အခန်း ၂၇၉၈
Vol. 220 Ch. 2798
အခန်း(၂၇၉၈)
လော့ကျင်းလင်နှင့် ရီချန်းခွန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာက တည်ငြိမ်မှုရှိနေဆဲပင်။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကောင်းကင်ဘုံ၏ အထွတ်အထိပ် စွမ်းအားများ ကိန်းအောင်းနေသည့် စည်းတံဆိပ်တစ်ခုသည် ဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့သည်။
“တောင်တန်းနှင့်မြစ်ချောင်းများ ပြိုလဲပျက်စီးခြင်း”
ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်ကို ထုတ်ဖော်ကာ လော့ကျင်းလင်တို့၏ အစွမ်းထက် တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကြီးမားသော မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးသည် ကောင်းကင်ယံထက်ကို မြင့်တက်သွားခဲ့သည်။
မိုင်ပေါင်းရာချီ အကွာအဝေးတွင်ရှိသည့် ဟင်းလင်းပြင်သည်ပင် သူတို့သုံးဦး၏ တိုက်ပွဲကနေ ထွက်ပေါ်လာသည့် နောက်ဆက်တွဲ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်းပြတ်ကာ ပြိုကွဲသွားခဲ့သည်။
လော့ကျင်းလင် ထံကနေ ညည်းညူသံ တစ်ချက် ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် မီတာရာချီ နောက်ပြန် လွင့်စင်သွားခဲ့ကာ သူ၏ မျက်နှာသည်လည်း တစ်ခဏအတွင်း အတော်လေး ဖြူဖျော့သွားခဲ့သည်။
ရီချန်းခွန်၏ အခြေအနေကမူ လော့ကျင်းလင် ထက်ပင် ပိုမို ဆိုးရွားနေခဲ့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အကောင်းပကတိ အတိုင်း ရှိနေသော နေရာ ဟူ၍ တစ်နေရာမျှ မရှိတော့ပေ။
ခန္ဓာကိုယ် တစ်ခုလုံးက သွေးများဖြင့် ပေပွနေခဲ့ပြီး သွေးလူသားတစ်ယောက်နှယ် ဖြစ်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ် အတွင်းရှိ အရိုးနှင့်ကြွက်သားများသည် အတော်လေး ကျိုးပဲ့ ပျက်စီးသွားခဲ့သည်။
အရေပြားများက ကွဲအက်နေခဲ့ပြီး အသားများကလည်း လန်ထွက်နေခဲ့ကာ အတွင်းမှ ရွှေရောင်သွေးနှင့် အရိုးများကိုပင် မြင်နေရပြီ ဖြစ်သည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ရင်ပြင်တစ်ခုလုံးသည် တစ်ခဏအတွင်း တစပြင်နှယ် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
လော့ကျင်းလင်နှင့် ရီချန်းခွန် တို့ကို နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရသည့်တိုင် ကျန်းချန်သည် စည်းတံဆိပ် တစ်ခုတည်းဖြင့် ထိုနှစ်ယောက်လုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ဤကဲ့သို့ ခွန်အားမျိုးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့ချေပြီ။
“ဒီကောင့်ရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ”
ရီချန်းခွန်က သူ၏ ဒဏ်ရာများကို သက်သာစေရန် အတွက် ကုသရေးဆေးလုံး တစ်လုံးကို အလျင်အမြန် မျိုချလိုက်ရသော်လည်း မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာ ရှိနေဆဲပင်။
သူနှင့် လော့ကျင်းလင်တို့ နှစ်ယောက်လုံးသည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းရည် ရှိသည့် အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြပြီး နှစ်ယောက်စလုံးသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားများ ရှိကြသည်။
သူတို့နှစ်ယောက် ပူးပေါင်းလိုက်လျှင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကို ရင်ဆိုင်ရန်ပင် ကောင်းစွာ လုံလောက်၏။
သို့တိုင် သူတို့သည် ကျန်းချန်၏ စည်းတံဆိပ် တစ်ခုအောက်မှာပင် ရှုံးနိမ့်သွားခဲ့ရသည်။
လော့ကျင်းလင်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏ မျက်နှာအမူအရာက အလွန်အမင်း လေးနက်နေခဲ့၏။
“ကျန်းချန်.. မင်းရဲ့ခွန်အားက ငါထင်ထားတာထက်တောင် သာလွန်နေတာပဲ.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှာတောင် မင်းကို ယှဥ်နိုင်တဲ့သူက သုံးယောက်ထက် မပိုနိုင်လောက်ဘူး”
လော့ကျင်းလင်က ကျန်းချန်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဌာနခွဲ(၁)ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အတွက် ငါ ဒီနေ့မင်းကို အစွမ်းကုန် တိုက်ခိုက်ပြီး အနိုင်ယူမယ်”
စကားဆုံးသည်နှင့် အနက်ရောင်ရွှေဖြင့် သွန်းလုပ်ထားပြီး မရေမတွက်နိုင်သော မိုးကြိုးအလင်းတန်းများ လင်းလက်နေသည့် မိုးကြိုး ဓားတစ်လက်သည် လော့ကျင်းလင်၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုမိုးကြိုးဓားသည် ဆယ်ပေခန့် ရှည်လျားပြီး ဓားသွားပေါ်တွင် ဆန်းကြယ်သော မိုးကြိုး သင်္ကေတများလည်း ရှိနေခဲ့၏။
မိုးကြိုးဓားက လော့ကျင်းလင်၏ လက်ထဲကို ရောက်ရှိသွားသည်နှင့် လော့ကျင်းလင်၏ အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် မြင့်တက်သွားခဲ့သည်။
“ဒါက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ အထွတ်အထိပ် အင်မော်တယ် လက်နက် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မိုးကြိုးအကျဥ်းထောင် နဂါးဓားပဲ”
မိုးကြိုးအကျဥ်းထောင် နဂါးဓားသည် အမည်မဲ့အင်မော်တယ်နန်းတော်မှ ဌာနခွဲ(၁)၏ ရတနာတစ်ပါး ဖြစ်သလို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ နာမည်ကျော် အင်မော်တယ်လက်နက် ဆယ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်။
ယင်းမှာ အလွန်ပင် အစွမ်းထက်သည့် သတ်ဖြတ်ရေးလက်နက်တစ်ခု ဆိုလည်းမမှားပေ။
မိုးကြိုးအကျဥ်းထောင် နဂါးဓား၏ အဆင့်သည် ဘုရင်အဆင့်ကို မရောက်သေးသော်လည်း သာမန် တလော့အဆင့် လက်နက်များထက် အဆများစွာ ပို၍ အစွမ်းထက်သည်။
ယခုအခါ လော့ကျင်းလင်က မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထုတ်သုံးလိုက်ပြီ ဖြစ်ရာ ကျန်းချန်အတွက် အန္တရာယ် ရှိလာခဲ့ချေပြီ။
“ဒါက ဘယ်လို အင်မော်တယ်လက်နက်မျိုးလဲဟ”
လော့ကျင်းလင်၏ လက်ထဲမှ မိုးကြိုးဓားကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
လော့ကျင်းလင်၏ လက်ထဲမှ မိုးကြိုးဓားသည် သူယခင်က မြင်ဖူးခဲ့သည့် မည်သည့် တလော့အဆင့် လက်နက်များထက်မဆို ပိုမို၍ အစွမ်းထက်နေခဲ့ပြီး တလော့အဆင့်ထက်ပင် မသိမသာ ကျော်လွန်နေခဲ့သည်။
“ကျန်းချန် သတိထား.. ဒီလက်နက်က မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေရဲ့ နာမည်ကျော် အင်မော်တယ်လက်နက် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မိုးကြိုးအကျဥ်းထောင်နဂါးဓားပဲ.. ဒါက တလော့အဆင့်လက်နက်ထက် သာလွန်တဲ့ထိုက်ယီအဆင့် အင်မော်တယ်လက်နက်ပဲ”
ထိုအချိန်တွင် အရှင်ယင်ယွဲ့၏ အသံလှိုင်းသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ထိုက်ယီအဆင့် အင်မော်တယ်လက်နက်လား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူသိထားသလောက် ဆိုလျှင် တလော့အင်မော်တယ်အဆင့်အထက်တွင် အင်မော်တယ်ဘုရင်အဆင့်သာ ရှိသည်။
သို့ဖြစ်ရာ တလော့အဆင့် လက်နက်အထက်တွင် ရှိသည့် လက်နက်သည် ဘုရင်အဆင့် အင်မော်တယ် လက်နက်သာ ဖြစ်သင့်သည် မဟုတ်ပါလော။
အဘယ်ကြောင့် ထိုက်ယီအဆင့် အင်မော်တယ် လက်နက် ဆိုသည်က ရုတ်တရက် ပေါ်လာရပါသနည်း။
“ဝုန်း..”
ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် မိုးကြိုးအကျဥ်းထောင် နဂါးဓားဆီကနေ အင်မော်တယ်စွမ်းအင် အရှိန်အဝါများက ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မိုးကြိုးအကျဥ်းထောင်နဂါးဓား ထံကနေ ကြောက်မက်ဖွယ် ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး အဆုံးသတ်တွင် ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေသော မိုးကြိုးနဂါး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
မိုးကြိုးနဂါးကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရွှေရောင်မိုးကြိုးများဖြင့် ဖွဲ့စည်းထားသည်။
ထိုမိုးကြိုးနဂါးကြီးသည် မိုးကြိုးများ လင်းလက်နေသည့် ရွှေရောင်နဂါး မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်၏။
ဤအကြည့်က အလွန်ပင် အေးစက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားများလည်း ပါဝင်နေခဲ့သည်။
“ဂရား..”
ကျယ်လောင်သော နဂါးဟိန်းသံက ကောင်းကင်နှင့်မြေကြီးကြားတွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ကိုင်ဆွဲထားသည့် လော့ကျင်းလင်၏ ပတ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးများ ဝန်းရံနေခဲ့သည်။
သူ၏ မျက်နှာအမူအရာက ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်း အမူအရာများ မရှိဘဲ တည်ကြည် လေးနက်နေခဲ့၏။
ပေသုံးထောင်ခန့် ရှည်လျားသည့် ကြီးမားသော နဂါးကြီးသည် သူ၏ ဦးခေါင်းအထက်တွင် ဝဲပျံနေခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ထားခဲ့သည်။
“ကျန်းချန်.. မိုးကြိုးအကျဥ်းထောင်နဂါးဓားကို တစ်ခါ ထုတ်သုံးလိုက်တာနဲ့ ရှင်မလား သေမလား ဆိုတာ ခန့်မှန်းလို့မရဘူး.. မင်း အရှုံးပေးမယ်ဆိုရင် အခုအချိန်က နောက်မကျသေးဘူး”
လော့ကျင်းလင်က အေးစက်စက် ပြောလိုက်သည်။
သူ၏ စကားလုံးတိုင်းတွင် မိုးကြိုးစွမ်းအားများ ကိန်းအောင်းနေခဲ့ပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
ရင်ပြင်ရှိ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော လူအများအပြားသည် လော့ကျင်းလင်၏ စကားသံကြောင့် ထိတ်လန့်သွားကြပြီး မျက်နှာများပင် ဖြူဖျော့ကုန်ကြသည်။
မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထုတ်သုံးလိုက်သည့် လော့ကျင်းလင်သည် ယခုအခါတွင် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ချေပြီ။
သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် လက်ရှိအချိန်၌ သူ့ကို ကြောက်ရွံ့ရလိမ့်မည် ဖြစ်သည်။
“လုပ်စမ်းပါ.. မင်းရဲ့ မိုးကြိုးအကျဥ်းထောင်နဂါးဓား အစွမ်းကို ငါလည်း မြင်ဖူးချင်နေတာနဲ့ အတော်ပဲ”
ကျန်းချန်က လော့ကျင်းလင်ကို လုံးဝ ဂရုမစိုက်သကဲ့သို့ မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ထိုအခိုက်အတန့်တွင် လော့ကျင်းလင်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ပါးစပ်ကနေ ကျယ်လောင်စွာ ကြုံးဝါသံ ထွက်ပေါ်လာခဲ့သည်။
“မိုးကြိုးအကျဥ်းထောင်နဂါးဓား.. ပိုင်းဖြတ်စမ်း”
“ဝုန်း..”
လော့ကျင်းလင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ မိုးကြိုးအကျဥ်းထောင် နဂါးဓားဖြင့် ပိုင်းချလိုက်ရာ သူ၏ ဦးခေါင်းအထက်တွင် ပျံဝဲနေသည့် ရှည်လျားသော မိုးကြိုးနဂါးကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေလောက်သည့် နဂါးဟိန်းသံကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ယံရှိ မိုင်ပေါင်းထောင်ချီ ဧရိယာကို တုန်ခါသွားစေခဲ့သည်။
ကောင်းကင်နှင့်မြေကြီးက ပြိုလဲမတတ် ဖြစ်သွားခဲ့ပြီး ဟင်းလင်းပြင်သည်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။
အမည်မဲ့အင်မော်တယ် မြို့တော်၏ ကြည်လင်နေသော ကောင်းကင်ယံသည် တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားခဲ့၏။
ထိုခဏဝယ် ပေသုံးထောင်ခန့် ရှည်လျားသော မိုးကြိုးနဂါးကြီးသည် ပေသုံးထောင်ခန့် ရှည်လျားသည် ဓားအလင်းတန်း အဖြစ်သို့ တိုက်ရိုက်ဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံကို ဖြတ်ကျော်သွားခဲ့သည်။
ဓားအလင်းတန်းကြောင့် ဟင်းလင်းပြင်ထဲ၌ အက်ကြောင်းကြီး တစ်ခု ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး ထိုအက်ကြောင်းသည် နတ်ဘုရား၏ မျက်လုံးကဲ့သို့ အလွန်တရာ နက်ရှိုင်းကာ တခြားကမ္ဘာများနှင့် ဆက်သွယ်ထားသလိုပင် ဖြစ်နေခဲ့၏။
ဤဓားချက်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ရွှေအင်မော်တယ်အဆင့် မဟုတ်လျှင် မည်သူမျှ ယှဥ်နိုင်မည်မဟုတ်ပေ။
သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူပင်လျှင် ဤမိုးကြိုးအကျဥ်းထောင် နဂါးဓား၏ ဓားအလင်းတန်းကို ထိတွေ့မိသည်နှင့် ချက်ချင်းဆိုသလို ပြာမှုန် အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။
“ဝုန်း..”
မြို့တော်၏ ကောင်းကင်ယံထက်တွင် ယခုအချိန်၌ ပေသုံးထောင်ခန့် ရှည်လျားသည့် ဓားအလင်းတန်း တစ်ခုထဲသာ ရှိနေသကဲ့သို့ပင်။
ဓားအလင်းတန်းက အောက်ဘက်သို့ မကျလာသေးသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါဖိအားများသည် ကျန်းချန်၏ ပတ်ပတ်လည်ရှိ ပေတစ်ထောင် ဧရိယာကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
သာမန် အင်မော်တယ်များ ဆိုလျှင် ထိုဓားအလင်းတန်း၏ အရှိန်အဝါ ဖိအားအောက်တွင် လုံးဝ လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။
“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ ထိပ်တန်းအင်မော်တယ် လက်နက် ဆယ်ခုထဲက တစ်ခုဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို ကြောက်စရာပဲ”
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့အားသင့်ကာ ရေရွတ်လိုက်ကြသည်။
ဤဓားချက်ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ မျိုးဆက်သစ် ထိပ်တန်း ပါရမီရှင်များ ထဲတွင် မည်သူကမှ အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
အခန်း(၂၇၉၈)ပြီး၏။