← Chapters

အခန်း ၂၇၉၄

Vol. 220 Ch. 2794

အခန်း ၂၇၉၄

Vol. 220 Ch. 2794

အခန်း(၂၇၉၄)

ထိုမြင်ကွင်းကိုမြင်လျှင် အားလုံး၏ အကြည့်သည် ယဇ်ပလ္လင်ဆီသို့ တစ်ညီတညွတ်တည်း ကျရောက်သွားခဲ့သည်။

ယဇ်ပလ္လင်ပေါ်မှ ပုံရိပ်နှစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲကို ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့၏။

ထိုပုံရိပ်မှာ နှစ်ခုမှ အခြားသူများ မဟုတ်ဘဲ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုတွင် အစွမ်းအထက်ဆုံး ပါရမီရှင်နှစ်ဦး ဖြစ်သည့် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

လော့ကျင်းလင်တို့ နှစ်ယောက်သည်ပင် လျှို့ဝှက်နယ်မြေထဲကနေ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။

၎င်းတို့က ဖီးနစ်ငှက် အသိုက်အမြုံထဲမှ ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်ကို အနိုင်မတိုက်နိုင်ခဲ့ဘဲ ဖီးနစ်ငှက် အသိုက်အမြုံထဲမှ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်သည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို မရရှိခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

သို့သော်လည်း ယင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ရလဒ်တစ်ခုပင်။

လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် တတိယအဆင့်နှင့် စတုတ္ထအဆင့်တွင်သာ ရှိနေသေးသည်။

ဆိုရလျှင် သူတို့နှင့် ရွှေအင်မော်တယ်အဆင့်ကြားမှ ကွာဟချက်သည် အတော်လေး ကြီးမားလွန်းနေခဲ့၏။

နှစ်ယောက်လုံးက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ရွှေအင်မော်တယ်အဆင့်နှင့် ယှဥ်ပြိုင်ရန်မှာမူ လုံးဝ ခက်ခဲသော ကိစ္စ ဖြစ်သည်။

“ကျင်းလင်.. မင်းလျှို့ဝှက်နယ်မြေထဲကနေ ဘယ်လိုလုပ်ပြီး ထွက်လာခဲ့ရတာလဲ”

ဌာနခွဲ(၁)မှ ခန့်ညားပြီ သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည့် လော့ကျင်းလင်ကို ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် ကျင့်ကြံသူမှာ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁)မှ နန်းတော်သခင် ဖြစ်သည့် အရှင်မိုးကြိုး ဖြစ်သည်။

လော့ကျင်းလင်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် အလွန်ဆုံး ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်သာ ရှိ၏။

သို့သော်လည်း အရှင်မိုးကြိုးသည် လော့ကျင်းလင်၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးအဆောင်လက်ဖွဲ့ တစ်ခု ရှိနေမှန်း ကောင်းစွာ သိထားခဲ့သည်။

လော့ကျင်းလင်သာ ထိုမိုးကြိုးအဆောင်ကို အသက်သွင်းလိုက်မည်ဆိုလျှင် သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ပင်လျှင် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့ဖြစ်ရာ ဖီးနစ်ငှက် အသိုက်အမြုံတွင် လော့ကျင်းလင် ရင်ဆိုင်ခဲ့ရသည့် ဖီးနစ်သည် သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများထက် များစွာ ပို၍ အားကောင်းနေခြင်း ဖြစ်နိုင်ပါသလော။

လော့ကျင်းလင်က ခါးသီးစွာ ပြုံးလိုက်ပြီး ဘာကိုမျှ ဖုံးကွယ်မထားဘဲ ဖီးနစ်ငှက် အသိုက်အမြုံထဲတွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို ပြောပြလိုက်သည်။

သူတို့က ကိုယ်စီဝှက်ဖဲများကို အသုံးပြုပြီး ဖီးနစ်ငှက်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်ခဲ့သော်လည်း ဖီးနစ်ငှက်သည် တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပြီး ခွန်အားကလည်း တစ်ဆင့် ပို၍ မြင့်မားလာခဲ့သည်ကို ကြားလျှင် အရှင်မိုးကြိုး သက်ပြင်းချ၍ ခေါင်းခါရမ်းလိုက်သည်။

ကြည့်ရသည်မှာ လော့ကျင်းလင် တို့သည် ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်သည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးနှင့် လွဲချော်ရန် ကံကြမ္မာ ပါလာပုံရ၏။

“နေပါဦး.. မင်းရဲ့ စကားထဲမှာ ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်ကို ရင်ဆိုင်ဖို့အတွက် မင်းတို့သုံးယောက် ပူးပေါင်းခဲ့ကြတယ် ဆိုတော့ နောက်ထပ်တစ်ယောက်က ဘယ်သူလဲ”

ယင်းအချိန်တွင် အမည်မဲ့အင်မော်တယ် ညီလာခံကို ကြီးကြပ်ရန် တာဝန်ယူထားသည့် ဒုတိယနန်းတော်သခင် မိုကျိချန်၏ မျက်ဝန်းများက အရောင်လက်သွားခဲ့ပြီး မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

မိုကျိချန်၏ မေးခွန်းကို ကြားလျှင် ရင်ပြင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခု ထဲတွင် အစွမ်းအထက်ဆုံး ပါရမီရှင်များ ဖြစ်ကြသည်။

ထိုနှစ်ယောက်ပင် ဖယ်ထုတ်ခံလိုက်ရပြီ ဆိုလျှင် ကျန်ရှိသော ကျင့်ကြံသူသည် မည်သူ ဖြစ်နိုင်ပါသနည်း။

“အဲဒါက ဌာနခွဲ(၁၈)က ကျန်းချန်ပါ”

ရီချန်းခွန်က အံကြိတ်၍ ပြောလိုက်သည်။

“အဲဒီကောင်က ခွန်အားကို တိတ်တဆိတ် ချွေတာခဲ့တဲ့ အပြင် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်နဲ့ ရင်ဆိုင်ဖို့အတွက် တလော့အဆင့် ဝှက်ဖဲကိုတောင် တစ်ခါမှ အသုံးမပြုခဲ့ဘူး”

“ဌာနခွဲ(၁၈)က ကျန်းချန်လား”

လူတိုင်းက ထိုနာမည်ကို ကြားလျှင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်ကြသည်။

ကျန်းချန် ဆိုသည်မှာ ဤတစ်ကြိမ် အမည်မဲ့အင်မော်တယ်ညီလာခံတွင် ဖြတ်မြင်း အဖြစ် နာမည်ကျော်ကြားနေသော ပါရမီရှင် ဖြစ်သည်။

အမည်မဲ့အင်မော်တယ် ညီလာခံ မစတင်မီတွင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ဌာနခွဲ(၃)မှ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရန်လီကို လက်သီး တစ်ချက်တည်းဖြင့် နောက်ဆုတ်စေခဲ့သောကြောင့် နာမည် ကျော်ကြားသွားခဲ့သည်။

အမည်မဲ့ အင်မော်တယ်ညီလာခံ စတင်ပြီးနောက်တွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင် အများအပြားသည် စောစောစီးစီး ဖယ်ထုတ်ခံခဲ့ရပြီး ၎င်းတို့ အားလုံးနီးပါးသည် ကျန်းချန်နှင့် နီးစပ်သော ဆက်ဆံရေး ရှိခဲ့ကြသည်။

ဌာနခွဲ(၃)မှ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရန်လီ ပင်လျှင် ကျန်းချန်၏ လက်ချက်ဖြင့် လျှို့ဝှက်နယ်မြေထဲကနေ စောစောစီးစီး အထုတ်ခံလိုက်ရ၏။

သို့သော်လည်း ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ကျန်းချန်သည် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့ထက် ပို၍ တောင့်ခံနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ထိုကောင်လေးသည် အမှန်တကယ်ပင် အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို ဖန်တီးပြီး ဒဏ္ဍာရီလာ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါးဖြစ်သည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို ရသွားနိုင်ခြေပင် ရှိနေခဲ့သည်။

“ငါတို့ ကျန်းချန်ကို အထင်‌သေးမိနေဆဲပဲ ထင်တယ်”

ဌာနခွဲ(၁၈)မှ အရှင်ယင်ယွဲ့က တစ်ခဏမျှ မှင်တက်နေပြီးမှ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ကျန်းချန်၏ ခွန်အားဖြင့်ဆိုလျှင် ယခုတစ်ကြိမ် အမည်မဲ့အင်မော်တယ်ညီလာခံတွင် စွမ်းဆောင်ရည် သေချာပေါက် မဆိုးနိုင်မှန်း သိထားသော်လည်း ကျန်းချန်သည် လော့ကျင်းလင်ကိုပင် ကျော်လွန်ပြီး အမည်မဲ့အင်မော်တယ် ညီလာခံ၏ ပထမအဆင့် ပြိုင်ပွဲတွင် အတောက်ပဆုံး ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“နန်းတော်သခင်.. ကျန်းချန်က ဘုရင်အဆင့်အင်မော်တယ်ဆေးဝါးဖြစ်တဲ့ မီးလျှံဖီးနစ် အင်မော်တယ်ဆေးဝါးကို ရနိုင်မယ်လို့ ထင်လား”

လျှိုဝူချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အရှင်ယင်ယွဲ့ကို ခပ်တိုးတိုး မေးလိုက်သည်။

“မလွယ်‌လောက်ဘူး.. အဲဒီဖီးနစ်ငှက်က ရွှေအင်မော်တယ်အဆင့် ခွန်အားကိုတောင် ပိုင်ဆိုင်နေခဲ့ပြီ.. ပြန်လည် မွေးဖွားပြီးနောက်မှာ ဖီးနစ်ငှက်က အနည်းဆုံး ရွှေအင်မော်တယ်ဒုတိယအဆင့်ကို ရောက်သွားလောက်တယ်.. ကျန်းချန်ရဲ့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ခွန်အားလောက်နဲ့တော့ အဲဒီဖီးနစ်ငှက်ကို အနိုင်ယူဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ.. ဒါပေမဲ့ ဒီကောင်က အရမ်းကို ထူးဆန်းပြီး လျှို့ဝှက်ချက်တွေ များလွန်းတယ်.. ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်တဲ့ မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို ရသွားနိုင်ခြေလည်း ရှိနေတယ်”

အရှင်ယင်ယွဲ့က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ငါ့အနေနဲ့ကတော့ သူ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်တဲ့ မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို ယူမလာဖို့ပဲ မျှော်လင့်တယ်”

ထိုစကားကိုကြားလျှင် လျှိုဝူချန်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်သည့် မီးလျှံဖီးနစ်အင်မော်တယ်သစ်သီးသည် အင်မော်တယ်ဘုရင် အဆင့် ပုဂ္ဂိုလ်များပင် မက်မောကြသည့် အရာမျိုး ဖြစ်၏။

ကျန်းချန်သာ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ဖြစ်သည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို အမှန်တကယ် ယူလာခဲ့လျှင် အမည်မဲ့အင်မော်တယ်နန်းတော်မှ တလော့အဆင့် အင်မော်တယ် အားလုံးသည် ကျန်းချန်ကို အာရုံစိုက်လာကြမည်ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် အရှင်ယင်ယွဲ့သည်ပင် ကျန်းချန်၏ လုံခြုံရေးကို အာမခံရန် ခက်ခဲသွားပေလိမ့်မည် မဟုတ်ပါလော။

အရှင်ယင်ယွဲ့နှင့် လျှိုဝူချန်းတို့ စကားပြောဆိုနေစဥ်မှာပင် ယဇ်ပလ္လင်ပေါ်တွင် ဟင်းလင်းပြင် လှိုင်းဂယက် တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ယဇ်ပလ္လင်ပေါ်ရှိ အစီအရင်ထဲကနေ ကျန်းချန်၏ ပုံရိပ်က ထွက်ပေါ်လာခဲ့၏။

အဆုံးသတ်တွင် ကျန်းချန်သည်လည်း ရွှေအင်‌မော်တယ်အဆင့် ဖီးနစ်ငှက်ကို အနိုင်မတိုက်နိုင်ဘဲ လျှို့ဝှက်နယ်မြေထဲကနေ အချိန်မတိုင်မီ ထွက်လာခဲ့ရမှန်း ထင်ရှားနေခဲ့သည်။

ရီချန်းခွန်က ကျန်းချန်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ခနဲ့လိုက်သည်။

“ကျန်းချန်.. မင်းဘယ်လောက်ပဲ ဥာဏ်များများ နောက်ဆုံးတော့ ဖီးနစ်ငှက်က မင်းကို လျှို့ဝှက်နယ်မြေထဲကနေ မောင်းထုတ်လိုက်တာပဲ မဟုတ်လား”

ကျန်းချန်က ရီချန်းခွန်ကို တစ်ချက်သာ ကြည့်လိုက်ပြီး အရှင်ယင်ယွဲ့တို့ ဆီကို လျှောက်သွားခဲ့သည်။

ကျန်းချန်က သူ့ကို လျစ်လျူရှုလိုက်သည်အား မြင်လျှင် ရီချန်းခွန်၏ မျက်နှာက သုန်မှုန်သွားခဲ့၏။

“အကြောင်းရင်း တချို့ကြောင့် ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ် ညီလာခံကို ပါဝင်ကြတဲ့ လူငယ်ပါရမီရှင် အားလုံးက လျှို့ဝှက်နယ်မြေထဲကနေ အချိန်မတိုင်ခင် ဖယ်ထုတ်ခံလိုက်ရတယ.. ဒါကြောင့် အမည်မဲ့အင်မော်တယ် ညီလာခံရဲ့ ပထမအဆင့်ပြိုင်ပွဲက သတ်မှတ်ထားတာထက် စောပြီး ပြီးဆုံးသွားခဲ့ပြီ.. ဌာနခွဲ ဆယ့်ရှစ်ခုက ပါရမီရှင်တွေအနေနဲ့ လျှို့ဝှက်နယ်မြေထဲမှာ စုဆောင်းခဲ့ကြတဲ့ အမြုတေတွေကို အလှည့်ကျ လာရောက် အပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်.. ဌာနခွဲ(၁)က တပည့်တွေ မင်းတို့ရဲ့အမြုတေတွေကို အပ်နှံလို့ရပြီ”

ယင်းအချိန်တွင် မိုကျိချန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စကားသံသည် ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက်တွင်မူ လော့ကျင်းလင် ဦး‌ဆောင်သည့် ဌာနခွဲ(၁)မှ လူငယ်ပါရမီရှင်များသည် ရှေ့ကို လျှောက်လာခဲ့ကြပြီး သူတို့ ရရှိထားသည့် အမြုတေများကို အပ်နှံလိုက်ကြသည်။

လော့ကျင်းလင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဆယ်ယောက် ထဲမှ တစ်ယောက် ဖြစ်သောကြောင့် အလွန်ပင် အစွမ်းထက်သည်။

စည်းမျဥ်းအတိုင်း တွက်ချက်မှုအရ သူရရှိခဲ့သည့် အမြုတေအရေအတွက်သည် ၁၁၁၀ အထိ ရှိခဲ့ပြီး တစ်ဦးချင်းအနေဖြင့် လက်ရှိတွင် ပထမနေရာ၌ ရှိနေခဲ့သည်။

ဌာနခွဲတစ်ခုလုံး အနေဖြင့်မူ စုစုပေါင်းရရှိခဲ့သည့် အမြုတေအရေအတွက်သည် ၁၉၀၀ အထိ ရှိနေခဲ့သည်။

ဤရလဒ်သည် ယခင်က ကျင်းပခဲ့သည့် ပြိုင်ပွဲတိုင်းတွင် အလွန်တရာကောင်းမွန်သော ရလဒ်တစ်ခုအဖြစ် သတ်မှတ်ခံရ၏။

ယခုတစ်ကြိမ်တွင် ပြိုင်ပွဲဝင် အားလုံးသည် အချိန်မတိုင်မီ ဖယ်ထုတ်ခံလိုက်ရသောကြောင့် အမြုတေကို စုဆောင်းချိန်သည် ယခင်ပြိုင်ပွဲများထက် များစွာ ပို၍ တိုတောင်းနေခဲ့သည်။

မည်သည့် မတော်တဆဖြစ်ရပ်မှ မရှိသရွေ့ ဌာနခွဲ(၁)သည် ပထမ နေရာကို ဆက်လက် ဆုပ်ကိုင်ထားရန် အခြေအနေ ကောင်းနေခဲ့သည်။

ဌာနခွဲ(၁)၏ အမြုတေ အရေအတွက်ကို တွက်ချက်ပြီးသောအခါတွင် ရီချန်းခွန်သည်လည်း ဌာနခွဲ(၂)မှ လူငယ်ပါရမီရှင်များကို ဦးဆောင်ကာ သူတို့ စုဆောင်း ရရှိထားသည့် အမြုတေများကို အပ်နှံလိုက်သည်။

အခန်း(၂၇၉၄)ပြီး၏။

All Chapters