← Chapters

အခန်း ၂၇၉၉

Vol. 220 Ch. 2799

အခန်း ၂၇၉၉

Vol. 220 Ch. 2799

အခန်း(၂၇၉၉)

လော့ကျင်းလင်၏ လုပ်ဆောင်မှုအောက်တွင် မိုးကြိုးအကျဥ်းထောင်နဂါးဓား၏ စွမ်းအားသည် တစ်ခဏအတွင်း အမည်မဲ့အင်မော်တယ်မြို့တော်၏ အထက်ကောင်းကင်ယံကို လွှမ်းမိုးသွားခဲ့သည်။

“လော့ကျင်းလင်က မိုးကြိုးအကျဥ်းထောင်နဂါးဓားရဲ့စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်တာပဲ.. ဒီဓားချက်ကို ကျန်းချန် ခုခံနိုင်ပါ့မလား”

“မလွယ်လောက်ဘူး.. လော့ကျင်းလင် အခု ထုတ်ဖော်လိုက်တဲ့ဓားချက်က ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် သတ်ပစ်နိုင်လောက်တယ်”

“...........”

လူတိုင်းက လေထုထဲရှိ ကျန်းချန်ကို ကြည့်ကာ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်ကို ကျန်းချန်သည် မည်ကဲ့သို့သော နည်းလမ်းဖြင့် ခုခံနိုင်ပါမည်နည်း။

ရင်ပြင်ရှိ လူတိုင်းနီးပါးသည် ကျန်းချန်အပေါ် အကောင်းမမြင်နိုင်ကြတော့ပေ။

မိုးကြိုးအကျဥ်းထောင်နဂါးဓား ဆိုသည်မှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ နာမည်ကျော် အင်မော်တယ် လက်နက်ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။

ကျန်းချန်တွင် မိုးကြိုးအကျဥ်းထောင် နဂါးဓားနှင့် ယှဥ်နိုင်သည့် အင်မော်တယ်လက်နက် မရှိသရွေ့ လော့ကျင်းလင်ကို ယှဥ်နိုင်ရန် ခက်ခဲလိမ့်မည်သာ။

ကျန်းချန်က ကောင်းကင်ယံကနေ ကျဆင်းလာသည့် မိုးကြိုးဓားချက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာ အနည်းငယ်မျှ ရှိမနေခဲ့ပေ။

သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ အားကောင်းသော စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် လျင်မြန်စွာ စုစည်းလာခဲ့သည်။

ထိုစည်းတံဆိပ်ထဲတွင် စကြဝဠာ၊ နေ၊ လ၊ ကြယ်တာရာများနှင့် မြစ်ချောင်းများ၏ ပုံရိပ်များ ခပ်ရေးရေး ပေါ်နေခဲ့သည်။

ထိုစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်နှင့် အမျှ တောက်ပသော အင်မော်တယ် အလင်းတန်းသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့ရာ ရှေးခေတ်ကာလက ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီး တစ်ယောက် အလား ဖြစ်သွားခဲ့၏။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. ကောင်းကင်နှင့်မြေကြီး ငြိမ်သက် တိတ်ဆိတ်ခြင်း”

ဤအချိန်တွင် ကျန်းချန်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ နောက်ဆုံး စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

ကောင်းကင်နှင့် မြေကြီးက ဗြောင်းဆန်သွားခဲ့ပြီး နေနှင့်လပင်လျှင် ပြိုလဲသွားကာ ကြယ်တာရာများ ပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။

ထိုစည်းတံဆိပ်က ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး မိုးကြိုးအကျဥ်းထောင် နဂါးဓား၏ ပေသုံးထောင်ခန့်ရှည်လျားသည့် ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အမည်မဲ့အင်မော်တယ် မြို့တော်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးသည် တစ်ခဏအတွင်း ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး ဓားအလင်းတန်းနှင့် စည်းတံဆိပ် တို့သာ အပြန်အလှန် ရောထွေးကာ ကျန်ရှိခဲ့သည်။

အလွန်အမင်း တောက်ပသော ရောင်စုံ အလင်းတန်းများသည် အရပ်မျက်နှာ အနှံ့ကို ​လွင့်စင်သွားခဲ့၏။

ကြောက်မက်ဖွယ်ရာကောင်းသော ရောင်စုံအလင်းတန်းများသည် အရာအားလုံးကို ချေမှုန်းပစ်နိုင်သည့် စွမ်းအားများကို သယ်ဆောင်၍ ကြယ်တံခွန်များ ကြွေကြလာသည့်နှယ် အောက်ဘက်ရှိ အမည်မဲ့အင်မော်တယ်မြို့တော် ဆီသို့ ကျဆင်းလာခဲ့သည်။

ထိုအလင်းတန်းများသာ အမည်မဲ့အင်မော်တယ်မြို့တော်ထဲကို ကျရောက်သွားလျှင် မြို့တော်ကြီးသည် တစ်ခဏအတွင်း အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လျှင် မိုကျိချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံကနေ ကျဆင်းလာသည့် ရောင်စုံ အလင်းတန်းများကို ဟင်းလင်းပြင်ထဲတွင် ပိတ်ဆို့လိုက်သည်။

ထို့နောက် သူက ချက်ချင်းဆိုသလို လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် တောက်ပသော ရောင်စုံ အလင်းတန်းများသည် မည်သည့် စွမ်းအင်လှိုင်း လှုပ်ခတ်မှုမှ ထွက်ပေါ်မလာဘဲ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲတွင်မူ လော့ကျင်းလင်၏ လက်ထဲမှ မိုးကြိုးအကျဥ်းထောင် နဂါးဓားသည် လွင့်ထွက်သွားခဲ့ပြီး လော့ကျင်းလင်၏ ခန္ဓာကိုယ်သည်လည်း ပေရာချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့၏။

သူ လွင့်စင်သွားရာ လမ်းကြောင်း တစ်လျှောက်ရှိ ဟင်းလင်းပြင်များသည် ပြိုလဲသွားခဲ့ပြီး အနက်ရောင်တွင်းပေါက်ကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။

“ဝေါ့..”

လော့ကျင်းလင်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းချုပ်နိုင်လိုက်သော်လည်း အဆုံးသတ်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဗြောင်းဆန်နေသော စွမ်းအားများကို မဖိနှိပ်နိုင်တော့ဘဲ သွေး တစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက ဖြူဖျော့နေသောမျက်နှာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သည့် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဟင်းလင်းပြင်ထဲရှိ အခြေအနေကို ကြည့်ရင်း ရင်ပြင်ထဲရှိ လူတိုင်းသည် မှင်တက်သွားခဲ့ကြပြီး ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

လော့ကျင်းလင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်း အင်မော်တယ်လက်နက် ဆယ်ခုထဲမှ တစ်ခု ဖြစ်သည့် မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန် ထုတ်‌ဖော်လိုက်သည့် စည်းတံဆိပ်အောက်တွင် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

လော့ကျင်းလင်၏ ခွန်အားနှင့် မိုးကြိုးအကျဥ်းထောင် နဂါးဓား၏ စွမ်းအားတို့ ပေါင်းစပ်လိုက်လျှင် ရွှေအင်မော်တယ်ပထမအဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်သည်။

သို့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်သည် ကျန်းချန်ကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။

ဌာနခွဲ(၁၈)တွင် ထွက်ပေါ်လာသည့် မြင်းနက်သည် အမှန်တကယ်ပင် သာမန် မဟုတ်သည့် မွန်းစတားဆန်သော ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့သည်။

“ဒီကောင်လေးကို နှိမ်နင်းဖို့ မိုးကြိုးအကျဥ်းထောင်နဂါးဓားတောင် မတတ်နိုင်ဘူးလို့ ငါမထင်ထားခဲ့ဘူး”

သူ၏ ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် အရှင်မိုးကြိုး၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့သည်။

ဌာနခွဲ(၁)၏နေရာကို မြဲစေရန်အတွက် ဌာနခွဲ(၁)၏ ရတနာ ဖြစ်သည့် မိုးကြိုးအကျဥ်းထောင် နဂါးဓားကို လော့ကျင်းလင်၏ လက်ထဲ သူကိုယ်တိုင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လော့ကျင်းလင်က မိုးကြိုးအကျဥ်းထောင်နဂါးဓားကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန် ယခုလေးတင် ထုတ်ဖော်လိုက်သည့် စည်းတံဆိပ်သည် အနည်းဆုံး အင်‌မော်တယ်ဘုရင်အဆင့် နည်းစနစ် ဖြစ်နိုင်လောက်၏။

ဤကဲ့သို့ ပါရမီရှင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေ၏ ထိပ်တန်း ပါရမီရှင်ဆယ်ယောက် ထဲတွင် တတိယနေရာ၌ ရှိသည့် အမည်မဲ့အင်မော်တယ် နန်းတော်၏ ပင်မနန်းတော်မှ နံပါတ်တစ် ပါရမီရှင်နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်ပေ။

“ဒီကောင်လေး ခုခံနိုင်လိုက်တယ်လား”

အရှင်ယင်ယွဲ့သည် မှင်တက်နေခဲ့ပြီး အံ့ဩတုန်လှုပ်မှုကနေ တစ်ခဏမျှ ရုန်းမထွက်နိုင် ဖြစ်နေခဲ့သည်။

ဌာနခွဲ(၁၈)၏ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ကျန်းချန်ပါဝင်စဥ်က အရှင်ယင်ယွဲ့သည် ကိစ္စတချို့ကို ဆောင်ရွက်နေသောကြောင့် ထိုနေရာတွင် ရှိမနေခဲ့ပေ။

လျှိုဝူချန်းက ဌာနခွဲ(၁၈)၏ အခြေအနေကို ပြောင်းလဲပေးနိုင်မည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ထားသည်ဟု ပြောစဥ်ကပင် အရှင်ယင်ယွဲ့သည် လှောင်ပြောင်မိခဲ့သေးသည်။

ဆိုရလျှင် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုစလုံးတွင် ရှိသည့် ထိပ်တန်း ပါရမီရှင် အားလုံးသည် ထူးခြားသော ပါရမီရှင်များ ဖြစ်ကြသည်။

ထိုပါရမီရှင်များနှင့် ယှဥ်နိုင်မည့် လူငယ်ပါရမီရှင် တစ်ယောက်ကို သူတို့ ဌာနခွဲ(၁၈)က ရှာတွေ့ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

အမည်မဲ့အင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင် ကျန်းချန်က ရန်လီကို လက်သီး တစ်ချက်တည်းဖြင့် နောက်သို့ဆုတ်သွားအောင် လုပ်ဆောင်လိုက်သည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါမှသာ လျှိုဝူချန်းက အမှန်တကယ်ပင် ရှားပါးသော လူငယ်ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ထားမှန်း သူ ယုံကြည်သွားခဲ့သည်။

သို့သော်လည်း အရှင်ယင်ယွဲ့သည် ကျန်းချန်က တစ်ကိုယ်တော် စွမ်းရည်ဖြင့် ပါရမီရှင်အားလုံးကို ဖိနှိပ်ပြီး သူတို့ ဌာနခွဲ(၁၈)ကို ပထမနေရာ ရယူပေးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤသည်မှာ အရှင်ယင်ယွဲ့ အနေဖြင့် ယခင်က တစ်ခါမှ မတွေးဝံ့ခဲ့သည့် အရာလည်း ဖြစ်သည်။

“မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထုတ်သုံးခဲ့တဲ့ လော့ကျင်းလင်‌တောင် ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားမိဘူး”

“ဌာနခွဲ(၁၈)က ဒီလောက် မွန်းစတားဆန်လွန်းတဲ့ ပါရမီရှင်ကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ”

“ဒီကျန်းချန် ဆိုတဲ့ကောင်က အရမ်းကို အစွမ်းထက်လွန်းမနေဘူးလား”

“ကျန်းချန်က အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ နောက်ဆုံး‌နေရာမှာ ရှိတဲ့ ဌာနခွဲကို ပထမနေရာ ရအောင် လုပ်ဆောင်ပြလိုက်တာ တကယ်ကို မယုံကြည်နိုင်စရာပဲ”

“..........”

လူတိုင်းက ကျန်းချန်ကို အံ့ဩမှင်တက်စွာ ကြည့်နေခဲ့ကြသည်။

အမည်မဲ့အင်မော်တယ် နန်းတော်သည် ဌာနခွဲ ဆယ့်ရှစ်ခုကို တည်ထောင်ပြီး ကတည်းကပင် အမည်မဲ့အင်မော်တယ်ညီလာခံကို အခါအားလျော်စွာ ကျင်းပပြီး အဆင့်သတ်မှတ်ချက်များကို သတ်မှတ်လေ့ ရှိသော်လည်း အဆင့်များသည် အပြောင်းအလဲ သိပ်မရှိခဲ့ပေ။

တစ်ခါတစ်ရံ အပြောင်းအလဲ ရှိခဲ့လျှင်ပင် ထိုအပြောင်းအလဲသည် သိပ်မကြီးမားဘဲ အလွန်ဆုံး တစ်နေရာ နှစ်နေရာလောက်သာ ပြောင်းလဲလေ့ ရှိသည်။

အထူးသဖြင့် ထိပ်ဆုံး သုံးနေရာသည် အချိန်အတော်ကြာသည်အထိ မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပေ။

သို့သော် ဤတစ်ကြိမ်တွင်မူ ကျန်းချန် ပေါ်ထွက်လာသောကြောင့် အောက်ဆုံးအဆင့်မှ ဌာနခွဲ(၁၈)သည် ပထမနေရာကို သိမ်းပိုက်သွားခဲ့ချေပြီ။

ဤကဲ့သို့သော အခြေအနေမျိုးသည် အမည်မဲ့အင်‌မော်တယ် နန်းတော်၏ သမိုင်းကြောင်းတစ်လျှောက်တွင်ပင် တစ်ခါမှ မဖြစ်ဖူးသော အရာလည်း ဖြစ်၏။

“‌လော့ကျင်းလင်.. မင်းငါနဲ့ ထပ်တိုက်ချင်သေးလား”

ဟင်းလင်းပြင်ထဲတွင် ကျန်းချန်သည် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လော့ကျင်းလင်ကို အေးစက်စက် အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။

“မင်းရဲ့စွမ်းရည်က ပြိုင်ဘက်ကင်းပဲ.. ငါအရှုံးပေးပါတယ်”

လော့ကျင်းလင်က မချိပြုံး ပြုံးလိုက်ပြီး အရှုံးပေးရန်က လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက် အနေဖြင့် လော့ကျင်းလင်သည် သူ၏ ပါရမီနှင့်ခွန်အား အပေါ်တွင် အမြဲတစေ ဂုဏ်ယူဝင့်ကြွားခဲ့သူ ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူနှင့် ကျင့်ကြံခြင်းအဆင့်တူ ဖြစ်သည့် ကျန်းချန်ကို ရင်ဆိုင်ရချိန်တွင် ဤမျှ‌လောက်အထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားခဲ့ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ် အင်မော်တယ်လက်နက် ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ ဆံခြည်တစ်မျှင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘဲ ကျန်းချန်၏ စည်းတံဆိပ် တစ်ခုတည်းဖြင့်ပင် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် သူသည် မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထပ်မံ လှုံ့ဆော်နိုင်စွမ်း မရှိတော့ပေ။

အကယ်၍ သူက မိုးကြိုးအကျဥ်းထောင် နဂါးဓားကို ထပ်မံလှုံ့ဆော်နိုင်ခဲ့လျှင်ပင် ကျန်းချန်ကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်မှန်း သူ နားလည်ခဲ့သည်။

အခန်း(၂၇၉၉)ပြီး၏။

All Chapters