အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း(၁၁၃) - ရှောင်ရှန်း၏ “ပြီးပြည့်စုံသော” အလီဘိုင်
ဗဟိုကွပ်ကဲရေး စစ်တဲအတွင်း ချင်ချန်းသည် ကြီးမားလှသော သဲမြေပုံကို မျက်နှာမူလျက် လူရိုင်းမျိုးနွယ်စု၏ လက်ကျန်တပ်ဖွဲ့များကို လိုက်လံချေမှုန်းရန် ဖြစ်နိုင်ခြေအမျိုးမျိုးကို တွက်ချက်နေသည်။
အဆောင်အပြင်ဘက်ရှိ ကိုယ်ရံတော်၏ သတင်းပေးပို့မှုကြောင့် သူသည် ခေါင်းမော့ကြည့်လိုက်ရာ ယဲ့လင်းရွှမ်း၏ အေးစက်စက် မျက်နှာအမူအရာကို မြင်လိုက်ရသည်။
“ယဲ့မိန်းကလေး၊ ဘာအရေးကြီးကိစ္စရှိလို့လဲ”
ချင်ချန်းသည် တစ်ကိုယ်တည်း လောကအနှံ့ လှည့်လည်သွားလာနေသည့် ဤသူရဲကောင်းမယ်အပေါ် လေးစားမှုအချို့ ရှိပြီး ၊ သူ၏ လေသံမှာ ယဉ်ကျေးပျော့ပျောင်းနေဆဲ ဖြစ်သည်။
ယဲ့လင်းရွှမ်းက ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။
“စစ်သူကြီးချင်၊ ကျွန်မမှာ အရေးတကြီးသတင်း တင်ပြစရာရှိလို့ပါ...ကျွန်မ သံသယရှိတာကတော့ အိမ်ရှေ့စံ ရှောင်ရှန်းဟာ လူရိုင်းမျိုးနွယ်စုရဲ့ အတွင်းလူ ဖြစ်နေတာပဲ”
“ အတင့်ရဲလိုက်တာ”
ချင်ချန်း၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများက ဝုန်းခနဲ ထွက်ပေါ်လာသည်။
စစ်တဲတစ်ခုလုံး၏ အပူချိန်မှာလည်း တစ်ခဏချင်း ရေခဲမှတ်အောက် ကျဆင်းသွားသကဲ့သို့ ခံစားရစေသည်။
သူသည် ရှောင်ရှန်း၏ ပျင်းရိခြင်းကို သည်းခံနိုင်သည်။ သူ၏ သောင်းကျန်းမှုကိုလည်း သည်းခံနိုင်သည်။ သို့သော် တော်ဝင်မျိုးနွယ်စုကို သစ္စာဖောက်များအဖြစ် အသရေဖျက်သည်ကိုတော့ သူ လုံးဝ လက်ခံမည်မဟုတ်။
ယဲ့လင်းရွှမ်းသည် တောင်တန်းကြီးပမာ လေးလံသော ဖိအားများကို ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် နောက်မဆုတ်ဘဲ ဆက်ပြောလေသည်။
“စစ်သူကြီး အမျက်မထွက်ပါနဲ့၊ ကျွန်မက အကြောင်းမဲ့ စွပ်စွဲနေတာမဟုတ်ပါဘူး ၊ ကျွန်မမှာ သက်သေရှိလို့ပါ”
သူမသည် ဖုန်းရှာမြို့ငယ်လေးတွင် ရှောင်ရှန်းနှင့် ဆုံတွေ့ခဲ့ပုံမှစ၍ နောက်ပိုင်း လေ့လာတွေ့ရှိခဲ့ရသမျှကို တစ်ခုချင်းစီ ရှင်းပြလေတော့သည်။
“ပထမအချက်ကတော့ ဒီပစ္စည်းပါပဲ”
သူမသည် လက်ဖဝါးကို ဖြန့်လိုက်ရာ မီးတောက်အမှတ်အသား ထုဆစ်ထားသည့် အနက်ရောင် သံပြားတံဆိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါက ကျွန်မတို့ ဂိုဏ်းက အကြီးအကဲ ပျောက်ဆုံးသွားတဲ့ အမှုကို စုံစမ်းဖို့ အရေးကြီးတဲ့ သက်သေပဲ၊ ဒါဟာ လူရိုင်းတွေရဲ့ နောက်ကွယ်က မိစ္ဆာအင်အားစုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာ”
“ သိုငိးလောကထဲမှာ ဒီအရာကို သိတဲ့သူ အလွန်ရှားတယ် ဒါပေမယ့် အိမ်ရှေ့စံမင်းသားက ဒါကို မြင်မြင်ချင်း ‘မျက်လှည့်အဖွဲ့’ လို့ ပါးစပ်က လွှတ်ခနဲ ပြောလိုက်တယ်၊ သူ ဒါကို သေသေချာချာ သိပေမယ့် စကားကို ပေါ့ပေါ့တန်တန် ပြောပြီး တမင်သက်သက် ဖုံးကွယ်ခဲ့တယ်”
“ဒုတိယအချက်ကတော့ လျှို့ဝှက်စာ ပေးပို့တာပဲ”
ယဲ့လင်းရွှမ်း၏ စကားပြောနှုန်းမှာ မြန်ဆန်လာပြီး အချက်အလက်များကို တစ်ချက်ပြီးတစ်ချက် ရှင်းပြလေတော့၏။
“စစ်စခန်းကို ပြန်လာတဲ့ လမ်းမှာ သူက ပူတယ်ဆိုပြီး ဝတ်ရုံကို ချွတ်လိုက်တယ်”
“ ပုံမှန်အတိုင်း ကိုယ်ရံတော်ဆီ ပစ်ပေးလိုက်သလို ထင်ရပေမယ့် တကယ်တော့ သူ့ရဲ့လှုပ်ရှားမှုက အရမ်းမြန်ပြီး အလွန်လျှို့ဝှက်တယ် ၊ အဲဒီကိုယ်ရံတော် လှမ်းယူတဲ့ ပုံစံကလည်း သာမန်မဟုတ်ဘူး၊ အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ လျှို့ဝှက်အချက်ပြမှုပဲ ၊ ဝတ်ရုံထဲမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာ သေချာတယ်”
“တတိယအချက်ကတော့ မြေပုံဆွဲတာပဲ”
သူမ၏ အသံသည် ပို၍ပင် ခိုင်မာလာခဲ့သည်။
“စစ်တဲကို ပြန်ရောက်တော့ သူက တမင်သက်သက် ရေနွေးခွက်ကို လွှတ်ချလိုက်တယ်၊ ရေနွေးတွေက မြေပြင်ပေါ်မှာ ဖိတ်ကျသွားပြီး ကြွေထည်အပိုင်းအစတွေ ပြန့်ကျဲနေတာလည်း အလွန်ဆန်းကြယ်တယ်”
“ ကျွန်မ အပြင်ကနေ ချောင်းကြည့်တော့ အဲဒီရေကွက်နဲ့ ကြွေစတွေဟာ စစ်တပ်ရဲ့ ရိက္ခာဂိုဒေါင်နဲ့ အဓိက ရေအရင်းအမြစ် နေရာတွေကို ညွှန်ပြနေတဲ့ မြေမျက်နှာသွင်ပြင် မြေပုံတစ်ခုကို ပုံဖော်ထားမှန်း တွေ့လိုက်ရတယ်”
ဘေးလူတစ်ယောက်၏ အမြင်ဖြင့် နားထောင်ကြည့်ပါက ၊ ဖြစ်ရပ်တစ်ခုချင်းစီတိုင်းမှာ အမှန်တကယ်ပင် အကွက်စေ့လွန်းပြီး အချက်အလက်များက အတော်လေးခိုင်မာနေ၏။
ချင်ချန်း၏ စိတ်ထဲက ဒေါသများသည် တဖြည်းဖြည်းနှင့် လေးနက်မှုများအဖြစ် ပြောင်းလဲသွားသည်။
သူသည် ရှောင်ရှန်းကို အတွင်းလူဟု တစ်စက်ကလေးမှ အယုံအကြည်မရှိပေ။
‘ဒီကောင်က လမ်းလျှောက်ဖို့တောင် ပျင်းနေတာ၊ ဒီလောက် ရှုပ်ထွေးလှတဲ့ ကြံစည်မှုတွေကို လုပ်ဖို့ ဘယ်ကနေ အင်အားရှိပါ့မလဲ’
သို့သော် ယဲ့လင်းရွှမ်း ပြောသည့် အချက်အလက်များက ခိုင်မာလွန်းပြီး “သက်သေ” တစ်ခုချင်းစီက ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ချေကို ညွှန်ပြနေသည်။
ထိုအချိန်မှာပင် စူးဝမ်ချင်သည် လိုက်ကာကို လှန်ကာ အထဲသို့ ဝင်ရောက်လာခဲ့သည်။
“စစ်သူကြီး၊ ယဲ့မိန်းကလေး”
သူမသည် ဦးစွာ ဂါရဝပြုလိုက်ပြီးနောက် ယဲ့လင်းရွှမ်းကို ကြည့်လိုက်သည်။
“ယဲ့မိန်းကလေး ပြောတာတွေကို ကျွန်မ သဘောမတူနိုင်ဘူး”
“စူးမိန်းကလေး၊ မင်းက ဘယ်လို ချေပချင်လို့လဲ”
ယဲ့လင်းရွှမ်းက ပြန်မေးလိုက်သည်။
စူးဝမ်ချင်သည် သဲမြေပုံနားသို့ လျှောက်သွားပြီး တည်ငြိမ်သော လေသံဖြင့် တစ်ချက်ချင်းစီ တုံ့ပြန်လေသည် ။
“တံဆိပ်နဲ့ ပတ်သက်ရင်တော့ အရှင့်သားရဲ့ စရိုက်အရ သူ မသိတဲ့ ဆန်းဆန်းပြားပြား အရာတွေကို မြင်ရင် ‘မျက်လှည့်အဖွဲ့’ တို့ ‘အမှိုက်စုတ်’ တို့လို့ ပါးစပ်ထဲ ရှိရာ လျှောက်ပြောတတ်တာ သာမန်ပါပဲ၊ သူသာ တကယ်ပဲ ဒီအရာနဲ့ ပတ်သက်နေရင် မင်းရဲ့ရှေ့မှာ ဘာလို့ အဖြစ်မှန်ကို ဘူးပေါ် အောင် လုပ်ပါ့မလဲ”
“ဝတ်ရုံကိစ္စကရော...”
စူးဝမ်ချင်သည် ပြုံးလိုက်သည်။
“အဲဒီဝတ်ရုံက ပိုးထည်နဲ့ လုပ်ထားတာ၊ နယ်စပ်က နေရောင်ကလည်း ပြင်းတော့ အရှင့်သား လမ်းလျှောက်ရင်း ပူလာလို့ ဝတ်ရုံကို ချွတ်ပြီး ကိုယ်ရံတော်ဆီ ပစ်ပေးတာ ဘာမှားလို့လဲ ၊ အဲဒီကိုယ်ရံတော်ကလည်း အရှင့်သားရဲ့ တန်ဖိုးကြီးပစ္စည်း ဖုန်ပေသွားမှာ စိုးလို့သာ ဂရုတစိုက်နဲ့ လှမ်းယူလိုက်တာပါ”
“အရယ်ရဆုံးကတော့ အဲဒီရေနွေးခွက်ပဲ”
စူးဝမ်ချင်သည် သက်ပြင်းချရင်း ယဲ့လင်းရွှမ်းကို ကြည့်လိုက်သည်။
“အဲဒီရေနွေးက အသစ်ဖျော်ထားတာမို့ အရမ်းပူတယ်၊ အရှင့်သားက လက်အပူလောင်လို့ မတော်တဆ လွတ်ကျကွဲသွားတာ သဘာဝကျပါတယ် ၊ ယဲ့မိန်းကလေးက ရေကွက်တစ်ခုနဲ့ ကြွေအပိုင်းအစတွေကို ကြည့်ပြီး မြေပုံတစ်ခုအထိ မြင်နိုင်ခဲ့တာဆိုတော့ ဒီလောက်ထိ စိတ်ကူးယဉ်နိုင်စွမ်းကောင်းတာ၊ ပုံပြောဆရာ သွားမလုပ်တာ နှမြောစရာပဲ”
“မင်း……”
ယဲ့လင်းရွှမ်းမှာ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသော်လည်း ခိုင်လုံသော ချေပချက်ကို ရှာမတွေ့တော့ပေ။
“တိုက်ဆိုင်တာလား ဒါတွေ အားလုံးက တိုက်ဆိုင်မှုသက်သက်ပဲလား”
ယဲ့လင်းရွှမ်းက မကျေမနပ်ဖြင့် ထပ်မေးသည်။
“လောကကြီးမှာ အရာအတော်များများက တိုက်ဆိုင်မှုတွေပါပဲ”
စူးဝမ်ချင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ချင်ချန်းမှာ သူမတို့နှစ်ဦး၏ အငြင်းပွားမှုကို နားထောင်ရင်း ခေါင်းနှစ်ခြမ်း ကွဲမတတ် ခံစားလိုက်ရသည်။ သူသည် နားထင်ကို နှိပ်နယ်ရင်း လေးနက်စွာဖြင့် ဝင်ပြောလိုက်သည်။
“ဒီကိစ္စက အလွန်အရေးကြီးတယ် ၊ စကားသက်သက်နဲ့တော့ မရဘူး၊ အမှန်အကန် သက်သေပြနိုင်ဖို့……ငါတို့ အိမ်ရှေ့စံမင်းသားကို ဒီကို ခေါ်ပြီး မေးမြန်းကြည့်တာ အကောင်းဆုံးပဲ”
……
တစ်ချိန်တည်းမှာပင် ၊ မိုင်ပေါင်းများစွာအကွာ မြက်ခင်းပြင်တွင် လူရိုင်းမျိုးနွယ်စု၏ လက်ရွေးစင် တပ်ဖွဲ့ငယ်တစ်ခုသည် ညမှောင်ရိပ်ကို အကာအကွယ်ယူကာ တစ္ဆေများပမာ တိတ်တဆိတ် ပြန်လည် ထိုးဖောက်ဝင်ရောက်လာသည်။
ခေါင်းဆောင်ဖြစ်သူမှာ ခါးကုန်းကုန်းနှင့် လူတစ်ယောက်ဖြစ်ပြီး ၊ မျက်နှာပေါ်တွင် ထူးဆန်းသော ဆေးရောင်စုံများကို သုတ်လိမ်းထားကာ မျက်လုံးများက အမှောင်ထဲတွင် မြွေဟောက်တစ်ကောင်ကဲ့သို့ အဆိပ်အတောက် အရောင်များဖြင့် တောက်ပနေသည်။
သူသည် လူရိုင်းမျိုးနွယ်စု နတ်ဆရာကြီး၏ လက်အောက်တွင် အဆိပ်အတတ် အကျွမ်းကျင်ဆုံး တပည့်ဖြစ်ပြီး အမည်ဝှက်မှာ “ကင်းမြီးကောက်အမြီး” ဖြစ်သည်။
သွေးဘိုးဘေး၏ ကိုယ်ပွား ဖျက်ဆီးခံရပြီး တပ်တစ်ခုလုံး ရှုံးနိမ့်သွားသော်လည်း သူသည် မကျေနပ်နိုင်သေးပေ။ သူ၏ အကျွမ်းကျင်ဆုံးသော နည်းလမ်းများကို အသုံးပြုကာ သွေးဘိုးဘေးနှင့် သူ၏ ဆရာအတွက် ကလဲ့စားချေရန် ရောက်လာခြင်းပင် ဖြစ်သည်။
သူ၏ပန်းတိုင်မှာ ဟွမ်ဖုန်းခံတပ်၏ အသက်သွေးကြောဖြစ်သော ရေတွင်း နှင့် ရိက္ခာဂိုဒေါင်ပင် ဖြစ်သည်။
သူသည် ကင်းသမားများနှင့် ကင်းစခန်းများကို တိတ်တဆိတ် ကျော်ဖြတ်လာကာ မကြာမီမှာပင် စစ်စခန်းရှိ အတော်အတန် လူပြတ်သော ရေတွင်းတစ်တွင်းဘေးသို့ ရောက်ရှိလာခဲ့သည်။
သူသည် ရင်ဘတ်ထဲမှာ သားရေအိတ်တစ်အိတ်ကို ထုတ်ယူပြီး အရောင်အဆင်း အနံ့အသက်မရှိသော အရည်များကို ရေတွင်းထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။ အားလုံးပြီးစီးသွားသောအခါ သူသည် အေးစက်စွာ ပြုံးလိုက်ပြီး မလှမ်းမကမ်းရှိ ရိက္ခာဂိုဒေါင်ဘက်သို့ တိတ်တဆိတ် ဦးတည်သွားတော့သည်။
……