← Chapters

အခန်း ၂၈၀၀

Vol. 220 Ch. 2800

အခန်း ၂၈၀၀

Vol. 220 Ch. 2800

အခန်း(၂၈၀၀)

လော့ကျင်းလင်က အရှုံးပေးလိုက်သောကြောင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဒုတိယနန်းတော်သခင် မိုကျိချန် ပင်လျှင် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ဤတစ်ကြိမ် အမည်မဲ့အင်မော်တယ် ညီလာခံသည် ဤကဲ့သို့ ရလဒ်မျိုးနှင့် အဆုံးသတ်သွားလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုတွင် နောက်ဆုံးအဆင့်တွင် ရှိနေခဲ့သည့် ဌာနခွဲ(၁၈)သည် ယခုပြိုင်ပွဲ အပြီးတွင် နံပါတ်တစ် နေရာကို သိမ်းပိုက်သွားခဲ့ပြီ ဖြစ်သည်။

ဤသည်က ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေသော်လည်း အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ အဆင့်သတ်မှတ်ချက်များသည် ပြိုင်ပွဲ၏ ရလဒ်အတိုင်း အစဥ်အမြဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ခဏမျှ မှင်တက်နေခဲ့ပြီးနောက်တွင် မိုကျိချန်သည် ရလဒ်များကို စတင် ကြေညာလိုက်သည်။

ကျန်းချန်၏ ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်ကြောင့် ဌာနခွဲ(၁၈)သည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် အမည်မဲ့အင်‌မော်တယ်နန်းတော်၏ ဌာနခွဲ(၁)ဖြစ်လာခဲ့သည်။

ဤအတွက်ကြောင့် အရှင်ယင်ယွဲ့နှင့် လျှိုဝူချန်း တို့သည် အလွန်အမင်း ဝမ်းသာနေခဲ့ကြသည်။

နောင်တစ်ချိန် အမည်မဲ့အင်မော်တယ်ညီလာခံ မကျင်းပခင်အထိ သူတို့သည် ဌာနခွဲ(၁)၏ ခံစားခွင့်များကို ရရှိနေမည် ဖြစ်ပြီး အရင်းအမြစ်ခွဲတမ်းများကိုလည်း ပိုမို၍ ရရှိတော့မည်ဖြစ်သည်။

နောင်တစ်ချိန် အမည်မဲ့ အင်မော်တယ်ညီလာခံတွင် ကျန်းချန်ကဲ့သို့ ပါရမီရှင်မျိုး၏ အကူအညီ မရှိတော့၍ နံပါတ်တစ်နေရာကို ဆက်ထိန်းထားရန် ခက်ခဲနိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိသာ လုံလောက်သော အရင်းအမြစ်များကို ခွဲတမ်းရရှိထားမည် ဆိုလျှင် ဌာနခွဲ(၁၈)ခုဟူသည့် ဘွဲ့အမည်ကနေ ရုန်းထွက်ရန်မှာ လွယ်ကူသောကိစ္စ တစ်ခုသာ ဖြစ်သည်။

ဌာနခွဲများ၏ အဆင့်သတ်မှတ်ချက်များကို ကြေညာပြီးနောက်တွင်မူ မိုကျိချန်သည် ဆုလာဘ်များကို စတင် ချီးမြှင့်ခဲ့သည်။

ပထမအဆင့် ပြိုင်ပွဲတွင် အမြုတေ ၁၀၀၀ စုဆောင်းနိုင်သူများသည် အမည်မဲ့အင်မော်တယ် နှင်းရည်များကို ဆုလာဘ် ရရှိခဲ့ကြသည်။

ကျန်းချန်က အမြုတေ စုစုပေါင်း ၁၃၀၀ကျော်ကို စုဆောင်းနိုင်ခဲ့ပြီး တစ်ဦးချင်း အဆင့်တွင် နံပါတ်တစ် ရရှိခဲ့သောကြောင့် အမည်မဲ့အင်မော်တယ် နှင်းရည် ငါးစက် ရရှိခဲ့သည်။

အမည်မဲ့ အင်မော်တယ် ညီလာခံ ပြီးဆုံးသွားသောအခါတွင် ကျန်းချန်နှင့် အရှင်ယင်ယွဲ့ တို့သည် ဌာနခွဲ(၁၈) တည်းခိုသည့်နေရာ ဆီသို့ ပြန်လာခဲ့ကြသည်။

“မိတ်ဆွေလေးကျန်းချန်.. ငါတို့ကို ကူညီပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်.. နောင်တစ်ချိန် အကူအညီလိုလာလို့ ရှိရင် စန်းယွင်ပြည်နယ်မှာ ရှိတဲ့ အမည်မဲ့အင်မော်တယ်နန်းတော်မှာ ငါ့ကို လာရှာနိုင်ပါတယ်”

အရှင်ယင်ယွဲ့က ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ အရှင်ယင်ယွဲ့ကို တောင်းဆိုလိုက်သည်။

“ကျွန်တော့်ကို အားနာစရာမလိုပါဘူး အကြီးအကဲ.. ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုပဲ ရှိပါတယ်.. တကယ်လို့ ကျွန်တော့်ရဲ့မိတ်ဆွေတွေ စန်းယွင်ပြည်နယ်ကနေ တစ်ဆင့် အင်‌မော်တယ်လောကထဲကို တက်လှမ်းလာခဲ့မယ် ဆိုရင် စီနီယာအနေနဲ့ သူတို့ကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်.. ဒီလိုဆို ကျွန်တော် အရမ်း ကျေးဇူးတင်မိမှာပါ”

အရှင်ယင်ယွဲ့က ကျန်းချန်ကို အလေးအနက်ပင် ကတိပေးလိုက်သည်။

“ဒီအတွက် စိတ်မပူပါနဲ့.. ငါစန်းယွင်ပြည်နယ်မှာ ရှိနေသ၍ မင်းရဲ့ မိတ်ဆွေတွေ စန်းယွင် ပြည်နယ်ကနေ အင်မော်တယ်လောက ထဲကို တက်လှမ်းလာမယ် ဆိုရင် ဘယ်သူကမှ သူတို့ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် မထိနိုင်စေရဘူး”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အတွေးများ မနေတော့ပေ။

သူက လော့ကျင်းလင်နှင့် ရင်ဆိုင်နေချိန်တွင် အရှင်ယင်ယွဲ့ သူ့ကို ပြောဆိုခဲ့သည့် အချက်အလက် တစ်ခုကို သတိရသွားခဲ့ပြီး စူးစမ်းစွာ မေးလိုက်သည်။

“အကြီးအကဲ ခုနကပြောခဲ့တဲ့ ထိုက်ယီအဆင့် အင်မော်တယ်လက်နက်ဆိုတာ ဘယ်လိုအဆင့် အင်မော်တယ်လက်နက်လဲ.. အင်မော်တယ်ဘုရင်အဆင့် လက်နက်နဲ့ ယှဥ်ရင် ဘယ်လိုရှိမလဲ”

“ထိုက်ယီအဆင့် အင်မော်တယ်လက်နက်က အင်မော်တယ်ဘုရင်အဆင့် လက်နက်နဲ့တော့ ယှဥ်လို့မရပါဘူး.. ဒါပေမဲ့ တလော့အဆင့် လက်နက်ထက်တော့ ပိုပြီး အဆင့်မြင့်တယ်.. အင်မော်တယ်လောကမှာ အများစုက တလော့အင်မော်တယ်အဆင့် ပြီးရင် အင်မော်တယ်ဘုရင်အဆင့်ရှိတယ် ဆိုတာလောက်ပဲ သိကြတယ်.. တကယ်တော့ တလော့အဆင့်မှာ တလော့အဆင့် တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတာ လူသိပ်မသိကြဘူး"

"တကယ်တမ်း တလော့အင်မော်တယ် အဆင့်မှာ အဆင့်သုံးဆင့် ခွဲခြားထားတယ်.. အဲဒါက တလော့အင်မော်တယ်အဆင့်၊ ထိုက်ယီအင်မော်တယ်အဆင့်၊ ဟန်ယွင်အင်မော်တယ်အဆင့်တို့ပဲ.. လော့ကျင်းလင် ထုတ်သုံးခဲ့တဲ့ မိုးကြိုးအကျဥ်းထောင်နဂါးဓားက တလော့အဆင့်ထက် တစ်ဆင့်မြင့်တဲ့ ထိုက်ယီအဆင့် အင်မော်တယ်လက်နက်ပဲ"

"ဗဟုသုတအနေနဲ့ ပြောပြရရင် တလော့အဆင့်မှာ အဆင့်တစ်ဆင့် တက်လှမ်းဖို့ ဆိုတာက တအားကို ခက်ခဲတယ်.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ တလော့အဆင့် ကျင့်ကြံသူတွေ အများအပြား ရှိပေမဲ့ ထိုက်ယီအင်မော်တယ် အဆင့်ကတော့ မရှိသလောက်ပဲ.. ဟန်ယွင်အင်မော်တယ်အဆင့် ဆိုတာကတော့ ဒဏ္ဍာရီ တစ်ခုလိုတောင် ဖြစ်နေခဲ့ပြီ”

အရှင်ယင်ယွဲ့က ကျန်းချန်ကို လေးနက်စွာ ရှင်းပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

တလော့အင်မော်တယ် အဆင့် အထက်တွင် ထိုက်ယီအင်မော်တယ် အဆင့်နှင့် ဟန်ယွင်အင်မော်တယ်အဆင့်တို့ ရှိနေဦးမည်ဟု သူ မထင်ထားခဲ့ပေ။

အင်မော်တယ်နယ်မြေ တစ်ခုလုံးကို အုပ်စိုးသည့် အင်မော်တယ်ဘုရင် အဆင့်နှင့် ယှဥ်လျှင် တလော့အဆင့်သည် အတော်လေး အလှမ်းဝေးနေဆဲ ဖြစ်ပုံရသည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ချက်ချင်းဆိုသလို မေးလိုက်သည်။

“အကြီးအကဲတို့ အမည်မဲ့အင်မော်တယ် နန်းတော်က အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဖြစ်တဲ့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်လောက်ကို နာမည် ကျော်ကြားတယ် ဆိုတော့ အမည်မဲ့အင်မော်တယ် နန်းတော်မှာရော ထိုက်ယီ အင်မော်တယ်အဆင့်နဲ့ ဟန်ယွင်အင်မော်တယ်အဆင့်ကျင့်ကြံသူတွေ ရှိလား”

“အမည်မဲ့အင်မော်တယ်နန်းတော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်လောက် နာမည်ကြီးနေတာဆိုတာက ချဲ့ကားထားတဲ့ ကောလဟလတွေကြောင့်ပါ.. အင်မော်တယ်ဘုရင်အဆင့် ဆိုတာက အင်မော်တယ်လောကမှာ ပြိုင်ဘက်ကင်းအဆင့်ပဲ. ဟန်ယွင်အင်မော်တယ် အဆင့်ကိုတောင် အင်မော်တယ်ဘုရင်က လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်စွမ်းရှိတယ်.. အမည်မဲ့အင်မော်တယ်နန်းတော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ.. အမည်မဲ့အင်မော်တယ်နန်းတော်ကို တည်ထောင်သူ ဖြစ်တဲ့ အရှင်ဝူရှီကတော့ အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တဲ့ အစွမ်းထက် ဟန်ယွင် အင်မော်တယ် တစ်ပါးပဲ"

"ဒါပေမဲ့ အရှင်ဝူရှီက အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်နိုင်မဲ့ အခွင့်အလမ်းကို ရှာဖွေဖို့အတွက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကနေ ထွက်ခွာသွားတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. လက်ရှိ အမည်မဲ့အင်မော်တယ်နန်းတော်မှာ ဟန်ယွင် အင်မော်တယ်အဆင့် ကျင့်ကြံသူ မရှိတော့ဘူး.. ထိုက်ယီအင်မော်တယ် အဆင့် ကျင့်ကြံသူ ဆိုလို့ အချိန်အတော်ကြာအောင် လူမြင်ကွင်းမှာ ပျောက်ကွယ်နေတဲ့ ပင်မနန်းတော်ရဲ့ နန်းတော်သခင် တစ်ပါးပဲ ရှိတယ်”

အရှင်ယင်ယွဲ့က ကျန်းချန်ကို ရှင်းပြလိုက်သည်။

အရှင်ယင်ယွဲ့သည် တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း သုံးသန်းကျော် ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်းသုံးသန်းကပင် တလော့အဆင့်ကို ရောက်ရှိခဲ့သော အရှင်ယင်ယွဲ့သည် ထိုက်ယီအင်မော်တယ်အဆင့်နှင့် အလှမ်းဝေးနေဆဲပင်။

ကြီးမားသော အခွင့်အလမ်းများ မရှိသရွေ့ အရှင်ယင်ယွဲ့သည် သူကိုယ်တိုင် ကျင့်ကြံအားထုတ်မှု သက်သက်ဖြင့်တော့ နောက်ထပ် နှစ်ပေါင်းသန်းချီ သို့မဟုတ် နှစ်သန်းပေါင်း မ‌ရေမတွက်နိုင်အောင် ကြာမြင့်လျှင်ပင် ထိုက်ယီအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ပေ။

အရှင်ယင်ယွဲ့၏ စကားကိုကြားလျှင် ကျန်းချန် အတော်လေး နားလည်သွားခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာရှိသည့် အင်မော်တယ်အရှင် အားလုံးနီးပါးသည် တလော့အဆင့် အင်မော်တယ်များသာ ဖြစ်ကြသည်။

တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိပြီးနောက်တွင် ထပ်မံ အဆင့်တက်ချင်သည် ဆိုလျှင် ခက်ခဲမှု အဆင့်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်တွင် ရှိနေပုံရ၏။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတော့ပေ။

သူက ယခုမှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သာ ရှိသေးပြီး ရွှေအင်မော်တယ် အဆင့်ကိုပင် အလှမ်း ဝေးလွန်းနေသေးသည် ဖြစ်ရာ တလော့အင်မော်တယ် အဆင့်၏ နောက်ပိုင်းအဆင့်များ အကြောင်းကို ပြောရန်မှာ အတော်လေး အလှမ်း ဝေးကွာလွန်းနေသည် မဟုတ်ပါလား။

“မိတ်ဆွေလေးကျန်းချန်.. နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ.. မင်းတကယ်ပဲ ဒီမှာနေဖို့ အစီအစဥ် မရှိဘူးလား.. တကယ်လို့ မင်းသာ ငါတို့ဌာနခွဲမှာ နေခဲ့မယ်ဆိုရင် နောင်တစ်ချိန် ဌာနခွဲ နန်းတော်သခင် ရာထူးက မင်းအပိုင် ဖြစ်စေရမယ်”

ဤအချိန်တွင် အရှင်ယင်ယွဲ့သည် ကျန်းချန်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

“စိတ်မကောင်းပါဘူး အကြီးအကဲ.. ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ပါ.. ပွင့်ပွင့်လင်းလင်းပြောရရင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေက ကျွန်တော် အချိန်အကြာကြီး နေရမဲ့နေရာ မဟုတ်ဘူး”

ကျန်းချန်က ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်ပြီးနောက်တွင် အရှင်ယင်ယွဲ့ကို ပြန်မေးလိုက်သည်။

“အကြီးအကဲက ဗဟုသုတကြွယ်ဝသူ ဆိုတော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကနေ ထွက်ခွာပြီး အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် တည်ရှိတဲ့ အကြွင်းမဲ့ဓားအင်‌မော်တယ် နယ်မြေကို ဘယ်လိုသွားရမလဲဆိုတာ သိပါသလား”

ထိုမေးခွန်းကို ကြားလျှင် အရှင်ယင်ယွဲ့က တစ်ခဏမျှ မှင်တက်သွားပြီးမှ ပြန်ဖြေလိုက်သည်။

“အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေက မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေနဲ့ ကပ်ရပ် တည်ရှိတဲ့ နယ်မြေတစ်ခုပဲ.. ဒါပေမဲ့ အင်မော်တယ်နယ်မြေတွေကြားက နံရံကို တလော့အဆင့် မဟုတ်ရင် မဖြတ်ကျော်နိုင်ဘူး.. ဒါကြောင့်လည်း သာမန် ရွှေအင်‌မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အင်မော်တယ်နယ်မြေကနေ ထွက်သွားနိုင်ဖို့ ခက်ခဲတာပေါ့”

ကျန်းချန်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

တလော့အင်မော်တယ် အဆင့်မှသာ အင်မော်တယ်နယ်မြေ၏ နံရံများကို ဖြတ်သန်းနိုင်မည်ဆိုလျှင် သူ့အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေတွင် တလော့အင်မော်တယ်အဆင့်အထိ ကျင့်ကြံရတော့မည်လော။

“တကယ်လို့ မိတ်ဆွေလေးကျန်းချန်က အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေကို သွားချင်တယ်ဆိုရင် နည်းလမ်းနှစ်ခုတော့ ရှိပါတယ်”

အရှင်ယင်ယွဲ့က တစ်ခဏမျှ စဥ်းစားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။

“ပထမတစ်နည်းကတော့ ငါကိုယ်တိုင် မင်းကို အင်မော်တယ်နယ်မြေရဲ့ နံရံကို ဖြတ်ကျော်နိုင်အောင် ကူညီပြီး အကြွင်းမဲ့ဓားအင်မော်တယ်နယ်မြေထဲကို ပို့ပေးဖို့ပဲ.. နောက်တစ်နည်းကတော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို သွားဖို့ပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို သွားရမှာလား”

အရှင်ယင်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေနဲ့ အကြွင်းမဲ့ဓားအင်မော်တယ် နယ်မြေတို့က ကပ်ရပ်တည်ရှိတဲ့ နယ်မြေနှစ်ခုပဲ.. ဒါ့အပြင် နယ်မြေနှစ်ခုကို စိုးမိုးထားတဲ့ အင်မော်တယ်ဘုရင်အဆင့် အင်အားစုတွေကလည်း အချင်းချင်း အဆက်အသွယ် ရှိကြတယ်.. ငါသိသလောက်တော့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က သိပ်မကြာခင်မှာ အကြွင်းမဲ့ဓားအင်မော်တယ်နယ်မြေမှာ ရှိတဲ့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ဆီကို အဖွဲ့တစ်ဖွဲ့ စေလွှတ်တော့မယ်.. မင်းရဲ့ ပါရမီနဲ့ခွန်အားအရ ဆိုရင် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေကို သွားပြီး အဲဒီအဖွဲ့မှာ နေရာတစ်နေရာ ရဖို့ ဆိုတာက မခက်ခဲလောက်ပါဘူး”

အရှင်ယင်ယွဲ့၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် ဆီကို အဖွဲ့တစ်ဖွဲ့စေလွှတ်မယ်တဲ့လား”

ဤသည်မှာ အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းသော သတင်း ဖြစ်သည်။

အကယ်၍ သူသာ ထိုအဖွဲ့တွင် နေရာတစ်နေရာ ရနိုင်ခဲ့မည်ဆိုလျှင် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို သွားရာတွင် သံသယဖြစ်စရာ မလိုလောက်အောင်ပင် ပြဿနာများစွာကို သက်သာသွားစေမည်မှာ သေချာ၏။

အခန်း(၂၈၀၀)ပြီး၏။

All Chapters