အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း(၁၁၂)
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုသည် ယဲ့လင်းရွှမ်း၏ ခေါင်းထဲတွင် တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။
‘ ရှောင်ရှန်း ဒီလူက အမှိုက်တစ်ယောက်လို ဟန်ဆောင်ထားတဲ့ ပရိယာယ်သမားကြီးပဲ ၊ သူက လက်အောက်ငယ်သားတွေရဲ့ စစ်ရေးဂုဏ်သတင်းကို ခိုးယူပြီး စစ်သူကြီးကို ကြိုးကိုင်တယ်၊ ပြီးတော့ မိစ္ဆာဂိုဏ်းတွေနဲ့ ပူးပေါင်းတယ်၊ သူရဲ့ “ကံကောင်းလို့ ဖြစ်သွားတာ” ဆိုတဲ့ အောင်မြင်မှုတွေဟာလည်း သူ သေချာ အကွက်ချထားတဲ့ ကြံစည်မှုတွေပဲ’
‘ အဲဒီ “စကားတစ်ခွန်းတည်းနဲ့ မိစ္ဆာနတ်ဘုရားကို နှင်ထုတ်တယ်” ဆိုတဲ့ ဒဏ္ဍာရီကလည်း သူနဲ့ အဲဒီမိစ္ဆာနတ်ဘုရားတို့ ပူးပေါင်းပြီး ကပြခဲ့တဲ့ ပြဇာတ်တစ်ခုပဲ ဖြစ်ရမယ်’
စူးဝမ်ချင်သည် ယဲ့လင်းရွှမ်းကို လာရှာချိန်တွင် သူမသည် ရှောင်ရှန်း၏ စစ်တဲကို ရှုပ်ထွေးသော ခံစားချက်များဖြင့် လေးနက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ယဲ့မိန်းကလေး၊ မင်း အိမ်ရှေ့စံမင်းသားအပေါ် တစ်စုံတစ်ခု အထင်လွဲနေတာများ ရှိမလား”
စူးဝမ်ချင်က နူးညံ့စွာ မေးလိုက်သည်။
ယဲ့လင်းရွှမ်း က ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်သည်။
“စူးမိန်းကလေး၊ မင်းက အိမ်ရှေ့စံဘေးမှာ အမြဲရှိနေတာပဲ၊ မူမမှန်တာ တစ်ခုခု မတွေ့မိဘူးလား”
“အရှင့်သားက…… စရိုက်လေး နည်းနည်း ပျင်းရုံပါ”
“ပျင်းတာ ဟုတ်လား”
ယဲ့လင်းရွှမ်းက အေးစက်စွာ ရယ်မောလိုက်သည်။
“ဒီလောကမှာ စစ်သူကြီးချင်ကိုတောင် အညံ့ခံအောင် လုပ်နိုင်တဲ့ ငပျင်းလိုလူ ရှိပါ့မလား စူးမိန်းကလေး၊ မင်းလည်း သူ့ရဲ့ အန္တရာယ်မရှိတဲ့ အသွင်အပြင်ကြောင့် အရူးလုပ်ခံလိုက်ရတာလား ဒါမှမဟုတ်ရင်……”
သူမ စကားကို အဆုံးထိ မပြောသော်လည်း ထိုသံသယရှိသော မျက်ဝန်းများကမူ စူးဝမ်ချင်ကိုလည်း ရှောင်ရှန်း၏ အပေါင်းအပါဟု ထင်မြင်နေကြောင်း ပြသနေသည်။
စူးဝမ်ချင်ခမျာ ဆွံ့အသွားရတော့သည်။ မည်သည့် ရှင်းပြချက်မဆို ဤအချိန်တွင် အသုံးဝင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် အဓိကဇာတ်ဆောင် ရှောင်ရှန်းသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိသွားသည်။
သူ၏ “ငပျင်းတစ်ကောင်၏ ကံတရား” တွင် ပါဝင်သော အန္တရာယ်ကို ရှောင်ရှားနိုင်သည့် ဗီဇအရ တစ်စုံတစ်ရာက သူ့အား စိုက်ကြည့်နေသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားသည်။
သူ အနည်းငယ် အာရုံစိုက်လိုက်သည်နှင့် တဲအပြင်ဘက်တွင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေသည့် စိမ်းပြာရောင် ဝတ်စုံဖြင့် ပုံရိပ်တစ်ခုကို တွေ့ရှိသွားခဲ့သည်။
“ဟေး၊ ဒီကောင်မလေး မပြန်သေးဘူးပဲ”
ရှောင်ရှန်းသည် မကြောက်သည့်အပြင် ရယ်စရာကောင်းသည်ဟုပင် ခံစားလိုက်ရသည်။
သူသည် မျက်လုံးများကို ကစားလိုက်ပြီး “နန်းချခံရရေး” စီမံကိန်းကြီးကို အရှိန်မြင့်တင်နိုင်မည့် အကြံကောင်းတစ်ခု ခေါင်းထဲတွင် ပေါ်ထွက်လာသည်။
‘မင်းတို့အားလုံးက ငါ့ကို အကွက်စေ့တယ်လို့ ထင်နေကြတော့လည်း ဒါဆို ငါကိုယ်တော်ကလည်း မင်းတို့အတွက် သရုပ်ဆောင်ပြရတာပေါ့’
ထို့နောက်တွင် ယဲ့လင်းရွှမ်းမှာ ပို၍ မယုံနိုင်စရာကောင်းသော မြင်ကွင်းများကို မြင်တွေ့လိုက်ရတော့သည်။
ရှောင်ရှန်းသည် လူမရှိသော နံရံထောင့်ကို ကြည့်ကာ တစ်ယောက်တည်း စကားပြောနေပြီး သူ၏မျက်နှာအမူအရာက တစ်ခါတရံ ရက်စက်ကြမ်းကြုတ်ကာ တစ်ခါတရံတွင်မူ အောင်နိုင်သူပမာ ဖြစ်နေသည်။
(အမှန်တွင် သူသည် နန်းတော်သို့ ပြန်ရောက်ပါက မိမိကိုယ်ကိုယ် နန်းချခံရအောင် မည်သို့ ပြစ်တင်ရှုတ်ချရမည်ကို တွေးတောနေခြင်းသာ ဖြစ်သည်)
ယဲ့လင်းရွှမ်း -- “သူက လျှို့ဝှက်နည်းလမ်းသုံးပြီး မမြင်ရတဲ့ အပေါင်းအပါတွေနဲ့ ဆက်သွယ်နေတာပဲ”
ထို့နောက် ရှောင်ရှန်းသည် စစ်မြေပြင်မြေပုံတစ်ခုကို ဖြန့်လိုက်ပြီး စုတ်တံဖြင့် ၎င်းအပေါ်တွင် လျှောက်ခြစ်နေ၏။
(အမှန်အားဖြင့် မြေပုံပေါ်ရှိ တောင်တန်းများသည် လိပ်တစ်ကောင်နှင့် တူနေသည်ဟု ထင်သဖြင့် လိပ်ခေါင်းနှင့် ခြေလက်များကို လျှောက်ဆွဲနေခြင်းသာ ဖြစ်သည်)
ယဲ့လင်းရွှမ်း --- “သူ နောက်ထပ် အကွက်ချနေပြီပဲ၊ အဲဒီပုံစံက…တစ်ခုခုရဲ့ မန္တန်အစီအရင်လား”
ယဲ့လင်းရွှမ်းမှာ ကြည့်လေ ပို၍ ထိတ်လန့်လေ ဖြစ်လာပြီး မိမိသည် သာရှမင်းဆက်တစ်ခုလုံးကို ပြိုလဲစေနိုင်သော ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်နေမိပြီဟု ခံစားလိုက်ရသည်။
ဤအိမ်ရှေ့စံမင်းသားသည် အလင်းရောင်အောက်တွင် ပုန်းအောင်းနေသော၊ လောကတွင် ရှားမှရှားသည့် နတ်ဆိုးကြီးတစ်ကောင်သာ ဖြစ်ပေသည်။
သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အကြည့်များက ပြတ်သားလွန်းသည်။
သူမသည် တစ်ချက်တည်းနဲ့ အလဲထိုးနှက်နိုင်မည့် သက်သေအခိုင်အမာကို ရှာဖွေပြီး သူ၏ စစ်မှန်သော သရုပ်မှန်ကို လောကသိအောင် ချပြပေတော့မည်။
အခွင့်အရေးကလည်း မကြာခင်မှာပင် ရောက်ရှိလာခဲ့သည်။
သန်းခေါင်ယံအချိန်တွင် စစ်မြေပြင်ကို ရှင်းလင်းရေးလုပ်သည့် စစ်သည်တစ်စုသည် သေဆုံးနေသော လူရိုင်းမျိုးနွယ်စု စစ်ပြေးတစ်ဦး၏ အလောင်းပေါ်မှ ဆီစိမ်စက္ကူဖြင့် ပတ်ထားသော လျှို့ဝှက်စာတစ်စောင်ကို ရှာဖွေတွေ့ရှိခဲ့သည်။
စာကို ချင်ချန်းထံသို့ အရေးပေါ် ပေးပို့ခဲ့ပြီး အမှန်တရားကို သိလိုနေသည့် ယဲ့လင်းရွှမ်းသည်လည်း မိမိ၏ နည်းလမ်းများဖြင့် ထိုသတင်းကို ချက်ချင်း ရရှိခဲ့သည်။
သူမသည် ချင်ချန်း၏ စာကြည့်ဆောင်အပြင်ဘက်မှ တိတ်တဆိတ် ချဉ်းကပ်ကာ အတွင်းမှ စကားပြောသံများကို ခိုးနားထောင်လိုက်သည်။
“ဒီစာက အတုပဲ ၊ လူရိုင်းတွေက ငါတို့ရဲ့ အာရုံကို လှည့်စားဖို့ လုပ်ထားတဲ့ ပရိယာယ်ပဲ ဖြစ်ရမယ်”
ချင်ချန်း၏ အသံ ထွက်ပေါ်လာသည်။
“အတုဆိုပေမယ့် စာထဲမှာ ပါတဲ့ အချက်အလက်အချို့ကိုတော့ သတိထားဖို့ လိုအပ်တယ်”
လက်ထောက်စစ်သူကြီးက ဝင်ပြောလိုက်သည်။
“ဒီမှာ ‘အတွင်းလူ’ အကြောင်း ဖော်ပြထားတယ်၊ ပြီးတော့ ‘မီးတောက်အမှတ်အသား’ တစ်ခုလည်း ဆွဲထားသေးတယ်၊ နောက်ဆုံး…… ‘အိမ်ရှေ့စံမင်းသား’ ဆီကို ညွှန်ပြနေတယ်”
အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ပြတင်းပေါက်အပြင်ဘက်ရှိ ယဲ့လင်းရွှမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တင်းမာသွားပြီး နှလုံးခုန်သံများပင် မြန်ဆန်လာခဲ့၏။
အတွင်းလူ ၊ မီးတောက်အမှတ်အသား ၊ အိမ်ရှေ့စံမင်းသား....
သဲလွန်စအားလုံးသည် ဤအခိုက်အတန့်တွင် ဆက်စပ်သွားခဲ့ချေပြီ။
သူမ၏ အမြင်တွင်၊ ဤအရာသည် အတုအယောင် သတင်းအချက်အလက် လုံးဝမဟုတ်ဘဲ လူရိုင်းမျိုးနွယ်စုများ စစ်ရှုံးပြီး မဖျက်ဆီးလိုက်ရသည့် တကယ့် သက်သေအစစ်အမှန်သာ ဖြစ်သည်။
ယဲ့လင်းရွှမ်းသည် တိတ်တဆိတ် နောက်ဆုတ်သွားပြီး သူမ၏ မျက်ဝန်းများက ပြတ်သားသော အလင်းတန်းများဖြင့် တောက်ပနေသည်။
သူမသည် ရတနာတစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး နတ်ဆိုးဘုရင်၏ အမြီးကို ဆွဲကိုင်မိလိုက်ပြီဟု ယူဆလိုက်တော့သည်။
“ ငါ ထင်ထားသလိုပဲ ရှောင်ရှန်း၊ ဒီတစ်ကြိမ်တော့ မင်း ဘယ်လို ဆင်ခြေပေးမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်”