← Chapters

ကာကွယ်စောင့်ရှောက်သူ

Vol. 7 Ch. 70

ကာကွယ်စောင့်ရှောက်သူ

Vol. 7 Ch. 70

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် ထောက်လှမ်းရေး ကျွမ်းကျင်သော်လည်း ကျင့်ကြံမှုအခြေခံရှိသည့် ထိုကျောင်းသားများ မသိအောင် အနားကပ်ရန်မှာမူ စိန်ခေါ်မှုတစ်ခုဖြစ်နေသည်၊၊

ထို့ကြောင့် မုန့်ရွှယ်က ထိုအချက်အလက်များကို ဝမ်ရှန်းထံ ပို့ပေးလိုက်ပြီး သူကိုယ်တိုင် စုံစမ်းသင့်၊မသင့် ဆုံးဖြတ်ခိုင်းလိုက်ခြင်း ဖြစ်သည်၊၊

ဝမ်ရှန်းအနေဖြင့် သွားကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်၊၊ မထင်မှတ်ထားသည့် အရာများကို တွေ့ကောင်းတွေ့နိုင်ပေသည်၊၊

ဝမ်ရှန်း လျှောက်လမ်းအတိုင်း ဖြည်းညင်းစွာလျှောက်လာပြီး ပြတင်းပေါက်မှတစ်ဆင့် လျင်မြန်စွာ ခုန်ထွက်လိုက်သည်၊၊ သူသည် လမ်းဘေးမီးရောင်များမရောက်သည့် အမှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားသည်၊၊

စွမ်းအင်အတက်အကျများ မကျန်ရစ်စေရန် သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ ခြေလှမ်းများကို အသုံးမပြုခဲ့ပေ၊၊ သို့သော်လည်း သူ၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်လို တိတ်ဆိတ်နေပြီး ကျောင်းဝင်းအတွင်းရှိ အမှောင်ထောင့်များထဲတွင် ကြောင်တစ်ကောင်လို လျင်မြန်စွာ လှုပ်ရှားနေသည်၊၊

ညဘက်တွင် ကျောင်းဝင်းမှာ အလွန်တိတ်ဆိတ်နေသည်၊၊ လုံခြုံရေးဝန်ထမ်းအချို့ ကင်းလှည့်နေကြပြီး လမ်းဘေးမီးတိုင်များလည်း လင်းနေဆဲဖြစ်သည်၊၊

မိနစ်အနည်းငယ်အကြာတွင် ရေကန်အနီးရှိ တောအုပ်လေးထဲသို့ သူ ရောက်ရှိသွားသည်၊၊

ဝမ်ရှန်းက သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ငြိမ်သက်စွာ ပုန်းနေရင်း ရေကန်ဘေးတွင် စုဝေးနေသည့် လူတစ်ဒါဇင်ခန့်ကို ကြည့်နေလိုက်သည်၊၊

အံ့သြစရာကောင်းသည်မှာ သူတို့အားလုံး တရားထိုင်ကျင့်ကြံနေကြခြင်းပင်၊၊

သူတို့သည် ကိုယ်တွင်းစွမ်းအင်များကို စုစည်းကာ ကောင်းကင်နှင့် မြေကြီး၏ ကမ္ဘာဦးချီများကို စုပ်ယူနေကြသည်၊၊ ခန္ဓာကိုယ်ကို သန့်စင်ပြီး အစစ်အမှန်ချီများကို စုစည်းနေကြခြင်းဖြစ်သည်၊၊

ဤမြင်ကွင်းမှာ ကျင့်ကြံသူတစ်ဦးအတွက် ရိုးအီနေပြီဖြစ်သော်လည်း တက္ကသိုလ်ကျောင်းဝင်းအလယ်တွင် မြင်တွေ့ရခြင်းမှာမူ တစ်မျိုးကြီးဖြစ်နေသည်၊၊

အချိန်ကြာလာသည်နှင့်အမျှ ကျောင်းသားများ ပိုမိုရောက်ရှိလာကြသည်၊၊ လူတိုင်းက ရေကန်ဘက်ကို မျက်နှာမူကာ တရားထိုင်နေကြသည်၊၊

ဝမ်ရှန်းက ဓာတ်ပုံတစ်ပုံကို တိတ်တဆိတ်ရိုက်ပြီး မုန့်ရွှယ်ထံ ပို့လိုက်သည်၊၊ သူက ခေါင်းခါလိုက်ပြီး အိပ်ဆောင်သို့ ပြန်ရန် ပြင်လိုက်သည်၊၊ ကျင့်ကြံခြင်းမှာ ဥပဒေကို ဖောက်ဖျက်ခြင်း မဟုတ်ပေ၊၊ သာမန်လူများက ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို စိတ်ဝင်စားကြသည်မှာ သူတို့၏ ဆန္ဒသာဖြစ်သည်၊၊

သို့သော် ဥပဒေနှင့် မလွတ်ကင်းသည့် အချက်မှာ ထိုလမ်းစဉ်ပေါ်သို့ ရောက်လာချိန်တွင် လောဘနှင့် အလိုရမက်များကို မထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်၊၊

တကယ့် တရားခံများမှာ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် ကျင့်ကြံခြင်း နည်းလမ်းများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသူများသာ ဖြစ်သည်၊၊

တာအိုဂိုဏ်းများသည် တာအိုကို မကျင့်ကြံမီ ကိုယ်ကျင့်တရားကို အရင်ပြုပြင်ရန် အစဉ်တစိုက်သင်ကြားပေးခဲ့ကြသည်၊၊ ကမ္ဘာဦးချီများ ပြန်လည်နိုးထလာချိန်တွင် ဤအယူအဆမှာ ပို၍ပင် အရေးပါလာသည်၊၊ ဂိုဏ်းများစွာက ကိုယ်ကျင့်တရား မကောင်းသူများကို နက်နဲသည့် ပညာရပ်များ မသင်ကြားပေးရန် တားမြစ်ထားကြသည်၊၊

အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းထဲမှ “ကျမ်းစာများကို အလွယ်တကူ မရနိုင်သလို၊ ပညာကိုလည်း လွယ်လွယ်ဖြင့် မသင်ကြားနိုင်” ဆိုသည့် စကားမှာ ဤသဘောပင် ဖြစ်သည်၊၊

“သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေး… သဘာဝ…”

ဝမ်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ရင်း ထွက်ခွာရန် ပြင်လိုက်စဉ် ရေကန်ဘေးသို့ လျှောက်လာသူတစ်ဦးကို သတိပြုမိလိုက်သည်၊၊

ထိုသူ၏ အစစ်အမှန်ချီမှာလည်း စနစ်မကျသော်လည်း အတော်လေး များပြားနေပြီး ချီစုစည်းခြင်း နောက်ဆုံးအဆင့်ခန့် ရှိနေသည်၊၊ ရေကန်ဘေးတွင် တရားထိုင်နေသည့် ကျောင်းသားများထက် သိသိသာသာ ပို၍ သန်မာသည်၊၊

ထိုသူက အုပ်စုနားသို့ ချဉ်းကပ်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်၊၊ တရားထိုင်နေသည့် ကျောင်းသားများ ချက်ချင်း ထရပ်ပြီး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်၊၊

“နောက်ဆုံးတော့ ရောက်လာပြီပေါ့… ကာကွယ်စောင့်ရှောက်သူ”

တစ်ယောက်က နှုတ်ဆက်လိုက်သည်၊၊

ကာကွယ်စောင့်ရှောက်သူလား…၊၊

နောက်မှ ရောက်လာသူမှာ ခေါင်းဆောင်တစ်ဦး ဖြစ်ပုံရသည်၊၊

ဝမ်ရှန်းက သူတို့၏ စကားဝိုင်းကို နားထောင်ရန် ဝိညာဉ်အသိစိတ်ကို ဖြန့်လိုက်သည်၊၊

“ဒီည ကျင့်ကြံရတာ ဘယ်လိုလဲ” ထိုသူက မေးသည်၊၊

“အဆင်ပြေပါတယ်ခင်ဗျာ၊၊ ကျွန်တော်တို့အတွက် လမ်းညွှန်ချက်များ ရှိဦးမလား”

“လောလောဆယ်တော့ သင်ထားပေးတဲ့ မန္တာန်အတိုင်းပဲ ဆက်လုပ်ကြ”

ထိုသူက တည်ကြည်စွာ ပြောသည်၊၊

“ငါ မင်းတို့ကို ခဏခဏသတိပေးထားတယ် မဟုတ်လား၊၊ အဆင့်တွေကို ကျော်ဖို့ မကြိုးစားပါနဲ့လို့၊၊ မင်းတို့ နားမလည်သေးဘူးလား”

သူ၏ အသံမှာ ပို၍ ခက်ထန်လာသည်၊၊

“ပြီးတော့ ဒီလအတွက် အဖွဲ့ဝင်ကြေးပေးဖို့ မမေ့ကြနဲ့ဦး၊၊ နောက် ၃ ရက်ဆိုရင် ပေးရတော့မယ်”

“ဟုတ်ကဲ့ပါခင်ဗျာ၊၊ မမေ့ပါဘူး”

တစ်ယောက်က တိုးတိုးလေး ဖြေသည်၊၊

“အဖွဲ့ဝင်ကြေးက နည်းနည်း မများလွန်းဘူးလား”

ကျောင်းသားတစ်ယောက်က တိုးတိုးလေး ညည်းတွားလိုက်သည်၊၊

ထိုသူက နှာခေါင်းရှုံ့လိုက်ရာ စောစောက ပြောလိုက်သည့် ကျောင်းသားမှာ ခေါင်းငုံ့သွားပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောရဲတော့ပေ၊၊

“ရင်းနှီးမြှုပ်နှံမှု မရှိဘဲ ဘာမှ မရနိုင်ဘူး၊၊ အခု မင်းတို့က မင်းတို့ကိုယ်တိုင်အတွက် ရင်းနှီးမြှုပ်နှံနေကြတာပဲ၊၊ ဒီပညာရပ်တွေက ကောင်းကင်က ကျလာတာလို့ ထင်နေလား၊၊ အကြီးအကဲတွေက ဒီပညာတွေကို ရဖို့အတွက် ငွေတွေ အပုံလိုက် သုံးခဲ့ရတာ”

“ကဲ… တရားဆက်ထိုင်ကြ၊၊ မနက် ၄ နာရီမှာ အကုန်ပြန်ကြ”

“ဟုတ်ကဲ့ပါ”

ကျောင်းသားများက တညီတညွတ်တည်း ပြန်ဖြေပြီး ရေကန်ဘက်သို့ မျက်နှာမူကာ ပြန်ထိုင်လိုက်ကြသည်၊၊

ထိုခေါင်းဆောင်က မိန်းကလေးတစ်ယောက်အနားသို့ သွားကာ တစ်ခုခုတီးတိုးပြောလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထွက်သွားသည်၊၊

ထိုမိန်းကလေးက ခေတ္တမျှ ထိုင်နေပြီးနောက် ခေါင်းငုံ့ကာ ထရပ်လိုက်သည်၊၊ ထို့နောက် ထိုသူနောက်သို့ လိုက်သွားလေသည်၊၊ ကျန်သည့် ကျောင်းသားများမှာမူ ၎င်းမှာ သာမန်ကိစ္စတစ်ခုကဲ့သို့ပင် ငြိမ်သက်နေကြသည်၊၊

နောက်ထပ် ဘာဖြစ်လာမည်ကို ဝမ်ရှန်း အများကြီးတွေးနေစရာ မလိုတော့ပေ၊၊

လေတိုက်ခတ်နေသည့် အရှိန်ကို အသုံးပြုကာ သူသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျောင်းတံခါးဘက်သို့ ထွက်သွားသော ထိုသူနှင့် မိန်းကလေးနောက်သို့ တိတ်တဆိတ် လိုက်သွားသည်၊၊

အခုခေတ် ကျင့်ကြံခြင်းလောကမှာတောင် ဒီလို အာဏာအလွဲသုံးစားမှုတွေ ရှိနေပြီလား…၊၊

ဒီညတော့ ဝမ်ရှန်းသည် ထူးထူးဆန်းဆန်းတွေ အကုန်မြင်တွေ့နေရပြီ ဖြစ်သည်၊၊

….

နာရီဝက်ခန့်အကြာတွင် ကျောင်းပြင်ပရှိ ဟိုတယ်တစ်ခု၏ ၁၁ ထပ်မြောက် စင်္ကြံလမ်းပေါ်၌ ဖြစ်သည်၊၊

ဝမ်ရှန်းသည် အခန်းတံခါးတစ်ခု၏ အပြင်ဘက်တွင် လက်ပိုက်လျက် ရပ်နေသည်၊၊

သူ့စိတ်ထဲတွင် ယခင်ဘဝက နာမည်ကြီး တာအိုဆရာတစ်ဦး ပြောခဲ့သည့် စကားတစ်ခွန်းကို သတိရမိသည်၊၊

“မျိုးဆက်ပြန့်ပွားမှုကိုတောင် စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်မရှိဘဲနဲ့ ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို ဘယ်လိုလုပ် လိုက်စားနိုင်မှာလဲ”

အဟမ်း၊၊

ဒါကတော့ ဘယ်သူ့ကို ပြောတာလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့၊၊ ဥပမာ သူ့ဆရာလို လူမျိုးအတွက်ဆိုရင်တော့ ဟုတ်နိုင်သည်၊၊

စင်္ကြံလမ်းဘက်မှ အလျင်စလို လျှောက်လာသည့် ခြေသံများ ထွက်ပေါ်လာသည်၊၊ ဘူဒိုဇာသည် ရဲဝတ်စုံဝတ်ထားသည့် လူအချို့ကို ဦးဆောင်ကာ အပြေးအလွှား ရောက်လာသည်၊၊ သူတို့သည် ဓာတ်လှေကားပေါ်မှ ဆင်းလာရသဖြင့် မောဟိုက်နေကြရာမှ ဘူဒိုဇာက ဝမ်ရှန်းကို လက်ဝေ့ယမ်းပြလိုက်သည်၊၊

ဝမ်ရှန်းက သူတို့ကို အသံမထွက်ရန် အချက်ပြလိုက်သည်၊၊ ထို့နောက် အခန်းဘက်သို့ လက်ညှိုးညွှန်ပြကာ ဘေးသို့ အသာဖယ်ပေးလိုက်သည်၊၊ ဘူဒိုဇာက နားလည်ကြောင်း ခေါင်းကို လေးနက်စွာ ငြိမ့်ပြသည်၊၊

ဒုန်း ဒုန်း၊၊

ဘူဒိုဇာက တံခါးကို အားပြင်းပြင်းဖြင့် ထုလိုက်သည်၊၊ အခန်းထဲမှ စကားသံများ ချက်ချင်း တိတ်သွားပြီး ရုပ်မြင်သံကြားစက်၏ အသံက ပိုကျယ်လာသည်၊၊

“ဘယ်သူလဲ”

“Deli လာပို့တာပါ ဆရာ”

“ဘယ်သူမှ မမှာထားဘူး… ထွက်သွားစမ်း”

အထဲမှ တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်၊၊

ဘူဒိုဇာ၏ နှာခေါင်းက ရှုံ့ပွရှုံ့ပွဖြစ်သွားပြီး ဒေါသထွက်လာပုံရသည်၊၊

ထိုလူကောင်ကြီးမားသည့် စုံစမ်းစစ်ဆေးရေးမှူးသည် တံခါးရှေ့တွင် အခိုင်အမာရပ်လိုက်ပြီး ခါးမှ သေနတ်ကို ဆွဲထုတ်လိုက်သည်၊၊ ထို့နောက် ကိုယ်ကို အနည်းငယ်ကိုင်းကာ အသက်ရှူခြင်းကို တည်ငြိမ်အောင် ထိန်းလိုက်သည်၊၊ သူ၏ ခြေထောက်များအတွင်းမှ အတွင်းအားများ စီးဆင်းသွားသည်ကို မသိမသာမြင်တွေ့နိုင်သည်၊၊

ဘူဒိုဇာသည် အဆင့်မြင့်ကိုယ်ခံပညာ သင်ကြားထားသူဖြစ်ကြောင်း ထင်ရှားပေသည်၊၊

“တံခါးဖွင့်စမ်း”

ဘူဒိုဇာက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တံခါးကို အားကုန်ကန်လိုက်သည်၊၊

ဝုန်းးးး

ခိုင်ခံ့သည့် သစ်သားတံခါးက ပွင့်ထွက်သွားပြီး ပတ္တာများပင် ပြုတ်ထွက်လုနီးပါး ဖြစ်သွားသည်၊၊

အရန်သော့ကတ်ကို ကိုင်ပြီး အပြေးအလွှား ရောက်လာသည့် ဝန်ထမ်းမိန်းကလေးလည်း ထိုမြင်ကွင်းကြောင့် မျက်နှာပျက်သွားသည်၊၊ သူမ၏ အမူယာက အပြစ်တင်ချင်ပုံရသော်လည်း ဘာမှတော့ မပြောရဲပေ၊၊

ဘူဒိုဇာနှင့် ရဲအရာရှိများသည် အချိန်ကိုက်ပင် အခန်းထဲသို့ ဝင်ရောက်သွားကြသည်၊၊ ကျင့်ကြံသူနှစ်ယောက်အနေဖြင့် ပထမဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ လေးနက်သော အမူယာများဖြင့် ရဲဝတ်စုံဝတ်လူတစ်စု အခန်းထဲသို့ ပြေးဝင်လာခြင်းပင် ဖြစ်သည်၊၊

ထိုအချိန်တွင် ကာကွယ်စောင့်ရှောက်သူဆိုသူလည်း သူ၏ ကံကြမ္မာကို သိလိုက်ရသည်၊၊

“မလှုပ်နဲ့ ရဲတွေပဲ… လက်ကို ခေါင်းပေါ်တင်ထား”

“အား”

“ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး၊၊ ကျွန်တော်တို့က ကျောင်းသားတွေပါ”

မိန်းကလေး၏ အော်သံနှင့် ကောင်လေး၏ ထိတ်လန့်တကြား အော်ဟစ်သံများကြောင့် ဝမ်ရှန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်၊၊

အခုမှ သူတို့ကိုယ်သူတို့ ကျောင်းသားမှန်း သတိရတာလား…၊၊ စောစောကကျတော့ ဘာလုပ်နေကြတာလဲ…၊၊

All Chapters