပြင်ပေါ်တွင် ဝပ်တွားခယနေကြပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ငိုကြွေးနေကြတော့သည်။
“မဟာနတ်ဘုရားသခင် ဆင်းသက်လာပြီ”
“နတ်ဘုရားသခင်ကို ရှိခိုးပူဇော်ပါတယ်”
“နတ်ဘုရားသခင်ရဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်ပါတယ်၊ အရှင်ဟာ ကျွန်တော်တို့ရဲ့ နေမင်းကြီးပါပဲ”
“နတ်ဘုရားသခင် သက်တော်ရာကျော်ရှည်ပါစေ”
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအရာက သူ့ကို ဆံပင်အလယ်ခွဲနှင့် ဝတုတ်တုတ်လူတစ်ယောက်ကဲ့သို့ ခံစားရစေသောကြောင့် ကျိုးရီ သိပ်ပြီးသဘောမကျလှပေ။
သူ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး နတ်ဘုရားကြက်မျိုးနွယ်စုဝင်များကို နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် နတ်ဘုရားကြက်မျိုးနွယ်စု၏ အကြီးအကဲကို နန်းတော်အတွင်းသို့ ခေါ်ဆောင်ကာ သီးသန့်စကားပြောဆိုလိုက်၏။
“မဟာနတ်ဘုရားသခင်... ဘာများ အမိန့်ပေးစရာရှိပါသလဲ”
“ငါ့အတွက် ကျင့်ကြံမှု အတော်အသင့်ရှိတဲ့ ဉာဏ်ရည်ထက်မြက်ပြီး တောင့်တင်းခိုင်မာတဲ့ နတ်ဘုရားကြက်မျိုးနွယ်စုက လူငယ်ကျင့်ကြံသူ တစ်စု လိုအပ်တယ်”
“အို... မဟာနတ်ဘုရားသခင်၊ နတ်ဘုရားကြက်မျိုးနွယ်စုက စစ်သည်တော်တွေဟာ အရှင်ခေါ်ယူတာကို အချိန်မရွေး စောင့်ကြိုနေကြပါတယ်”
“မင်း သူတို့ကို စုစည်းပေးဖို့ တာဝန်ယူပါ။ လူစုံပြီဆိုတာနဲ့ ငါ့ကို အကြောင်းကြားလိုက်၊ ငါ သူတို့ကို ခေါ်သွားမယ်။ ဒါပေမဲ့ မှတ်ထား၊ ဒီအခွင့်အရေးကို အသုံးချပြီး ပြိုင်ဘက်တွေကို ရှင်းထုတ်တာတို့၊ ကိုယ့်ဆွေမျိုးမိတ်ဆွေတွေကို နေရာပေးတာတို့ မလုပ်နဲ့”
“ငါက အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေကို လိုချင်တာ၊ အသုံးမကျတဲ့ ကောင်တွေကို မလိုချင်ဘူး”
“စိတ်ချပါ မဟာနတ်ဘုရားသခင်။ နတ်ဘုရားကြက်မျိုးနွယ်စု အနေနဲ့ အရှင့်ကို အလုပ်အကျွေးပြုဖို့အတွက် အထူးချွန်ဆုံး စစ်သည်တော်တွေကို သေချာပေါက် ရွေးချယ်ပေးပါ့မယ်”
ကျိုးရီ ခေါင်းညိတ်ပြလိုက်ပြီး အခြားတောင်ထွတ်များဆီသို့ ဆက်လက် ထွက်ခွာသွားသည်။
အစပိုင်းတွင် ကျိုးရီသည် ဤနေရာ၌ အစားအစာအတွက် ကြက်နှင့် ဘဲများကိုသာ မွေးမြူထားခဲ့သည်။ နောက်ပိုင်းတွင် သူ့လက်အောက်ငယ်သားများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် သွေးမျိုးဆက်စွမ်းအား ပိုမိုမြင့်မားသော ကျား၊ ကျားသစ် နှင့် ဝံပုလွေများကဲ့သို့သော နတ်ဆိုးများကို တဖြည်းဖြည်း ထည့်သွင်းပေးခဲ့သည်။
ဤအရာက အနာဂတ်တွင် သူတို့ကို ပိုမိုအသုံးဝင်စေပြီး ကိုင်တွယ်ရ ပိုမိုလွယ်ကူစေလိမ့်မည်။
လက်အောက်ငယ်သားများကို လိုက်လံရှာဖွေရန် သူကိုယ်တိုင် အားထုတ်နေစရာ မလိုတော့ပေ။ မျိုးနွယ်စု ခေါင်းဆောင်များထံ အရည်အချင်းရှိသော နတ်ဆိုးငယ်များကို ရွေးချယ်ရန် အမိန့်များ ချမှတ်လိုက်ရုံသာ။
ထို့နောက် သူက သူတို့အပေါ်တွင် ဝိညာဉ်အမှတ်အသားများ ရိုက်နှိပ်ပေးလိုက်ရုံပင်။
ရိုးရာစက်မှုလုပ်ငန်းမှ အလိုအလျောက် လည်ပတ်နေသော စက်ရုံတစ်ရုံအဖြစ် ကူးပြောင်းသွားသကဲ့သို့ ခံစားနေရပြီး အရာအားလုံးက အသင့်စားပုံစံ လုပ်ငန်းစဉ်တစ်ခုဆီသို့ ဦးတည်သွားနေသည်။
တစ်သုတ်ကို ပျိုးထောင်လိုက်၊ တစ်သုတ်ကို လွှတ်ပေးလိုက်။ တစ်သုတ်ကို ပျိုးထောင်လိုက်၊ တစ်သုတ်ကို လွှတ်ပေးလိုက်ဖြင့်….
“အနာဂတ်မှာ လောကကြီးတစ်ခုလုံးက ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လာတော့မှာလား”
ကျိုးရီရင်ထဲတွင် ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး ထိုအတွေးကြောင့် သူကိုယ်တိုင်ပင် လန့်သွားကာ ခေါင်းကို အမြန်ခါယမ်းလိုက်မိသည်။
‘မဖြစ်နိုင်ပါဘူးလေ’
မည်သို့ပင်ဆိုစေ ဤလောကကြီးသည် ရေတွက်၍မရနိုင်သော အစွမ်းထက်ကျင့်ကြံသူများဖြငိ့ ပြည့်နှက်နေသည်။
သူသည် မြေကမ္ဘာအင်မော်တယ်အဆင့် ပုရွက်ဆိတ်လေးသာ ရှိသေးသည်မဟုတ်လော။
ဤသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း နှစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီး ကျိုးရီသည်လည်း သူ့ကိုယ်ပိုင် သတင်းအချက်အလက်ကွန်ရက်ကို တဖြည်းဖြည်း တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။
သူသည် တာ့ချန်၏ နေရာအနှံ့အပြားတွင် မျက်စိနှင့် နားများကို ဖြန့်ကျဲထားနိုင်ခဲ့ပြီဖြစ်သည်။
သေချာသည်မှာ သူ လွှတ်ပေးခဲ့သူများအားလုံး နတ်ဆိုးများသာဖြစ်သဖြင့် ထိုထဲမှအများစုမှာ မိစ္ဆာဂိုဏ်းဝင်များဖြစ်သွားကြသည်။
အချို့သော အစွမ်းထက်နတ်ဆိုးများသည် တောင်တန်းများကို သူတို့၏ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ကာ မျိုးဆက်သစ် အင်အားစုများကိုပင် စတင်ပျိုးထောင်နေကြပြီဖြစ်သည်။
ဤကွန်ရက်များမှတစ်ဆင့် လူသိနည်းသော လျှို့ဝှက်ချက်များစွာကို ကျိုးရီ သိရှိလာခဲ့သည်။
ဥပမာအားဖြင့် နေလနတ်ဘုရားဂိုဏ်းသည် ဒေသဆိုင်ရာ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့များ၊ ကျန်းဝူတပ်ဖွဲ့များနှင့် နယ်စပ်ကို စောင့်ကြပ်နေသော စစ်သူကြီးများ အစရှိသည့် တာ့ချန်၏ အုပ်စုအများအပြားထဲသို့ စိမ့်ဝင်ထိုးဖောက်နေပြီဖြစ်သည်။
နေလနတ်ဘုရားဂိုဏ်းသည် တာ့ချန် နင့် တိုက်ရိုက် စစ်ပွဲဆင်နွှဲလိုပုံ မပေါ်ပေ။ ၎င်းအစား ဒေသဆိုင်ရာ အင်အားစုများကို ဦးစွာ ထိန်းချုပ်နိုင်ရန် စိမ့်ဝင်ထိုးဖောက်ခြင်းနည်းလမ်းကို အသုံးပြုနေကြသည်။
၎င်းမှာ သူ၏ နတ်ဆိုးငယ်များကို တာ့ချန်အနှံ့အပြားသို့ ဖြန့်ကြက်သည့် နည်းလမ်းနှင့် ဆင်တူနေပေသည်။
နေလနတ်ဘုရားဂိုဏ်းသည် သူလျှိုများကို လေ့ကျင့်ပေးရန်နှင့် နယ်ပယ်အသီးသီးရှိ အရာရှိများ၏ လျှို့ဝှက်ချက်များကို စုဆောင်းရန်အတွက် နဂါးစောင့်ရှောက်ရေးအိမ်တော်ဟုခေါ်သည့် အဖွဲ့အစည်းတစ်ခုကိုလည်း ဖန်တီးထားကြောင်း သိခဲ့ရသည်။
ထိုလျှို့ဝှက်ချက်များကို အသုံးပြု၍ အရာရှိများစွာအား သူတို့ထံ အလုပ်အကျွေးပြုရန် အကျပ်ကိုင် ခြိမ်းခြောက်နေကြသည်။
မကြာမီအချိန်အတွင်း ယန်ဘုရင်၏ မျိုးဆက်များ ( တာ့ချန် ထိုက်ကျုံးဧကရာဇ်၏ မျိုးဆက်) သည် တာ့ချန်အပေါ် ထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။
သေချာသည်မှာ ယခုအချိန်တွင်လည်း ထိုနည်းတူပင် ဖြစ်နေချေပြီ။
ထျန်းကျီဂိုဏ်းမှာ လောကီရေးရာများနှင့် ကင်းကွာအောင် နေထိုင်ဆဲဖြစ်ပြီး ဂိုဏ်းကြီးလေးခုက တာ့ချန်၏ နေရာအတော်များများကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ရာ ဧကရာဇ်သည် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်နေခဲ့သည်မှာ ကြာမြင့်နေလေပြီ။
ကျိုးရီ အနည်းငယ် တွေဝေသွားသည်။
တာ့ချန်၏ လက်ရှိအခြေအနေအရ ဝမ်ဧကရာဇ်အနေဖြင့် သွေးတစ်ပေါက်မျှ မကျဘဲ ရွှေပလ္လင်ကို ရယူရန် ထျန်းကျီဂိုဏ်းနှင့် အနည်းငယ် ဆွေးနွေးတိုင်ပင်လိုက်ရုံသာ လိုအပ်သည်။ သို့သော် သူ မည်သည့်အခါမျှ မလှုပ်ရှားခဲ့ပေ။
‘သူ ဘာကို စောင့်နေတာလဲ'
ရှူပြည်နယ်မှ နတ်ဆိုးတစ်ကောင်က လျှို့ဝှက်စာတစ်စောင် ပို့လာသည့် တစ်နေ့တွင်တော့ ပြဿနာ ဘယ်မှာရှိနေသလဲဆိုသည်ကို ကျိုးရီ နားလည်သွားခဲ့သည်။
“ထိုက်ကျုံးက သူ့ရဲ့ မျိုးဆက်တွေအတွက် ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အသက်ကယ်နည်းလမ်းနှစ်ခုကို ချန်ထားခဲ့တယ်ဆိုပဲ”
ကျိုးရီသည် တာ့ချန် ဘိုးဘွားပိုင်မြေအတွင်းသို့ ဝင်ရောက်ခဲ့စဉ်က ကျင်းဧကရာဇ်၏ ဖခင် ရွှမ်ဧကရာဇ် မှတ်ဉာဏ်များထဲတွင် ဤအကြောင်းကို တွေ့ရှိခဲ့ဖူးသည်။
၎င်းသည် ကျောက်စာတိုင်တစ်ခုပေါ်ရှိ ကမ္ပည်းစာတစ်ခုဖြစ်ပြီး ထိုက်ကျူဧကရာဇ်ထံမှ လက်ဆင့်ကမ်းလာသည်ဟု ဆိုသော်လည်း ရွှမ်ဧကရာဇ်မှာမူ ၎င်းကို နားလည်သဘောပေါက်နိုင်ခဲ့ခြင်းမရှိပေ။
နောက်ပိုင်း ကျင်းဧကရာဇ်၏ မှတ်ဉာဏ်များကို ရှာဖွေရာတွင် ကျင်ဧကရာဇ်သည်လည်း ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် နည်းလမ်းကို နားမလည်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ထိုသို့မှမဟုတ်လျှင် စစ်နတ်ဘုရားဟုခေါ်ဆိုသော သူ့အစ်ကိုတော်၏ ထီးနန်းလုယူခြင်းကို ခံခဲ့ရမည်မဟုတ်ပေ။
ထို့အပြင် ထိုအရာသည် တာ့ချန် ထိုက်ကျုံးဧကရာဇ် ယန်ဘုရင်ဘဝက သူ၏ မူလပိုင်နက်နယ်မြေဖြစ်သော နယ်စပ်တွင် တည်ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ထိုအချိန်က သူ သိပ်ပြီး အာရုံမစိုက်မိခဲ့ခြင်းဖြစ်သည်။
“ဝမ်ဧကရာဇ်က မဟာကမ္ဘာမှာ နေလာတာ နှစ်ရာနဲ့ချီ ကြာနေပြီ၊ မင်ဟွမ်ကျမ်းစာကိုလည်း ပိုင်ဆိုင်ထားတယ်၊သူ့ရဲ့ ကျင့်ကြံမှုက အနည်းဆုံးတော့ မြေကမ္ဘာအင်မော်တယ်အဆင့်မှာ ရှိနေမှာပဲ၊ အဲဒီထက် ပိုမြင့်တဲ့ အဆင့်ကိုတောင် ရောက်နေလောက်ပြီ”
“သူ့ဦးလေး ၄ ချန်ထားခဲ့တဲ့ နည်းလမ်းတွေကို သတိထားနေဖို့ လိုသေးလို့လား”
ထိုနည်းလမ်းများက မည်သည့်အရာများ ဖြစ်နေသည်ကို ကျိုးရီ သိချင်စိတ် ဖြစ်ပေါ်လာမိသည်။
“ငါ တစ်ချက်လောက် သွားကြည့်ရမယ်”