အငြင်းခံရခြင်း
Vol. 7 Ch. 67
“သူတို့က အဲ့ဒီလိုနောက်ပြောင်ရတာ ဝါသနာပါကြတယ်၊၊ စိတ်ထဲမထားနဲ့နော်”
ရှန်းချန်လင်က အမြန်ရှင်းပြသည်၊၊
သူမ အနည်းငယ် ရှက်နေသဖြင့် နှုတ်ခမ်းလေးစူကာ ဝမ်ရှန်းကို ကြည့်လိုက်သည်၊၊ အစကတော့ သူမလည်း ဗန်းကိုယူပြီး ထွက်သွားမည့်သူပင် ဖြစ်သည်၊၊ သို့သော် အမည်မဖော်ပြနိုင်သည် ခံစားချက်တစ်ခုကြောင့် ခြေစုံရပ်နေမိသည်၊၊
ထိုအချိန်တွင် ဝမ်ရှန်း၏ ဝိညာဥ်အသိစိတ်က ချီဝမ် လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်၊၊
သူမ၏ အခန်းဖော်က တိုက်တွန်းလိုက်ခြင်းကြောင့် ဝမ်ရှန်း ကြမ်းပြင်ပေါ် လွှတ်ချလိုက်သည့် ဖုန်းကို ကောက်ယူပြီး လျှောက်လာနေသည်၊၊
မသိချင်ယောင်ဆောင်ရင်း ဝမ်ရှန်းက ရှန်းချန်လင်ကို ပြုံးပြလိုက်သည်၊၊
“ကျွန်တော် သောက်စရာတစ်ခုခုသွားဝယ်မလို့… အစ်မရော ဘာသောက်မလဲ”
“ရတယ် မသောက်တော့ဘူး၊၊ နင် ဘယ်မှာထိုင်နေတာလဲ”
ရှန်းချန်လင်က စကားပြောရန် အခွင့်အရေးရမလားဟူသည့် မျှော်လင့်ချက်ဖြင့် တိုးတိုးလေး မေးလိုက်သည်၊၊
သူမ စကားမဆုံးခင်မှာပင် ချီဝမ်က ဝမ်ရှန်း၏ နောက်မှ ရောက်ရှိလာသည်၊၊
”တစ်ဆိတ်လောက်… ရှင့်ဖုန်း ကျသွားလို့”
သူမက ညင်သာစွာ ပြောလိုက်သည်၊၊
“ဟင်”
ဝမ်ရှန်းက လန့်သွားသလို ဟန်ဆောင်လိုက်သည်၊၊ သူက အိတ်ကပ်များကို စမ်းကြည့်ပြီး ဖုန်းကမ်းပေးနေသည့် မိန်းကလေးဘက်သို့ ချက်ချင်း လှည့်လိုက်သည်၊၊
ဖုန်းမှန်က ကွဲနေလေပြီ…
စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဖုန်းကလည်း ဒီလောက်တောင် ပျော့တာလား…၊၊
အမှန်တော့ ဝမ်ရှန်းက ဖုန်းမြေကြီးပေါ်မကျခင် အာရုံပြောင်းသွားသဖြင့် ချီဖြင့် ကာကွယ်ရန် မေ့လျော့သွားခြင်းပင်၊၊
သူက ချီဝမ်ထံမှ ဖုန်းကိုယူပြီး ခဏမျှ ငြိမ်နေကာ မျက်မှောင်ကြုတ်လိုက်သည်၊၊ ရှန်းချန်လင်ကလည်း သူမ၏ ဗန်းကို ဘေးမှ ခုံတွင်ချပြီး စိုးရိမ်တကြီး ကြည့်လာသည်၊၊
“အိုး မှန်ကွဲသွားတာပဲ”
“ရပါတယ် ပြန်လဲလိုက်လို့ ရတယ်”
ဝမ်ရှန်းက ပြုံးပြီး ပြန်ဖြေသည်၊၊ ထို့နောက် ချီဝမ်ဘက် လှည့်ကာ
“ကျေးဇူးပါဗျ၊၊ ဒါနဲ့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်ခါလောက် ထမင်းဖိတ်ကျွေးချင်လို့ YouChat အကောင့်လေး ပေးလို့ရမလား”
ချီဝမ်က ပြုံးပြီး ခေါင်းခါပြလိုက်သည်၊၊ ထို့နောက် ချက်ချင်းပင် လှည့်ထွက်သွားပြီး သူမခုံတွင် ပြန်ထိုင်ကာ ထမင်းကို အေးအေးဆေးဆေးပြန်စားနေသည်၊၊
သူ တိုက်ရိုက်ငြင်းပယ်ခံလိုက်ရခြင်းပင်၊၊
ဝမ်ရှန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်၊၊ သူက ရှန်းချန်လင်ကို ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်၊၊
ရှန်းချန်လင် မရယ်ပဲ မနေနိုင်တော့ပေ၊၊ ချက်ချင်းပင် သူ့ကို စနောက်တော့သည်၊၊
“ဘာလဲ ချောတဲ့ မိန်းကလေးတွေ့တာနဲ့ ချက်ချင်း အကောင့်တောင်းတာလား… နင် သူမနားမှာ ဖုန်းကို တမင်ပစ်ချလိုက်တာတော့ မဟုတ်ပါဘူးနော်”
ဝမ်ရှန်းက ရယ်လိုက်သော်လည်း ပြန်မဖြေလိုက်ပေ၊၊ “စီနီယာအစ်မရှန်း… ဒီဘက်မှာ လာထိုင်ပါလား၊၊ ကျွန်တော့်ရဲ့ ရည်းစားနဲ့ မိတ်ဆက်ပေးမလို့”
ရည်းစားလား…၊၊
ရှန်းချန်လင်၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာသည်၊၊ သူမက တိုးတိုးလေး မေးလိုက်သည်၊၊
“နင် ဝူတန်း—”
“ရှူး”
ဝမ်ရှန်းက သူမကို တားလိုက်သည်၊၊ သူ့နှုတ်ခမ်းများ အနည်းငယ်လှုပ်၍ သူမနားထဲသို့သာ အသံပို့လွှတ်ကာ ပြောလိုက်သည်၊၊
“နောက်မှ အကုန်ရှင်းပြမယ် အစ်မဆီက အကူအညီတောင်းစရာလည်း ရှိသေးတယ်”
“နင်က ဘာလို့ ဒီလောက် လျှို့ဝှက်ချက်တွေ များနေတာလဲ…”
ရှန်းချန်လင်က တီးတိုးညည်းတွားလိုက်သော်လည်း ထပ်မမေးတော့ပေ၊၊
ဝမ်ရှန်းက ပြုံးပြီး မုဝမ်ရွှမ်းရှိရာဘက်သို့ ကြည့်လိုက်သည်၊၊ သူမက ထရပ်နေပြီဖြစ်သည်၊၊ သူက သူမဘက်သို့ အသာအယာ မေးဆတ်ပြလိုက်သည်၊၊
ဝမ်ရှန်း ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်သောအခါ ရှန်းချန်လင်၏ မျက်လုံးများက မုဝမ်ရွှမ်းထံ ရောက်ရှိသွားသည်၊၊ သူမ ခဏမျှ မှင်သက်သွားပြီးမှ အံ့ဩတကြီး ရေရွတ်လိုက်သည်၊၊
“လှလိုက်တာ တကယ်ပဲ နင့်ရည်းစားလား”
“ဒါပေါ့”
ဝမ်ရှန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်၊၊
အခုတော့ တရားဝင်မဟုတ်သေးပေမဲ့ နောင်ကျရင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးလေ…၊၊
ဒါကတော့ သူ့စီနီယာအစ်မက အချစ်ရေးကို ဘယ်လောက် နားလည်မလဲဆိုတာပေါ်မှာပဲ မူတည်နေသည်၊၊
ရှန်းချန်လင်က ဝမ်ရှန်းကို ထူးဆန်းသည့် သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည် “ဂျူနီယာလေး… နင်က တကယ်တော့ ချမ်းသာတဲ့ မိသားစုရဲ့ ဒုတိယမျိုးဆက်အမွေဆက်ခံသူလား”
…
“အစ်မ… ကျွန်တော့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ”
“အွန်း”
ရှန်းချန်လင်က ယဉ်ကျေးပျူငှာပြီး ယုံကြည်မှုရှိရှိဖြင့် မိမိကိုယ်ကို မိတ်ဆက်လိုက်သည်၊၊
“မင်္ဂလာပါ… ကျွန်မက ရှန်းချန်လင်ပါ၊၊ ဝမ်ရှန်းရဲ့ အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်ပါ၊၊ သူနဲ့ တစ်နှစ်တည်းတော့ မဟုတ်ပါဘူး၊၊ ရှင်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်”
ဘာကြောင့်မှန်းမသိသော်လည်း သူမက လက်ဆွဲနှုတ်ဆက်ရန် လက်ကို အရင်ကမ်းပေးလိုက်သည်၊၊ ၎င်းမှာ သူမအတွက်မူ ပုံမှန်ထက် ပို၍ တက်ကြွလှုပ်ရှားသော အပြုအမူမျိုးဖြစ်သည်၊၊
မုဝမ်ရွှမ်းက ဝမ်ရှန်းကို ကြည့်လိုက်သည်၊၊ ဂျူနီယာမောင်လေးက အသာအယာ ခေါင်းငြိမ့်ပြမှသာ သူမက ရှန်းချန်လင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်၊၊ ထို့နောက် သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားသည်၊၊
မုဝမ်ရွှမ်းက ထူးဆန်းသောအရာကို တွေ့ရှိသွားခြင်း မဟုတ်ပဲ… သူမနှင့် ရှန်းချန်လင်က ဝမ်ရှန်း၏ စီနီယာအစ်မများဖြစ်ကြသဖြင့် မည်သူက အဆင့်အတန်းပိုမြင့်သနည်းဟုသာ တွေးနေခြင်းသာဖြစ်သည်၊၊
ရှန်းချန်လင်၏ စကားပြောကောင်းမှုနှင့် လူမှုရေးကျွမ်းကျင်မှုမှာ ဝမ်ရှန်းကိုပင် အံ့အားသင့်စေသည်၊၊ စကားအနည်းငယ်ပြောရုံမျှဖြင့် သူမက သူတို့သုံးဦးကြားရှိ အခြေအနေကို နွေးထွေးသွားအောင် ဖန်တီးနိုင်ခဲ့သည်၊၊
သူမက ဝမ်ရှန်းကို ပေါ့ပေါ့ပါးပါး စနောက်လိုက်၊ မုဝမ်ရွှမ်းကို အလိုက်တသိ ချီးကျူးလိုက်ဖြင့် သူတို့ကြားရှိ အနေရခက်မှုများကို လျင်မြန်စွာ ပျောက်ကွယ်သွားစေသည်၊၊
မုဝမ်ရွှမ်းက စကားပြောဆိုရာတွင် မကျွမ်းကျင်သဖြင့် ဝမ်ရှန်းနှင့် ရှန်းချန်လင်တို့၏ စကားဝိုင်းကို နားထောင်ရင်း တိတ်တဆိတ်သာ စားသောက်နေသည်၊၊
တစ်ချက်တွင် ဝမ်ရှန်းသည် မုဝမ်ရွှမ်းက ရှန်းချန်လင်ကို ကြည့်နေသည့် မျက်ဝန်းထဲ၌ မနာလိုမှု အရိပ်အယောင်လေးတစ်ခုကို သတိထားမိလိုက်သည်၊၊ ထိုအရိပ်အယောင်မှာ ခဏချင်းပင် ပျောက်ကွယ်သွားသော်လည်း သူကတော့ ၎င်းကို မေ့ပစ်မည်မဟုတ်ဘဲ လျစ်လျူရှု၍လည်း မရကြောင်း သိနေသည်၊၊
ဝမ်ရှန်းသည် သူ၏ ဝိညာဥ်အသိစိတ်ကို အသုံးပြုကာ အနီးနားရှိ ကျောင်းသားများ၏ တီးတိုးပြောဆိုနေသံများကို နားထောင်လိုက်သည်၊၊ ထို့နောက် သူက ရှန်းချန်လင်ကို ပြုံးပြရင်း ပြောလိုက်သည်၊၊
“စီနီယာအစ်မရှန်းက ဒီကျောင်းမှာ အတော်လေး နာမည်ကြီးတာပဲ”
ရှန်းချန်လင်က သက်ပြင်းသဲ့သဲ့ ချလိုက်သည်၊၊
“ပထမနှစ်တုန်းက စီနီယာတစ်ယောက် ခေါ်သွားကတည်းက ကျောင်းသားသမဂ္ဂမှာ အလုပ်တွေ လုပ်နေရတာ အခုဆို သုံးနှစ်တောင် ရှိသွားပြီ”
ကျောင်းသားသမဂ္ဂလား…၊၊
ရှန်းချန်လင်ကို စုံစမ်းစစ်ဆေးမှုတွင် ကူညီခိုင်းရန် ဝမ်ရှန်း၏ စိတ်ထဲတွင် ခဏမျှ ပေါ်လာသော်လည်း ချက်ချင်းပင် ထိုအတွေးကို ပြန်ဖျောက်လိုက်သည်၊၊
ဤဖြစ်ရပ်က မည်မျှအထိ ကြီးထွားသွားမည်ကို သူ မခန့်မှန်းနိုင်သေးပေ၊၊
ဝမ်ရှန်းက ကျောင်းသားသမဂ္ဂရှိ သူမ၏ အတွေ့အကြုံများကို မေးမြန်းကြည့်ရာ သူမ ပြောပြသမျှမှာ အလွန်ပင် အထင်ကြီးဖွယ်ကောင်းလှသည်၊၊
သူမကို ဘေးနားရှိ ကျောင်းသားများက ခိုးကြည့်နေကြသည်မှာ မဆန်းတော့ပေ၊၊ ဝမ်ရှန်းကို အကောင့်မပေးဘဲ ငြင်းခဲ့သည့် ချီဝမ်ပင်လျှင် သူမ၏ အခန်းဖော်များနှင့်အတူ သူမဘက်သို့ တစ်ချက်တစ်ချက်လှမ်းကြည့်နေသည်၊၊
ရှန်းချန်လင်သည် ကျောင်း၏ စံပြကျောင်းသူတစ်ဦးဖြစ်သည်၊၊ သူမတွင် ထူးချွန်ကျောင်းသူ၊ ကျောင်းသားသမဂ္ဂ၏ ဒုဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ အနုပညာနှင့် စာပေအသင်း၏ အကြီးအကဲစသည့် ဂုဏ်ပုဒ်များစွာ ရှိနေသည်၊၊
ထို့အပြင် သူမသည် လက်ရေးလှအသင်းနှင့် မြားပစ်အသင်းတို့တွင်လည်း တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး လက်ရေးလှပြိုင်ပွဲများတွင် ဆုများစွာ ရရှိထားကာ ကျောင်း၏ ကိုယ်စားပြုသံတမန်အဖြစ် နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရသည်၊၊ အချို့သော နိုင်ငံတကာပွဲများတွင်ပင် ကျောင်းကိုယ်စားပြု သွားရောက်ခဲ့ဖူးသည်၊၊
၎င်းအပြင် ရှန်းချန်လင်၏ နာမည်မှာ ကျောင်း၏ အလှဆုံးစာရင်းများတွင် အမြဲပါဝင်နေတတ်သည်၊၊ သန့်ရှင်းစင်ကြယ်သော သူမ၏ ပုံရိပ်နှင့် နောက်ဆုံးနှစ်ရောက်သည့်တိုင် ရည်းစားတစ်ခါမျှ မထားဖူးခြင်းတို့က သူမကို ပို၍ နာမည်ကြီးစေသည်၊၊
တာဝန်ဝတ္တရားများပြားလှခြင်းနှင့် စာပေထူးချွန်ခြင်းတို့ကြောင့် သူမတွင် အချစ်ရေးအတွက် အချိန်မရှိသည်မှာ ရှင်းလင်းလှသည်၊၊
သူမအကြောင်း ကျောင်းသားများ ပြောဆိုနေကြသည်ကို ဝိညာဥ်အသိစိတ်ဖြင့် နားထောင်ရင်း ဝမ်ရှန်းက ရှန်းချန်လင်ကို စိတ်ထဲမှ လက်မထောင်ပြလိုက်မိသည်၊၊
တစ်ဖက်တွင်လည်း ဤဘဝမှာ သူ၏ ဒုတိယအကြိမ်မြောက် ဘဝဖြစ်သော်လည်း သူသည် တောင်ပေါ်တွင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသဖြင့် သူမလောက် မတော်လှဟုလည်း တွေးမိသည်၊၊
ညစာစားပြီးနောက် ရှန်းချန်လင်က ကျောင်းနောက်ဘက်ရှိ ရေကန်ဘေးတွင် လမ်းလျှောက်ရန် ဖိတ်ခေါ်သဖြင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ဝမ်းသာအားရ လက်ခံလိုက်ကြသည်၊၊
ရှန်းချန်လင်က လူပိုလုပ်ချင်၍ မဟုတ်ပေ၊၊ ဝမ်ရှန်းက ဘာကြောင့် ဤကျောင်းသို့ ရုတ်တရက် ရောက်လာရသနည်းဆိုသည်ကို အလွန်ပင် သိချင်နေပြီး လူရှင်းသည့်နေရာတွင် မေးမြန်းချင်သောကြောင့် ဖြစ်သည်၊၊
ရေကန်ဘေးရှိ ခုံတန်းလေးများမှာ ပုံမှန်အားဖြင့် စုံတွဲများအတွက် အကြိုက်တွေ့ရာ နေရာများဖြစ်သည်၊၊
မှိန်ပျပျလမ်းဘေးမီးတိုင်လေးများအောက်တွင် ဖုန်းမှ ထွက်ပေါ်လာသည့် အလင်းတန်းလေးများနှင့် ပူးကပ်လျက်ရှိနေကြသည့် စုံတွဲများကို ဟိုတစ်တွဲ၊ ဒီတစ်တွဲ တွေ့မြင်နေရသည်၊၊
မုဝမ်ရွှမ်းကတော့ ထိုအရာများကို စိတ်မဝင်စားချေ၊၊ သူမသည် ရေမျက်နှာပြင်ပေါ်မှ လှပသော ရောင်ပြန်ဟပ်မှုများကိုသာ ငေးကြည့်နေသည်၊၊
ရှန်းချန်လင်မှာမူ ဤမြင်ကွင်းများကို ယဉ်ပါးနေပုံရသည်၊၊ လမ်းလျှောက်နေစဉ်အတွင်း သူမက ဤရေကန်၏ ရာဇဝင်နှင့် ပုံပြင်များကို ဖော်ဖော်ရွေရွေရှင်းပြနေသဖြင့် သူမမှာ ပုံပြောခြင်း သို့မဟုတ် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဘာသာရပ်ကို သင်ယူနေသူလားဟုပင် ထင်မှတ်ရလေသည်၊၊