ယင်နဲ့ယန်၏ ပထမဆုံးခြေရာများ
Vol. 7 Ch. 62
မုရွှယ်က ဘူဒိုဇာကို မျက်လုံးလှန်ကြည့်လိုက်သည်၊၊
“ကျွန်မတို့ ရထားတဲ့ သတင်းတွေအရ ဒီကိစ္စက ကပ္ပတိန်ရဲ့ သမီးတစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး။ အနောက်ကနေ ပြဿနာရှာနေတဲ့ ကျင့်ကြံသူတွေရဲ့ သဲလွန်စကို တွေ့ထားတာမို့ ကျွန်မတို့ ဝင်ပါတာကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ တာအိုဆရာဝမ်ရှန်းနဲ့ မုဝမ်ရွှမ်းတို့အနေနဲ့ ဒါကို ကိုယ်ရေးကိုယ်တာကိစ္စသက်သက်ကြောင့် ကျွန်မတို့ ခေါ်လာတယ်လို့ မထင်စေချင်ပါဘူး”
မုရွှယ်၏ စိုးရိမ်နေသော အမူအရာကြောင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးလိုက်ကြသည်။
“ဒီကိစ္စက ကျွန်တော်တို့အတွက်လည်း ကိုယ်ရေးကိုယ်တာကိစ္စပါပဲ။ ကျွန်တော်တို့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကြောင့် ကူညီတာမဟုတ်ပါဘူး၊၊ ကပ္ပတိန်ကို ကူညီဖို့ ဒီကို ရောက်နေတာပါ”
ဝမ်ရှန်းက ဆက်ပြောလိုက်သည်၊၊
“ခင်ဗျားတို့ ကယ်တင်ဖို့ ကြိုးစားနေတဲ့သူက ခင်ဗျားတို့ ကပ္ပတိန်ရဲ့ သမီးတင် မဟုတ်ဘူး၊၊ ကျွန်တော်တို့ရဲ့ ဂျူနီယာညီမလေးလည်း ဖြစ်တယ်”
“ဘာ”
“တကယ်ကြီးလား”
မုရွှယ်နှင့် ဘူဒိုဇာတို့ အံ့သြသွားကြသည်။
“ဂျူနီယာညီမလေး ဟုတ်လား။ ကပ္ပတိန်ရဲ့ သမီးက ရှင်တို့ရဲ့ ညီမလေးလား”
မုရွှယ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ပြီးနောက် သူမက နဖူးကို လက်နှင့်အုပ်ပြီး
“နေပါဦး... ဒါဆို ကပ္ပတိန်နဲ့ ရှင်တို့ရဲ့ ဆရာက အတိတ်က အကြောင်းတွေ ရှိတာပေါ့။ မဖြစ်နိုင်တာ… ကျွန်မ ခေါင်းတွေ ပေါက်ထွက်တော့မယ်”
ဝမ်ရှန်းက အကြောဆန့်လိုက်ကာ “အဲ့ဒီလိုသဘောပါပဲ။ ဆရာက အခုလောလောဆယ် ခရီးထွက်နေတော့ ဆက်သွယ်လို့မရဘူး။ ဆရာ့ရဲ့ တပည့်တွေအနေနဲ့ သူ့သမီး အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် အန္တရာယ်ကျရောက်နေတာကို ကျွန်တော်တို့ ဒီအတိုင်းကြည့်မနေနိုင်ဘူး”
“အွန်း”
မုဝမ်ရွှမ်းက ပြတ်သားစွာ ခေါင်းငြိမ့်ပြသည်။ သူမက ဖုန်းမျက်နှာပြင်ပေါ်တွင် သူမ၏ ခံစားချက်ကို ဖော်ပြနေသော meme ပုံလေးတစ်ခုကို ပြလိုက်သည်။ အဆိုပါပုံမှာ ဆံပင်များ ရှုပ်ပွပြီး သွေးများရွှဲနေသည့် ဓားမကြီးနှစ်လက်ကို ကိုင်ထားသော anime ဇာတ်ကောင်ပုံဖြစ်ပြီး ရူးသွပ်စွာ ဆုံးဖြတ်ချက်ချထားသော ပုံစံမျိုးဖြစ်သည်။
ဝမ်ရှန်းက တည်ငြိမ်စွာ ထပ်ပြောလိုက်သည်၊၊
“ဒါကြောင့် ကျွန်တော်တို့ ကယ်ဆယ်ရေးမှာ ကူညီမှာဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ ဦးစားပေးက ဂျူနီယာညီမလေးကို ကယ်ဖို့ပဲ။ ဒါက ခင်ဗျားတို့ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ရည်မှန်းချက်တွေနဲ့ ထပ်တူကျချင်မှ ကျလိမ့်မယ်”
မုရွှယ်နှင့် ဘူဒိုဇာတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။ ဝမ်ရှန်း၏ ဆိုလိုရင်းကို သူတို့ နားလည်ပေသည်။ သူတို့၏ ရည်မှန်းချက်များက တူညီနိုင်ပေမဲ့ လုပ်ဆောင်ချက်များ၏ အဓိကအချက်ကတော့ ကွာခြားနိုင်သည်။
ဘီပ်.. ဘီပ်
မုရွှယ်နှင့် ဘူဒိုဇာတို့၏ အိတ်ကပ်ထဲက တစ်ပြိုင်နက် တုန်ခါသံများ ထွက်လာသည်။ မုရွှယ်က သူမ၏ ကတ်ပြားကို အမြန်ထုတ်လိုက်သည့်အခါ သတင်းအချက်အလက်များ ပေါ်လာသည်။
“အစီအစဉ်ရောက်လာတာလား”
ဝမ်ရှန်းက လှမ်းကြည့်လိုက်ပေမဲ့ စာသားများက ပြောင်းပြန်ဖြစ်နေ၍ ဖတ်ရခက်နေသည်။
“မဟုတ်ဘူး။ ဟို မိစ္ဆာကျင့်ကြံသူ လီချီရန်အကြောင်းပါ” မုယွဲ့က နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သည်၊၊
“သတင်းရတာကတော့... သူ သေသွားပြီတဲ့”
သေပြီဟုတ်လား…။
ဝမ်ရှန်းလည်း သူကြောင့်များလားဟု အလိုအလျောက် တွေးလိုက်မိသော်လည်း မုရွှယ်၏ နောက်ထပ် စကားများကြောင့် သူ ပိုပြီး မျက်မှောင်ကြုတ်သွားရသည်။
“လီချီရန် သေဆုံးပုံက အတော်လေး ထူးဆန်းနေတယ်။ သူ့ကို သုတေသနဌာန... အဲ... လျှို့ဝှက်နေရာတစ်ခုကို ပို့လိုက်တဲ့အချိန်မှာ သူ့ရဲ့ ဒဏ်ရာတွေက တည်ငြိမ်နေပြီ၊၊ ခန္ဓာကိုယ်ထဲမှာလည်း ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ရောက်ရောက်ချင်း စမ်းသပ်စစ်ဆေးဖို့ စက်ပစ္စည်းတွေနဲ့ ချိတ်လိုက်တာနဲ့ သူ့ရဲ့ နဖူးထဲကနေ ပိုးကောင်တစ်ကောင် ဖောက်ထွက်လာပြီးတော့ နေရာမှာတင် သေဆုံးသွားတာပဲ”
ပိုးကောင်လား…။
ဝမ်ရှန်းက ဖြစ်နိုင်ခြေတချို့ကို ချက်ချင်း စဉ်းစားမိလိုက်သော်လည်း ထုတ်ပြောရန်မူ ခက်နေသည်။
“အသေးစိတ်ထပ်ပြောပြလို့ ရမလား။ ကျွန်တော် တစ်ခုခုသိနိုင်မလားလို့ပါ”
“ရပါတယ်။ တာအိုဆရာ ကူညီပေးမယ်ဆိုရင် ကျွန်မတို့အတွက် အများကြီး အကျိုးရှိပါတယ်။ ခဏလေးစောင့်ပါ… ကျွန်မ ခွင့်ပြုချက်တောင်းလိုက်မယ်”
မုရွှယ်က ဖုန်းအမြန်ဆက်ပြီး အသံတိုးတိုးဖြင့်ပြောနေသည်။ မကြာခင်မှာပင် သူမ၏ ဖုန်းထဲသို့ လီချီရန်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရောက်လာပြီး ဝမ်ရှန်းကို ကြည့်ခိုင်းလိုက်သည်။ မုဝမ်ရွှမ်းကလည်း စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည့်အခါ ဓာတ်ပုံများကို မြင်ပြီး မျက်ခုံးလေးများတွန့်သွားသည်။
ပုံများထဲတွင် လီချီရန်သည် ပက်လက်လန်နေသော ပုံစံဖြင့် သေဆုံးနေပြီး မျက်လုံးများက ပြူးထွက်နေသည်။ ဒါပေမဲ့ သူ၏မျက်လုံးများက ခြောက်ကပ်နေပြီး မျက်နှာတစ်ခုလုံးမှာ ခရမ်းရင့်ရောင်နှင့် အစိမ်းရောင်လိုင်းများ ယှက်ဖြာနေသည်။ နဖူးပေါ်မှ လက်မအရွယ် သွေးထွက်နေသည့် အပေါက်ကမူ တစ်ခုခုက သူ၏ဦးခေါင်းခွံကို အတွင်းထဲမှနေ၍ ဖောက်ထွက်လာခြင်းဖြစ်ကြောင်း သက်သေပြနေသည်။
ဓာတ်ပုံများကို ဆွဲကြည့်လိုက်သည့်အခါ တရားခံကို တွေ့လိုက်ရသည် — ပိုးတုံးလုံးကောင်နှင့် တူသည့် ပိုးကောင်လေးတစ်ကောင်ပင်။ အခုတော့ အဆိုပါပိုးကောင်ကလည်း သေဆုံးသွားပြီဖြစ်ပြီး နမူနာအဖြစ် သိမ်းဆည်းထားသည်။
“ဒါက ဂူပိုးကောင်ပဲ” ဝမ်ရှန်းက မှတ်ချက်ပေးလိုက်သည်။
မုရွှယ်က မှတ်စုစာအုပ်ထဲတွင် လိုက်မှတ်ရန် ပြင်လိုက်သည်။ ဝမ်ရှန်းက အခြားအသုံးဝင်မည့် အချက်အလက်များ ရှာရန် ဓာတ်ပုံများကို ဆက်ကြည့်လိုက်သည်။ လီချီရန်၏ လက်မောင်းကို အနီးကပ် ရိုက်ထားသည့် ပုံတွင် ရပ်လိုက်သည်။ သူ၏ တံတောင်ဆစ် အတွင်းဘက်တွင် အနက်ရောင်နှင့် အဖြူရောင်ရောယှက်နေသည့် တာအိုသင်္ကေတ တက်တူးလေးတစ်ခု ရှိနေသည်။
ထိုသင်္ကတ၏ အရေးပါမှုကို လူအနည်းငယ်သာ နားလည်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ဝမ်ရှန်းအတွက်မူ ဤတက်တူးနှင့် ဒဏ်ရာသည် အင်မတန်ရင်းနှီးနေသည်။
ယင်ယန်ဂိုဏ်းလား... အရင်ဘဝတုန်းက ကျင့်ကြံခြင်းလောကကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့သည့် အဆိုပါဂိုဏ်းသည် အခုအချိန်ကတည်းက သူတို့၏ လျှို့ဝှက်လှုပ်ရှားမှုများကို စတင်နေပြီ ဖြစ်သည်။ ဒီကမ္ဘာပေါ်တွင် ရည်မှန်းချက်ကြီးသူများ အမြဲရှိနေတတ်သည်။ ချီစွမ်းအင်များ ပြန်လည်နိုးထလာကတည်းက အရင်တုန်းက သူတို့၏ ရည်မှန်းချက်များကို မအောင်မြင်ခဲ့သူတချို့မှာ အခွင့်အရေးသစ်များ ရလာပြီဟု ထင်နေကြပုံရသည်။
ဝမ်ရှန်းက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ယင်ယန်ဂိုဏ်းနှင့် ပတ်သက်၍ သတိပေးချင်သော်လည်း တွေဝေသွားသည်။ ယင်ယန်ဂိုဏ်းသည် အလွန်အားကောင်းပြီး မိစ္ဆာကျင့်ကြံသူများနှင့် လေလွင့်ကျင့်ကြံသူ အများအပြားကို စုဆောင်းထားသည်ကို သူသိသည်။ သူတို့ အင်အားအကောင်းဆုံးအချိန်တွင် ဟွာပြည်ထောင်စုတစ်ခုလုံးကို ဒုက္ခပေးခဲ့သလို တာအိုဂိုဏ်းများနှင့်လည်း နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။
သို့သော် သူတို့၏ တိကျသော လှုပ်ရှားမှုများ၊ အဓိကအဖွဲ့ဝင်များနှင့် အစစ်မှန်ရည်မှန်းချက်များကိုမူ သူအသေအချာ မသိပေ။ သူသိထားသည်များမှာ သတင်းများနှင့် ဟိုစပ်စပ်၊ ဒီစပ်စပ်သတင်းများသာ ဖြစ်သည်။
အတန်ကြာစဉ်းစားပြီးနောက် ဝမ်ရှန်းက ဓာတ်ပုံအချို့ကို ရွေးပြီး မုရွှယ်ကို ပြလိုက်သည်။
“ကျွန်တော် ရှေးဟောင်းကျမ်းစာတစ်ခုထဲမှာ ဒီလို ဂူအဆိပ်မျိုးအကြောင်း မြင်ဖူးတယ်။ ဒါကို ယင်ယန်သွေးစုပ်ဂူအဆိပ်လို့ ခေါ်တယ်။ ဒီအဆိပ်ရဲ့ အရင်းအမြစ်က အမြဲတမ်း အစုံလိုက်လာတတ်တယ် — ယင်တစ်ကောင်၊ ယန်တစ်ကောင် — ပြီးတော့ သူတို့က အပြန်အလှန် ဆက်နွှယ်နေကြတယ်။ ဒါကို တာအိုမန္တန်တွေနဲ့ ဖုံးအုပ်ပြီး လူတစ်ယောက်ရဲ့ နားထဲကို ထည့်လိုက်ရင် အဲဒီလူက ဂူအဆိပ်မိသွားပြီး သူတို့ရဲ့ ဝိညာဉ်အသိစိတ်က ပိုပြီး အားကောင်းလာလိမ့်မယ်။
ဒါပေမဲ့ တကယ်လို့ ယန်ဂူပိုးကို ရေအေးထဲ ထည့်လိုက်ရင် ယင်ဂူပိုးက သောင်းကျန်းလာပြီး ခံရတဲ့သူရဲ့ အသားနဲ့ ဦးနှောက်ကို စားပစ်လိမ့်မယ်။ အဲဒီလိုပဲ ယင်ဂူပိုးကို ရေပူထဲ ထည့်လိုက်ရင်လည်း ယန်ဂူပိုးက ရူးသွပ်သွားပြီး မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာကနေ လူကို သတ်နိုင်တယ်”
ဘူဒိုဇာ မျက်မှောင်ကြုတ်သွားပြီး မုရွှယ်လည်း နှုတ်ခမ်းကို စေ့ထားလိုက်မိသည်။
“ဒါက တကယ်ကြီး ဖြစ်နိုင်လို့လား”
“သက်သေက ခင်ဗျားတို့ ရှေ့မှာရှိနေတာပဲ မဟုတ်လား” ဝမ်ရှန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
မုရွှယ်က အမြန် ခေါင်းငြိမ့်လိုက်သည်။
“အခြားသတိထားမိတာရော ရှိသေးလား။ ကျေးဇူးပြုပြီး သိသမျှ ပြောပြပေးပါ”
“ကောင်းပြီ… ဒီသင်္ကေတကို ကြည့်လိုက်”
ဝမ်ရှန်းက ယင်ယန် သင်္ကေတကို ချဲ့ပြီး မုရွှယ်ကို ဖုန်းပြန်ပေးလိုက်သည်။
“ဒါက တာအိုဂိုဏ်းတွေ သုံးတဲ့ သာမန်တာအိုသင်္ကေတနဲ့ တူပေမဲ့ တကယ်တော့ မဟုတ်ဘူး။ ကျွမ်းကျင်တဲ့သူတွေကို သေချာတိုက်စစ်ခိုင်းကြည့်ပါ။ ဒီတက်တူးနဲ့ ရိုးရာသင်္ကေတကြားမှာ သေးငယ်တဲ့ ကွဲပြားမှုလေးတွေ ရှိတယ်”
“ဒါက ဘာကို ဆိုလိုတာလဲ”
“လီချီရန်ရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေတယ်လို့ ဆိုလိုတာပဲ။ ယင်ယန်ဂူအဆိပ်၊ ဒီသင်္ကေတနဲ့ ကျွန်တော် ဖျက်ဆီးလိုက်တဲ့ သစ်သားအိုးတွေ အားလုံးက သူ့ကို ပံ့ပိုးပေးနေတဲ့ မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းဟာ အတော်လေး အင်အားကြီးနေပြီဆိုတာ ပြနေတာပဲ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တောင်ပေါ်က ဂိုဏ်းကြီးတွေနဲ့ အမြန်ဆုံးဆက်သွယ်သင့်တယ်”
မုရွှယ်လည်း အတွေးထဲ နစ်ဝင်သွားပြီး အချက်အလက်များကို ချိတ်ဆက်ကြည့်နေသည်။ ပြီးနောက် သူမက ဝမ်ရှန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
“လီအိမ်တော်မှာ ဖြစ်ခဲ့တာတွေက လီချီရန်ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ညှိုးကြောင့်တင် မဟုတ်ဘူးပေါ့။ လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက အဲဒီမိစ္ဆာအဖွဲ့အစည်းရဲ့ တကယ့် ပစ်မှတ်ဖြစ်နေတာလား”
ဝမ်ရှန်းက ခပ်ပါးပါး ပြုံးလိုက်သည်။ ထိုမိန်းကလေးသည် အတော်လေး ထက်မြက်ပေသည်၊၊ စကားအနည်းငယ် ပြောရုံနှင့် အကုန်ချိတ်ဆက်မိသွားသည်။
“ကျင့်ကြံခြင်းမှာ အဓိက အချက်တွေက နည်းလမ်း၊ အရင်းအမြစ်၊ အဖော်နဲ့ နေရာပဲ။ ဒီသဘောတရားက တာအိုကျင့်ကြံသူတွေတင် မဟုတ်ဘူး။ လေလွင့်ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေအတွက်လည်း ကျင့်ကြံဖို့ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ ငွေကြေးအရင်းအမြစ်တွေ လိုအပ်တာပဲ”
ဝမ်ရှန်းက ထိုမျှနှင့်ပင် ရပ်လိုက်သည်။ ဤကိစ္စများသည် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ရဲများ၏ အလုပ်သာဖြစ်ပြီး သူနှင့် တိုက်ရိုက်သက်ဆိုင်သည် မဟုတ်ပေ။
“ဒါကို ကျွန်မ ချက်ချင်း အစီရင်ခံလိုက်ပါ့မယ်။ တာအိုဆရာရဲ့ အကြံပြုချက်တွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်”
မုရွှယ်လည်း စိတ်လှုပ်ရှားစွာဖြင့် သူမ၏ အလုပ်ကို ပြန်စလိုက်သည်။ ဝမ်ရှန်းက မုဝမ်ရွှမ်းကို လှမ်းကြည့်လိုက်သည်။ သူမသည် မေးခွန်းများ ပြည့်နေသော မျက်လုံးလေးများဖြင့် သူ့ကို ကြည့်နေသည်။ ဝမ်ရှန်း၏ စိတ်ထဲရှိ စိုးရိမ်စိတ်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။
မိစ္ဆာကျင့်ကြံသူအဖွဲ့အစည်းကြီးတစ်ခုပဲလေ။ ကြောက်စရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူသည် အရင်ဘဝက ဝမ်ရှန်း မဟုတ်တော့ပေ၊၊