အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်ခြင်း
Vol. 7 Ch. 64
“စစ်ဆင်ရေး စတင်ပြီ”
ဘူဒိုဇာက သူ၏ နားကြပ်ထဲသို့ ပြောလိုက်သည်၊၊ စင်္ကြံလမ်းတွင် ခြေသံများထွက်ပေါ်လာပြီး လူငယ်စုံတွဲတစ်တွဲက ချစ်ခင်ရင်းနှီးစွာဖြင့် ဓာတ်လှေကားဆီသို့ လျှောက်သွားကြသည်၊၊
ဝမ်ရှန်း တံခါးဖွင့်လိုက်သည်နှင့် သူ့အပေါ်သို့ ကျရောက်လာသော အကြည့်အချို့ကို သူ ခံစားလိုက်ရသည်၊၊ သူတို့ကို ဂရုမစိုက်ဘဲ သူသည် ဘေးခန်းသို့ သွားကာ တံခါးကို ခေါက်လိုက်သည်၊၊
“အစ်မ… ကျောင်းသွားဖို့ အချိန်ရောက်ပြီ”
စက္ကန့်အနည်းငယ်အကြာတွင် တံခါးမှာ ဖြည်းဖြည်းချင်းပွင့်လာပြီး ရေမွှေးနံ့သင်းသင်းလေးက ဝမ်ရှန်း၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်၊၊ သူ မော့ကြည့်လိုက်သောအခါ ခဏတာမျှ မှင်သက်သွားရသည်၊၊
မဟုတ်ဘူး… သူ အချစ်မှာ ကျရှုံးသွားသလို ခံစားလိုက်ရသည်၊၊
ညှို့ယူဖမ်းစားနိုင်သော မျက်လုံးများ၊ နုနယ်သော မျက်ခုံးတန်းများ၊ ပါးလွှာသော ခါးအထိ ကျနေသော ပိုးသားကဲ့သို့ နူးညံ့သည့် ဆံနွယ်များနှင့် သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလွှာများ၊၊ ဝမ်ရှန်း၏ လည်ပင်းမှာ အနည်းငယ်လှုပ်ရှားသွားသည်၊၊ သူမ၏ ပြုံးယောင်သန်းနေရုံလေးကပင် တိုင်းပြည်တစ်ခုလုံးကို ဖမ်းစားနိုင်သည်၊၊
သူ၏ အသိတရားက စီနီယာအစ်မကို ဤကဲ့သို့ စိုက်မကြည့်သင့်ကြောင်း သတိပေးနေသည်၊၊ သူတို့ ရင်းနှီးကြသော်လည်း ၎င်းမှာ မသင့်တော်ပေ၊၊ သို့သော် သူ အကြည့်လွှဲရန် ခဲယဉ်းနေသည်၊၊ သူမ၏ နဖူးနားရှိ ဆံညှပ်လေးက သူမ၏ ချောမွေ့သော ဆံနွယ်များကို ပိုမိုထင်ပေါ်စေပြီး အချိန်မရွေး လျှောကျလာတော့မည့်အတိုင်းပင်၊၊ သူမ၏ အဖြူရောင်ရှပ်အင်္ကျီမှာ ခါးလေးကို ဖုံးရုံမျှသာရှိပြီး မီးခိုးနုရောင် ဘောင်းဘီတိုမှာမူ သူမ၏ ပြည့်စုံလှပသော ခြေတံများကို ပိုမို ရှည်လျားစေသည်၊၊
ယင်းမှာ ဝမ်ရှန်း၏ မှတ်ဉာဏ်ထဲတွင် စီနီယာအစ်မ ဝတ်ဆင်ခဲ့သမျှ အဝတ်အစားများထဲ၌ အဆွဲဆောင်နိုင်ဆုံးနှင့် အတိုဆုံးဝတ်စုံပင် ဖြစ်သည်၊၊ သူမ၏ အသားအရေမှာ ဝင်းပနေပြီး မည်သူမျှ မျက်စိမလွှဲနိုင်အောင် ဖြစ်နေသည်၊၊
သူမ၏ ဂျူနီယာမောင်လေး စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် မုဝမ်ရွှမ်းသည် မျက်တောင်လေး ခပ်ဖွဖွခတ်ကာ သူမ၏ ဝတ်စုံကို ငုံ့ကြည့်ပြီး အနည်းငယ် ရှက်သွေးဖြာသွားသည်၊၊ သူမ၏ အမူအရာတွင် အနေရခက်မှုများ ပါဝင်နေသည်၊၊ ကျပ်နေသော အင်္ကျီနှင့် ဘောင်းဘီတိုများသည် သူမနှင့် မလိုက်ဖက်လှပေ၊၊ သူမ၏ ဂျူနီယာမောင်လေးသည် သူမ ဤကဲ့သို့ ဝတ်ဆင်လိမ့်မည်ဟု မည်သည့်အခါမှ မျှော်လင့်ထားမည်မဟုတ်သလို သူမ အရှက်ရနေသည်ဟုပင် သူထင်ကောင်းထင်နေပေလိမ့်မည်၊၊
“အ...”
သူမသည် ဝမ်ရှန်းကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ ပို၍သင့်တော်သော ဝတ်စုံကို ပြန်လဲသင့်သလားဟု တွေးနေသည်၊၊ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်းသည် သူမ၏ မျက်လုံးများကို ကြည့်ကာ စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်၊၊ သူက ပြုံးလျက် သူ၏ ဘယ်လက်ကို မြှောက်လိုက်သည်၊၊
“ကျွန်တော်တို့ ကျောင်းကိုသွားတင်ပြရမယ် အစ်မ၊၊ ကျောင်းစီမံခန့်ခွဲရေးရုံး ပိတ်တော့မယ်”
မုဝမ်ရွှမ်း သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်သည်၊၊ သူမသည် ဝမ်ရှန်းကို လျှာလေးထုတ်ပြလိုက်ပြီးနောက် သူမ၏ တည်ငြိမ်လှပပြီး ယဉ်ကျေးသောအမူအရာသို့ အမြန် ပြန်ပြောင်းလိုက်သည်၊၊ ဝမ်ရှန်းက ရှေ့သို့တိုးကာ သူမဘေးရှိ ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်ပြီး သူ၏ လှုပ်ရှားမှုတိုင်းမှာ လူကြီးလူကောင်းဆန်စေရန် ဂရုစိုက်လိုက်သည်၊၊ ထို့နောက် သူမ၏ လက်ကောက်ဝတ်ကို ကိုင်ကာ သူမလက်ကို သူ၏ လက်မောင်းတွင် ချိတ်စေလိုက်သည်၊၊
မုဝမ်ရွှမ်းအနေဖြင့် ထိုအပြုအမူမှာ မသင့်တော်ဟု မထင်ပေ၊၊ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် သူမ၏ ဂျူနီယာမောင်လေးအနားသို့ သဘာဝအတိုင်း ပို၍ တိုးကပ်သွားသည်၊၊ သူ၏ လက်ဖဝါးထဲမှ သူမ၏ လက်ကလေးမှာ အေးစက်ပြီး နုနယ်နေသည်၊၊
ဝမ်ရှန်းက သူမ၏ နားနားသို့ ကပ်ကာ အလေးအနက်ပြောလိုက်သည်၊၊
“ဇာတ်ကောင်ပုံစံထဲမှာပဲ နေနော်၊၊ အခု ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး မောင်နှမလို ဆက်ဆံရေးမျိုးပဲ၊၊ ကျွန်တော်က စီနီယာအစ်မကို အစ်မလို့ ခေါ်မယ်၊၊ အစ်မ ကျွန်တော့်ကို ရှန်းလို့ ခေါ်”
“အွန်း”
မုဝမ်ရွှမ်း လေးနက်စွာ ခေါင်းညိတ်ပြသည်၊၊ သူမ၏ မောင်နှမလို ဆက်ဆံရေးအပေါ် နားလည်မှုမှာ စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်တွင်သာ ရှိသည်၊၊
သူတို့၏ လှုပ်ရှားမှုကို သာမန်အတိုင်းဖြစ်စေရန် ရည်ရွယ်ထားသဖြင့် အခြားလူငယ်စုံတွဲသည် ဓာတ်လှေကားတွင် နီးကပ်စွာရပ်ကာ ချိုသာသော စကားများကို တီးတိုးပြောနေကြသည်၊၊ မုဝမ်ရွှမ်းက အမျိုးသမီးငယ်၏ ရင်ဘတ်ကို တစ်ချက်ကြည့်ကာ သူမ၏ ကြိုးမဲ့ဂါဝန်ကို အတွေးနက်ဟန်ဖြင့် ကြည့်နေသည်၊၊
သူမသည် ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီး စောစောက ရေချိုးခန်းတွင် အဝတ်လဲနေစဉ် ကြားခဲ့ရသော တီးတိုးစကားများကို ပြန်လည်ကြားယောင်နေသည်၊၊ မုရွှယ်နှင့် အခြားဝန်ထမ်းများသည် သူတို့၏ စကားများကို တိုးလှပြီဟု ထင်နေကြသော်လည်း ဝမ်ရှန်းထက် နှစ်ဆင့်မျှ ပိုမြင့်သော သူမ၏ ဝိညာဉ်အသိစိတ်ကြောင့် မုဝမ်ရွှမ်းသည် စကားလုံးတိုင်းကို အသေးစိတ်ကြားနေခဲ့လေသည်၊၊
ဓာတ်လှေကားမှာ ချောမွေ့စွာ ဆင်းသက်နေစဉ် သူမသည် အနားရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များကို ကျောခိုင်းကာ ဝမ်ရှန်း၏ လက်မောင်းကို အသာအယာတို့လိုက်သည်၊၊
“ဘာဖြစ်လို့လဲ”
ဝမ်ရှန်းက ညင်သာစွာ မေးသည်၊၊ သူ၏ အတွေးများမှာ မစ်ရှင်၏ နောက်ထပ်အဆင့်များတွင်သာ ရောက်နေသည်၊၊
မုဝမ်ရွှမ်းက မျက်တောင်လေး ခပ်ကာ သူမ၏ ရင်ဘတ်ကို ညွှန်ပြပြီး သူ၏ နားနားကပ်၍ စာလုံးတစ်လုံးကို ခပ်တိုးတိုး ပြောလိုက်သည်၊၊
“D”
ဝမ်ရှန်း ချောင်းဆိုးသွားသည်၊၊ သူ၏ အစစ်အမှန်ချီစွမ်းအားများပင် လည်ချောင်းထဲတွင် နင်မတတ် ဖြစ်သွားရသည်၊၊
….
“ပုံမှန်အစီရင်ခံစာ၊၊ A ဇုန်မှာ ထူးခြားမှုမရှိ”
“F ဇုန်မှာ ထူးခြားမှုမရှိ”
“B ဇုန်မှာ ထူးခြားမှုမရှိ... ဓားက ကျောင်းထဲဝင်သွားပါပြီ၊ ကျောင်းသားတွေရဲ့ တုံ့ပြန်မှုက ပုံမှန်ပါပဲ”
ဝမ်ရှန်း အရင်တည်းခိုခဲ့သော အခန်းထဲတွင် ယခုအခါ စစ်ဆင်ရေး၏ ယာယီကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသည့် မုရွှယ်သည် လက်ပိုက်လျက် ကွန်ပျူတာမျက်နှာပြင်များပေါ်မှ အဆက်မပြတ်ပြောင်းလဲနေသော ပုံရိပ်များကို စောင့်ကြည့်နေသည်၊၊
ဘူဒိုဇာနှင့် အခြားသူအချို့က ကျောင်းမြေပုံကို လေ့လာနေကြပြီး လှိုင်းနှုန်းချိတ်ဆက်ထားသော ဝေါ်ကီတော်ကီများမှတစ်ဆင့် တိုးညှင်းသော အမျိုးသား၊ အမျိုးသမီးအသံများ ထွက်ပေါ်နေသည်၊၊
ယာယီစောင့်ကြည့်ရေးကွန်ရက်မှာ အနည်းငယ် အခြေခံဆန်သော်လည်း ကျောင်းဝင်းပတ်ဝန်းကျင်တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ရန် သူတို့ အတတ်နိုင်ဆုံး လုပ်ဆောင်ထားကြသည်၊၊ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် မုရွှယ်၏ အမြင်အာရုံမှ တစ်စက္ကန့်မျှပင် လွတ်ထွက်မသွားပေ၊၊
“ကျောင်းထဲက အစီအစဉ်တွေ ဘယ်လိုလဲ”
“အားလုံး အဆင်သင့်ပါပဲ၊၊ ဘာအမှားအယွင်းမှ ရှိမှာမဟုတ်ဘူး”
မုရွှယ်က ခေါင်းညိတ်လိုက်သည်၊၊
“ကောင်းပြီ၊၊ အဲဒါဆို စိတ်ချရပြီ”
စောင့်ကြည့်ရေးမျက်နှာပြင်များကို စိုက်ကြည့်ရင်း သူမ အတွေးထဲ နစ်မျောနေသည်၊၊ အကယ်၍ ဤစစ်ဆင်ရေးက အချည်းနှီးဖြစ်ခဲ့လျှင် သူမတို့၏ ကပ္ပတိန်အပေါ် မည်မျှအထိ ဆိုးကျိုးသက်ရောက်နိုင်မည်ကို သူမ တွေးနေမိသည်၊၊
ဟွာပြည်ထောင်စုက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာအများအပြားပေးထားသော်လည်း လက်တွေ့တွင်မူ သူတို့ သိသာထင်ရှားသော ရလဒ်တစ်ခုမှ မပြနိုင်သေးပေ၊၊ ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့တွင် ဂုဏ်ပြုလောက်သော အောင်မြင်မှုမှတ်တမ်း မရှိသေးခြင်းပင်၊၊
ဤကဲ့သို့ အကျပ်ရိုက်နေသော အချိန်တွင် ပုဂ္ဂိုလ်ရေးခံစားချက်များကြောင့် အရင်းအမြစ်များစွာ အသုံးပြုနေခြင်းမှာ ပြဿနာအသေးအဖွဲပင် ဖြစ်သည်၊၊ အဓိကစိုးရိမ်စရာမှာ အထက်လူကြီးများက သူမ၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လာနိုင်ခြင်းပင် ဖြစ်သည်၊၊
“ကပ္ပတိန်က ငါတို့အပေါ် နေ့တိုင်း ဘယ်လိုဆက်ဆံတယ်လို့ နင်တို့ ထင်ကြလဲ”
အလုပ်ရှုပ်နေကြသော အခြားသူများလည်း ခဏမျှ အံ့အားသင့်သွားကြသည်၊၊
မုဝမ်ရွှမ်းအတွက် ဝတ်စုံရွေးချယ်ပေးခဲ့သော အမျိုးသမီးငယ်က ခပ်တိုးတိုးပြန်ဖြေသည်၊၊
“သူမက အရမ်းကောင်းပါတယ်၊၊ ငါတို့တွေ အတူအလုပ်လုပ်တာ မကြာသေးပေမဲ့ သူမက ငါတို့အပေါ် အရမ်းငဲ့ညှာပါတယ်”
ဘူဒိုဇာကလည်း ဝင်ပြောသည်၊၊
“ငါလည်း သဘောတူတယ်၊၊ ကပ္ပတိန်က ငါတို့အပေါ် တကယ်ကောင်းပါတယ်၊၊ သူမက ငါတို့အပေါ် ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှုအပြည့်အဝရှိတယ်လို့ ပြောလို့ရတယ်”
“အဲဒါကြောင့် ဒီမစ်ရှင်မှာ အားလုံးက သတိအပြည့်ရှိနေကြပါ”
မုရွှယ်က သူမ၏ မျက်မှန်ကို အသာအယာ ပင့်တင်ရင်း ပြောလိုက်သည်၊၊
“တာအိုဆရာ ဝမ်ရှန်းနဲ့ ပုယွီတို့တောင် ရှိနေတာပဲ၊၊ ငါတို့တွေလည်း အစွမ်းကုန် ကြိုးစားပြရမယ်”
အားလုံးက သူမ၏ ဆိုလိုရင်းကို နားလည်နိုင်လောက်အောင် ထက်မြက်ကြသည်၊၊ သူတို့အားလုံး အလေးအနက် ခေါင်းညိတ်ပြကြပြီး သူတို့၏ အလုပ်များဆီသို့ အမြန်ပြန်သွားကြသည်၊၊
****
ဝမ်ရှန်း မျှော်လင့်ထားသည့်အတိုင်းပင် မုဝမ်ရွှမ်း ကျောင်းထဲဝင်လာသည်နှင့် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်၊၊ သူမမှာ ထူးခြားထင်ရှားပြီး ရင်သပ်ရှုမောဖွယ် လှပလွန်းနေသည်မဟုတ်ပါလား၊၊ ကံကောင်းသည်မှာ သူမသည် တောင်ပေါ်မှ ဆင်းလာစဉ်ကထက်စာလျှင် သာမန်လူများနှင့် ပိုတူနေသဖြင့် ဝိုင်းအုံကြည့်ခံရမည့် အခြေအနေမျိုးကို ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်၊၊
အကယ်၍ သူမသာ ရှေးဟောင်းဝတ်စုံကြီးဝတ်ပြီး ဆံပင်မှာလည်း ဆံထုံးကြီးဖြင့် လျှောက်လာပါက တစ်ကျောင်းလုံး ပွက်လောရိုက်သွားပေလိမ့်မည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တိတ်တဆိတ် လမ်းရှင်းပေးထားသဖြင့် စစ်ဆင်ရေး၏ ကနဦးအဆင့်မှာ အဆင်ပြေချောမွေ့နေခဲ့သည်၊၊
ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို ကျောင်းစီမံခန့်ခွဲရေးရုံးသို့ ခေါ်ဆောင်သွားပြီး ဌာနမှူးတစ်ဦးနှင့် တွေ့ဆုံလိုက်သည်၊၊ ထိုဌာနမှူးက ကြိုတင်ညွှန်ကြားချက်များ ရရှိထားပုံရပြီး လူငယ်နှစ်ဦး၏ လုပ်ထုံးလုပ်နည်းများကို အလျှင်အမြန် ဆောင်ရွက်ပေးသည်၊၊ သူသည် သူတို့၏ စာရွက်စာတမ်းများကို သေချာစစ်ဆေးနေခြင်းပင် မရှိပေ၊၊
တံဆိပ်တုံး ထုလိုက်သည်နှင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ထိုတက္ကသိုလ်၏ အနုပညာဖလှယ်ရေးကျောင်းသားများအဖြစ် တရားဝင်မှတ်ပုံတင်ပြီးသားဖြစ်သွားသည်၊၊ သူတို့၏ ၉၀ ရာခိုင်နှုန်းမှာ လုပ်ကြံဖန်တီးထားသော ကိုယ်ရေးအချက်အလက်များကို ကျောင်း၏ ဒေတာဘေ့စ်ထဲသို့ လျင်မြန်စွာ ထည့်သွင်းလိုက်သည်၊၊
အပေါ်ယံကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဤလုပ်ထုံးလုပ်နည်းမှာ အလွန်ပင်ရှုပ်ထွေးလှသည်၊၊ ယင်းက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထူးခြားသော စွမ်းဆောင်ရည်ကို အပြည့်အဝဖော်ပြနေခြင်းပင် ဖြစ်သည်၊၊
ဝမ်ရှန်း၏ အမြင်အရ သူနှင့် သူ၏ စီနီယာအစ်မသည် ဤကျောင်းတွင် ကြာကြာနေမည်မဟုတ်ပေ၊၊ အများဆုံး နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာနေမည်ဖြစ်သည်၊၊ ဤအစီအစဉ်များမှာ ကျောင်းသားများကြားတွင် ရောနှောနေထိုင်ပြီး လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစေရန် ယာယီဟန်ဆောင်မှုများသာဖြစ်သည်၊၊
စစ်ဆင်ရေးက တည်ငြိမ်စွာ တိုးတက်နေသည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ နည်းပညာဝန်ထမ်းများ မည်သို့လှုပ်ရှားလိုက်သည်ကို မည်သူမျှ မသိသော်လည်း သူတို့ မှတ်ပုံတင်ပြီးသည်နှင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် အဆောင်ခန်းများကို ချက်ချင်းရရှိခဲ့သည်၊၊ သူတို့၏ ကုတင်နှင့် အိပ်ရာခင်းများပင် အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်နေသည်၊၊
မုဝမ်ရွှမ်း၏ အခန်းမှာ သူတို့၏ ဂျူနီယာညီမလေးနှင့် အဆောင်ထပ်တူတွင် ရှိနေသဖြင့် တွေ့ဆုံရန် အခွင့်အရေးပိုများစေသည်၊၊
ဝမ်ရှန်း၏ အခန်းမှာမူ အမျိုးသားအဆောင်တွင်ဖြစ်ပြီး အမျိုးသမီးအဆောင်နှင့် မီတာ ၆၀ ပင် မဝေးပေ၊၊ ယင်းမှာ သူညဘက်တွင် အမျိုးသမီးအဆောင်ထဲသို့ တိတ်တဆိတ်ဝင်ကာ စုံစမ်းစစ်ဆေးရန် လုံလောက်သော အကွာအဝေးပင် ဖြစ်သည်၊၊