← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း (၁၁၁) - သူရဲကောင်းမယ်၏ မျက်လုံးထဲက“မဟာနတ်ဆိုး”

ရှောင်ရှန်းတစ်ယောက် မိမိမျက်စိရှေ့က ရဲရင့်ဖျတ်လတ်ပြီး စွာတေးလန် သူရဲကောင်းမယ်ကို ကြည့်ရင်း စစ်စခန်းရှိ ဒူးထောက်ရုံသာ တတ်သည့် ကိုယ်ရံတော်များထက် ပို၍ စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။

သူသည် တမင်တကာ နှုတ်ခမ်းကို မဲ့လိုက်ပြီး ဂရုမစိုက်သော အမူအရာအဖြစ် ပြောင်းလဲလျက် ပျင်းရိလေးတွဲစွာ ပြောလိုက်သည်။

“ဘာလဲ ငါကိုယ်‌တော်က မင်းရဲ့ရတနာကို လုယူသွားမှာ ကြောက်လို့လား... စိတ်ချ၊ ဒီလို မည်းတူးနေတဲ့ အမှိုက်မျိုးကို အလကားပေးရင်တောင် မယူဘူး”

ဤစကားများသည် ယဲ့လင်းရွှမ်း၏ နားထဲတွင် သွေးတိုးစမ်းခြင်းနှင့် ဖုံးကွယ်လို‌သော လုပ်ရပ်အဖြစ် အဓိပ္ပာယ်ဖော်ဆောင်သွားလေ၏။

ဤပစ္စည်းနှင့် အမှန်တကယ် မရင်းနှီးသူတစ်ယောက်က စူးစမ်းလိုစိတ်ဖြင့်သာ မေးမြန်းပေလိမ့်မည်။

သို့သော် တစ်ဖက်လူသည် ပတ်သက်မှုကို အလျင်အစလို ဖြတ်တောက်ပြီး စကားလုံးတိုင်းတွင် နှိမ်ချကဲ့ရဲ့မှုများဖြင့် ပြည့်နှက်နေကာ “ဒီလိုအရာမျိုးက ငါ့အတွက်တော့ အသုံးမဝင်ဘူး” ဟုပြောနေသည့်အလား။

ဤအချက်ကပင် သူသည် ဤပစ္စည်းကို သိရှိနေကြောင်း သက်သေပြနေခြင်းပင်။

“အရှင့်သားက နောက်ပြောင်နေပါပြီ”

ယဲ့လင်းရွှမ်း၏ အသံသည် ရေခဲပမာ အေးစက်နေသည်။

“ဒီအရာက သိုင်းလောကသားတွေ သုံးတဲ့ ကလေးကစားစရာ ပစ္စည်းတစ်ခုပါပဲ ၊ အရှင့်သားရဲ့ မျက်စိထဲ မဝင်တာ သဘာဝကျပါတယ်”

သူမသည် နှုတ်ကသာ ယဉ်ကျေးနေသော်လည်း စိတ်ထဲတွင်မူ ရှောင်ရှန်းကို “သံသယရှိသူ” အဖြစ် တံဆိပ်ကပ်လိုက်ပြီ ဖြစ်သည်။ သူမသည် ဤအိမ်ရှေ့စံနောက်သို့ တိတ်တဆိတ် လိုက်ကာ သူနှင့် ထိုမိစ္ဆာအင်အားစုတို့၏ ပူးပေါင်းကြံစည်နေသည့် သက်သေကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဘေးနားရှိ စူးဝမ်ချင်မှာ သူတို့နှစ်ဦး၏ အမူအရာကို အကဲခတ်ရင်း စိတ်ထဲကနေ ကျိတ်ရယ်မိသလို တစ်ဖက်ကလည်း သက်ပြင်းချမိသည်။ ရှောင်ရှန်းသည် ပါးစပ်သရမ်းကာ လူကို တမင်သက်သက် စနောက်နေခြင်းဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သို့သော် ဤသူရဲကောင်းမယ်မှာ အိမ်ရှေ့စံ၏ “နေ့စဉ်လုပ်ရိုးလုပ်စဉ်” ကို နက်ရှိုင်းသော အားပြိုင်မှုကြီးအဖြစ် မှတ်ယူသွားလေ၏။

ဤအထင်လွဲမှုမှာ ရှင်းရခက်ပေတော့မည်။

“အရှင့်သား၊ စစ်သူကြီးချင်က အရှင့်သားနဲ့ စစ်ရေးဆွေးနွေးဖို့ စောင့်နေပါတယ်၊ ကျွန်မတို့ စောစောပြန်ကြရအောင်”

စူးဝမ်ချင်သည် အချိန်ကိုက် ဝင်ပြောလိုက်ပြီး နှစ်ဖက်စလုံးအတွက် လမ်းခင်းပေးလိုက်သည်။

ရှောင်ရှန်းသည်လည်း တင်ပါးတွင် အနည်းငယ် နာကျင်နေသေးသဖြင့် ဤ “စွာစိလန် မိန်းကလေး” နှင့် ဆက်လက် မငြင်းခုံလိုတော့ပေ။

ထို့ကြောင့် နှာခေါင်းတစ်ချက် ရှုံ့ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် စစ်စခန်းဘက်သို့ ဟန်ပါပါဖြင့် ကြွလှမ်းလေတော့၏။

ယဲ့လင်းရွှမ်းသည် သူ၏ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းများက ပို၍ လေးနက်လာခဲ့သည်။

သူမသည် စူးဝမ်ချင်ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်ပြီးနောက် လမ်းဆုံလမ်းခွရှိ လူအုပ်ကြီးထဲသို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြီး ထို့နောက် ကိုယ်ယောင်ဖျောက်ကာ ရှောင်ရှန်း၏ နောက်မှ ခပ်လှမ်းလှမ်း လိုက်ပါသွားလေသည်။

စူးဝမ်ချင်သည် ရှေ့ဆင့်နောက်ဆင့် ပျောက်ကွယ်သွားသော လူနှစ်ဦးကို ကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်မိသည်။

ရှောင်ရှန်း၏ ဘယ်နေရာသွားသွား ကမ္ဘာပျက်အောင် လုပ်တတ်သည့် ဗီဇကြီးက တဖန်ပြန်၍ ထကြွလာတော့မည်ဟု သူမ ကြိုတင် ခံစားမိနေတော့သည်။

……

ရှောင်ရှန်းသည် စစ်စခန်းသို့ လေးကန်စွာ လျှောက်ပြန်လာခဲ့သည်။

နယ်စပ်ဒေသ၏ နေအရှိန်သည် ပူပြင်းလွန်းသဖြင့် သူ့ကို အလိုအလျောက်‌ ဒေါသဖြစ်စေသည်။ ကိုယ်ပေါ်တွင်လည်း “ရှိုးထုတ်ရန်” ဝတ်ဆင်ထားသည့် ပိုးထည်ဝတ်ရုံကြီး ရှိနေသဖြင့် တစ်ကိုယ်လုံး ချွေးများဖြင့် စိုစွတ်နေ၏။

“စိတ်ပျက်စရာကြီး၊ ပူလိုက်တာ”

သူသည် ညည်းတွားရင်း ဝတ်ရုံကို ဆွဲချွတ်လိုက်ကာ ထို့နောက် တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ သူ့နောက်မှ လိုက်ပါလာသော ကိုယ်ရံတော်တပ်မှူးထံ လှမ်းပစ်ပေးလိုက်သည်။

“ရော့ ယူသွား၊ ရှုပ်ရှုပ်ယှက်ယှက်”

ကိုယ်ရံတော်တပ်မှူးသည် ဝမ်းသာအားရဖြင့် လှမ်းယူကာ အမြန်ခေါက်သိမ်းလိုက်သည်။

ထိုစဉ် အဝေးက မျှော်စင်တစ်ခု၏ အရိပ်အောက်တွင် ရှိနေသော ယဲ့လင်းရွှမ်း၏ မျက်လုံးများမှာ ကျုံ့ဝင်သွားသည်။

သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤသည်မှာ အိမ်ရှေ့စံသည် သာမန်ဟု ထင်ရသော ထိုဝတ်ရုံကို အလွန်လျှို့ဝှက်ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားထံ လွှဲပြောင်းပေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုကိုယ်ရံတော်၏ လှုပ်ရှားမှုမှာလည်း အလွန် ကျွမ်းကျင်လှရာ အကြိမ်ကြိမ် လေ့ကျင့်ထားသည့်အတိုင်းပင်။

“ဒါဟာ လျှို့ဝှက်သတင်းစကားကို လက်ဆင့်ကမ်းတဲ့ အမှတ်အသားပဲ ဖြစ်ရမယ်”

ယဲ့လင်းရွှမ်း၏ စိတ်ထဲတွင် အခိုင်အမာ ဆုံးဖြတ်လိုက်တော့သည်။

“အဲဒီဝတ်ရုံထဲမှာ လူမသိသူမသိ လျှို့ဝှက်ချက်တွေ သေချာပေါက် ရှိနေရမယ်”

သူမသည် ဤအချက်ကို စိတ်ထဲတွင် မှတ်သားထားပြီး ဆက်လက် ချောင်းမြောင်းနေလိုက်သည်။

ဤသို့ဖြင့် စစ်တဲသို့ ပြန်ရောက်လာချိန် ရှောင်ရှန်းသည် အိပ်ရေးဝဝ ပြန်အိပ်ရန် ခုတင်ပေါ်သို့ လှဲချလိုက်သည်။ သို့သော် လှဲလိုက်သည်နှင့် အာခေါင်ခြောက်သွေ့နေသည်ကို ခံစားလိုက်ရသည်။

“လူရှိလား ရေငှဲ့ပေးစမ်း”

သူသည် အားမရှိဟန်ဖြင့် အော်ဟစ်လိုက်သည်။

စစ်သည်တစ်ဦးက ရေနွေးနွေးလေး တစ်ခွက်ကို အမြန် ယူဆောင်လာပေးသည်။ ရှောင်ရှန်းသည် ၎င်းကို လှမ်းယူလိုက်ပြီး သူ့နှုတ်ခမ်းသားနားသို့ ကပ်လိုက်သည်နှင့် ၊

“အား အိုင်ယိုး”

ရေသည် အရမ်းပူလွန်းနေ၏။

သူ့လက်များက တုန်ရီသွားပြီး ရေနွေးခွက်သည် လက်ထဲမှ လွတ်ကျကာ “ခလွမ်” ဟူသောအသံနှင့် အတူ မြေပြင်ပေါ်တွင် အပိုင်းပိုင်း ကွဲကြေသွားတော့သည်။

ပူလောင်နေသော ရေနွေးများသည် ခြောက်သွေ့နေသော မြေပြင်ပေါ်သို့ ဖိတ်စင်သွားပြီး ဖုန်မှုန့်များထဲသို့ လျင်မြန်စွာ စိမ့်ဝင်ကာ ပုံသဏ္ဌာန်မမှန်သော ရေကွက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ယဲ့လင်းရွှမ်းသည် စစ်တဲ၏ အခြားတစ်ဖက်သို့ တိတ်တဆိတ် လှည့်ပတ်သွားပြီး စစ်တဲအတွင်းရှိ အပေါက်များမှတစ်ဆင့် ဤမြင်ကွင်းကို အတိုင်းသား မြင်လိုက်ရသည်။

သူမသည် မျက်မှောင်ကြုတ်ကာ မြေပြင်ပေါ်က ရေကွက်ကို စိုက်ကြည့်နေမိသည်။

ထိုပုံစံမှာ... စစချင်းကြည့်လိုက်ရင် ရှုပ်ထွေးပွေလီနေသော်လည်း အသေအချာ ကြည့်လိုက်ပါက အနက်အမျိုးမျိုး ရှိသည့် အမှတ်အသားများဖြင့် တောတောင်ရေမြေ တစ်နေရာရာကို ပုံဖော်ထားသည့်အလား။

ထို့အပြင် ကွဲအက်သွားသော ကြွေထည်အပိုင်းအစများ ကျရောက်ရာ နေရာများမှာလည်း အစီအစဉ်တကျ ရှိနေသလိုပင်။

“ဒါ လျှို့ဝှက်သင်္ကေတများလား”

ယဲ့လင်းရွှမ်းမှာ တအံ့တဩဖြစ်သွားသည်။

“သူက ဒီနည်းလမ်းနဲ့ အပြင်ဘက်က သူ့အပေါင်းအပါတွေကို နောက်ထပ် လှုပ်ရှားမှုအတွက် ညွှန်ကြားချက် ပေးနေတာလား”

ဤသည်က ဖြစ်နိုင်ချေရှိသည်ဟု တွေးမိကာ ကျောပြင်တွင် ချွေးစေးများပင် ပြန်လာသည်။

ဤလူ၏ အလုပ်လုပ်ပုံသည် အကွက်စေ့လွန်းလှသည်။

‘လက်ချော်ပြီး ခွက်ကျကွဲတာတောင်မှ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေသတဲ့လား....’

သူမ ရင်တထိတ်ထိတ် ဖြစ်နေစဉ်မှာပင် ၊ ချင်ချန်းသည် စစ်တဲထဲသို့ ခြေလှမ်းကျဲကျဲနဲ့ ဝင်ရောက်လာခဲ့သည်။

“အရှင့်သား”

ချင်ချန်းသည် ဦးညွှတ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်တော်မျိုး စစ်ပွဲအပြီး နာရေးထောက်ပံ့မှုနဲ့ စစ်မှုထမ်းဆုလာဘ်တွေအတွက် ပဏာမ အစီအစဉ်ကို ရေးဆွဲပြီးပါပြီ၊ အရှင့်သား ကြည့်ရှုစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်”

ရှောင်ရှန်းသည် ခုနလေးကတင် လျှာအပူလောင်ထားပြီး

ကောင်းကောင်း မအိပ်ရသေးသဖြင့် စိတ်တိုနေခဲ့သည်ဖြစ်ရာ သူသည် စိတ်မရှည်စွာဖြင့် လက်ခါပြလိုက်သည်။

“ ကျုပ် သိပြီ သိပြီ၊ ဒီကိစ္စတွေကို စစ်သူကြီးချင်ပဲ ကြည့်လုပ်လိုက်တော့၊ ခင်ဗျားက ကျွမ်းကျင်သူတစ်ယောက်ပဲလေ... ငါ ကိုယ်တော် ပင်ပန်းလို့ နားတော့မယ်၊ လာမရှုပ်နဲ့တော့”

ချင်ချန်းမှာ ကြောင်အမ်းသွားပြီးနောက် ပြုံးလိုက်မိသည်။ သူသည် ဤအိမ်ရှေ့စံ၏ အလုပ်လုပ်ပုံကို ကျင့်သားရနေပြီ ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် သူ့ကို စမ်းသပ်နေပြီး အာဏာလွှဲအပ်ပေးနေခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့ ယုံကြည်ထား၏။

“ကျွန်တော်မျိုး နားလည်ပါပြီ”

ချင်ချန်းသည် ခေါင်းညိတ်ပြလိုက်ပြီး စာရွက်စာတမ်းများကို ကိုင်ကာ လှည့်ထွက်သွားတော့သည်။

‘မျှော်လင့်ထားတဲ့အတိုင်းပဲ ၊ စစ်တပ်ထဲမှာ သြဇာအရှိဆုံး၊ စစ်အင်အားအပြည့် ကိုင်ဆောင်ထားတဲ့ စစ်သူကြီးချင်တောင် သူ့ရှေ့မှာ အဲ့လောက်အထိ ရိုရိုသေသေနဲ့ နာခံနေရတာပဲ’

‘သူကတော့ လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ သောင်းနဲ့ချီတဲ့စစ်သည်တွေရဲ့ ကိစ္စတွေကို ဆုံးဖြတ်နေခဲ့တာပဲ’

‘ဒါဘယ်ကလာ လူ့ငပျင်းဖြစ်မှာတုန်း ၊ ဒါက အရာအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လက်မည်းကြီးပဲ’

All Chapters