သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း
Vol. 7 Ch. 68
ထိုအတောအတွင်း ဝမ်ရှန်းက သူ၏ဖုန်းကို တစ်ချက်တစ်ချက် ကြည့်လိုက်သည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ချီဝမ်နှင့် ပတ်သက်သည့် သတင်းများကို ဆက်တိုက်ပေးပို့နေသည်၊၊
ညစာစားပြီးနောက် သူမက အခန်းဖော်များနှင့်အတူ စာကြည့်တိုက်သို့ သွားရောက်ကာ စာလေ့လာနေသည်၊၊ စံပြကျောင်းသူတစ်ဦးကဲ့သို့ ပြုမူနေသဖြင့် လောလောဆယ်တွင် ထူးခြားမှု မရှိသေးချေ၊၊
နောက်ဆုံးတွင် သူတို့ သုံးယောက်မှာ လူပြတ်သည့်နေရာတစ်ခုသို့ ရောက်ရှိလာကြသည်၊၊
ရှန်းချန်လင် ဆက်၍ မအောင့်ထားနိုင်တော့ဘဲ မေးလိုက်သည်၊၊
“ဝမ်ရှန်း… ဘာတွေဖြစ်နေတာလဲ၊၊ နင်က ဘယ်လိုလုပ် အနုပညာကျောင်းသားဖြစ်သွားရတာလဲ၊၊ အရင်တုန်းက ငါက နင့်ကို ကျောင်းမထွက်ဖို့တောင် ဖျောင်းဖျခဲ့သေးတယ်မဟုတ်ဘူးလား”
“ခန့်မှန်းကြည့်လေ”
ဝမ်ရှန်းက ရယ်မောရင်း ပြန်ဖြေသည်၊၊ သူ၏ အဖြေကြောင့် မုဝမ်ရွှမ်းပင် ပြုံးသွားသည်၊၊
ရှန်းချန်လင်က မျက်စောင်းလေး ထိုးလိုက်သော်လည်း ချက်ချင်းပင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦး၏ တည်ငြိမ်မှုမျိုး ပြန်လည်ယူလိုက်ပြီး ဝမ်ရှန်းကို စိုက်ကြည့်လိုက်သည်၊၊
ဝမ်ရှန်း၏ အရင်က သတိပေးချက်ကို သတိရကာ သူမက အသံကို နှိမ့်လိုက်သည်၊၊
“နောက်ဆုံးအကြိမ် ငါတို့ စကားပြောတုန်းက နင် ဝူတန်းတောင်မှာ ရှိနေတာမဟုတ်လား”
“လွန်ခဲ့တဲ့ ရက်ပိုင်းကမှ တောင်ပေါ်က ဆင်းလာတာပါ” ဝမ်ရှန်းက ရှင်းပြသည်၊၊
“စီနီယာအစ်မရှန်း… အစ်မကို ထူးဆန်းတဲ့ ကိစ္စတွေထဲ မဆွဲသွင်းချင်လို့ အများကြီးမမေးတာ အကောင်းဆုံးပဲ၊၊ တကယ်လို့ အစ်မက သိချင်တယ်ဆိုရင်တော့ ကျွန်တော် ပြောပြမယ်၊၊ ဒါပေမဲ့ ကျွန်တော် ပြောတာတွေကို လျှို့ဝှက်ထားရမယ်၊၊ ပြီးတော့ အစ်မရဲ့ အကူအညီလည်း လိုကောင်းလိုလိမ့်မယ်”
ရှန်းချန်လင်က ခဏမျှ စဉ်းစားပြီးနောက် ရေရွတ်လိုက်သည်၊၊
“ဘာလို့ အဲ့ဒီလောက် လျှို့ဝှက်ချက်တွေ များနေရတာလဲ၊၊ နင်က ထောက်လှမ်းရေးကျနေတာပဲ”
သူမက ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း အမှန်တရားကို ကွက်တိထိမှန်သွားသည်၊၊
ဝမ်ရှန်းက မုဝမ်ရွှမ်းအနားသို့ တိုးသွားကာ စကားအနည်းငယ် တီးတိုးပြောလိုက်သည်၊၊ မုဝမ်ရွှမ်းက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် သူမ၏ ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်၊၊
မိနစ်ဝက်ခန့် ကြာပြီးနောက် ဝမ်ရှန်းက မေးလိုက်သည်၊၊
“စီနီယာအစ်မရှန်း၊၊ ဆုံးဖြတ်ပြီးပြီလား”
“အင်း၊၊ ဆုံးဖြတ်ပြီးပြီ… ဘာတွေဖြစ်နေလဲဆိုတာ ငါသိချင်တယ်”
ရှန်းချန်လင်က ဝမ်ရှန်းကို ပြတ်သားစွာ စိုက်ကြည့်လိုက်သည်၊၊
“ပြောရတာ နည်းနည်းတော့ ရိုးအီနေမလားတော့ မသိပေမဲ့ နင်က ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်၊၊ တကယ်လို့ နင် အကူအညီလိုတယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမဆို ငါ မငြင်းပါဘူး”
မုဝမ်ရွှမ်းက မျက်တောင်လေးခတ်လိုက်ပြီး စိတ်ဝင်တစားကြည့်နေသည်၊၊
ဝမ်ရှန်းကတော့ အရင်က ကိစ္စများကို ပြန်မပြောချင်တော့ပေ၊၊ ၎င်းမှာ သူ့ဘက်မှ ပြုလုပ်ပေးခဲ့သည့် အကူအညီအနည်းငယ်မျှသာ ဖြစ်သည်၊၊
“ကျွန်တော့်ကို ဂုဏ်ထူးဆောင် ပြည်သူ့ရဲတစ်ယောက်လို့ သတ်မှတ်လို့ရတယ်၊၊ ဒီကျောင်းထဲမှာ ပုန်းနေတဲ့ သံသယဖြစ်စရာကောင်းတဲ့ လူတချို့ကို စုံစမ်းဖို့ တာဝန်နဲ့ လာတာပါ”
သူက ရှင်းပြလိုက်သည်၊၊
“သံသယဖြစ်စရာကောင်းတဲ့ လူတွေ ဟုတ်လား”
ရှန်းချန်လင်က မျက်တောင်လေး ခတ်ကာ မေးသည်၊၊
“ကျောင်းထဲမှာ အဲ့ဒီလို လူတွေ တကယ်ရှိနေတာလား”
“ကျွန်တော်တို့ ရထားတဲ့ သဲလွန်စအရတော့ ဟုတ်တယ်” ဝမ်ရှန်းက ပြန်ဖြေသည်၊၊
“အစ်မက ကျောင်းသားသမဂ္ဂမှာဆိုတော့ အသင်းအဖွဲ့တွေအကြောင်း ဘယ်လောက်သိထားလဲ”
“တော်တော်များများ သိပါတယ်၊၊ အပတ်တိုင်းလည်း အစည်းအဝေး ရှိတယ်လေ၊၊ ပြီးတော့ အနုပညာနဲ့ စာပေဌာနကလည်း အသင်းအဖွဲ့ အများစုအတွက် ပြိုင်ပွဲတွေ လုပ်ပေးနေတာဆိုတော့...”
ရှန်းချန်လင်က စကားကို ရပ်လိုက်ပြီး ဝမ်ရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်၊၊
“ဒါက တကယ်ပဲ အရေးကြီးတဲ့ ကိစ္စလား”
“သေချာတော့ အတည်မပြုရသေးပါဘူး”
ဝမ်ရှန်းက လက်ရန်းကို မှီရင်း စဉ်းစားနေသည်၊၊
အတန်ကြာပြီးနောက် သူက ရှန်းချန်လင်ကို စိုက်ကြည့်လိုက်သည်၊၊ သူမ၏ ရင်ခုန်သံများ မြန်လာပြီး အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲသွားသည်၊၊
“ထူးဆန်းတဲ့ အသင်းတွေထဲ ဝင်ဖို့ တစ်ယောက်ယောက်က အစ်မကို ဖိတ်ခေါ်ဖူးလား”
“ဘယ်လိုမျိုးကို ထူးဆန်းတယ်လို့ ခေါ်တာလဲ၊၊ ဒီမှာက ထူးထူးဆန်းဆန်းအသင်းတွေ အများကြီးရှိတယ်လေ”
ဝမ်ရှန်းက ခဏမျှ စဉ်းစားလိုက်သည်၊၊
“သိုင်းပညာ၊ မှော်ပညာ၊ အသက်ရှည်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း ဒါမှမဟုတ် ထာဝရရှင်သန်ခြင်းနဲ့ ပတ်သက်တာမျိုးတွေပေါ့”
“ထာဝရရှန်သန်ခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်ခြင်း ဟုတ်လား”
ရှန်းချန်လင်က ဝမ်ရှန်းကို မယုံနိုင်သလို ကြည့်လိုက်သည်၊၊
“ကျောင်းက အသင်းအဖွဲ့ လျှောက်လွှာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတယ်၊၊ အဲ့ဒီလိုအသင်းမျိုးဆိုရင် ခွင့်ပြုမှာ မဟုတ်ဘူး၊၊ သိုင်းနဲ့ပတ်သက်တဲ့ အသင်းဆိုရင်တော့ နှစ်သင်း၊ သုံးသင်းလောက် ရှိတယ်”
“အဲ့ဒီလို အသင်းမျိုးအကြောင်း တစ်ယောက်ယောက် ပြောတာရော ကြားဖူးလား”
ရှန်းချန်လင်က အတိတ်က အကြောင်းအရာတစ်ခုကို ပြန်သတိရရန် ကြိုးစားရင်း အသေအချာစဉ်းစားနေသည်၊၊
“အဲ့ဒီလိုမျိုး လက်နဲ့ ရေးထားတဲ့ ကြော်ငြာစာရွက်တစ်ခုတော့ မြင်ဖူးသလိုပဲ... နေပါဦး၊၊ တစ်ယောက်ယောက်က အဲ့ဒါကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ထားတာ မှတ်မိတယ်၊၊ ခဏလေးနော်၊၊ ပြန်ရှာကြည့်လိုက်ဦးမယ်”
သူမက ဖုန်းကိုထုတ်ပြီး ရှာဖွေနေသည်၊၊ ဝမ်ရှန်းက သူမ၏ ဘေးတိုက်မျက်နှာလေးကို တိတ်တဆိတ် ကြည့်နေသည်၊၊
ထိုစဥ် မုဝမ်ရွှမ်းက ဝမ်ရှန်း၏ လက်မောင်းကို ပုတ်လိုက်သည်၊၊
“လူတစ်ယောက်”
တစ်စုံတစ်ယောက်က သူတို့ကို စောင့်ကြည့်နေသည်ဟု သူမဆိုလိုခြင်းဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်သည်၊၊
မုဝမ်ရွှမ်း၏ ဝိညာဉ်အသိစိတ်ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်ရာ လမ်းထောင့်တစ်ခုတွင် ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်၊၊ ထိုသူက ရေကန်ကို ငေးကြည့်နေရင်း ဆေးလိပ်သောက်နေပုံရသည်၊၊
သေချာစစ်ဆေးကြည့်လိုက်ရာ ထိုသူ၏ ခန္ဓာကိုယ်အတွင်း၌ ပျံ့လွင့်နေသည့် အစစ်အမှန်ချီအငွေ့အသက် အနည်းငယ်ကို ဝမ်ရှန်း ခံစားမိလိုက်သည်၊၊
ထူးဆန်းသည်မှာ ဝမ်ရှန်းသည် ထိုသူ့ကိုကြည့်ရင်း သူ၏ အရင်ဘဝက ပုံစံနှင့် သွားတူနေသည်ဟု ခံစားရခြင်း ဖြစ်သည်၊၊ ကျင့်ကြံခြင်းအကြောင်းကို အပေါ်ယံမျှသာ သိပြီး စနစ်တကျမရှိသည့်အပြင် မိမိ၏ စွမ်းအင်ကိုပင် ဖုံးကွယ်ထားနိုင်စွမ်းမရှိသူမျိုး ဖြစ်သည်၊၊
ထိုသူတို့အဖို့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်၊၊ တစ်သက်လုံး ကြိုးစားအားထုတ်သော်လည်း နောက်ဆုံးတွင် သာမန်လူတစ်ယောက်အဖြစ်သာ ဇာတ်သိမ်းရလိမ့်မည်၊၊
ဝမ်ရှန်းက မုဝမ်ရွှမ်းကို ဘာမှ မလုပ်ရန် အချက်ပြလိုက်သည်၊၊
“ဘာမှ မသိသလိုပဲ နေလိုက်ရအောင်”
“တွေ့ပြီ” ရှန်းချန်လင်က ဝမ်းသာအားရအော်လိုက်သည်၊၊
သို့သော် ဝမ်ရှန်းက သူမကို ဆက်မပြောရန် အချက်ပြလိုက်သဖြင့် သူမက ဖုန်းကို ဝမ်ရှန်းအား ကမ်းပေးလိုက်သည်၊၊
ဝမ်ရှန်းက အသံကို တမင်မြှင့်လိုက်သည်၊၊
“ဟားဟား၊၊စီနီယာအစ်မက လွန်ခဲ့တဲ့ သုံးနှစ်က ပုံကိုတောင် သိမ်းထားတာလား၊၊ ဒါက အတော်လေး အထင်ကြီးစရာပဲ”
“ငါ ဘာပြောရမလဲ”
ရှန်းချန်လင်က တိုးတိုးလေး မေးသည်၊၊
“ပြုံးနေလိုက်”
“အို.. ကောင်းပြီ ငါ သရုပ်ဆောင်ကြည့်မယ်လေ”
ရှန်းချန်လင်က အတည်ပေါက် ပြောလိုက်ပြီးနောက် တမင် ဟီးဟီးဟားဟားလုပ်ကာ ဟန်ဆောင်ရယ်မောလိုက်သည်၊၊
ဝမ်ရှန်းလည်း တကယ်ပင် ရယ်ချင်သွားသည်၊၊ မုဝမ်ရွှမ်းပင်လျှင် မနေနိုင်ဘဲ ပြုံးမိသွားသဖြင့် ရှန်းချန်လင် စိတ်ဒဏ်ရာရချင်သလို ဖြစ်သွားသည်၊၊
မကြာမီ သူတို့အားလုံး ရှန်းချန်လင်၏ ဖုန်းမျက်နှာပြင်ဆီသို့ အာရုံရောက်သွားကြသည်၊၊ နံရံကပ်ဘုတ်ပေါ်တွင် ကပ်ထားသည့် လက်ရေးဖြင့် ရေးထားသော ကြော်ငြာစာရွက်က ဝမ်ရှန်းကို တစ်မျိုးကြီး မသက်မသာဖြစ်သွားစေသည်၊၊
> သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းက ဒီနေ့မှာ အသင်းသားအသစ်တွေ ခေါ်ယူနေပါပြီ၊၊
> ဒီကမ္ဘာကြီးအပေါ်မှာ သင် ရှုပ်ထွေးနေပါသလား… သင်နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုရော အမှန်တကယ် နားလည်ပါသလား၊၊
> သိပ္ပံပညာဆိုတာ လူသားတွေ ဖန်တီးထားတဲ့ လိမ်ညာမှုတစ်ခုလား ဒါမှမဟုတ် အဓိပ္ပာယ်မရှိတဲ့ ဒဏ္ဍာရီတစ်ခုလား၊၊
> သင်က သာမန် လခစားဝန်ထမ်းတစ်ယောက်အဖြစ်ပဲ နေသွားမှာလား ဒါမှမဟုတ် ရောက်ရှိလာတော့မယ့် အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး ဒီခေတ်ကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်မလား၊၊
> ဒီကမ္ဘာကြီးရဲ့ အလိမ်အညာတွေကို ခွာချပစ်ဖို့ အချိန်ရောက်ပါပြီ၊၊
> ဒီစနေနေ့ ည ၇ နာရီခွဲ၊၊ အနောက်ဘက်နယ်မြေ၊ တုရှင်း အဆောက်အအုံ၊ အခန်း ၅၀၃ မှာ သင့်ကို စောင့်နေပါမယ်၊၊
> လူဦးရေ ကန့်သတ်ထားပါတယ်၊၊
> ခေတ်သစ် တော်လှန်ရေးက နီးကပ်နေပါပြီ၊ သင် ဘာကို စောင့်နေတာလဲ၊၊
တော်လှန်ရေး၊ အခွင့်အရေး၊ ခေတ်သစ်...၊၊
သဘာဝလွန်ဖြစ်ရပ်မှန် ရှာဖွေရေးအသင်း ဟုတ်လား…၊၊
ချီစွမ်းအင်တွေ ပြန်လည်နိုးထလာတာ နှစ်နှစ်ကျော်ပဲ ရှိသေးသော်လည်း ဒီစကားလုံးတွေက အတော်လေးကို စိုးရိမ်စရာကောင်းနေသည်၊၊
“ဒီကြော်ငြာက လွန်ခဲ့တဲ့ တစ်လလောက်က ပေါ်လာတာပဲ” ရှန်းချန်လင်က သတိရကာပြောပြသည်၊၊
“ကြော်ငြာတွေက ခွင့်ပြုချက် အရင်ယူရတာဆိုတော့ အဲ့ဒီနေ့မှာတင် အဲ့ဒါကို ပြန်ခွာချလိုက်ကြတယ်၊၊ တစ်ယောက်ယောက်က အဲ့ဒါကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ထားတာကို ငါက ရယ်ရလို့ဆိုပြီး သိမ်းထားတာပဲ”
“ဒီပုံကို ကျွန်တော့်ဆီ ပို့ပေးပါ၊၊ စီနီယာအစ်မရှန်းက အတော်လေး ကူညီရာရောက်ပါတယ်၊၊ အစ်မရဲ့ လုံခြုံရေးအတွက် တစ်ယောက်ယောက်ကို စောင့်ကြည့်ပေးဖို့ ကျွန်တော် စီစဉ်ထားပါ့မယ်၊၊ အခုကစပြီး ကျွန်တော့်ကိုရော၊ စီနီယာအစ်မကိုရော မမြင်ဖူးသလိုပဲ နေပေးပါ”
စီနီယာအစ်မ... ရှန်းချန်လင်က ခဏမျှ စဉ်းစားနေသည်၊၊ ဒါဆိုရင် သူ မက်ဆေ့ခ်ျတွေထဲမှာ အမြဲပြောနေတဲ့ စီနီယာအစ်မဆိုတာ သူမကို ပြောတာပေါ့…၊၊
သူကတောင်ပေါ်က ဘဝကို ဘာလို့ ဒီလောက် သံယောဇဉ်တွယ်နေလဲဆိုတာ မဆန်းတော့ဘူးပဲ…၊၊ အကယ်၍ ယနေ့သာ မုဝမ်ရွှမ်းနဲ့ မတွေ့ခဲ့ရင် သူက တကယ်ပဲ တာအိုဆရာ အမြဲလုပ်တော့မှာလို့ သူမ ထင်မိပေလိမ့်မည်၊၊