အခန်း ၂၇၉၁
Vol. 220 Ch. 2791
အခန်း(၂၇၉၁)
“ဖီးနစ်ငှက် အသိုက်အမြုံကို လက်ရဲဇက်ရဲ လာထိတဲ့သူမှန်သမျှ သေဖို့သာ ပြင်ထားပေတော့”
ရုတ်တရက် ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် မီးလျှံကြောင့် အားလုံး တုန်လှုပ်နေစဥ်မှာပင် အေးစက်စက်ကြုံးဝါးသံ တစ်သံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အရှည် ပေတစ်ရာခန့် ရှိသည့် ဖီးနစ်ငှက်တစ်ကောင်သည် လူတိုင်း၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာခဲ့၏။
ထိုဖီးနစ်ငှက်၏ တစ်ကိုယ်လုံးသည် အနက်ရောင်မီးလျှံများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ပုံမှန်ထက် ထူးခြားစွာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ ဖိအားများသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
လှိုင်းတံပိုးလို လိမ့်တက်လာသည့် အရှိန်အဝါကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးပင် တုန်ခါသွားခဲ့သည်။
ကျန်းချန်တို့ လူစုပင်လျှင် ထိုဖီးနစ်ငှက် ဆီမှ ထွက်ပေါ်လာသည့် အရှိန်အဝါဖိအားအောက်တွင် အသက်ရှူရ ခက်ခဲသလို ခံစားလိုက်ရ၏။
သူတို့က ထိုဖီးနစ်ငှက်ကို မျက်လုံးမလွှဲစတမ်း ကြည့်နေခဲ့သည်။
သူတို့ရှေ့မှ ဖီးနစ်ငှက်သည် အသိစိတ် ရှိရုံတင်မက အရှိန်အဝါသည်လည်း ကောင်းကင်အင်မော်တယ်အဆင့်ထက် အပြတ်အသတ် သာလွန်နေခဲ့၏။
ယင်းကြောင့် ထိုဖီးနစ်ငှက်သည် ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိနေသည့် ဖီးနစ်ငှက် ဆိုသည်မှာ သေချာသလောက်ရှိနေခဲ့သည်။
“အားလုံးပဲ သတိထားကြ.. ဒါက ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်ပဲ.. ဒီဖီးနစ်ငှက်က ရင်ဆိုင်ရ အရမ်းခက်ခဲလိမ့်မယ်.. ငါတို့အားလုံး ပူးပေါင်းပြီး တိုက်ကြရအောင်”
လော့ကျင်းလင်က စကားဆုံးသည်နှင့် ဖီးနစ်ငှက်ကို အရင်ဆုံး စတင် တိုက်ခိုက်လိုက်သည်။
“သေစမ်း”
ဖီးနစ်ငှက်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ အနက်ရောင်မီးလျှံကို ထုတ်ဖော်လိုက်သည်။
ထိုမီးလျှံသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ဟင်းလင်းပြင်ကို လောင်ကျွမ်းစေကာ အလင်းရောင်များကိုပင် လောင်ကျွမ်းပစ်နိုင်စွမ်း ရှိပုံရ၏။
ထိုခဏတွင် ပတ်ဝန်းကျင်ဟင်းလင်းပြင် တစ်ခုလုံးသည် ထူးဆန်းသော အမှောင်ထုထဲ ကျရောက်သွားခဲ့သည်။
အမှောင်ထုထဲမှ စူးရှသော အအေးဓာတ်သည် ဤနေရာရှိ လူတိုင်းကို သက်ရောက်သွားခဲ့ပြီး လူငယ်ပါရမီရှင် အများစု၏ မျက်နှာများသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့ကြသည်။
“ဝုန်း..”
ဖီးနစ်ငှက်က သူ၏ ကြီးမားသော ဖီးနစ်ခြေသည်းများကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံ တစ်ခုလုံး ဖုံးလွှမ်းနိုင်လောက်သည့် အနက်ရောင်မီးလျှံများကို ထုတ်ဖော်ကာ လော့ကျင်းလင်ကို တိုက်ခိုက်လိုက်သည်။
လော့ကျင်းလင်က ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်ကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှု လုံးဝမရှိခဲ့ပေ။
သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အင်မော်တယ်စွမ်းအားများကို မိုးကြိုးဓားအလင်းများ အဖြစ် ပြောင်းလဲကာ အနက်ရောင်မီးလျှံများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
“ဝုန်း..”
ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
အကယ်၍ ဖီးနစ်ငှက် အသိုက်အမြုံကိုသာ ထူးခြားသော ပစ္စည်းများနှင့် ပြုလုပ်ထားခြင်း မဟုတ်လျှင် ဤတိုက်ခိုက်မှုသည် ဖီးနစ်ငှက်အသိုက်အမြုံ တစ်ခုလုံးကို ဘာမှမကျန်ရှိသည်အထိ ဖျက်ဆီးပစ်ရန် လုံလောက်၏။
လေထုထဲတွင် မိုးကြိုးဓားအလင်းနှင့် အနက်ရောင်မီးလျှံများ တစ်ခဏမျှ ရောယှက်နေပြီးနောက်တွင် အဆုံးသတ်၌ မိုးကြိုးဓားအလင်းများသည် အနက်ရောင်မီးလျှံများကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ ချေမှုန်းခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် လော့ကျင်းလင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး အနက်ရောင်မီးလျှံ၏ ရိုက်ခတ်မှုအောက်တွင် မျက်နှာဖြူဖျော့စွာဖြင့် ပေရာချီ အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လူငယ်ပါရမီရှင် အားလုံးသည် အတော်လေး ထိတ်လန့်သွားခဲ့ကြသည်။
ဤရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်သည် အလွန်ပင် အင်အားကြီးမားနေခဲ့၏။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည့် လော့ကျင်းလင်သည်ပင် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
“အားလုံးပဲ ပူးပေါင်းပြီး တိုက်ခိုက်ရအောင်”
ရီချန်းခွန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ဖီးနစ်ငှက်ကို တိုက်ခိုက်ရန် အားလုံးကို လှုံ့ဆော်လိုက်သည်။
လော့ကျင်းလင်၏ သူတို့ထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံး ဖြစ်သည်။
အကယ်၍ လော့ကျင်းလင်သာ ဤရွှေအင်မော်တယ်တယ် အဆင့် ဖီးနစ်ငှက်၏ အနိုင်ယူခြင်းကို ခံလိုက်ရလျှင် သူတို့အနေဖြင့် ဤဖီးနစ်ငှက်ကို ရင်ဆိုင်ရန် မည်သည့် အခွင့်အရေးမှ ရှိတော့မည် မဟုတ်ပေ။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဤကဲ့သို့သော အချိန်တွင် လူငယ် ပါရမီရှင်များသည် ၎င်းတို့၏ စွမ်းရည်များကို ထိန်ချန် မထားရဲတော့ဘဲ တလော့အဆင့် လက်နက်များကို ထုတ်ဖော်ကာ တလော့အဆင့် နည်းစနစ်များဖြင့် ဖီးနစ်ငှက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
အမည်မဲ့အင်မော်တယ်နန်းတော်မှ လူငယ်ပါရမီရှင် တစ်ဒါဇင်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ဖီးနစ်ငှက်၏ မျက်ဝန်းထဲတွင် အထင်သေးသော အရိပ်အယောင်များ ရှိနေခဲ့သည်။
သူက ပါးစပ်ကို ဟလိုက်ပြီး အနက်ရောင်မီးလျှံ တစ်ခုကို မှုတ်ထုတ်လိုက်သည်။
ထိုအနက်ရောင်မီးလျှံသည် လေထဲတွင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး အဆုံးသတ်တွင် အနက်ရောင်ဖီးနစ်ငှက် ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အတောင်ပံများကို ဖြန့်ကျက်၍ ပါရမီရှင် တစ်ဒါဇင်ကျော်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
အမည်မဲ့အင်မော်တယ်နန်းတော်မှ လူငယ်ပါရမီရှင် တစ်ဒါဇင်ကျော်၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဖီးနစ်ငှက် ပုံရိပ်ယောင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
ဖီးနစ်ငှက် ပုံရိပ်ယောင်သည် လူငယ်ပါရမီရှင် တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုကို ချေမှုန်းပစ်ပြီးနောက်တွင် အရှိန် လုံးဝ လျော့မသွားခဲ့ဘဲ လူငယ်ပါရမီရှင် တစ်ဒါဇင်ကျော်ကို ချက်ချင်းဆိုသလိုပင် ဝါးမျိုပစ်လိုက်သည်။
ဤအခိုက်အတန့်တွင် လူငယ်ပါရမီရှင်များသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး သူတို့၏ ကိုယ်ပေါ်မှ ကျောက်စိမ်းတံဆိပ်ပြားများကို အလျင်အမြန် အသုံးပြုကာ လျှီု့ဝှက်နယ်မြေကထဲကနေ ထွက်ခွာရန် ရွေးချယ်လိုက်ကြရသည်။
အားလုံး ပြီးဆုံးသွားသောအခါတွင် လူငယ်ပါရမီရှင် တစ်ဒါဇင်ကျော်ထဲတွင် ရီချန်းခွန် တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့သည်။
“ကျန်းချန် မင်း ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ”
ယခုအချိန်အထိ မလှုပ်ရှားသေးဘဲ ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည့် ကျန်းချန်ကို မြင်လျှင် ရီချန်းခွန်သည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားခဲ့သည်။
ဤလူငယ်သည် ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ဤလူငယ်၏ ခွန်အားသည် သူ့ထက် လုံးဝ နိမ့်ကျလိမ့်မည် မဟုတ်ပေ။
အကယ်၍ ထိုလူငယ်သာ သူတို့နှင့် အတူ အစောပိုင်းက တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ခဲ့မည် ဆိုလျှင် သူတို့အနေဖြင့် ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။
ထိုကောင်လေးသည် သူတို့ကို ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်နှင့် တိုက်ခိုက်စေပြီး သူတို့ အထိနာသွားသောအခါတွင် ကြားထဲကနေ အကျိုးအမြတ် ထုတ်ရန် စဥ်းစားနေပါသလော။
ယင်းအခိုက်အတန့်တွင် လော့ကျင်းလင်က လေးနက်စွာ ပြောဆိုလိုက်သည်။
“ညီနောင်ကျန်းချန်.. ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်ကို ငါတို့တွေ တစ်ယောက်ချင်း ရင်ဆိုင်မယ် ဆိုရင် အနိုင်ရမှာမဟုတ်ဘူး.. အခုအချိန်က ကိုယ့်ရဲ့ခွန်အားကို ချွေတာနေရမဲ့အချိန် မဟုတ်တော့ဘူး”
“ငါနားလည်ပါတယ် ညီနောင်လော့”
ကျန်းချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး ဟယ်ယွီ တို့ကို လှည့်ကြည့်လိုက်သည်။
“ဒီတိုက်ပွဲမှာ ငါမင်းတို့ကို ဂရုစိုက်ပေးဖို့ အချိန်ရမှာ မဟုတ်ဘူး.. မင်းတို့တွေ ဖီးနစ်ငှက် အသိုက်အမြုံထဲကနေ အရင်ထွက်သွားလိုက်ပါ”
ဖီးနစ်ငှက် အသိုက်အမြုံတွေကို ဝင်လာသည့် လူငယ်ပါရမီရှင်များထဲတွင် သူ၊လော့ကျင်းလင်နှင့် ရီချန်းခွန် တို့က လွဲလျှင် သူနှင့် အတူ လိုက်ပါလာသည့် ဟယ်ယွီ တို့သာ ကျန်ရှိတော့သည်။
ဆိုရလျှင် နောက်လာမည့် တိုက်ပွဲသည် ဟယ်ယွီတို့ ပါဝင်နိုင်သည့် အဆင့် မဟုတ်တော့ပေ။
အကယ်၍ ဟယ်ယွီ တို့သာ ဤနေရာတွင် ဆက်လက် ရှိနေလျှင် ကျန်းချန် အနေဖြင့် ၎င်းတို့၏ ဘေးကင်းမှုကို အာမ မခံနိုင်သောကြောင့် ဖီးနစ်ငှက် အသိုက်အမြုံထဲကနေ အရင် ထွက်ခွာစေခဲ့ခြင်း ဖြစ်၏။
“ညီနောင်ကျန်းချန် သတိထားပါ”
ဟယ်ယွီကလည်း သူတို့ ဤနေရာတွင် ဆက်နေလျှင် ကျန်းချန် အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာမည်ကို သိရှိသောကြောင့် ဖီးနစ်ငှက် အသိုက်အမြုံထဲကနေ ထွက်ခွာရန် ပြင်လိုက်သည်။
“အခုမှ ထွက်သွားချင်တာလား.. ဒီနေရာအထိ ရောက်လာမှတော့ မင်းတို့ရဲ့အသက်ကို ဒီနေရာမှာပဲ ထာဝရ ထားခဲ့ရလိမ့်မယ်”
ထိုအချင်းအရာကို မြင်လျှင် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်သည် ပြင်းထန်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ အနက်ရောင် မီးလျှံများကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ကာ ဟင်းလင်းပြင် တစ်ခုလုံးကို မီးပင်လယ်အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲပစ်လိုက်သည်။
ကျန်းချန်တို့ အားလုံးသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော မီးပင်လယ် ထဲတွင် ချက်ချင်းဆိုသလို နစ်မြုပ်သွားခဲ့၏။
ဟယ်ယွီတို့ လူစုသည် ထိုမီးပင်လယ်၏ စွမ်းအားကို လုံးဝ ခံနိုင်ရည် မရှိခဲ့ကြပေ။
သူတို့ကိုယ်ပေါ်မှ ကျောက်စိမ်းတံဆိပ်ပြားများသည် မျက်စိတစ်မှိတ်အတွင်း အလိုအလျောက် အသက်ဝင်သွားခဲ့ပြီး သူတို့ကို လျှို့ဝှက်နယ်မြေထဲကနေ ခေါ်ထုတ်သွားခဲ့သည်။
“အပြာရောင်ဧကရာဇ်ဓားကွက်”
ကျန်းချန်က ထျန်းယွမ်အင်မော်တယ်ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
ဟင်းလင်းပြင်ထက်တွင် အပြာရောင်ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ သူတို့ရှေ့မှ မီးပင်လယ်ကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။
အခြားတစ်ဖက်တွင်လည်း လော့ကျင်းလင်နှင့် ရီချန်းခွန်တို့သည် သူတို့ တတ်မြောက်ထားသည့် နာမည်ကျော် တလော့အဆင့် နည်းစနစ်များကို အသုံးပြုလိုက်ကြသည်။
သူတို့ သုံးယောက်စလုံးသည် ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ထက် မနိမ့်ကျသည့် ခွန်အားများကို ပိုင်ဆိုင်ထားကြ၏။
ထို့ကြောင့် သူတို့သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက် ထုတ်ဖော်ထားသည့် မီးပင်လယ်သည် ပြိုကွဲသွားခဲ့သည်။
“ငါ မင်းတို့ လူသားသုံးယောက်ကို အထင်သေးမိသွားပြီ ထင်တယ်.. မင်းတို့က ကောင်းကင်အင်မော်တယ် တတိယအဆင့်နဲ့ စတုတ္ထအဆင့်လောက်ပဲ ရှိသေးပေမဲ့ ဒီလို တိုက်ခိုက်ရေးစွမ်းရည်မျိုးကိုတောင် ထုတ်ဖော်နိုင်ခဲ့တယ်.. ဒါပေမဲ့ မင်းတို့ဘယ်လောက်ပဲ ထူးချွန်ပါစေ.. င့ါရှေ့မှာတော့ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”
စကားဆုံးသည်နှင့် ဖီးနစ်ငှက်၏ ခန္ဓာကိုယ်ကနေ ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၇၉၁)ပြီး၏။