← Chapters

အခန်း ၂၇၉၆

Vol. 220 Ch. 2796

အခန်း ၂၇၉၆

Vol. 220 Ch. 2796

အခန်း(၂၇၉၆)

“ကျန်းချန် မင်းအလှည့်‌ရောက်ပြီ.. စင်ပေါ်တက်လာပြီး ငါနဲ့လာတိုက်စမ်း”

ရန်လီက ခုနစ်ပွဲ ဆက်တိုက် အနိုင်ရရှိပြီးသည့် နောက်တွင် စူးရှသော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ စိန်ခေါ်လိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်ရလျှင် လူတိုင်းသည် အတော်လေး စိတ်လှုပ်ရှားလာခဲ့သည်။

ဤနှစ်ယောက်ထဲမှ တစ်ယောက်သည် ဌာနခွဲ(၃)မှ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်ပြီး နောက်တစ်ယောက်ကမူ ဤတစ်ကြိမ် အမည်မဲ့အင်မော်တယ်ညီလာခံ၏ အကြီးမားဆုံး ဖြတ်မြင်း ဖြစ်သည်။

ထိုနှစ်ယောက်တိုက်ပွဲသည် သူတို့အတွက် သံသယဖြစ်စရာမလိုလောက်အောင်ပင် အလွန်တရာ စိတ်လှုပ်ရှားစေခဲ့သည်။

ကျန်းချန်၏ ပုံရိပ်က လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားခဲ့ပြီး ကောင်းကင်ယံထက်ကို တိုက်ရိုက် ဆိုသလို ပျံသန်းသွားခဲ့ကာ ရင်ပြင်ဗဟိုရှိ ဟင်းလင်းပြင်ထဲတွင် ရန်လီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

သူက လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း မထီမဲ့မြင်ပြုံး၍ လှောင်ပြောင်လိုက်သည်။

“ရန်လီ မင်းက ငါ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ အရှုံးသမားတစ်ယောက်ထက် မပိုဘူး.. အရင်က ငါမင်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သလို အခုလည်း မင်းမှာ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး”

“ကျန်းချန် အပိုတွေပြောမနေနဲ့.. ဒီနေ့ ငါမင်းကို သေချာပေါက် အနိုင်ယူပြပြီး တတိယနေရာကို ပြန်ယူပြမယ်”

ရန်လီက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ရွှေရောင်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။

“ဝုန်း..”

ရွှေရောင်ဆေးလုံးကို မျိုချလိုက်သည့် တစ်ခဏဝယ် ရန်လီ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရန်လီ၏ အရှိန်အဝါသည် ကောင်းကင်အင်မော်တယ် တတိယအဆင့် အထွတ်အထိပ်ကို ကျော်ဖြတ်သွားခဲ့ပြီး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားမှသာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

“ဒါက အတားအဆီး ချိုးဖျက် ရွှေဆေးလုံးပဲ”

ထူးခြားသော အမြင်အာရုံနှင့် ဗဟုသုတ ရှိသည့် လူတချို့သည် ထိုဆေးလုံးကို မြင်လျှင် တအံ့တဩ ရေရွတ်လိုက်ကြသည်။

ယင်းကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့သည်မှာ ထင်ရှား၏။

ရန်လီသည် ကျန်းချန်ကို အနိုင်ရရှိရန် အတွက် အတားအဆီးချိုးဖျက် ရွှေဆေးလုံး ကဲ့သို့ အလွန်အမင်း အာနိသင်ပြင်းထန်သည့် ဆေးလုံးကို မျိုချရန်ပင် ဝန်မလေးခဲ့ပေ။

အတားအဆီးချိုးဖျက် ရွှေဆေးလုံးသည် အလွန်တရာ ရှားပါးသော ရွှေအင်မော်တယ်အဆင့် ဆေးလုံးတစ်မျိုး ဖြစ်ပြီး ထိုဆေးလုံး၏ အာနိသင်သည် သောက်သုံးသူကို အချိန်တိုအတွင်း နောက်ထပ် အဆင့်တစ်ဆင့်ဆီ ရောက်ရှိသွားစေမည်ဖြစ်သော်လည်း‌ ဆေးအရှိန် ကုန်သွားသည်နှင့် တစ်ပြိုင်နက် သောက်သုံးသူကို အားအင်ချိနဲ့သည့် ကာလတစ်ခု ဆီသို့ ကျရောက်သွားစေမည် ဖြစ်ပြီး သုံးလကနေ ငါးလအတွင်း ပြန်လည် နာလန်ထူရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ရန်လီက အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့ခြင်း ဖြစ်၏။

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ဖြစ်သည့် လျှို့ဝှက်နယ်မြေထဲတွင် ရန်လီသည် ကျန်းချန်ကို ရှုံးနိမ့်ခဲ့ပြီး သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ကျန်းချန်ကို ယှဥ်ပြိုင်ရန် ခက်ခဲမည်ကို ကောင်းစွာ သိရှိထားခဲ့သည်။

ဤတစ်ကြိမ် ရန်လီ အနေဖြင့် ကျန်းချန်ကို စိန်ခေါ်ဝံ့သည့်အကြောင်းရင်းမှာ အကြီးမားဆုံး အားကိုးရာ ဖြစ်သည့် အတားအဆီးချိုးဖျက် ရွှေဆေးလုံးကြောင့်ပင်။

အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချပြီးနောက်တွင် ရန်လီ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ကို တစ်ခါတည်း ရောက်ရှိသွားခဲ့၏။

ဆိုရလျှင် ရန်လီသည် လော့ကျင်းလင်ထက်ပင် ပို၍ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

ထိုဆေးလုံးကို မူလက ရန်လီသည် လော့ကျင်းလင် သို့မဟုတ် ရီချန်းခွန် တို့နှင့် ရင်ဆိုင်ရန် အတွက် အသုံးပြုဖို့ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ ကျန်းချန်ကို အနိုင်ယူပြီး တတိယ နေရာကို ပြန်လည်ရယူရန် အတွက် ရန်လီသည် အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချလိုက်ရတော့သည်။

“ဒီကောင်လေးဆီမှာ အတားအဆီးချိုးဖျက် ရွှေဆေးလုံးရှိနေပါလား”

သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ဌာနခွဲ(၃)မှ နန်းတော်သခင်ဖြစ်သည့် အရှင်ဟေးယွင်၏ မျက်ဝန်းထဲတွင် တောက်ပသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချလိုက်သည်နှင့် ရန်လီ၏ ခွန်အားအရ လော့ကျင်းလင်ထက်ပင် အားမနည်းတော့ပေ။

ထို့ကြောင့် ရန်လီက ကျန်းချန်ကို အမှန်တကယ် အနိုင်ယူကာ ဌာနခွဲ(၃)၏ တတိယနေရာကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု သူ ထင်ခဲ့၏။

အကယ်၍ ရန်လီအနေဖြင့် ကျန်းချန်ကို အတားအဆီးချိုးဖျက် ရွှေဆေးလုံး၏ အာနိသင်မကုန်ခင် အလျင်အမြန်အနိုင်ယူနိုင်မည် ဆိုလျှင် ရီချန်းခွန်ကို ဆက်လက် စိန်ခေါ်ပြီး ဒုတိယနေရာ အတွက် တိုက်ပွဲဝင်ရန်ပင် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလော။

“ဒုတိယနန်းတော်သခင်မူ.. ရန်လီက အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချလိုက်တယ်.. ဒါက မမျှတတဲ့ ယှဥ်ပြိုင်မှုပဲ”

ထိုမြင်ကွင်းကိုမြင်လျှင် ဌာနခွဲ(၁၈)မှ နန်းတော်သခင် ဖြစ်သည့် အရှင်ယင်ယွဲ့သည် ဟင်းလင်းပြင် အထက်တွင် ရှိနေသည့် ဒုတိယနန်းတော်သခင် မိုကျိချန်ကို အလောတကြီး ပြောလိုက်သည်။

မိုကျိချန် ဘာစကားမျှ မပြောရသေးခင်မှာပင် အရှင်ဟေးယွင်က လှောင်ပြုံး ပြုံးကာ ပြောဆိုလိုက်၏။

“ယင်ယွဲ့.. ဒုတိယအဆင့်ပြိုင်ပွဲမှာ ဆေးလုံးတွေ မျိုမချရဘူးလို့ စည်းမျဥ်းထဲမှာ ပါနေလို့လား”

“ဟေးယွင် ပြောတာမှန်တယ်.. စည်းမျဥ်းထဲမှာ ဆေးဝါး အသုံးမပြုရဘူးလို့ သတ်မှတ်မထားဘူး”

မိုကျိချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် အရှင်ယင်ယွဲ့၏ မျက်နှာအမူအရာက အတော်လေး သုန်မှုန်သွားခဲ့သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ ထိပ်တန်း ပါရမီရှင်များသည် တလော့ အမွေအနှစ်ကို ဆက်ခံထားကြသည့် ပါရမီရှင်များချည်းသာ ဖြစ်သည်။

ထိုကဲ့သို့ ပါရမီရှင်များကြားတွင် ကျင့်စဥ်အဆင့် အနည်းငယ် တက်သွားလျှင်ပင် ခွန်အားက လုံးဝ နှိုင်းယှဥ်၍ မရလောက်အောင် ကွာခြားသွားတတ်သည်။

ယခု ရန်လီက အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချလိုက်ပြီ ဖြစ်သောကြောင့် ရန်လီ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ကြီးတစ်ဆင့် မြင့်တက်သွားခဲ့ပြီး ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အစောပိုင်း ကျင့်ကြံသူ ဖြစ်သည့် လော့ကျင်းလင် ထက်ပင် ပို၍ မြင့်မားသွားခဲ့သည်။

ဤကဲ့သို့ အခြေအနေတွင် ရန်လီကို ရင်ဆိုင်ဖို့ ဆိုသည်မှာ ကျန်းချန်အတွက် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။

“ကျန်းချန် ငါမင်းကို အနိုင်ယူပြီး အဲဒီနေ့က အရှက်တရားကို ဆေးကြောပစ်မယ်”

ရန်လီက အေးစက်စက် ကြုံးဝါးပြီးသည်နှင့် လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်သည်။

သူက တလော့အဆင့် နည်းစနစ် ဖြစ်သည့် ပုံရိပ်တစ်ထောင်ကိုယ်ပွားသိုင်းကို အသုံးပြုကာ ပုံရိပ်ပေါင်း ထောင်ချီကို ဖန်တီးလိုက်၏။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများနှင့်အတူ ပုံရိပ်များစွာသည် အရပ်မျက်နှာ အသီးသီးကနေ ကျန်းချန်ကို တိုက်ခိုက်ရန် ဦးတည်လာခဲ့ကြသည်။

ရန်လီ၏ လက်ရှိ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်စွမ်းအားဖြင့် တလော့အဆင့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ခြင်းသည် သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် အလွယ်တကူ ခုခံရန် ခက်ခဲစေလိမ့်မည် ဖြစ်သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် အပြာရောင်ဧကရာဇ်ဓားကွက် ထဲမှ လူသားအဖြစ်ပြောင်းလဲစေသောဓားကွက်ကို ဆက်တိုက် ဆိုသလို ထုတ်ဖော်လိုက်သည်။

“ရွှစ်..”

“ရွှစ်..”

ကျန်းချန်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ် ဓားအလင်းတန်းများသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ဓားအလင်းဖြတ်သန်းသွားသော နေရာတိုင်းရှိ ရန်လီ၏ ပုံရိပ်များသည် ချက်ချင်းဆိုသလိုပင် ဘာမျှ မကျန်ရှိသည်အထိ ချေမှုန်းခံလိုက်ရသည်။

လက်ဖျောက်တစ်ချက်တီးစာ အချိန်အတွင်းမှာပင် ရန်လီ၏ ကိုယ်ပွား ပုံရိပ်များသည် ကျန်းချန်၏ လက်ထဲတွင် လုံးဝ ပြိုကွဲသွားခဲ့သည်။

“ရန်လီ မင်းက အတားအဆီချိုးဖျက် ရွှေဆေးလုံး တစ်လုံးကို မျိုချလိုက်ရုံနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေရင်တော့ သိပ်ကို စိတ်ကူးယဥ်လွန်းရာ ကျနေပြီ”

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တွင်ရှိသည့် အင်မော်တယ်အဆီအနှစ် စွမ်းအားများသည် ကျန်းချန်ဆီသို့ ချက်ချင်းဆိုသလို စုဝေးလာခဲ့ပြီး အဆုံးသတ်တွင် အနက်ရောင်စည်းတံဆိပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အင်မော်တယ်ဝိညာဥ်များကို ဖျက်ဆီးခြင်း”

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်၏ ပထမစည်းတံဆိပ်ကို ထုတ်ဖော်ကာ ရန်လီကို တိုက်ခိုက်လိုက်သည်။

ရန်လီက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျယ်လောင်စွာ မာန်သွင်း၍ ကြုံးဝါးလိုက်ကာ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ထိုခဏဝယ် သူ၏ ကျောဘက်တွင် ကြီးမားသော အနက်ရောင် ဓားမြှောင်ပုံရိပ် တစ်ခု ဖြစ်ပေါ်လာခဲ့၏။

“နတ်ခန္ဓာပုံရိပ်.. အမှောင်ကောင်းကင်ဓားမြှောင်”

ရန်လီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

အနက်ရောင်ဓားမြှောင်သည် အရာအားလုံးကို ချက်ချင်းဆိုသလို ဖောက်ထွက်သွားခဲ့ပြီး ကျန်းချန်၏ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးသည် အရောင်မှိန်သွားခဲ့ပြီး နေနှင့်လသည်ပင် ဗြောင်းဆန်သွားခဲ့သည်။

အမည်မဲ့အင်မော်တယ် မြို့တော်၏ အထက် ကောင်းကင်ယံ တစ်ခုလုံးသည် တစ်ခဏအတွင်း ကမောက်ကမ ဖြစ်သွားခဲ့၏။

အရာအားလုံး ပြန်လည် ငြိမ်သက်သွားသောအခါတွင် ကျန်းချန်သည် ဟင်းလင်းပြင် အထက်တွင် ဝင့်ကြွားစွာ ရပ်နေဆဲဖြစ်ပြီး အဝတ်အစား အနားသတ်များ ပင်လျှင် အကောင်း ပကတိ အတိုင်း ရှိနေခဲ့သည်။

တစ်ဖက်တွင်မူ ရန်လီသည် ခန္ဓာကိုယ် တစ်ခုလုံး သွေးများစွန်းပေနေခဲ့ပြီး အရှိန်အဝါကလည်း အတော်လေး အားနည်းနေခဲ့သည်။

“ရန်လီ ရှုံးနိမ့်သွားပြီလား”

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် အထိ မြှင့်တင်ထားသော ရန်လီသည် ကျန်းချန်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

“ဒီကောင်က တကယ်ကို သန်မာလွန်းတာပဲ”

ကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်ရင်း လော့ကျင်းလင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်လီသည် ဌာနခွဲ(၃)၏ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ပြီး ပါရမီအရာတွင် ဖြစ်စေ၊ ခွန်အားအရာတွင်ဖြစ်စေ၊ သူနှင့်သိပ်မကွာပေ။

အစောပိုင်းက အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချလိုက်သည့်အတွက် ရန်လီသည် ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့် အထွတ်အထိပ်ကို တစ်ထိုင်တည်း ရောက်ရှိသွားခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် ရှိနေသည့် ရန်လီကို ရင်ဆိုင်ရလျှင် လော့ကျင်းလင် ပင်လျှင် အနိုင်ရဖို့ ဆိုသည်မှာ လုံးဝကို မလွယ်ကူသောကိစ္စ ဖြစ်၏။

သို့သော်လည်း ဌာနခွဲ(၁၈)မှ ဖြတ်မြင်းကျန်းချန်ကမူ ရန်လီကို တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူနိုင်ခဲ့သည်။

ဆိုရလျှင် ကျန်းချန်သည် ဤပြိုင်ပွဲတွင် သူရင်ဆိုင်ရမည့် အကြီးမားဆုံး ပြိုင်ဘက် ဆိုသည်မှာ သေချာသလောက် ရှိသွားခဲ့ချေပြီ။

အကယ်၍ သူသာ အနည်းငယ် ပေါ့ဆမိမည် ဆိုလျှင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁) ဟူသော ဂုဏ်ပုဒ်သည် ပိုင်ရှင် ပြောင်းသွားလိမ့်မည် မဟုတ်ပါလော။

အခန်း(၂၇၉၆)ပြီး၏။

All Chapters