အစီအစဉ်ထက် ကျော်လွန်ခြင်း
Vol. 7 Ch. 65
အဓိကဇာတ်ဆောင်နှစ်ဦးအပြင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် အဖွဲ့ပေါင်း ဆယ်ဖွဲ့ထက်မနည်း ချထားသည်၊၊ သူတို့သည် သန့်ရှင်းရေးဝန်ထမ်းသစ်များ၊ ထမင်းချက်များ၊ လမ်းဘေးဈေးသည်များ၊ ခရီးသွားများစသည်ဖြင့် ပုံစံအမျိုးမျိုးအသွင်ယူထားကြသည်၊၊
ဤစစ်ဆင်ရေး၏ အတိုင်းအတာမှာ သာမန်အသေးအဖွဲ စုံစမ်းစစ်ဆေးမှုထက် များစွာ ကျော်လွန်နေသည်၊၊
လေးယောက်ခန်းတွင် နေထိုင်ရသော ဝမ်ရှန်း၏ အခန်းဖော်သုံးဦးမှာ အော်တိုမေးရှင်းဌာနမှ တတိယနှစ်ကျောင်းသားများ ဖြစ်ကြသည်၊၊ လူသစ်တစ်ယောက် ရောက်လာမည်ဟု ကြားထားသဖြင့် ထိုသုံးဦးမှာ အခန်းထဲတွင် တက်တက်ကြွကြွစောင့်ဆိုင်းနေကြသည်၊၊ နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် သူတို့သည် YouChat အကောင့်များ ဖလှယ်ကြပြီး အတူတူစားသောက်ရန် သို့မဟုတ် ဂိမ်းဆော့ရန် သဘောတူလိုက်ကြသည်၊၊ သူတို့၏ သူငယ်ချင်းဖြစ်ခြင်းက သာမန်စကားဝိုင်းများမှတစ်ဆင့် စတင်ခဲ့သည်၊၊
အခြားတစ်ဖက်တွင်မူ ဘာသာစကားအခက်အခဲရှိနေသော မုဝမ်ရွှမ်းက ကြိုတင်ပြင်ဆင်ထားသော စာအုပ်ကလေးကို ထုတ်ကာ သူမ၏ ကိုယ်ရေးအချက်အလက်များကို ရေးသား၍ မိတ်ဆက်ခဲ့သည်၊၊ အမျိုးသမီးများအကြား သူငယ်ချင်းဖွဲ့ရန်မှာ အမျိုးသားများထက် ပို၍ ရှုပ်ထွေးလှသည်၊၊ မုဝမ်ရွှမ်း၏ အခန်းဖော်များမှာ ဒုတိယနှစ်ကျောင်းသူများဖြစ်ကြပြီး သူတို့တွင် ကိုယ်ပိုင်အပေါင်းအသင်းနှင့် အသိုင်းအဝိုင်းများ ရှိနှင့်ပြီးသားဖြစ်သည်၊၊ ထို့အပြင် သူမ၏ ပင်ကိုယ်အလှကြောင့် ချဉ်းကပ်လိုသော မိန်းကလေးများမှာ အလိုလိုတွန့်ဆုတ်နေကြသည်၊၊
မိန်းကလေး သုံးဦးက သူမကို ယဉ်ကျေးစွာ နှုတ်ဆက်ကြပြီး ကျောင်းတွင်းရှိ ထင်ရှားသော နေရာများကို လိုက်လံမိတ်ဆက်ပေးကြသော်လည်း စကားဝိုင်းမှာ ထို့ထက်ပို၍ မကြာလိုက်ပေ၊၊ သို့သော်လည်း သူတို့သည် ကြင်နာတတ်သူများ ဖြစ်ကြသည်ဟု သူမ ခံစားရသည်၊၊ လူအများကြားတွင် ရှိနေတတ်သော သဘာဝကျသည့် အကွာအဝေးတစ်ခုကိုလည်း သူမ သဘောကျမိသည်၊၊
မုဝမ်ရွှမ်း တစ်ခါမှ ကျောင်းမတက်ဖူးပေ၊၊ ငယ်စဉ်ကတည်းက ဆရာဖြစ်သူနောက်လိုက်ကာ တာအိုကျင့်ကြံခြင်းနှင့် စာပေများကိုသာ လေ့လာခဲ့သည်၊၊ သူမ၏ အမြင်တွင် တက္ကသိုလ်ကျောင်းသားများမှာ ၁၂ နှစ်တာ မဖြစ်မနေ ပညာသင်ကြားပြီးမှ တက်ရောက်ခွင့်ရသည့် ထူးချွန်သူများဖြစ်ကြသည်၊၊
သို့သော် သူမ ဤနေရာသို့ ရောက်နေသည်မှာ ဘဝကို အတွေ့အကြုံယူရန် မဟုတ်သည်ကို သူမ သိသည်၊၊ ကုတင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် သူမ အပြင်ထွက်ကာ လမ်းလျှောက်ရင်း သူမ၏ ဂျူနီယာညီမလေး၏ အခန်းကို ရှာတွေ့ခဲ့သည်၊၊ သူမ၏ ဝိညာဉ်အသိစိတ်ကို အသုံးပြု၍ သူမ အခန်းကို စစ်ဆေးကြည့်လိုက်သည်၊၊ အားလုံး အတန်းသွားတက်နေကြသဖြင့် အခန်းမှာ အလွတ်ပင် ဖြစ်သည်၊၊
မုဝမ်ရွှမ်း မျက်လုံးမှိတ်လိုက်သည်၊၊ သူမ၏ ဝိညာဉ်အသိစိတ်မှာ စီးကျနေသော ရေကဲ့သို့ ထိုအဆောင်တစ်ထပ်လုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်၊၊ မကြာမီ သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း တည်ငြိမ်မှုကို ထိန်းထားကာ စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်၊၊ သူမ ဖုန်းကို ထုတ်ကာ သူမ၏ ဂျူနီယာမောင်လေးထံ မက်ဆေ့ခ်ျ ပို့လိုက်သည်၊၊
မုဝမ်ရွှမ်း- အာလူး၊ အာလူး၊ အာလူးကို ခေါ်နေသည်၊၊ ကြားရလား၊၊
ဘီပ် ဘီပ်
ဝမ်ရှန်းက လျင်မြန်စွာ ပြန်စာပို့လိုက်သည်၊၊
ဝမ်ရှန်း- ဘာဖြစ်လို့လဲ အစ်မ၊၊
မုဝမ်ရွှမ်း- ဂျူနီယာညီမလေးရဲ့ အခန်းထဲမှာ ကမ္ဘာဦးချီ အကြွင်းကျန်လှုပ်ရှားမှုတွေကို ငါ ခံစားနေရတယ်၊၊ အံဆွဲလေးခုထဲမှာ အဆောင် ၉ခု ရှိနေတယ်၊၊ ဘာဆက်လုပ်ရမလဲ၊၊ အာ့တာတွေကို သွားယူလိုက်ရမလား၊၊
အဆောင်တွေ ဟုတ်လား…၊၊
ကုတင်ပေါ်တွင် လှဲနေသော ဝမ်ရှန်း အံ့သြသွားသည်၊၊
ဝမ်ရှန်း- ဘာမှ သတိမထားမိသလိုပဲ နေလိုက်ပါ၊၊ လောလောဆယ် ဘယ်သူ့ကိုမှ မရိပ်မိစေနဲ့ဦး၊၊ အကယ်၍ ဂျူနီယာညီမလေးကို တွေ့ရင် မိတ်ဆက်ဖို့ အခွင့်အရေး ရှာကြည့်လိုက်ပါဦး၊၊
မက်ဆေ့ခ်ျပို့ပြီးနောက် ဝမ်ရှန်းသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားကာ စီနီယာအစ်မ၏ တွေ့ရှိချက်ကို မုရွှယ်ထံ အကြောင်းကြားရန် ဆုံးဖြတ်လိုက်သည်၊၊ သူ ဖုန်းကို စစ်ဆေးရန် အချိန်မရသေးမီမှာပင် စခရင်ပေါ်တွင် meme ပုံလေးတစ်ခု ပေါ်လာသည်၊၊ ယင်းမှာ အောက်ခြေတွင် စာသားပါသော အလေးပြုနေသည့် အန်နီမေးရှင်းမိန်းကလေး ပုံလေးဖြစ်သည်၊၊
-ကန်စွန်းဥ လက်ခံရရှိပါပြီ၊၊ အာလူး၊ လူမသိအောင် ဆက်ပြီး ပုန်းနေပါ၊၊
ဝမ်ရှန်း အနည်းငယ် ရယ်မောလိုက်မိသည်၊၊ သူ၏ စီနီယာအစ်မမှာ ဇာတ်ကောင်ထဲသို့ အပြည့်အဝ စီးမျောနေပြီး ပျော်နေပုံရသည်၊၊ မကြာမီ သူသည် စီနီယာအစ်မ တွေ့ရှိခဲ့သည့် အချက်အလက်များကို မုရွှယ်ထံ ပို့လိုက်သည်၊၊ ထိုမက်ဆေ့ခ်ျက မုရွှယ်ကို စိတ်အေးသွားနိုင်မည်ဟူတော့ သူမမျှော်လင့်ထားခဲ့ပေ၊၊
ထို့နောက် သူ ဖုန်းထဲရှိ ဓာတ်ပုံများကို ဖွင့်ကြည့်လိုက်သည်၊၊ ယင်းမှာ မိန်းကလေးတစ်ဦး၏ ဓာတ်ပုံများ ဖြစ်ကြသည်၊၊ ဂျူနီယာညီမလေး၏ အမည်မှာ ချီဝမ်ဖြစ်ပြီး သူတို့ဆရာကတော်၏ မျိုးရိုးအမည်ကို ယူထားခြင်းဖြစ်သည်၊၊ သူမသည် ဝမ်ရှန်းထက် လအနည်းငယ် ငယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဓိကမေဂျာကို တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသူတစ်ဦး ဖြစ်သည်၊၊
သူတို့၏ ဆရာနှင့် ဆရာကတော်၏ ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် ချီဝမ်သည်လည်း အလွန်လှပမည်ကို ဝမ်ရှန်း သံသယမရှိပေ၊၊ သူ ထင်သည့်အတိုင်းပင် ချီဝမ်သည် ကျောင်းတက်သည့် အချိန်မှစ၍ စီနီယာများနှင့် သူငယ်ချင်းများ၏ အားကျနှစ်သက်မှုကို ခံနေရသူ ဖြစ်သည်၊၊ မုဝမ်ရွှမ်း၏ နတ်သမီးကဲ့သို့သော အရှိန်အဝါနှင့် ယှဉ်လျှင် ချီဝမ်မှာမူ ချစ်စရာကောင်းသော အိမ်နီးချင်းမိန်းကလေးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိသည်၊၊ တစ်ယောက်စီတွင် ကိုယ်ပိုင်အလှတရားများ ရှိကြသည်၊၊
သို့သော် ဝမ်ရှန်း၏ အမြင်တွင်မူ သူ၏ စီနီယာအစ်မက ပို၍ လှနေဆဲပင်၊၊
ညနေ ၆ နာရီခွဲတွင် သူသည် အမျိုးသားအဆောင်ရှေ့၌ မုဝမ်ရွှမ်းနှင့် တွေ့ဆုံခဲ့သည်၊၊ အခြားသူများ၏ မနာလိုသောအကြည့်များကြားတွင် မုဝမ်ရွှမ်းက ဝမ်ရှန်း၏ လက်မောင်ကို အရင်ဦးဆုံး ချိတ်လိုက်သည်၊၊ ကျောင်းဝင်းထဲတွင် ထမင်းစားခန်းသို့ သွားနေကြသည့် ကျောင်းသားများဖြင့် စည်ကားနေသည်၊၊
သူတို့နှစ်ဦးသည် ဂျူနီယာညီမလေး အသွားအများဆုံး ထမင်းစားခန်းသို့ ဦးတည်လိုက်ကြသည်၊၊ လမ်းတစ်ဝက်တွင် မုရွှယ်ထံမှ မက်ဆေ့ခ်ျတစ်ခု ရောက်လာသည်၊၊
မုရွှယ်- ပစ်မှတ်ကို ထမင်းစားခန်းမှာ တွေ့ပြီ၊၊
ဝမ်ရှန်းက အနားသို့ တိုးကာ တီးတိုးပြောလိုက်သည်၊၊
“စီနီယာအစ်မ၊ မိတ်ဆက်ဖို့ အဆင်သင့်ပဲလား”
“အ...”
မုဝမ်ရွှမ်း အနည်းငယ် တွန့်ဆုတ်နေပြီး စိတ်ရှုပ်ထွေးနေပုံရသည်၊၊
“အရမ်းဖိအားမထားပါနဲ့၊၊ သူမကို ကျွန်တော်တို့ဆရာရဲ့ တစ်ဦးတည်းသော သမီးလို့ပဲ သဘောထားလိုက်ပါ၊၊ သူစိမ်းလို့ မမြင်ပါနဲ့”
မုဝမ်ရွှမ်း သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်သည်၊၊ ဝမ်ရှန်းလည်း သူမကို သိချင်စိတ်ဖြင့် ကြည့်နေသည်၊၊ သူမ ဂျူနီယာညီမလေးအပေါ် မနာလိုဖြစ်နေတာလား…၊၊ သူမသည် သူမ၏ ခံစားချက်များကို ဖုံးကွယ်ရာတွင် တကယ်ကို မတော်ပေ၊၊ သူမ၏ အတွေးများမှာ မျက်နှာပေါ်တွင် အထင်သားပေါ်နေသည်၊၊
သူမ၏ နှလုံးသားထဲတွင် ချင်ယန်ဇီသည် အဖေရော အမေပါ ဖြစ်သည်၊၊ သဘာဝကျစွာပင် ချင်ယန်ဇီ၏ သွေးသားရင်းချာဖြစ်သော ချီဝမ်က သူမကို အနည်းငယ် အနေရခက်စေခြင်း ဖြစ်ပေလိမ့်မည်၊၊ ဝမ်ရှန်းက သူမ၏ ခံစားချက်ကို နားလည်သော်လည်း မည်သို့ နှစ်သိမ့်ရမည်ကို မသိပေ၊၊ သူ လုပ်နိုင်သည်မှာ သူမအနားတွင် အမြဲရှိနေပေးပြီး အားပေးကူညီပေးရန်သာ ဖြစ်သည်၊၊
ထမင်းစားခန်းအတွင်းရှိ စည်ကားသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ရှန်းသည် အတိတ်ကို ပြန်လည်အောက်မေ့မိပြီး အရာအားလုံး ဤမျှ ပြောင်းလဲသွားခြင်းကို အံ့သြနေမိသည်၊၊ သူနှင့် မုဝမ်ရွှမ်းတို့သည် သာမန်ကောလိပ်စုံတွဲများကဲ့သို့ပင် အစားအစာများကိုယူကာ ထိုင်ခုံရှာကြသည်၊၊ သူတို့သည် ချီဝမ်နှင့် မလှမ်းမကမ်းရှိ လွတ်နေသော စားပွဲတစ်ခုတွင် တိုက်တိုက်ဆိုင်ဆိုင်ထိုင်လိုက်ပြီး သူမကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်၊၊
ဒါ ငါတို့ဂျူနီယာညီမလေးလား…၊၊
ချီဝမ်သည် သူမ၏ အခန်းဖော်များနှင့် ပြုံးရွှင်စွာ စကားပြောနေပြီး အန္တရာယ်ရှိမည့် အရိပ်အယောင်မျိုး မတွေ့ရပေ၊၊ သူမသည် ပထမဆုံး မြင်လိုက်ရရုံနှင့်ပင် စိတ်ကြည်နူးဖွယ်ကောင်းသော တက်ကြွသည့် မိန်းကလေးတစ်ဦး ဖြစ်သည်၊၊
သို့သော်လည်း ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားကြသည်၊၊ ဝမ်ရှန်းက တည်ငြိမ်သွားပြီး မုဝမ်ရွှမ်းက ရှုပ်ထွေးသွားသည်၊၊ ချီဝမ်နှင့် သူမ၏ အခန်းဖော်သုံးဦးစလုံး၏ ခန္ဓာကိုယ်အတွင်း၌ အားနည်းသော်လည်း မတည်ငြိမ်သော အစစ်အမှန်ချီများ လည်ပတ်နေသည်ကို သူတို့ တွေ့လိုက်ရသည်၊၊
ထိုမသန့်စင်သော အစစ်အမှန်ချီများမှာ ဝမ်ရှန်းအတွက် အလွန်ပင် ရင်းနှီးလှသည်၊၊ ယင်းမှာ သူ၏ အတိတ်ဘဝက အွန်လိုင်းမှ နည်းလမ်းများကို စုစည်းပြီး ကျင့်ကြံခဲ့သည့် စွမ်းအားမျိုးနှင့် အလွန်တူနေသည်၊၊ ဒါက ကျင့်ကြံသူတစ်ယောက်က ကျောင်းထဲမှာ ပိရမစ်စီမံကိန်းလုပ်နေရုံတင် မဟုတ်တော့ဘူးပဲ၊၊
ဝမ်ရှန်း အနည်းငယ် စဉ်းစားပြီးနောက် လျင်မြန်စွာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်၊၊ သူသည် ချီဝမ်နှင့် တွေ့ဆုံပြီး သူမ၏ ကျင့်စဉ်များ မည်သည့်နေရာမှ ရောက်လာသည်ကို စုံစမ်းရမည်၊၊
“အစ်မ၊၊ အစီအစဉ်ပြောင်းမယ်၊၊ ကျွန်တော် အရင်သွားပြီး သူမကို ချဉ်းကပ်ကြည့်လိုက်မယ်”
“အင်း” မုဝမ်ရွှမ်းက အားပေးသည့် အမူအရာ လုပ်ပြသည်၊၊
ဝမ်ရှန်း ပြုံးကာ ထရပ်လိုက်သည်၊၊ သူသည် အသံကို မနှိမ့်ဘဲ သာမန်အတိုင်းပင် မေးလိုက်သည်၊၊
“အစ်မ၊၊ဘာသောက်ချင်သေးလဲ၊၊ ဟိုဘက်က အလိုအလျောက်ရောင်းတဲ့စက်မှာ သွားကြည့်လိုက်ဦးမယ်”
မုဝမ်ရွှမ်းက ခေါင်းခါပြကာ သူမ၏ ဂျူနီယာမောင်လေးနှင့် လိုက်လျောညီထွေ သရုပ်ဆောင်လိုက်သည်၊၊ ဝမ်ရှန်း၏ အစီအစဉ်က ရိုးရှင်းပြီး ခေတ်နောက်ကျလှသည်၊၊ သူသည် ချီဝမ်အနားမှ ဖြတ်လျှောက်သွားပြီး သူမကို တိုက်မိဟန်ဆောင်ကာ စကားပြောရန် အခွင့်အရေးရှာမည်ဖြစ်သည်၊၊ သူ လိုအပ်သည်မှာ သဘာဝကျသော တွေ့ဆုံမှုတစ်ခုသာ ဖြစ်သည်၊၊
သူသည် ချီဝမ်အနားသို့ ချဉ်းကပ်လာစဉ် ဖြစ်နိုင်ခြေရှိသော အခြေအနေများနှင့် သူမ မည်သို့ပြောလာနိုင်သည်ကို စဉ်းစားနေသည်၊၊ ထိုစဉ် ထိုင်ခုံရှာနေသော မိန်းကလေးတစ်စုမှာ ရယ်မောရင်း သူ့အနားမှ ဖြတ်လျှောက်သွားကြသည်၊၊ သူတို့ ဖြတ်သွားစဉ် ဝမ်ရှန်းသည် ထူးဆန်းပြီး သိမ်မွေ့သော ရင်းနှီးမှုမျိုးကို ခံစားလိုက်ရသည်၊၊ သို့သော် သူ၏ အာရုံအားလုံးမှာ ညီမလေးအပေါ်တွင်သာရှိနေသဖြင့် သူ သတိမထားမိလိုက်ပေ၊၊ ထိုမိန်းကလေးများထဲမှ အတော်လေး လှပသည့် တစ်ယောက်က သူ့ကို ဝေခွဲမရဟန်ဖြင့် စိုက်ကြည့်သွားသည်ကို သူ မမြင်လိုက်ပေ၊၊
ခြေလှမ်းအနည်းငယ်အကြာတွင် သူသည် ချီဝမ်နှင့် လက်တစ်ကမ်း အကွာအဝေးသို့ ရောက်ရှိသွားသည်၊၊ ဝမ်ရှန်းသည် သူ၏ ဖုန်းကို အစစ်အမှန်ချီဖြင့် တိတ်တဆိတ် ရစ်ပတ်ထားလိုက်ပြီး ချီဝမ်အနားမှ ဖြတ်သွားစဉ် တိုက်မိဟန်ဆောင်ကာ ဖုန်းကို အောက်သို့ ချရန် ပြင်ဆင်လိုက်သည်၊၊ အစစ်အမှန်ချီဖြင့် ကာကွယ်ထားသဖြင့် ဖုန်းပျက်စီးမည်ကို စိုးရိမ်စရာမရှိပေ၊၊
မျှော်လင့်မထားဘဲ နောက်မှ တစ်စုံတစ်ယောက်က သူ့ကို တွန့်ဆုတ်နေသော အသံဖြင့် လှမ်းခေါ်လိုက်သည်၊၊
“ဝမ်... ရှန်း”
ဟင်…
ဝမ်ရှန်း အံ့သြတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည်၊၊ သူ၏ လက်ချောင်းများမှာ အရင်က လှုပ်ရှားမှုအတိုင်းရှိနေဆဲဖြစ်သဖြင့် ဖုန်းက သူ၏ အိတ်ကပ်ထဲမှ လျှောကျသွားသည်၊၊
သူနှင့် မီတာအနည်းငယ်အကွာတွင် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လင်ဗန်းတစ်ခုကို ကိုင်ထားသည့် မိန်းကလေးတစ်ဦး ရပ်နေသည်၊၊ သူမ၏ မြင်းမြီးပုံစံဆံပင် လှပသောလည်တိုင်နှင့် ရင်းနှီးနေသော လှပသည့် မျက်နှာကြောင့် သူ၏ မှတ်ဉာဏ်များ ပြန်လည်နိုးထလာသည်၊၊
“စီနီယာအစ်မ ရှန်းချန်လင်”
ဖတ်…
အသံအရ သူ၏ ဖုန်းမှာ စခရင်ဘက်မှ မြေပြင်ပေါ်သို့ ကျသွားပုံရသည်၊၊