အခန်း ၂၇၉၅
Vol. 220 Ch. 2795
အခန်း(၂၇၉၅)
ရီချန်းခွန်က စုစုပေါင်း အမြုတေ အရေအတွက် ၁၀၂၀လုံးကို စုဆောင်းနိုင်ခဲ့ပြီး ဌာနခွဲ(၂) တစ်ခုလုံးကမူ စုစုပေါင်း အမြုတေ ၁၇၈၀လုံး စုဆောင်းနိုင်ခဲ့သည်။
ယင်းနောက်တွင် ဌာနခွဲ(၃)၏ အလှည့်သို့ ရောက်လာခဲ့သည်။
အထူးသဖြင့် ဌာနခွဲ(၃)၏ နံပါတ်တစ်ပါရမီရှင် ရန်လီသည် စောစာစီးစီး ဖယ်ထုတ်ခံခဲ့ရသောကြောင့် အမြုတေ ၁၀၀ ကျော်သာ ရရှိခဲ့သည်။
ဌာနခွဲ(၃)မှ ရရှိခဲ့သည့် အမြုတေ စုစုပေါင်း အရေအတွက်မှာ ၈၀၀အောက်သာ ရှိနေခဲ့ပြီး ယင်းသည် ဌာနခွဲ(၁)နှင့် ဌာနခွဲ(၂)မှ ရရှိခဲ့သည့် ပမာဏ၏ ထက်ဝက်ပင် မရှိပေ။
ဌာနခွဲ ဆယ့်ခုနစ်ခု၏ အမြုတေများကို ရေတွက်ပြီးစီးသည့်နောက်တွင် ဌာနခွဲ(၃)သည် အဆင့် ၁၁ နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဌာနခွဲ(၉)သည်လည်း တွမ်မူအမြွှာညီနောင် စောစောစီးစီး ထွက်ခွာခဲ့ရသောကြောင့် အဆင့်များစွာ ကျဆင်းသွားခဲ့ပြီး အဆင့် ဆယ့်ငါးတွင်သာ ရပ်တည်နိုင်ခဲ့၏။
ဌာနခွဲ(၈)ကမူ ကျန်းချန် နောက်ကို လိုက်ပါသွားပြီး အကျိုးအမြတ် များစွာ ရရှိခဲ့သည့် ရှကျီကြောင့် ထိပ်ဆုံးငါးနေရာ စာရင်းထဲမှာပင် ပါဝင်လာခဲ့သည်။
ဤတစ်ကြိမ်က ဌာနခွဲ(၁၈)၏ အမြုတေများကို ရေတွက်ရမည့်အလှည့် ဖြစ်၏။
ကျန်းချန်က အမြုတေ အရေအတွက် စုစုပေါင်း ၁၃၀၀ကို စုဆောင်းနိုင်ခဲ့ပြီး တစ်ဦးချင်းအဆင့်တွင် ပထမနေရာကို ရရှိခဲ့သည်။
သို့ရာတွင် ဟယ်ယွီနှင့် တခြားသူများက အမြုတေများစွာ မရရှိခဲ့သောကြောင့် ဌာနခွဲ(၁၈)သည် စုစုပေါင်းအမြုတေ ၁၇၀၃လုံးသာ ရရှိခဲ့ပြီး ဌာနခွဲ(၂)၏ နောက်မှာသာ ရပ်တည်နိုင်ခဲ့သည်။
အရှင်ယင်ယွဲ့ကမူ ပထမအဆင့် ပြိုင်ပွဲအပြီး အဆင့်သတ်မှတ်ချက် အပေါ်တွင် အတော်လေး ကျေနပ်အားရနေခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့ ဌာနခွဲ(၁၈)သည် ကျန်းချန် ကဲ့သို့ ပါရမီရှင်တစ်ယောက်၏ အကူအညီကို ရခဲ့သော်လည်း အရှင်ယင်ယွဲ့သည် ပထမနေရာအတွက် ဘယ်တုန်းကမျှ မစဥ်းစားခဲ့ပေ။
ပထမအဆင့်ပြိုင်ပွဲအပြီး အဆင့်သုံး ရရှိသည်ကပင် တကယ်ကို ကောင်းမွန်နေပြီ ဖြစ်၏။
ယာယီအဆင့် သတ်မှတ်ချက်အပေါ်တွင် အချို့က ပျော်ရွှင်နေကြသလို အချို့ကလည်း စိုးရိမ်ပူပန်နေခဲ့ကြသည်။
အထူးသဖြင့် ဌာနခွဲ(၃)နှင့် ဌာနခွဲ(၉)တို့ ဘက်တွင် လေထုသည် အလွန်တရာ လေးလံနေခဲ့၏။
ဌာနခွဲ(၃)မှ နန်းတော်သခင် အရှင်ဟေးယွင်သည် ရန်လီကို ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“ရန်လီ ဒုတိယအဆင့် ပြိုင်ပွဲစတော့မယ်.. မင်းငါ့ကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တယ်”
ရန်လီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ အရှင်ဟေးယွင်ကို ကတိပေးလိုက်သည်။
“နန်းတော်သခင် စိတ်မပူပါနဲ့.. ကျွန်တော်တို့ရဲ့ အဆင့်ကို ထိပ်ဆုံးသုံးနေရာထဲ ရောက်အောင် သေချာပေါက် ပြန်လုပ်ပြပါ့မယ်”
အရှင်ဟေးယွင်ကမူ စကားများစွာ ထပ်မပြောတော့ပေ။
အမည်မဲ့အင်မော်တယ် ညီလာခံ၏ ဒုတိယအဆင့် ပြိုင်ပွဲသည် ခွန်အားအပေါ်တွင်သာ လုံးဝ မူတည်နေခဲ့သည်။
သူတို့ ဌာနခွဲ(၃)၏ လူငယ်မျိုးဆက်သစ်များ ထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူမှာ သံသယဖြစ်စရာ မလိုလောက်အောင်ပင် ရန်လီသာ ဖြစ်၏။
ရန်လီ၏ ခွန်အားဖြင့်ဆိုလျှင် ဌာနခွဲ(၁)မှ လော့ကျင်းလင်နှင့်ဌာနခွဲ(၂)မှ ရီချန်းခွန် သို့မဟုတ် ဌာနခွဲ(၁၈)မှ ကျန်းချန်တို့နှင့် ရင်ဆိုင်ရလျှင်ပင် အနိုင်ရရန် အခွင့်အရေး မရှိသလောက်ပင်။
ထို့ကြောင့် အရှင်ဟေးယွင်သည် ထိပ်ဆုံး သုံးနေရာထဲ ပြန်လည် ရောက်ရှိရန် မျှော်လင့်ချက် သိပ်မထားတော့ပေ။
ဆိုရလျှင် စတုတ္ထ နေရာကို ရခဲ့လျှင်ပင် သူတို့အတွက် အလွန်ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်နေခဲ့ချေပြီ။
“ပထမအဆင့် ပြိုင်ပွဲ ပြီးဆုံးသွားပြီဆိုတော့ ဒုတိယအဆင့် ပြိုင်ပွဲကို စတင်လိုက်ကြတာပေါ့”
ထိုအချိန်တွင် အမည်မဲ့အင်မော်တယ် ညီလာခံ၏ ဒုတိယအဆင့် ပြိုင်ပွဲစည်းမျဥ်းများကို စတင် မိတ်ဆက်ပေးခဲ့သည်။
အမည်မဲ့အင်မော်တယ် ညီလာခံ၏ ဒုတိယအဆင့်ပြိုင်ပွဲတွင် ဌာနခွဲ တစ်ခုချင်းစီသည် ပါဝင်ယှဥ်ပြိုင်ရန် ကိုယ်စားလှယ်တစ်ယောက်ကိုသာ စေလွှတ်ခွင့် ရှိပြီး ပထမအဆင့်ပြိုင်ပွဲ၏ ယာယီ အဆင့်သတ်မှတ်ချက် အတိုင်း ပြိုင်ပွဲကို ကျင်းပမည် ဖြစ်သည်။
ပြိုင်ပွဲကို ပထမအဆင့်ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ရောက်နေသည့် ဌာနခွဲကနေ စတင်မည် ဖြစ်ပြီး ယခု နောက်ဆုံး အဆင့်တွင် ရောက်နေသည်မှာ ဌာနခွဲ(၁၇) ဖြစ်သည်။
ဌာနခွဲ(၁၇)က ပြိုင်ပွဲ အတွက် ကိုယ်စားလှယ် အဖြစ် ရှပေါင်ကို စေလွှတ်လိုက်သည်။
ရှပေါင် ပထမဆုံး ရင်ဆိုင်ရမည်မှာ ပထမအဆင့် ပြိုင်ပွဲတွင် အဆင့်(၁၇) နေရာကို ရရှိထားသည့် ဌာနခွဲ ဖြစ်၏။
အဆင့်(၁၇)မှ ပြိုင်ဘက်ကို အနိုင်ယူနိုင်မှသာ အဆင့်(၁၆)မှ ပြိုင်ဘက်ကို ဆက်လက် စိန်ခေါ်ခွင့်ရရှိမည် ဖြစ်သည်။
ဒုတိယအဆင့်ပြိုင်ပွဲ၏ ရက်စက်သော စည်းမျဥ်းများကြောင့် ပထမအဆင့် ပြိုင်ပွဲတွင် ကောင်းမွန်သော အဆင့် သတ်မှတ်ချက် မရှိခဲ့လျှင် ဒုတိယအဆင့်ပြိုင်ပွဲသည် အလွန်တရာ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
ဥပမာအားဖြင့် ဌာနခွဲ(၃)မှ ရန်လီသည် သူ၏ ဌာနခွဲကို တတိယနေရာသို့ ပြန်လည် ရောက်ရှိစေချင်သည် ဆိုလျှင် အဆင့်(၁၀)ကနေ စတင်ပြီး ဌာနခွဲ ရှစ်ခုမှ လူငယ်ပါရမီရှင်များကို တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဆိုသလို စိန်ခေါ်သွားရလိမ့်မည် ဖြစ်၏။
အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ ထိပ်တန်း ပါရမီရှင်များထဲတွင် အားနည်းသော ကျင့်ကြံသူ ဆိုသည်မှာ မရှိသလောက်ပင်။
ရန်လီက အစွမ်းထက်သည်မှာ မှန်သော်လည်း ဌာနခွဲ ရှစ်ခုမှ လူငယ်ပါရမီရှင်များကို ဆက်တိုက်ဆိုသလို အနိုင်ယူဖို့ဆိုသည်မှာ လုံးဝ လွယ်ကူသောအလုပ် မဟုတ်ချေ။
ရှပေါင်၏ ပြိုင်ပွဲက စတင်ခဲ့ချေပြီ။
သူရင်ဆိုင်ရမည့်ပြိုင်ဘက်မှာ ဌာနခွဲ(၁၇)မှ လူငယ်ပါရမီရှင် တစ်ယောက် ဖြစ်သည်။
ထိုလူငယ်ပါရမီရှင်သည် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် အစောပိုင်းကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်တွင် ရှိသည့် ရှပေါင်ထက် ကျင့်ကြံခြင်း အဆင့် ပို၍ မြင့်မားနေသလို ပါရမီနှင့် နောက်ခံအရာတွင်လည်း ရှပေါင်ထက် မနိမ့်ကျပေ။
သူတို့နှစ်ယောက် အကွက်တစ်ရာခန့် တိုက်ခိုက်ပြီးသည့်နောက်တွင် ရှပေါင်သည် ထိုလူငယ်ပါရမီရှင်ကို ရှုံးနိမ့်သွားခဲ့သည်။
အမည်မဲ့အင်မော်တယ် နန်းတော်သည် ဌာနခွဲ ဆယ့်ရှစ်ခုကို အဆင့် ပြန်လည် သတ်မှတ်ရန် အတွက် အချိန်အပိုင်းအခြား တစ်ခုစီတွင် အမည်မဲ့အင်မော်တယ် ညီလာခံကို ကျင်းပလေ့ ရှိသည်။
ဌာနခွဲများ အနေဖြင့် အဆင့်သတ်မှတ်ချက် မြင့်မားလေလေ ရရှိမည့် အရင်းအမြစ်များက ပို၍ ကြွယ်ဝလေလေ ဖြစ်၏။
ထို့ကြောင့်လည်း အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)သည် အရင်းအမြစ်များကို သာမန်လောက်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
သာမန်အခြေအနေတွင် အဆင့်နိမ့်သည့် ဌာနခွဲသည် သူ့ထက် အဆင့်မြင့်သည့် ဌာနခွဲကို အနိုင်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။
နောက်ထပ် ဌာနခွဲ နှစ်ခု၏ ယှဥ်ပြိုင်မှုများသည်လည်း ရှုံးနိမ့်မှုများနှင့်သာ အဆုံးသတ်သွားခဲ့ရ၏။
ပထမအဆင့် ပြိုင်ပွဲတွင် အဆင့်(၁၅)နေရာ ရရှိထားသည့် ဌာနခွဲ၏ ယှဥ်ပြိုင်ရန် အလှည့် ရောက်ရှိလာသောအခါမှသာ ပြိုင်ပွဲက စတင် အသက်ဝင်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပထမအဆင့် ပြိုင်ပွဲတွင် အဆင့်(၁၅)နေရာ ရရှိထားသည့် ဌာနခွဲသည် မူလက ဌာနခွဲ(၉) ဖြစ်နေသောကြောင့်ပင်။
ဌာနခွဲ(၉)မှ တွမ်မူညီနောင်သည် ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြပြီး သူတို့၏ ကျင်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်တွင် ရှိနေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ဌာနခွဲ ဆယ့်ရှစ်ခုမှ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် ပါရမီရှင် တော်တော်များများထက်ပင် ပို၍ သန်မာနေခဲ့၏။
ယခုတစ်ကြိမ်တွင်မူ ဌာနခွဲ(၉)သည် တိုက်ခိုက်ရန် ကိုယ်စားလှယ် အဖြစ် တွမ်မူယန်ကို စေလွှတ်လိုက်သည်။
တွမ်မူယန်က သူ၏ အစွမ်းထက် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက်တွင် တတိယမြောက်တိုက်ပွဲ၌ ရှုံးနိမ့်သွားသောကြောင့် ဌာနခွဲ(၉)သည် အဆင့် ၁၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့သည်။
ပြိုင်ပွဲက ဆက်လက် ဖြစ်ပွားနေခဲ့ပြီး မကြာခင်မှာပင် ပထမအဆင့် ပြိုင်ပွဲတွင် အဆင့် ၁၁ နေရာ ရရှိထားသည့် ဌာနခွဲ(၃)၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။
ဌာနခွဲ(၃)၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရန်လီသည် စင်မြင့်ပေါ်တွင် စတင် ယှဥ်ပြိုင်ခဲ့သည်။
ဌာနခွဲ(၃)၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရန်လီ၏ အဆင့်သည် ကောင်းကင်အင်မော်တယ် တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သလို ပါရမီအရာတွင်လည်း ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များထဲတွင် အကောင်းဆုံးများထဲမှ တစ်ဦးဟု ဆို၍ ရသည်။
ဌာနခွဲ ဆယ့်ရှစ်ခုတွင် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့မှ လွဲ၍ သူ့ကို ရင်ဆိုင်နိုင်သူမှာ မရှိသလောက်ပင်။
ဆိုရလျှင် ဌာနခွဲ(၃) အနေဖြင့် ပထမအဆင့် ပြိုင်ပွဲတွင် အဆင့် ၁၁ နေရာ ရရှိခဲ့သည်မှာ မတော်တဆဖြစ်ရပ် တစ်ခုသာ ဖြစ်၏။
ယင်းကြောင့် ရန်လီ၏ ယှဥ်ပြိုင်မှုသည် အားလုံးအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။
ပြိုင်ပွဲ မစတင်ခင်တွင် လူတော်တော်များများသည် ထိုအကြောင်းကို မပြောဘဲ မနေနိုင်ကြတော့ပေ။
“ဒီတစ်ခေါက် ရန်လီက ဘယ်နှစ်ပွဲ ဆက်တိုက်နိုင်မယ်လို့ မင်းတို့ထင်ကြလဲ...သူက ဌာနခွဲ(၃)ကို ထိပ်ဆုံး သုံးနေရာ ပြန်ရောက်အောင် ကူညီပေးနိုင်ပါ့မလား”
“တတိယနေရာကို ပြန်ရချင်တယ် ဆိုရင် ရှစ်ပွဲဆက်တိုက်အနိုင်ရမှပဲ ဖြစ်နိုင်လိမ့်မယ်.. ဒီလိုလုပ်ဖို့က အတော်လေး ခက်ခဲလိမ့်မယ်.. ဒီလိုစွမ်းဆောင်ရည်မျိုး အမည်မဲ့အင်မော်တယ်ညီလာခံမှာ ဘယ်သူမှ မစွမ်းဆောင်နိုင်သေးဘူး.. ဒါက ရန်လီအတွက် အတော်လေး ခက်ခဲမယ်လို့ ငါထင်တယ်.. ပထမအဆင့်ပြိုင်ပွဲမှာ တတိယနေရာ ရထားတာက ဌာနခွဲ(၁၈)ပဲ.. ဌာနခွဲ(၁၈)က ဖြတ်မြင်း ကျန်းချန်နဲ့သာ ရင်ဆိုင်ရရင် ရန်လီအတွက် အနိုင်ရဖို့ အခွင့်အလမ်း မရှိသလောက်ပဲ”
လူတိုင်းက ထိုအကြောင်းကို ပြောဆိုနေကြစဥ်မှာပင် ရန်လီ၏ ယှဥ်ပြိုင်မှုက စတင်ခဲ့ပြီ ဖြစ်သည်။
ရန်လီသည် ဌာနခွဲ(၃)မှ အစွမ်းထက်ဆုံး ပါရမီရှင်တစ်ယောက်၏ ခွန်အားကို အဆုံးသတ်တွင် ပြသလိုက်သည်။
သူက သူ၏ ပြိုင်ဘက်များကို သုံးပွဲဆက်တိုက် အေးအေးဆေးဆေးပင် အနိုင်ယူပြခဲ့သည်။
ဤသို့ဖြင့် ရန်လီသည် ပို၍ စိတ်အားတက်ကြွလာခဲ့ပြီး အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်မကုန်ခင်မှာပင် ငါးပွဲဆက်တိုက် အနိုင်ရလဒ်ကို ရရှိခဲ့သည်။
ရန်လီ၏ ခြောက်ယောက်မြောက် ပြိုင်ဘက်မှာ ဌာနခွဲ(၈)မှ ကျန်းရှင်းဝေ ဖြစ်သည်။
ဌာနခွဲ(၈)က ပထမအဆင့် ပြိုင်ပွဲတွင် အဆင့် ၅ နေရာ ရရှိခဲ့သည်မှာ ရှကျီက ကျန်းချန်၏ အနောက်သို့ လိုက်ပါပြီး အမြုတေ အများအပြား ရရှိခဲ့၍သာ ဖြစ်သည်။
ခွန်အားအရ ပြောရလျှင် ကျန်းရှင်းဝေသည် ရန်လီ ယခင်က ရင်ဆိုင်ခဲ့သည့် ပြိုင်ဘက်နှစ်ယောက်ထက် အနည်းငယ်ပို၍ အားနည်းသည်။
ထို့ကြောင့် ရန်လီက သိပ်ပင် အားမစိုက်လိုက်ရဘဲ ကျန်းရှင်းဝေကို အလွယ်တကူပင် အနိုင်ရလိုက်၏။
ချက်ချင်းဆိုသလိုပင် ဌာနခွဲ(၄)မှ ကောင်းကင်အင်မော်တယ် တတိယအဆင့် လူငယ်ပါရမီရှင်သည်လည်း ရန်လီနှင့် အကွက် အနည်းငယ် ရင်ဆိုင်ပြီးနောက်တွင် ရန်လီ၏ လက်ထဲ၌ ရှုံးနိမ့်သွားခဲ့သည်။
ဤသို့ဖြင့် ရန်လီက ဌာနခွဲ ခုနစ်ခုမှ လူငယ်ပါရမီရှင် ခုနစ်ယောက်ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး ခုနစ်ပွဲ ဆက်တိုက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။
အခန်း(၂၇၉၅)ပြီး၏။