သုံးနှစ်ကြာမှ ပြန်လည်ဆုံတွေ့ခြင်း
Vol. 7 Ch. 66
မိုးခေါင်ရေရှားကာလတွင် ရွာချလိုက်သည့် မိုးပြေးလေး၊ ဝေးကွာလှသည့် အရပ်ဒေသတစ်ခုတွင် မိတ်ဟောင်းဆွေဟောင်းနှင့် ပြန်လည်ဆုံတွေ့ရခြင်း၊ မင်္ဂလာဦးည၏ ကြည်နူးမှုနှင့် ဂုဏ်ထူးတန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခြင်းတို့သည် လူ့ဘဝ၏ အကြီးမားဆုံးသော ပျော်ရွှင်မှုလေးသွယ်ဟု သတ်မှတ်ကြသည်၊၊
ဝမ်ရှန်းသည် သူ၏စီနီယာအစ်မနှင့်အတူ ဂျူနီယာညီမလေးကို ကယ်တင်ရန် ကြိုးပမ်းနေစဉ်အတွင်း နှစ်ပေါင်းများစွာ မတွေ့ရသည့် ရင်းနှီးသောမျက်နှာတစ်ခုနှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ၊၊
သူမက ရှန်းချန်လင်ဖြစ်သည်၊၊
ဒါ သူမတက်နေတဲ့ တက္ကသိုလ်လား…၊၊
သူ အရင်က အသေးစိတ်မမေးခဲ့ဖူးသော်လည်း ဤရုတ်တရက်တွေ့ဆုံမှုက အနည်းငယ်တော့ အနေရခက်စေသည်၊၊ သူမ တက္ကသိုလ်တက်ရန် ဤမြို့သို့လာခဲ့ကြောင်း တစ်ခါက မက်ဆေ့ခ်ျထဲတွင် ပြောဖူးသည်ကို ဝိုးတဝါးမှတ်မိနေသည်၊၊
အတော်လေးတိုက်ဆိုင်လေသည်၊၊ တစ်ကျောင်းလုံးတွင် ကျောင်းသားများစွာရှိပြီး ထမင်းစားဆောင်ကလည်း အနည်းဆုံး ခုနှစ်ခု၊ ရှစ်ခုခန့် ရှိနေသည်ကိုမှ ဤကဲ့သို့သော အချိန်မျိုးတွင် ဤနေရာ၌ လာဆုံကြသည်၊၊
သို့သော်လည်း ဝမ်ရှန်း၏ စိတ်ထဲတွင် သူမကို တွေ့လိုက်ရသည့် အံ့အားသင့်ဝမ်းသာမှုများက ခဏချင်းပင် ပျောက်ကွယ်သွားပြီး အတွေးပေါင်းစုံ ဝင်ရောက်လာသည်၊၊
ဤကဲ့သို့ ဆုံတွေ့ရသည့် အချိန်က လုံးဝကို မသင့်တော်ပေ၊၊ အန္တရာယ်ပင် ဖြစ်သွားနိုင်လေသည်၊၊
အကယ်၍ ရှန်းချန်လင်က ‘နင်က ဝူတန်းတောင်မှာ ကျင့်ကြံနေရမှာ မဟုတ်ဘူးလား’ ဆိုသည့်စကားမျိုးကို မတော်တဆလွှတ်ခနဲပြောလိုက်မိပါက သူတို့၏ စစ်ဆင်ရေးတစ်ခုလုံး ပျက်စီးသွားနိုင်သည်၊၊
ချီဝမ်က အနီးတွင်ပင်ရှိနေပြီး ကြမ်းပြင်ပေါ် ကျသွားသည့် ဖုန်းကို သတိထားမိနေပြီဖြစ်သည်၊၊ တစ်ဖက်တွင်လည်း ရှန်းချန်လင်က သူ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး သူ ဘယ်သူလဲဆိုသည်ကို အတည်ပြုရန် ကြိုးပမ်းနေသည်၊၊ သူမက သူ့ကို မော်ရှန်းတောင်မှ တာအိုဆရာတစ်ယောက်ဖြစ်ကြောင်း မတော်တဆဖော်ထုတ်မိသွားနိုင်သည့် အန္တရာယ်က အမှန်တကယ်ရှိနေသည်၊၊
ဝမ်ရှန်းသည် ချီဝမ်၏ ခန္ဓာကိုယ်အတွင်း ရှုပ်ထွေးနေသည့် အစစ်အမှန်ချီစီးဆင်းမှုကို ခံစားမိလိုက်ကတည်းက ကိစ္စရပ်များကို အကြမ်းဖျဉ်းနားလည်လိုက်ပြီဖြစ်သည်၊၊
လက်ရှိအချက်အလက်များအရ ဤတက္ကသိုလ်အတွင်းရှိ ကျောင်းသားတစ်ယောက်ယောက်က ဤကမ္ဘာတွင် ကျင့်ကြံခြင်းများ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သည့် လျှို့ဝှက်ချက်ကို သိသွားခြင်းဖြစ်နိုင်သည်၊၊ သူတို့သည် အင်တာနက်မှဖြစ်စေ… အခြားနည်းလမ်းဖြင့်ဖြစ်စေ အခြေခံကျင့်စဉ်များကို ရရှိထားပြီး လူများစုဆောင်းကာ ကျင့်ကြံခြင်းအဖွဲ့အစည်းအသစ်တစ်ခုကို တည်ထောင်နေကြခြင်း ဖြစ်လိမ့်မည်၊၊
အရိုးရှင်းဆုံးပြောရလျှင် ချီဝမ်နှင့် သူမ၏ အခန်းဖော်သူငယ်ချင်းများသည် ကျင့်ကြံခြင်းကို စတင်နေကြပြီဖြစ်သည်၊၊ သို့သော် သူတို့သည် လမ်းမှန်ရောက်နေသည်လား… လမ်းမှားရောက်သည်လားဆိုသည်ကိုမူ မသိရသေးပေ၊၊
သို့သော် ချီဝမ်က သူမမိသားစုထံမှ ငွေကြေးအမြောက်အမြား တောင်းခံနေခြင်းနှင့် ကျင့်ကြံသူတစ်ယောက်က အဆောင်မန္တန်များသုံး၍ လူများကို ဒဏ်ရာရအောင် လုပ်နေသည်ဟူသော သတင်းများကို ပေါင်းစပ်ကြည့်ပါက သူမ ရောက်ရှိနေသည့် ပတ်ဝန်းကျင်မှာ စိုးရိမ်ဖွယ်အခြေနေပင်ဖြစ်သည်၊၊
နှစ်စက္ကန့်အတွင်းမှာပင် ဝမ်ရှန်းက ဘာလုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်လိုက်သည်၊၊
ထိုအချိန်တွင် ရှန်းချန်လင်သည်လည်း သူမရှေ့မှ ဆံပင်အရှည်နှင့် လူငယ်သည် အမှန်ပင် ဝမ်ရှန်းဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီဖြစ်သည်၊၊ သူမ၏ တောက်ပသော မျက်ဝန်းများမှာ ဝမ်းသာအားရဖြစ်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားလွန်းသဖြင့် လက်ထဲမှ ဗန်းကိုပင် လွှတ်ချလုနီးပါး ဖြစ်သွားသည်၊၊
ဒါက သူငယ်ချင်းဟောင်းတစ်ယောက်ကို ပြန်တွေ့ရတဲ့ စိတ်လှုပ်ရှားမှုမျိုးပင် ဖြစ်သည်၊၊ သူတို့ မဆက်သွယ်ဖြစ်သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်၊၊
သံယောဇဉ်ဆိုသည်မှာ အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရတတ်ပြီး ခန္ဓာကိုယ်ချင်း ဝေးကွာသွားလျှင် စိတ်ခံစားချက်များကလည်း မှေးမှိန်သွားတတ်သည်၊၊ အစကတည်းကလည်း သူတို့ကြားတွင် ထူးထူးခြားခြား ဘာမှမရှိခဲ့ပေ၊၊
“ဝမ်ရှန်း တကယ်ပဲ နင်လား… နင် ဒီမှာ ဘာလုပ်နေတာလဲ” ရှန်းချန်လင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်၊၊
သူမ၏ အသံကြောင့် ဘေးနားရှိ ကျောင်းသားများက စပ်စုသည့်မျက်လုံးများဖြင့် ကြည့်လာကြသည် သူမနှင့်အတူပါလာသည့် တတိယနှစ် သူငယ်ချင်းများကလည်း ချက်ချင်းပင် စနောက်ကြတော့သည်၊၊
“သူက ဘယ်သူလဲ”
“ငါတို့ရဲ့ ဥက္ကဋ္ဌက အချစ်ရေးတွေ ဘာတွေအတွက် အချိန်ရနေတာပေါ့လေ”
“အမ်… မနောက်ကြနဲ့… သူက ငါ့ရဲ့ အထက်တန်းကျောင်းက ဂျူနီယာပါ၊၊ ငါ့အသက်ကို တစ်ခါ ကယ်ခဲ့ဖူးတယ်”
ရှန်းချန်လင်က နှုတ်ခမ်းစူကာ ပြန်ပြောရင်း ဗန်းကိုကိုင်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်၊၊
“စီနီယာအစ်မရှန်း”
ဝမ်ရှန်းက သူမကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ကာ ရှေ့သို့ တိုးရင်း အပြုံးဖျော့ဖျော့လေးဖြင့် နှုတ်ဆက်လိုက်သည်၊၊
ဒီမျက်စိမှိတ်ပြတာက ဘာသဘောလဲ…၊၊
ရှန်းချန်လင်တစ်ယောက် ကြောင်သွားပြီး မျက်တောင်ရှည်ကြီးများကို တဖျတ်ဖျတ်ခတ်လိုက်သည်၊၊ သူမမျက်ဝန်းထဲမှ ဝမ်းသာမှုများက ချက်ချင်းဆိုသလို ရှုပ်ထွေးမှုများအဖြစ် ပြောင်းလဲသွားသည်၊၊
သူမ မစဉ်းစားနိုင်ခင်မှာပင် ဝမ်ရှန်းက သူမအနားသို့ ရောက်ရှိလာပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သဖြင့် သူမမှာ တုံ့ပြန်ရန် အချိန်မရလိုက်ပေ၊၊
သူ ငါ့ကို ဖက်တော့မလို့လား… ငါ့ကိုတွေ့ရတာ အဲ့ဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား…၊၊ သူ့ဆံပင်ရှည်တွေနဲ့ဆိုတော့ နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတဲ့သူနဲ့တောင် တူနေသေးတယ်၊၊ နေပါဦး… သူက ဝူတန်းတောင်မှာ ကျင့်ကြံနေရမှာ မဟုတ်ဘူးလား… အဲ့ဒါကြောင့် ကျောင်းက ထွက်သွားတာလေ… သူက ဘယ်လိုလုပ် ဒီရောက်နေတာလဲ…၊၊
သူမ စဉ်းစားနေစဉ်မှာပင် ဝမ်ရှန်းက သူမပခုံးကို လက်နှစ်ဖက်ဖြင့် အားဖြင့် ဖိကိုင်လိုက်သဖြင့် သူမ အနည်းငယ် တွန့်သွားသည်၊၊
“စီနီယာအစ်မရှန်း… မတွေ့တာ ကြာပြီနော်… အစ်မက အရပ်တောင် ပိုရှည်လာတယ်”
သူက လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို နှုတ်ဆက်သကဲ့သို့ လေသံမျိုးဖြင့် ပြောလိုက်သည်၊၊
“အင်း”
ဤထူးဆန်းသည့် နှုတ်ဆက်စကားကြောင့် ရှန်းချန်လင် ကြောင်အမ်းသွားပြီး လက်ထဲမှ ဗန်းကို လွှတ်ချလုနီးပါး ဖြစ်သွားပြန်သည်၊၊
ထို့နောက် တိုးညှင်းပြီး သတိထားပြောလိုက်သည့် အသံတိုးတိုးလေးက သူမနားထဲ ရောက်လာသည်၊၊
“လူတွေ သတိမထားမိစေနဲ့ဦး… ကျွန်တော်က ဒီကို အသစ်ရောက်လာတဲ့ အနုပညာဖလှယ်ရေး ကျောင်းသားအနေနဲ့ လာတာပါ၊၊ နောက်မှ အကုန်ရှင်းပြမယ်၊၊ အခုလောလောဆယ် ကျွန်တော့်ရဲ့ အရင်အကြောင်းတွေကို ဘာမှမပြောနဲ့ဦး”
အနုပညာဖလှယ်ရေးကျောင်းသား ဟုတ်လား… အနုပညာဌာနမှာ ဘယ်တုန်းက ပြည်တွင်းဖလှယ်ရေးကျောင်းသားရှိသွားတာလဲ… ပြီးတော့ ဘာလို့ သူ့အရင်အကြောင်းတွေကို မပြောခိုင်းတာလဲ…၊၊
သူမ အတွေးများ ရှုပ်ထွေးနေသော်လည်း အချက်တစ်ခုက သူမကို သတိပြန်ဝင်လာစေသည်၊၊
သူပြောတာကို ငါ ဘာလို့ ဒီလောက် ရှင်းရှင်းလင်းလင်းကြားနေရတာလဲ…. သူ့နှုတ်ခမ်းတွေက သိသိသာသာလှုပ်တာတောင် မဟုတ်ဘဲနဲ့…၊၊
“အစ်မ… ဒီကျောင်းတက်နေတာကို ကျွန်တော် မေ့လုနီးပါးပဲ”
ဝမ်ရှန်းက ပေါ့ပေါ့ပါးပါးပင် ထပ်ပြောလိုက်သည်၊၊
သူက လွမ်းဆွတ်သလို မျက်နှာအမူယာမျိုးဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး ရှန်းချန်လင်၏ အခြေအနေကို အသာအယာစစ်ဆေးလိုက်သည်၊၊ သူမထံတွင် ချီစွမ်းအင်များမရှိသလို သွေးကြောများမှာလည်း သဘာဝအတိုင်းပင် ရှိနေသည်၊၊ သူမသည် ချီဝမ်၏ ကိစ္စများနှင့် ဘာမှပတ်သက်ပုံမရပေ၊၊
“န…နင် ဘယ်တုန်းက ရောက်တာလဲ”
ရှန်းချန်လင်က ပါးလေးများ ရဲတက်နေရင်း မေးလိုက်သည်၊၊
ယခုဆိုလျှင် တတိယနှစ် ရောက်ရှိနေပြီဖြစ်သည့် ရှန်းချန်လင်က လွန်ခဲ့သည့် သုံးနှစ်ကထက်စာလျှင် ပိုမိုရင့်ကျက်သည့် အလှမျိုးကို ပိုင်ဆိုင်နေပြီ ဖြစ်သည်၊၊ အထက်တန်းကျောင်းတုန်းကလည်း ဂျူနီယာပေါင်းများစွာ၏ အသည်းစွဲဖြစ်ခဲ့သလို ယခုလည်း သူမ၏ ဆွဲဆောင်မှုမှာ ပိုတိုးလာသည်၊၊
သူမ၏ ပိုမိုဖွံ့ဖြိုးလာသည့် ကိုယ်လုံးကိုယ်ပေါက်ကလည်း ခပ်ပွပွဂါဝန်ကို တမင်ရွေးချယ်ဝတ်ဆင်ထားသော်လည်း သူမ၏ ကောက်ကြောင်းများကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပေ၊၊
“ဒီနေ့ပဲ ရောက်တာ”
ဝမ်ရှန်းက ပြုံးလျက် ပြန်ဖြေပြီး ရှန်းချန်လင်၏ နောက်မှ မိန်းကလေးများကို ကြည့်လိုက်သည်၊၊
“စီနီယာအစ်မရှန်း… သူတို့က အစ်မရဲ့ အတန်းဖော်တွေလား”
“အင်း ဟုတ်တယ်”
ရှန်းချန်လင်က စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး ဝမ်ရှန်းကို ခိုးကြည့်လိုက်သည်၊၊ လွန်ခဲ့သည့် သုံးနှစ်က နွေရာသီ နေ့လယ်ခင်းတစ်ခုတွင် ကောင်လေးတစ်ယောက်၏ အိမ်သို့ ပထမဆုံးအကြိမ် သွားရန် သတ္တိမွေးခဲ့ရသည်ကို ပြန်လည်သတိရသွားသည်၊၊
“တွေ့ရတာ ဝမ်းသာပါတယ် ဂျူနီယာလေး”
“နင်က အရမ်းဖြောင့်တယ်”
“အားလုံးပဲ မင်္ဂလာပါ… ကျွန်တော့်နာမည် ဝမ်ရှန်းပါ၊၊ စီနီယာအစ်မရှန်းနဲ့ တစ်ကျောင်းတည်းပါ”
မိန်းကလေးတစ်စုက နားလည်သလိုမျိုး ပြုံးကြပြီး ဝမ်ရှန်းကို စနောက်လိုက်ကြသည်၊၊
သူတို့သည် တတိယနှစ်တောင် ရောက်ရှိနေပြီဆိုတော့ အရှက်အကြောက်များ သိပ်မရှိကြတော့ပေ၊၊
ရှန်းချန်လင်လည်း အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်သွားပြီး ဝမ်ရှန်းကို ဘေးမှ စောင့်ကြည့်နေသည်၊၊ သူမ မှတ်မိနေသည့် အရင်က ဂျူနီယာလေးနှင့် နှိုင်းယှဉ်ကြည့်နေမိသည်၊၊
သူက အရပ်လည်း အများကြီး ရှည်လာတယ်၊၊ ပိန်ပိန်ပါးပါး ကောင်လေးဘဝကနေ အခုတော့ ကိုယ်ဟန်အနေအထားက သန်မာလာပြီး လွန်ခဲ့တဲ့ သုံးနှစ်က တက်ကြွတဲ့ အထက်တန်းကျောင်းသားလေးကနေ ယခုတော့ တည်ငြိမ်ရင့်ကျက်သည့် လူငယ်တစ်ယောက် ဖြစ်နေပြီပဲ၊၊
သူ့ကို ကြည့်နေရုံနှင့်တင် စိတ်ထဲတွင် တစ်မျိုးတစ်ဖုံလုံခြုံသလို ခံစားလိုက်ရသည်၊၊
ရှန်းချန်လင်၏ မျက်လုံးထဲမှ အကြည့်များက အချစ်ကြောင့်ဟုတော့ ပြော၍မရသော်လည်း စိတ်ကူးယဉ်စရာတော့ ကောင်းနေသည်၊၊ ၎င်းကို သတိထားမိသည့် အဖော်မိန်းကလေးများက အလိုက်တသိနှင့်ပင် နှုတ်ဆက်သွားကြသည်၊၊
“ချန်လင်… ဝမ်ရှန်း ငါတို့ သွားတော့မယ်နော်၊၊ နင်တို့ပဲ အလွမ်းသယ်ကြတော့”
“ချန်လင်… ညကျရင် အဆောင်ပြန်လာဖို့ မမေ့နဲ့ဦး”
“ဝမ်ရှန်း… နင်တို့နှစ်ယောက် အေးအေးဆေးဆေးစကားပြောလို့ရမယ့် နေရာရှာလိုက်ဦး… သွားပြီနော် ခစ်ခစ်”
ဝမ်ရှန်းက ရှန်းချန်လင်၏ ဂုဏ်သိက္ခာအတွက် တစ်ခုခုရှင်းပြချင်သော်လည်း သူဘာမှပြောရသေးခင်မှာပင် ထိုမိန်းကလေးများမှာ ဗန်းများကိုကိုင်ပြီး ရယ်မောကာ ထွက်သွားကြပြီ ဖြစ်သည်၊၊