← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂)

TS ကုမ္ပဏီက အင်ဒီယားနားပြည်နယ်မှာ စက်ရုံစတင်ဆောက်လုပ်နေပြီ ဖြစ်တယ်။ စက်ရုံတစ်ခုလုံး ပြီးစီးဖို့ စုစုပေါင်း သုံးနှစ်ကြာမယ်လို့ မျှော်မှန်းထားပေမယ့် တစ်နှစ်အတွင်းမှာပဲ စက်ရုံရဲ့ တချို့ အစိတ်အပိုင်းတွေကို စတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားကြတယ်။

Silicon Valley မှာ ရှိတဲ့ CarOS ရဲ့ သုတေသနအဖွဲ့ကလည်း Softwareနဲ့ Hardwareပိုင်း ပူးပေါင်းဆောင်ရွက်မယ့် မဟာဗျူဟာတွေကို ဆွေးနွေးဖို့အတွက် ဆိုဆောင်း အီလက်ထရောနစ်ဆီကို လာရောက်ခဲ့ကြတယ်။

ဒီလို အလုပ်တွေ မြန်မြန်ဆန်ဆန် တိုးတက်နေရတဲ့ အဓိက အကြောင်းရင်းကတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ပြတ်သားတဲ့ ဆန္ဒကြောင့်ပဲ ဖြစ်တယ်။

အခုအချိန်အထိတော့ စမတ်ဖုန်းနဲ့ Semiconductor တွေက ဆိုဆောင်းအုပ်စုရဲ့ ပင်မကျောရိုး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ စမတ်ဖုန်းစျေးကွက်မှာ တရုတ်ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လာနေသလို ကမ္ဘာ့Semiconductor အခြေအနေ ကောင်းနေတာကလည်း တစ်နေ့နေ့မှာတော့ ပြီးဆုံးသွားမှာပဲလေ။

လပြည့်ပြီးရင် လကွယ်ရစမြဲ ဆိုတဲ့စကားလိုပဲ ကျွန်တော်တို့တွေက အမြင့်ဆုံးနေရာကို ရောက်ပြီးသွားရင်တော့ ပြန်ဆင်းဖို့ပဲ ကျန်တော့တာပါ။ ဒါကြောင့် အဲဒီအချိန်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တိုးတက်မှုအသစ်တွေကို ရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ကားအီလက်ထရောနစ် ကဏ္ဍကို မျက်စိကျနေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း Hermanကို ဝယ်ယူဖို့အတွက် အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာပေါ့။

ဒီလို အခြေအနေမျိုးမှာ CarOS နဲ့ ပူးပေါင်းဆောင်ရွက်တာက အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဆိုဆောင်း အီလက်ထရောနစ်က Hardwareပိုင်းမှာ အားအကောင်းဆုံး ဖြစ်ပြီး CarOS ကတော့ ကောင်းမွန်တဲ့ Softwareနည်းပညာကို ပိုင်ဆိုင်ထားတာပါ။ ကုမ္ပဏီနှစ်ခုစလုံးက စျေးကွက်ထဲကို စတင်ဝင်ရောက်ခါစ အဆင့်မှာပဲ ရှိသေးတာမလို့ မျှတတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်နိုင်ခဲ့ကြတယ်။

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကတော့ အမျိုးမျိုး ကွဲပြားနေတာပဲ။

တချို့ကတော့ ဒါဟာ အင်မတန်ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေလိမ့်မယ်လို့ သုံးသပ်ကြပေမယ့် တချို့ကတော့ ရေခွက်ထဲ မုန်တိုင်းထန်သလိုမျိုး ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတယ်။ အကြီးမားဆုံး စိုးရိမ်စရာကတော့ ပစ္စည်းတွေ အလွန်အကျွံ ထုတ်လုပ်မိမှာကိုပါ။

ကမ္ဘာ့စျေးကွက်မှာ တစ်နှစ်ကို ကားအစီးရေ သန်း ၈၀ ကျော် ထုတ်လုပ်နေတာပါ။ ဒါပေမဲ့ ဝယ်လိုအား တိုးတက်မှုက ကျဆင်းသွားခဲ့ပြီ ဖြစ်ပြီး စျေးကွက်ပျက်မယ့် လက္ခဏာတွေတောင် ပြနေပါပြီ။

ဒါကြောင့် GM အပါအဝင် ကားထုတ်လုပ်ရေး ကုမ္ပဏီအချို့က အမြတ်မရတဲ့ စက်ရုံတွေကို ပိတ်ပစ်တာ ဒါမှမဟုတ် ရောင်းချပစ်တာမျိုးတွေ လုပ်ပြီး သူတို့ရဲ့ ကမ္ဘာ့ဗျူဟာတွေကို ပြန်လည်ပြင်ဆင်နေကြတယ်။

ဒါကို ကျွန်တော်တို့တွေကတော့ စက်ရုံအသစ်တွေ ဆောက်ပြီး ရှေ့တိုးနေတာလေ။

ဒါက ပါးနပ်တဲ့ ရွေးချယ်မှု ဟုတ်မဟုတ် ဆိုတာကိုတော့ အချိန်ကပဲ သက်သေပြသွားပါလိမ့်မယ်။

“ဒါနဲ့ အင်တာနက်ပေါ်မှာ မင်းအကြောင်း မကောင်းပြောနေကြတာ တွေ့မိတယ်”

“ဘာပြောလို့လဲ”

“မင်းက ချေဘော (ခရိုနီ) တွေနဲ့ ပူးပေါင်းနေတယ်လို့ ပြောနေကြတာ”

“ဟမ်”

တက်ဂယူ ပြတဲ့ မှတ်ချက်တွေကို ဖတ်ကြည့်လိုက်တယ်။

— ကန်ဂျင်ဟူက လင်ဂျင်ယုံနဲ့ ပေါင်းနေတာ တကယ်ပဲလား။

— အစကတော့ တစ်မျိုး ထင်ထားတာ၊ အခုတော့ စိတ်ပျက်မိတယ်။

— ချေဘောပဲဖြစ်ဖြစ် စျေးကစားသူပဲဖြစ်ဖြစ် အတူတူပါပဲ။

— ရိုနယ်ကို ထောက်ခံကတည်းက ငါ သိသားပဲ။ သူက ကွန်ဆာဗေးတစ်သမား သက်သက်ကွ။

— သမ္မတနဲ့ ဆက်ဆံရေး မကောင်းတာကို ကြည့်ရင် သူက မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမား ဖြစ်ပုံရတယ်။

“……”

ကွန်ဆာဗေးတစ်တွေကလည်း ဝေဖန်ကြသလို ပရိုဂရက်ဆစ် တွေကလည်း ဝေဖန်ကြတာပဲ။ ချေဘောတွေကို ဆန့်ကျင်ရင်လည်း အဝေဖန်ခံရပြီး သူတို့နဲ့ ပူးပေါင်းရင်လည်း အဝေဖန်ခံရပြန်တယ်။

ငါ့အခြေအနေက ဘာလို့ ဒီလောက် သနားဖို့ကောင်းသွားရတာလဲ။

တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။

“ကြားညှပ်နေရတာ ခက်ခဲပါတယ်ကွာ။ ဒီအခွင့်အရေးမှာ ကွန်ဆာဗေးတစ်ဘက် ဒါမှမဟုတ် ပရိုဂရက်ဆစ်ဘက် တစ်ဖက်ဖက်ကို လုံးဝ တိတိကျကျ ပြောင်းလိုက်ပါလား”

“……မလုပ်ချင်ပါဘူး”

ဝန်ထမ်းအရေအတွက် တိုးလာတာနဲ့အမျှ ရုံးချုပ် အဆောက်အဦးကလည်း ပိုပြီး သက်ဝင်လှုပ်ရှားလာခဲ့တယ်။

စီအီးအိုရုံးခန်းထဲမှာ အစီရင်ခံစာတွေကို ခပ်သွက်သွက် ဖတ်ကြည့်လိုက်တယ်။

လတိုင်းမှာ ကျွန်တော်တို့တွေ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေနဲ့ စွမ်းဆောင်ရည်တွေကို စစ်ဆေးလေ့ရှိပြီး အဲဒီအထဲမှာ အမြတ်အစွန်း သိသိသာသာ တိုးလာတဲ့ ကုမ္ပဏီတစ်ခုက ထင်ရှားနေပါတယ်။

အဲဒီကုမ္ပဏီကတော့ Faceit ပါ။ သူတို့က အခပေးဝန်ဆောင်မှုတွေ ပေးဖို့အတွက် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီအမြောက်အမြားနဲ့ ပူးပေါင်းဆောင်ရွက်ပြီးသား ဖြစ်နေပါပြီ။

ညစ်ညမ်းရုပ်ရှင်တွေအတွက် ငွေသုံးမယ့်သူ ဘယ်လောက်တောင် ရှိလို့လဲ။

…အဲဒီလို တွေးမိတာက အတွေးမှားတစ်ခုပါပဲ။ ပထမဆုံးနေ့မှာတင် အခပေးအဖွဲ့ဝင် တစ်သန်းကျော် စာရင်းသွင်းခဲ့ကြပြီး အမေရိကန်တင်မကဘဲ ကမ္ဘာတစ်ဝန်းက အသုံးပြုသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ငွေပေးချေမှု ဆာဗာတွေ နာရီပေါင်းများစွာ ပျက်ကျသွားခဲ့ရတယ်။

ဒီလို အောင်မြင်စွာ ငွေရှာနိုင်ခဲ့တာကြောင့် ငွေတွေက ဆက်တိုက် စီးဝင်လာခဲ့ပြီး Faceit က ဥရောပနဲ့ ဂျပန်မှာ ရှိတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းအောင် လုပ်ဆောင်ခဲ့တယ်။

ဒါ့အပြင် အစက ဆွေးနွေးခဲ့ကြတဲ့အတိုင်း သူတို့ကိုယ်ပိုင် contentတွေနဲ့ VR အကြောင်းအရာ ထုတ်လုပ်မှုတွေကိုပါ စတင်လုပ်ဆောင်လာကြတယ်။

ရလဒ်အနေနဲ့ တိုဘီ စထရောင်းနဲ့ ဂျရတ် ဘေကွန်တို့ဟာ ညစ်ညမ်းရုပ်ရှင် လောကရဲ့ ဘီလ်ဂိတ် ဒါမှမဟုတ် ဒုတိယမြောက် လာရီဖလင့် (Hustler တည်ထောင်သူ) လို့တောင် အခေါ်ခံနေရပြီး အောင်မြင်မှုတွေ ရနေကြပါပြီ။

ကုမ္ပဏီရဲ့ တန်ဖိုးက နေ့တိုင်း မြင့်တက်နေပြီး နေရာအနှံ့ကနေ ဝယ်ယူဖို့ ကမ်းလှမ်းချက်တွေလည်း တသီတတန်းကြီး ရောက်လာခဲ့တယ်။ (အမေရိကန်မှာတောင် ညစ်ညမ်းရုပ်ရှင် ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတာကို သဘောမကျကြတာမလို႔ ပုဂ္ဂလိက ရန်ပုံငွေအဖွဲ့တွေကနေတစ်ဆင့် သွယ်ဝိုက်ပြီး ရင်းနှီးမြှုပ်နှံကာ ဝယ်ယူဖို့ ကမ်းလှမ်းလာကြတာ ဖြစ်ပါတယ်။)

လောလောဆယ် Faceit ရဲ့ ကုမ္ပဏီတန်ဖိုးက အနည်းဆုံး ဒေါ်လာ သန်း ၇ထောင်လောက် ရှိမယ်လို့ ခန့်မှန်းထားကြပြီး OTK ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ အကြီးဆုံး ရှယ်ယာရှင်ပါ။

ကျွန်တော် အံ့ဩသွားရတယ်။

“စီးပွားရေးအရ အလားအလာ ရှိမယ်လို့ ထင်ထားပေမယ့် ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

တက်ဂယူက ပြောတယ်။

“လာရီဖလင့် ပြောခဲ့တဲ့ နာမည်ကြီး စကားတစ်ခု ရှိတယ်ကွ၊ အမေရိကန်တွေက ကားမရှိဘဲ နေနိုင်ရင် နေလိမ့်မယ်၊ ဒါပေမဲ့ ညစ်ညမ်းရုပ်ရှင် မရှိဘဲနဲ့တော့ မနေနိုင်ဘူး တဲ့”

“……”

အဲဒါက တခြားနိုင်ငံက လူတွေအတွက်လည်း အတူတူပဲ မဟုတ်ဘူးလား။

တကယ်တော့ Faceit က ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခုလို ဖြစ်နေခဲ့တာပါ။ အမေရိကန်ပြင်ပက အဖွဲ့ဝင် အရေအတွက်က အမေရိကန်နိုင်ငံတွင်းကထက် ပိုများနေပြီး ဝင်ငွေကလည်း ပြည်ပကနေ ပိုရနေတာလေ။

စိတ်ဝင်စားစရာကတော့ ကိုရီးယား အသုံးပြုသူတွေက စုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်းအထိ ရှိနေတာပဲ။

ကိုရီးယားမှာတော့ ညစ်ညမ်းရုပ်ရှင်က တရားမဝင်ပါဘူး။ (ဒါပေမဲ့လည်း အင်တာနက်ပေါ်မှာ ညစ်ညမ်းရုပ်ရှင်တွေက အများကြီး ရှိနေတာပါပဲ။) ဒါကြောင့် Faceit ကို အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်အဖြစ် သတ်မှတ်ပြီး ဝင်ရောက်ခွင့်ကို လုံးဝ ပိတ်ဆို့ထားခဲ့ကြတယ်။

ဒါပေမဲ့ ဒါကလည်း စိတ်ကြိုက် ညစ်ညမ်းရုပ်ရှင်တွေကို ကြည့်ချင်ကြတဲ့ ကိုရီးယားလူမျိုးတွေရဲ့ ဆန္ဒကို တားဆီးဖို့ မလုံလောက်ခဲ့ပါဘူး။ သူတို့က ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး ဝန်ဆောင်မှုကို အသုံးပြုနိုင်မယ့် နည်းလမ်းကို ဘယ်လိုနည်းနဲ့မဆို ရှာဖွေခဲ့ကြတာပဲ။

ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုရော ဖြန့်ဖြူးမှုပါ တရားမဝင်တဲ့ နိုင်ငံတစ်ခုမှာ ဘာလို့ အဲဒီလို ကြည့်ချင်တဲ့သူတွေ ဒီလောက်တောင် များနေရတာလဲ။

အလုပ်ဆင်းခါနီးအချိန်မှာပဲ အယ်လီဆီက ဖုန်းလာခဲ့တယ်။

[ဟယ်လို။ ကန်ဂျင်ဟူ။ ဘာလုပ်နေလဲ]

“အလုပ်လုပ်နေတာ”

[အလုပ်လုပ်ပြီးရင်ရော ဘာအစီအစဉ် ရှိသေးလဲ]

“မရှိပါဘူး”

[ဒါဆို အလုပ်ဆင်းရင် ညစာ အတူတူ စားကြမလား]

“အိုကေလေ”

မြေအောက်ပါကင်ကနေ Panamera ကားကို မောင်းထွက်ပြီး ဘေးက အဆောက်အဦးဆီကို သွားလိုက်တယ်။ ပင်မဝင်ပေါက်နားမှာ စောင့်နေတဲ့ အယ်လီက ဘေးက ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။

အယ်လီကတော့ ထုံးစံအတိုင်း ရုံးဝတ်စုံနဲ့ပဲ ဖြစ်ပါတယ်။

“အစ်မအိုဟျွန်းဂျူးကော”

“အလုပ်လုပ်နေတုန်းပဲ။ ဒီနေ့လည်း ညဉ့်နက်ဦးမယ် ထင်တယ်”

သူ တကယ်ကို အလုပ်များနေတာပဲ။

“ဘာစားချင်လဲ”

“ပီဇာ စားချင်တယ်။ ဝိုင်လေးနဲ့ပေါ့”

“ကောင်းသားပဲ။ သွားချင်တဲ့နေရာ ရှိလား”

“အရင်က ဂျက်စီကာနဲ့ အတူတူ သွားခဲ့ဖူးတဲ့ နေရာတစ်ခု ရှိတယ်”

အယ်လီ လမ်းညွှန်တဲ့အတိုင်း ဟန်မြစ်ဘေးက ဟိုတယ်ဆီကို မောင်းလာခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ရုံးဆင်းချိန် ကားပိတ်တဲ့အချိန်ထက် နည်းနည်းစောပြီး ထွက်လာခဲ့တာမလို့ ကား သိပ်မပိတ်ပါဘူး။

ပြတင်းပေါက်နားက ခုံမှာ ထိုင်ပြီး ပီဇာနဲ့ ဝိုင်ကို မှာလိုက်တယ်။ မကြာခင်မှာပဲ ဆိုင်ထဲမှာ လူတွေ ပြည့်လာတော့တာပဲ။

“ဒီဆိုင်က လူကြိုက်များပုံရတယ်နော်”

“ဒါပေါ့။ ပီဇာကြောင့် နာမည်ကြီးတာလေ”

ပီဇာကို မြိန်မြိန်ယှက်ယှက် စားရင်း ဝိုင်ကို သောက်လိုက်ကြတယ်။ ဘေးဝိုင်းက လူတွေက ကျွန်တော်တို့ဘက်ကို ခဏခဏ လှမ်းကြည့်နေကြတယ်။

သူတို့က ကျွန်တော်တို့ကို OTK ကုမ္ပဏီရဲ့ စီအီးအိုဆိုတာ သိလို့ ကြည့်နေကြတာ မဟုတ်ပါဘူး… အယ်လီကြောင့် ကြည့်နေကြတာပါ။

အယ်လီက အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် လှတာမလို့ မော်ဒယ်တစ်ယောက်လို့တောင် ထင်ရတယ်။ ဒါ့အပြင် တက်ကြွတဲ့ အမူအရာနဲ့ ကပြားမလေးတစ်ယောက်ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုကလည်း ပိုပြီး ထင်ရှားနေစေတာလေ။

ဒီလို အလှပြင်ထားတဲ့ မိန်းကလေးက Golden Gate က ရှေ့နေတစ်ယောက် ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ခန့်မှန်းမိမှာ မဟုတ်ဘူး။

အယ်လီကို ကြည့်နေရင်းနဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို ရုတ်တရက် သတိပြုမိသွားတယ်။

“ဒါနဲ့ ပြောရဦးမယ်……”

“ဘာလဲဟင်”

“နင့် ဆံပင်တွေ နည်းနည်း ရှည်လာသလိုပဲ”

“အခုမှ သတိထားမိတာလား”

အယ်လီက သူ့ရဲ့ ဆံပင်တိုလေးတွေကို လက်ချောင်းလေးတွေနဲ့ ကစားရင်း ပြောတယ်။

“ဆံပင်အရှည်ထားမလို့ စဉ်းစားနေတာ… ကန်ဂျင်ဟူ၊ ဘယ်လိုထင်လဲ။ ငါနဲ့ လိုက်ပါ့မလား”

“လိုက်မှာပါ”

ပြုံးရင်းနဲ့ပဲ ထပ်ပြောလိုက်တယ်။

“နင်နဲ့က ဘာမဆို လိုက်နေတာပဲ မဟုတ်ဘူးလား”

ဒီစကားကြောင့် အယ်လီ သဘောကျပြီး ရယ်တော့တယ်။

“ကျေးဇူးပါပဲ။ ချီးကျူးစကား ကြားရတာ တကယ်ပဲ စိတ်ချမ်းသာဖို့ကောင်းတယ်”

ဒါက တကယ်ကို အမှန်အတိုင်း ပြောတာပါ။

အယ်လီက ဆံပင်တွေကို ဆက်ပြီး ကစားနေရင်းနဲ့ လက်ချောင်းလေးတွေနဲ့ ပတ်နေမိတယ်။ တစ်ခုခု ပြောချင်နေတဲ့ ပုံစံပဲ။

“ဘာဖြစ်လို့လဲ”

စားသောက်လို့ ပြီးခါနီးမှာပဲ အယ်လီက သေချာ စဉ်းစားပြီးမှ ပြောလာတယ်။

“တကယ်တော့ ဒီနေ့က ငါ့မွေးနေ့လေ။ နင့်ဆီကနေ မွေးနေ့ဆုတောင်း စကား ကြားချင်လို့”

ကျွန်တော် အံ့ဩသွားရတယ်။

“ဘာလို့ စောစောကတည်းက မပြောတာလဲ”

“အားလုံး အလုပ်များနေကြတာလေ။ ငါလည်း အလုပ်များနေတာနဲ့ မပြောတော့တာ”

“ဒါပေမဲ့လည်း ပြောသင့်တာပေါ့။ မွေးနေ့မှာ ပျော်ရွှင်ပါစေ”

အယ်လီက တောက်ပစွာ ပြုံးပြတယ်။

“ကျေးဇူးပါပဲ။ ဆုတောင်းပေးတာကို တကယ်ပဲ ဝမ်းသာပါတယ်”

ကျွန်တော်ကတော့ ပုံမှန်အားဖြင့် မွေးနေ့တွေ ဒါမှမဟုတ် အထိမ်းအမှတ်နေ့တွေကို မှတ်မိလေ့ရှိတဲ့သူ မဟုတ်ပေမယ့် ဘာကြောင့်လဲ မသိဘူး၊ အားနာတဲ့ စိတ်တစ်ခု ဖြစ်မိသွားတယ်။

ဝိုင်ခွက်ကို ချလိုက်ပြီး ပြောလိုက်တယ်။

“သောက်တာ ရပ်ပြီး အပြင်ထွက်ရအောင်”

“ဘယ်ကို သွားမလို့လဲ”

“လက်ဆောင် သွားဝယ်ပေးမလို့လေ”

ကုန်တိုက်ရဲ့ ဇိမ်ခံပစ္စည်း အရောင်းပြခန်းထဲကို ဝင်လာခဲ့ကြတယ်။

ပထမထပ်မှာ Hermès၊ Chanel၊ Prada၊ Louis Vuitton စတဲ့ နာမည်ကြီး တံဆိပ်တွေနဲ့အတူ နာမည် သိပ်မရင်းနှီးတဲ့ အဆင့်မြင့် တံဆိပ်တွေလည်း စီတန်းနေပါတယ်။

“လက်ဆောင်အဖြစ် လိုချင်တာကို ရွေးပါ။ ဘာပဲဖြစ်ဖြစ် ဝယ်ပေးမယ်”

ဒီစကားကြောင့် အယ်လီရဲ့ မျက်လုံးတွေက တောက်ပသွားတော့တယ်။

“တကယ်လား”

“ဒါပေါ့”

အယ်လီက နောက်ပြောင်တဲ့ သဘောနဲ့ မေးတယ်။

“တကယ်လို့ ဒီကနေ ဟိုးအထိ အကုန်လုံးကို ဝယ်ပေးဖို့ တောင်းဆိုရင်ကော”

အယ်လီက အရောင်အသွေး စုံလင်ပြီး အရွယ်အစားမျိုးစုံနဲ့ စီထားတဲ့ အိတ်တွေ ရှိရာဆီကို ညွှန်ပြပြီး ပြောတယ်။ အိတ်တစ်လုံးချင်းစီရဲ့ စျေးနှုန်းက သာမန် ဝန်ထမ်းတစ်ဦးရဲ့ လစာထက်တောင် ပိုများနိုင်ပါတယ်။

“……”

ကျွန်တော့်ကတ်ရဲ့ ကန့်သတ်ချက်က ဘယ်လောက်အထိ ရှိပါလိမ့်။

အယ်လီက အကျယ်ကြီး ရယ်တော့တယ်။

“ဟေ့… နောက်တာပါ။ အဲဒီလို တွေးပေးတာကိုပဲ ကျေးဇူးတင်ပါတယ်”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“မွေးနေ့ မဟုတ်ရင်တောင်မှ နင့်ကို လက်ဆောင်တစ်ခုခု ပေးချင်နေတာ။ တစ်ခုခု မဝယ်မချင်း ပြန်မှာ မဟုတ်လို့ စျေးကြီးတာတစ်ခုခုကိုသာ ရွေးလိုက်ပါ”

“နောက်မှ ပြန်မနုတ်နဲ့နော်၊ ဟုတ်ပြီလား”

“ဒါပေါ့”

အယ်လီက စိတ်လှုပ်ရှားနေတဲ့ ပုံစံပါပဲ။

“ဈေးဝယ်မထွက်ရတာ ကြာပြီပဲ”

“ဈေးဝယ်ရတာ ကြိုက်လား”

“ကြိုက်တာပေါ့။ ဈေးဝယ်ရတာ မကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှိလို့လဲ”

“အစ်မအိုဟျွန်းဂျူးကော”

“သူလည်း ကြိုက်မှာပါ။ အချိန်မရှိလို့ ဖြစ်လိမ့်မယ်။ ငါတို့တွေ ဟောင်ကောင်မှာ ရှိတုန်းက တစ်ခါတလေ Harbor City မှာ အတူတူ ဈေးဝယ်ထွက်ဖူးတယ်”

“တကယ်လား”

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နေ့တိုင်း အဝတ်အစား ဆင်တူတွေကိုပဲ ဝတ်လေ့ရှိပေမယ့် ကျွန်တော့်ရဲ့ အသုံးအဆောင်တွေကတော့ ခဏခဏ ပြောင်းလဲနေသလို ခံစားရတယ်။

အယ်လီက အိတ်တွေနဲ့ ဖိနပ်တွေကို ကြည့်ပြီးတဲ့နောက် နာရီတွေ ပြထားတဲ့ မှန်ဗီရိုရှေ့မှာ အကြည့်တွေ ရပ်တန့်သွားခဲ့တယ်။ ဗီရိုထဲမှာတော့ သေသေချာချာ ထုဆစ်ထားတဲ့ ရွှေရောင်၊ ငွေရောင် နာရီတွေ စီတန်းနေတာပဲ။

“လှလိုက်တာ”

အမျိုးသမီး ဝန်ထမ်းတစ်ယောက်က အယ်လီနားကို လာပြီး ယဉ်ကျေးစွာ ပြောတယ်။

“တစ်ခုခု ရှာနေတာလား ရှင့်”

“ကိုရီးယားလိုပဲ ပြောလို့ရပါတယ်”

နိုင်ငံခြားသူ ပုံစံနဲ့ မိန်းကလေးက ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောလိုက်တာကြောင့် ဝန်ထမ်းက နည်းနည်း အံ့ဩသွားတဲ့ ပုံပဲ။

“ဪ…. ဟုတ်ကဲ့ပါ ရှင့်။ သီးသန့် ရှာနေတဲ့ ပစ္စည်း ရှိပါသလား”

အယ်လီက ဒါကို ဝယ်လို့ရမလား ဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။

“ကြိုက်တာကို ရွေးလိုက်ပါ”

“ကောင်းပြီလေ”

ဝန်ထမ်းက လက်အိတ်ကို စွပ်ပြီး ဗီရိုထဲကနေ နာရီကို ထုတ်ပေးတယ်။

အယ်လီက နာရီအချို့ကို လက်ကောက်ဝတ်မှာ ပတ်ကြည့်ပြီး ကျွန်တော့်ကို မေးတယ်။

“ဘယ်လိုနေလဲဟင်”

“အကုန်လုံးလှတယ်”

“အဲဒီလို မပြောနဲ့လေ။ အစက ပြတဲ့ဟာနဲ့ အခုဟာ ဘယ်တစ်ခုက ပိုလှလဲ”

“…”

အားလုံးက အတူတူပဲ မဟုတ်ဘူးလား။

သေချာ ကြည့်လိုက်တော့မှ အခု နာရီက အစက ပြတဲ့ဟာနဲ့မတူဘဲ နာရီမျက်နှာပြင်မှာ စိန်တွေ စီထားတာကို သတိထားမိတယ်။ အယ်လီရဲ့ အမူအရာကို ကြည့်ရတာ ဒီတစ်ခုကို အကြိုက်ဆုံး ဖြစ်ပုံရတယ်။

“ဒီတစ်ခုပဲ ယူမယ်”

အဲဒီနောက် အယ်လီက ကျွန်တော့်လက်ကို လှမ်းကိုင်လိုက်တယ်။

“နေဦး၊ ခဏလောက် ပြန်စဉ်းစားပါရစေဦး”

“ဘာလို့လဲ”

“စျေးကြီးလွန်းတယ် ထင်လို့……”

စျေးနှုန်းကို ကြည့်လိုက်တော့ သုည ခုနစ်လုံးလောက် ပါနေတာပါ။

တကယ်ပဲ စျေးကြီးတာ မှန်ပေမယ့် မဝယ်ပေးနိုင်လောက်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သုည ရှစ်လုံး ပါနေတာမှ မဟုတ်တာ။

“ရပါတယ်၊ နင့်မွေးနေ့ပဲဟာ”

ဝန်ထမ်းဆီကို ကတ်ကို ကမ်းပေးလိုက်တယ်။

“ငွေချေပေးပါ”

“အရစ်ကျနဲ့ ပေးချေမှာလား ရှင့်။ ဘယ်နှလစာ လုပ်ပေးရမလဲ”

“တစ်ခါထဲပဲ ဖြတ်ပေးပါ”

အရစ်ကျပဲဖြစ်ဖြစ်၊ တစ်ခါထဲပဲဖြစ်ဖြစ် ကုန်မယ့် ငွေပမာဏကတော့ အတူတူပါပဲ။

အယ်လီက နာရီကို လက်ကောက်ဝတ်မှာ ချက်ချင်း ပတ်လိုက်ပြီး ကြည့်ရင်းနဲ့ကို ဆက်တိုက် ပြုံးနေတော့တယ်။

“ကျေးဇူးပါပဲ။ ကန်ဂျင်ဟူ။ အမြဲတမ်း ပတ်ထားပါ့မယ်”

“နင်သဘောကျရင်ပဲ ဝမ်းသာပါတယ်”

ဒီလိုမျိုး ဈေးဝယ်ထွက်ဖို့ အခွင့်အရေးက ရှားပါတယ်လေ။ တက်ဂယူကို ခေါ်ပြီး ဈေးဝယ်ထွက်လို့ ရတာမှ မဟုတ်တာ။

ရောက်တုန်းရောက်ခိုက် တခြားပစ္စည်း အချို့ကိုပါ ထပ်ဝယ်ရင် ကောင်းမလား။

“ငါ့အမေနဲ့ အစ်မအိုဟျွန်းဂျူးအတွက်ပါ လက်ဆောင် ဝယ်ပေးမလို့ စဉ်းစားနေတာ။ ကူရွေးပေးဦး”

အယ်လီက ခေါင်းငြိမ့်ပြတယ်။

“ကန်ဂျင်ဟူက တကယ်ပဲ အလိုက်သိတတ်တာပဲနော်”

ဒီစကားကြောင့် နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရတယ်။

“အခုလို အချိန်မျိုးမှာ မဝယ်ဖြစ်ရင် ဝယ်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်လို့ပါ”

အယ်လီရဲ့ အမြင်ကတော့ ကျွန်တော့်ထက် အများကြီး ပိုကောင်းတာ သေချာပါတယ်။

“အစ်မအိုဟျွန်းဂျူးကတော့ ဆွဲကြိုး ဒါမှမဟုတ် နားကပ်ကို သဘောကျမယ် ထင်တယ်။ အမေ့ရဲ့ အကြိုက်ကကော ဘာဖြစ်မလဲ”

“အိတ်တစ်လုံးဆိုရင်တော့ ကောင်းမယ် ထင်တယ်”

အမေ့ကို အိမ်သုံးစရိတ်တွေအပြင် ခရက်ဒစ်ကတ်ပါ ပေးထားပေမယ့် အမေက ဈေးခဏခဏ ဝယ်လေ့မရှိပါဘူး။ လက်ဆောင် ဝယ်ပေးလိုက်ရင်တော့ နှမြောလို့ ဖြစ်ဖြစ် သုံးလိမ့်မယ် ထင်တာပဲ။

အယ်လီက အမေ့ရဲ့ အကြိုက်တွေကို မေးပြီးတဲ့နောက် လက်ဆောင်တွေကို သေသေချာချာ ရွေးချယ်ပေးခဲ့တယ်။ အစ်မအိုဟျွန်းဂျူးအတွက် ဆင်တူ ဆွဲကြိုးနဲ့ နားကပ်ကို ရွေးပေးပြီး အမေ့အတွက်တော့ အိတ်တစ်လုံးနဲ့ ပိုက်ဆံအိတ်တစ်ခုကို ရွေးပေးခဲ့တယ်။

အယ်လီက စိုးရိမ်တဲ့ အမူအရာနဲ့ ပြောတယ်။

“သူတို့ သဘောမကျရင် ဘယ်လိုလုပ်မလဲ”

“စိုးရိမ်စရာ မလိုပါဘူး။ သူတို့ သဘောကျမှာ သေချာပါတယ်”

ဘာပဲဖြစ်ဖြစ် သူတို့ သဘောမကျရင် နောက်မှ တခြားဟာ ထပ်ဝယ်ပေးလို့ ရတာပဲလေ။

နောက်တစ်ခါကျရင် အမေ့ကိုပါ ကုန်တိုက်ကို ခေါ်လာရမယ်။ ကျွန်တော်က တစ်ဦးထဲသော သားဖြစ်ပြီး အမေ့အပေါ် သိပ်ဂရုမစိုက်မိသလို ဖြစ်နေခဲ့တာပါ။

ငွေချေနေတဲ့ အချိန်မှာ ဝန်ထမ်းက ကျွန်တော့်ကို စိုက်ကြည့်နေတာကို သတိထားမိတယ်။

“အာ…… ကိုယ်စားလှယ် ကန်ဂျင်ဟူ မဟုတ်ပါလားရှင့်”

“ဗျာ”

သူတို့ ငါ့ကို ဘယ်လိုလုပ် သိနေတာလဲ။ သတင်းတွေကို ပုံမှန် စောင့်ကြည့်နေကြတာလား။

ငြင်းဖို့ ကြိုးစားလိုက်ပေမယ့် ကတ်ပေါ်မှာ ကျွန်တော့်နာမည် ပါနေတာကို သတိရသွားတယ်။ ကတ်ပေါ်က နာမည်နဲ့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး မှတ်မိသွားတာ ဖြစ်ပါလိမ့်မယ်။

ဒါနဲ့ပဲ လက်လျှော့ပြီး ခေါင်းငြိမ့်ပြလိုက်ရတယ်။

“အင်း။ ဟုတ်ပါတယ်”

ဝန်ထမ်းက အံ့ဩသွားပြီး ပြောတယ်။

“ဌာနခွဲ မန်နေဂျာကို ချက်ချင်း သတင်းပို့လိုက်ပါ့မယ် ရှင့်”

“……”

မဟုတ်တာ၊ အဲဒီလို လုပ်ဖို့ တကယ်ကို မလိုပါဘူး။

All Chapters