အခန်း ၂၇၉၇
Vol. 220 Ch. 2797
အခန်း(၂၇၉၇)
ဟင်းလင်းပြင်ထက်မှ မြင်ကွင်းသည် ရင်ပြင်ထဲရှိ ကြည့်ရှုသူများကို အံ့ဩတုန်လှုပ်စေရုံသာမက အမည်မဲ့အင်မော်တယ် နန်းတော်မှ တလော့အဆင့် အင်မော်တယ်များကိုပင် မှင်တက်သွားစေခဲ့ပြီး တစ်ခဏမျှ သတိမဝင်နိုင် ဖြစ်သွားစေခဲ့သည်။
သူတို့၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် ကျန်းချန် ထုတ်ဖော်လိုက်သည့် စည်းတံဆိပ်သည် တလော့အဆင့်နည်းစနစ်ကို ကျော်လွန်နေမှန်း မြင်နိုင်ရန် မခက်ခဲပေ။
ထို့ကြောင့် ကျန်းချန် ထုတ်ဖော်လိုက်သည့် စည်းတံဆိပ်သည် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သည်မှာ သေချာသလောက် ရှိနေခဲ့၏။
လေထုထဲတွင်မူ ကျန်းချန်သည် အထက်စီးဆန်သော အမူအရာဖြင့် ရန်လီကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။
“ရန်လီ မင်းဆက်တိုက်ဦးမှာလား”
“ငါအရှုံးပေးပါတယ်”
ရန်လီ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး အရှုံးပေးရန်က လွဲ၍ သူ့တွင် အခြား ရွေးချယ်စရာမရှိတော့ပေ။
ကျန်းချန်၏ စည်းတံဆိပ်ကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားဖူးမှသာ ထိုစည်းတံဆိပ် မည်မျှ အစွမ်းထက်မှန်း သိရှိနိုင်မည် ဖြစ်သည်။
သူ့အနေဖြင့် အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်အထိ မြှင့်တင်ခဲ့သည့်တိုင် ကျန်းချန်က စည်းတံဆိပ် တစ်ခုတည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သောကြောင့် ဆက်လက် ယှဥ်ပြိုင်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။
ဆိုရလျှင် ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးသည်နှင့် ဘာမှမခြားပေ။
“ရန်လီက ဒီလိုမျိုး ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ရန်လီ အရှုံးပေးလိုက်သည်ကိုမြင်လျှင် ရင်ပြင်အတွင်းရှိ လူအများအပြားသည် ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်ကြသည်။
ဌာနခွဲ(၃)မှ ရန်လီနှင့် ဌာနခွဲ(၁၈)မှ ဖြတ်မြင်းကျန်းချန် တို့၏ တိုက်ပွဲသည် အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းလိမ့်မည်ဟု မူလက သူတို့ ထင်မှတ်ခဲ့ကြ၏။
သို့သော်လည်း ရန်လီက အတားအဆီးချိုးဖျက် ရွှေဆေးလုံးကို မျိုချခဲ့သည့်တိုင် ကျန်းချန်၏ တိုက်ကွက် တစ်ကွက်တည်းဖြင့် အပြင်းအထန် ထိုးနှက်ခံရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ကျန်းချန်၏ ခွန်အားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဆယ်ယောက်စာရင်းဝင် လော့ကျင်းလင် ထက်ပင် မည်သို့မျှ မနိမ့်ကျနိုင်ချေ။
ရန်လီ အရှုံးပေးလိုက်ပြီးနောက်တွင် ပြိုင်ပွဲက အဆုံးသတ်သွားခဲ့ပြီး ဌာနခွဲ(၃)သည် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
နောက်ထပ် ပြိုင်ပွဲများကမူ ရန်လီ၏ ပြိုင်ပွဲများနှင့် ယှဥ်လျှင် သာမန် ပြိုင်ပွဲများသာ ဖြစ်သည်။
စိန်ခေါ်သူ အများစုသည် သူတို့ထက် အဆင့်မြင့်သည့်ပြိုင်ဘက်များကို အနိုင်ယူရန် ခက်ခဲနေခဲ့ကြသည်။
ဌာနခွဲ(၇)မှ ပါရမီရှင် လူငယ်တစ်ယောက်သည် သူ၏ ပြိုင်ဘက်ကို အနိုင်ယူပြီး ဌာနခွဲ(၇)၏ အဆင့်ကို မြှင့်တင်နိုင်ခဲ့သည်က လွဲ၍ ကျန်ကျင့်ကြံသူ အားလုံးနီးပါးသည် ကျရှုံးမှုဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။
မသိလိုက် မသိဘာသာဖြင့်ပင် ကျန်းချန် စိန်ခေါ်ရမည့် အလှည့်ကို ရောက်ရှိလာခဲ့သည်။
ဌာနခွဲ(၁၈)သည် ပထမအဆင့် ပြိုင်ပွဲတွင် တတိယနေရာကို ရရှိထားသောကြောင့် ကျန်းချန် စိန်ခေါ်ရမည့်သူမှာ နှစ်ယောက်သာ ရှိသည်။
ထိုနှစ်ယောက်မှ ဌာနခွဲ(၂)မှ ရီချန်းခွန်နှင့် ဌာနခွဲ(၁)မှ လော့ကျင်းလင်တို့ ဖြစ်သည်။
ကျန်းချန်က ရင်ပြင်ဗဟိုရှိ ဟင်းလင်းပြင်ကို ပျံသန်းလာခဲ့ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း ရီချန်းခွန်နှင့် လော့ကျင်းလင် တို့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
ထိုအချင်းအရာကို မြင်လျှင် ရီချန်းခွန်၏ ပုံရိပ်သည် တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ ကျန်းချန်၏ ရှေ့တွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။
သူက တစ်ဖက်မှ ကျန်းချန်ကို ကြည့်ကာ မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။
“ကျန်းချန် မင်းရဲ့ခွန်အားက အနည်းငယ်အံ့ဩဖို့ ကောင်းတယ် ဆိုပေမဲ့ ငါ့ဆီကနေတော့ ဒုတိယနေရာကို လုယူနိုင်မှာမဟုတ်ဘူး”
“ရီချန်းခွန်.. မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ရီချန်းခွန်ကို အေးစက်စက်ကြည့်လိုက်သည်။
“ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်.. လော့ကျင်းလင်ကိုပါ တစ်ခါတည်း ခေါ်လိုက်ပါ.. မင်းတို့နှစ်ယောက်စလုံး အတူတူ တစ်ခါတည်း တက်လာခဲ့”
ကျန်းချန်၏ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
လူတိုင်းက ကောင်းကင်ယံရှိ ကျန်းချန်ကို မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။
ရီချန်းခွန်နှင့် လော့ကျင်းလင်တို့ ဆိုသည်မှာ အမည်မဲ့အင်မော်တယ် နန်းတော်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၏။
အထူးသဖြင့် လော့ကျင်းလင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ နာမည်ကျော် ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး သူနှင့် ယှဥ်နိုင်သူမှာ အလွန်တရာပင် နည်းပါးသည်။
သို့သော်လည်း ကျန်းချန်သည် ယခုအခါတွင် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရန် စိန်ခေါ်နေသည် ဖြစ်ရာ ယင်းမှာ အတော်လေး လွန်လွန်းနေသည် မဟုတ်ပါလော။
အကယ်၍ ကျန်းချန်သာ လော့ကျင်းလင်နှင့် ရီချန်းခွန်တို့ နှစ်ယောက်စလုံးကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့မည် ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင်ဆယ်ယောက် ထဲတွင် ကျန်းချန်နှင့် ယှဥ်နိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်သော ပမာဏသာ ရှိပေတော့မည်။
“ကျန်းချန် ကိုယ့်ကိုယ်ကို ဘဝင်မြင့်မနေနဲ့.. မင်းကို အနိုင်ယူဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”
ကျန်းချန်က သူ့ကို ဤမျှအထိ အထင်သေးသည်ကို မြင်လိုက်ရလျှင် ရီချန်းခွန်၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။
သို့သော်လည်း ထိုအချိန်မှာပင် လော့ကျင်းလင်၏ ပုံရိပ်သည် ကောင်းကင်ယံကို ပျံသန်းလာခဲ့ပြီး ရီချန်းခွန်၏ နံဘေးကို ရောက်ရှိလာခဲ့သည်။
ရီချန်းခွန်က မျက်နှာအနည်းငယ် ပျက်သွားခဲ့၏။
“လော့ကျင်းလင်.. ငါနဲ့ ကျန်းချန်တို့ရဲ့ တိုက်ပွဲကြားမှာ မင်းဝင်လာတာက ဘာသဘောလဲ”
“ဘာသဘောမှ မဟုတ်ပါဘူး”
လော့ကျင်းလင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ညီနောင်ကျန်းချန်က မင်းနဲ့ ငါ့ကို တစ်ပြိုင်နက်တည်း စိန်ခေါ်ချင်နေမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးမလို့ပါ”
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင်ဆယ်ယောက် ထဲမှ တစ်ယောက် အနေဖြင့် လော့ကျင်းလင်သည် အတော်လေး မာနကြီးသူတစ်ဦး ဖြစ်သည်။
မူလက လော့ကျင်းလင်သည် ကျန်းချန်ကို တိုက်ခိုက်ရန်အတွက် ရီချန်းခွန်နှင့် ပူးပေါင်းမည့် အစီအစဥ် မရှိခဲ့ပေ။
သို့သော် ဆရာဖြစ်သူ တလော့အင်မော်တယ်သည် သူ့ကို ရီချန်းခွန်နှင့် ပူးပေါင်းတိုက်ခိုက်ရန် စိတ်ချင်းဆက်သွယ်၍ ပြောဆိုခဲ့သောကြောင့် လော့ကျင်းလင်က အဆုံးသတ်တွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ကျန်းချန်သည် အတော်လေး သန်မာသူ တစ်ယောက် ဖြစ်သည်။
အကယ်၍ တစ်ယောက်ချင်းသာ ရင်ဆိုင်ရမည် ဆိုလျှင် လော့ကျင်းလင်သည် ကျန်းချန်ကို အနိုင်ယူနိုင်မည်ဟု အမှန်တကယ် ယုံကြည်ချက် မရှိပေ။
ပြိုင်ပွဲတွင် ဘာမဆို ဖြစ်လာနိုင်သောကြောင့် ရီချန်းခွန်နှင့် ပူးပေါင်းခြင်းသည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် အကောင်းမွန်ဆုံး ရွေးချယ်မှု ဖြစ်သည် မဟုတ်ပါလော။
“လော့ကျင်းလင်.. ကျန်းချန်ကို အနိုင်ယူဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်.. မင်း ဝင်ပါစရာမလိုဘူး”
စကားဆုံးသည်နှင့် ရီချန်းခွန်သည် ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများကို လှုံ့ဆော်ကာ လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်၍ ကျန်းချန်ကို ဝိုင်းရံပိတ်ဆို့ရန် အတွက် ကြီးမားသော မီးလျှံအစီအရင် တစ်ခုကို ဖန်တီးလိုက်သည်။
ကျန်းချန်က လက်ချောင်းမှ ဓားစွမ်အားဖြင့် ပစ်ခတ်လိုက်ရာ မီးလျှံအစီအရင်သည် ဟင်းလင်းပြင်ထဲတွင် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့၏။
ကျန်းချန်၏ လက်ညှိုးမှ ထွက်ပေါ်လာသော ဓားစွမ်းအား၏ တိုက်ခိုက်မှု အရှိန်အဟုန်အောက်တွင် ရီချန်းခွန်သည်ပင် ဟင်းလင်းပြင်ထဲတွင် နောက်သို့ ခြေနှစ်လှမ်း သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
“တွေ့ပြီလား.. သူက မင်းထင်ထားတာထက် အများကြီး ပိုသန်မာတယ်”
လော့ကျင်းလင်က ရီချန်းခွန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလဲ သူ့ကို တစ်ယောက်တည်း ဆက်တိုက်ဦးမှာလား”
ရီချန်းခွန်က ဘာစကားမျှ ပြန်မပြောတော့ပေ။
အစောပိုင်းက ကျန်းချန်နှင့် တိုက်ခိုက်မှုတွင် ရီချန်းခွန်သည် သူနှင့် ကျန်းချန် ကြားမှ ကွာဟချက်ကို ကောင်းစွာ နားလည်သွားခဲ့သည်။
အကယ်၍ သူသာ လော့ကျင်းလင်နှင့် မပူးပေါင်းလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝရှိမည် မဟုတ်ချေ။
“ကျန်းချန်.. ငါလော့ကျင်းလင်ရဲ့ သက်တမ်းမှာ ပါရမီရှင်အများအပြား တွေ့ခဲ့ဖူးတယ်.. ဒါပေမဲ့ မင်းကတော့ ငါ့ကို အထင်ကြီးစေတဲ့ ပထမဆုံးလူပဲ.. ဒီနေ့တော့ ငါက ရီချန်းခွန်နဲ့ပူးပေါင်းပြီး မင်းနဲ့ တိုက်ခိုက်မယ်”
လော့ကျင်းလင်၏ စကားဆုံးသည်နှင့် အနှိုင်းမဲ့သန့်စင်သော မိုးကြိုးအလင်းတန်းများ ရစ်သိုင်းနေသည့် ရွှေရောင်လက်ဝါးတစ်ဖက်သည် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်လက်ဖဝါးပေါ်တွင် ချွေးပေါက်များနှင့် အရေးအကြောင်းများပင် ထင်ရှားစွာ ရှိနေခဲ့ပြီး မိုးကြိုးနတ်ဘုရား၏ လက်ဖဝါးနှယ် ဖြစ်နေခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးလျှပ်စီးများသည် ဟင်းလင်းပြင်ကို စုတ်ဖြဲပစ်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော အသံများကို ထွက်ပေါ်လာစေခဲ့သည်။
“မဟာနေမင်းမိုးကြိုးလက်ဝါးသိုင်း”
လော့ကျင်းလင်က ကျန်းချန်ကို စတင် တိုက်ခိုက်လိုက်သည်နှင့် ဌာနခွဲ(၁)၏ နာမည်ကျော် တလော့နည်းစနစ် ဖြစ်သည့် မဟာနေမင်းမိုးကြိုးလက်ဝါးသိုင်းကို အသုံးပြုလိုက်သည်။
“ဝုန်း..”
ဤလက်ဖဝါးရိုက်ချက်အောက်တွင် ကောင်းကင်ယံက ပြိုကျသွားသလိုပင်။
အမည်မဲ့အင်မော်တယ်မြို့တော်၏ အထက်ကောင်းကင်ယံတစ်ခုလုံးသည် ကြီးမားသော ရွှေရောင်လက်ဖဝါးကြောင့် ဖိနှိပ်ခံလိုက်ရသလို ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ လင်းလက်သွားခဲ့ကာ ဟင်းလင်းပြင်ထဲတွင် ကြီးမားသော တွင်းပေါက်ကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်ယံရှိ ကြောက်မက်ဖွယ် မိုးကြိုးအလင်းတန်းများကြောင့် ရင်ပြင်ထဲမှ မရေမတွက်နိုင်သော ကြည့်ရှုသူများသည် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
လော့ကျင်းလင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်၏။
သူ၏ ခွန်အားက အမှန်တကယ်ပင် သန်မာလွန်းနေခဲ့သည်။
လော့ကျင်းလင် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ရီချန်းခွန်သည်လည်း တုံ့ဆိုင်းမနေခဲ့ပေ။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ရွှေ၊သစ်သား၊ ရေ၊ မီး၊ မြေ ဟူသည့် မတူကွဲပြားသော စည်းတံဆိပ်ငါးခုသည် ဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့သည်။
ထိုစည်းတံဆိပ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားခဲ့ပြီး ကြီးမားသော မီးလျှံဘီး ငါးခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် လည်ပတ်နေခဲ့သည်။
ဤသည်မှာ ဌာနခွဲ(၂)၏ တလော့အဆင့် နည်းစနစ် ဖြစ်သည့် ဒြပ်ငါးပါး မီးလျှံအင်မော်တယ် အစီအရင် ဖြစ်သည်။
အခန်း(၂၇၉၇)ပြီး၏။