← Chapters

စိုးရိမ်ဖွယ်အခြေအနေ

Vol. 7 Ch. 61

စိုးရိမ်ဖွယ်အခြေအနေ

Vol. 7 Ch. 61

ဝမ်ရှန်းသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် အတော်လေးရင်းနှီးပေသည်။ သူအရင်ဘဝတုန်းက သူပေါင်းခဲ့သည် ဂန်းစတားခေါင်းဆောင်များသည် အနီးအနားမြို့တစ်မြို့တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်များရောက်နေသည့်ဟု ကြားလိုက်ရုံနှင့် လူတိုင်းကို ပုန်းနေရန် တင်းကျပ်သည့် အမိန့်များကို ထုတ်ပြန်လေ့ရှိသည်။ ကျင့်ကြံခြင်းလောက၏ ဥပဒေထိန်းသိမ်းရေးသမားများကို မည်သူမှ မထိရဲခဲ့ပေ၊၊

ရှေးခေတ်တုန်းက သိုင်းပညာရှင်များသည် ဥပဒေကို ဖောက်ဖျက်ကြပြီး ကျင့်ကြံသူများက ကောင်းကင်ကို ပြောင်းပြန်လှန်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင်တော့ လူသားလောကသည် ကျင့်ကြံခြင်းလောကအပေါ် အလွန်အားကောင်းစွာ ဟန့်တားနိုင်စွမ်းရှိနေပြီဖြစ်သည်၊၊ ဖျက်အားပြင်းသည့် လက်နက်များနဲ့ဆိုပါက တောင်တစ်တောင်ကို မြေလှန်ပစ်ရန်ဆိုသည်မှာ ခလုတ်အနည်းငယ် နှိပ်ရုံသာဖြစ်လေသည်။

ဟွာပြည်ထောင်စုမှ တည်ထောင်ထားသည့် “အထူးဖြစ်ရပ်စုံစမ်းစစ်ဆေးရေးအဖွဲ့” သည် ကျင့်ကြံခြင်းလောကကို ကြီးကြပ်ရန်၊ ကျင့်ကြံခြင်းလောကနဲ့ လူ့အဖွဲ့အစည်းကြားက ပဋိပက္ခများကို ဖြေရှင်းရန်နဲ့ လောက၏ စနစ်တကျရှိမှုကို ထိန်းသိမ်းရန်အတွက် ရှေ့ဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသည်။

ဒါကို ကြားရင် ဘယ်သူက ယုံမှာလဲ။ ကိုယ်ဝန်ကြီးနဲ့ စိတ်ဆိုးမာန်ဆိုးထွက်ခွာသွားပြီး ဆရာနဲ့ အဆက်အသွယ်ဖြတ်ခဲ့တဲ့ သူတို့ရဲ့ ဆရာကတော်က အခုဆိုရင် ဟွာပြည်ထောင်စုရဲ့ ကျင့်ကြံခြင်းလောကကို ထိန်းချုပ်တဲ့ တာဝန်ခံဖြစ်နေတယ်။

ဝမ်ရှန်း စိတ်ထဲမှာ မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်လာသည်။

ဆရာကတော်... နောက်အိမ်ထောင်ပြုလိုက်ပြီလား…။

သူမဟာ ဒီလို ထိပ်တန်းနေရာကို ရောက်ဖို့ ဘယ်လိုလမ်းကြောင်းမျိုးကို ဖြတ်သန်းခဲ့ရသလဲ။ အပေါ်ယံကြည့်လျှင်တော့ သူမသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ကော်ပိုရေးရှင်းတစ်ခု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ဒါပေမဲ့ ဒါက အကာအကွယ်တစ်ခု ဒါမှမဟုတ် အခြားအလုပ်တစ်ခုသာဖြစ်နိုင်သည်။ အမှန်တကယ်တော့ သူမသည် ဟွာပြည်ထောင်စု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အသစ်ခန့်အပ်ခံရသည့် ကပ္ပတိန်ဖြစ်သည်။ တကယ်လို့ သူမသာ ဒါတွေအားလုံးကို ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့တာဆိုရင် သူမဟာ ဒဏ္ဍာရီဆန်တဲ့သူတစ်ယောက်ဖြစ်မှာ အသေအချာပဲ။ သူတို့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ ဆရာနဲ့ လိုက်ဖက်တဲ့သူပေါ့။

ဆယ်မိနစ်လောက်ကြာသည် ဗီဒီယိုကောပြောနေစဉ်အတွင်း ဝမ်ရှန်းသည် ထိုအကြောင်းကို တွေးမရဖြစ်နေသည်။ သူက စကားလမ်းကြောင်းကို ၎င်းဘက်ကို အနည်းငယ် လှည့်ကြည့်ဖို့ ကြိုးစားခဲ့သော်လည်း ဆရာကတော်မှာကြားသည့် ကိစ္စများက ပိုပြီး အရေးကြီးနေသောကြောင့် သူ့၏ အာရုံက အလုပ်ထဲကိုသာ ရောက်သွားခဲ့သည်။

သူတို့၏ ဂျူနီယာညီမလေးက ပျောက်ဆုံးနေသည်။ ပိုပြီး တိတိကျကျပြောရရင် တက္ကသိုလ်တက်နေစဉ်အတွင်း သူမသည် သူမ၏ မိခင်ကို နှစ်ပတ်ဆက်တိုက် အဆက်အသွယ်မလုပ်ဘဲနေခဲ့ပြီး ပြီးခဲ့သည် အပတ်တွင်တော့ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ မော်ရှန်းတောင် နှီးနှောဖလှယ်ပွဲတုန်းက ဆရာကတော်သည် တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို သိလိုက်ရသည်။ သူမ၏ သံယယကို အတည်ပြုရန်အတွက် ဒေသခံလုံခြုံရေးကုမ္ပဏီတစ်ခုကို ငှားပြီး တက္ကသိုလ်မှာ သမီးဖြစ်သူကို သွားရှာခိုင်းခဲ့သည်။

သူမ လွှတ်လိုက်သည့်လူများသည် လွန်ခဲ့သည့် နှစ်ညက သမီးဖြစ်သူရဲ့ သဲလွန်စကို ရှာတွေ့ခဲ့ကြသည်။ သူတို့ ချဉ်းကပ်ဖို့ ကြိုးစားသည့်အချိန်မှာပဲ ကျင့်ကြံသူများက အဆောင်မန္တန်များနဲ့ တိုက်ခိုက်ခဲ့ကြပြီး သူတို့သည် ဆေးရုံတက်ရသည်အထိ ဒဏ်ရာရရှိခဲ့ကြသည်။

ထိုမျှနှင့် မပြီးသေးပေ၊၊ မနေ့မနက်က သူမ၏ သမီးဆီက ဖုန်းဝင်လာပြီး သူမ အဆင်ပြေကြောင်း တည်တည်ငြိမ်ငြိမ်ပဲ ပြောခဲ့သည်။ သို့သော် သူမက သူငယ်ချင်းများနဲ့ စီးပွားရေးလုပ်ရန် ပိုက်ဆံလွှဲပေးဖို့ တောင်းဆိုခဲ့သည်။ သာမန်လူတစ်ယောက်ဆိုရင်တော့ သူမ၏ သမီးက ပိရမစ်(လူလိမ်)စီမံကိန်းထဲ ရောက်နေပြီဖြစ်ကြောင်း ချက်ချင်း သံသယဝင်မည်မှာ အသေအချာပင်။ တက္ကသိုလ်ဝင်းထဲ၌ မရိုးသားသည့် လုပ်ငန်းများဖြစ်ပျက်နေခြင်းနှင့် ကျင့်ကြံသူများပါဝင်နေခြင်းက အခြေအနေကို ပိုပြီး စိုးရိမ်စရာဖြစ်စေသည်။

****

ဝူတန်းတောင်၏ တံခါးဝသို့ ရောက်သည့်အချိန်တွင် သစ်ပင်ရိပ်အောက်မှာ ရပ်နေသည့် ကျော့ရှင်းလှပသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမ၏ အော်ရာကို ခံစားမိသည်နဲ့ ဝမ်ရှန်းလည်း တရားထိုင်ရာက နိုးလာပြီး ထိုပုံရိပ်ကို စိုက်ကြည့်ကာ အလိုလိုပြုံးမိသွားသည်။

သူ့ဘေးမှာ ထိုင်နေသည် မုရွှယ်ကတော့ နားမလည်သလို မျက်တောင်ခတ်တမ်းကြည့်နေသည်။ ထို့နောက် သူမသည် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားသည်။

“ပုယွီက တကယ်ကို လှတာပဲ”

သူမက ပြုံးရင်း တီးတိုးချီးကျူးလိုက်သည်။ ဝမ်ရှန်းလည်း စိတ်ထဲတွင် ပျော်ရွှင်မှုကို ခံစားရင်း ဆက်ပြီး ပြုံးနေသည်။

မုဝမ်ရွှမ်းသည် ထုံးစံအတိုင်း အလှပြင်တာမျိုး မလုပ်ခဲ့ပေ။ ပြီးခဲ့သည့်တစ်ခေါက် အပြင်ထွက်တုန်းက ဓာတ်ပုံအရိုက်ခံရတာကို သင်ခန်းစာယူပြီး ဒီတစ်ခေါက်တွင် ပွယောင်းယောင်း အားကစားဝတ်စုံနဲ့ ဟောင်းနွမ်းနေသည် အားကစားဖိနပ်ကိုသာ ရွေးချယ်ဝတ်ဆင်ထားသည်။ သို့သော်လည်း ထိုအရာများက သူမ၏ သဘာဝအလှကို ဖုံးကွယ်၍ မရခဲ့ပေ။ ဖြတ်သွားဖြတ်လာ ဒေသခံများနှငိ့ ကမ္ဘာလှည့်ခရီးသည်များသည် သူမကို စူးစမ်းသောအကြည့်များဖြင့် ငေးကြည့်သွားကြသည်။

ဘူဒိုဇာက ကားကို သတိထား၍ ထိုးရပ်လိုက်သည်။ သူသည် အတွေးထဲ နစ်ဝင်နေသော မုဝမ်ရွှမ်း လန့်သွားမည် စိုးရိမ်နေပုံရပြီး ဘရိတ်ကိုတောင် အလွန်ညင်သာစွာ နင်းခဲ့သည်။

ရှေ့ခန်းရှိ ကျိုးရင်လောင်ကမူ မျက်လုံးကို ပွတ်ရင်း နိုးလာသည်၊၊

“ရောက်ပြီလား”

“ဟုတ်တယ် စီနီယာအစ်ကို။ စီနီယာအစ်ကိုက အရင်ဆုံး တောင်ပေါ် ပြန်နှင့်လိုက်ပါ။ ကျွန်တော်နဲ့ စီနီယာအစ်မက ကိုယ်ရေးကိုယ်တာကိစ္စလေးရှိလို့ သွားစရာရှိသေးတယ်။ တကယ်လို့ ဆရာဦးလေးတွေက မေးရင် ဆရာက ကျုံးနန်တောင်မှာ သူငယ်ချင်းဟောင်းဆီ သွားလည်နေတယ်၊၊ ကျွန်တော်နဲ့ စီနီယာအစ်မကတော့ ခရီးထွက်သွားတယ်လို့ပဲ ပြောလိုက်ပါ”

ဝမ်ရှန်းက ပြောလိုက်သည်။

ကျိုးရင်လောင်က အိပ်ချင်မူးတူးဖြင့်

“အမ်... အင်းပါ… ဆရာ ချင်ယန်ဇီလည်း အပြင်သွားနေတာလား”

ဝမ်ရှန်းက ခေါင်းငြိမ့်ပြပြီး စကားအနည်းငယ် ထပ်ပြောလိုက်ကာ လမ်းဘေးတွင် ရပ်နေသော မုဝမ်ရွှမ်းကို လှမ်းကြည့်လိုက်သည်။ သူသည် ကားတံခါးကို တွန်းဖွင့်ပြီး သူမဆီသို့ လျှောက်သွားသည်။

ကဲ... ငါလည်း ဖယ်ပေးရတော့မှာပေါ့…၊၊ ကျိုးရင်လောင်က တွေးလိုက်သည်။

“စီနီယာအစ်မ”

ဝမ်ရှန်းက မုဝမ်ရွှမ်းကို လန့်သွားမည် စိုးရိမ်သကဲ့သို့ တိုးတိုးလေး ခေါ်လိုက်သည်။ သူ၏ နူးညံ့သော အသံနေအထားမှာ အငြိုးကြီးဝိညာဉ်ကို နှိမ်နင်းစဥ်တုန်းက ပြခဲ့သည့် ထက်မြက်မှုမျိုး တစ်စွန်းတစ်စတောင် မရှိတော့ပေ။

ချောမောလှပသော မိန်းကလေးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူမသည် အသံကို ကြားရုံနှင့် ဘယ်သူရောက်လာသလဲဆိုတာ ခွဲခြားနိုင်ပေသည်၊၊ ဝမ်ရှန်းကို ရှာတွေ့သွားသည့်အခါ သူမ၏ မျက်လုံးများ တောက်ပသွားပြီး နှုတ်ခမ်းထောင့်များက တောက်ပသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

“ဒါတွေ ကျွန်တော့်ကို ပေး”

ဝမ်ရှန်းက ခရီးဆောင်အိတ်များကို လှမ်းယူလိုက်သည်။ ထို့နောက် သူက တိုးတိုးလေး ကပ်မေးလိုက်သည်၊၊

“ဆရာ့ဆီက အခုထိ အကြောင်းမထူးသေးဘူးလား”

“အွန်း”

မုဝမ်ရွှမ်းလည်း အစောပိုင်းက သူတို့ ဆွေးနွေးထားသည်များကို သတိရသွားပြီး မျက်မှောင်လေး အနည်းငယ်ကြုတ်လိုက်သည်။ သူမက ခေါင်းကို ညင်သာစွာ ခါပြလိုက်ပြီး မျက်ဝန်းများထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေသည်။ သူမသည် ဂျူနီယာညီမလေးကို ဓာတ်ပုံထဲတွင်သာ မြင်ဖူးသော်လည်း စိုးရိမ်နေသည်မှာ သိသာလှသည်။

ဝမ်ရှန်းက ပြုံးလိုက်ပြီး “ရပါတယ် စိတ်မပူပါနဲ့။ ကျွန်တော်တို့ အတူတူရင်ဆိုင်ကြတာပေါ့။ ထူးထူးခြားခြား ဘာမှမဖြစ်သရွေ့တော့ ကျွန်တော်တို့ ဖြေရှင်းနိုင်မှာပါ။ ဆရာက ကျွန်တော်တို့အတွက် အများကြီး လုပ်ပေးခဲ့တာပဲ။ ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး”

မုဝမ်ရွှမ်းက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြပြီး ကားဆီသို့ သူ့နောက်မှ လိုက်လာခဲ့သည်။

ဘူဒိုဇာနှင့် မုရွှယ်တို့လည်း ကားပေါ်မှ ခုန်ဆင်းပြီး မုဝမ်ရွှမ်းကို လေးစားသောအကြည့်ဖြင့် မတ်တပ်ရပ်စောင့်နေကြသည်။ မုဝမ်ရွှမ်းလည်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး နားနောက်မှ ဆံပင်စလေးကို သပ်ရင်း သူတို့နှစ်ယောက်ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။

ဝမ်ရှန်းက ပစ္စည်းများကို အမြန်သိမ်းဆည်းကာ အပြန်အလှန် မိတ်ဆက်ပေးပြီး ကျိုးရင်လောင်ကို နှုတ်ဆက်လိုက်သည်။ ပြီးနောက် စီနီယာအစ်မနှင့်အတူ ခရီးဆက်ခဲ့သည်။ သူတို့၏ ရောက်လာပုံနှင့် ထွက်ခွာပုံမှာ မြန်ဆန်လှသည်။ ကျိုးရင်လောင်၏ နေရာတွင် မုဝမ်ရွှမ်းက အစားဝင်လာသည့်အခါ ဝမ်ရှန်း၏ စိတ်ထဲတွင် ပြောမပြတတ်အောင် အားကိုးဖွယ် ခံစားချက်မျိုး ရလာသည်။

သူတို့ သွားရမည့် မြို့သို့ ရောက်ရန် ၃ နာရီမှ ၄ နာရီခန့် ကြာလိမ့်မည်။ အမြန်ရောက်လေ ဂျူနီယာညီမလေးအတွက် အန္တရာယ်နည်းလေဖြစ်မည်။ ကားထဲမှ ထိုင်ခုံနေရာများလည်း ပြောင်းလဲသွားသည်။ မုဝမ်ရွှမ်းပါလာသောကြောင့် ဝမ်ရှန်းက နောက်ခန်းတွင် သူမနှင့်အတူ ယှဉ်ထိုင်လိုက်သည်။

မုရွှယ်ကမူ ရှေ့ခန်းသို့ အမြန်ပြေးဝင်ထိုင်လိုက်သည်။ ထိုင်ခုံခါးပတ် ပတ်ပြီးသည်နှင့် သူမက နောက်လှည့်ပြီး မုဝမ်ရွှမ်းကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“နတ်သမီး ပုယွီက တကယ်ကို လှတာပဲ”

မုရွှယ်က အံ့သြတကြီး ပြောလိုက်သည်၊၊

“အသားအရေကလည်း လုံးဝ အပြစ်ပြောစရာမရှိဘူး။ ရှင့်ရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်က အသားအရေထိန်းသိမ်းတဲ့ ကြော်ငြာတွေထဲမှာမပါတာ တကယ်နှမြောဖို့ ကောင်းတယ်”

မုဝမ်ရွှမ်းက မျက်တောင်ခတ်ရင်း အကူအညီတောင်းသော ပုံစံဖြင့် ဝမ်ရှန်း၏ လက်မောင်းကို ခပ်ဖွဖွဆွဲလိုက်သည်။

“စိတ်မပူပါနဲ့ စီနီယာအစ်မ။ သူမက ဆရာကတော်ရဲ့ တပည့်တစ်ယောက်ပါ၊၊ လူဆိုးမဟုတ်ပါဘူး။ မသင့်လျော်တာ ဘာမှလုပ်မှာမဟုတ်ပါဘူး”

ဝမ်ရှန်းက နှစ်သိမ့်လိုက်သည်။

မုရွှယ်က စိတ်မကောင်းသလို ကြည့်လိုက်သည်။ သူမက ရင်းနှီးအောင် ကြိုးစားနေသည်ကို “လူဆိုးမဟုတ်ပါဘူး” ဟုသာ တုံ့ပြန်ခံလိုက်ရသောကြောင့် ဖြစ်သည်။ ဘူဒိုဇာက ခပ်တိုးတိုးရယ်လိုက်သည်။ သူက နောက်ကြည့်မှန်မှတစ်ဆင့် မုဝမ်ရွှမ်းကို တစ်ချက်နှစ်ချက် လှမ်းကြည့်ပြီးနောက် ကားမောင်းသည်ကိုသာ အာရုံစိုက်လိုက်သည်။

“ဆရာကတော်က ဒီစစ်ဆင်ရေးအတွက် ဘာအစီအစဉ်ရှိလဲ”

ဝမ်ရှန်းက မေးလိုက်သည်။

“တရားဝင် အစီအစဉ်တော့ မထွက်သေးဘူး။ အခုထိတော့ သတင်းအချက်အလက်က အကန့်အသတ်နဲ့ပဲ ရထားသေးတယ်”

မုရွှယ်က အလုပ်အကြောင်းပြောသည့်အခါ လေသံက တည်ငြိမ်သွားသည်၊၊

“ကျွန်မတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အခုမှ အသစ်ဖွဲ့ထားတာဆိုတော့ အမှုတွေ အများကြီးမဖြေရှင်းရသေးဘူး။ ဒါကြောင့် ဒီတာဝန်က ကျွန်မတို့အတွက် အရမ်းအရေးကြီးတယ်”

ဘူဒိုဇာက ဝင်ပြောသည်၊၊

“ဒါက ကျွန်တော်တို့ ကပ္ပတိန်ရဲ့ သမီးနဲ့လည်း ပတ်သက်နေတာဆိုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါဝင်နေတာကို နားလည်ပေးပါ”

All Chapters