← Chapters

သန်းခေါင်ယံ စုဝေးပွဲ

Vol. 7 Ch. 69

သန်းခေါင်ယံ စုဝေးပွဲ

Vol. 7 Ch. 69

“ငါ အရင်ပြန်နှင့်တော့မယ်နော်၊၊ အကူအညီလိုရင် အချိန်မရွေးလှမ်းခေါ်လိုက်”

အဆောင်ရှေ့တွင် ရှန်းချန်လင်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းကို နှုတ်ဆက်လိုက်သည်၊၊

ဝမ်ရှန်းက ပြုံး၍ ခေါင်းညိတ်ပြပြီး မုဝမ်ရွှမ်းကမူ လက်ဝေ့ယမ်းကာ နှုတ်ဆက်လိုက်သည်၊၊ ဆွဲဆောင်မှုရှိသော မိန်းမလှလေး အဆောင်အတွင်းသို့ ဝင်သွားပြီး အဆောင်မှူးကို နှုတ်ဆက်သည်အထိ သူတို့နှစ်ဦး ရပ်ကြည့်နေမိကြသည်၊၊

ည ၈ နာရီသာ ရှိသေးသဖြင့် ကျောင်းဝင်းအတွင်းမှာ စည်ကားနေဆဲဖြစ်ပြီး အဆောက်အအုံများတွင်လည်း မီးများ လင်းထိန်နေဆဲဖြစ်သည်၊၊

“စီနီယာအစ်မ… ကျွန်တော်တို့ လမ်းလျှောက်ရအောင်”

“အွန်း”

ဝမ်ရှန်းက လက်ကို အနည်းငယ်မြှောက်ပေးလိုက်ရာ မုဝမ်ရွှမ်းက အလိုက်သင့်ပင် လက်ချင်းချိတ်လိုက်သည်၊၊ ထို့နောက် ကျောင်းပြောင်းလာကာစ ချစ်သူစုံတွဲနှင့် တူသွားအောင် ဝမ်ရှန်းအနားသို့ တိုးကပ်လိုက်သည်၊၊

ရေကန်ဘေးသို့ ပြန်လျှောက်လာစဉ် ဝမ်ရှန်းက အသံတိုးတိုးဖြင့် မေးလိုက်သည်၊၊

“ကျွန်တော်တို့နောက်ကို လိုက်နေတဲ့သူ ရှိသေးလား”

မုဝမ်ရွှမ်းက သူမ၏ ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို သေချာစစ်ဆေးပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ခါပြသည်၊၊

စောစောက သူတို့နောက်ကို လိုက်နေသည့် လူငယ်သည် သူတို့ကိုမဟုတ်ဘဲ ရှန်းချန်လင်ကို ပစ်မှတ်ထားနေခြင်းလားဟု ဝမ်ရှန်း တွေးနေမိသည်၊၊

သူက Bluetooth နားကြပ်ကို တပ်ကာ မုန့်ရွှယ်ထံ ဖုန်းခေါ်လိုက်သည်၊၊ ညနေခင်း လေပြည်အေးများ တိုက်ခတ်နေစဉ်မှာပင် ဝမ်ရှန်းက သူစုံစမ်းသိရှိထားသမျှကို အကျဉ်းချုပ်ပြောပြလိုက်သည်၊၊

တစ်ဖက်မှ မုန့်ရွှယ်က ကျေးဇူးတင်ကြောင်း ပြောခဲ့သည်၊၊ ဝမ်ရှန်းအနေဖြင့် နာရီပိုင်းအတွင်း စုံစမ်းပေးခဲ့သည့် အချက်အလက်များသည် တက္ကသိုလ်အတွင်း ကျင့်ကြံသူအုပ်စုရှိနေကြောင်း အတည်ပြုရန် လုံလောက်သွားခဲ့သည်၊၊ ထို့ကြောင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အရေးယူရန် တုံ့ဆိုင်းနေစရာ မလိုတော့ပေ၊၊

သို့သော်လည်း နာရီပိုင်းအတွင်းမှာပင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သော်လည်း ဂျူနီယာညီမလေးကို လမ်းမှားရောက်အောင် ဖြားယောင်းထားသည့်အဖွဲ့မှာ သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဖြစ်နိုင်ကြောင်း သိလိုက်ရသဖြင့် ထိရောက်သည့် အရေးယူမှုပြုလုပ်ရန် ခက်ခဲနေသေးကြောင်း ဝမ်ရှန်း နားလည်လိုက်သည်၊၊

ဂျူနီယာညီမလေးကို အတင်းအဓမ္မခေါ်ထုတ်သွားရန် လွယ်ကူသော်လည်း ဆရာကတော်ဖြစ်သူကို ကျေနပ်လောက်သည့် အဖြေပေးနိုင်ရန်မှာမူ ပိုမိုအားထုတ်ရန် လိုအပ်ပေသည်၊၊ ထိုကျင့်ကြံသူအုပ်စုမှာ ရင့်ကျက်သည့်အဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးကြောင်း ထင်ရှားလေသည်၊၊ သူတို့က ဖုံးကွယ်နေထိုင်ရန် ကြိုးစားကြသော်လည်း သိသာထင်ရှားနေသည့် အချက်အလက်များကိုမူ သတိမမူမိကြပေ၊၊

ရှန်းချန်လင်နှင့် မမျှော်လင့်ဘဲ ပြန်ဆုံခဲ့ခြင်းက ဝမ်ရှန်းအတွက် များစွာအထောက်အကူဖြစ်စေခဲ့သည်၊၊ သူသည် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းနှင့် ပတ်သက်သည့် အရေးကြီးအချက်အလက်များကို ရရှိခဲ့သလို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းစဉ်များအတွက်လည်း ပိုမိုရှင်းလင်းသော ဦးတည်ချက်ကို ပေးနိုင်ခဲ့သည်၊၊

အပြန်အလှန်အနေဖြင့် ဝမ်ရှန်းက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သည်၊၊ ၎င်းမှာ ရှန်းချန်လင်အတွက် လုံခြုံရေးကို အမြဲထားပေးရန်ပင် ဖြစ်သည်၊၊ အကယ်၍ ထိုကျင့်ကြံသူသည် ရှန်းချန်လင်နောက်ကို တကယ်လိုက်နေခြင်းဖြစ်ပါက သူမ မကြာခင် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပေသည်၊၊

ရေကန်ကို တစ်ပတ်ပတ်ပြီးနောက် သူတို့နှစ်ဦးသည် ချီဝမ်ကို နောက်ဆုံးရှိခဲ့သည့် နေရာသို့ အမှတ်မထင် လမ်းလျှောက်လာခဲ့ကြသည်၊၊

စာကြည့်တိုက်အနီး လူသူကင်းရှင်းသည့် လမ်းလေးပေါ်တွင် ဝမ်ရှန်းက အသံကိုနှိမ့်ကာ ပြောလိုက်သည်၊၊

“အစ်မ ဒီကိစ္စတွေ အားလုံးပြီးသွားရင် တောင်ပေါ်ပြန်ပြီး ၁၀ နှစ်၊ နှစ် ၂၀လောက် ကျင့်ကြံကြရအောင်”

မုဝမ်ရွှမ်းက သူမ၏ ဂျူနီယာမောင်လေးကို မော့ကြည့်လိုက်သည်၊၊ သူ၏ မျက်နှာအမူအရာမှာ ထူးထူးခြားခြား တည်ကြည်နေသည်၊၊ သူမက ဖျတ်ကနဲ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်၊၊

လောကီကမ္ဘာ၏ ပရမ်းပတာအခြေနေများက သူတို့အပေါ် သက်ရောက်မှုမရှိပေ၊၊ သူတို့၏ စိတ်အစုံမှာ တောင်တန်းများ၏ အေးချမ်းမှုထဲတွင်သာ တကယ်တမ်းရှိနေခြင်း ဖြစ်သည်၊၊

တောင်ပေါ်မှာ ကြာကြာနေလျှင် ပျင်းစရာကောင်းနိုင်သော်လည်း ဤနေရာထက်စာလျှင် ပို၍ သက်သောင့်သက်သာရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင်၊၊

ချီဝမ်ရှိနေသည့် စာကြည့်တိုက်အခန်းနှင့် ကပ်လျက် ထောင့်ချိုးတစ်ခုတွင် သူတို့ ရပ်လိုက်ကြသည်၊၊ ထို့နောက် ဖုန်းသုံးနေသည့်ပုံစံဖြင့် နေရာတစ်ခုရှာကာ သူတို့၏ ဝိညာဉ်အသိစိတ်ကို မသိမသာဖြန့်ကျက်ပြီး ချီဝမ်၏ ပတ်ဝန်းကျင် မီတာအနည်းငယ်အတွင်းကို စောင့်ကြည့်နေလိုက်သည်၊၊

ပထမကြည့်လိုက်လျှင် ဘာမှ ထူးထူးခြားခြားမရှိသော်လည်း ဝိညာဉ်အသိစိတ်ဖြင့် သေချာစစ်ဆေးကြည့်သောအခါ ထိုအခန်းထဲရှိ ကျောင်းသား ထက်ဝက်ခန့်တွင် အစစ်အမှန်ချီများရှိနေကြောင်း တွေ့လိုက်ရသည်၊၊

စာကြည့်တိုက် အခန်းငယ်လေးတစ်ခုအတွင်း ကျင့်ကြံသူအသစ် ၂၀ ကျော် ရှိနေခြင်းမှာ သူတို့သည် စာလာဖတ်ကြခြင်းမဟုတ်မှန်း သိသာလှသည်၊၊

တစ်နာရီကျော်ခန့် စောင့်ကြည့်ပြီးနောက် ည ၉ နာရီခွဲခန့်တွင် ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် စတင်ထွက်ခွာလာကြသည်၊၊

ဘေးနားတွင်ရှိသော မုဝမ်ရွှမ်းသည် မည်သည့်အချိန်က အိပ်ပျော်သွားမှန်းမသိပေ၊၊ ဝမ်ရှန်းလည်း သမ်းဝေကာ အကြောဆန့်လိုက်ပြီး ဖုန်းထဲမှ ဂိမ်းကို ဆက်ကစားနေလိုက်သည်၊၊

သူက ဝိညာဉ်အသိစိတ်ကို အသုံးပြုပြီး ထိုကျောင်းသား ၂၀ ခန့်ကို အကဲခတ်နေသည်၊၊ သူတို့မှာ အုပ်စုဖွဲ့ခြင်းမရှိကြပေ၊၊ သူတို့နှင့် ပါလာသည့် အဖော်များမှလွဲ၍ ကျန်သူများနှင့် စကားပြောခြင်းမရှိဘဲ လုံးဝ သူစိမ်းများကဲ့သို့ပင် ပြုမူနေကြသည်၊၊

ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချီဝမ်က စာကြည့်တိုက်မှ ထွက်လာရာ မုန့်ရွှယ်က သူမ၏ လှုပ်ရှားမှုများကို ပုံမှန်သတင်းပို့နေသည်၊၊

ဝမ်ရှန်းက မိနစ်အနည်းငယ် ထပ်စောင့်ပြီးနောက် မုဝမ်ရွှမ်းကို နှိုးကာ ချီဝမ်ကို အနီးကပ်ကာကွယ်ပေးနိုင်ရန် အမျိုးသမီးဆောင်သို့ ပြန်ပို့လိုက်သည်၊၊

အဆောင်အနားသို့ ရောက်သောအခါ ကျောင်းဝင်းအတွင်းရှိ စတိုးဆိုင်မှ ပြန်လာသည့် ချီဝမ်နှင့် ဝမ်ရှန်းတို့ ပြန်ဆုံကြပြန်သည်၊၊

ဖုန်းပြန်ပေးခဲ့သည့် ရင်းနှီးမှုရှိနေသဖြင့် ဝမ်ရှန်းက ချီဝမ်ကို အရင်လက်ပြနှုတ်ဆက်လိုက်သည်၊၊ သူမက အနေရခက်စွာ ပြုံးပြပြီး သူမ၏ အခန်းဖော်များနှင့်အတူ အဆောင်ထဲ ဝင်သွားသည်၊၊

“လောလောဆယ် သူ့အနားမကပ်နဲ့ဦး၊၊ သူ့လုံခြုံရေးကိုပဲ အဓိကဦးစားပေးပါ၊၊ ဆရာကတော်အတွက် အချက်အလက်တွေ ထပ်ရရင်တော့ ပိုကောင်းတာပေါ့”

ဝမ်ရှန်းက မုဝမ်ရွှမ်း၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်၊၊

မုဝမ်ရွှမ်းက ခေါင်းညိတ်ပြပြီး ဝမ်ရှန်းကို လက်ပြနှုတ်ဆက်ကာ အဆောင်အတွင်းသို့ တည်ငြိမ်စွာ ဝင်သွားသည်၊၊

ဟင်…

မျက်လုံးထောင့်မှ တစ်ခုခုကို သတိထားမိလိုက်သဖြင့် ဝမ်ရှန်းက သူ၏ ဝိညာဉ်အသိစိတ်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ တည်ရှိမှုကို လုံးဝ ဖုံးကွယ်ထားလိုက်သည်၊၊

တစ်စုံတစ်ယောက်က သူ့ကို ဝိညာဉ်အသိစိတ်ဖြင့် စောင့်ကြည့်နေသည်၊၊ ခန့်မှန်းခြေအရ ဒုတိယထပ်၏ အနောက်ဘက်ခြမ်း မီတာ ၃၀ ခန့် အကွာမှ ဖြစ်သည်၊၊

ထိုဝိညာဉ်အသိစိတ်၏ သိပ်သည်းမှုအရ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်လောက် ရှိပုံရသည်၊၊

တစ်ဖက်လူကို သတိမပြုမိစေရန် ဝမ်ရှန်းက ဝိညာဉ်အသိစိတ်ဖြင့် ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ပေ၊၊ ဘာမှမဖြစ်သလိုပင် ဖုန်းပွတ်နေသော အခြားကျောင်းသားများကြားထဲ ရောနှောကာ အမျိုးသားဆောင်သို့ အေးအေးဆေးဆေး လမ်းလျှောက်ပြန်လာခဲ့သည်၊၊

ချီစုစည်းခြင်း အဆင့်ရှိ ကျင့်ကြံသူ ၂၀ ကျော် စာကြည့်တိုက်မှာ အတူရှိနေခြင်း၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးက အမျိုးသမီးဆောင်တွင် ပုန်းနေခြင်း…

ထိုကျင့်ကြံသူအုပ်စုသည် တက္ကသိုလ်ကျောင်းသားများကြား အမြစ်တွယ်နေပြီ ဖြစ်ပုံရသည်၊၊ ဝမ်ရှန်း စုံစမ်းလေလေ၊ ကိစ္စက ပိုကြီးလာလေလေဖြစ်နေသည်၊၊

ဝမ်ရှန်း အဆောင်ကို ပြန်ရောက်သောအခါ သူနေသည့် အခန်းနံပါတ်ကိုပင် မေ့လုနီးပါး ဖြစ်နေသည်၊၊ ကံကောင်းထောက်မစွာဖြင့် အခန်းဖော်သူငယ်ချင်းတစ်ယောက်နှင့် တွေ့သဖြင့် အကျပ်တွေ့သည့် အခြေအနေမှ လွတ်မြောက်ခဲ့သည်၊၊

အခန်းထဲ ရောက်သောအခါ အခန်းဖော်တစ်ယောက်က မေးသည်၊၊

“ဝမ်ရှန်း၊၊ အနုပညာကျောင်းက ကျောင်းသားတွေက ငါတို့ထက် စာသင်ချိန် ပိုနည်းတယ်ဆိုတာ တကယ်လား”

အခန်းဖော် သုံးယောက်က ဝမ်ရှန်းနှင့် ရင်းရင်းနှီးနှီးစကားပြောကြသဖြင့် ဝမ်ရှန်းလည်း ကျောင်းသားဘဝကို လွမ်းဆွတ်သလို ခံစားလိုက်ရသည်၊၊ သူကလည်း သူတို့၏ မေးခွန်းများကို အလိုက်သင့်ပင် ပြန်ဖြေပေးလိုက်သည်၊၊

လူကောင်ထွားသော ကျောင်းသားက ပြုံးလျက် “ဝမ်ရှန်း၊ မင်း အရင်နားလိုက်လေ၊၊ ငါတို့ ဂိမ်းဆော့ရင် မင်းကို မနှောင့်ယှက်မိအောင် အသံလျော့ဆော့ပါ့မယ်၊၊ မင်း ဒီနေ့ တစ်နေကုန် ပင်ပန်းနေမှာပေါ့”

“ရပါတယ်၊၊ အားမနာပါနဲ့ ဆော့ကြပါ၊၊ ငါက အိပ်ပျော်ရင် ဘာသံမှ မကြားတော့ဘူး”

သို့သော်လည်း ထိုသူငယ်ချင်း သုံးယောက်မှာ သူတို့၏ အခန်းဖော်အသစ်အတွက် ဂိမ်းဆော့ရာတွင် တတ်နိုင်သမျှ အသံတိုးတိုးဖြင့် ဆော့နေကြသည်၊၊

ည ၁ နာရီကျော်သောအခါ အဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်၊၊

ဝမ်ရှန်းက ကုတင်ပေါ်တွင် မျက်လုံးမှိတ်ကာ အိပ်ချင်ဟန်ဆောင်နေရင်း ဘေးပတ်ဝန်းကျင်မှ ဟောက်သံများကို နားထောင်နေသည်၊၊ တစ်ဖက်မှာလည်း ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်ကာ စောင့်ကြည့်နေသည်၊၊

ဘီပ်၊၊ ဘီပ်၊၊

သူ့ဖုန်းက နှစ်ချက်တုန်ခါသွားသည်၊၊ မုန့်ရွှယ်ထံမှ မက်ဆေ့ခ်ျတစ်ခု ရောက်လာခြင်းဖြစ်သည်၊၊ ဝမ်ရှန်းက အသာအယာထလိုက်ပြီး အခန်းထဲမှ တိတ်တဆိတ်ထွက်လာခဲ့သည်၊၊

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဒရုန်းများက ကျောင်းဝင်းအတွင်း ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုအချို့ကို ဖမ်းယူရရှိခဲ့သည်၊၊

မိနစ်အနည်းငယ်အလိုက ကျောင်းသားအချို့ ရေကန်ဘေးတွင် စုဝေးနေကြသည်၊၊ လောလောဆယ်တွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ရှိနေပြီး တစ်ဦးမှာ ချီဝမ်၏ အခန်းဖော်ဖြစ်နေသည်၊၊

နောက်ထပ် ကျောင်းသားများလည်း ရေကန်ဘေးသို့ ဦးတည်လာနေကြသဖြင့် အစည်းအဝေးတစ်ခုခုပြုလုပ်တော့မည့်ပုံပင်၊၊

All Chapters