အခန်း ၂၇၉၂
Vol. 220 Ch. 2792
အခန်း(၂၇၉၂)
“ဝုန်း..”
ဖီးနစ်ငှက်၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် ဖီးနစ်ငှက်အသိုက်အမြုံ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်တို့ သုံးယောက်၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက ပြောင်းလဲသွားခဲ့ပြီး သွေးရောင် မီးပင်လယ် ကမ္ဘာတစ်ခု ထဲကို ရောက်ရှိသွားသလို ခံစားလိုက်ရ၏။
သွေးရောင်လွှမ်းနေသော မီးပင်လယ်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး အလွန်လည်း ထူးဆန်းနေခဲ့သည်။
မီးပင်လယ်၏ ပူပြင်းသော အရှိန်အဝါများသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပြီး ကျန်းချန်တို့ သုံးယောက်ကို အရည်ပျော်သွားစေတော့မည့်အလား ဖြစ်နေခဲ့၏။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း”
ကျန်းချန်က သူ၏ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမ စည်းတံဆိပ်ကို ထုတ်ဖော်ကာ သွေးရောင်လွှမ်းနေသော မီးပင်လယ်ကမ္ဘာကြီး ဆီသို့ သက်ရောက်စေခဲ့သည်။
“ဝုန်း..”
စည်းတံဆိပ်က မီးပင်လယ်နှင့် ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် ကောင်းကင်ယံ တစ်ခုလုံး မီးလျှံလှိုင်းများ လွင့်စင်သွားခဲ့သည်။
သို့ရာတွင် မီးပင်လယ်ကိုမူ အနည်းငယ်မျှပင် လှုပ်ခတ်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ အကြည့်က ချက်ချင်းဆိုသလို ပို၍ လေးနက်သွားခဲ့သည်။
ဤရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်၏ ခွန်အားသည် အမှန်တကယ်ပင် အလွန်တရာ အားကောင်းနေခဲ့၏။
ထျန်းယန်အင်မော်တယ် မြို့တော်တွင် သူနှင့် တိုက်ခိုက်ခဲ့ဖူးသည့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ အကြီးအကဲတန်နှင့် နှိုင်းယှဥ်လျှင်ပင် ပို၍ အားကောင်းနိုင်ခြေ ရှိနေခဲ့သည်။
ယနေ့တွင် သူတို့ အနေဖြင့် ဤဖီးနစ်ငှက်ကို အနိုင်ယူဖို့ဆိုသည်မှာ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်နေခဲ့ချေပြီ။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည်လည်း မီးပင်လယ်ကို အသီးသီး တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း ထိုနှစ်ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် ကျန်းချန်၏ မျက်စိရှေ့မှာတင် ပင်လယ်ထဲကို ပစ်ချလိုက်သော ခဲလုံးကဲ့သို့ ဘာမှ မထူးခြားဘဲ ပျောက်ကွယ်သွားခဲ့ပြီး မီးပင်လယ်ကို မည်သည့် ခြိမ်းခြောက်မှုမျိုးမှ မပေးနိုင်ခဲ့ပေ။
“ငါတို့ ဒီအတိုင်း ဆက်တိုက်နေလို့ မဖြစ်တော့ဘူး.. ဒီမီးပင်လယ်ကို ချေမှုန်းဖို့ ငါတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးမှ ရတော့မယ်”
လော့ကျင်းလင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
လော့ကျင်းလင်၏ အဆိုကို ရီချန်းခွန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“သဘောထားကွဲလွဲစရာမရှိပါဘူး.. ငါအတွက်တော့ အဆင်ပြေတယ်”
ဤမီးပင်လယ်တွင် အလွန် ပူပြင်းသော စွမ်းအားများ ပါဝင်နေသောကြောင့် သူတို့အနေဖြင့် မီးပင်လယ်၏ အပူဒဏ်ကို ခံနိုင်ရည်ရှိရန် အတွက် အင်မော်တယ်စွမ်းအားများကို အမြဲတစေ အသုံးပြုခဲ့ရပြီး ခန္ဓာကိုယ် အကာအကွယ် အလွှာကို တည်ဆောက်ထားရသည်။
ရှင်းလင်းစွာဆိုရလျှင် ဤမီးပင်လယ်သည် သူတို့၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် စွမ်းအားများကို အချိန်နှင့်အမျှ အဆက်မပြတ် ဝါးမျိုစားသောက်နေခြင်းပင်။
သူတို့၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများ ကုန်ခန်းသွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ လျှို့ဝှက်နယ်မြေ ထဲကနေ ထွက်သွားရုံသာ ရှိတော့သည်။
ယခုအခါ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါးသည် သူ၏ မျက်စိရှေ့တွင် ရှိနေသောကြောင့် ရီချန်းခွန်က ဤအတိုင်းလက်လျှော့၍ မပြန်ချင်ခဲ့ပေ။
ယင်းအတွက်ကြောင့် သူ၏ ဝှက်ဖဲကို ထုတ်သုံးပြီး လောင်းကြေးထပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် လော့ကျင်းလင်တို့ နှစ်ယောက်ကို ကြည့်ပြီး ပခုံးကို တွန့်ပြ၍ လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
“ငါ့မှာတော့ တလော့အင်မော်တယ်တွေ ပေးထားတဲ့ ဘာဝှက်ဖဲမှ မရှိဘူး”
“မေဘေး ကျန်းချန်...အခုလို အချိန်မျိုးမှတောင် မင်းရဲ့ဝှက်ဖဲကို ထိန်ချန် ချင်သေးတာလား”
ရီချန်းခွန်က ဒေါသထွက်သွားခဲ့ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“တကယ်လို့ မင်းက ငါတို့ကို ဖီးနစ်ငှက်နဲ့ အသေအလဲတိုက်ခိုက်စေပြီး ကြားကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာ ဆိုရင်တော့ ဒီလျှို့ဝှက်နယ်မြေထဲကနေ ငါတို့ အတူတူ ထွက်သွားရုံပဲ ရှိတော့တယ်.. ဘုရင်အဆင့် အင်မော်တယ်ဆေးဝါးကို ငါတို့ မရနိုင်မှတော့ မင်းလည်း ရဖို့ မစဥ်းစားနဲ့တော့”
“ငါ မင်းတို့ကို နောက်နေတာ မဟုတ်ဘူး.. ငါ့မှာ တလော့အင်မော်တယ်တွေ ပေးထားတဲ့ ဘာဝှက်ဖဲမှ မရှိဘူး. မင်းတို့ ယုံချင်လည်းယုံ မယုံချင်လည်းနေတော့”
ကျန်းချန်က ရီချန်းခွန်ကို အေးစက်စက် ကြည့်လိုက်ပြီး စကားဆက်မပြောတော့ပေ။
ကျန်းချန်၏ ပြတ်သားသော စကားကိုကြားလျှင် ရီချန်းခွန်က အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
“ကျန်းချန်.. မင်း..”
“ညီနောင်ရီ”
လော့ကျင်းလင်က ရီချန်းခွန်၏ စကားကို ဖြတ်ပြောလိုက်သည်။
“ညီနောင်ကျန်းချန်မှာ တလော့အင်မော်တယ်တွေ ပေးထားတဲ့ဝှက်ဖဲ တကယ်ပဲ မရှိတာ ဖြစ်နိုင်ပါတယ်.. အချိန်မဖြုန်းကြနဲ့တော့.. အချိန်ကြာလာလေလေ အခြေအနေက ငါတို့အတွက် ပိုဆိုးလာလေလေပဲ ဖြစ်လာလိမ့်မယ်”
ထိုစကားကိုကြားလျှင် ရီချန်းခွန်သည် သူ၏ ရင်ထဲမှ ဒေါသကို ဖိနှိပ်လိုက်ပြီး လော့ကျင်းလင်ကို ကြည့်ကာ မေးလိုက်သည်။
“မင်းမှာ ဘယ်လို အစီအစဥ်ရှိလဲ”
“မင်းက မင်းရဲ့ဝှက်ဖဲကို သုံးပြီး ဒီမီးပင်လယ်ကို ဖျက်ဆီးလိုက်.. ငါက ငါ့ရဲ့ ဝှက်ဖဲကို သုံးပြီး ဖီးနစ်ငှက်ကို တိုက်ခိုက်မယ်.. တကယ်လို့ ငါက ဖီးနစ်ငှက်ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ခဲ့ရင် ညီနောင်ကျန်းချန်က ဖီးနစ်ငှက်ကို အဆုံးသတ်ပေးဖို့ တာဝန်ယူရမယ်”
လော့ကျင်းလင်၏ မျက်ဝန်းများက တောက်ပနေခဲ့ပြီး အလေးအနက် ပြောလိုက်သည်။
“မှတ်ထားပါ.. ငါတို့ အစွမ်းကုန်ကြိုးစားမှ ဖြစ်မယ်.. ငါတို့အတွက် အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်”
ရီချန်းခွန်က စကားများစွာ ပြောမနေတော့ဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ လက်တစ်ဝါးစာ အရွယ်အစားခန့် ရှိသည့် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။
ထိုကျောက်စိမ်းတံဆိပ်ပြား ပေါ်တွင် ဆန်းကြယ်သော အစီအရင် သင်္ကေတများသည် အဆက်မပြတ် လည်ပတ်နေခဲ့၏။
ရီချန်းခွန်၏ လက်ထဲမှ ကျောက်စိမ်းပြားကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက ချက်ချင်းဆိုသလို ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုကျောက်စိမ်းတံဆိပ်ပြားထဲတွင် အလွန်တရာ အစွမ်းထက်သော အစီအရင်တစ်ခု ရှိနေခဲ့ပြီး ကျောက်စိမ်းတံဆိပ်ပြားထံကနေ အလွန်အန္တရာယ်များသော အရှိန်အဝါကိုပင် သူခပ်ရေးရေး ခံစားမိနေခဲ့သည်။
“ကြယ်တာရာဂလက်ဆီဓား အစီအရင်.. ထွက်ပေါ်စမ်း”
ရီချန်းခွန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် စွမ်းအားများကို သူ၏ လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြား ထဲသို့ ထည့်သွင်းလိုက်သည်။
“ဒါက အရှင်ရှန်းဟယ်ရဲ့ ကြယ်တာရာဂလက်ဆီဓား အစီအရင်ပဲ”
ထိုမြင်ကွင်းကိုမြင်လျှင် လော့ကျင်းလင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အရှင်ရှန်းဟယ်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၂)မှ နန်းတော်သခင် ဖြစ်ပြီး အမည်မဲ့အင်မော်တယ် နန်းတော် တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်သည်။
အရှင်ရှန်းဟယ်သည် နက်ရှိုင်းသော ကျင့်ကြံမှု ရှိရုံတင်မက ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အစီအရင်များကိုလည်း တတ်မြောက်ထား၏။
သူတီထွင်ထားသည့် ကြယ်တာရာဂလက်ဆီဓား အစီအရင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် အလွန်ပင် နာမည်ကျော်ကြားသည်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲမှ မရေမတွက်နိုင်သော တလော့အင်မော်တယ်များသည်ပင် ထိုကြယ်တာရာဂလက်ဆီဓား အစီအရင်ကို ကြောက်ရွံ့ကြ၏။
ယခု ရီချန်းခွန် ထုတ်ဖော်လိုက်သည့် ကျောက်စိမ်းတံဆိပ်ပြားမှ အစီအရင်သည် ကြယ်တာရာဂလက်ဆီဓား အစီအရင်၏ ရိုးရှင်းသော ဗားရှင်း တစ်ခု ဆိုလည်း မမှားပေ။
“ရွှစ်..”
“ရွှစ်..”
“ရွှစ်..”
ရီချန်းခွန်၏ လှုံ့ဆော်မှုအောက်တွင် ကျောက်စိမ်းတံဆိပ်ပြား ထံကနေ ဓားအလင်းပေါင်း ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခုသည် တစ်ပြိုင်နက်တည်း ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး တောက်ပသော ဂလက်ဆီ အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံ အတွင်း ပြန့်ကျဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည်ပင် အရောင်မှိန်သွားခဲ့ပြီး နေနှင့်လ သည်ပင် အလင်းပျောက်သွားသည့်နှယ် ဖြစ်သွားခဲ့သည်။
ထောင်ပေါင်းများစွာသော ဓားအလင်းများသည် ကောင်းကင်ယံတွင် ရောယှက်ကာ စုစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ခမ်းနားထည်ဝါသော ဓားအလင်းတန်း အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဓားအလင်းတန်းသည် မရေမတွက်နိုင်သော ကြယ်ပွင့်လေးများဖြင့် စီခြယ်ထားသကဲ့သို့ ဖြစ်နေခဲ့ပြီး ကောင်းကင်ယံကို ပိုင်းဖြတ်တော့မည့် ဓားတစ်လက်နှယ် တောက်ပနေခဲ့၏။
“ရွှစ်..”
အစောပိုင်းက မည်သို့မျှ ဖျက်ဆီး၍ မရနိုင်သည့် မီးပင်လယ်သည် ထိုဓားချက်ကြောင့် ချက်ချင်းဆိုသလိုပင် ထက်ပိုင်းပြတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး မီးပင်လယ်က တဖြည်းဖြည်း ပြိုလဲ ပျက်စီးသွားခဲ့၏။
မီးပင်လယ် ပြိုလဲသွားသည့် အခိုက်အတန့်တွင် လော့ကျင်းလင်သည်လည်း တုံ့ဆိုင်းမနေခဲ့ပေ။
လော့ကျင်းလင်က မိုးကြိုး အဆောင်လက်ဖွဲ့ကို လှုံ့ဆော်လိုက်ရာ ဟင်းလင်းပြင်တွင် မိုးကြိုးလျှပ်စီး အလင်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။
ထိုမိုးကြိုးလျှပ်စီး အလင်းများသည် အဆုံးသတ်တွင် တလော့ အရှိန်အဝါများနှင့် ပြည့်နှက်နေသည့် ကြီးမားသော ရွှေရောင်မိုးကြိုး လျှပ်စီးလက်ဝါးကြီး အဖြစ်သို့ စုစည်းသွားခဲ့ပြီး ဖီးနှစ်ဌက် ဆီသို့ သက်ရောက်လာခဲ့၏။
“ဝုန်း..”
ဖီးနစ်ငှက်၏ ကြီးမားသော ခန္ဓာကိုယ်သည် ရွှေရောင်မိုးကြိုးလက်ဝါး၏ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီး လေထဲကနေ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ မြေပြင်ထက်တွင် ပေရာချီ ကျယ်ဝန်းသည့် တွင်းနက်ကြီး တစ်ခုပင် ဖြစ်သွားခဲ့သည်။
“ဝုန်း..”
ဖီးနစ်ငှက် အသိုက်အမြုံ တစ်ခုလုံးသည် ဤအချိန်တွင် အတောမသတ် တုန်ခါသွားခဲ့၏။
တစ်ခဏအကြာတွင်မှ အရာအားလုံးက ငြိမ်သက်သွားခဲ့သည်။
လော့ကျင်းလင်၏ မိုးကြိုး အဆောင်လက်ဖွဲ့ကနေ ထုတ်ဖော်လိုက်သည့် ရွှေရောင်မိုးကြိုးလက်ဝါးဖြင့် ရိုက်ချခံလိုက်ရပြီးနောက်တွင် ဖီးနစ်ငှက်သည် ဧရာမ တွင်းနက်ကြီး ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ပေ။
“သေသွားလို့ တော်သေးတယ်”
ဖီးနစ်ငှက်ဆီကနေ မည်သည့် အသက်ရှူသံမျှ မကြားရတော့မှသာ လော့ကျင်းလင်သည် အဆုံးသတ်တွင် သက်ပြင်းချနိုင်ခဲ့သည်။
သို့သော်လည်း လော့ကျင်းလင် ပျော်ဖို့ အချိန်မရလိုက်ခင်မှာပင် ကမ္ဘာဦး သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ တစ်ခုသည် ဖီးနစ်ငှက် အသိုက်အမြုံထဲတွင် လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် လော့ကျင်းလင်တို့ သုံးယောက်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူတို့၏ အကြည့်က တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည့် ဖီးနစ်ငှက် ဆီသို့ တစ်ချိန်တည်း ကျရောက်သွားခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ဖီးနစ်ငှက်၏ ကြီးမားသော ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဆန်းကြယ်သော မီးလျှံများ လွှမ်းခြုံနေသည်ကို သူတို့ တွေ့လိုက်ရ၏။
အစောပိုင်းက မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သည့် ဖီးနစ်ငှက် ဆီကနေ အသက် စွမ်းအင်လှိုင်းများ ခပ်ရေးရေး ထွက်ပေါ်လာသည်ကို သူတို့ ခံစားမိခဲ့သည်။
ထိုအခိုက်အတန့်တွင် ရီချန်းခွန်သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို စဥ်းစားမိသွားခဲ့ပြီး မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။
“ဒါက ဖီးနစ်ငှက် မျိုးနွယ်စုရဲ့ အထူးခြားဆုံး နည်းစနစ် ဖြစ်တဲ့ ပြာပုံထဲကနေ တစ်ဖန် ပြန်လည်မွေးဖွားခြင်း နည်းစနစ်ပဲ.. ဒီအတိုင်းဆိုရင် ဖီးနစ်ငှက်က တစ်ဖန် ပြန်လည် မွေးဖွားလာတော့မယ်”
အခန်း(၂၇၉၂)ပြီး၏။