အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄)
ကျွန်တော်က အိပ်ပျော်နေတဲ့ တက်ဂယူကို လှုပ်နှိုးလိုက်တယ်။
“ဟာ…… အိပ်နေတာကိုကွာ။ ဘာလို့ နှိုးတာလဲ”
“အစီအစဉ်တစ်ခုပေါ်လို့လေ။ သွားကြစို့”
“ဘယ်လဲ”
“ဘေ့စ်ဘောကွင်းကို။ ဒီနေ့ အစမ်းပွဲ ရှိတယ်”
တက်ဂယူက ဘေးမှာ ချထားတဲ့ မျက်မှန်ကို ကောက်တပ်လိုက်တယ်။
“မင်းက ဘယ်တုန်းကစပြီး ဘေ့စ်ဘော ကြည့်ဖြစ်သွားတာလဲ”
“စကားများမနေနဲ့၊ မြန်မြန် အဝတ်အစား လဲစမ်းပါ”
ဘေ့စ်ဘောကွင်း သွားဖို့အတွက်တော့ ဝတ်စုံပြည့် ဝတ်ဆင်နေဖို့ မလိုဘူးမလား။
ကျွန်တော်က ဂျင်းဘောင်းဘီနဲ့ အနွေးထည်အထူကို ဝတ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလိုက်တယ်။ တက်ဂယူကတော့ ထုံးစံအတိုင်း မီးခိုးရောင် အားကစားဝတ်စုံအပေါ်ကနေ အနွေးထည်အထူကိုပဲ ထပ်ဝတ်ထားတာပေါ့။
VIP ခုံတွေက home plateရဲ့ အနောက်ဘက်မှာ ရှိပါတယ်။
အထဲကို ဝင်လိုက်တာနဲ့ ကွင်းတစ်ခုလုံးကို အပေါ်စီးကနေ မြင်ရတာပါ။ ကျယ်ပြောလှတဲ့ ကွင်းကြီးထဲမှာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောပွဲ စတင်တော့မှာကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ကျွန်တော်တို့တွေ လာမယ့်အကြောင်း ကြိုသတင်းရထားပုံရပြီး ကျွန်တော်တို့တွေ အနားကို ချဉ်းကပ်လာတဲ့အခါ လုံခြုံရေးဝန်ထမ်းတွေက လမ်းဖယ်ပေးကြတယ်။ ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်တယ်။
“လာပေးလို့ ကျေးဇူးပါပဲ”
“ဘာပဲဖြစ်ဖြစ် အိမ်မှာ နားနေတာပဲဆိုတော့ လာရတာ အပန်းမကြီးပါဘူး”
ကျွန်တော်တို့နှစ်ယောက်စလုံး အလုပ်များနေခဲ့ကြတာမလို့ ဒါဟာ ကျွန်တော်တို့တွေ ဒုတိယအကြိမ်မြောက် ဆုံဖူးခြင်းပါ။
ဥက္ကဋ္ဌ လင်ဂျင်ယုံက ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ အပေါ်ကနေ Seosung Dragonsရဲ့ ဘေ့စ်ဘော ဂျာကင်အင်္ကျီကို ဝတ်ထားတယ်။ သူ့ဘေးမှာတော့ Seosung Dragonsရဲ့ ယူနီဖောင်းတွေကို ဝတ်ထားတဲ့ သူ့ရဲ့ သားသမီးတွေလို့ ထင်ရတဲ့ ကလေးတွေ ရှိနေတာပါ။
“ဒါက ငါ့ကလေးတွေလေ”
“ဪ။ ဟုတ်ကဲ့”
ဒါဆို ဒီကလေးတွေက ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ သားသမီးတွေပေါ့။
ကလေးနှစ်ယောက်စလုံးက ချစ်စရာကောင်းပေမယ့် သိပ်ပြီး ဟန်ကြီးပန်ကြီး နိုင်တဲ့ ပုံစံမျိုး မရှိကြပါဘူး။ တကယ်လို့ မိတ်မဆက်ပေးရင် မိဘတွေနဲ့အတူ ကွင်းကို လာလည်တဲ့ သာမန်ကလေးတွေလို့ပဲ ထင်မိမှာပါ။
“တကယ်ကို ချစ်စရာကောင်းကြတာပဲနော်”
ကျွန်တော့်စကားကြောင့် ဥက္ကဋ္ဌ လင်ဂျင်ယုံက သဘောကျပြီး ပျော်ရွှင်စွာ ပြုံးတယ်။
“ကလေးတို့။ မိတ်ဆက်ပေးမယ်။ ဒါက ဖေဖေနဲ့အတူ အလုပ်လုပ်တဲ့သူတွေလေ”
“မင်္ဂလာပါ”
သားဖြစ်သူက လက်ကလေးနှစ်ဖက်ကို သေသေသပ်သပ် စုပြီး ကျွန်တော်တို့ကို ဦးညွှတ်နှုတ်ဆက်ပေမယ့် သမီးဖြစ်သူကတော့ ရှက်နေပုံရပြီး သူ့အစ်ကိုရဲ့ အနောက်မှာ ဝင်ပုန်းနေခဲ့တယ်။
မူလတန်း အကြီးတန်းအဆင့်လောက် ရှိပုံရတဲ့ သားဖြစ်သူက လင်ဆောင်ဟို ဖြစ်ပြီး ညီမငယ်လေးကတော့ လင်ဂျီယောင် ဖြစ်ပါတယ်။
သမီးငယ်လေးက ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ အင်္ကျီကို လှမ်းဆွဲတယ်။
“ဖေဖေ၊ ဖေဖေ”
“ပြောလေ။ ဖေဖေ့ရဲ့မင်းသမီးလေး”
“သမီးလည်း ကြက်ကြော် စားချင်တယ်”
“ကောင်းပါပြီ။ မင်းသမီးလေး။ ဖေဖေ မှာပေးမယ်နော်”
သူ ကလေးတွေနဲ့ ပြောဆိုဆက်ဆံနေတာကို ကြည့်ရတာ သာမန်ဖေဖေတစ်ယောက်လိုပါပဲ။ ပြန်စဉ်းစားကြည့်တော့ ဥက္ကဋ္ဌ လင်ဂျင်ယုံက သမီးဖြစ်သူကိုအလိုလိုက်တဲ့ ဖေဖေအဖြစ် အတော်လေး နာမည်ကြီးပါတယ်။
သူက သူ့ရဲ့ အတွင်းရေးမှူးကို ညွှန်ကြားလိုက်တယ်။
“ကလေးတွေအတွက် ကြက်ကြော်၊ ပီဇာနဲ့ ဖျော်ရည်တွေ မှာပေးလိုက်ပါဦး”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
အဲဒီနောက် သူက ကျွန်တော်တို့ကို လှမ်းကြည့်တယ်။
“မင်းတို့လည်း မစားရသေးဘူးမလား။ ဒီမှာ ထမင်းဘူးတွေလည်း ရှိတယ်……”
တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။
“ကျွန်တော်လည်း ကြက်ကြော်နဲ့ ပီဇာကို သဘောကျပါတယ်”
ဥက္ကဋ္ဌ လင်ဂျင်ယုံက ခေါင်းငြိမ့်ပြတယ်။
“သူတို့တွေအတွက်လည်း အတူတူပဲ မှာလိုက်မယ်လေ”
တက်ဂယူက ကျွန်တော့်ကို တိုးတိုးလေး ကပ်ပြောတယ်။
“သူ့သမီးကို ‘မင်းသမီးလေး’ လို့ ခေါ်တာက တကယ့်ကို ရိုးသားစစ်မှန်တဲ့ ခံစားချက်ကြီးနော်”
“အင်း……”
ဆိုဆောင်းအုပ်စု ဥက္ကဋ္ဌရဲ့ သမီးဆိုရင်တော့ သာမန် မင်းသမီးလေးထက်တောင် ပိုပါတယ်။
“ဆိုဆောင်းအုပ်စု ဥက္ကဋ္ဌကို အဖေ တော်စပ်ပြီး မွေးဖွားလာရတဲ့ ခံစားချက်က ဘယ်လိုမျိုး ဖြစ်မလဲ မသိဘူးနော်”
ကျွန်တော်က လေသံတိုးတိုးနဲ့ ပြန်ဖြေလိုက်တယ်။
“ကလေးတွေကိုပဲ တိုက်ရိုက် မေးကြည့်ပါလား”
တကယ်တော့ ကျွန်တော်လည်း နည်းနည်းတော့ စိတ်ဝင်စားမိပါတယ်။
“ဥက္ကဋ္ဌ လင်ဂျင်ယုံကို မေးလို့ရမလား”
“……”
ရနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ဖခင်ကလည်း ဆိုဆောင်းအုပ်စုရဲ့ အကြီးအကဲဟောင်း ဖြစ်ခဲ့တာပဲလေ။
ဒီအခြေအနေအရ ဆိုရင်တော့ သူက သာမန်ချမ်းသာတဲ့ မိသားစုက မဟုတ်ဘဲ စိန်ဇွန်းကိုက်ပြီးမွေးလာတဲ့အဆင့်အတန်း ရှိတဲ့ မိသားစုကနေ ဆင်းသက်လာတာလို့ ပြောလို့ရပါတယ်။ သားဖြစ်သူ ကလေးလေးကို ကျွန်တော်လှမ်းကြည့်မိတယ်။ ဒီကလေးလေး ကြီးလာရင် ဆိုဆောင်းအုပ်စုကို ဆက်ခံမယ့်သူ ဖြစ်လာမှာလား။
ပွဲမစခင်မှာပဲ နောက်ထပ် လူတစ်ယောက် ရောက်လာခဲ့တယ်။
အသက် ၄၀ ကျော် အရွယ်၊ ကျော့ရှင်းလှပတဲ့ ပုံစံရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့ရဲ့ အမူအရာနဲ့ လှုပ်ရှားမှုတွေမှာ မြင့်မြတ်တဲ့ အရှိန်အဝါတစ်ခု စီးဆင်းနေသလိုပါပဲ။
“တွေ့ရတာ ဝမ်းသာပါတယ်။ ဒီလိုနေရာမျိုးမှာ ပြန်ဆုံရတာ ကောင်းတယ်”
“ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ”
သူ့နာမည်က လင်ဆိုမီ ပါ။ သူက ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ အစ်မဖြစ်ပြီး ဆီလွန်ဟိုတယ်ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အသက်အမှန်က ကိုရီးယားတွေရဲ့ရေတွက်ပုံအရ ၄၆ နှစ် ရှိပြီ ဖြစ်ပေမယ့် အပြင်ပန်းကတော့ အများကြီး ပိုပြီး နုပျိုနေတာပေါ့။ မိတ်ကပ်မပြင်ဘဲ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားခဲ့တဲ့ နာရေးနေ့တုန်းကနဲ့မတူဘဲ ဒီနေ့မှာတော့ မိတ်ကပ်ပါးပါးလေး လိမ်းပြီး သေသေသပ်သပ် ပြင်ဆင်ထားတာပါ။
“နာရေးတုန်းက လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်စကားကို သီးသန့် ပြောဖို့ အချိန်ရှာနေတာပါ”
“ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ”
“အန်တီ”
သမီးငယ်လေးက အပြေးအလွှား လာပြီး ဥက္ကဌ လင်ဆိုမီကို လှမ်းဖက်တယ်။
သူက ကလေးရဲ့ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တယ်။
“ဂျီယောင်လေး ဘယ်လိုလဲ၊ နေကောင်းရဲ့လား”
“ဟုတ်ကဲ့။ အန်တီ”
သူက ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို ကြည့်ရင် ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ လင်ဆိုမီတို့က အတော်လေး ရင်းနှီးတဲ့ မောင်နှမတွေ ဖြစ်ပုံရပါတယ်။ မောင်နှမချင်း ရင်းနှီးတာက ပုံမှန်ပဲလို့ ထင်စရာ ရှိပေမယ့် ချေဘော မိသားစုတွေထဲမှာတော့ ဒါဟာ ရှားပါးတဲ့ ကိစ္စမျိုးပါ။
စားပွဲပေါ်မှာတော့ ကြက်ကြော်၊ ပီဇာ၊ ကန်စွန်းဥကြော်တွေနဲ့အတူ ဖျော်ရည်တွေ၊ ဘီယာတွေနဲ့ ပြည့်နှက်နေတဲ့ စားပွဲကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ ကလေးတွေက ဝင်ထိုင်ပြီး စားသောက်နေကြသလို ဥက္ကဋ္ဌ လင်ဂျင်ယုံ၊ ဥက္ကဌ လင်ဆိုမီနဲ့ ကျွန်တော်တို့တွေကတော့ ဘီယာခွက်တွေကို မြှောက်ပြီး အောင်ပွဲအတွက် သောက်လိုက်ကြတယ်။
“မနှစ်က Seosung Dragonsပဲ နိုင်ခဲ့တာ မဟုတ်လား”
“ဟုတ်မယ်ထင်တယ်”
ကွယ်လွန်သူ ဥက္ကဋ္ဌ လင်အီကွမ်ကော၊ ဥက္ကဋ္ဌ လင်ဂျင်ယုံပါ နာမည်ကြီး ဘေ့စ်ဘော ဝါသနာအိုးတွေပါ။
ကုမ္ပဏီ ရန်ပုံငွေနဲ့ လည်ပတ်ရတဲ့ အားကစားအသင်းတွေက ဥက္ကဋ္ဌရဲ့ ချစ်ခင်မြတ်နိုးမှုအပေါ်မှာ မူတည်ပြီး တိုးတက်လာကြတာ ဖြစ်တယ်။ ဥက္ကဋ္ဌရဲ့ ရက်ရောတဲ့ ပံ့ပိုးမှုနဲ့ ဂရုစိုက်မှုတွေကြောင့် Seosung Dragonsက FA စျေးကွက်ကနေ အဓိက ကစားသမားတွေကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ပြီး ကမ္ဘာ့စီးရီး ဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့တွေ စကားပြောနေကြတုန်းမှာပဲ Seosung Dragonsနဲ့ CL GIANTတို့ရဲ့ အစမ်းပွဲ စတင်ခဲ့တယ်။
ကျွန်တော်ကလေးဘဝတုန်းက အဖေနဲ့အတူ ဘေ့စ်ဘောကွင်းကို အနည်းငယ် သွားဖူးတာကို မှတ်မိပေမယ့် အလယ်တန်းတုန်းကတည်းက မသွားဖြစ်တော့ပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်က အားကစားကို သိပ်ပြီး စိတ်မဝင်စားလို့ပါ။
ကျွန်တော်က ပွဲစဉ်တွေကို ပုံမှန် စောင့်မကြည့်ဖြစ်ပေမယ့် အထွေထွေ စည်းကမ်းချက်တွေနဲ့ ပွဲကစားပုံတွေကိုတော့ နားလည်ပါတယ်။
ကမ္ဘာတစ်ဝန်းက နိုင်ငံအများစု သဘောကျကြတဲ့ ဘောလုံးပွဲနဲ့မတူဘဲ ဘေ့စ်ဘောကတော့ သီးသန့် နိုင်ငံအချို့မှာပဲ ကန့်သတ်သလို ဖြစ်နေတာပါ။ ပရော်ဖက်ရှင်နယ် လိဂ်ရှိတဲ့ နိုင်ငံက လက်ချိုးရေလို့ ရပါတယ်။
ဒါပေမဲ့လည်း ဘေ့စ်ဘောက ဘောလုံးနဲ့အတူ ကမ္ဘာ့အားကစားစျေးကွက်ရဲ့ အဓိက ဒေါက်တိုင်တစ်ခုအဖြစ် တည်ရှိနေဆဲပါပဲ။ အကြောင်းရင်းကတော့ အမေရိကန်ကြောင့်ပါ။
စီးပွားရေးလိုပဲ အားကစားကလည်း တင်းကျပ်တဲ့ အရင်းရှင်စနစ်ရဲ့ အောက်မှာ လည်ပတ်နေတာပါ။ အမေရိကန် ပါဝင်လာပြီဆိုရင်တော့ ကမ္ဘာ့တစ်ဝက်လောက်က လိုက်ပါလာသလိုမျိုးပေါ့။
MLB က ကမ္ဘာ့အကြီးဆုံး ပရော်ဖက်ရှင်နယ် လိဂ်ဖြစ်ပြီး အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု ရှိတဲ့ နိုင်ငံတွေမှာ ဘေ့စ်ဘောကို လူကြိုက်များတဲ့ အားကစားတစ်ခုအဖြစ် တိုးတက်စေခဲ့တယ်။
ကိုရီးယား၊ ဂျပန်၊ မက္ကဆီကိုနဲ့ ထိုင်ဝမ်တို့က အဓိက ဥပမာတွေပေါ့။ ဆန့်ကျင်ဘက်အနေနဲ့ အမေရိကန်နဲ့ တစ်ချိန်က ဆန့်ကျင်ဘက်ဖြစ်ခဲ့တဲ့ အရှေ့ဥရောပ နိုင်ငံတွေမှာတော့ ဘေ့စ်ဘောကို သိပ်ပြီး မကစားကြပါဘူး။
တက်ဂယူက ဘီယာသောက်ရင်း ပြောတယ်။
“မရောက်တာကြာမှ ကွင်းထဲပြန်လာပြီး အားပေးရတာ ပျော်ဖို့ကောင်းသားပဲ။ ငါ့အစ်မကိုလည်း ခေါ်လာခဲ့ရမှာကွာ”
ကျွန်တော်လည်း ခေါင်းငြိမ့်ထောက်ခံလိုက်တယ်။
“တကယ်ကောင်းတဲ့ အကြံပဲ။ နောက်မှ အားလုံး အတူတူ လာကြတာပေါ့”
ကွင်းထဲမှာ သူငယ်ချင်းတွေ၊ စုံတွဲတွေတင်မကဘဲ မိသားစုလိုက် လာကြည့်ကြတဲ့ ပရိသတ်တွေ အများကြီး ရှိနေပါတယ်။
အခုအချိန်ဆိုရင် ကျွန်တော်နဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံတို့ ဘေ့စ်ဘောကွင်းမှာ ဆုံကြတဲ့အကြောင်း သတင်းဆောင်းပါး ထွက်နေလောက်ပါပြီ။ သမ္မတက ကျွန်တော့်ကို လင်ဂျင်ယုံနဲ့အတူ တွေ့ရတာကို သဘောကျပါ့မလား။
ဒါကို သိရက်သားနဲ့လည်း ဥက္ကဋ္ဌ လင်ဂျင်ယုံကတော့ သိပ်ပြီး ဂရုစိုက်ပုံမရပါဘူး။ ဘာပဲဖြစ်ဖြစ် ဆိုဆောင်းအုပ်စုရဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီဆိုရင်တော့ လွှမ်းမိုးမှုရှိတဲ့ အာဏာပိုင်တွေကို အလွယ်တကူ ဂရုစိုက်နေဖို့ မလိုတော့တာမျိုး ဖြစ်လောက်မှာပါ။
၅ကျော့မြောက်ကို ရောက်လာတဲ့အခါ CL GIANTက ၄ မှတ် ၂ မှတ်နဲ့ ဦးဆောင်နေခဲ့တယ်။
“ဘယ်သူ နိုင်မယ်လို့ ထင်လဲ”
သိပ်ပြီး တွေးမနေဘဲ တက်ဂယူက ပြန်ဖြေတယ်။
“Seosung Dragons နိုင်လိမ့်မယ်လို့ ထင်တယ်”
“ဒါပေမဲ့ CL GIANTက အခု ၂ မှတ်နဲ့ ဦးဆောင်နေတာနော်”
“ဘေ့စ်ဘောက pitcher တွေအပေါ်မှာပဲ မူတည်တာ။ ခုနက ကြည့်ရသလောက်တော့ Seosung Dragonsရဲ့ ကနဦး pitcherတွေက အဆင်ပြေပုံရတယ်။ တကယ်ကို ဂိမ်းတွေ ဒါမှမဟုတ် အားကစားတွေမှာ ရင်းနှီးမြှုပ်နှံမှုက အဓိကပဲကွ”
ကျွန်တော်က အံ့ဩသွားပြီး မေးလိုက်တယ်။
“မင်းက ဘေ့စ်ဘော မကြည့်ဘူး မဟုတ်ဘူးလား”
“ဟ…… ငါက အရင်တုန်းက ဘေ့စ်ဘော နည်းပြဂိမ်းကို အရမ်းကျွမ်းတဲ့အထိ ဆော့ခဲ့တာလေ”
“……”
သူက အားကစားကို ဂိမ်းကနေတစ်ဆင့် သင်ယူခဲ့တာကိုး။
အဲဒါက တကယ်ပဲ အကျိုးသက်ရောက်မှု ရှိတာလားတော့ မသိပေမယ့် တက်ဂယူက ဘေ့စ်ဘောရဲ့ စည်းကမ်းချက်တွေနဲ့ စနစ်တွေကို အပြည့်အဝ နားလည်နေခဲ့တယ်။ သူက pitcherရဲ့ ဘောလုံးပစ်ပုံနဲ့ နည်းပြရဲ့ မဟာဗျူဟာတွေကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့အထိ မြင်နေခဲ့တာပါ။
ပွဲကတော့ နောက်ဆုံးမှာ တက်ဂယူ ခန့်မှန်းခဲ့တဲ့အတိုင်း Seosung Dragonsက ၇ မှတ် ၅ မှတ်နဲ့ အနိုင်ရရှိသွားခဲ့တယ်။
ပွဲအပြီးမှာတော့ ကျွန်တော်တို့တွေ နှုတ်ဆက်လိုက်ကြတယ်။ ဥက္ကဋ္ဌ လင်ဂျင်ယုံက ဒီနေ့ကို သူ့ကလေးတွေနဲ့အတူ ဆော့ကစားရင်း ဖြတ်သန်းဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့တယ်။
ဘယ်လောက်ပဲ ကြီးမားတဲ့ လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်ပါစေ၊ အဖေတစ်ယောက်ကတော့ အဖေတစ်ယောက်ပါပဲ။
ကားမောင်းပြီး ပြန်လာတဲ့လမ်းမှာ တက်ဂယူက ရုတ်တရက်ကြီး ပြောလာတယ်။
“ငါတို့တွေလည်း ကိုယ်ပိုင် ဘေ့စ်ဘောအသင်းတစ်ခု စတင်လိုက်ရင် ကောင်းမလား”
“ဟမ်……”
အတော်ကိုအဓိပ္ပာယ်မရှိတဲ့ စကားပဲ။
“ငါတို့မှာ အသင်းတစ်ခုလောက် ရှိရင် ကောင်းမှာပဲ တွေးမိလို့လေ”
ကျွန်တော် မယုံနိုင်ဖြစ်သွားပြီး ပြန်ပြောလိုက်တယ်။
“ဘေ့စ်ဘောအသင်းတစ်ခုကို နှစ်စဉ် လည်ပတ်ဖို့ ဘယ်လောက် ကုန်ကျလဲဆိုတာ မင်း သိလို့လား”
“ဘယ်လောက် ကုန်လို့လဲ”
“……”
တကယ်တော့ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။
တက်ဂယူက သူ့ဖုန်းနဲ့ ရှာကြည့်တယ်။
“ဝမ် သန်းပေါင်း ၃သိန်း ကနေ သန်းပေါင်း ၄သိန်း လောက် ကုန်တယ်လို့ ပြောတာပဲ။ ငါတို့တွေက အဲဒီလောက် သုံးနိုင်တဲ့ အခြေအနေမှာ ရှိတာ မဟုတ်ဘူးလား”
“အခုလတ်တလော အခြေအနေက ကြပ်တည်းနေတာလေ”
ကျွန်တော်တို့တွေက ဆိုဆောင်း SB ရဲ့ စတော့ရှယ်ယာတွေကို ဝယ်ယူဖို့နဲ့ ဖက်စပ်ကုမ္ပဏီ တည်ထောင်ဖို့အတွက် ငွေတွေ အများကြီး သုံးစွဲထားခဲ့ပြီးပါပြီ။ ပြီးတော့ ဝန်ထမ်းတွေကို ဆက်တိုက် ခေါ်ယူနေတာမလို့ ပုံသေကုန်ကျစရိတ်တွေကလည်း နေ့တိုင်း တိုးပွားနေတာပါ။
“ဒါပေမဲ့ ငါတို့ဆီမှာ အဲဒီလောက် ငွေတော့ ရှိရမှာပေါ့”
“မရှိဘူး။ ဘယ်သူက ဝမ် သန်းပေါင်း ၃သိန်း ကနေ သန်းပေါင်း ၄သိန်းကို ကလေးနာမည်ပေးသလိုမျိုး လွယ်လွယ်နဲ့ ပေးလို့လဲ”
ကျွန်တော်တို့တွေ ရှာဖွေထားတဲ့ ငွေပမာဏနဲ့ဆိုရင် သန်းပေါင်း သိန်းနဲ့ချီတာက သိပ်မများဘူးလို့ ခံစားရနိုင်ပေမယ့် လုပ်ငန်းစုကြီးတစ်ခုရဲ့ အခြေအနေအရ ကြည့်ရင်တော့ ဒါဟာ တကယ့်ကို ကြီးမားတဲ့ ပမာဏပါ။
ဒါ့အပြင် ဒါက ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲ ကုန်ကျစရိတ် သက်သက် ဖြစ်နေတာလေ။
MLB ဒါမှမဟုတ် ပရီမီယာလိဂ်လို လိဂ်တွေမှာတော့ အသင်းတွေက လက်မှတ်ရောင်းရငွေ၊ ရုပ်သံထုတ်လွှင့်ခွင့်နဲ့ အမှတ်တံဆိပ် ပစ္စည်းတွေကနေ အမြတ်အစွန်း ရရှိနိုင်ပေမယ့် ကိုရီးယားစျေးကွက်မှာတော့ အမြတ်အစွန်းရဖို့က တကယ်ကို ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါတယ်။
တကယ်တော့ ဘေ့စ်ဘော၊ ဘောလုံး၊ ဘတ်စကက်ဘော၊ အားကစားအသင်း အများစုက အရှုံးပေါ်ပြီး လည်ပတ်နေကြရတာပါ။
ဒါပေမဲ့လည်း လုပ်ငန်းစုကြီးတွေက အားကစားအသင်းတွေကို စီမံခန့်ခွဲနေကြတဲ့ အကြောင်းရင်းကတော့ ဒါဟာ ကြီးမားတဲ့ ကြော်ငြာ မြှင့်တင်ရေး အကျိုးသက်ရောက်မှုတွေကို ပေးစွမ်းနိုင်လို့ပါပဲ။ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးပေးခြင်း ဆိုတဲ့ အကြောင်းပြချက်လည်း ရှိတာပေါ့လေ။
“ပြီးတော့ ဘေ့စ်ဘောအသင်းက ငွေရှိရုံသက်သက်နဲ့ တည်ထောင်လို့ရတာ မဟုတ်ဘူး”
လက်ရှိ ကိုရီးယား ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောမှာ အသင်းပေါင်း ၁၀ သင်း ရှိနေပါပြီ။
လူဦးရေ ဒါမှမဟုတ် စီးပွားရေး ပမာဏအရ ကြည့်ရင် အသင်းတွေက လုံလောက်နေပြီပဲ ဖြစ်ပါတယ်။ နောက်ထပ် အသင်းတစ်ခု ထပ်တိုးဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်ပါပဲ။
KBO ဘက်ကလည်း ဒါကို ခွင့်ပြုမှာ မဟုတ်ပါဘူး။
“ဒါဆို ဘောလုံး ဒါမှမဟုတ် ဘတ်စကက်ဘော အသင်း ထောင်မယ်ဆိုရင်ကော”
“ဘေ့စ်ဘောထက်တော့ ကုန်ကျစရိတ် နည်းနိုင်ပေမယ့် သုံးရမယ့်ငွေကလည်း မပြောပလောက်တဲ့ ပမာဏတော့ မဟုတ်ဘူး”
တက်ဂယူက စိတ်ပျက်သွားတဲ့ ပုံစံပါ။
“ငါတို့တွေလည်း တစ်ခုခု တည်ထောင်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိလို့ပါ။ ငါ ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်ကွ”
“မင်းက ဘာကို စီမံခန့်ခွဲမှာလဲ။ ဂိမ်းပဲ ဆော့စမ်းပါကွာ”
“အာ”
ကျွန်တော့်စကားကြောင့် တက်ဂယူက ရုတ်တရက် အကြံတစ်ခု ရသွားပုံပဲ။
“ဒါဆို ပရော်ဖက်ရှင်နယ် ဂိမ်းအသင်းထောင်မယ်ဆိုရင်ကော ဘယ်လိုလဲ”
“ဟမ်……”
“eSports ကလည်း အားကစားတစ်ခုပဲလေ။ ပရော်ဖက်ရှင်နယ် ဂိမ်းအသင်းဆိုရင်တော့ ကုန်ကျစရိတ် အများကြီး မရှိနိုင်ဘူး”
“……”
ဒီအကြံကတော့ နည်းနည်း ပိုပြီး လက်တွေ့ကျပုံရတယ်။
ဘေ့စ်ဘော၊ ဘောလုံး၊ ဘတ်စကက်ဘော စတဲ့ အားကစားမျိုးစုံ ရှိသလိုမျိုးပဲ၊ ဂိမ်းအမျိုးအစားအလိုက် eSports အသင်းတွေလည်း အများကြီး ရှိကြတာပါ။
အဲဒီထဲမှာမှ နိုင်ငံတကာ ပြိုင်ပွဲတွေ ရှိတဲ့ ဂိမ်းအရေအတွက်ကတော့ လက်ချိုးရေလို့ ရပါတယ်။
ဘယ်ဂိမ်းကိုပဲ ရွေးချယ်ပါစေ၊ အသင်းတစ်ခုမှာ ပုံမှန်အားဖြင့် ကစားသမား ၇ ယောက်ကနေ ၁၀ ယောက်အပြင် နည်းပြနဲ့ ပံ့ပိုးကူညီသူ ဝန်ထမ်းတွေ လိုအပ်ပါတယ်။ အပိုဆောင်း ကုန်ကျစရိတ်တွေအနေနဲ့ နေထိုင်စရိတ်၊ လေ့ကျင့်စရိတ်၊ ဝန်ထမ်းခံစားခွင့်တွေနဲ့ တခြား အထွေထွေ ကုန်ကျစရိတ်တွေတော့ ရှိတာပေါ့။
စုစုပေါင်းဆိုရင် နှစ်စဉ် ကုန်ကျစရိတ်က အနည်းဆုံး ဝမ် သန်း ၁ထောင်လောက် ရှိမှာ ဖြစ်ပြီး ဝမ် သန်း ၂ထောင်အထိလည်း ဖြစ်သွားနိုင်ပါတယ်။
ဒီပမာဏက သာမန် အားကစားအသင်း ဘတ်ဂျက်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာပါ။ ငွေကြေး ဝန်ထုပ်ဝန်ပိုး က ပေါ့ပါးတာကြောင့် လုပ်ငန်းစုကြီးတွေတင်မကဘဲ Master Chicken နဲ့ Paprika TV လိုမျိုး အလတ်စား ကုမ္ပဏီတွေကပါ eSports အသင်းတွေကို ထောက်ပံ့ခဲ့ကြတာပါ။
နောက်တစ်နေ့…
ကျွန်တော်တို့တွေ အလုပ်တက်ပြီး စီနီယာ ပတ်ဆန်းယော့နဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ဦးဆောင်တဲ့ ကီဟုမ်တို့နဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အစီအစဉ်ကို ဆွေးနွေးခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို ကြားပြီးနောက် ကီဟုမ်က သဘောတူ ခေါင်းငြိမ့်ပြတယ်။
“ကောင်းတဲ့ အကြံပဲ။ eSports အသင်းတစ်ခုက အသစ်ထွက်ပေါ်လာတဲ့ OTK ကုမ္ပဏီရဲ့ ပုံရိပ်နဲ့ ကောင်းကောင်း ကိုက်ညီမှု ရှိလိမ့်မယ်”
စီနီယာ ကီဟုမ်ကလည်း ဂိမ်းဆော့ရတာကို သဘောကျတဲ့သူပါ။ ကျောင်းတုန်းကဆိုရင် ကျောင်းဆင်းပြီဆိုတာနဲ့ သူက ဂျူနီယာ ကျောင်းသားတွေကို PC room တွေဆီ ခေါ်သွားပြီး StarCraft ကို နာရီပေါင်းများစွာ ဆော့လေ့ရှိခဲ့တာပါ။
စီနီယာ ပတ်ဆန်းယော့ကတော့ သံသယစိတ်နဲ့ ပြောတယ်။
“ဒါက တကယ်ပဲ ကြော်ငြာ မြှင့်တင်ရေးနေရာမှာ အကျိုးသက်ရောက်မှု ရှိပါ့မလား။ ငါ့လိုမျိုး eSports ဆိုတာ ဘာလဲဆိုတာတောင် မသိတဲ့လူတွေ အများကြီး ရှိတာပဲလေ”
“သေချာတာကတော့ ကုန်ကျစရိတ် နည်းတာမလို့ ကြော်ငြာ မြှင့်တင်ရေးကဏ္ဍမှာ အကျိုးသက်ရောက်မှုကတော့ နည်းနိုင်တယ်”
မကြာသေးမီက eSports တွေ မြင့်တက်လာပြီး အမြင်တွေ ပြောင်းလဲလာတာ ရှိပေမယ့် ဒါက ဘောလုံး ဒါမှမဟုတ် ဘေ့စ်ဘောလို အမျိုးသားအဆင့် အားကစားတွေနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်သေးပါဘူး။
“တကယ်လို့ အသင်းက စွမ်းဆောင်ရည် မကောင်းရင် ဒါမှမဟုတ် ကစားသမားတွေက ပြဿနာရှာရင် ငါတို့တွေက ငွေကုန်ပြီး ဝေဖန်ခံရတာပဲ အဖတ်တင်လိမ့်မယ်”
စီနီယာ ပတ်ဆန်းယော့က ထပ်လောင်းပြောတယ်။
“ဒါပေမဲ့ OTK က ကြော်ငြာ မြှင့်တင်ရေး ရည်ရွယ်ချက်သက်သက်နဲ့ eSports အသင်းတစ်ခု တည်ထောင်ဖို့ တကယ်ပဲ လိုအပ်လို့လား”
အားကစားအသင်းတစ်ခုကို လည်ပတ်တာက အဓိကအားဖြင့် အမှတ်တံဆိပ် ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ လူသိများစေဖို့ ရည်ရွယ်တာမလို့ ဒါကို ဝန်ဆောင်မှု ကုမ္ပဏီတွေကပဲ အဓိက လုပ်ဆောင်ကြတာ ဖြစ်ပြီး စီးပွားရေးကုမ္ပဏီတွေကတော့ လုပ်ခဲပါတယ်။
ဘဏ်တွေ ဒါမှမဟုတ် အာမခံကုမ္ပဏီတွေက ကစားသမားတွေ ဒါမှမဟုတ် အသင်းတွေကို ပံ့ပိုးကူညီတာမျိုး ရှိနိုင်ပေမယ့် ပုဂ္ဂလိက ရှယ်ယာလုပ်ငန်းတွေနဲ့ hedge fundsတွေကတော့ ပုံမှန်အားဖြင့် မလုပ်ကြပါဘူး။
“အဲဒီငွေတွေကို ကြော်ငြာဖို့အတွက် သုံးလိုက်တာက ပိုပြီး မကောင်းဘူးလား။ အဲဒီလိုဆိုရင် မီဒီယာတွေနဲ့ ဆက်ဆံရေးက ပိုပြီး ကောင်းမွန်လာနိုင်တယ်လေ”
မီဒီယာကုမ္ပဏီတွေ ကျွန်တော်တို့အပေါ် မကောင်းတဲ့ သဘောထား ရှိကြတဲ့ အဓိက အကြောင်းရင်းက အစိုးရနဲ့ ကျွန်တော်တို့ရဲ့ မကောင်းတဲ့ ဆက်ဆံရေးကြောင့် ဖြစ်ပေမယ့် နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့တွေက ကြော်ငြာအတွက် တစ်ပြားမှ မသုံးစွဲလို့ပါ။
ဆိုဆောင်းအုပ်စု အပါအဝင် ထိပ်သီး လုပ်ငန်းစုကြီး ငါးခုက နှစ်စဉ် သတင်းစာတွေနဲ့ ရုပ်သံလိုင်းတွေမှာ ကြော်ငြာဖို့အတွက် ကြီးမားတဲ့ ငွေပမာဏကို သုံးစွဲကြပါတယ်။ တကယ်လို့ သူတို့က ကြော်ငြာတာကို ရုတ်တရက် ရပ်ဆိုင်းလိုက်ရင် မီဒီယာအများစုက အန္တရာယ် ရှိသွားနိုင်ပါတယ်။
ဒါကြောင့်မလို့လည်း မီဒီယာကုမ္ပဏီတွေက နိုင်ငံရေးသမားတွေကို ဝေဖန်ဖို့ မြန်ဆန်ကြပေမယ့် လုပ်ငန်းစုကြီးတွေကို တိုက်ခိုက်ဖို့ကျတော့ ရှောင်ကြဉ်လေ့ ရှိကြတာပါ။
တကယ်လို့ ကျွန်တော်က ဝမ် သန်း ၅ထောင် တန်ဖိုးရှိတဲ့ ကြော်ငြာတွေကို ဂျောင်အီဘိုသတင်းစာဆီ လွှဲပေးလိုက်ရင် သူတို့က ကျွန်တော့်အကြောင်းကို အခုလို ဆောင်းပါးတွေ ရေးပါဦးမလား။
“ဒါက ဒုတိယဥက္ကဋ္ဌရဲ့ ဝါသနာသက်သက်ဆိုတာကို နားလည်ပေးပါ”
စီနီယာ ပတ်ဆန်းယော့က အခြေအနေကို ချက်ချင်း သဘောပေါက်သွားတယ်။
“ဪ။ ဒါဆိုရင်တော့ ထွေထွေထူးထူးတွေးဖို့မလိုတော့ဘူးပေါ့”
ဘတ်ဂျက် ခွဲဝေမှုနဲ့ အားကစားအသင်းတွေရဲ့ စွမ်းဆောင်ရည်က ဥက္ကဋ္ဌရဲ့ စိတ်ဝင်စားမှုအဆင့်ပေါ်မှာ အများကြီး မူတည်နေတယ်လို့ ပြောရင် အလွန်အကျွံ မဟုတ်ပါဘူး။
တက်ဂယူက တာဝန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကတည်းက ရလဒ်ကတော့ သေချာသလောက် ဖြစ်သွားခဲ့ပါပြီ။ တကယ်လို့ ကုမ္ပဏီက ပံ့ပိုးပေးဖို့ ငြင်းပယ်ရင်တောင် သူက သူ့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ပံ့ပိုးပေးနိုင်တာပဲလေ။
တက်ဂယူက အရင်ကနဲ့မတူဘဲ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အခုအချိန်မှာ သူ့ကို စိတ်ပျက်အောင် လုပ်ဖို့က ခက်ခဲပါလိမ့်မယ်။
“ငါ နာမည်တောင် စဉ်းစားပြီးပြီ။ OTK Magicians ဆိုရင် ဘယ်လိုလဲ”
“……မင်းသဘောအတိုင်း သာ လုပ်ပါတော့”
နောက်ဆုံးမှာတော့ OTK ကုမ္ပဏီက ဒုတိယဥက္ကဋ္ဌရဲ့ ဦးဆောင်မှုအောက်မှာ e-sports အသင်းတစ်ခုကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။